← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း(၈၁)

တုန်းမော့၏ မျက်နှာတစ်ခုလုံး သွေးရောင်မရှိတော့ဘဲ ဖြူဖျော့သွားရသည်။

“ဘာထည့်ထားတာလဲ”

မုကျွင်းယန်၏ မျက်နှာက ချက်ချင်းပင် အုံ့မှိုင်းသွားရသည်။

“တုန်းမော့... မြန်မြန်သွားပြီး ကုဟွားကို အဲဒီစွပ်ပြုတ် မသောက်ဖို့ သွားပြောလိုက်”

တုန်းမော့ ထိတ်လန့်မှုကြောင့် လိပ်ပြာလွင့်မတတ် ဖြစ်သွားရပြီး ချက်ချင်းပင် လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ အပြင်သို့ ဝုန်းကနဲ ပြေးထွက်သွားသည်။

မုကျွင်းယန်၏ နဖူးပေါ်ရှိ အကြောများ တဒိန်းဒိန်း လှုပ်ခတ်နေခဲ့၏။

အချိန်နှင့် အကွာအဝေးကို တွက်ချက်ကြည့်လျှင် ထိုစွပ်ပြုတ်အိုးက ကုဟွား၏ လက်ထဲသို့ စောစောစီးစီး ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

‘တကယ်လို့ သူ့ကို အချိန်မီ မတားဆီးနိုင်ခဲ့ရင် ဘာဖြစ်သွားမလဲ’

သမားတော်စွန်းလည်း ထိတ်လန့်တုန်လှုပ်သွားရကာ လေသံကို နှိမ့်၍ မေးမြန်းလိုက်သည်။

“ကျွန်တော်မျိုး ဖြေဆေးကို သွားရောက်ပြင်ဆင်လိုက်ရမလား”

မုကျွင်းယန်က မျက်မှောင်ကြုတ်လိုက်၏။

“ဒါက အရင်အကြိမ်တွေက အရာတွေနဲ့ အတူတူပဲလား”

အတိတ်တုန်းက လူအချို့သည် သူ့အစားအစာထဲသို့ ကာမစိတ်ကြွဆေး အမျိုးမျိုးကို တိတ်တဆိတ် ထည့်သွင်းခဲ့ဖူးကြသည်။

သူက တစ်ကြိမ်နှစ်ကြိမ်ခန့် မိသွားခဲ့ဖူးသော်လည်း သူ၏ ခန္ဓာကိုယ်က သန်မာပြီး စိတ်ဓာတ်ကြံ့ခိုင်မှုက ပြင်းထန်လှသဖြင့် ဆေးမှားသောက်မိရုံသက်သက်မျှသာ ဖြစ်ပြီး ဘာမျှမဖြစ်ခဲ့ချေ။

အတွေ့အကြုံ အနည်းငယ် ရှိခဲ့ပြီးနောက် သူက ဤအကြောင်းအရာများကို အနည်းငယ် နားလည်သဘောပေါက်နေခဲ့ပြီ ဖြစ်သည်။

ထိုကြောင့် သူ ဘယ်သောအခါမှ အမည်မသိသော အစားအစာများနှင့် စွပ်ပြုတ်များကို သောက်သုံးလေ့မရှိခြင်း ဖြစ်၏။

သမားတော်စွန်း ခေါင်းခါပြလိုက်သည်။

“ဒါက ယီချွန်းပြည့်တန်ဆာအိမ်က ဖော်စပ်ထားတဲ့ ပြင်းထန်တဲ့ ဆေးတစ်မျိုး ဖြစ်ပုံရပါတယ်။ ကျွန်တော်မျိုးလည်း ချက်ချင်း ကုသပေးနိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ သူ သောက်သုံးခဲ့တာ ၁၅ မိနစ် ကျော်သွားခဲ့ပြီဆိုရင်တော့ စိုးရိမ်ရပါတယ်”

‘ယီချွန်းပြည့်တန်ဆာအိမ် အဲဒီနေရာက အရင်တုန်းက ယောင်းယောင်းနေထိုင်ခဲ့တဲ့ နေရာမဟုတ်ဘူးလား’

“ရှန်လီက ဒါကို ရှာတွေ့နိုင်မလား”

သမားတော်စွန်း ခက်ခဲသော အမူအရာ ဖြစ်သွား၏။

“သူက ဒီလိုမျိုး အောက်တန်းကျတဲ့ ဆေးဝါးတွေအကြောင်းကို မလေ့လာခဲ့ဖူးပါဘူး။ အဆင့်မြင့်တဲ့ ဆေးဝါးတွေက သန့်စင်မှု အဆင့်ဆင့်ကို ဖြတ်သန်းထားရတာမို့ ပါဝင်ပစ္စည်းတွေကို ဖော်ထုတ်ဖို့ အရမ်း ခက်ခဲပါတယ်။ ပြီးတော့ ဒီစွပ်ပြုတ်ကလည်း အရမ်း ပျစ်နှစ်နေတာမို့လို့ အချိန်တိုအတွင်းမှာ စမ်းသပ်စစ်ဆေးလို့ ရနိုင်မှာ မဟုတ်ပါဘူး”

မုကျွင်းယန် ခေါင်းကိုက်သွားသည်။

သူက ကောင်းကင်ယံကို လှမ်းကြည့်လိုက်မိ၏။ ယာယွင်ဆောင်သည် စားဖိုဆောင်နှင့် အနီးဆုံး ဖြစ်သည်။

အကယ်၍ သူမ သောက်သုံးပြီးသွားခဲ့ပြီဖြစ်ပြီး (၁၅)မိနစ်ခန့် အချိန်ကုန်ဆုံးသွားခဲ့မည်ဆိုလျှင် ကုဟွားကဲ့သို့ နုနယ်လှသော ခန္ဓာကိုယ်လေးက မည်သို့မျှ ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

မုကျွင်းယန် သူ၏ လက်ချောင်းများကို ပွတ်သပ်လိုက်သည်။

“မင်း အရင်ဆုံး ဆေးရည်အချို့ သွားရောက်ပြင်ဆင်ထားလိုက်ပါ။ ငါ သွားပြီး ကြည့်လိုက်မယ်”

သူက သမားတော်စွန်း စကားပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ညအမှောင်ထဲသို့ ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်လှမ်းသွားသည်။

ကုဟွား စွပ်ပြုတ်သောက်ပြီးနောက် ကျိုးကျစ်လန်နှင့် စကားစမြည်ပြောဆိုရင်း စားသောက်နေ၏။

မကြာမီအချိန်အတွင်း၌ပင် သူမ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်လာသည်ဟု ခံစားလိုက်ရ၏။

သူမ၏ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင် ချွေးစေးလေးများ ထွက်ပေါ်လာပြီး လှပသော မျက်နှာလေးက အပူရှိန်ကြောင့် နီမြန်းနေသည်။

ကျိုးကျစ်လန် သူမ၏ ထူးဆန်းသော အခြေအနေကို သတိပြုမိသွား၏။

“နင် အဲဒီလောက်တောင် ပူနေတာလား”

ကုဟွား လက်ကိုင်ပုဝါဖြင့် ယပ်ခပ်နေရင်း ပြောလိုက်သည်။

“ဒီစွပ်ပြုတ်က အာဟာရ တအား ပြည့်ဝလွန်းလို့ ထင်တယ်။ ညီမ သာမန်အချိန်တွေမှာ ဒီလို ပျစ်နှစ်တဲ့ စွပ်ပြုတ်တွေကို သောက်ခဲတယ်လေ”

ခြောက်သွေ့လှသော အပူလှိုင်းများ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းလာခဲ့သဖြင့် သူမ အခြားမည်သည့်အရာကိုမျှ စားချင်စိတ် မရှိတော့ချေ။

သူမ၏ ကျောပြင်ပေါ်ရှိ ချွေးစေးလေးများက အတွင်းအင်္ကျီကိုပင် စိုစွတ်သွားခဲ့ပြီ ဖြစ်သည်။

၎င်းက သူမ၏ ကျောပြင်ပေါ်တွင် ကပ်နေသဖြင့် အလွန်တရာ သက်တောင့်သက်သာမရှိဘဲ ခံစားရခက်စေ၏။

သူမက မျက်နှာကို ကိုင်လိုက်မိပြီး အဘယ်ကြောင့် ဤမျှလောက် ပူလောင်နေရသည်ကို နားမလည်နိုင်ခဲ့ချေ။

၎င်းအပြင် သူမ၏ ရင်ထဲတွင် မကောင်းသော မီးတောက်တစ်ခု တောက်လောင်နေသကဲ့သို့ ခံစားရပြီး ၎င်းက ပိုမို၍ ပူပြင်းလာခဲ့ကာ အပူရှိန်က သူမကို လောင်ကျွမ်းလုမတတ် ဖြစ်စေသဖြင့် ခံနိုင်ရည်မရှိလောက်အောင် ယားယံလှသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

သူမ၏ လည်ချောင်းက အနည်းငယ် ခြောက်သွေ့လာသဖြင့် မအောင့်အည်းနိုင်ဘဲ ချောင်းဆိုးလိုက်မိ၏။

အကြောင်းပြချက်မရှိဘဲ မုကျွင်းယန်နှင့်အတူ ရှိနေခဲ့ဖူးသော စိတ်ကူးယဥ်ဆန်လှသည့် ညနှစ်ညလုံးက သူမ၏ စိတ်ထဲတွင် ပေါ်ထွက်လာသည်။

‘ဒါက... ငါ ဒီနေ့ည သူ့ကို မြှူဆွယ်ချင်နေတာမို့လို့ စိတ်ကူးတွေ ယဥ်နေမိတာများလား’

“မဟုတ်ဘူး... နင် နေမကောင်းဖြစ်နေတာ သေချာတယ်။ ငါ ရှန်လီကို သွားခေါ်လိုက်မယ်”

အခြေအနေ မကောင်းသည်ကို ရိပ်မိသွားသဖြင့် ကျိုးကျစ်လန် အလျင်အမြန်ပင် မတ်တတ်ထရပ်ကာ အပြင်သို့ ထွက်ခွာရန် ပြင်လိုက်သည်။

မျှော်လင့်မထားဘဲ သူမ ခြေလှမ်းစလိုက်သည်နှင့် တစ်ပြိုင်နက် တုန်းမော့ မောဟိုက်လျက် ပြင်းထန်စွာ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရ၏။

ကျိုးကျစ်လန်ကို မြင်တွေ့လိုက်ရသောအခါ သူက အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။

“စွပ်ပြုတ်ကို... မမလေး သောက်လိုက်ပြီလား”

ကျိုးကျစ်လန် ဇဝေဇဝါ ဖြစ်သွားရ၏။

“စွပ်ပြုတ် ဟုတ်လား”

“အဲဒီစွပ်ပြုတ်ကို သောက်လို့မရဘူး”

တုန်းမော့ စည်းကမ်းချက်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တံခါးခုံကို ကျော်ဖြတ်ကာ အတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာသည်။

ကုဟွား နူးညံ့သော ညောင်စောင်းတွင် ပျင်းရိစွာ မှီတွယ်နေခဲ့ပြီး လက်ကိုင်ပုဝါဖြင့် အားနည်းစွာ ယပ်ခပ်နေခဲ့၏။

သူမ၏ နူးညံ့လှသောအဝတ်အစားများ၏ အင်္ကျီလည်ပင်းက လျော့ရဲနေခဲ့သဖြင့် ညို့ဓာတ်ပြင်းလှသော အလှတရားတစ်မျိုး ထွက်ပေါ်နေခဲ့သည်။

တုန်းမော့ ထိတ်လန့်သွားရသဖြင့် အလျင်အမြန်ပင် အနောက်သို့ ပြန်လည်ဆုတ်ခွာလိုက်၏။

သူက အိုးပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ စိုးရိမ်တကြီး ဖြစ်သွားရကာ ကျိုးကျစ်လန်ကို ပြောလိုက်သည်။

“စွပ်ပြုတ်ထဲမှာ ပြဿနာရှိနေတယ်”

“အာ...”

ကျိုးကျစ်လန် ခြေဆောင့်လိုက်မိ၏။

“နင် ဘာလို့ စောစောက လာမပြောတာလဲ... ငါလည်း ရှန်လီကို သွားရှာတော့မလို့”

“ကျွန်တော် သွားလိုက်မယ်... အစ်မက မမလေးဟွားကို သေသေချာချာ စောင့်ကြည့်ပေးထားပါ”

တုန်းမော့ သူမ စကားပြန်ပြောသည်ကိုပင် မစောင့်ဘဲ ပြေးထွက်သွားခဲ့ပြန်သည်။

ဘယ်သူကသိမှာလဲ...

သူ ခြံဝင်းတံခါးဝသို့ ပြေးသွားလိုက်စဉ်၌ပင် မုကျွင်းယန်က ခေါင်းကို ငုံ့၍ ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားရသည်။

‘သွားပြီ... ငါ မမလေးဟွား စွပ်ပြုတ်သောက်တာကို မတားနိုင်ခဲ့ဘူး’

မုကျွင်းယန် ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားသည်ကို မျက်တောင်မခတ်ဘဲ ကြည့်ရှုရင်း သူက အလျင်အမြန်ပင် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။

“သခင်ကြီး...”

ကျိုးကျစ်လန်က အခန်းထဲသို့ ဝင်ရောက်ရန် ပြင်လိုက်စဉ် ခြေသံများကို ကြားလိုက်ရသဖြင့် ခေါင်းလှည့်ကြည့်လိုက်မိ၏။

မုကျွင်းယန်က သူမကို ကြည့်လိုက်သည်။

“သူ စားလိုက်ပြီလား”

“သူ တစ်ဝက်လောက် စားပြီးပါပြီ... နေမကောင်းဖြစ်နေတဲ့ပုံပဲ... ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်ကို ပူလောင်နေတာ”

“သူ စွပ်ပြုတ်ကို ဘယ်လောက်တောင် သောက်လိုက်မိတာလဲ”

သခင်ကြီးက စွပ်ပြုတ်အကြောင်းကို တိုက်ရိုက် မေးမြန်းနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ကျိုးကျစ်လန်က ခဏမျှ ကြောင်အမ်းသွားရ၏။

သခင်ကြီးက စိုးရိမ်ပူပန်နေခြင်း ဖြစ်ရမည်ဟု ထင်မှတ်ကာ သူမက အမှန်အတိုင်း ပြန်လည်ဖြေကြားလိုက်သည်။

“ကုန်အောင် သောက်လိုက်တာပါ”

“ကုန်အောင် သောက်လိုက်တယ် ဟုတ်လား”

“ဟုတ်ကဲ့”

ကျိုးကျစ်လန် သူ့မျက်နှာ ချက်ချင်းပင် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသော်လည်း အကြောင်းရင်းကိုမူ မသိချေ။

“မမလေးဟွားက လတ်တလောမှာ အားအင်ကုန်ခမ်းနေတာမို့လို့ပါ...ပြီးတော့ စွပ်ပြုတ်ကလည်း ခိုသားနဲ့ ချက်ထား...”

သူမ စကားမဆုံးမီ၌ပင် မုကျွင်းယန် လေပြင်းတစ်ခုကဲ့သို့ အခန်းထဲသို့ ချင်းနင်းဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

ကျိုးကျစ်လန် ကုဟွားနှင့် အသက်အရွယ် အတူတူမျှသာ ရှိသေးပြီး မြို့စားအိမ်တော်ထဲတွင်သာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသူဖြစ်သဖြင့် ပြင်ပရှိ ရက်စက်ကြမ်းကြုတ်လှသော နည်းလမ်းများကို ကောင်းမွန်စွာ နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးကြောင်း သူ ကောင်းကောင်းသိသည်။

ကျိုးကျစ်လန် ခေါင်းလှည့်ကာ နေရာတွင် စက်ပိုင်းပုံစံ လှည့်ပတ်နေသည့် တုန်းမော့ကို ကြည့်လိုက်မိ၏။

သူ၏ နှုတ်မှလည်း တိတ်တဆိတ် ရေရွတ်နေသံများကို ကြားလိုက်ရပြန်သည်။

“သွားပြီ...သွားပြီ...သွားပါပြီ”

ကျိုးကျစ်လန်၏ မျက်နှာက ဖြူဖျော့သွားရ၏။

‘စွပ်ပြုတ်ထဲမှာ အဆိပ်ပါနေတာလားဟ’

“မြန်မြန်သွားပြီး သမားတော်စွန်းနဲ့ ရှန်လီတို့ကို သွားခေါ်လာခဲ့စမ်း”

ကျိုးကျစ်လန်က စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီးနောက် အခန်းထဲသို့ လိုက်ပါဝင်ရောက်ရန် လှည့်ထွက်သွားခဲ့သည်။

တုန်းမော့ကလည်း အော်ဟစ်လိုက်ရင်း ခြံဝင်းပြင်ပသို့ အလျင်အမြန် ပြေးထွက်သွားခဲ့၏။

ကျိုးကျစ်လန်က လိုက်ကာကို ကျော်ဖြတ်ပြီး အတွင်းပိုင်းရှိ မြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် စွပ်ပြုတ်ထဲတွင် တစ်ခုခု ထည့်သွင်းထားခဲ့ကြောင်း ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

သူမ၏ ရင်ထဲတွင် တင်းကျပ်သွားရ၏။

သူမ အလျင်အမြန်ပင် နောက်သို့ ဆုတ်ခွာလိုက်၍ ဘေးခန်းဆီသို့ ပြေးဝင်သွားလိုက်သည်။ တုန့်ချင်းနှင့် တုန့်ဟွားတို့ ကြောင်အမ်းအမ်းဖြင့် ရပ်နေကြသည်ကို မြင်တွေ့လိုက်ရ၏။

သူတို့လည်း ကြားသိသွားခဲ့ပြီးဖြစ်ကြောင်း သိရှိသွားသဖြင့် ကျိုးကျစ်လန် ချက်ချင်းပင် ညွှန်ကြားလိုက်၏။

“ကြောင်ကြည့်မနေကြနဲ့... ရေနွေး ပြင်ဆင်ကြ။ ရေချိုးဖို့အတွက်ပါ အဆင်သင့် ပြင်ဆင်ထားလိုက်ကြ”

“အာ...”

တုန့်ဟွား သတိပြန်လည်လာခဲ့ပြီး တုန့်ချင်းကို ဖမ်းဆွဲကာ တိတ်တဆိတ်နှင့် အလျင်အမြန်ပင် သွားရောက်လုပ်ဆောင်ကြသည်။

ကျိုးကျစ်လန် သူမ၏ လက်ရှိ စိတ်ခံစားချက်ကို မဖော်ပြတတ်ချေ။

သူမက သခင်ကြီးအတွက် ဝမ်းမြောက်မိသော်လည်း တစ်ဖက်ကလည်း ကုဟွားအတွက် စိုးရိမ်ပူပန်နေမိသည်။

အခြေအနေများက ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူမက အကောင်းဆုံး ဖြစ်လာစေရန်အတွက်သာ တတ်နိုင်သမျှ ကူညီပေးနိုင်တော့မည်။

ကျိုးကျစ်လန် လေထဲသို့ မော့ကြည့်လိုက်မိ၏။

တံတိုင်းပေါ်တွင် အရိပ်မည်းတစ်ခု မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရမှသာ သူမ အနည်းငယ် စိတ်အေးသွားရသည်။

ချီယွီက လျှို့ဝှက်သက်တော်စောင့်များကို သတိကြီးစွာဖြင့် စောင့်ကြပ်ခိုင်းထားမည်ဖြစ်သဖြင့် မသက်ဆိုင်သော မည်သူတစ်ဦးတစ်ယောက်မျှ ပေသုံးဆယ်အတွင်းသို့ ချဉ်းကပ်ခွင့် ရရှိလိမ့်မည်မဟုတ်ချေ။

ကုဟွား အလွန် ရေငတ်နေခဲ့သည်။ သူမ ဝေဝေဝါးဝါးဖြစ်နေသော မျက်ဝန်းများကို ဖွင့်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ စားပွဲပေါ်ရှိ ရေနွေးကြမ်းခွက်ကို လှမ်းယူ၍ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။

သူမ၏ ပါးလွှာလှသော အင်္ကျီလက်စလေးများက အောက်သို့ လျှောကျသွားခဲ့သဖြင့် ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပနေသော လက်မောင်းလေးများက ပေါ်ထွက်လာ၏။

သူမ၏ မျက်ဝန်းအစုံက မြူခိုးများဖြင့် ပြည့်နှက်နေပြီး ပါးပြင်လေးများက ချယ်ရီသီးကဲ့သို့ နီမြန်းနေသည်။

အပူဒဏ်ကို သက်သာစေရန်အတွက် သူမကိုယ်တိုင် ဆွဲဖွင့်ထားခဲ့သော အင်္ကျီရှေ့ကြိုးများက လျော့ရဲနေခဲ့ပြီး တစ်ဖက်က ပုခုံးပေါ်မှ လျှောကျနေခဲ့သဖြင့် နူးညံ့ပြီး မွှေးကြိုင်လှသော ပုခုံးသားလေးနှင့် ချွေးစေးများဖြင့် စိုစွတ်နေသည့် အတွင်းအင်္ကျီလေးတို့ ပေါ်လွင်နေခဲ့သည်။

မုကျွင်းယန် လိုက်ကာကို ကျော်ဖြတ်ပြီး ဝင်ရောက်လာစဉ်၌ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် သူ့ခြေလှမ်းများ ရပ်တန့် သွားရ၏။

သူမနှင့် နီးကပ်လာသည့် အကြိမ်တိုင်းတွင် ထွက်ပေါ်လာလေ့ရှိသော အပူလှိုင်းများက သူ့ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်စွာ စီးဆင်းလာသည်။

မုကျွင်းယန်ကလည်း ဤကဲ့သို့သော ဆေးဝါးမျိုးကို အတိတ်တုန်းက တိုက်ကျွေးခြင်း ခံခဲ့ရဖူးသဖြင့် သူမ လက်ရှိတွင် မည်မျှလောက်အထိ ပြင်းထန်စွာ ခံစားရခက်နေမည်ကို အသိဆုံး ဖြစ်သည်။

အကယ်၍ အဆိပ်ဖြေဆေးရည်သည် လက္ခဏာရပ်များကို တိုက်ရိုက် မဖြေဖျောက်နိုင်ခဲ့လျှင် အနည်းငယ်မျှသာ သက်သာစေနိုင်မည်ဖြစ်ပြီး သူမ ပိုမို၍ ဆင်းရဲဒုက္ခများ ခံစားရပေလိမ့်မည်။

ထိုကဲ့သို့သော ပြင်းထန်လှသည့် ခံစားချက်မျိုးကို အငိုလွယ်လွန်းသော သူမလို မိန်းမပျိုလေးတစ်ဦးအနေဖြင့် မည်သို့မျှ တောင့်ခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ချေ။

အခန်း(၈၂)

ကုဟွား၏ ခန္ဓာကိုယ်ပေါ်မှ ချွေးစေးများ ပိုမို၍ စီးကျလာခဲ့သည်။

ရေကလည်း ခွက်တစ်ဝက်ခန့်သာ ရှိသဖြင့် သူမ သောက်သုံးရန်အတွက် လုံးဝ မလုံလောက်ချေ။

သူမ မျက်မှောင်ကြုတ်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်မိ၏။

“ရေ... တုန့်ဟွား... ရေပေးဦး”

မုကျွင်းယန် သူမ၏ ဤကဲ့သို့သော အခြေအနေကို အခြားသူများကို မမြင်တွေ့စေလိုသဖြင့် တုန့်ဟွားနှင့် အခြားလူများကို အထဲသို့ ဝင်ရောက်အလုပ်အကျွေးပြုရန် လုံးဝ မခေါ်ချင်ပေ။

သူ မတတ်နိုင်တော့ဘဲ အနားသို့ တိုးသွားပြီး သူမအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။

ကုဟွား လက်နှစ်ဖက်ဖြင့် ဆွဲယူကာ လောဘတကြီး သောက်သုံးလိုက်သည်။

သူမ၏ လက်မောင်းလေးများက တုန်ယင်နေခဲ့ပြီး မျက်ဝန်းအစုံကလည်း အာရုံစိုက်နိုင်စွမ်း မရှိချေ။

သူမ ကလေးတစ်ယောက်ကဲ့သို့ ညည်းတွားလိုက်၏။

“မလောက်ဘူး... နောက်ထပ် သောက်ချင်သေးတယ်”

သူမ၏ အဝတ်အစားများက အောက်သို့ လျှောကျနေခဲ့ပြီး စိုစွတ်နေသော အတွင်းအင်္ကျီအောက်မှ နူးညံ့အိစက်လှသော အလှတရားများက အနည်းငယ် တုန်ခါနေခဲ့သည်။

လက်ရှိတွင် ဆောင်းဦးအစောပိုင်းကာလ ဖြစ်သဖြင့် ရာသီဥတုက တဖြည်းဖြည်း အေးစိမ့်လာခဲ့ပြီ ဖြစ်၏။

မုကျွင်းယန် မျက်မှောင်ကြုတ်လိုက်ပြီး သူမကို ပွေ့ချီကာ အတွင်းခန်းဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားသည်။

သူ သူမကို ခုတင်ပေါ်တွင် တင်ထားလိုက်ပြီး ကျိုးကျစ်လန်ကို ရေခဲတုံးအချို့ သွားရောက်ယူဆောင်ခိုင်းရန် အပြင်သို့ ထွက်ခွာရန် ပြင်လိုက်စဉ်၌ မျှော်လင့်မထားဘဲ သူ့လက်က နူးညံ့သော လက်လေးတစ်စုံ၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရ၏။

ထို့နောက် သူ၏ လက်မောင်းပေါ်မှတစ်ဆင့် မဖော်ပြတတ်လောက်အောင် နူးညံ့ပြီး မြွေလေးတစ်ကောင်ကဲ့သို့ ချောမွတ်လှသော အထိအတွေ့နှင့်အတူ နွေးထွေးလှသော ခံစားချက်တစ်မျိုး ကူးစက်လာခဲ့သည်။

မုကျွင်းယန် တစ်ကိုယ်လုံး တောင့်တင်းသွား၏။

ဖြစ်ပျက်သွားသည်က ကုဟွားသည် သူ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားစဉ်၌ သူ၏ လက်ကောက်ဝတ်က အလွန်အမင်း အေးမြနေသည်ကို ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်သည်။

ထိုကြောင့် သူမက သူ၏ လက်မောင်းအတိုင်း လိုက်ပါကာ သူ၏ အင်္ကျီလက်စထဲသို့ လက်လှမ်းသွင်းလိုက်ပြီး သူ၏ လက်မောင်းကလည်း အလွန်အမင်း အေးမြနေသည်ကို သိရှိသွားခဲ့၏။

သူမ တွေးတောမနေတော့ဘဲ မျက်နှာလေးကို သူ၏ လက်မောင်းပေါ်သို့ ကပ်လိုက်ကာ အပူရှိန်ကို လျှော့ချရန်အတွက် ရှေ့နောက် ဘယ်ညာ ပွတ်သပ်လိုက်သည်။

မိန်းမပျိုလေး၏ ဆံထုံးလေးများက ဖရိုဖရဲ ဖြစ်နေခဲ့ပြီး မျက်ဝန်းအစုံကလည်း မြူမှုန်များ ပြည့်နှက်နေကာ မျက်နှာလှလှလေးက မက်မွန်သီးကဲ့သို့ နီမြန်းနေခဲ့၏။

သူမ မျက်လုံးလေးများကို မှိတ်ထားရင်း သူ၏ လက်မောင်းမှ ပေးစွမ်းနေသော အေးမြမှုကို စိတ်ကျေနပ်စွာ ခံစားနေသည်။ ၎င်းက သူမ၏ ရင်ဘတ်ပေါ်ရှိ ဖြူစင်ဝင်းပလှသော အထိအတွေ့နှင့် ပေါင်းစပ်သွားသောအခါ သူ၏ အာရုံခံစားမှုများ ပြင်းထန်စွာ လှုံ့ဆော်ခံလိုက်ရသည်။

ဤမြင်ကွင်းက ပေးစွမ်းသော ရိုက်ခတ်မှုက အလွန်အမင်း ပြင်းထန်လွန်း၏။

မုကျွင်းယန် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းချုပ်ထားရသဖြင့် သူ၏ လက်မောင်းပေါ်ရှိ အကြောများက ဖောင်းကြွနေခဲ့ရသည်။

သူက အမှန်တကယ်ပင် ဤလူသားလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းပစ်လိုက်ချင်မိ၏။

သို့သော် လက်ရှိ၌ သူမက အသိစိတ်လွတ်နေခဲ့သဖြင့် ဤသို့ ပြုမူခြင်းက သူမကို အနိုင်ကျင့်ရာ ရောက်ပေလိမ့်မည်။

ထိုစိတ်အနှောင့်အယှက်ပေးနေသော ခေါင်းလုံးလုံးလေးကို မုကျွင်းယန်က တွန်းဖယ်ရန် ပြင်လိုက်သည်။

သို့သော် ထိုမိန်းကလေးက နောက်ထပ် ပိုမိုအေးမြသော အရင်းအမြစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ သူ၏ လက်မောင်းနှစ်ဖက်လုံးကို အတင်းအကျပ် ဖက်တွယ်လိုက်သည်။

သူမ ခန္ဓာကိုယ်တစ်ခုလုံးက အပေါ်သို့ တိုးဝှေ့တက်လှမ်းလာခဲ့ပြီး သူမ ဦးခေါင်းက သူ့လက်မောင်းကို ဖိကပ်ကာ ကျယ်ပြန့်လှသော အင်္ကျီလက်စထဲသို့ တိုးဝင်လာခဲ့၏။

မုကျွင်းယန် ယားယံလှသော ခံစားချက်ကို အောင့်အည်းသည်းခံရင်း သူ့လက်မောင်းကို ပြန်လည်ဆွဲထုတ်ရန် ကြိုးပမ်းလိုက်သည်။

ကုဟွား သူမ ဖက်တွယ်ထားသော ရေခဲတုံးကြီး လျှောကျပျောက်ကွယ်လုမတတ် ဖြစ်နေသည်ကို ခံစားလိုက်ရသဖြင့် အလွန် မကျေမနပ် ဖြစ်သွား၏။

သူမ အတင်းအကျပ် မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ဝေဝါးနေသော အမြင်အာရုံထဲတွင် မုကျွင်းယန်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ မျက်နှာက အလွန်အမင်း မည်းမှောင်နေ၏။

သူမ ရင်ထဲတွင် ရှိနေခဲ့သော သူ့အပေါ် ကြောက်ရွံ့စိတ်က ကုဟွားကို လန့်သွားစေခဲ့သဖြင့် ချက်ချင်းပင် လက်ကို လွှတ်လိုက်မိသည်။

မုကျွင်းယန် စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ထင်မှတ်ထားခဲ့သော အထိအတွေ့က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သဖြင့် ရင်ထဲတွင် တစ်ခုခု လိုအပ်သွားသကဲ့သို့ ဟာတာတာ ခံစားချက်မျိုး ထွက်ပေါ်လာခဲ့ရ၏။

သူ ထိုမိန်းမပျိုလေး သူမ၏ ဦးခေါင်းကို ပြင်းထန်စွာ ခါယမ်းနေသည်ကို ဆွံ့အစွာ ကြည့်ရှုနေမိသည်။

သူမ၏ ဦးခေါင်းအတွင်းမှ ရေလှိုင်းများ လှုပ်ခတ်သွားသံကိုပင် သူ ကြားရလုမတတ် ဖြစ်သွား၏။

ကုဟွား ကိုယ့်ကိုယ်ကိုယ် ပိုမို၍ မူးဝေအောင် ပြုလုပ်မိသွားခဲ့သဖြင့် သူမ၏ အာရုံက ပိုမို၍ ဝေဝါးသွားရသည်။

‘ငါက စာကြည့်ဆောင်ထဲမှာ ရောက်နေတာလား’

‘ဟုတ်သားပဲ... ငါ ဒီနေ့ည... သူ့ကို မြှူဆွယ်ချင်နေခဲ့တာပဲ’

‘မြှူဆွယ်ပြီး ဘာလုပ်မလို့ပါလိမ့်’

‘သွားပါပြီ... ငါ ဘာမှမမှတ်မိတော့ဘူး’

‘အရမ်း ပူတာပဲ’

‘ဒါဆိုရင်လည်း တိုက်ရိုက်ပဲ မြှူဆွယ်ပစ်လိုက်တော့မယ်’

ကုဟွား တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းလိုက်ရင်း အပေါ်သို့ တိုးဝှေ့တက်လှမ်းလာခဲ့ကာ သူ့လက်မောင်းကို တင်းကျပ်စွာ ဖက်တွယ်လိုက်ပြီး သူမ၏ မက်မွန်သီးကဲ့သို့ နူးညံ့လှသော နှုတ်ခမ်းသားလေးများဖြင့် ဖိကပ်လိုက်သည်။

အထိအတွေ့က တစ်ဖန် ပြန်လည်ရောက်ရှိလာပြီး မုကျွင်းယန်က မလှုပ်ရှားဘဲ အောင့်အည်းသည်းခံနေခဲ့၏။

ကလေးမလေး လက်ရှိတွင် အပူရှိန်ကြောင့် အသိစိတ်များ ဝေဝါးနေခဲ့ပြီဖြစ်ကြောင်း သူ သိရှိနေသည်။

မလျော်ကန်သော အတွေးအမြင်များ စတင်တောက်လောင်လာခဲ့ပြီဖြစ်သည်။

ထိန်းချုပ်နိုင်စွမ်း မြင့်မားပြီး သတိကြီးစွာ နေထိုင်တတ်သော မုကျွင်းယန်ကဲ့သို့ လူတစ်ဦးအတွက်ပင် နှလုံးသားထဲမှ ပြင်းထန်လှသော မီးတောက်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ခက်ခဲနေသည်။

လိုအင်ဆန္ဒများကို ပိုမို၍ ဖိနှိပ်ထားလေ ၎င်းတို့ ပေါက်ကွဲထွက်လာပါက ပိုမို၍ ပြင်းထန်လေလေ ဖြစ်သည်။

၎င်းသည် မြစ်ရေက တာတမံကို ချိုးဖျက်ပြီး အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာသကဲ့သို့ မည်သို့မျှ တားဆီးနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဘဲ ထိန်းချုပ်မှု ကင်းမဲ့သွားပေလိမ့်မည်။

ယခင်နှစ်ကြိမ်၌ မုကျွင်းယန် ထင်မှတ်ထားခဲ့သည်က သူ့ကိုယ်သူ အချိန်အကြာကြီး ဖိနှိပ်ထားခဲ့မိခြင်းကြောင့်လည်းကောင်း အမျိုးသမီးတစ်ဦးက သူ့ရင်ခွင်ထဲသို့ အတင်းအကျပ် တိုးဝှေ့မဝင်ရောက်လာသည်မှာ အချိန်အကြာကြီး ရှိခဲ့ပြီဖြစ်ခြင်းကြောင့်လည်းကောင်း သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှု ခဏတာမျှ အားနည်းသွားခဲ့ရခြင်း ဖြစ်မည်ဟု တွေးတောခဲ့မိသည်။

သို့သော် ယနေ့၌ သူ စိတ်ရင်းအမှန်ဖြင့် သူမကို အမှန်တကယ် အလိုရှိနေကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့ရ၏။

‘မဟုတ်သေးပါဘူး... ငါက အမျိုးသမီးတစ်ယောက်ရဲ့ အထိအတွေ့ကို ကျင့်သားရသွားရုံသက်သက်ပဲ...ပြီးတော့ ကုဟွာကလည်း ငါနဲ့ သင့်တော်ပြီး အဆင်ပြေနေရုံသက်သက်ပါပဲ’

သူ့ရင်ခွင်ထဲသို့ အတင်းအကျပ် တိုးဝှေ့ဝင်ရောက်ရန် ကြိုးပမ်းနေသော အမျိုးသမီးငယ်လေးကို ထပ်မံကြည့်ရှုလိုက်မိသည်။

သူမ၏ မျက်ဝန်းအစုံက ဆောင်းဦးရာသီ မြစ်ရေပြင်ကဲ့သို့ ကြည်လင်နေပြီး လှိုင်းတံပိုးလေးများ လှုပ်ခတ်နေခဲ့၏။

တစ်ချက်မျှ ကြည့်လိုက်ရုံမျှဖြင့် လူတစ်ဦး၏ နှလုံးသားကို လှုပ်ခတ်သွားစေနိုင်စွမ်း ရှိသည်။

သူမ နွယ်ပင်တစ်ပင်ကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်နေခဲ့ပြီး ပြန်လည်ခွာထုတ်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

သို့သော် သူမ၏ ဤကဲ့သို့ တွယ်ကပ်တတ်သော အမူအရာလေးကို သူတစ်ဦးတည်းအတွက်သာ သိမ်းဆည်းထားချင်မိသည်။

မည်သည့် ဝမ်းကွဲအစ်ကိုဖြစ်စေ အခြားမည်သည့် အမျိုးသားဖြစ်စေ သူတို့ ကုဟွားနှင့် နီးကပ်လာမည်ကို သူ လုံးဝ သဘောမကျချေ။

မုကျွင်းယန်၏ မျက်ဝန်းအစုံက ပိုမို၍ နက်ရှိုင်းပြီး မည်းမှောင်သွားရသည်။

အမျိုးသားတစ်ဦး၏ ပိုင်ဆိုင်လိုစိတ်နှင့် လွှမ်းမိုးချုပ်ကိုင်လိုစိတ်များက ရုတ်တရက်ပင် ပေါင်းပင်များကဲ့သို့ ရူးသွပ်စွာ ကြီးထွားလာခဲ့၏။

‘သူ အသိစိတ် လွတ်နေရင်ရော ဘာဖြစ်လဲ’

‘ဒါက သူကိုယ်တိုင် အလိုရှိနေခဲ့တဲ့ အရာပဲ မဟုတ်ဘူးလား’

မုကျွင်းယန် အသက်ပြင်းပြင်း ရှူလိုက်မိသည်။

ကုဟွားက မြင့်မားလှသော တောင်ကြီးတစ်လုံးကဲ့သို့ မလှုပ်ရှားဘဲ ရပ်တန့်နေသည့် သူ့ကို မော့ကြည့်လိုက်မိစဉ်၌ အေးစိမ့်လှသော ခံစားချက်တစ်မျိုးကို တစ်ဖန် ပြန်လည်ခံစားမိလာခဲ့ရပြန်၏။

သူမ ခဏတာမျှ အသိစိတ် ပြန်ဝင်သွားရသည်။

‘ဒါက ငါ့ရဲ့ ယာယွင်ဆောင်လေ’

‘မုကျွင်းယန်က ဘာလို့ ဒီကို ရောက်နေရတာလဲ’

‘ငါ့ရဲ့ ခန္ဓာကိုယ်ကလည်း...’

‘တစ်ခုခုတော့ မှားနေပြီ’

ကုဟွားက သူမ၏ ခန္ဓာကိုယ်တွင် ပြဿနာတစ်ခုခု ရှိနေကြောင်း သဘောပေါက်သွားခဲ့သဖြင့် နှလုံးခုန်သံပင် စည်းချက်လွဲသွားရသည်။

အတိတ်ဘဝတုန်းက သူမ မုအန်းကို အလုပ်အကျွေးပြုရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ကုဝမ်ရုက သူမကို ဆေးခတ်ခဲ့ဖူးသည်။

ယခုလောက်အထိ ပြင်းထန်ခြင်းမရှိခဲ့သော်လည်း သူမ ဤကဲ့သို့သော နှိပ်စက်ညှဉ်းပန်းမှုမျိုးကို အတိတ်၌ ခံစားခဲ့ဖူးသည်။

‘တကယ်လို့ ငါ အခုအချိန်မှာ မုကျွင်းယန်နဲ့ နီးကပ်သွားခဲ့မယ်ဆိုရင် သူ သေချာပေါက် ငါ့ကို တဏှာရမ္မက်ကြီးတဲ့ မိန်းမတစ်ယောက်လို့ ထင်သွားလိမ့်မယ်’

သူက သာမန်အမျိုးသားများနှင့် မတူညီချေ။

သူ့တွင် ပြင်းထန်လှသော စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ဖြောင့်မတ်တည်ကြည်သော စိတ်သဘောထား ရှိသည်။

‘သူက တဏှာရာဂစိတ် တအားကြီးမားတဲ့ မိန်းမတွေကို သဘောကျမှာ မဟုတ်ဘူး’

သူမ ယခင်နှစ်ကြိမ်၌ အောင်မြင်ခဲ့ရခြင်းက သူ၏ သနားကြင်နာမှုကြောင့်သာ ဖြစ်၏။

သူ့ကို ထပ်မံ၍ ဆွဲဆောင်နိုင်ရန်အတွက် သူမအနေဖြင့် ပိုမို၍ စိတ်ရင်းအမှန်ကို အသုံးပြုရမည်။ သူမက သူ့ကို အသုံးချနေခြင်းမဟုတ်ဘဲ အမှန်တကယ် ချစ်မြတ်နိုးနေခြင်းဖြစ်ကြောင်း ခံစားမိစေရမည် ဖြစ်၏။

သူမတွင် ကျန်ရှိနေသေးသော အသိစိတ်အနည်းငယ်ကို အသုံးပြု၍ သူ့ထံမှ ရုန်းထွက်ရန် ကြိုးပမ်းလိုက်ပြီး သူမ၏ လက်သည်းများကို လက်ဖဝါးအတွင်းသို့ ပြင်းထန်စွာ ထိုးစိုက်ပစ်လိုက်သည်။

သူမ နာကျင်မှုကြောင့် တိုးညှင်းစွာ ညည်းတွားလိုက်ရသည်။

နာကျင်မှုကြောင့် ရရှိလာသော အသိစိတ်အနည်းငယ်က သူမကို ရုန်းကန်လှုပ်ရှားစေပြီး မတ်မတ်ထိုင်စေခဲ့၏။

“မြို့စားကြီး... ကျေးဇူးပြုပြီး တုန့်ဟွားနဲ့ တခြားလူတွေကို ခေါ်ပေးပါဦး”

“မင်း တစ်ခုခု လိုတာရှိရင် ငါ့ကိုပဲ ပြော”

မုကျွင်းယန်က နောက်သို့ ဆုတ်ခွာမသွားဘဲ ခုတင်အစွန်းတွင် ထိုင်လိုက်ပြီး သူမကို စူးစိုက်စွာ ကြည့်ရှုနေသည်။

သူ၏ အသိစိတ်က အပြင်သို့ ထွက်ခွာသွားပြီး အစေခံမလေးကို အပူရှိန်လျှော့ချရန်အတွက် ရေခဲကန်တစ်ခု သယ်ဆောင်လာခိုင်းရန်နှင့် သမားတော်စွန်းနှင့် ရှန်လီတို့ အဆိပ်ဖြေဆေးရည် ယူဆောင်လာမည်ကို စောင့်ဆိုင်းရန် ပြောဆိုနေခဲ့၏။

သို့သော် နောက်ထပ် အသံတစ်ခုက ကိုယ်ကျင့်တရားနှင့် စည်းမျဉ်းစည်းကမ်းများကို ဂရုမစိုက်ရန်နှင့် အကယ်၍ သူမကို အလိုရှိနေခဲ့လျှင် သူမကို ကာကွယ်ပေးပြီး ကူညီပေးရန် တိုက်တွန်းနေခဲ့ပြန်သည်။

All Chapters