အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း(၈၃)
ကုဟွား၏ အသိစိတ်များ အလျင်အမြန်ပင် ပျောက်ကွယ်လုမတတ် ဖြစ်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် တုန်ယင်နေသောအသံဖြင့် တောင်းပန်လိုက်မိ၏။
“မြို့စားကြီးက အစိုးရကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာမို့လို့ ကိုယ့်ကိုယ်ကိုယ် အလုပ်ရှုပ်မခံပါနဲ့ရှင်... ကျေးဇူးပြုပြီး အရင် ပြန်လိုက်ပါလား”
“ငါ ဒီနေ့ည လုပ်စရာ အများကြီး မရှိပါဘူး”
မုကျွင်းယန်၏ နက်ရှိုင်းလှသော အသံက ကုဟွား၏ နားစည်အတွင်းသို့ သေဒဏ်ပေးသည့် အမိန့်စာတစ်ခုကဲ့သို့ ကျရောက်လာခဲ့သည်။
ကုဟွား အမြဲတမ်း ခံစားနေရသည်က သူ တမင်တကာ ပြုလုပ်နေခြင်း ဖြစ်သည်ဟူ၍ ဖြစ်၏။
သူမ ဆေးခတ်ခံထားရကြောင်း သူ သေချာပေါက် သိရှိထားရမည်။
‘ဒါပေမဲ့ သူက ဖြောင့်မတ်တည်ကြည်တဲ့ လူကြီးလူကောင်းတစ်ယောက် မဟုတ်ဘူးလား... ဘာဖြစ်လို့ ဒုက္ခရောက်နေတဲ့ လူတစ်ယောက်အပေါ်မှာ အခွင့်ကောင်း လာယူချင်နေရတာလဲ’
မုကျွင်းယန် သူမ ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်ကို မြင်တွေ့ရသောအခါ သူ၏ ရင်ထဲတွင် စနောက်လိုစိတ်တစ်မျိုး ထွက်ပေါ်လာခဲ့ရ၏။
‘တကယ်လို့ သူ့မှာ စိတ်ရင်းအမှန် နည်းနည်းလောက် ရှိနေခဲ့မယ်ဆိုရင်ရော’
ယနေ့က စမ်းသပ်ရန်အတွက် အကောင်းဆုံးသော အချိန်အခါပင် ဖြစ်သည်။
မုကျွင်းယန်က လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ နားထင်ဘေးရှိ ဖရိုဖရဲဖြစ်နေသော ဆံနွယ်လေးများကို သပ်တင်ပေးလိုက်သည်။ သူ၏ လက်ချောင်းများဖြင့် သူမ၏ ပူလောင်ပြီး နီမြန်းနေသော ပါးပြင်လေးကို အမှတ်မထင် ပွတ်သပ်လိုက်မိသည်။
“ဘာမှမဖြစ်ဘူး... ခဏနေရင် သက်သာသွားလိမ့်မယ်”
သူ၏ လက်ချောင်းများထံမှ ပေးစွမ်းသော အေးမြမှုက သူမကို ပိုမို၍ နီးကပ်ချင်လိုသော စိတ်ဆန္ဒကို မအောင့်အည်းနိုင်အောင် ပြုလုပ်လိုက်ပြန်၏။
မုကျွင်းယန် မည်သည့်အရာမျှ မပြုလုပ်ဘဲ သူမ၏ ရှေ့တွင် ရပ်နေရုံမျှဖြင့်ပင် ဆေး၏ လှုံ့ဆော်မှုကြောင့် ကုဟွား သူ့ထံသို့ မအောင့်အည်းနိုင်ဘဲ တိုးဝှေ့မှီတွယ်ချင်မိသွားရသည်။
သူ၏ လက်ဖဝါးများ၌ တစ်နှစ်ပတ်လုံး ဓားကို ကိုင်ဆောင်ထားခဲ့ခြင်းကြောင့် ဖြစ်ပေါ်နေသော အမာရွတ် အဖုအထစ်များ ရှိနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှလည်း သစ်တောအုပ်ကဲ့သို့ သန့်စင်လှသော ရနံ့တစ်မျိုး ပျံ့လွင့်နေပြီး လက်မောင်းကြွက်သားများကလည်း တောင့်တင်းသန်မာလွန်းလှသည်။
အသေးစိတ် အချက်အလက်တိုင်းက သူမ၏ စိတ်အစုံကို စဉ်ဆက်မပြတ် နှိုးဆော်နေခဲ့၏။
သူမ၏ တစ်ကိုယ်လုံးက အရည်ပျော်လုမတတ် ဖြစ်နေခဲ့ရပြီး သူ့ရင်ခွင်ထဲသို့ တိုက်ရိုက် တိုးဝင်ပျောက်ကွယ်သွားချင်မိသည်။
သူ၏ခန့်ညားလှသော မျက်နှာကြီးက အနားသို့ တိုးကပ်လာခဲ့ပြီး အက်ရှနေလေသံဖြင့် မေးမြန်းလာ၏။
“မင်း အဆင်ပြေရဲ့လား”
ကုဟွား ခန္ဓာကိုယ်အတွင်း၌ ချက်ချင်းပင် မီးတောက်များ လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ကို မြင်တွေ့လိုက်ရသောအခါ သူမသည် ရေငတ်လွန်း၍ သေဆုံးလုမတတ် ဖြစ်နေသော မြက်ပင်ခြောက်တစ်ခုပေါ်သို့ ရေတစ်ဇွန်းအပြည့် ဖျန်းပက်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။
သို့သော် ထိုအရာက ရေနွေးပူကြီး ဖြစ်နေခဲ့သည်။
သူမ စိုစွတ်မှုကို မခံစားရသေးမီ အပူရှိန်ကြောင့် လောင်ကျွမ်းပြီး သေဆုံးလုမတတ် ဖြစ်သွားရ၏။
ကုဟွား ဒွန်တွဲနေသော ခံစားချက်နှစ်မျိုးကို ခံစားနေရသည်။
သူမ ရေငတ်မှုကို ဖြေဖျောက်ရန်အတွက် သူမ၏ ရှေ့တွင်ရှိသော အမျိုးသားကို အသုံးပြုချင်သော်လည်း တစ်ဖက်ကလည်း ရူးသွပ်စွာ မပြုမူရဲချေ။
သူမ၏ ရုန်းကန်နေရမှုက သူမကို အလွန်အမင်း ခံစားရခက်အောင် ပြုလုပ်နေသည်။
ထပ်မံ၍ မအောင့်အည်းနိုင်တော့သဖြင့် သူမ သူ၏ လက်မောင်းကို ဖက်တွယ်လိုက်ပြီး ရှိုက်ကြီးတငင်ဖြင့် ငိုကြွေးလိုက်မိ၏။
သူမ၏ မေးစေ့လေးကို အေးစက်ပြီး မာကျောနေသော လက်ချောင်းများက ပင့်မလိုက်သည်။
“ခံစားရခက်နေလို့လား... ကိုယ့်ကို ကူညီပေးစေချင်လား”
မုကျွင်းယန်၏ လေသံက နူးညံ့ပြီး အက်ရှနေခဲ့သည်။ ၎င်းက ကုဟွား၏ နားစည်အတွင်းသို့ ဝင်ရောက်သွားသောအခါ သူမ၏ ဆူပွက်နေပြီးဖြစ်သော သွေးများကို ပိုမို၍ လှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားရ၏။
ကုဟွား ငိုလည်းငိုချင်ပြီး ဒေါသလည်း ထွက်သွားရသည်။
သူမကိုယ်သူမ မျှော်လင့်ချက်အတိုင်း ဖြစ်မလာဘဲ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိခြင်းအတွက် ဒေါသထွက်မိသည်။
သူကလည်း အလွန်အမင်း ဆိုးသွမ်းလှပြီး သူမ ခံနိုင်ရည် မရှိတော့မှန်း သိသိကြီးနှင့် တမင်တကာ အနားသို့ တိုးကပ်လာပြီး မည်သည်မျှ မပြုလုပ်ပေးခြင်းအတွက်လည်း ဒေါသထွက်မိ၏။
ဒေါသအရှိန်ကြောင့် သူမ၏ မေးစေ့ကို ကိုင်ထားသော သူ့လက်ကို ဆွဲယူလိုက်ပြီး ခေါင်းငုံ့ကာ ပြင်းထန်စွာ ကိုက်ပစ်လိုက်သည်။
ညှီစို့စို့နှင့် သံဓာတ်အရသာတစ်မျိုးက သူမ၏ ပါးစပ်အတွင်းသို့ ချက်ချင်းပင် စီးဝင်လာခဲ့၏။
ကုဟွား ထိတ်လန့်တုန်လှုပ်စွာဖြင့် သတိပြန်လည်လာခဲ့ပြီး အလျင်အမြန်ပင် လက်ကို လွှတ်လိုက်ကာ သူ့ကို ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်မိသည်။
မုကျွင်းယန် နာကျင်မှုကြောင့် အသက်ရှူမှားသွား၏။
သူ၏ လက်မနှင့် လက်ညှိုးကြားရှိ အရေပြားပေါ်တွင် သွေးများ ထွက်နေသော ညီညာလှပသည့် သွားရာလေးများကို ကြည့်ပြီး သူ ဒေါသလည်းထွက်မိသလို တစ်ဖက်ကလည်း ရယ်ချင်မိသွားသည်။
သူက လက်တစ်ဖက်ဖြင့် သူမ ဦးခေါင်းကို ဖိကပ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူမ၏ မေးစေ့ကို ဆွဲညှစ်လိုက်သည်။
“မင်း ဆက်ပြီး ကိုက်ချင်သေးတာလား... ဒါမှမဟုတ် နမ်းချင်တာလား... ဟမ်”
ကုဟွား အတင်းအကျပ် မော့ကြည့်ခိုင်းခြင်း ခံထားရသဖြင့် သူမ၏ စိတ်အစုံက ပိုမို၍ ဝေဝါးလာသည်။
သူမ အလွန် စိတ်အနှောင့်အယှက်ဖြစ်လာ၏။
‘ဘာလို့ ငါ့ကို လာမေးနေရတာလဲ’
‘တကယ်လို့ သူသာ မကူညီပေးရင် ငါ့မှာ တခြားနည်းလမ်း ရှိသေးလို့လား’
‘ဘာလို့ လူတိုင်းက ငါ့ကို ဖိအားပေးပြီး အနိုင်ကျင့်နေရတာလဲ’
သူမ ကိုယ့်ကိုယ်ကိုယ် လုံးဝ မထိန်းချုပ်နိုင်တော့ဘဲ သေလုမတတ် ခံစားနေရသည်။
သူမ၏ နူးညံ့ပြီး ချိုမြိန်လှသော အသံလေးက အသိစိတ်ထက် ပိုမိုမြန်ဆန်စွာ နှုတ်မှ လွှတ်ခနဲ ထွက်သွား၏။
“နမ်းချင်တယ်... မြို့စားကြီးကို လိုချင်တယ်... ကျေးဇူးပြုပြီး”
ကုဟွား၏ ဦးခေါင်းတစ်ခုလုံး ဒိန်းခနဲ ဖြစ်သွားပြီး သူမ နှုတ်မှ ထွက်သွားသော စကားလုံးများကို ပြတ်သားစွာ ကြားလိုက်ရသဖြင့် နောင်တတရားက သူမကို တစ်ဖန် ပြန်လည်နှိပ်စက်လာပြန်သည်။
ဤမျှလောက်အထိ အရှက်ကင်းမဲ့စွာ ပြုမူမိခဲ့ပြီဖြစ်၍ သူမအနေဖြင့် မုကျွင်းယန်၏ နှလုံးသားထဲတွင် နေရာယူနိုင်ရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။
“ကောင်းပြီလေ”
မုကျွင်းယန်၏ လေသံထဲတွင် ကျေနပ်မှု အရိပ်အယောင်တချို့ ပါဝင်နေပြီး နက်ရှိုင်းကာ ဆွဲဆောင်မှုအပြည့် ရှိနေခဲ့၏။
ကုဟွားအတွက် ၎င်းသည် စမ်းရေအေးတစ်ခွက်ကို သောက်သုံးလိုက်ရသကဲ့သို့ အေးမြပြီး ချိုမြိန်လှသည်။
မုကျွင်းယန် ရုတ်တရက် ခေါင်းငုံ့လာခဲ့၏။
သူမ အလွန်ကြောင်အသွားသဖြင့် မျက်လုံးလေးများကို မှိတ်ထားလိုက်မိသည်။ ချယ်ရီသီးပမာ နီမြန်းနေသော နှုတ်ခမ်းလေးများကို အနည်းငယ် ဟဟလေး ဖွင့်ထားပြီး မုန်တိုင်းတစ်ခုကို ကြိုဆိုရန် အဆင်သင့် ပြင်ဆင်ထားလိုက်၏။
ရုတ်တရက် သူမ၏ လက်ချောင်းထိပ်ဖျားဆီမှ စူးရှလှသော နာကျင်မှုတစ်ခု ထွက်ပေါ်လာခဲ့၏။
ရင်းနှီးလှသော နာကျင်မှုကြောင့် သူမ မျက်လုံးများကို အလျင်အမြန် ဖွင့်လိုက်မိသည်။
သွေးများ စွန်းထင်နေသော သူမ၏ လက်ချောင်းထိပ်ဖျားလေးကို မြင်တွေ့လိုက်ရသောအခါ သူမ တစ်ကိုယ်လုံး တုန်ယင်သွားရ၏။
“မလုပ်ပါနဲ့... ကျွန်မရဲ့ လက်သည်းတွေကို အပ်နဲ့မထိုးပါနဲ့... နာတယ်... ကျွန်မ... ကျွန်မ လိမ္မာပါ့မယ်... အနူးအညွတ် တောင်းပန်ပါတယ်”
ကုဟွား၏ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ပြည့်နှက်သွားသည်။
သူမ၏ နုနယ်လှသော ခန္ဓာကိုယ်လေးက တုန်ယင်နေခဲ့ပြီး အပ်ဖြင့် အထိုးခံထားရသော လက်ကို ပြန်လည်ဆွဲထုတ်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းလိုက်၏။
သူမ၏ မျက်စိရှေ့တွင် ကိုယ်လုပ်တော်ပိုင်နှင့် ကုဝမ်ရုတို့၏ ရုပ်ဆိုးလှသော ကြောက်မက်ဖွယ် မျက်နှာများ ရုတ်တရက် ပေါ်လာသည်။
သူတို့က ရှည်လျားပြီး သေးသွယ်လှသော အပ်များဖြင့် သူမ၏ လက်သည်းခွံများကို တစ်ချောင်းပြီးတစ်ချောင်း သွေးချင်းချင်းနီအောင် ထိုးနှက်ခဲ့ကြဖူးသည်။
သူတို့က လုံးဝ အလွတ်မပေးခဲ့ကြဘဲ သူမ၏ လက်နှစ်ဖက်လုံးကို ကုလားထိုင် လက်တင်တွင် တင်းကျပ်စွာ ချည်နှောင်ထားခဲ့ပြီး လက်ချောင်းဆယ်ချောင်းလုံးကို အပ်ရာများဖြင့် ပြည့်နှက်စေခဲ့ကြသည်။
မည်သည့်အပ်အမျိုးအစားဖြစ်သည်ကို ဂရုမစိုက်ကြချေ။ သေးငယ်လှသော ပန်းထိုးအပ်များ၊ အနည်းငယ် ပိုထူသော အဝတ်ချုပ်အပ်များ သို့မဟုတ် စောင်ချုပ်ရာတွင် အသုံးပြုသည့် ထူထဲလှသော အပ်ကြီးများ စသည်ဖြင့် မျိုးစုံ အသုံးပြုခဲ့ကြ၏။
သူတို့တွင် အပ်များ ကုန်ဆုံးသွားသည့်အခါ ဆံထိုးများကိုပင် အသုံးပြုခဲ့ကြသည်။
ထိုသားအမိနှစ်ယောက်လုံးသည် သူမ၏ သနားစရာကောင်းသော ငိုကြွေးအော်ဟစ်သံများကို ကြည့်ရှုရင်း ပျော်ရွှင်စွာ ရယ်မောနေကြဖူးသည်။
မုကျွင်းယန် သူမ ဤမျှလောက်အထိ ပြင်းထန်စွာ ရုန်းကန်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
သူမ အတိတ်တုန်းက ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို တွေးတောလိုက်မိပြီးမှ သူမ လက်ရှိတွင် အသိစိတ်များ ဝေဝါးနေခဲ့သဖြင့် သူမ တစ်ဖန်ပြန်လည် နှိပ်စက်ညှဉ်းပန်းခံနေရသည်ဟု ထင်မှတ်နေကြောင်း သဘောပေါက်သွားသည်။
သမားတော်စွန်းနှင့် ရှန်လီတို့ အဆိပ်ဖြေဆေးရည် မဖော်စပ်နိုင်သေးမီ သူက ဤနည်းလမ်းကိုသာ အသုံးပြုပြီး သူမကို သွေးဖောက်ပေးကာ အပူရှိန်ကို လျှော့ချပေးနိုင်မည်ဖြစ်၏။
သူ တွေးတောမနေတော့ဘဲ ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး သူမကို ပေါင်ပေါ်သို့ ပွေ့ချီလိုက်ကာ နောက်ကျောဘက်မှနေ၍ လက်မောင်းများဖြင့် သိုင်းဖက်ထားပြီး သူမ၏ တစ်ကိုယ်လုံးကို သူ၏ ရင်ခွင်ထဲသို့ ထည့်သွင်းလိုက်သည်။
သူ၏ လေသံကို နူးညံ့အောင် ပြုလုပ်လိုက်ရင်း ချော့မြှူလိုက်၏။
“ကိုယ် မင်းကို မထိုးပါဘူး... သွေးဖောက်ပေးနေရုံပဲ။ မင်းရဲ့ လက်သည်းတွေကို မထိုးပါဘူး။ လက်ချောင်းထိပ်ဖျားပေါ်က သွေးကြောလေးကိုပဲ ထိုးတာ...သွေးနည်းနည်း ထွက်သွားရင် မင်း နေရတာ သက်သာသွားလိမ့်မယ်”
ပူနွေးလှသော ရင်ခွင်ကြီး၏ ဖက်တွယ်ခြင်းကို ခံလိုက်ရသောအခါ ကုဟွား ချက်ချင်းပင် လုံခြုံသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူမ၏ နှလုံးသားလေး ငြိမ်သက်သွားသည်။ ဝေဝါးနေသော မျက်ဝန်းများမှတစ်ဆင့် သွေးများ စီးကျနေသော သူမ လက်ချောင်းလေးများကို လှမ်းကြည့်လိုက်မိ၏။
‘သူ တကယ်ကို ဖြောင့်မတ်တည်ကြည်တဲ့ လူကြီးလူကောင်းတစ်ယောက်ပဲ’
‘ငါ ဒုက္ခရောက်နေတဲ့ အချိန်မှာ အခွင့်ကောင်းယူပြီး အနိုင်မကျင့်ခဲ့ဘူး’
မုကျွင်းယန် ရင်ခွင်ထဲရှိ မိန်းမပျိုလေး ငြိမ်သက်သွားသည်ကို ခံစားလိုက်ရသဖြင့် သူမ နားရွက်နားသို့ တိုးကပ်ကာ တိုးညှင်းစွာ ဆိုလိုက်သည်။
“တောင့်ခံနိုင်သေးလား”
ကုဟွား ထိတ်လန့်သွားသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ သူ့ရင်ခွင်ထဲ၌ ကွေးကွေးလေး ထိုင်လိုက်ပြီး ခြင်လေး တဝီဝီမြည်သံကဲ့သို့ သေးငယ်လှသော အသံလေးဖြင့် နာခံစွာ ခေါင်းညိတ်ပြလိုက်၏။
“အမ်း... တောင့်ခံနိုင်ပါတယ်”
အခန်း(၈၄)
မုကျွင်းယန် သူမ၏ နီမြန်းနေသော ပါးပြင်လေးများကို နမ်းရှိုက်ပစ်လိုက်ချင်မိသည်။
သူ၏ လိုအင်ဆန္ဒများကို ဖိနှိပ်ထားလိုက်ပြီး စိတ်အာရုံကို စုစည်းကာ ကုဟွား၏ လက်ချောင်းလေးကို ကိုင်မြှောက်လိုက်ပြီး အပ်ထိပ်ဖျားဖြင့် လက်ချောင်းထိပ်ကို ညင်သာစွာ ထိုးလိုက်ကာ သွေးစက်တစ်စက် ထွက်လာစေခဲ့၏။
သူ၏ ရင်ခွင်ထဲရှိ လူသားလေးက တိုးညှင်းစွာ ညည်းတွားနေပြီး အသက်ပြင်းပြင်း ရှူလာသည်။
မုကျွင်းယန် အတတ်နိုင်ဆုံး အားကို လျှော့၍ ပြုလုပ်ခဲ့သည်။ အကယ်၍ အားနည်းလွန်းသွားပါက သွေးထွက်လိမ့်မည်မဟုတ်သဖြင့် အာနိသင် ရှိလိမ့်မည် မဟုတ်ချေ။
သူ အလျင်အမြန်ပင် သူမ၏ နောက်ထပ် လက်တစ်ဖက်သို့ ပြောင်းလဲလိုက်၍ စိတ်ကို တင်းထားပြီး ဆက်လက်၍ သွေးဖောက်ပေးလိုက်သည်။
သွေးစက်လေး ထွက်ပေါ်လာသည်ကို မြင်တွေ့ရသောအခါမှသာ အပ်ကို ပြန်လည်ဆွဲထုတ်ပြီး ဆက်လက်၍ ထိုးနှက်ပေးလိုက်၏။
အပ်တစ်ချက် ထိုးလိုက်တိုင်း မုကျွင်းယန် ကိုယ်တိုင် ထိုးနှက်ခံရသကဲ့သို့ ခံစားရသဖြင့် မိန်းမပျိုလေးနှင့်အတူ အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေမိသည်။
မုကျွင်းယန် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ရာ၌ မျက်တောင်တစ်ချက်မျှပင် ခတ်ခဲ့ဖူးသူ မဟုတ်ချေ။
သူ မိန်းမပျိုလေးတစ်ဦး၏ လက်ချောင်းများကို အပ်နှင့် ထိုးပေးရုံမျှဖြင့် ဤမျှလောက်အထိ သတိကြီးစွာ ပြုမူနေရပြီး အပ်တစ်ချက်တိုင်းအတွက် ရင်ထဲ၌ ထပ်တူနာကျင်ခံစားနေရလိမ့်မည်ဟု တစ်ခါမျှ မျှော်လင့်မထားခဲ့ဖူးချေ။
သူ၏ စိတ်ကူးယဉ်ဆန်မှုကို ပြန်လည်ရယ်မောမိလုမတတ် ဖြစ်သွားရသည်။
ထိုစဉ် အပြင်ဘက်မှ ချဉ်းကပ်လာသော ခြေသံများကို ကြားလိုက်ရပြီးနောက် ကျိုးကျစ်လန်၏ စကားပြောသံ ထွက်ပေါ်လာ၏။
မုကျွင်းယန် စိတ်သက်သာရာရစွာ အသက်ရှူလိုက်မိသည်။
သူက မျက်ရည်များ ဝဲနေသော ကုဟွားကို ကြည့်လိုက်ပြီး နူးညံ့စွာ ဆိုလိုက်၏။
“သမားတော်စွန်းနဲ့ ရှန်လီတို့ ရောက်လာကြပြီ။ သူတို့မှာ သေချာပေါက် နည်းလမ်းရှိမှာပါ”
ကုဟွား စိတ်သက်သာရာရစွာ အသက်ရှူလိုက်မိသည်။
သူမ ခေါင်းကို အနည်းငယ် စောင်းငဲ့လိုက်ပြီး ရှုပ်ထွေးစွာဖြင့် သူမနှင့် အလွန် နီးကပ်နေသော ချောမောခန့်ညားသည့် မျက်နှာကြီးကို လှမ်းကြည့်လိုက်မိ၏။
မုကျွင်းယန် ကုဟွားကို စောင်ထဲသို့ ထည့်သွင်းပေးလိုက်ပြီးနောက် တံခါးနားသို့ လျှောက်လှမ်းသွားကာ တွန်းဖွင့်လိုက်ပြီး ပြောသည်။
“သူတို့ကို အထဲ ဝင်လာခိုင်းလိုက်...”
ထိုအသံကို ကြားရသောအခါ ကျိုးကျစ်လန် အံ့အားသင့်သော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်မိ၏။
‘ဟမ်... အဝတ်အစားတွေက သေသေသပ်သပ် ရှိနေတုန်းပဲဟ...ဘာမှမဖြစ်ခဲ့ကြဘူးထင်တယ်’
သမားတော်စွန်း သူ၏ ဆေးသေတ္တာကို သယ်ဆောင်ကာ အထဲသို့ အလျင်အမြန် ပြေးဝင်လာသည်။
ရှန်လီ အစားအစာသေတ္တာကို သယ်ဆောင်ကာ ဝင်ရောက်လာခဲ့ပြီး ၎င်းကို ချထားလိုက်ကာ ကုဟွားအတွက် ဆေးဖက်ဝင်အပင်များဖြင့် ရေချိုးကန် ပြင်ဆင်ရန်အတွက် ရေချိုးခန်းထဲသို့ ဝင်ရောက်သွား၏။
ကုဟွား လက်ရှိတွင် နည်းနည်း သက်သာနေခဲ့ပြီ ဖြစ်သည်။
သမားတော်စွန်း သူမ၏ သွေးကြောများကို ခဏတာမျှ စမ်းသပ်စစ်ဆေးလိုက်ပြီးနောက် ငွေအပ်တစ်ချောင်းကို ထုတ်ကာ သွေးကြောအချို့ကို အပ်စိုက်ပေးလိုက်၏။
ထို့နောက် သူ အစားအစာသေတ္တာထဲမှ ဆေးရည်တစ်ခွက်ကို ထုတ်ယူလိုက်သည်။
“မမလေး... ဒီဆေးရည်ကို သောက်လိုက်ပါ။ ပြီးရင် ဆေးဖက်ဝင်ရေချိုးကန်ထဲမှာ နာရီဝက်လောက် ရေစိမ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်”
ကုဟွား နာခံစွာ ဆေးခွက်ကို လှမ်းယူလိုက်၏။
ခါးသက်ပြီး ထူးဆန်းလှသော ရနံ့တစ်မျိုး သူမ၏ နှာခေါင်းအတွင်းသို့ တိုက်ရိုက် စီးဝင်လာသည်။
သူမ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိပြီး နီမြန်းနေသော မျက်ဝန်းအစုံဖြင့် ထိုဆေးရည်များကို တစ်ငုံချင်းစီ ကုန်အောင် သောက်လိုက်သည်။
ရှန်လီ တုန့်ဟွားနှင့် တုန့်ချင်းတို့ကို ခေါ်ဆောင်ကာ အတွင်းခန်းသို့ ဝင်ရောက်လာ၏။
“သခင်ကြီး... ဆေးဖက်ဝင်ရေချိုးကန် အဆင်သင့် ဖြစ်ပါပြီ”
“မင်းတို့ နှစ်ယောက် မမလေးကို ကူညီပေးလိုက်ကြ။ ရေရဲ့ အပူချိန်ကို သေသေချာချာ သတိထားကြဦး။ တအား မအေးသွားစေနဲ့”
“ဟုတ်ကဲ့ပါ”
တုန့်ဟွားနှင့် တုန့်ချင်းတို့ ကုဟွားကို တွဲထူပေးလိုက်ကြသည်။
သူမ၏ တစ်ကိုယ်လုံး စိုစွတ်နေခဲ့သဖြင့် အတွင်းအင်္ကျီနှင့် ဘောင်းဘီတို့က ခန္ဓာကိုယ်ပေါ်တွင် ကပ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ သမားတော်စွန်း အလျင်အမြန်ပင် ခေါင်းငုံ့ကာ အပြင်သို့ ထွက်ခွာသွားခဲ့၏။
မုကျွင်းယန်ကလည်း လှည့်ထွက်သွားပြီး သမားတော်စွန်း၏ နောက်မှ လိုက်ပါသွားခဲ့ကာ တိုးညှင်းသော လေသံဖြင့် မေးမြန်းလိုက်သည်။
“ဒါက ယီချွန်းပြည့်တန်ဆာအိမ်က ဆေးဆိုတာ သေချာလား”
“ဟုတ်ကဲ့... သေချာပါတယ်”
သမားတော်စွန်း သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး တိုးညှင်းစွာ ဆိုလိုက်၏။
“ကိုယ်လုပ်တော်ယောင်းလည်း ဝန်ခံခဲ့ပြီးပါပြီ။ သူပြောတာတော့ ကိုယ်လုပ်တော်ယန်က သူ့ဆီကနေ တောင်းခဲ့တာပါတဲ့... တခြားဟာတော့ သူမပြောပါဘူး”
မုကျွင်းယန်၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားသည်။
‘မြို့စားအိမ်တော်ထဲမှာ ဒီလိုမျိုး အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးရဲကြတယ်ပေါ့လေ’
“သွားပြီး သေသေချာချာ စုံစမ်းစစ်ဆေးလိုက်”
မုကျွင်းယန် လှည့်ကာ ညွှန်ကြားလိုက်၏။
အမှောင်ထဲ၌ ပုန်းကွယ်နေသော ချီယွီက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
“ကျစ်လန်...မင်းရဲ့ အစ်ကိုကို ဒီကို အတူတူ လိုက်လာခဲ့ဖို့ သွားခေါ်လိုက်”
ကျိုးကျစ်လန် နာခံစွာ ထွက်ခွာသွားသည်။
ကုဟွား ရေချိုးပြီးနောက် ခန္ဓာကိုယ်၌ မည်သည့်အားအင်မျှ မကျန်ရှိတော့ချေ။
တုန့်ဟွားနှင့် တုန့်ချင်းတို့ သူမကို ရေချိုးခန်းထဲမှ တွဲထူပေးလာခဲ့စဉ်က သူမ အလွန်အမင်း နုနယ်ပြီး အားနည်းနေခဲ့၏။
သူမ မော့ကြည့်လိုက်မိသောအခါ မုကျွင်းယန်က ခြံဝင်းအတွင်းရှိ ဂင်ဂိုပင်အောက်တွင် ရပ်တန့်နေရင်း ဝါကျင့်ကျင့် သစ်ရွက်များဖြင့် ပြည့်နှက်နေသော သစ်ပင်ကြီးကို မော့ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
သူ၏ ကိုယ်ဟန်အနေအထားက မြင့်မားထည်ဝါပြီး ဝင့်ကြွားစွာ မတ်တတ်ရပ်နေခဲ့၏။
အသံ ကြားလိုက်ရသောအခါ သူ ခေါင်းလှည့်ကြည့်လာခဲ့သည်။
မိန်းမပျိုလေး၏ နက်မှောင်နေသော ဆံနွယ်များက စိုစွတ်နေခဲ့ပြီး အောက်သို့ဖြာကျနေခဲ့သဖြင့် သူမ အသစ်လဲလှယ်ထားခဲ့သော အတွင်းအင်္ကျီအဖြူကို ထပ်မံ၍ စိုစွတ်သွားစေ၏။
ပါးလွှာသော အတွင်းအင်္ကျီက သူမ၏ သွယ်လျသော ခန္ဓာကိုယ်အလှတရားကို ထင်ဟပ်နေစေခဲ့သဖြင့် လူများ၏ အာရုံကို ဆွဲဆောင်နေခဲ့သည်။
“အခန်းထဲကို မြန်မြန်ဝင်... အအေးမိလိမ့်မယ်”
ကုဟွား၏ ရင်ထဲ၌ ပြောစရာ စကားလုံးများစွာ ရှိနေခဲ့သော်လည်း ထုတ်ဖော်မပြောဆိုနိုင်ချေ။
သူမ၏ မျက်နှာလေးက နီမြန်းနေခဲ့ပြီး ခေါင်းကို နှိမ့်၍ အခန်းထဲသို့ ဝင်ရောက်ကာ စောင်ထဲသို့ တိုက်ရိုက်တိုးဝင်လိုက်သည်။
သို့သော် သူမ မအောင့်အည်းနိုင်ဘဲ ပြတင်းပေါက် အပြင်သို့ လှမ်းကြည့်လိုက်မိပြန်၏။
မြင့်မားပြီး သွယ်လျသော အမျိုးသားတစ်ဦး မုကျွင်းယန်၏ ဘေးနားတွင် ပေါ်ထွက်လာသည်။
‘ချီယွီများလား’
ကုဟွားအနေဖြင့် သူ့ကို မျက်နှာချင်းဆိုင် တစ်ခါမျှ မတွေ့ဆုံခဲ့ဖူးချေ။
မုကျွင်းယန် သူမ၏ အကြည့်များကို သတိပြုမိသွားပုံရပြီး လှမ်းကြည့်လာ၏။
ကုဟွား အလျင်အမြန်ပင် ခေါင်းငုံ့လိုက်မိသည်။
သူမ စောစောက အသိစိတ် လွတ်သွားခဲ့ခြင်းက အမှန်တကယ်ပင် ရှက်စရာကောင်းလွန်းသည်။
တည်ငြိမ်လှသော ခြေသံများ ထွက်ခွာသွားသည်ကို ကြားရမှသာ ကုဟွား ထပ်မံ၍ မော့ကြည့်လိုက်မိသည်။
မုကျွင်းယန်နှင့် ချီယွီတို့ ထိုနေရာတွင် မရှိကြတော့ချေ။
ကုဟွား ရင်ထဲ၌ မငြိမ်မသက် ခံစားလိုက်ရပြီး သူ့အပေါ်တွင် အမြဲတမ်း အကြွေးတစ်ခု တင်နေသကဲ့သို့ ခံစားနေရသည်။
“ငါ စားဖိုဆောင်ကို သွားလိုက်ဦးမယ်”
သူမ စောင်ကို ဖယ်ရှားလိုက်ပြီး ခုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်၏။
တုန့်ဟွားနှင့် တုန့်ချင်းတို့ ထိတ်လန့်သွားကြပြီး အလျင်အမြန်ပင် သူမကို ပြန်လည်ဖိထားလိုက်ကြသည်။
“မမလေး အခုလေးတင်ပဲ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာမို့ ကောင်းကောင်း အနားယူဖို့ လိုအပ်ပါတယ်”
ကုဟွား၏ မျက်နှာလေး နီမြန်းသွား၏။
‘ဒါက ဘယ်လိုမျိုး ပြင်းပြင်းထန်ထန် ခံစားရတာလဲ’
‘ဆေးမိသွားရတာ ငါ အစားမက်ခဲ့မိလို့လေ’
“ရပါတယ်... ငါက ဖျားနာနေတာမှ မဟုတ်တာ... အခုလည်း အဆင်ပြေသွားပါပြီ”
ကုဟွား ခေါင်းမာစွာ ခုတင်ပေါ်မှ ဆင်းလိုက်သည်။
အစေခံမလေးနှစ်ဦးကလည်း မတတ်နိုင်တော့ဘဲ သူမကို တွဲထူပေးလိုက်ကြပြီး အဝတ်အစားများ လဲလှယ်ရန် ကူညီပေးလိုက်ကြ၏။
ရှန်လီ ဆေးရည်တစ်ခွက်ကို သယ်ဆောင်ကာ ဝင်လာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ မျက်မှောင်ကြုတ်လိုက်သည်။
“နင် ဘာလုပ်နေတာလဲ”
“ငါ မုန့်သွားလုပ်မလို့... ဒီနေ့ ငါ အိမ်တော်ထိန်းကျိုးကို ကတိပေးထားတယ်လေ... မြို့စားကြီးအတွက် ညလယ်စာ အချိုပွဲမုန့်တချို့ လုပ်ပေးပါမယ်ဆိုပြီးတော့”
အပြစ်တစ်ခုခု ကျူးလွန်ထားမိသော ကလေးငယ်တစ်ဦးကဲ့သို့ ကုဟွား အေးစက်သော မျက်နှာထားနှင့်ဖြစ်နေသည့် ရှန်လီကို ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်မိ၏။
ရှန်လီ သူမကို စူးစိုက်စွာ ကြည့်ရှုလိုက်ပြီးနောက် ရုတ်တရက် သက်ပြင်းချလိုက်ပြီး သူမ၏ အမူအရာက နူးညံ့သွားသည်။
“ဒါတွေအားလုံးက ငါ့အပြစ်တွေပါပဲ... ငါ့ဆေးပညာက လုံလောက်အောင် မတော်သေးလို့ ပြဿနာကို စမ်းသပ်မတွေ့နိုင်ခဲ့တာ”
ကုဟွား အလျင်အမြန်ပင် သူမ၏ လက်ထဲမှ ဆေးရည်ခွက်ကို လှမ်းယူလိုက်ပြီး တစ်ငုံတည်းဖြင့် ကုန်အောင် သောက်လိုက်သည်။
သူမ အလျင်အမြန်ပင် ချော့မော့လိုက်၏။
“ရပါတယ်... နင်လည်း ဒီလိုမျိုး ညစ်ပတ်တဲ့ အရာတွေကို တစ်ခါမှ မမြင်ဖူးသေးလို့ပဲဟာ”
ရှန်လီ သူမကို စောင်းငဲ့ကြည့်လိုက်ပြီး ဆို၏။
“အရူး”
ကုဟွား သူမ၏ လက်ကို ဆွဲကိုင်လိုက်ပြီး တောင်းပန်လိုက်သည်။
“သမားတော်ကောင်းလေး’ရှန်’ရယ်... ဆေးသောက်ပြီးပြီဆိုတော့ ရောဂါလည်း ပျောက်သွားပြီ... ငါ အခုလည်း အဆင်ပြေနေပြီလေ... ငါ့ကို မုန့်သွားလုပ်ခွင့်ပေးပါဦးနော်... ဟုတ်ပြီလား”
ရှန်လီ စိတ်ပျက်လက်ပျက် အသံတစ်မျိုး ပြုလုပ်လိုက်ပြီး သူမ၏ လက်ကို ပစ်ချလိုက်၏။
“သွား... သွား... သွား”
ကုဟွား ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသဖြင့် ဂါဝန်စကို ပင့်မကာ အလျင်အမြန် လျှောက်လှမ်းရန် ပြင်လိုက်၏။
သူမ၏ ခြေထောက်များ အားနည်းနေခဲ့သဖြင့် ကြမ်းပြင်ပေါ်သို့ ဒူးထောက်လဲကျလုမတတ် ဖြစ်သွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြချေ။
တုန့်ဟွား မျက်စိလျင်ပြီး ခြေမြန်လက်မြန် ရှိလှသဖြင့် သူမကို အလျင်အမြန်ပင် ဖမ်းဆွဲထိန်းချုပ်ပေးလိုက်ရသည်။
ကုဟွား ရှန်လီကို မသက်မသာဖြစ်စွာ ပြုံးပြလိုက်သည်။
“ငါ ဖြည်းဖြည်းချင်းပဲ လျှောက်ပါ့မယ်”
ရှန်လီ စိတ်ပျက်သော အမူအရာ ဖြစ်သွား၏။
“နင် ဘာတွေ တွေးနေလဲဆိုတာ ငါဖြင့် တကယ်ကို နားမလည်နိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေးမှကို မညှာတာဘူး”
ကုဟွား စားဖိုဆောင်ထဲတွင် အလုပ်ရှုပ်နေစဉ် ကျိုးကျစ်လန် အလျင်အမြန် ပြေးဝင်လာခဲ့သည်။
သူမ ကုဟွားကို စားဖိုဆောင်ပြင်ပသို့ ဆွဲထုတ်လာခဲ့ပြီး သူမ နားရွက်နားသို့ တိုးကပ်ကာ တိုးညှင်းစွာ ပြောလိုက်၏။
ကုဟွား အံ့အားသင့်သွားသည်။
“ယန်ကျစ် သခင်လေးရဲ့ စိတ်ကျေနပ်မှုကို ရဂချင်လို့ ယောင်းယောင်းဆီကနေ သူကိုယ်တိုင် အဲဒီဆေးကို တောင်းခဲ့တာလို့ ပြောတယ်ဟုတ်လား”
“အမ်း... သခင်ကြီးက ယန်ကျစ်ကို ပြစ်ဒဏ်ပေးတော့မလို့လေ...သခင်မလေးကတော့ ငိုယိုပြီး အသနားခံနေတယ်”
ကုဟွား ခဏတာမျှ တွေးတောလိုက်မိ၏။
အချိုပွဲမုန့်များက ပုံစံဖော်ပြီးဖြစ်သဖြင့် ပေါင်းရန်နှင့် မီးဖုတ်ရန်သာ လိုတော့သည်။
“ညီမကို ခဏလောက် စောင့်ဦးနော်”
ကုဟွား စားဖိုဆောင်သို့ ပြန်ဝင်သွားခဲ့ပြီး စားဖိုမှူးကို သူမအတွက် ကူညီ၍ ပေါင်းပေးရန်နှင့် မီးဖုတ်ပေးရန် တောင်းဆိုလိုက်သည်။
ဒုတိယမမလေးကု၏ အဆင့်အတန်းက အိမ်တော်ထဲတွင် တစ်နေ့ထက်တစ်နေ့ မြင့်မားလာနေပြီဖြစ်ကြောင်း စားဖိုမှူး သိရှိထားသဖြင့် ပြုံးရွှင်စွာပင် သဘောတူလိုက်၏။
ကုဟွား ကျိုးကျစ်လန်၏ လက်ကို ဖမ်းဆွဲလိုက်သည်။
“တစ်ချက်လောက် သွားပြီး ကြည့်ကြရအောင်”