← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း(၈၅)

အရှေ့ခြံဝင်းအတွင်း၌...

ယန်ကျစ်က ခုံတန်းရှည်ကြီးတစ်ခုပေါ်၌ ချည်နှောင်ခြင်း ခံထားရပြီး သူမ မျက်နှာတစ်ခုလုံး ပြာနှမ်းနေ၏။

ကုဝမ်ရုက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထားရင်း မျက်ရည်မထွက်ဘဲ အတင်းအကျပ် အော်ဟစ်ငိုကြွေးနေ၏။

“အဖေ... ယန်ကျစ်က သခင်လေးအတွက်ပဲ စိတ်နှစ်ပြီး ပြင်ဆင်နေခဲ့တာပါ။ ပြီးတော့ ကုဟွားရဲ့ အစေခံမလေးက စွပ်ပြုတ်အိုးကို မှားယူသွားခဲ့တာပါ။ အဖေ... ယန်ကျစ်ကို အပြစ်တင်လို့ မရပါဘူး”

ကုဟွားနှင့် ကျိုးကျစ်လန်တို့ ရောက်ရှိလာချိန်၌ ထိုစကားလုံးအားလုံးကို အတိုင်းသား ကြားလိုက်ရသဖြင့် သူတို့နှစ်ဦးက ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး ဘေးဘက်တွင် ပုန်းကွယ်ကာ ကြည့်ရှုနေလိုက်ကြ၏။

ကုဟွား အလွန် အံ့ဩသွားသည်။

‘တကယ်လို့ သူတို့က စွပ်ပြုတ်အိုးကို မှားယူလာခဲ့မိတယ်ဆိုရင် အစတုန်းက စွပ်ပြုတ်က ဘယ်သူ့အတွက် ရည်ရွယ်ထားခဲ့တာလဲ’

ကုဟွားက ကုဝမ်ရု၏ ဘေးနားတွင် ဒူးထောက်နေသော အနီရောင်တောက်တောက် ဝတ်စုံကို ဝတ်ထားသည့် လှပသော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရ၏။

သူမက ယောင်းယောင်း ဖြစ်သည်။

အတိတ်ဘဝတုန်းက သူမ မုအန်း၏ အိပ်ယာဝင် အစေခံမလေးအဖြစ် အတင်းအကျပ် ပြုလုပ်ခိုင်းခြင်း ခံခဲ့ရပြီးနောက် ယောင်းယောင်းက မုအန်း၏ အနောက်ခြံဝင်းရှိ အမျိုးသမီးများကို ဦးဆောင်ကာ သူမကို အမြဲတမ်း အုပ်စုဖွဲ့ အနိုင်ကျင့်နှိပ်စက်ခဲ့ဖူးကြသည်။

‘သေချာတယ်။ အဲဒီလိုမျိုး ညစ်ပတ်တဲ့ ဆေးဝါးမျိုးက သူတစ်ယောက်တည်းဆီမှာပဲ ရှိနိုင်တာ’

မုအန်း ခေါင်းငုံ့ထားရင်း မုကျွင်းယန်၏ နောက်တွင် မတ်တတ်ရပ်နေသည်။

ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော မုကျွင်းယန် ကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့ပြီး သူ၏ လက်ချောင်းများက ကုလားထိုင် လက်ကိုင်ပေါ်၌ စည်းချက်ကျကျ ခေါက်နေခဲ့သည်။

သူ့မျက်ဝန်းအစုံက အေးစိမ့်နေပြီး တိတ်ဆိတ်ကာ ဖိအားပေးလွန်းသော အရှိန်အဝါကြောင့် နေရာ၌ ရောက်ရှိနေကြသော လူအားလုံး အသက်ပင် ဝဝမရှူရဲကြချေ။

သူ၏ နက်ရှိုင်းဩရှနေသော အသံက နှေးကွေးစွာ ထွက်ပေါ်လာခဲ့၏။

“အရင်ဧကရာဇ်ဟောင်းက ငါ့အဘိုးကို ယုံမြို့စားကြီးအဖြစ် ဘွဲ့အမည် ချီးမြှင့်ခဲ့တုန်းက ငါ့အဘိုးက မုမိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကောင်အထည်ဖော်ဖို့အတွက် ဒီသံကြာပွတ်ကို လုပ်ခဲ့တာ။ မုမိသားစုရဲ့ စစ်တပ်က အမြဲတမ်း တင်းကျပ်တဲ့ စစ်စည်းမျဉ်းစည်းကမ်းတွေရှိခဲ့သလို မြို့စားအိမ်တော်ကလည်း အတူတူပဲ။ ဒီကြာပွတ်က အမျိုးသမီးတစ်ယောက်ကို တစ်ခါမှ မရိုက်ဖူးသေးဘူး။ ဒါပေမဲ့ ဘယ်သူမဆို မုမိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရဲရင်တော့ မိသားစုရဲ့ဥပဒေအရ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဒီကြာပွတ်ရဲ့ တစ်ချက်ချင်းစီက အသားထဲကို လက်မဝက်လောက်အထိ စိုက်ဝင်သွားမှာ ပြီးရင် အရေပြားအောက်က အကြောတွေကိုပါ ဆွဲဖြဲပစ်မှာ။ မင်း မသေရင်တောင် ဒုက္ခိတ ဖြစ်သွားလိမ့်မယ်။ ဒါက လူတွေကို သေတာထက် ပိုပြီး ဆိုးဝါးတဲ့ ဘဝဆိုတာ ဘာလဲဆိုတာကို သေသေချာချာ ပြသပေးလိမ့်မယ်။ ဒါမှ အနာဂတ်မှာ ဘယ်တော့မှ အရူးအလုပ်တွေ ထပ်မလုပ်ရဲတော့မှာ”

ချီယွီက ဆူးချွန်များ ပြည့်နှက်နေသော သံကြာပွတ်ကို ကိုင်ဆောင်ထားပြီး ယန်ကျစ်၏ မျက်စိရှေ့တွင် လှုပ်ခါပြလိုက်၏။

သွေးကွက်ဟောင်းများ စွန်းထင်းနေပြီး မဲနက်စူးရှနေသော သံဆူးချွန်များကို ကြည့်ပြီး ယန်ကျစ် ထိတ်လန့်တုန်လှုပ်သွားရသဖြင့် မေ့လဲလုမတတ် ဖြစ်သွားသည်။

ကုဝမ်ရုကလည်း အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူမ၏ ငိုကြွေးသံများကို ပြန်လည်အောင့်အည်းထားလိုက်ရပြီး ထိုသံကြာပွတ်ကို ကြောက်လန့်တကြား စူးစိုက်ကြည့်နေမိ၏။

မုအန်း၏ မျက်နှာတစ်ခုလုံး လုံးဝ ဖြူလျော်သွားသည်။

သူ အိမ်တော်သို့ စတင်ဝင်ရောက်လာခဲ့စဉ်က မုကျွင်းယန်သည် သူ့ကို မုမိသားစု၏ စည်းကမ်းချက်များကို အလွတ်ကျက်မှတ်ခိုင်းခဲ့ဖူးသည်။

ထို့ပြင် သူ့အဖေအရင်း သက်ရှိထင်ရှား ရှိနေခဲ့စဉ်ကလည်း သူ့ကိုအမြဲတမ်း သတိပေးဆုံးမခဲ့ပြီး မုမိသားစုစစ်တပ်၏ စည်းကမ်းချက်များကို ကျက်မှတ်ခိုင်းခဲ့သည်။

ဤ မုမိသားစုစည်းကမ်းချက်များ၏ သံကြာပွတ်ကို ပုံမှန်အားဖြင့် ဘိုးဘွားခန်းမထဲတွင်သာ စနစ်တကျ ပူဇော်ထားလေ့ရှိခြင်း ဖြစ်သည်။ မုမိသားစုထဲတွင် နေထိုင်ခဲ့သော နှစ်ပေါင်းများစွာအတွင်း မုကျွင်းယန် ဤမိသားစုစည်းကမ်းဥပဒေကို တစ်ခါမျှ အသုံးပြုခြင်း မရှိခဲ့ဖူးချေ။

ကျိုးချွန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။

“ကိုယ်လုပ်တော်ယန်... မင်း အမှန်အတိုင်း ပြောတာ ပိုကောင်းလိမ့်မယ်။ မြို့စားကြီးက အမြဲတမ်း ပြောတဲ့အတိုင်း လုပ်တတ်တဲ့သူပဲ။ မုမိသားစုရဲ့ စည်းကမ်းက စစ်တပ်ရဲ့ စည်းကမ်းလိုပဲ တင်းကျပ်လွန်းတယ်”

ယန်ကျစ် နှုတ်ခမ်းများ တုန်ယင်စွာ ကုဝမ်ရုကို လှမ်းကြည့်လိုက်မိ၏။

ကုဝမ်ရု သူမကို ခြိမ်းခြောက်လိုသည့် အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ရုတ်တရက်ပင် သူမ၏ မျက်နှာထားကို ပြောင်းလဲလိုက်ကာ ဝမ်းဗိုက်ကို ကိုင်ရင်း ငိုကြွေးလိုက်သည်။

“သမီးရဲ့ ဝမ်းဗိုက်က နာနေပါတယ်။ အဖေ... ကျေးဇူးပြုပြီး သမီးကို အရင်ဆုံး ထွက်သွားခွင့်ပေးပါဦး။ သမီးရဲ့ ဗိုက်ထဲမှာ မြို့စားအိမ်တော်ရဲ့ မြေးဦးလေးကို လွယ်ထားရတာပါ”

သမားတော်စွန်းက မည်သည့်နေရာမှ ပေါ်ထွက်လာသည်မသိဘဲ သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ သွေးကြောကို စမ်းသပ်စစ်ဆေးလိုက်၏။

သူက ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး မုကျွင်းယန်ကို ဦးညွှတ်လိုက်သည်။

“သန္ဓေသားက ဘာမှ မထိခိုက်ပါဘူး”

ကုဝမ်ရု ထပ်မံ၍ မငိုကြွေးရဲတော့ချေ။

“ရိုက်စမ်း”

မုကျွင်းယန်၏ တိုးညှင်းသော စကားတစ်လုံးနှင့်အတူ ချီယွီက ကြာပွတ်ကို မြှောက်ကာ ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

သနားစရာကောင်းလှသော အော်ဟစ်ညည်းတွားသံနှင့်အတူ ကြာပွတ်က လေထဲတွင် ဝဲသွားခဲ့ပြီး သွေးများ ဖြန်းခနဲ စင်ထွက်လာခဲ့ကာ အသားစအချို့က ဆူးချွန်များပေါ်တွင် ပါရှိသွားခဲ့၏။

ကုဟွား၏ မျက်နှာက ဖြူဖျော့သွားသည်။ သူမ၏ ပါးစပ်ကို ပိတ်ထားလိုက်မိပြီး ရင်ထဲ၌ ပျို့အန်ချင်စိတ် ထွက်ပေါ်လာခဲ့ရ၏။

ဤကြာပွတ်က အတွင်းကလီစာများကို ထိခိုက်စေသည်အထိ ပြင်းထန်စွာ ရိုက်နှက်ခြင်းမဟုတ်သော်လည်း နောက်ကျောတစ်ခုလုံးကို သွေးချင်းချင်းနီသွားစေခဲ့သည်။

ယန်ကျစ် နာကျင်မှုကြောင့် မေ့လဲသွား၏။

ကုဝမ်ရုက ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ထိုင်ချလိုက်မိပြီး ထိတ်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

“သူ့ကို ဂျင်ဆင်းဆေးရည်တစ်ခွက် တိုက်လိုက်”

မုကျွင်းယန် စကားပြောဆိုပြီးသည်နှင့် ကျိုးချွန်းယွီက ဂျင်ဆင်းဆေးရည်ခွက်ကို ကိုင်ဆောင်ထားသော အမျိုးသမီးအစေခံအိုကြီးတစ်ဦးကို ရှေ့သို့ထွက်လာရန် မျက်ရိပ်ပြလိုက်သည်။

သူမက ယန်ကျစ်၏ မေးစေ့ကို ညှစ်လိုက်ပြီး ပါးစပ်ကို အတင်းအကျပ် ဖွင့်ဟကာ ဆေးရည်များကို တိုက်ရိုက် လောင်းထည့်ပစ်လိုက်၏။

ယန်ကျစ် ပိုမို၍ သတိပွင့်လန်းလာလေလေ နာကျင်မှု ခံစားချက်က ပိုမို၍ စူးရှလာလေလေ ဖြစ်သည်။

ကြာပွတ်ရိုက်ချက် တစ်ချက်ကပင် သူမကို သေချင်စိတ် ပေါက်သွားစေရန် လုံလောက်လှသည်။

မုကျွင်းယန်က ခေါင်းလှည့်ကာ မုအန်းကို စူးစိုက်ကြည့်လိုက်၏။

ဆောင်းဦးအစောပိုင်းကာလ၏ ညဉ့်ဦးယံက အေးစိမ့်နေခဲ့သည်။

သို့သော် မုအန်း၏ နောက်ကျော၌ ချွေးစေးများဖြင့် စိုစွတ်နေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ဖခင်ဖြစ်သူ၏ ဓားကဲ့သို့ စူးရှနေသော အကြည့်များအောက်၌ သူ ထိတ်လန့်လွန်းသဖြင့် ဒူးထောက်လဲကျသွားခဲ့ရသည်။

“အဖေ... ဒါတွေက သားနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါတွေအကုန်လုံးက အပျက်မ ယန်ကျစ်ရဲ့ အပြစ်တွေပါ”

မုကျွင်းယန် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိ၏။

“နိမ့်ကျတဲ့ ကိုယ်လုပ်တော်တစ်ယောက်က ငါနဲ့ ဒုတိယမမလေးကုကို ဆေးခတ်ရဲတယ်ပေါ့လေ”

‘ဒါကို ဘယ်သူက ယုံနိုင်မှာလဲ’

ကုဝမ်ရု မျက်ရည်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းများကြားမှ ဖြတ်သန်းသွားသည့် နာကျည်းမုန်းတီးမှု အရိပ်အယောင်များကို ဖုံးကွယ်ထားလိုက်၏။

မုအန်း မျက်လုံးများ လှုပ်ခတ်သွားရသည်။

“ဒါက ယန်ကျစ်က အဖေနဲ့ ခယ်မလေးတို့ကို အဆင်ပြေစေချင်လို့ လုပ်ခဲ့တာပါ”

မုကျွင်းယန်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ခြေထောက်ကို မြှောက်ကာ သူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။

သူ၏ မျက်နှာက ဒေါသကြောင့် စိမ်းဖန့်နေခဲ့ပြီး ရင်ဘတ်ကလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့၏။

‘ဒါက ငါကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့ရတဲ့ ကလေးလား’

“ဒါက အဲဒီလိုမျိုး မဟုတ်ပါဘူး”

အချိန်အကြာကြီး နှုတ်ဆိတ်နေခဲ့သော ယောင်းယောင်းက ရုတ်တရက် စကားပြောလာခဲ့သည်။

လူတိုင်း သူမကို လှမ်းကြည့်လိုက်ကြ၏။

သူမက မည်သည့်အရာမျှ မဖြစ်ပွားခဲ့သကဲ့သို့ တည်ငြိမ်သော အမူအရာဖြင့် နုနယ်ပြီး ချိုမြိန်သော အသံလေးသုံးကာ ဆိုလိုက်သည်။

“ယန်ကျစ်ပြောတာတော့ သခင်မလေးက သူ့ကို အမိန့်ပေးခဲ့တာတဲ့... အမျိုးသားနဲ့ အမျိုးသမီးတို့ ရင်းနှီးကျွမ်းဝင်စေဖို့အတွက် ဆေးတစ်ခုခုကို ဒီအစေခံဆီကနေ တောင်းခိုင်းခဲ့တာပါ။ ဒီအစေခံက အစက ဒီအတိုင်း မပေးရဲခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးအရာတွေက ပေါ့ပါးတာရှိသလို ပြင်းထန်တာမျိုးလည်း ရှိတာမို့ပါ။ ဒီအစေခံ သေသေချာချာ မေးမြန်းခဲ့ပါသေးတယ်။ ဒါက စိတ်ခံစားမှုကို မြှင့်တင်ဖို့သက်သက်ပဲဆိုရင် နည်းနည်းလေးဆို ရပြီပေါ့။ ဒါပေမဲ့ ယန်ကျစ်က ပြောတယ်။ သခင်မလေးက ဒါကို ဒုတိယမမလေးကုဆီမှာ အသုံးပြုချင်တာတဲ့... ပြီးတော့ ဆေးအာနိသင်က ပြင်းထန်ရမယ်... ဒါမှ သခင်လေးက ကောင်းကောင်းကြီး ပျော်ပါးနိုင်မှာမို့လို့ပါတဲ့...သခင်မလေးရဲ့ အမိန့်ရှိနေတာမို့လို့ ဒီအစေခံကလည်း မလွန်ဆန်ရဲခဲ့ပါဘူး။ ဒါပေမဲ့ ဒီအစေခံက သေသေချာချာ မှာကြားခဲ့ပါသေးတယ်။ ဒုတိယမမလေးကုရဲ့ ခန္ဓာကိုယ်က နုနယ်လွန်းတာမို့လို့ နည်းနည်းပဲ အသုံးပြုပါလို့”

“နင် အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာပဲ”

ကုဝမ်ရုက ဒေါသအရှိန်ကြောင့် ရူးသွပ်လုမတတ် ဖြစ်သွားရသည်။

သူမတွင် ကိုယ်ဝန်ရှိနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ခုန်ထကာ ယောင်းယောင်း၏ နှာခေါင်းတည့်တည့်သို့ လက်ညှိုးထိုးရင်း ဆဲရေးတိုင်းထွာလိုက်၏။

“နင်လိုမျိုး ရာဂစိတ်ကြီးပြီး အောက်တန်းကျတဲ့ မိန်းမပျက်... နင်ပဲ မြို့စားအိမ်တော်ထဲကို ဒီလိုမျိုး ညစ်ပတ်တဲ့အရာတွေ သယ်ဆောင်လာရုံတင်မကဘူး ငါ့ကိုပါ လာပြီး စွပ်စွဲပုတ်ခတ်ရဲတယ်ပေါ့လေ။ ဒါက သိသာထင်ရှားနေတာပဲ... နင်နဲ့ ယန်ကျစ်တို့ ပူးပေါင်းပြီး ငါ့ရဲ့ သနားစရာကောင်းတဲ့ ညီမလေးကို သခင်လေးရဲ့ အိပ်ယာထဲ သွင်းဖို့ ကြံစည်ခဲ့ကြတာ...ယန်ကျစ်က စွပ်ပြုတ်အိုးကို ယူတဲ့အချိန်မှာ မှားယွင်းသွားခဲ့ပြီး သခင်လေးအတွက် ရည်ရွယ်ထားတဲ့ စွပ်ပြုတ်ကို အဖေ့ဆီ ပို့မိသွားခဲ့တာ... အဲဒါကြောင့် အဖေက နင်တို့အကြံအစည်ကို သိသွားခဲ့ရတာ”

ဂျင်ဆင်းဆေးရည်ကြောင့် အလွန်အမင်း သတိပွင့်လန်းနေခဲ့သော ယန်ကျစ်က ကုဝမ်ရုကို အကြည့်တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်ရည်များဖြင့် ခေါင်းငုံ့ထားလိုက်မိကာ အသက်ရှင်သန်လိုစိတ် လုံးဝ ပျောက်ကွယ်သွားသည်။

ကုဟွား တစ်ကိုယ်လုံး အေးစိမ့်သွားရ၏။

မုအန်း ယခုထိ လုံးဝ လက်မလျှော့သေးချေ။

ကျိုးကျစ်လန်က အလွန် ဒေါသထွက်သွားခဲ့သဖြင့် သူမကိုယ်တိုင် ရှေ့သို့ တက်ကာ ယန်ကျစ်ကို ကြာပွတ်ဖြင့် ရိုက်နှက်ပစ်ချင်မိသည်။

သူတို့ တကယ်ကို မုန်းတီးစရာကောင်းလွန်းလှသည်။

“နင်တို့လိုမျိုး မိန်းမပျက်တွေ ပြဿနာရှာခဲ့တာကို ငါ့ကိုပါ လာပြီး ပတ်သက်ခိုင်းရဲတယ်ပေါ့လေ။ ငါက ဒါတွေကို ဘာမှမသိခဲ့ဘူး။ ပြီးတော့ စွပ်ပြုတ်ကိုလည်း တစ်ငုံမှ မသောက်ခဲ့ဘူး။ ကုဝမ်ရု... မင်း မိန်းမပျက်... မင်းက ဒီသခင်လေးကို သတ်ချင်နေတာလား”

မုအန်း အလွန် စိုးရိမ်ပူပန်သွားရသည်။

သူက ရှေ့သို့အမြန် ပြေးထွက်သွားပြီး ကုဝမ်ရုကို ရိုက်နှက်ရန် ပြင်လိုက်စဉ် ကျိုးချွန်းယွီက သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲတားဆီးလိုက်၏။

“သခင်လေး... သခင်မလေးက ကိုယ်ဝန်ရှိနေတာပါ။ တကယ်လို့ သူတစ်ခုခု ဖြစ်သွားခဲ့ရင် သခင်လေးလည်း စိတ်မကောင်း ဖြစ်ရလိမ့်မယ်ထင်တယ်”

မုအန်းက ဒေါသတကြီးဖြင့် လက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

“ဒီလိုမျိုး ကိုယ်ကျင့်တရားမရှိတဲ့ မိန်းမက ငါတို့ မြို့စားအိမ်တော်ရဲ့ တရားဝင် မြေးဦးကို မွေးဖွားပေးဖို့ မထိုက်တန်ဘူး... အဖေ... သား သူ့ကို ကွာရှင်းချင်ပါတယ်”

အခန်း(၈၆)

“ခင်ပွန်း... ရှင် ဘယ်လိုလုပ် ကျွန်မကို ကွာရှင်းရဲရတာလဲ”

ကုဝမ်ရု မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး မုအန်း ဤကဲ့သို့သော စကားမျိုး ပြောဆိုလာသည်ကို လုံးဝ မယုံကြည်နိုင် ဖြစ်သွား၏။

မုကျွင်းယန် ခေါင်းလှည့်ကြည့်လိုက်စဉ် ကုဟွားက ကျောက်ဆောင်တုကြီးကို လက်တစ်ဖက်ဖြင့် မှီထားပြီး မငိုမိစေရန်အတွက် သူမ၏ နှုတ်ခမ်းကို ဖိကိုက်ထားသည်ကို မြင်တွေ့လိုက်ရသည်။

သူ့နှလုံးသားက ချက်ချင်းပင် အောင့်သက်သွား၏။

“သူတို့ကို မိသားစုစည်းကမ်းအတိုင်း စီရင်လိုက်”

သူက ဤစကားလုံးများကို ချန်ထားခဲ့ပြီးနောက် မတ်တတ်ရပ်လိုက်ကာ ကုဟွားဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားခဲ့သည်။

ကုဟွား မျက်ရည်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သူ့ကို မော့ကြည့်လိုက်မိ၏။

မုကျွင်းယန်က သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး တိုးညှင်းသော လေသံဖြင့် ဆိုလိုက်သည်။

“မကြည့်နဲ့တော့”

ထိုသို့ ပြောဆိုပြီးနောက် သူ သူမကို ဆွဲခေါ်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

ကုဟွားကလည်း ထပ်မံ၍ မကြည့်ချင်တော့ချေ။ သူမ မုကျွင်းယန်၏ ဆွဲခေါ်မှုနောက်သို့ အလျင်အမြန်ပင် လိုက်ပါသွားခဲ့၏။

သို့သော်လည်း ဆိုးဝါးလှသော အော်ဟစ်ညည်းတွားသံများက သူတို့နောက်၌ အဆက်မပြတ် ထွက်ပေါ်နေခဲ့ဆဲ ဖြစ်သည်။

ထို့အပြင် ထိုအော်ဟစ်သံများ အမြင့်ဆုံးသို့ ရောက်ရှိသွားတိုင်း ရုတ်တရက်ပင် ရပ်တန့်သွားလေ့ရှိပြီးနောက် ရေပက်ဖျန်းသံများနှင့်အတူ ကျိုးချွန်းယွီက လူများကို ဂျင်ဆင်းဆေးရည်များ အတင်းအကျပ် တိုက်ကျွေးခိုင်းသည့် အသံများ ထွက်ပေါ်လာခဲ့၏။

ဤသို့ အကြိမ်ကြိမ် ပြုလုပ်နေခဲ့သဖြင့် အော်ဟစ်ညည်းတွားသံများက တဖြည်းဖြည်းနှင့် ပိုမို၍ အားနည်းသွားခဲ့ရသည်။

ကုဟွား၏ မျက်နှာက လုံးဝ ဖြူလျော်နေခဲ့ပြီး သူမ၏ ခြေထောက်များက ပိုမို၍ အားနည်းလာသဖြင့် မုကျွင်းယန်၏ ခြေလှမ်းများကို လိုက်မှီရန် ခက်ခဲလာရ၏။

ရုတ်တရက် သူမ ခြေချော်သွားခဲ့သဖြင့် မအောင့်အည်းနိုင်ဘဲ တိုးညှင်းစွာ ညည်းလိုက်မိပြီး ရှေ့သို့ လဲကျသွားသည်။

မြင့်မားလှသော ကိုယ်လုံးကြီးက ချက်ချင်းပင် လှည့်လာခဲ့ပြီး လက်မောင်းများကို ဆန့်ထုတ်ကာ သူမ တစ်ကိုယ်လုံးကို ရင်ခွင်ထဲသို့ ပွေ့ချီလိုက်၏။

သူ၏ ပူနွေးပြီး ကျယ်ပြန့်လှသော ရင်ခွင်ကြီးထဲသို့ ကျရောက်သွားခဲ့ရပြီး ကုဟွားကလည်း ထပ်မံ၍ မရုန်းကန်ချင်တော့ပေ။

သူမ သူ၏ ရင်ဘတ်ပေါ်တွင် မှီထားလိုက်ပြီး တိုးညှင်းစွာ ငိုကြွေးနေမိသည်။

မုကျွင်းယန်က မည်းမှောင်နေသော မျက်နှာထားဖြင့် သူမကို ယာယွင်ဆောင်ဆီသို့ တိုက်ရိုက် ပွေ့ချီလာခဲ့ပြီး ခုတင်ပေါ်တွင် တင်ထားလိုက်ကာ စောင်ကို သေသေချာချာ ခြုံပေးလိုက်၏။

“ဘာမှ လျှောက်တွေးမနေနဲ့တော့... ကောင်းကောင်း အိပ်လိုက်တော့နော်”

သူ စောင်ကို သေသေချာချာ ခြုံပေးလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

ကုဟွား၏ ရင်ထဲ၌ ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရ၏။

သူမ ခံစားမိနေသည်က မုကျွင်းယန်သည် လက်ရှိတွင် အလွန် မပျော်မရွှင်ဖြစ်နေသည်။

သူမ မုကျွင်းယန်နှင့် မုအန်းတို့ကြား၌ မည်ကဲ့သို့သော ပတ်သက်မှုမျိုး ရှိနေခဲ့သည်ကို သေသေချာချာ မသိရှိပေ။

သို့သော် မုအန်းက ယုံမြို့စားကြီးဘွဲ့အမည်ကို ဆက်ခံနိုင်သည်ဖြစ်စေ၊ မဆက်ခံနိုင်သည်ဖြစ်စေ မြို့စားအိမ်တော်၏ စည်းစိမ်ချမ်းသာနှင့် ဂုဏ်ဒြပ်များကို အပြည့်အဝ ခံစားနေရခြင်းသည် မုကျွင်းယန်က သူ့အပေါ်တွင် သားအရင်းတစ်ယောက်ကဲ့သို့ အမှန်တကယ် ဆက်ဆံပေးခဲ့ကြောင်း သက်သေပြနေခဲ့သည်။

ဒါပေမဲ့ မုအန်းကရော ဘာလဲ...

လူအများ၏ ရှေ့တွင် သူ့ကို အရှက်ခွဲခဲ့ခြင်းက သူ၏ နှလုံးသားကို အမှန်တကယ်ပင် အပိုင်းပိုင်းအစစ ဖြစ်အောင် ရိုက်ချိုးပစ်လိုက်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ကုဟွား ထထိုင်လိုက်မိပြီး စောင်ကို ခြုံထားကာ ခဏမျှ ငြိမ်နေလိုက်မိသည်။ သူမ၏ စိတ်ခံစားချက်များ ပြန်လည်တည်ငြိမ်သွားခဲ့ရ၏။

ခန္ဓာကိုယ်၌လည်း ပြဿနာမရှိတော့ကြောင်း ခံစားလိုက်ရသဖြင့် သူမက ခုတင်ပေါ်မှ ဆင်းကာ ဖိနပ်ကို ဝတ်ဆင်လိုက်သည်။

တုန့်ဟွားနှင့် တုန့်ချင်းတို့က မုကျွင်းယန် ထွက်ခွာသွားခဲ့ပြီးမှသာ အထဲသို့ ဝင်လာရဲကြပြီး သူမ မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ အလျင်အမြန်ပင် ရှေ့သို့လှမ်းလာ၍ ကူတွဲပေးလိုက်ကြ၏။

“ငါ သွားပြီး အချိုပွဲမုန့်တွေ အဆင်သင့် ဖြစ်ပြီလားလို့ သွားကြည့်လိုက်ဦးမယ်”

“ဒါပေမဲ့...”

“ငါ မြို့စားကြီးအတွက် ညလယ်စာမုန့် လုပ်ပေးပါ့မယ်လို့ ကတိပေးထားတာလေ”

သူမက သူ့ကို အသုံးချရုံသက်သက်မျှသာ မပြုလုပ်နိုင်ပါချေ။ သူ၏ စိတ်ခံစားချက်များ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ခြင်းကလည်း ကောင်းမွန်သောအရာတစ်ခုပင် ဖြစ်သည်။

တုန့်ဟွားနှင့် တုန့်ချင်းတို့ကလည်း မတတ်နိုင်တော့ဘဲ သူမနှင့်အတူ စားဖိုဆောင်ဆီသို့ လိုက်ပါလာခဲ့ကြရသည်။

ကွမ်းရှန်းဆောင်...

စာကြည့်ဆောင်အတွင်း၌ မည်သည့်မီးအိမ်မျှ ထွန်းညှိထားခြင်း မရှိချေ။

ကုဟွားက အစားအစာသေတ္တာကို သယ်ဆောင်ထားရင်း တံခါးဆီသို့ လျှောက်လှမ်းသွားခဲ့၏။

အတွင်းခန်းတစ်ခုလုံး မှောင်မိုက်နေသည်ကို မြင်တွေ့လိုက်ရသောအခါ သူမ ရင်ထဲ၌ အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။

သူမ လှည့်ပြန်ရန် ပြင်လိုက်စဉ်၌ အတွင်းခန်းထဲမှ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာခဲ့၏။

“ဝင်လာခဲ့”

ကုဟွားက အသက်ပြင်းပြင်း ရှူလိုက်မိပြီး တံခါးကို ညင်သာစွာ တွန်းဖွင့်ကာ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

သူမက မှောင်မိုက်နေသော နေရာ၌ မလှုပ်မယှက် ထိုင်နေသော မုကျွင်းယန်ကို ဝေဝါးစွာ မြင်တွေ့လိုက်ရ၏။

“ဘာကိစ္စလဲ”

သူ၏ လေသံက တည်ငြိမ်နေခဲ့ပြီး မည်သည့်ခံစားချက်မျှ ရှိမနေခဲ့သော်လည်း ကုဟွား သူ့ရင်ထဲမှ လေးလံမှုများကို အတိုင်းသား ကြားနေရသည်။

ကုဟွား ညင်သာစွာ ဆိုလိုက်၏။

“ကျွန်မ မြို့စားကြီးအတွက် ညလယ်စာ မုန့်နှစ်မျိုး လုပ်လာခဲ့ပေးပါတယ်”

မှောင်မိုက်သော ညက တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။

သို့သော် ကုဟွား မုကျွင်းယန်ထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် အရှိန်အဝါကို ခံစားနေရသည်။

ထွက်ပြေးချင်စိတ် ပေါက်သွားစေသည့် ထိတ်လန့်တုန်လှုပ်ဖွယ် ခံစားချက်က တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ပြန်၏။

ရုတ်တရက် မီးတောက်တစ်ခု လင်းလက်သွားခဲ့သည်။

မုကျွင်းယန်က စာရေးစားပွဲပေါ်ရှိ တိမ်တိုက်နှင့် ကြိုးကြာငှက်ပုံစံ မီးအိမ်ကို ထွန်းညှိလိုက်ခြင်းဖြစ်၏။

ကုဟွား၏ စိုးရိမ်ပူပန်နေသော နှလုံးသားလေးက အနည်းငယ် တည်ငြိမ်သွားသည်။ သူ ငြင်းဆန်ခြင်း မပြုသည်ကို မြင်တွေ့လိုက်ရသောအခါ သူမက အစားအစာသေတ္တာကို သယ်ဆောင်ပြီး စားပွဲအနားသို့ တိုးကပ်သွားခဲ့၏။

သူမ အစားအစာသေတ္တာကို ဖွင့်လှစ်လိုက်ပြီး လှပသော လိပ်ပြာပုံစံ မုန့်ကြွပ်တစ်ပန်းကန်နှင့် အရသာရှိလှသော ဖက်ထုပ်တစ်ပန်းကန်တို့ကို ထုတ်ယူလိုက်သည်။

မုကျွင်းယန်၏ မျက်ဝန်းများက ပိုမို၍ နက်ရှိုင်းသွား၏။

သူ ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ တစ်ကိုယ်လုံးကို ပွေ့ချီလိုက်သည်။

ကုဟွား တိုးညှင်းစွာ ညည်းလိုက်မိ၏။

သူမ၏ လက်ထဲမှ အစားအစာသေတ္တာက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရပြီး သူမ လက်ရှိတွင် သူ့ပေါင်ပေါ်၌ ထိုင်လျက်သား ဖြစ်နေခဲ့သည်။

သူမ မေးစေ့လေး ပင့်မခံလိုက်ရပြီးနောက် သူ၏ အေးစက်ပြီး နက်ရှိုင်းနေသည့် မျက်ဝန်းများဖြင့် အကြည့်ချင်း ဆုံမိသွားသည်။

“မုန့်သေတ္တာလေး ပြုတ်ကျသွားပြီ”

မိန်းမပျိုလေးက မျက်လုံးလေးများကို အကြည့်လွှဲနေရင်း တိုးညှင်းသော အသံလေးဖြင့် ပြောလိုက်၏။

“ကိုယ့်ကို ကြည့်”

ကုဟွား မတတ်သာတော့ဘဲ စိတ်ကိုတင်းကာ သူ၏ မည်သည့် ခံစားချက် အရိပ်အယောင်မျှ မရှိသော စူးစိုက်ကြည့်မှုများကို ရင်ဆိုင်ရင်း ထိုမျက်ဝန်းများကို တည့်တည့် စိုက်ကြည့်လိုက်ရသည်။

“မင်း ကိုယ့်ကို အကူအညီ တောင်းချင်လို့လား”

မိန်းမပျိုလေးကို စိုက်ကြည့်နေရင်း မုကျွင်းယန် ရင်ထဲ၌ အနည်းငယ် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။

အကယ်၍ မုအန်းသာ မရှိခဲ့လျှင် သူမက ဤအခြေအနေအထိ အတင်းအကျပ် တွန်းပို့ခံရမည် မဟုတ်ပေ။

သူမ၏ ဖြူစင်မှုကို ဖျက်ဆီးပြီး အရှက်သိက္ခာကိုပါ စွန့်လွှတ်ကာ သူ့အကာအကွယ်ကို ရယူရန် မျှော်လင့်ခဲ့ရသည်။

သို့သော်လည်း ယနေ့၌ သူ သူမကို မတရားမှုများစွာ ခံစားစေခဲ့မိပြန်သည်။

မုကျွင်းယန် ရုတ်တရက် သူမ ဆန္ဒကို ဖြည့်ဆည်းပေးချင်စိတ် ပေါက်သွား၏။

ကုဟွား ရိုးသားစွာ ခေါင်းခါပြလိုက်ပြီးမှ ပြန်၍ ခေါင်းညိတ်ပြလိုက်သည်။

မုကျွင်းယန် သူမ ဆက်ပြောမည့် စကားကို စောင့်ဆိုင်းနေခဲ့၏။

ရိုးသားမှုက အမြဲတမ်း အသုံးအဝင်ဆုံး ဗျူဟာတစ်ခု ဖြစ်သည်။

ကုဟွား ခန္ဓာကိုယ်ချင်း အနည်းငယ် ဝေးကွာသွားစေရန် တတ်နိုင်သမျှ မတ်မတ်ထိုင်လိုက်ပြီး အမှားတစ်ခုခု ပြုလုပ်ထားမိသော ကလေးငယ်တစ်ဦးကဲ့သို့ ခေါင်းလေးငုံ့ထားမိသည်။

“ဒီကိုယ်လုပ်တော်က အစတုန်းက မြို့စားကြီးအတွက် ညလယ်စာ မုန့်တွေ ပြင်ဆင်လာခဲ့တာပါ။ စောနက ဖြစ်ပျက်သွားခဲ့တဲ့ ကိစ္စက မြို့စားကြီးရဲ့ စိတ်ကို ထိခိုက်စေခဲ့မိမှာပဲလေ။ မြို့စားကြီး စိတ်အခြေအနေ မကောင်းမှန်း သိလို့ ဂရုစိုက်ပေးပြီး မြို့စားကြီးရဲ့ စိတ်ကို သက်သာရာရစေချင်ရုံ သက်သက်ပါပဲ”

“အမ်း... အဲဒါကတော့ အမှန်တရားပဲ”

မုကျွင်းယန် ခေါင်းညိတ်လိုက်သည်။

“ဒါဆို မင်း တောင်းဆိုချင်တဲ့ အကူအညီက ဘာလဲ”

ကုဟွား မျက်ခုံးပင့်ကာ သူ့ကို ခိုးကြောင်ခိုးဝှက် တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာက ပုံမှန်အတိုင်းပင် ရှိနေ၏။

သူမ အလျင်အမြန်ပင် မျက်လွှာပြန်ချလိုက်ပြီး အသံကို တိုးနိုင်သမျှ တိုးကာ လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော်ကို အရည်အချင်းရှိတဲ့ လူတစ်ယောက်လောက် ပေးစေချင်ပါတယ်။ ဒီကိုယ်လုပ်တော်က အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုကို စုံစမ်းချင်လို့ပါ”

အလွန်အမင်း လိမ္မာယဉ်ကျေးစွာဖြင့် သူမကိုယ်သူမ “ကိုယ်လုပ်တော်” ဟုပင် သုံးနှုန်းနေခဲ့၏။

ပူလောင်လှသော လက်ဖဝါးကြီးက သူမ ခါးအောက်ပိုင်းကို ပွတ်သပ်လာချိန်၌ ကုဟွား၏ နောက်ကျောတစ်ခုလုံး တောင့်တင်းသွားရသည်။

“ခွင့်ပြုတယ်”

လက်ဖဝါးကြီးက အနည်းငယ် ဖိအားပေးလာ၏။

ကုဟွား သဘောပေါက်သွားသဖြင့် ထိုအရှိန်အတိုင်း သူ့ရင်ခွင်ထဲသို့ တိုးဝင်မှီတွယ်လိုက်တော့သည်။

သူမ လက်ကို ဆန့်ထုတ်ကာ သူ၏ လည်ပင်းကို ဖက်တွယ်ရန် ပြင်လိုက်သော်လည်း သူက သူမ လက်ကို ဖိကိုင်ကာ တားဆီးလိုက်၏။

“ဒီစွပ်ပြုတ်ကို သောက်လိုက်ဦး”

ထိုအခါမှသာ ကုဟွား စားပွဲပေါ်၌ စွပ်ပြုတ်တစ်ခွက် ရှိနေသည်ကို သတိပြုမိသွားသည်။

ညစ်ပတ်သော ဆေးခတ်ထားသည့် စွပ်ပြုတ်မှ လွတ်မြောက်လာခါစ ဖြစ်သဖြင့် သူမက မသိစိတ်အရ စွပ်ပြုတ်များကို ကြောက်ရွံ့နေမိသည်။ သူမ ထိတ်လန့်တုန်လှုပ်စွာ မေးမြန်းလိုက်၏။

“ဒါ... ဒါက ဘာစွပ်ပြုတ်လဲဟင်”

“လူကို သာယာမှု ပေးနိုင်တဲ့ အားဖြည့်စွပ်ပြုတ်လေ”

ကုဟွား၏ မျက်နှာ ချက်ချင်းပင် ဖြူဖျော့သွားပြီး ဦးနှောက်တစ်ခုလုံး ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဘာ... ဘာလို့ ကျွန်မက ဒီလိုဟာမျိုးကို သောက်ရမှာလဲ”

“မင်းပဲ ကိုယ့်အတွက် ကျောက်ကပ်ကို အားဖြည့်ပေးပြီး စွမ်းအင်တွေ တိုးပွားစေမဲ့ ဟင်းလျာတွေ အပြည့်အစုံ လုပ်ပေးခဲ့တာ မဟုတ်ဘူးလား... မင်း လိုချင်နေမှတော့ ကိုယ်ကလည်း အပြန်အလှန် တုံ့ပြန်ပေးရုံပါပဲ”

ကုဟွား၏ မျက်နှာလေး ညိုးငယ်သွားပြီး ရိုကျိုးစွာ အသနားခံလိုက်၏။

“ဒီစွပ်ပြုတ်ကို သောက်ဖို့ မလိုပါဘူး... ဒီကိုယ်လုပ်တော် မြို့စားကြီးကို သေသေချာချာ ပြုစုနိုင်ပါတယ်”

All Chapters