အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း(၇၉)
မုကျွင်းယန် စာကြည့်ဆောင်တွင် ထိုင်ရင်း စစ်ရေးဝန်ကြီးဌာနမှ ပေးပို့လာသော စာတွဲတစ်တွဲကို စစ်ဆေးနေခဲ့သည်။
သူ့ဘေးနားရှိ အနီးကပ်အစေခံ တုန်းမော့ သခင်ကြီးတစ်ယောက် ဤစာမျက်နှာကို မလှန်သည်မှာ နာရီဝက်နီးပါး ရှိနေပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။ ၎င်းက သေချာပေါက်ကို အလွန်အရေးကြီးသော စာမျက်နှာတစ်ခု ဖြစ်ရမည်ဟု သူထင်လိုက်မိသည်။
သူ ခြေဖျားလေးထောက်ပြီး ခပ်ဖွဖွလှမ်းလာကာ ရေနွေးတစ်ခွက်ကို ငှဲ့ပေးလိုက်သည်။
“သခင်ကြီး... ခဏလောက် အနားယူဖို့ ရေနွေးကြမ်းလေး တစ်ခွက်လောက် သောက်လိုက်ပါဦးလား”
မုကျွင်းယန် စာတွဲကို ချလိုက်ပြီး ရေနွေးကြမ်းခွက်ကို လှမ်းယူ၍ စားပွဲခုံပေါ်ရှိ မုန့်ပန်းကန်သုံးချပ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ကြာစေ့မုန့်ကြွပ်တစ်ပန်းကန်၊ မက်မွန်ပန်းကိတ်တစ်ပန်းကန်နှင့် အသက်ဝင်လှပြီး အစိမ်းရောင် ပန်းပွင့်ပုံစံအချိုပွဲမုန့် တစ်ပန်းကန်တို့ ဖြစ်ကြ၏။
မုကျွင်းယန်၏ မျက်ဝန်းအစုံ အနည်းငယ် မှေးစင်းသွားရသည်။
ထိုညတုန်းက ကုဟွားသည် သူ့ပေါင်ပေါ်တွင် ထိုင်ကာ ပြုံးရွှင်နေသော မျက်နှာလေးကို မော့ရင်း ချိုသာစွာ ပြောဆိုခဲ့သည်။
“သခင်ကြီး... နောင်ကျရင် ကျွန်မက သခင်ကြီးအတွက် နေ့တိုင်း အချိုပွဲမုန့်တွေ လုပ်ပေးပါ့မယ်”
သို့သော် နောက်တစ်နေ့၌ သူမအား လာရောက်ရှာဖွေသည့် သတို့သားလောင်း ဝမ်းကွဲအစ်ကိုဆိုသော လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
၎င်းအပြင် သူက သူမကို တစ်ခါတည်းနှင့် ငွေတစ်ထောင်ပင် ပေးအပ်ခဲ့သေး၏။
‘ဒါဆို ငါ့ရဲ့ အချိုပွဲမုန့်တွေကရော ဘယ်မှာလဲ’
‘အရိပ်လေးတောင် မမြင်ရဘူး’
မုကျွင်းယန်၏ ရင်ထဲ၌ အနည်းငယ် အောင့်သက်သက် ခံစားလိုက်ရသဖြင့် ရေနွေးကြမ်းကို တစ်ငုံ သောက်လိုက်ပြီး မက်မွန်ပန်းကိတ်ကို တစ်ကိုက် ကိုက်လိုက်သည်။
၎င်းက အလွန်အမင်း ချိုမြိန်လွန်းခြင်းမရှိဘဲ လန်းဆန်းလှသော ရနံ့တစ်မျိုး ချက်ချင်း ပျံ့လွင့်လာခဲ့၏။
၎င်းက သူမ မပြုံးမရယ်ဘဲ နေစဉ်အချိန်၌ မာနကြီးလှသော နှင်းကြာပန်းလေးတစ်ပွင့်ကဲ့သို့ အေးစက်ပြီး ဖြူစင်သန့်ရှင်းလှသည့် ပုံစံနှင့် အလွန်ပင် တူညီလှသည်။
ထို့နောက် သူက ကြာစေ့မုန့်ကြွပ်ကို ထပ်မံမြည်းစမ်းကြည့်လိုက်သည်။
ကြာပန်းပွင့်ဖတ်လေးများ ပွင့်လန်းနေခြင်းက သူမ ပြုံးလိုက်စဉ်၌ ထွက်ပေါ်လာသော အလှတရားနှင့် အလွန် တူညီလှ၏။
သူက အစိမ်းရောင် ပန်းပွင့်ပုံစံအချိုပွဲမုန့်ကို ထပ်မံ၍ ကောက်ယူလိုက်ပြန်သည်။
၎င်း၏ အပြင်ခွံက နူးညံ့ပြီး အထဲမှ အစာသွတ်က ချိုမြိန်လှကာ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ချက်ချင်း အရည်ပျော်သွားခဲ့သည်။
မုကျွင်းယန်က ထိုမုန့်ကို စားသုံးရင်း သူမ ခန္ဓာကိုယ်လေး၏ နူးညံ့အိစက်လှသော အထိအတွေ့ကိုပါ အမှတ်မထင် မြည်းစမ်းမိသလို ခံစားလိုက်ရ၏။
သူ ဖြည်းညှင်းစွာ ဆိုလိုက်သည်။
“စားလို့တော့ ရပါတယ်... သကြားနည်းနည်း များသွားတာပဲရှိတယ်”
‘သူက သခင်မအိုကြီးကို သိတတ်ရိုသေပြီး စိတ်ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိပေမယ့် ငါ့ကို ပေးခဲ့တဲ့ ကတိတွေကိုတော့ မေ့နေခဲ့တာပေါ့လေ’
‘လူသားတွေရဲ့ နှလုံးသားတွေကို ဝယ်ယူတတ်တဲ့ မြေခွေးမလေးပဲ’
တုန်းမော့ မျက်လုံးလေး လှိမ့်ရင်း ပြောလိုက်၏။
“သခင်ကြီး... ကျွန်တော်မျိုး ညစာ သွားရောက်ယူဆောင်ပေးပါ့မယ်”
“အမ်း...”
တုန်းမော့ အရှေ့ခြံဝင်းရှိ အိမ်တော်ထိန်းချုပ်ကြီးအခန်းသို့ တိုက်ရိုက် လျှောက်လှမ်းသွားပြီး ကျိုးချွန်းယွီကို တိုးညှင်းစွာ စကားအချို့ ပြောဆိုလိုက်ပြီးမှ စားဖိုဆောင်သို့ ထွက်ခွာသွားခဲ့သည်။
ကျိုးချွန်းယွီကလည်း လှည့်ထွက်သွားပြီး ယာယွင်ဆောင်သို့ ဦးတည်လာခဲ့၏။
သူမအစ်ကို ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ကျိုးကျစ်လန် အလျင်အမြန်ပင် အပြင်သို့ ထွက်လာခဲ့ပြီး အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
“အစ်ကို... ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ”
ကျိုးချွန်းယွီ သူမကို တိုးညှင်းစွာ စကားအချို့ပြောဆိုပြီးနောက် ထွက်ခွာသွားခဲ့သည်။
အပြုံးကို အောင့်အည်းထားရသော ကျိုးကျစ်လန်ကို ကြည့်ရင်း ကုဟွား စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
“ပျော်စရာ အကြောင်းကိစ္စ တစ်ခုခုများ ရှိနေလို့လား”
ကျိုးကျစ်လန် သွားတန်းလေးများ ပေါ်အောင် ပြုံးပြလိုက်သည်။
“အစ်ကိုက ပြောတယ်... စစ်စခန်းက ပင်ပန်းဆင်းရဲပြီး ကောင်းမွန်တဲ့ အစားအစာတွေ မရှိဘူးတဲ့... သခင်ကြီးက နင်လုပ်တဲ့ မုန့်တွေကို သဘောကျတယ်တဲ့လေ...သူဒီလို သဘောကျတာမျိုးက ရှားပါးတာမို့လို့ နင်အားလပ်တဲ့အခါ သခင်ကြီးအတွက် မုန့်နည်းနည်းလောက် အလုပ်ရှုပ်ခံပြီး လုပ်ပေးပါဦးတဲ့...သခင်မအိုကြီးက အချိုကြိုက်တတ်ပေမဲ့ သခင်ကြီးကတော့ ခပ်ပေါ့ပေါ့ အရသာကို ပိုပြီး သဘောကျတတ်လို့ သကြားကို နည်းနည်းပဲ သုံးပေးပါတဲ့”
ကုဟွား အံ့အားသင့်သွား၏။
‘မုကျွင်းယန်က ငါ သခင်မအိုကြီးအတွက် လုပ်ပေးခဲ့တဲ့ အချိုပွဲမုန့်တွေကို စားခဲ့တာလား’
‘တကယ်လို့ သူ စားချင်တယ်ဆိုရင်လည်း တုန်းမော့ကို ငါ့ဆီ တိုက်ရိုက် လာပြီး ပြောခိုင်းလို့ရတာပဲ မဟုတ်ဘူးလား’
‘သူ ဘာလို့ လှည့်ပတ်ပြီး သူ့အတွက် မုန့်လုပ်ပေးဖို့ အခြားလူတစ်ယောက်ကနေတစ်ဆင့် လှမ်းပြောခိုင်းရတာလဲ’
ကုဟွား ရုတ်တရက် သတိရမိသွားသည်။
ထိုနေ့က သူ၏ ရင်ခွင်ထဲတွင် ရှိနေစဉ် သူမအနေဖြင့် သူ့အတွက် မုန့်လုပ်ပေးပါ့မည်ဟု တကယ်ပင် ပြောဆိုခဲ့ဖူးသည်။
သူမ၏ နှလုံသားလေး အနည်းငယ် ခုန်ပေါက်သွားပြီး မျက်နှာလေး နီမြန်းသွား၏။
‘ဒါ ကောင်းတဲ့ လက္ခဏာပဲ’
“အမ်း... ညစာ စားပြီးရင်... သခင်ကြီးအတွက် ညလယ်စာ မုန့်တစ်မျိုး နှစ်မျိုးလောက် လုပ်ပေးဖို့ စားဖိုဆောင်ကို သွားလိုက်ပါ့မယ်”
“ကောင်းပါပြီ...”
ကျိုးကျစ်လန် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။
ကုဟွား၏ မျက်နှာလေး ပိုမို၍ နီမြန်းသွားသည်။
သူမ စိတ်ထဲတွင် စတင်တွက်ချက်လိုက်မိ၏။
‘ဒီနေ့ည... ကိုယ်လုပ်တော်ပိုင် အဆင့်အတန်း လဲလှယ်ထားတဲ့ အကြောင်းအရာကို ထုတ်ပြောဖို့ အခွင့်အရေးတစ်ခု ရှာပြီး... ငါ့ကို ကူညီပေးဖို့အတွက် လူနည်းနည်းလောက် စေလွှတ်ပေးဖို့ မြို့စားကြီးကို တောင်းဆိုရမယ်’
…
တုန်းမော့ စားဖိုဆောင်သို့ ရောက်ရှိလာသောအခါ အမှတ်မထင်ပင် ယန်ကျစ်နှင့် အစေခံမလေးတစ်ဦးတို့ကို ထိုနေရာ၌ မြင်တွေ့လိုက်ရသည်။
ယန်ကျစ် ကုဝမ်ရု၏ အစားအစာသေတ္တာထဲသို့ စွပ်ပြုတ်အိုးတစ်လုံးကို ထည့်သွင်းနေ၏။
“ကိုယ်လုပ်တော်ယန်... ညစာကို ဘာလို့ ကိုယ်တိုင် လာယူရတာလဲ”
တုန်းမော့ အလွန်ပင် စပ်စုချင်မိသွားသည်။
‘သူက ကိုယ်လုပ်တော် ဖြစ်သွားတည်းက လူမြင်ကွင်းကို ထွက်လာခဲတယ် မဟုတ်ဘူးလား’
ယန်ကျစ် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အမူအရာက အနည်းငယ် သဘာဝ မကျဘဲ ဖြစ်နေခဲ့သည်။
“ဘာမှမဟုတ်ပါဘူး... သခင်မလေးက သခင်ကြီး၊ သခင်လေးနဲ့ ဒုတိယမမလေးကုတို့အတွက် အားဖြည့်စွပ်ပြုတ်တွေ ချက်ပြုတ်ထားလို့ ငါ လာပြီးကြည့်တာပါ... နင်က သခင်ကြီးရဲ့ ညစာကို လာယူတာမလား... အတော်ပဲ... ဒီစွပ်ပြုတ်အိုးကို ယူသွားလိုက်တော့”
ယန်ကျစ်က စွပ်ပြုတ်အိုးတစ်လုံးကို ညွှန်ပြလိုက်၏။
“ဟုတ်ကဲ့... ယူသွားလိုက်ပါ့မယ်”
တုန်းမော့က စားပွဲပေါ်ရှိ စွပ်ပြုတ်အိုးသုံးလုံးကို ကြည့်ပြီး ထူးဆန်းသည်ဟု မခံစားရဘဲ မနေနိုင်ခဲ့ချေ။
သခင်မလေးက သူမကိုယ်တိုင်နှင့် သခင်လေးအတွက် အားဖြည့်စွပ်ပြုတ်များ ချက်ပြုတ်သည့်အခါတိုင်း သခင်ကြီးအတွက်ပါ အပိုတစ်လုံး အမြဲတမ်း ပြင်ဆင်လေ့ ရှိသည်။
သခင်ကြီး စားမစားဆိုသည်က သူ၏ စိတ်ခံစားချက်အပေါ်၌ မူတည်နေခဲ့၏။
သို့သော် သခင်မလေးက မမလေးဟွားအတွက် မည်သည့်အရာကိုမျှ တစ်ခါမျှ ချက်ပြုတ်ပေးဖူးခြင်း မရှိချေ။
‘ဒါက... ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာများလား’
“ပါဝင်ပစ္စည်းတွေ မတူကြဘူးလား”
တုန်းမော့က သေချာ မေးမြန်းလိုက်ရင်း အခြားအိုးတစ်လုံး၏ အဖုံးကို ဖွင့်ရန် အနားသို့ တိုးကပ်လိုက်မိ၏။
ယန်ကျစ် အလျင်အမြန်ပင် ၎င်းကို ပြန်လည်ဖိပိတ်လိုက်သည်။
“ဒါတွေအားလုံးက သခင်မလေးရဲ့ ကိုယ်ပိုင်ငွေနဲ့ ဝယ်ယူထားတဲ့ သွေးနဲ့ အားအင်ကို ဖြည့်တင်းပေးတဲ့ အဖိုးတန် ဆေးဘက်ဝင်အပင်တွေကို ခိုပေါက်အသားနဲ့ အတူတူ ပေါင်းချက်ထားတာပါ။ ချက်ပြုတ်နည်းတွေက အတူတူပါပဲ။ ဒီအိုးကိုပဲ အစားအစာသေတ္တာထဲ ထည့်လိုက်ပါ။ မှားပြီး မယူမိစေနဲ့နော်”
‘တကယ်လို့ အကုန်လုံး အတူတူပဲဆိုရင် ငါ ဘယ်လိုလုပ်ပြီး မှားယူမိမှာလဲ’
“အိုး...”
တုန်းမော့ သူမ၏ အပြုအမူက ထူးဆန်းနေသည်ဟု ထင်မိသော်လည်း အများကြီး ထပ်မံ၍ တွေးတောမနေခဲ့ချေ။
“တုန်းမော့... ဒါက သခင်ကြီးရဲ့ အစားအစာသေတ္တာပဲ။ ဒီစွပ်ပြုတ်အိုးကို အထဲထည့်လိုက်တော့”
စားဖိုဆောင်အကြီးအကဲက သခင်ကြီး၏ ညစာသေတ္တာကို ကိုယ်တိုင် ထုပ်ပိုးပြီးနောက် ကမ်းပေးလိုက်၏။
“အာ... တိုက်ဆိုင်လိုက်တာ... တုန်းမော့လည်း ဒီမှာ ရှိနေတာကိုး”
တုန့်ဟွား၏ ပြတ်သားသော အသံလေးက ထွက်ပေါ်လာခဲ့သည်။
ယန်ကျစ် ညွှန်ပြသော စွပ်ပြုတ်အိုးကို လှမ်းယူရန် ပြင်နေသည့် တုန်းမော့က ထိုအသံကို ကြားရသောအခါ လှည့်ကြည့်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။
“အလိုလေး... ဒီနေ့ လူစုံနေပါလား... ကိုယ်လုပ်တော်ယန်လည်း ဒီမှာ ရှိနေတာပဲ”
ကုဟွားကြောင့် တုန့်ဟွား ကိုယ်လုပ်တော်ယန်နှင့် သခင်မလေးတို့ကို အလွန် သဘောမကျချေ။
သူမကို မြင်လိုက်ရသောအခါ အရိုအသေပင် မပေးတော့ဘဲ ခနဲ့သည့် စကားတချို့ကိုသာ တိုက်ရိုက် ပြောလိုက်သည်။
“ကိုယ်လုပ်တော်ယန်ရဲ့ နုနယ်ပြီး အဖိုးတန်လှတဲ့ အဆင့်အတန်းနဲ့ ဘာလို့များ အစေခံတွေရဲ့ အလုပ်ကို ကိုယ်တိုင် လာလုပ်နေရတာလဲဟင်... အစေခံတစ်ဦးဖြစ်ခဲ့တဲ့ အဆင့်အတန်းကို အခုထိ မမေ့နိုင်သေးလို့လား”
ယန်ကျစ်၏ မျက်နှာက အလွန်ပင် ကြည့်ရဆိုးသွားသော်လည်း သူမ အောင့်အည်းသည်းခံကာ ဘာမျှမဆိုခဲ့ချေ။
တုန့်ဟွား ထူးဆန်းသည်ဟု ခံစားလိုက်ရ၏။
ယန်ကျစ်က အမြဲတမ်း မာနကြီးနေတတ်ပြီး သူမကိုယ်သူမ သခင်မလေး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဲ့သို့ ပြုမူနေထိုင်လေ့ ရှိသည်။
လက်ရှိတွင် သူမ သခင်လေး၏ ကုတင်ပေါ်သို့ တက်ရောက်နိုင်ခဲ့ပြီးပြီဖြစ်သည်။
‘သူ့အကျင့်စရိုက်က ဘယ်လိုဖြစ်ပြီး ပြောင်းလဲသွားရတာလဲ’
သူမ၏ မမလေး ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို သတိရမိသွားသဖြင့် တုန့်ဟွား ဆက်လက်၍ ခနဲ့လိုက်ပြန်သည်။
“အို... ဟုတ်သားပဲ...နင်က အခုထိ အစေခံတစ်ယောက်ပဲဟာ”
ယန်ကျစ်က သာမန်အစေခံများထက် ပိုမိုမြင့်မားသောအဆင့်အတန်း ရှိသည်ဟု သူမကိုယ်သူမ အမြဲတမ်း ဂုဏ်ယူလေ့ရှိပြီး ကုဟွားကို နှိပ်စက်ညှဉ်းပန်းရန် ကျင့်သားရနေခဲ့သူ ဖြစ်သည်။
ကုဟွား၏ အစေခံမလေးထံမှ လူမြင်ကွင်းတွင် ဤကဲ့သို့ ရှက်စရာ ကောင်းလောက်အောင် အရှက်ခွဲခြင်းကို ခံလိုက်ရသောအခါ သူမ ချက်ချင်းပင် မအောင့်အည်းနိုင်တော့ချေ။
“ဒါပေမဲ့လည်း နင် ငါ့ကို ကိုယ်လုပ်တော်လို့ ရိုရိုသေသေ ခေါ်ရဦးမှာပဲ။ ငါ့ရဲ့ အဆင့်အတန်းက နင့်ထက်တော့ပိုပြီး မြင့်သေးတယ်။ ဒီနေ့တော့ ငါ နင့်သခင်ကိုယ်စား အဆင့်အတန်းကို ဘယ်လိုမျိုး ရိုသေရမလဲဆိုတာကို သေသေချာချာ သင်ခန်းစာပေးရမယ်”
ပြောဆိုပြီးနောက် သူမ ရှေ့သို့ ပြေးဝင်သွားပြီး တုန့်ဟွားကို ပါးရိုက်ရန် လက်မြှောက်လိုက်သည်။
တုန့်ဟွား ရှောင်ရန်အတွက် မျက်နှာကို လွှဲဖယ်လိုက်၏။ မျှော်လင့်မထားဘဲ ထိုပါးရိုက်ချက်က ရန်ပွဲကို ဝင်ရောက်တားဆီးရန် ဘေးနားတွင် ရပ်နေသည့် တုန့်ချင်း၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။
ဖြန်းခနဲ မြည်သံနှင့်အတူ တုန့်ချင်း၏ ဘယ်ဘက်ပါးပြင် ချက်ချင်းပင် နီမြန်းရောင်ကိုင်းသွား၏။
အခန်း(၈၀)
တုန့်ချင်း အရိုက်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသောအခါ တုန့်ဟွား အလွန် ဒေါသထွက်သွားပြီး အင်္ကျီလက်စကို လိပ်တင်ကာ ရန်ဖြစ်ရန် ပြင်လိုက်သည်။
ပထမဆုံး ပါးရိုက်ချက်က တုန့်ဟွားကို လွဲချော်သွားသဖြင့် ယန်ကျစ် သူမ လက်ကို ထပ်မံ၍ မြှောက်လိုက်ပြန်သည်။ သို့သော် သူမ လက်ကောက်ဝတ်က ခပ်တင်းတင်း ဖမ်းဆုပ်ခြင်း ခံလိုက်ရ၏။
“တုန်းမော့... နင် ငါ့အပေါ် လက်တင်ရဲတယ်ပေါ့လေ”
ယန်ကျစ် ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး သူမ၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် ဖြူဖျော့သွားသည်။
တုန်းမော့ အားနာမနေတော့ဘဲ သူမ လက်ကို ပစ်ဖယ်ချလိုက်၏။
“ယန်ကျစ်... အလွန်အကျွံ မလုပ်နဲ့... ဒါ စားဖိုဆောင်လေ... တကယ်လို့ နင် သခင်တွေရဲ့ အစားအစာတွေကို ဖျက်ဆီးပြီး သူတို့ညစာကို နှောင့်နှေးစေခဲ့ရင် အပြစ်ဒဏ်ကို ခံနိုင်ပါ့မလား”
ယန်ကျစ်၏ ရင်ဘတ်တစ်ခုလုံး ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
မြို့စားအိမ်တော်တစ်ခုလုံး သခင်မလေးနှင့် သူမကို အလေးအနက် မထားကြချေ။
သူမ ဟိုအပျက်မကိုယ်စား မုအန်း၏ ကိုယ်လုပ်တော်အဖြစ် ဇွတ်အတင်း ခန့်အပ်ခြင်းကို ခံခဲ့ရသည်။
သူမ၏ ချစ်လှစွာသော ဝမ်းကွဲအစ်ကို မည်မျှ နာကျင်နေရမည်ကို သူမ မသိရှိနိုင်ချေ။
သူမအနေဖြင့် အိမ်တော်တံခါးပြင်ပသို့ ခြေတစ်လှမ်းမျှပင် မထွက်ခွာနိုင်သဖြင့် ဝမ်းကွဲအစ်ကိုနှင့် တစ်ကြိမ်တွေ့ဆုံရန်ပင် အလွန် ခက်ခဲသည်။
လွန်ခဲ့သော ရက်အနည်းငယ်တည်းက ပိတ်ဆို့နေခဲ့သော နာကျင်မှုများ သူမ၏ ရင်ထဲတွင် ရူးသွပ်စွာ တိုးဝှေ့ထွက်ပေါ်လာ၏။
ထပ်မံ၍ မအောင့်အည်းနိုင်တော့သဖြင့် ယန်ကျစ် ပန်းကန်ပြား အလွတ်တစ်ချပ်ကို လှမ်းယူကာ တုန့်ဟွား၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
တုန့်ဟွားကလည်း အလွယ်တကူ အနိုင်ကျင့်ခံမည့်သူ မဟုတ်ချေ။
သူမ တားဆီးရန် လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ထိုပန်းကန်ပြားက ကြမ်းပြင်ပေါ်သို့ ကျသွားပြီး တစ်စစီ ကွဲအက်သွားခဲ့သည်။
“အလိုလေး... နင်တို့လို ကောင်မလေးတွေက ဒီကိုလာပြီး ပြဿနာရှာနေကြတာပဲ... ဒီပန်းကန်ပြားက ငွေပြားသုံးရာ တန်တာနော်... ဘယ်သူက လျော်ကြေးပေးမှာလဲ... တကယ်လို့ ရန်ဖြစ်ချင်ရင် အပြင်ကို ထွက်ဖြစ်ကြ... ငါ့ရဲ့ စားဖိုဆောင်ကို ဖျက်ဆီးရင်တော့... ငါ သခင်ကြီးဆီ သွားရောက်တိုင်တန်းပြီး နင်တို့အားလုံးကို ရောင်းစားပစ်ခိုင်းလိုက်မယ်”
စားဖိုဆောင် အကြီးအကဲ စိုးရိမ်တကြီးဖြင့် ရူးသွပ်မတတ် ဖြစ်သွားရကာ ခုန်ဆွခုန်ဆွနှင့် ဆဲရေးတိုင်းထွာလိုက်သည်။
“မြန်မြန်လုပ်ကြစမ်း... သခင်တွေရဲ့ အစားအစာသေတ္တာတွေကို ယူပြီး ထွက်သွားကြတော့”
ယန်ကျစ် သူတို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
သူမ ခေါင်းလှည့်ကြည့်လိုက်စဉ်၌ သူမနှင့်အတူတူ လိုက်ပါလာသော အစေခံမလေးက အစားအစာသေတ္တာများကို ထုပ်ပိုးပြီး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ယန်ကျစ်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမ အနားသို့ တိုးကပ်သွားပြီး တိုးညှင်းစွာ မေးမြန်းလိုက်၏။
“နင် မှားပြီး မယူခဲ့ဘူးမလား”
“မမှားပါဘူး... ကိုယ်လုပ်တော် ညွှန်ကြားတဲ့အတိုင်း သေသေချာချာ ထုပ်ပိုးခဲ့တာပါ”
ယန်ကျစ် စိတ်အေးသွားသည်။
ထပ်မံ၍ ပြဿနာများ မဖြစ်ပွားချင်သဖြင့် သူမ အလျင်အမြန်ပင် ပြောလိုက်၏။
“သူတို့ကို ကုဟွားရဲ့ အစားအစာကို ယူခိုင်းလိုက်... ငါတို့ သွားကြမယ်”
ယန်ကျစ် မုအန်း၏ အစားအစာသေတ္တာကို သယ်ဆောင်ပြီး အစေခံမလေးက ကုဝမ်ရု၏ စွပ်ပြုတ်အိုးကို သယ်ဆောင်ကာ သူတို့ ထွက်ခွာသွားကြသည်။
ထိုအစေခံမလေးက ကုမိသားစုမှ ဒုတိယတန်းစား အစေခံမလေး ဖြစ်သည်။ ယန်ကျစ် ကိုယ်လုပ်တော်အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် သူမကို ခစားရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရခြင်း ဖြစ်၏။
ယန်ကျစ်က စရိုက်ဆိုးပြီး တစ်နေ့လုံး သခင်အစစ်ကဲ့သို့ မာနထောင်လွှားနေတတ်သဖြင့် ထိုအစေခံမလေးကလည်း စိတ်မပါဘဲ စိတ်ရင်းဖြင့် ခစားနေခြင်း မဟုတ်ချေ။
ယန်ကျစ် စွပ်ပြုတ်အိုးတစ်လုံးကို ကုဝမ်ရု၏ အစားအစာသေတ္တာထဲသို့ ကိုယ်တိုင် ထည့်သွင်းခဲ့ပြီး အခြား စွပ်ပြုတ်အိုးနှစ်လုံးကို အတူတကွ ထားရှိခဲ့သည်။
သူမ အစေခံမလေးကို အိုးတစ်လုံးအား သခင်လေး၏ အစားအစာသေတ္တာထဲသို့ ထည့်သွင်းရန်နှင့် အခြားတစ်လုံးကိုမူ နောက်မှ ကုဟွားထံသို့ ပေးပို့ရန် ချန်ထားခဲ့ခိုင်းခြင်း ဖြစ်သည်။
ယန်ကျစ် လူများကို ရိုက်နှက်နေစဉ်၌ အစေခံမလေး ခေါင်းလှည့်ကြည့်လိုက်သောအခါ သခင်လေးအတွက် ရည်ရွယ်ထားသော စွပ်ပြုတ်အိုးကို စားဖိုဆောင် အကြီးအကဲက သခင်ကြီး၏ အစားအစာသေတ္တာထဲသို့ ထည့်သွင်းလိုက်သည်ကို သတိပြုမိလိုက်၏။
သူမ ပါဝင်ပစ္စည်းများ အတူတူဖြစ်နေသရွေ့ အရေးမကြီးဟု ထင်မှတ်ကာ ဂရုမစိုက်တော့ဘဲ သခင်ကြီးအတွက် မူလက ရည်ရွယ်ထားသော အိုးကိုသာ ယူဆောင်၍ သခင်လေး၏ အစားအစာသေတ္တာထဲသို့ ထည့်သွင်းပေးလိုက်သည်။
တုန့်ဟွား ယန်ကျစ်၏ ကျောပြင်ကို ကြည့်ရင်း ကျိန်ဆဲလိုက်သည်။
“တောက်... ဘာကောင်မလဲ မသိဘူး”
တုန်းမော့ တည်ကြည်သော မျက်နှာထားဖြင့် သခင်ကြီး၏ အစားအစာသေတ္တာကို ကောက်ယူလိုက်၏။
“ကဲ... အစားအစာတွေ မအေးသွားခင် အမြန်ဆုံး သွားပို့လိုက်ကြရအောင်... ဒါ မမလေးဟွားအတွက် ချက်ထားတာပဲ... ဘာပဲဖြစ်ဖြစ် အလကားရတာမို့လို့ နင်တို့ ယူသွားလိုက်တော့”
တုန့်ဟွားကလည်း စားဖိုဆောင်ထဲတွင် ရန်မဖြစ်သင့်ကြောင်း သိရှိထားသဖြင့် စားဖိုဆောင် အကြီးအကဲ သူမကို လျော်ကြေးတောင်းလာမည်ကို စိုးရိမ်နေမိသည်။
သူမ အလျင်အမြန်ပင် ကုဟွားနှင့် ကျိုးကျစ်လန်တို့၏ အစားအစာသေတ္တာများကို တုန့်ချင်းနှင့်အတူတူ ယူလိုက်ပြီး တုန်းမော့၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့၏။
တုန့်ချင်းနှင့် တုန့်ဟွားတို့ စားဖိုဆောင်မှ ညစာ သယ်ဆောင်လာခဲ့ပြီဟု ကြားရသောအခါ ကုဟွားနှင့် ကျိုးကျစ်လန်တို့ ပုံပြင်စာအုပ်၏ ဇာတ်ကွက်များအကြောင်းကို တိုးညှင်းစွာ ပြောဆိုရင်း အပြင်ခန်းမဆီသို့ အတူတကွ လျှောက်လှမ်းလာကြ၏။
“မျက်နှာက ဘာဖြစ်လာတာလဲ”
ကုဟွားက တုန့်ချင်း၏ ရောင်ကိုင်းနေသော မျက်နှာကို ချက်ချင်းပင် မြင်တွေ့လိုက်ရသဖြင့် အလျင်အမြန် အနားသို့ တိုးကပ်ကာ စစ်ဆေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး”
တုန့်ချင်း ပြုံးပြလိုက်၏။
တုန့်ဟွားက သူမ၏ ဒေါသများကို မအောင့်အည်းနိုင်တော့ဘဲ စောနက ဖြစ်ပွားခဲ့သမျှ အရာအားလုံးကို တန်းစီ၍ ဖွင့်ဟတိုင်တန်းလိုက်သည်။
ကုဟွား မျက်မှောင်ကြုတ်သွား၏။
“ယန်ကျစ်က ဘာလုပ်ပိုင်ခွင့်ရှိလို့ နင့်ကို ရိုက်ရဲရတာလဲ”
‘ခွေးကိုရိုက်ရင်တောင် သခင်မျက်နှာကို ကြည့်ရသေးတယ် မဟုတ်ဘူးလား’
တုန့်ဟွားတို့ ညီအစ်မနှစ်ယောက်သည် မြို့စားအိမ်တော်တွင် ဖွားမြင်ခဲ့ကြသည့် အိမ်တော်ဖွားအစေခံများ ဖြစ်ကြသည်။
ယန်ကျစ်က ကိုယ်လုပ်တော်အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် ပိုမို၍ မာနထောင်လွှားလာခဲ့ခြင်းလား သို့မဟုတ် ဉာဏ်ထိုင်းသွားခဲ့ခြင်းလား မသိနိုင်ချေ။
ကျိုးကျစ်လန် ကုဟွားကို ဆွဲထိန်းလိုက်၏။
“ရပါတယ်... ငါ့မှာ သူ့ကို သင်ခန်းစာပေးဖို့ နည်းလမ်းရှိတယ်။ အရင်ဆုံး စားကြရအောင်”
စားသောက်ပြီးနောက် သူမအနေဖြင့် ကုဟွားအား သခင်ကြီးအတွက် အချိုပွဲမုန့်သွားရောက်လုပ်ဆောင်ပေးရန် တိုက်တွန်းရဦးမည်။ သူမ သံပူနေတုန်း နာနာထုရမည် ဖြစ်သည်။
ကျိုးကျစ်လန် တုန့်ဟွားကို ညွှန်ကြားလိုက်၏။
“တုန့်ဟွား... နင် သွားပြီး တုန့်ချင်းရဲ့ မျက်နှာ ရောင်တာကျအောင် ကူညီပေးလိုက်ဦး။ ငါ ဒီမှာပဲ နေပြီး မမလေး ညစာစားတာကို အလုပ်အကျွေးပြုလိုက်မယ်”
“ကောင်းပါပြီ... အစ်မကျိုးကို အလုပ်ရှုပ်စေမိပြီရှင်”
ကျိုးကျစ်လန်အစားအစာသေတ္တာကို ဖွင့်လိုက်သည်။
“ပြောရဦးမယ်... ဒီစွပ်ပြုတ်က တကယ်ကို မွှေးနေတာပဲ”
အိုးအဖုံးကို ဖွင့်လိုက်သောအခါ မွှေးကြိုင်လှသော ရနံ့များနှင့်အတူ ပူနွေးပြီး ပျစ်နှစ်နေသော ရွှေဝါရောင် စွပ်ပြုတ်တစ်အိုး ပေါ်ထွက်လာခဲ့သည်။
ကုဟွား သံသယဝင်သွား၏။
‘အစ်မက သူ့ခင်ပွန်းနဲ့ မုကျွင်းယန်တို့အတွက် အားဖြည့်စွပ်ပြုတ် ချက်ပြုတ်ပေးတာက ပုံမှန်ပဲ ဆိုပေမဲ့ ငါ့အတွက်ပါ တကူးတက ချက်ပြုတ်ပေးထားတာက ထူးဆန်းမနေဘူးလား’
‘သူက ငါ မုကျွင်းယန်ကို မြှူဆွယ်ပြီး သူ့ခေါင်းပေါ်ကို ကျော်တက်သွားမှာ မစိုးရိမ်တော့ဘူးလား’
‘ဒါက စေတနာအမှန်ကို ပြသတာလား ဒါမှမဟုတ် တခြားမကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာလား’
ကျိုးကျစ်လန်ကလည်း ထူးဆန်းသည်ဟု ထင်မှတ်မိသဖြင့် ဘေးခန်းဆီသို့ အသံကျယ်ကျယ်ဖြင့် လှမ်းမေးလိုက်၏။
“ဒီဟာကို မိန်းကလေးရှန်လီ စစ်ဆေးပြီးပြီလား”
တုန့်ချင်းက ပြန်လည်ဖြေကြားလိုက်သည်။
“ဟုတ်ကဲ့... မိန်းကလေးရှန်လီက မမလေးရဲ့ အစားအစာနဲ့ သောက်စရာမှန်သမျှကို ကိုယ်တိုင် အမြဲတမ်း စစ်ဆေးပေးပါတယ်”
ထိုအခါမှ ကျိုးကျစ်လန် စိတ်အေးသွားရသည်။
သူမက ဇွန်းကို အသုံးပြု၍ အထဲမှ ပါဝင်ပစ္စည်းများကို ခပ်ယူလိုက်သည်။
“ဒါတွေက တကယ်ကို အဖိုးတန်တဲ့ အရာတွေပဲ... သူက ဒီတစ်ကြိမ်မှာ စေတနာကောင်းရှိနေတာ ရှားရှားပါးပါးပဲ... နင်လည်း တကယ်ကို အားဖြည့်ဖို့ လိုအပ်နေတာလေ”
ရှန်လီ စစ်ဆေးပြီးဖြစ်သဖြင့် ကုဟွားက စိတ်ချလက်ချ ဖြစ်သွားရ၏။
သူမ နေ့လယ်ခင်းတည်းက စိုးရိမ်ပူပန်နေခဲ့ရပြီး အစားကောင်းကောင်းမစားခဲ့ရသဖြင့် လက်ရှိတွင် အမှန်တကယ်ပင် ဗိုက်ဆာနေခဲ့ပြီ ဖြစ်သည်။
ထိုကြောင့် ပူနွေးသော စွပ်ပြုတ်တစ်ခွက်က သူမ၏ ဝမ်းဗိုက်ကို အရင်ဆုံး နွေးထွေးသွားစေရန်အတွက် အလွန်ပင် သင့်လျော်၏။
ကွမ်းရှန်းဆောင်...
တုန်းမော့ ဘေးခန်းမဆောင်တွင် ညစာကို ပြင်ဆင်ပြီးနောက် မုကျွင်းယန်ကို ဖိတ်ခေါ်လိုက်၏။
“ဒါ ဘာလဲ”
မုကျွင်းယန်က တုန်းမော့ စွပ်ပြုတ်အိုး၏အဖုံး ဖွင့်လိုက်သည်ကို ကြည့်ရင်း အပေါ်ယံတွင် ဆီများ ဝေ့နေသည်ကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် မချင့်မရဲ ဖြစ်သွားရသည်။
သူက အစားအသောက် အာရုံခံစားမှုအပေါ်တွင် မည်သည့်အခါမျှ အလွန်အမင်း ဂရုစိုက်လေ့မရှိသော်လည်း အရသာ အလွန်ပြင်းထန်လှသော အစားအစာများကို သဘောမကျချေ။
“ဒါက သခင်မလေးက သခင်ကြီးအတွက် ချက်ပြုတ်ပေးထားတဲ့ အားဖြည့်စွပ်ပြုတ်ပါ”
တုန်းမော့က စကားတစ်ခွန်း ထပ်မံဖြည့်စွက်လိုက်၏။
“သူက မမလေးဟွားဆီကိုလည်း ဒီလိုမျိုး အတူတူ စွပ်ပြုတ်တစ်အိုး ပေးပို့ခဲ့ပါသေးတယ်”
သခင်ကြီးက အလုပ်ကို ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်သော်လည်း အစားအစာများကို ကောင်းမွန်စွာ စားသုံးလေ့မရှိချေ။
တုန်းမော့ ထင်မှတ်မိသည်က ဤစွပ်ပြုတ်သည် မမလေးဟွား၏ စွပ်ပြုတ်နှင့် အတူတူပင်ဖြစ်သဖြင့် သခင်ကြီး သောက်သုံးလောက်မည်ဟု တွေးတောမိခြင်း ဖြစ်သည်။
မုကျွင်းယန် မျက်မှောင်ကြုတ်သွား၏။
သူက ကုဝမ်ရု ပေးပို့လာသော အားဖြည့်စွပ်ပြုတ်များကို တစ်ခါမျှ စောင်းငဲ့ကြည့်ဖူးခြင်းမရှိဘဲ တိုက်ရိုက် လွှင့်ပစ်ခိုင်းလေ့ ရှိသည်။
သို့သော် ကုဟွားကလည်း တစ်အိုး ရရှိခဲ့သည်ဟု ကြားလိုက်ရသောအခါ သူ၏ သဘာဝအတိုင်း ထက်မြက်လှသော အာရုံခံစားမှုက ချက်ချင်းပင် သတိပြုမိသွား၏။
သူ အိုးအဖုံးကို ဖွင့်လှစ်ကာ အနံ့ခံကြည့်လိုက်သည်။
ဆေးဘက်ဝင်အပင်များ၏ ရနံ့က အလွန်အမင်း ပြင်းထန်ခြင်းမရှိသော်လည်း ထူးဆန်းသော ခံစားချက်တစ်မျိုးကို ပေးစွမ်းနေခဲ့၏။
‘ကုဝမ်ရုက တကယ်ပဲ အဲဒီလောက်အထိ စေတနာကောင်း ရှိပါ့မလား’
“သမားတော်စွန်းကို လာပြီး အကဲခတ်ခိုင်းလိုက်”
တုန်းမော့၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
‘သခင်မလေးက သခင်ကြီးရဲ့ အစားအစာထဲမှာ တစ်ခုခု ထည့်ရဲတာလား’
သခင်ကြီးက အမြဲတမ်း ထက်မြက်လှသူ ဖြစ်သည်။
တုန်းမော့ ထိတ်လန့်သွားရသဖြင့် အလျင်အမြန်ပင် သမားတော်စွန်းကို သွားရောက်ရှာဖွေ၏။
ခဏတာမျှ ကြာပြီးနောက် သမားတော်စွန်း ရောက်ရှိလာခဲ့သည်။
သူ အနံ့ခံကြည့်၍ အနည်းငယ် မြည်းစမ်းကြည့်လိုက်ပြီးမှ သေချာရေရာသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“တစ်ခုခု ထည့်ထားတယ်”