အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း(၇၇)
ကုဟွားနှင့် တုန့်ဟွားတို့က လမ်းလျှောက်ရင်း တိုးညှင်းစွာ စကားဆိုလာခဲ့ကြသည်။
“သခင်မကြီးက ဘယ်လိုအကြောင်းကြောင့် စိတ်နောက်သွားရတာလဲ ဆိုတာကို နင်သိလားဟင်”
ကုဟွား အလွန် ပဟေဠိဖြစ်နေရသည်။
‘မုကျွင်းယန်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဘယ်လို သမားတော်ကောင်းကိုမဆို ရှာဖွေနိုင်တယ် မဟုတ်ဘူးလား’
တုန့်ဟွား စကားမပြောရသေးမီ သူမ၏ မျက်ဝန်းအစုံက နီမြန်းလာခဲ့သည်။
“အိမ်တော်ထဲမှာ ဒီအကြောင်းအရာကို လုံးဝ မပြောဖို့ ချမှတ်ထားတဲ့ အမိန့် ရှိပါတယ်”
‘ဒါဆိုရင်တော့... အကြောင်းပြချက် တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်’
သူတို့ ပြောဆိုခွင့် မပြုထားသဖြင့် သဘာဝအတိုင်း သူမက ထပ်မံ၍ မမေးမြန်းလိုက်ချေ။
…
ရှန်းရွေ့ဆောင်...
ဒေါ်လေးရီ က တံခါးကို ပိတ်လိုက်ပြီး အပြင်၌ ခြေလှမ်းငါးလှမ်းအကွာတွင် စောင့်ကြပ်နေခဲ့သည်။
အခန်းထဲ၌ မုကျွင်းယန်နှင့် အဘွားအိုကြီး နှစ်ဦးတည်းသာ ကျန်ရှိတော့၏။
“ အမေ”
မုကျွင်းယန် တိုးညှင်းစွာ သက်ပြင်းချလိုက်မိသည်။
“အမေ... ဒုက္ခများခဲ့ရပါပြီ”
အဘွားအိုကြီးက သူမ၏ ကလေးတစ်ယောက်ကဲ့သို့သော အမူအရာများကို ဖျောက်ပစ်လိုက်ပြီး ဖြောင့်မတ်စွာ ထိုင်လိုက်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
“ငါ ကျင့်သားရနေပါပြီ”
သူမ၏ အကြည့်များက မုကျွင်းယန်၏ မချွတ်ရသေးသော တော်ဝင်ဝတ်ရုံ အပေါ်သို့ ကျရောက်သွားခဲ့သည်။
“သူက ကျန်းမိသားစုက တခြားမိန်းမပျိုကို မင်းဆီ အတင်းအကျပ် ထပ်ပြီး တွန်းပို့ချင်နေတာလား”
ထိုအကြောင်းကို တွေးတောမိခြင်းက မုကျွင်းယန်ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။
“သူက လက်လျှော့မှာ မဟုတ်ဘူး”
အဘွားအိုကြီး၏ မျက်ဝန်းများက မည်းမှောင်သွားရပြီး ဒေါသအရိပ်အယောင်များ ပြည့်နှက်လာခဲ့၏။
“မင်းနဲ့ငါက ဒီလောက်အထိ အလျှော့ပေးခဲ့ပြီးပြီပဲကို သူက မင်းကို လွှတ်မပေးသေးဘူးပေါ့လေ”
“စစ်အာဏာက ကျွန်တော့် လက်ထဲမှာ ရှိနေသရွေ့ မယ်တော်ကြီးက ကျွန်တော့် အပေါ် မျက်စိဒေါက်ထောက် စောင့်ကြည့်နေမှာပဲ။ ဧကရာဇ်နဲ့ မယ်တော်ကြီးတို့အကြား စိမ်းကားနေတာက ဘယ်သူ့ကြောင့်လဲ... နန်းတော်ထဲမှာ ငြိမ်းချမ်းရေးလိုလားတဲ့အုပ်စုရဲ့ အင်အားက ပိုအင်အားကြီးလာနေပြီး ဧကရာဇ်ကိုယ်တိုင်ကလည်း တုန်လှုပ်နေတယ်။ မယ်တော်ကြီးက ဒါကို အခွင့်ကောင်းတစ်ခုလို့ ထင်နေတာ”
အဘွားအိုကြီးက အေးစက်စွာ သရော်လိုက်သည်။
“မင်းရဲ့အဖေနဲ့ မင်းရဲ့အစ်ကိုတွေအားလုံးက သူတို့ရဲ့ တိုင်းပြည်ကို ကာကွယ်ဖို့အတွက် စစ်မြေပြင်မှာ ကျဆုံးခဲ့ကြရတာ... သူတို့အတွက်တော့ အရမ်းကောင်းတာပေါ့...တော်ဝင်အာဏာအတွက်ဆိုရင် မင်းကိုတောင် အသုံးချချင်နေကြသေးတယ်... မင်းရဲ့ အိမ်ထောင်ရေးကိုတောင် လွှတ်မပေးကြဘူး...ကျန်းရော့ယွင်ကို တွန်းပို့တာ အားမရသေးလို့... အခု သူ့ရဲ့ ညီမငယ်ကိုပါ ထပ်ပြီး တွန်းပို့ချင်နေကြပြန်ပြီ။ ကျန်းမိသားစုက ဘာမို့လို့လဲ။ တစ်ဘဝလုံး လိပ်တစ်ကောင်လို ပုန်းအောင်းနေခဲ့ပြီး စည်းစိမ်ချမ်းသာနဲ့ ဂုဏ်ကျက်သရေကိုပဲ ခံစားချင်နေကြတာ။ တကယ်လို့ ငြိမ်းချမ်းရေးလိုလားတဲ့အုပ်စုရဲ့ နောက်ကွယ်မှာ ကျန်းမိသားစုရဲ့ ပံ့ပိုးမှုသာ မရှိရင် သူတို့က ဧကရာဇ်ရဲ့ ရှေ့မှောက်မှာ ဒီလောက်အထိ စကားတွေ ပြောရဲပါ့မလား။ ကျန်းမိသားစုရဲ့ သမီးက ငါ့ချွေးမဖြစ်ဖို့ မထိုက်တန်ဘူး”
“အမေ... ဒေါသမထွက်ပါနဲ့... ကျွန်တော့် မှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှိပါတယ်။ ဘယ်သူမှ ကျွန်တော့်ကို အတင်းအကျပ် အိမ်ထောင်မချပေးနိုင်ပါဘူး”
အဘွားအိုကြီး သူ့ကို ရင်နာစရာကောင်းလှသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်သည်။ အတော်ကြာမှသာ သူမ၏ လေသံကို နူးညံ့လိုက်၏။
“အဲဒီမိန်းကလေးက မဆိုးပါဘူး။ မင်း သဘောကျတဲ့ လူတစ်ယောက် မင်းရဲ့ဘေးနားမှာ ရှိနေတာက အမေ့ကိုလည်း စိတ်အေးစေပါတယ်”
မုကျွင်းယန်၏ နားရွက်များက ရှားရှားပါးပါး နီမြန်းသွားခဲ့ရသည်။
“အမေ... ဘယ်သူတွေ အတင်းအဖျင်း ပြောတာကို ကြားခဲ့လို့လဲ... သူက အမေ့မြေးချွေးမရဲ့ တရားမဝင်ညီမလေးပါ”
အဘွားအိုကြီးက သူ့ကို စောင်းငဲ့ကြည့်လိုက်၏။
“မင်းက ငါ့ကို တကယ်ပဲ စိတ်နောက်နေပြီး မျက်စိမှုန် အိုမင်းနေတယ်လို့ ထင်နေတာလား။ မုအန်းနဲ့ သူ့ဇနီးအကြောင်းကိုတော့ မပြောနဲ့တော့...
မြို့စားအိမ်တော်တစ်ခုလုံး သူတို့ကြောင့် အနံ့အသက်မကောင်း ဖြစ်နေရပြီ။ မင်းကလည်း အနောက်ဆောင်ကို စီမံခန့်ခွဲဖို့ အချိန်မရှိသလို ငါကိုယ်တိုင်လည်း စိတ်နောက်ချင်ယောင်ဆောင်နေရလို့ စီမံခန့်ခွဲလို့ မရဘူး။ ဒါဆိုရင် မင်းက မင်းရဲ့ ဂုဏ်သိက္ခာကို သူတို့ကို ဖျက်ဆီးခွင့် ပြုထားတော့မှာလား”
မုကျွင်းယန် စကားမဆိုချေ။
“မင်းရဲ့ဘေးနားမှာ အမျိုးသမီးတစ်ယောက် ရှိသင့်တဲ့ အချိန်ရောက်ပါပြီ... ဟိုအဘွားကြီးကျန်းကို သူ့ရဲ့ လက်ကောက်ဝတ်မှာ ဝတ်ဆင်ထားတဲ့ လက်ကောက်ကို မြင်တွေ့ခွင့်ရမဲ့ အခွင့်အရေးတစ်ခု ရှာဖွေလိုက်ပါ။ ဒါမှသာ သူက ကျန်းမိသားစုရဲ့ သမီးတွေကို မင်းအနားကို ထပ်ပြီး မစေလွှတ်ရဲတော့မှာ...တကယ်လို့ သူက ထပ်ပြီး စကားများနေဦးမယ်ဆိုရင် ငါ အရင်ဧကရာဇ် ပေးသနားထားတဲ့ နဂါးခေါင်းတုတ်ကောက်ကိုကိုင် နန်းတော်ထဲထိဝင်ပြီး သူ့ကို အရင်ဆုံး ရိုက်နှက်ပစ်မယ်”
မုကျွင်းယန်က တိုးညှင်းသော လေသံဖြင့် ဆိုလိုက်၏။
“သူက အဲဒီလက်ကောက်ကို ဝတ်ဆင်ဖို့ မထိုက်တန်ပါဘူး”
‘အဲဒီမိန်းကလေးက ငါ့ဆီမှာ အကူအညီတောင်းခံဖို့ အကြောင်းကိစ္စတချို့ ရှိနေရုံပဲ...သူက ငါ့ကို စိတ်ရင်းအမှန်နဲ့ သဘောကျနေတာမှ မဟုတ်တာ’
‘မုမိသားစုက သခင်မအိုကြီးရဲ့ တင်တောင်းလက်ဆောင် ဟုတ်လား’
သူမအနေဖြင့် ၎င်း၏ အလေးချိန်ကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
ဖြန်း...
အဘွားအိုကြီးက သူ၏ လက်မောင်းကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
“ဒီမိန်းကလေးရဲ့ မျက်ဝန်းတွေက သန့်စင်ပါတယ်။ သူက ကြင်နာတတ်ပြီး စည်းကမ်းတွေကိုလည်း နားလည်တယ်။ သူက မင်းနဲ့ ဘာလို့ မထိုက်တန်ရမှာလဲ... တော်ဝင်မိသားစုကို စိတ်အေးစေဖို့အတွက် ငါက ဆယ့်နှစ်နှစ်ကျော်တောင် ရူးချင်ယောင်ဆောင်ပြီး နေခဲ့ရတာ... ငါ မင်းကို ငါ့အတွက် မြေးတစ်ယောက် ချန်ထားပေးဖို့ မတောင်းဆိုပါဘူး... အနည်းဆုံးတော့ ငါ့ကို မင်းအတွက် စိုးရိမ်စရာ မဖြစ်စေနဲ့တော့”
မုကျွင်းယန်၏ ရင်ထဲ၌ အနည်းငယ် ဝမ်းနည်းသွားရသည်။
“ကျွန်တော်က သားမိုက်ပါပဲ”
အဘွားအိုကြီးက သူ့ကို နီမြန်းနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
“မင်းအဖေရဲ့ ဦးခေါင်းကို ဖြတ်ပြီး မြို့ရိုးပေါ်မှာ ချိတ်ဆွဲထားတဲ့အချိန်က ငါ တစ်ယောက်တည်း ရန်သူ့စစ်မြေပြင်ထဲကို မြင်းစီးဝင်ရောက်ပြီး မင်းအဖေရဲ့ ရုပ်အလောင်းကို လုယူခဲ့ပြီး သူတို့ရဲ့ စစ်သူကြီး ငါးယောက်လုံးကို ခေါင်းဖြတ်ခဲ့တာ...အဲဒီနေ့ကစပြီး ငါ နားလည်လိုက်ရတာက စစ်သူကြီးတွေဆိုတာ ကျောက်မိသားစုရဲ့ အင်ပါယာအတွက်ပဲ အသက်ပေးဆပ်ရမှာ မဟုတ်ဘဲ ကမ္ဘာပေါ်က သာမန်ပြည်သူတွေအတွက်ရယ်နဲ့...မင်းရဲ့ ဖခင်နဲ့ စစ်မြေပြင်မှာ ကျဆုံးခဲ့ရတဲ့ သန်းပေါင်းများစွာသော စစ်သည်တော်တွေရဲ့ မပြီးဆုံးသေးတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် ဖြစ်တယ်ဆိုတာကိုပဲ”
“မင်း သေတဲ့အထိ တိုက်ခိုက်ဖို့ပဲ အမြဲတမ်း မတွေးတောပါနဲ့... မင်း ကောင်းကောင်း အသက်ရှင်နေထိုင်ရမယ်။ ဒါမှသာ စစ်အင်အား ငါးသိန်းကို ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်မှာလေ... တောင်ဘက်နယ်စပ်ဒေသ မငြိမ်းချမ်းသေးသရွေ့ စစ်အာဏာကို လုံးဝ လက်လွှတ်ပေးလို့ မရဘူး”
“စိတ်ချပါ အမေ... ကျွန်တော် စစ်အာဏာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပါ့မယ်”
သားအမိနှစ်ယောက် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြသည်။
သူတို့နှစ်ဦးစလုံး တိတ်ဆိတ်နေကြသော်လည်း ၎င်းက စကားလုံးပေါင်း ထောင်သောင်းမက ပိုမို၍ နက်နဲလှသည်။
မုကျွင်းယန် ထိုင်ရာမှထကာ ထွက်ခွာရန် ပြင်လိုက်စဉ် သူ့မျက်လုံးများက လက်ဖက်ရည်စားပွဲပေါ်ရှိ အချိုပွဲ မုန့်ပန်းကန်များပေါ်သို့ အမှတ်မထင် ကျရောက်သွားသည်။
အဘွားအိုကြီးက နှုတ်ခမ်းအစုံကို အနည်းငယ် ကွေးကာ ပြုံးလိုက်သည်။
“အဲဒီမိန်းမပျိုလေး ကိုယ်တိုင် လုပ်ထားတာ... ငါကတော့ ဒါတွေ သိပ်မစားချင်တော့ဘူး မင်းပဲ ယူသွားလိုက်တော့”
မုကျွင်းယန်က အားနာမနေတော့ဘဲ လိုက်ကာကို ပင့်မကာဆိုလိုက်၏။
“ဒေါ်လေးရီ ... တုန်းမော့ကို ဒီမုန့်တွေ ကျွန်တော့်အခန်း... မဟုတ်ဘူး... ကျွန်တော့် စာကြည့်ဆောင်ဆီ ယူလာပေးဖို့ ပြောလိုက်ပါ”
ဒေါ်လေးရီ သဘောတူလိုက်ပြီး တုန်းမော့ကိုခေါ်ရန် ခြံဝင်းပြင်ပသို့ ထွက်ခွာသွားသည်။
မုကျွင်းယန်ကြောင့် ထိတ်လန့်ခြောက်ခြားခဲ့ရသော ကုဟွားက ယာယွင်ဆောင်သို့ ပြန်ရောက်သည့်တိုင် အပြင်သို့ မထွက်ရဲချေ။
နေ့လယ်စာကို ကပျာကယာ စားသောက်ပြီးနောက် ကုဟွား တစ်နာရီခန့် စောင့်ဆိုင်းနေခဲ့ပြီး ရှန်းရွေ့ဆောင်မှ လူများ နေ့လယ်ခင်း တစ်ရေးတစ်မောအိပ်ရာမှ နိုးထလောက်ပြီဟု ခန့်မှန်းမိကာမှ ကျောက်စိမ်းလက်ကောက်ကို ပန်းထိုးအိတ်ငယ်လေးတစ်ခုထဲသို့ သေသေချာချာ ထည့်သွင်းလိုက်သည်။
“တုန့်ဟွား... ဒါကို ဒေါ်လေးရီဆီ တိတ်တိတ်လေး သွားပေးလိုက်ပါ... သခင်မအိုကြီး သိရင် စိတ်မကောင်းဖြစ်မှာစိုးလို့ သူ့ကိုတော့ လုံးဝ မသိစေနဲ့နော်”
“မမလေးရယ်... သခင်မအိုကြီးက မမလေးကို စိတ်ရင်းနဲ့ ပေးခဲ့တာပါ”
“သခင်မအိုကြီးက သူ့ကိုယ်သူ ဘာလုပ်နေမှန်းတောင် သိတာမဟုတ်ဘူး။ ငါ့ကို တခြားအမျိုးသမီးတစ်ယောက်နဲ့ မှားယွင်းနေတာလည်း ဖြစ်နိုင်တယ်။ ဒါကို ငါတို့တွေ စည်းမဲ့ကမ်းမဲ့ ဇွတ်အတင်း လက်ခံထားလို့ လုံးဝမဖြစ်ဘူး။ မြန်မြန်သွားလိုက်ပါ”
“အိုး”
တုန့်ဟွား ပြန်လည်ဖြေကြားကာ အိတ်ငယ်လေးကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ပိုက်ရင်း သတိကြီးစွာ ထွက်ခွာသွားခဲ့သည်။
ကုဟွား ပြတင်းပေါက်ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ငေးငိုင်နေမိ၏။ သူမ စိတ်ထဲတွင် ရှုပ်ထွေးလှသော အတွေးများ ပြည့်နှက်နေခဲ့ပြီး အနည်းငယ် တွေဝေကာ စိတ်ပင်ပန်းနေသည်။
စောနက မုကျွင်းယန်ကို ချီးမွမ်းခဲ့သော စကားလုံးများသည် သူမ နှုတ်မှ အမှတ်မထင် လွှတ်ခနဲ ထွက်သွားခဲ့ခြင်း ဖြစ်သည်။
သို့သော် သေသေချာချာ ပြန်လည်တွေးတောကြည့်လျှင် သူက သူမ ဖော်ပြခဲ့သည့်အတိုင်း အမှန်တကယ်ပင် ခန့်ညားထည်ဝါလွန်း၏။
တစ်ခါတရံတွင် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူ၏ လက်ဖဝါးပေါ်ရှိ အမာရွတ် အသားမာများက အလွန်မာကျောလှသော်လည်း သူက မိန်းမပျိုလေးများ အားကျအထင်ကြီးရသည့် အမျိုးသားတစ်ဦး ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။
သူနှင့် အတူတူ အိပ်ခဲ့ရခြင်းက သူမအတွက် လုံးဝအရှုံးမရှိပါချေ။
ကုဟွား သူမ၏ ပူလောင်နေသော မျက်နှာလေးကို တို့ထိရင်း ‘အရှက်မရှိလိုက်တာ’ဟု သူမကိုယ်သူမ ပြန်လည်ကျိန်ဆဲမိသည်။
ဘဝနှစ်ခုလုံးတွင် သူမက ဖြူစင်သန့်ရှင်းသော မိန်းမပျိုလေးတစ်ဦး မဖြစ်နိုင်ချေ။
ဤဘဝတွင် မည်သည့်အခြေအနေမျိုး၌ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်ကာ သနားစရာကောင်းအောင် ဆက်ဆံတော့မည် မဟုတ်ပေ။
“နေ့ခင်းကြောင်တောင် အိပ်မက်တွေ မက်နေတာလား”
ကျိုးကျစ်လန်၏ ပြတ်သားပြီး ချိုသာသောအသံလေး ထွက်ပေါ်လာသည်။
သူမ ဂါဝန်စကို တဖျတ်ဖျတ် လှုပ်ခါရင်း ကုဟွား၏ ရှေ့မှောက်တွင် လှပစွာ ရပ်တန့်လိုက်၏။
သူမ ကိုယ်ကိုကိုင်းညွတ်ကာ ခေါင်းလေးကိုစောင်း၍ ကုဟွား၏ နီမြန်းနေသော ပါးပြင်များနှင့် သံယောဇဉ်အရိပ်အယောင်များ ပြည့်နှက်နေသော မျက်ဝန်းလေးများကို စူးစိုက်ကြည့်လိုက်သည်။
ကုဟွား လန့်ဖျပ်သွားရပြီး ကိုယ်ကို အနောက်သို့ ရုတ်တရက် ဆုတ်လိုက်မိ၏။
“ခစ်ခစ်...”
ကုဟွား၏ တုံ့ပြန်မှုကို ကြည့်ပြီး ကျိုးကျစ်လန် မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။
သူမ ကုဟွား၏ မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်ပြီး ပြင်ပရှိ ရွှေဝါရောင် သစ်ရွက်ကြွေများကို လှမ်းကြည့်လိုက်ကာ ကုဟွားဘက်သို့ ပြန်လှည့်၍ သွားတန်းလေးများ ပေါ်သည်အထိ ပြုံးပြလိုက်ပြန်၏။
“နင့်ပုံစံက ဆောင်းဦးရာသီရဲ့ လွမ်းဆွတ်မှုကို ခံစားနေရတာ မဟုတ်ဘူး... အချစ်ကို တောင့်တပြီး လွမ်းမောနေတာ သေချာတယ်”
ကုဟွား စိတ်အနှောင့်အယှက် ဖြစ်သွားရကာ သူမ၏ လက်သီးဆုပ်လေးဖြင့် ကျိုးကျစ်လန်၏ လက်မောင်းကို ခပ်ဖွဖွ ထုရိုက်လိုက်သည်။
“မမ... ဘာတွေ လျှောက်ပြောနေတာလဲ”
ကျိုးကျစ်လန်က စားပွဲပေါ်တွင် လက်နှစ်ဖက်လုံးကို ထောက်ထားရင်း ကုဟွားကို ပြုံးစိစိဖြင့် ကြည့်လိုက်၏။
“နင့်ရဲ့ သတို့သားလောင်း ရောက်လာတယ်လို့ ငါ ကြားမိတယ်နော်”
အခန်း(၇၈)
ကုဟွား၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားရသည်။
“ဘာသတို့သားလောင်းလဲ... ဘယ်သူတွေ အတင်းအဖျင်း ပြောတာကို ကြားခဲ့လို့လဲဟင်”
“ငါ့အစ်ကို ပြောတာလေ... နင့်ရဲ့ အိမ်တော်ကနေ စီစဉ်ပေးထားတဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်း ရောက်လာလို့ သခင်ကြီးကိုယ်တိုင်တောင် သူ့ကို လူကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့တယ်တဲ့... သူ့ကို မြင်တွေ့ခဲ့ရတဲ့ အစေခံတွေအားလုံးကလည်း သူက ချောမောခန့်ညားပြီး အရည်အချင်းရှိတဲ့ လူတစ်ယောက်လို့ ပြောနေကြတာ”
“သူက ညီမရဲ့ ကိုယ်လုပ်တော်အမေဘက်က အမျိုးတော်စပ်တဲ့ ဝမ်းကွဲအစ်ကိုကြီးပါ... စေ့စပ်ထားတဲ့ သတို့သားလောင်း မဟုတ်ပါဘူး”
“အိုး...”
ကျိုးကျစ်လန်၏ လေသံက အဓိပ္ပာယ် နက်နဲလှသည်။
ကုဟွား သူမကို စောင်းငဲ့ကြည့်လိုက်၏။
“မမ ဒါက ဘာကို ဆိုလိုတာလဲ”
ကျိုးကျစ်လန်က အပြုံးများကို ရုပ်သိမ်းလိုက်ပြီး တည်ကြည်သော မျက်နှာထားသို့ ပြောင်းလဲလိုက်၏။
ကုဟွား နှလုံးသားထဲ၌ တင်းကျပ်သွားရသည်။
နောက်ဆုံးအကြိမ် ကျိုးကျစ်လန် သူမကို တည်တည်ကြည်ကြည် စကားပြောဆိုခဲ့စဉ်က အကြောင်းအရာများသည် မုကျွင်းယန်နှင့် သက်ဆိုင်နေခဲ့သည်။
“ညီမလေး... ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ.. နင့်ရဲ့ ရင်ထဲမှာ တကယ်ပဲ သဘောကျနေရတဲ့ အမျိုးသားတစ်ယောက် ရှိနေတာလားဟင်”
မျှော်လင့်ထားသည့်အတိုင်းပင်။
ကျိုးကျစ်လန်၏ ရှေ့မှောက်တွင် ကုဟွား လိမ်လည်လှည့်ဖြားရန် စိတ်မကူးရဲချေ။
သူမ၏ မျက်နှာပေါ်ရှိ ခက်ခဲနေသော အမူအရာကို မြင်တွေ့လိုက်ရသောအခါ ကျိုးကျစ်လန် ရင်ထိတ်သွားသည်။
သူမ၏ အစ်ကိုဖြစ်သူက သခင်ကြီးကို စိတ်အနှောင့်အယှက် မဖြစ်စေရန်နှင့် အနာဂတ်တွင် စိတ်မကျေနပ်မှုများ မဖြစ်ပွားစေရန်အတွက် ဤအခြေအနေကို သေသေချာချာ စုံစမ်းစစ်ဆေးရန် သူမကို အမိန့်ပေးထားခြင်း ဖြစ်၏။
သခင်မအိုကြီးကလည်း ကုဟွား၏ ရည်ရွယ်ချက်ကို သေသေချာချာ အကဲခတ်ရန်အတွက် သူမထံ တိတ်တဆိတ် သတင်းစကား ပါးထားသည်။
မည်သို့ပင်ဖြစ်စေကာမူ ကုဟွားက အမှန်တကယ်ပင် အလွန်အမင်း လှပလွန်းသည်။
သူမတွင် သဘာဝအတိုင်း ဆွဲဆောင်မှုရှိသော ညို့ဓာတ်တစ်မျိုး ရှိနေသဖြင့် သူမကို မြင်တွေ့ရသည့် မည်သည့်အမျိုးသားမဆို ဒုတိယအကြိမ် ပြန်လည်မကြည့်မိဘဲ မနေနိုင်ကြချေ။
သူတို့က ကုမိသားစု၏ နောက်ကြောင်းအများစုကို စုံစမ်းပြီး ဖြစ်သည်။
အကယ်၍ ကိုယ်လုပ်တော်ပိုင်က သူမကို အမြဲတမ်း ဖိနှိပ်မထားဘဲ လူမြင်ကွင်းသို့ ထွက်ခွာခွင့် ပြုခဲ့မည်ဆိုလျှင် သူမကို လာရောက်တောင်းရမ်းမည့်သူများ တန်းစီနေလောက်ပြီ ဖြစ်သည်။
ကျိုးကျစ်လန် သခင်ကြီး၏ အနာဂတ်ပျော်ရွှင်မှုအတွက် တာဝန်ကြီးမားလှသည်ကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသဖြင့် စိတ်ဖိစီးမှုများ ပြင်းထန်နေခဲ့၏။
ကုဟွား ခေတ္တမျှ တွေးတောလိုက်ပြီး တိုးညှင်းစွာ ဆိုလိုက်သည်။
“တစ်ခါတုန်းက...”
ကုဟွား ခေါင်းမော့ကြည့်လိုက်စဉ် ကျိုးကျစ်လန်က သူမကို စိုးရိမ်တကြီး စူးစိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားရကာ စကားလုံးများကို ပြန်လည်မျိုချလိုက်မိသည်။
“ညီမမှာ သဘောကျရတဲ့ အမျိုးသား မရှိပါဘူး... ညီမ သိတတ်စ အရွယ်တည်းက ကိုယ်လုပ်တော်ပိုင်က ညီမကို အမျိုးသားတွေနဲ့ ပေးမတွေ့ခဲ့ဘူး။ ငယ်ရွယ်တဲ့ အစေခံယောကျာ်းလေးတွေကိုတောင် ပေးမတွေ့ခဲ့တာပါ။ ဒါပေမဲ့ အစ်မ(ကုဝမ်ရု) အသက်ဆယ်နှစ်အရွယ်မှာ မျိုးနွယ်စုရဲ့ ကျောင်းတော်ကို သွားရောက်ပညာသင်ကြားစဉ်က... ကိုယ်လုပ်တော်က ညီမ ကို အဖော်အဖြစ် လိုက်ပါပြီး စာသင်ခိုင်းခဲ့ပါတယ်”
“အဲဒီအချိန်တုန်းက... ဆရာ့ရဲ့ သားက အစ်မနဲ့ အတန်းဖော်တွေ ဖြစ်ခဲ့ကြတာပေါ့... ညီမက တစ်ခါမှ စာမသင်ဖူးခဲ့လို့ ဆရာသင်ကြားတာတွေကို မကြာခဏ နားမလည်နိုင်ခဲ့ဘူး...အစ်မက သူ့ရဲ့ အိမ်စာတွေကို ညီမကို အတင်းအကျပ် လုပ်ခိုင်းလေ့ရှိပြီး တကယ်လို့ ညီမ ကောင်းကောင်းမလုပ်နိုင်ရင် ကိုယ်လုပ်တော်ပိုင်က ညီမကို အပ်တွေနဲ့ ထိုးနှက်ပြီး နှိပ်စက်လေ့ရှိတယ်...သူက ညီမကို သနားစရာကောင်းမှန်း သိလို့ စာဖတ်တာနဲ့ စာသင်တာတွေကို တိတ်တဆိတ် သင်ကြားပေးခဲ့တာပါ”
ကုဟွား၏ မျက်ဝန်းအစုံ နီမြန်းလာခဲ့ပြီး သူမ အသံတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့သည်။
“သူက တကယ်ကို လူကောင်းတစ်ယောက်ပါ”
ကျိုးကျစ်လန်၏ ရင်ထဲတွင် ပို၍ပင် စိုးရိမ်ထိတ်လန့်သွား၏။
‘သွားပြီ... သူ့နှလုံးသားထဲမှာ လူတစ်ယောက် ရှိနေတာပဲ’
“နောက်တော့ ဘာဆက်ဖြစ်လဲဟင်”
ကုဟွားက မျက်ရည်များကို မထိန်းနိုင်တော့ဘဲ ပါးပြင်ပေါ်သို့ တိတ်တဆိတ် စီးကျလာခဲ့သည်။
“ညီမကြောင့်... သူ သေသွားခဲ့ရတာ”
“အာ...”
ကျိုးကျစ်လန်၏ မျက်ဝန်းများက ဝိုင်းစက်သွားရပြီး အံ့အားသင့်သွားရကာ တစ်ဖက်ကလည်း စိတ်အေးသွားရပြန်သည်။
‘သူ သေသွားတာ ကောင်းတယ်’
ကျိုးကျစ်လန်က ဆက်လက်မေးမြန်းလိုက်၏။
“သူ ဘယ်လိုမျိုး သေသွားခဲ့တာလဲ”
“ညီမ... ညီမ မသိဘူး”
ကုဟွားက မထိန်းနိုင်ဘဲ ထပ်မံ၍ ငိုကြွေးမိပြန်သည်။
ကျိုးကျစ်လန် ပျာပျာသလဲ ဖြစ်သွား၏။ သူမ အလျင်အမြန်ပင် မတ်တတ်ထရပ်ကာ ကုဟွား၏ ဘေးနားသို့ လျှောက်လှမ်းသွားပြီး လက်ကိုင်ပုဝါကို ထုတ်ယူ၍ သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။
ကုဟွား စိတ်အေးသွားရန် အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။
“အဲဒီအချိန်တုန်းက ညီမက အရမ်းငယ်သေးတော့ ယောကျာ်းလေးတစ်ယောက်ကို ဘယ်လိုမျိုး သဘောကျရမလဲဆိုတာ နားမလည်ခဲ့ပါဘူး...ဒါပေမဲ့ အစ်ကိုကြီးကျိက ညီမအပေါ် တကယ်ကို စိတ်ရင်းနဲ့ ကောင်းပေးခဲ့တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသောသူပါ။ အစ်မ ကျောင်းတော်မှာ ၂နှစ်လောက် စာသင်ပြီးတဲ့နောက် ကုမိသားစုက အိမ်တော်ထဲမှာပဲ ဆရာတစ်ယောက်ကို ငှားရမ်းပြီး ညီအစ်မတွေကို စာသင်ကြားပေးခဲ့တယ်...ကျောင်းတော်ရဲ့ နောက်ဆုံး စာသင်ရက်မှာ အစ်ကိုကြီးကျိက အဲဒါကို သိသွားပြီး ညီမဆီကို တိတ်တဆိတ်လာပြီး ညီမကို ကုမိသားစုကနေ ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးနိုင်ပါတယ်လို့ ပြောခဲ့တယ်”
“အဲဒီနောက်ပိုင်း... ညီမ သူ့ဆီကနေ ဘာသတင်းမှ ထပ်မကြားရတော့ဘူး... မနေ့က ညီမ ကိုယ်လုပ်တော်ပိုင်ကို မေးကြည့်တော့... သူ ချောက်ထဲ ပြုတ်ကျပြီး သေဆုံးသွားခဲ့တာလို့ ပြောခဲ့တယ်”
ကုဟွားက လက်ကိုင်ပုဝါဖြင့် သူမ ပါးစပ်ကို တင်းကျပ်စွာ ပိတ်ဆို့ထားသော်လည်း ငိုရှိုက်သံများက ထွက်ပေါ်နေသည်။
သူမကို ကြည့်ပြီး ကျိုးကျစ်လန်၏ ရင်ထဲတွင် အလွန်အမင်း နာကျင်လာ၏။
သူမ ကုဟွား၏ သေးသွယ်လှသော ပုခုံးလေးကို အသာအယာ ဖက်လိုက်ပြီး ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
“ကိစ္စမရှိပါဘူး... အနာဂတ်မှာ ညီမလေးအပေါ် တကယ်ကို ကြင်နာပေးမဲ့လူတွေ အများကြီး ရှိလာမှာပါ... ငါရှိမယ်... ငါ့အစ်ကိုရှိမယ်... သခင်မအိုကြီး ရှိမယ်”
သူမအနေဖြင့် သခင်ကြီးကိုပါ ထည့်သွင်းပြောဆိုချင်သော်လည်း ကုဟွား ထိတ်လန့်သွားမည်ကို စိုးရိမ်မိပြီး သခင်ကြီးက သူမကို ဆူပူကြိမ်းမောင်းမည်ကိုလည်း ကြောက်ရွံ့နေမိသည်။
မည်သို့ပင်ဖြစ်စေ သခင်ကြီးကလည်း သူ၏ စိတ်ရင်းအမှန်ကို ထုတ်ပြထားခြင်း မရှိသေးချေ။ အိမ်တော်ထဲရှိ အရင်းနှီးဆုံးလူများကသာ သူ့အတွက် စိုးရိမ်ပူပန်နေကြရခြင်း ဖြစ်သည်။
ကျိုးကျစ်လန် နှစ်ဖက်လုံးအတွက် ရင်နာရသော်လည်း ကုဟွားအတွက်ကို ပို၍ ရင်နာမိသည်။
အမျိုးသားများနှင့် အမျိုးသမီးများ၏ အတွေးအခေါ်က ကွဲပြားခြားနားလှ၏။
သူမ၏ အစ်ကိုဖြစ်သူက ကုဟွားအနေဖြင့် သခင်ကြီး၏ နောက်သို့ လိုက်ပါခွင့်ရရှိခြင်းက သူမ၏ ကံကောင်းခြင်းဖြစ်ပြီး မြို့စားအိမ်တော်က သူမကို တာဝန်ယူ စောင့်ရှောက်သွားမည်ဖြစ်သဖြင့် အဆင့်အတန်းက အရေးမကြီးဟု ပြောခဲ့ဖူးသည်။
သို့သော် အမျိုးသမီးတစ်ဦးအနေဖြင့် မိန်းကလေးတစ်ယောက် သူမ၏ ဖြူစင်မှုကို ဆုံးရှုံးလိုက်ရလျှင် ၎င်းက သူမ၏ တစ်ဘဝလုံးကို ဖျက်ဆီးပစ်နိုင်သည်ကို အသိဆုံး ဖြစ်သည်။
အခြေအနေများက ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ သူမအနေဖြင့် သူတို့နှစ်ဦးလုံး တကယ်ပင် တစ်ဦးကိုတစ်ဦး သဘောကျသွားကြရန် မျှော်လင့်မိသည်။ သခင်ကြီး၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးရုံသက်သက်သာ မဖြစ်စေရန် ဆုတောင်းမိသည်။
ကျိုးကျစ်လန် သူမကို ချော့မော့လိုက်၏။
“အနာဂတ်မှာ တခြားလူတွေအကြောင်းကို လုံးဝ မတွေးတောနဲ့တော့... သခင်မအိုကြီးက နင့်ကို တင်တောင်းလက်ဆောင် ပေးခဲ့တယ်လို့ ငါကြားတယ်နော်... အဘွားအိုကြီးက ဘယ်မိသားစုက မိန်းကလေးကိုမှ တည့်တည့် ကြည့်ခဲ့ဖူးတာ မဟုတ်ဘူး။ နင်က ပထမဆုံးပဲ...ဒါကြောင့် နင်က သခင်ကြီးရဲ့ လူဖြစ်ဖို့ ကံပါလာခဲ့တာ သေချာတယ်”
ကုဟွား၏ ဝမ်းနည်းမှုများ မပျောက်ကွယ်သေးမီ ဤစကားလုံးများက သူမကို စိုးရိမ်ပူပန်စေပြီး ထိတ်လန့်တုန်လှုပ်စေပြန်သည်။
သူမက အလျင်အမြန်ပင် လေသံကို နှိမ့်ကာ ဆိုလိုက်၏။
“ညီမက တုန့်ဟွားကို ဒေါ်လေးရီဆီ အဲ့လက်ကောက်ကို ပြန်သွားပေးခိုင်းလိုက်ပါပြီ... သခင်မအိုကြီး တစ်နေ့နေ့မှာ ဒါကို ရုတ်တရက် ရှာဖွေချင်လာရင် ထုတ်ပေးနိုင်အောင်လို့ ဒေါ်လေးရီကို တိတ်တိတ်လေး သိမ်းထားခိုင်းလိုက်တာ”
ကျိုးကျစ်လန် ရယ်ချင်သွားရသည်။
“ထားလိုက်ပါတော့... ခဏနေရင် တုန့်ဟွားက နင့်ဆီကို ချက်ချင်း ပြန်ယူလာပေးလိမ့်မယ်”
“သူ မလုပ်လောက်...”
ပုတီးစေ့လိုက်ကာလေး လှုပ်ခါသွားရပြီး တုန့်ဟွား ပေါ်ထွက်လာခဲ့သည်။
သူတို့နှစ်ဦးလုံး၏ မျက်ဝန်းအစုံက တုန့်ဟွား၏ လက်ထဲရှိ ပန်းထိုးအိတ်ငယ်လေးဆီသို့ ပြိုင်တူ ကျရောက်သွားခဲ့ကြ၏။
တုန့်ဟွား တခစ်ခစ် ရယ်မောလိုက်သည်။
“ဒေါ်လေးရီက ပြောပါတယ်... သခင်မအိုကြီး ပေးသနားထားတဲ့အရာကို သူ့အနေနဲ့ မလက်ခံရဲပါဘူးတဲ့... တင်တောင်းလက်ဆောင်ကိုဆိုရင် ပိုလို့တောင် မလက်ခံရဲပါဘူးတဲ့လေ...တကယ်လို့ မမလေးက ဇွတ်အတင်း ငြင်းပယ်ချင်တယ်ဆိုရင်တော့ မမလေးကိုယ်တိုင် သခင်မအိုကြီးဆီသွားပြီး လူကိုယ်တိုင် ပြန်ပေးရလိမ့်မယ်လို့ ပြောပါတယ်ရှင့်”
ကုဟွား : “...”
‘ငါ မသွားရဲဘူးလို့’
ကျိုးကျစ်လန် ရယ်မောလိုက်၏။
“တွေ့လား... ငါ နင့်ကို ပြောသားပဲ... သခင်မအိုကြီးက တကယ်ပဲ သူ ဘာလုပ်နေမှန်း မသိဘူးလို့ နင်ထင်နေတာလား... ဒူးထောက်ပြီး လက်ဖက်ရည် ဆက်သခဲ့တဲ့ သခင်မလေးတောင်မှ ပါးရိုက်ခံခဲ့ရတာလေ... သခင်မအိုကြီးက စိတ်နောက်နေတယ်ဆိုပေမဲ့ အမြဲတမ်း စိတ်နောက်နေတာ မဟုတ်ဘူးနော်”
ဤအကြောင်းကို ကြားရခြင်းက ကုဟွားကို ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
‘ဒါဆိုရင်... အနာဂတ်မှာ ငါက ဘယ်လိုလုပ် ထွက်သွားလို့ရတော့မှာလဲ’
တုန့်ဟွား အိတ်ငယ်လေးကို ချထားပေးလိုက်၏။
“အစ်မကျိုး... ဒီနေ့ညစာကို ဒီမှာပဲ အတူတူ စားမလားဟင်...”
“အမ်း...”
ကျိုးကျစ်လန် ခေါင်းညိတ်ပြလိုက်သည်။
သူမက ကုဟွားကို ပြုံးပြလိုက်ပြီး ပုံပြင်စာအုပ်နှစ်အုပ်ကို ထုတ်ယူလိုက်၏။
“ဒါက အသစ်စက်စက် ထွက်ထားတာတွေလေ”
ကုဟွား ပြုံးလိုက်မိသည်။
သူမတို့နှစ်ဦးလုံးက နူးညံ့နေသော ညောင်စောင်းပေါ်သို့ အတူတူ တက်လိုက်ကြပြီး နေရောင်ခြည်ကို ခံစားရင်း ပုံပြင်စာအုပ်များကို အတူတကွ ဖတ်ရှုနေခဲ့ကြသည်။