← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း(၈၉)

ကုဝမ်ရုတွင် ဒေါသထွက်စရာ နေရာမရှိသလို လူကို ရိုက်နှက်ရန်လည်း ခွန်အားမရှိသောကြောင့် ဆဲရေးတိုင်းထွာခြင်းသာ ပြုလုပ်နိုင်သည်။

ကျင်းခွေ့ တစ်ခွန်းမျှ ပြန်မပြောဘဲ လှည့်ထွက်သွား၏။

ပုံမှန်အားဖြင့် သခင်လေး ရောက်မလာသည့်အချိန်တိုင်း သခင်မလေးက အစေခံများအပေါ်တွင် ဒေါသပုံချလေ့ရှိပြီး အထူးသဖြင့် ကုဟွားအပေါ်တွင် အပြစ်ရှာလေ့ရှိသည်။

အတိတ်တုန်းက ခံစားချက်အားလုံးကို ပုံချ၍ရသော ကုဟွား ရှိနေခဲ့သဖြင့် ကုဝမ်ရု၏ ဒေါသအားလုံးက သူမဆီသို့သာ တိုက်ရိုက် ကျရောက်သွားလေ့ရှိသည်။

နောက်ပိုင်းတွင် ကုဟွား မြို့စားအိမ်တော်၏ အကာအကွယ်ကို ရရှိသွားခဲ့ပြီး ယန်ကျစ်က ကိုယ်လုပ်တော်အဖြစ် မြှင့်တင်ခြင်းခံလိုက်ရချိန်တွင် ကုဝမ်ရုက ယန်ကျစ်အပေါ်သို့ ဒေါသပုံချခဲ့ပြန်သည်။

သို့သော် ယန်ကျစ်က အလွန်အမင်း သစ္စာရှိသူ ဖြစ်၏။ သူမက သခင်မလေးထံသို့ လာရောက်ပြုစုတိုင်း မတရား ခံနေရကြောင်း သေသေချာချာပင် သိရှိသော်လည်း ကြည်ဖြူစွာ လက်ခံခဲ့သည်။

ယန်ကျစ်က ကျင်းခွေ့ကိုပင် ပြောပြခဲ့ဖူးသည်။

‘သခင်မလေးက ကုဟွားဆိုတဲ့ မိန်းမပျက်ကြောင့် ဒေါသထွက်နေရတာ...တကယ်လို့ သူ့ကို ဒေါသပုံချခွင့်မပေးရင် သူ့ရင်ထဲမှာ ပိတ်ဆို့ပြီး ဖျားနာသွားလိမ့်မယ်’

ထို့ကြောင့် ယန်ကျစ် သူမအနေဖြင့် သခင်မလေး၏ ရိုက်နှက်ဆဲဆိုမှုများကို ကြည်ဖြူစွာ လက်ခံမည်ဖြစ်ပြီး သခင်မလေးကို ရင်ထဲ၌ အောင့်အည်းမထားစေချင်ဟု ပြောခဲ့ဖူးသည်။

ကျင်းခွေ့ လှည့်ထွက်သွားသည်နှင့် သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်နှက်လာခဲ့ရသည်။

‘ယန်ကျစ်... ဒါက နင် ခွေးတစ်ကောင်လိုမျိုး သစ္စာရှိရှိ ပြုစုလုပ်ကျွေးခဲ့တဲ့ သခင်မလေးပဲ’

‘နင် အသက်ပျောက်လုမတတ် ရိုက်နှက်ခံနေရတဲ့ အချိန်မှာတောင် သူ နင့်ကို နည်းနည်းလေးတောင် စဉ်းစားပေးခဲ့ဖူးရဲ့လား’

‘လုံးဝ မရှိခဲ့ဖူးဘူး’

‘သခင်မလေးက သခင်လေး သူ့ကို ဂရုစိုက်ရဲ့လား...သခင်လေးက သူ့ကိုခွင့်လွှတ်ပေးမှာလား ဆိုတာတွေကိုပဲ စိတ်ပူနေခဲ့တာ’

ကျင်းခွေ့ ရင်ထဲ၌ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွား၏။

ယန်ကျစ်နှင့် သူမ အိမ်တော်မွေး အစေခံများ ဖြစ်ကြသည်။ ယန်ကျစ်၏ အမေက ကုဝမ်ရု၏ နို့ထိန်းဖြစ်ခဲ့ဖူး၏။

ပုံမှန်အားဖြင့် မိခင်နို့စို့ခဲ့ဖူးသော သခင်လေး သို့မဟုတ် သခင်မလေးများက သူတို့၏ နို့ထိန်းများကို ဒုတိယအမေကဲ့သို့ သတ်မှတ်လေ့ရှိကြသည်။

ထိုနို့ထိန်းကြီး ပြင်းထန်စွာ ဖျားနာပြီး အကြီးဆုံးမမလေးအနားတွင် မခစားနိုင်တော့ချိန်၌ သူမ၏ သမီးအရင်းကို အကြီးဆုံးမမလေး အနားသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ယန်ကျစ်နှင့် ကျင်းခွေ့တို့ အိမ်တော်ထဲတွင် အတူတကွ ကြီးပြင်းလာခဲ့ကြပြီး အသက်ခုနစ်နှစ်အရွယ်တည်းက အကြီးဆုံးမမလေး အနားတွင် အတူတူ ခစားခဲ့ကြရသည်။

သူမနှင့် ယန်ကျစ်တို့က စရိုက်ချင်း မတူညီကြသော်လည်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်စောင့်ရှောက်ခဲ့ကြသည့် ညီအစ်မကောင်းများ ဖြစ်ကြသည်။

သူမ၏ ညီအစ်မကောင်းတစ်ယောက် သခင်မလေးအတွက် အပြစ်ခံယူပေးရင်း သွေးချင်းချင်းနီကာ အသက်ပျောက်လုမတတ် ရိုက်နှက်ခံခဲ့ရသည်ကို မြင်တွေ့လိုက်ရပြီးနောက် ကျင်းခွေ့ အချိန်အကြာကြီး ထိန်းသိမ်းလာခဲ့သော ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး စည်းကမ်းချက်ကြီးက အက်ကွဲသွား၏။

‘ကိုယ့်ကိုယ်ကို ကာကွယ်နေရုံသက်သက်နဲ့ရော ငါ အသက်ရှင်နိုင်ပါဦးမလား’

ကျင်းခွေ့ ဆေးရည်ကို အခန်းထဲသို့ ယူဆောင်လာခဲ့သည်။ သူမက ဇွန်းကို ကိုင်ဆောင်ထားရင်း ကုဝမ်ရုကို တိုက်ကျွေးရန် ပြင်လိုက်၏။

ဆေးရည်က ယခုတင် ကျိုထားခါစ ဖြစ်၍ အလွန်ပူသောကြောင့် သူမ ဇွန်းထဲမှ ဆေးရည်ကို မှုတ်ပေးနေမိသည်။

ကုဝမ်ရုက ဒေါသအရှိန်ကြောင့် လောင်မြိုက်နေပြီး ပုံချစရာ နေရာမရှိဘဲ ဖြစ်နေခဲ့သည်။ သူမက ခေါင်းငုံ့ထားရင်း မည်သည့်အမူအရာမျှ မရှိသော ကျင်းခွေ့ကို စူးစိုက်ကြည့်နေမိပြီး ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်ကာ ပူကျစ်နေသော ဆေးရည်တစ်ခွက်လုံးကို ကျင်းခွေ့၏ မျက်နှာပေါ်သို့ ပက်လိုက်သည်။

ကျင်းခွေ့ နာကျင်စွာ အော်ဟစ်လိုက်မိ၏။

သူမ၏ မျက်နှာကို အုပ်ထားလိုက်ပြီးမှ ချက်ချင်းပင် လက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

အပူလောင်သွားသဖြင့် ကြောက်မက်ဖွယ် နီရဲနေသော မျက်နှာထားဖြင့် သူမ အရူးမကြီးကဲ့သို့ ဖြစ်နေသော ကုဝမ်ရုကို စူးစိုက်ကြည့်လိုက်၏။

“သခင်မလေး... ယန်ကျစ်ကလည်း သခင်မလေးကြောင့် သေအောင် ရိုက်သတ်ခံလိုက်ရပြီ။ အခု သခင်မလေးအနားမှာ ဒီအစေခံတစ်ယောက်ပဲ ကျန်တော့တာ... အခု ဒီအစေခံကိုပါအပူလောင်အောင် လုပ်လိုက်ပြီဆိုတော့... သခင်မလေးအနားမှာ ပြုစုလုပ်ကျွေးမဲ့သူ ရှိဦးမှာတဲ့လား”

ကုဝမ်ရု ဆွံ့အသွားပြီး သွေးတစ်လုပ် သူမ၏ လည်ချောင်းဝသို့ ဆန်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။

ကျင်းခွေ့၏ အေးစက်သော အကြည့်များကြောင့် သူမ ရုတ်တရက် အနည်းငယ် ကြောက်ရွံ့မိသွား၏။

သူမ၏ စိတ်ခံစားချက်များကို အတင်းအကျပ် တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

“သွားပြီး နောက်ထပ် ဆေးအသစ်တစ်ခွက် ထပ်ယူလာခဲ့”

ကျင်းခွေ့က စကားတစ်ခွန်းမျှ ပြန်မပြောဘဲ လှည့်ထွက်သွားခဲ့သည်။

ကုဝမ်ရုက ဒေါသထွက်လွန်းသဖြင့် လူသတ်ချင်စိတ် ပေါက်နေမိသည်။

‘ငါ အဲဒီမိန်းမပျက် ကုဟွားကို သတ်ပစ်ချင်တယ်’

ကုဟွား၏ နှုတ်ခမ်းလေးများ တင်းကျပ်စွာ ပိတ်ဆို့ခြင်းခံထားရသဖြင့် အသက်ပင် ဝဝမရှူနိုင်တော့ချေ။

သူမ အသက်ပြင်းပြင်း ရှူသွင်းရန် ပြင်လိုက်စဉ် ပွေ့ချီခြင်းခံလိုက်ရပြီး နူးညံ့သော ညောင်စောင်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။

သူမ တစ်ကိုယ်လုံး အသက်ရှူကျပ်ပြီး မေ့လဲလုနီးပါး ဖြစ်ခါနီးကျမှသာ နီမြန်းဖူးယောင်နေသော နှုတ်ခမ်းလေးများက လွတ်မြောက်ခွင့် ရသွား၏။

အကြိမ်အနည်းငယ် ခန္ဓာကိုယ်ချင်း ဆက်စပ်ပြီးနောက် ယခင်နှစ်ကြိမ်က အတွေ့အကြုံအရဆိုလျှင် သူမ လက်ချောင်းထိပ်လေးများ နူးညံ့ပျော့ခွေပြီး အားအင်ကုန်ခမ်းနေရမည် ဖြစ်သည်။

သို့သော်လည်း ဤညတွင် ဆန်းကြယ်စွာ သူမ၌ ခွန်အားများ ပြည့်နှက်နေခဲ့ရ၏။

သူမ စားပွဲပေါ်ရှိ ဆေးခွက်ကို လှမ်းကြည့်လိုက်မိသည်။ ခုနက သောက်ခဲ့ရသော စွပ်ပြုတ်၏အနံ့က ဟိုစွပ်ပြုတ်နှင့် အနည်းငယ် ကွဲပြားခြားနားနေသည်ကို ရုတ်တရက် သတိရသွားမိသည်။

‘အာ... ဂျင်ဆင်းစွပ်ပြုတ်လား’

‘ငါ့မှာ ခွန်အားတွေ ကျန်နေသေးတာ မထူးဆန်းတော့ဘူး’

“ပင်ပန်းနေပြီလား”

အပေါ်မှ အုပ်မိုးထားသော အမျိုးသားက သူမ၏ မျက်နှာကို ဆွဲလှည့်လိုက်ပြီး သူမ စိတ်ပျံ့လွင့်နေသည်ကို မကျေမနပ် ဖြစ်နေပုံရသည်။

ကုဟွားက သူ့ကို ငေးစိုက်ကြည့်နေမိပြီး ထိတ်လန့်တုန်လှုပ်စွာ မေးမြန်းလိုက်မိ၏။

“ခုနက သောက်ခဲ့ရတဲ့ စွပ်ပြုတ်က ဘာစွပ်ပြုတ်လဲဟင်”

မုကျွင်းယန် တိုးညှင်းစွာ ရယ်မောလိုက်ပြီး ကိုယ်ကို ကိုင်းညွတ်ကာ သူမ၏ ပုလဲလုံးလေးကဲ့သို့ လှပသော နားသန်သီးလေးကို နှုတ်ခမ်းဖြင့် ငုံခဲလိုက်သည်။ ကုဟွားတစ်ယောက် မအောင့်အည်းနိုင်ဘဲ တိုးညှင်းစွာ ညည်းလိုက်မိသည်။

“ဂျင်ဆင်းစွပ်ပြုတ်လေ”

ထိုအက်ရှရှနှင့် ဆွဲဆောင်မှု ပြည့်နှက်နေသော အသံကြီးကို ကြားလိုက်ရသဖြင့် ကုဟွားတစ်ကိုယ်လုံး မတတ်နိုင်ဘဲ တုန်ယင်သွားခဲ့ရ၏။

‘သူ တအား မုန်းဖို့ကောင်းတာပဲ’

သူက သူမကို အမှန်တကယ်ပင် လှည့်စားခဲ့ခြင်း ဖြစ်၏။

ထို့နောက် နားသန်သီးလေးဆီမှ စူးရှသော နာကျင်မှုတစ်ခု ထွက်ပေါ်လာသည်။ သူ သူမ၏ နားရွက်ကို ပြင်းထန်စွာ ကိုက်ခဲပစ်လိုက်ခြင်း ဖြစ်သည်။

နားရွက်က အလွန်အမင်း နာကျင်သွားသဖြင့် သူမက ရှူးရှူးရှဲရှဲ ညည်းတွားလိုက်မိပြီး သူ့ကို တွန်းထုတ်ရန် ကြိုးစားလိုက်မိသည်။

အပြင်ဘက်တွင် ညကင်းစောင့်၏ ဒုတိယအကြိမ် တီးခတ်သံ ထွက်ပေါ်နေပြီ ဖြစ်သော်လည်း သူက အရှိန်လျော့မည့်ပုံ မရှိသေးချေ။

‘ဘုရားရေ...ငါ ခံနိုင်ရည် မရှိတော့ဘူးလို့’

“မြို့စားကြီး... ညဉ့်နက်နေပါပြီ”

ကုဟွား ပျာပျာသလဲဖြင့် သူ့ကို ပြင်းထန်စွာ တွန်းထုတ်လိုက်ပြီး ခန္ဓာကိုယ်ကို လှည့်ကာ ထွက်ပြေးရန် ကြိုးစားလိုက်မိသည်။

သို့သော် သူမ၏ ခန္ဓာကိုယ် ထက်ဝက်ကျော်ခန့် အပြင်သို့ ရောက်ရှိသွားချိန်၌ ခြေကျင်းဝတ်ကို ဖမ်းဆွဲခြင်းခံလိုက်ရပြီး နောက်သို့ ပြန်လည်ဆွဲခေါ်သွားခြင်း ခံလိုက်ရ၏။

ထိုညက ကိုယ်လုပ်တော်ပိုင် သင်ကြားပေးခဲ့သော နည်းလမ်းများကိုပင် ထုတ်ဖော်ပြသရန်ပင် မလိုခဲ့ချေ။

မုကျွင်းယန်က သူ့အကြောများ ပွင့်သွားသကဲ့သို့ သူမကို ဆူပွက်နေသော အိုးပူကြီးထဲမှ အရသာရှိသော ဟင်းလျာတစ်မျိုးလို အထက်အောက် ဘယ်ညာ အကြိမ်ကြိမ် လှည့်လည်စားသုံးနေခဲ့သဖြင့် နောက်ဆုံး၌ သူမ ခွန်အားများ လုံးဝကုန်ခမ်းကာ ပျော့ခွေသွားပြီး သူ ပြုသမျှကိုသာ ငြိမ်သက်စွာ ခံယူနေရသည်။

တိတ်ဆိတ်သော ညတွင် ဆောင်းဦးလေညင်းက ညင်သာစွာ တိုက်ခတ်နေခဲ့ပြီး ဂင်ဂိုရွက်ဝါလေးများ တစ်ရွက်ပြီးတစ်ရွက် ကြွေလွင့်နေခဲ့ကြသည်။

ကုဟွား ရေအိုင်ငယ်လေး တစ်ခုကဲ့သို့ လုံးဝ အရည်ပျော်ကျသွားခဲ့ရ၏။

ချွေးစေးများဖြင့် စိုစွတ်နေသော ခန္ဓာကိုယ်လေးက သူ့ရင်ခွင်ကျယ်ကြီးထဲသို့ တင်းကျပ်စွာ ထည့်သွင်း ပွေ့ဖက်ခြင်း ခံထားရသည်။

သူ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ပြီဖြစ်သော်လည်း သူမက လေးလံသော မျက်ခွံများကို အတင်းအကျပ် ဖွင့်ဟပြီး ပြတင်းပေါက်ပြင်ပမှ တောက်ပနေသော လမင်းကြီးကိုသာ ငေးစိုက်ကြည့်နေမိသည်။

သူမ စိတ်အာရုံက အလွန် ကြည်လင်ပြတ်သားနေခဲ့၏။

သူမကို သေဆုံးစေရန် ကြံစည်ခဲ့ဖူးသော ယန်ကျစ်တစ်ယောက် ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံလိုက်ရသည်ကို သူမ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။

‘ယန်ကျစ် သေသွားပြီလား’

ကုဝမ်ရု ဗိုက်နာသည်ဟု ဆိုကာ ငိုကြွေးနေခဲ့သော အသံကိုလည်း သူမ အတိုင်းသား ကြားခဲ့ရသည်။

‘သူ့ဗိုက်ထဲမှာ ကလေးလေးရော ရှိသေးရဲ့လား မသိဘူး’

သူမ နောက်မှ တင်းကျပ်စွာ ဖက်တွယ်ထားသော အမျိုးသား၏ သဘောထားက ပြောင်းလဲသွားပြီဟု သူမ ခံစားမိနေသည်။ သူမက ပျော်ရွှင်သင့်သော်လည်း ရင်ထဲတွင် ထိုသို့သော ခံစားချက်မျိုး ထွက်ပေါ်မလာခဲ့ချေ။

သူ၏ တည်ငြိမ်ပြီး စည်းချက်ကျနေသော အသက်ရှူသံကို ကြားနေရသဖြင့် ကုဟွား ခေါင်းကို ညင်သာစွာ လှည့်ကြည့်လိုက်မိသည်။ ဖြောင့်စင်းနေသော သူ၏ နှာတံရှည်ကြီးကို မြင်တွေ့လိုက်ရသည်။

သူမ လက်ညှိုးလေးကို ဂရုတစိုက် ဆန့်ထုတ်လိုက်ပြီး သူ၏ နှာတံတစ်လျှောက် ပွတ်ဆွဲလာခဲ့ကာ စောနက သူမအပေါ် ရူးသွပ်စွာ နမ်းရှိုက်ခဲ့သော နှုတ်ခမ်းသားများပေါ် ရပ်တန့်လိုက်မိ၏။

ဓားသွားကဲ့သို့ ပါးလွှာစူးရှသော်လည်း အနည်းငယ် အေးစက်နေခဲ့သည်။

‘ဒီလိုမျိုး အမျိုးသားက တော်တော်လေး ကောင်းတာပဲ’

ရုတ်တရက် သူမ လက်ချောင်းထိပ်လေးဆီမှ ပူနွေးသော ခံစားချက်တစ်ခု ထွက်ပေါ်လာ၏။

အခန်း(၉၀)

သူမ၏ လက်ညှိုးလေးကို သူ ပါးစပ်ဖြင့် ငုံခဲလိုက်ခြင်း ဖြစ်သည်။

စူးရှသော နာကျင်မှုတစ်ခုကြောင့် သူမ လက်ကို နောက်သို့ ပြန်လည်ဆွဲယူရန် ပြင်လိုက်သော်လည်း ထိုအမျိုးသားက ပိုမို၍ တင်းကျပ်စွာ ကိုက်ခဲထားလိုက်၏။

ရင်ထဲ၌ ရှက်စိတ်နှင့် ဒေါသစိတ်များ ဒွန်တွဲသွားသဖြင့် ကုဟွား မကျေမနပ် ညည်းတွားလိုက်မိပြီး တိုးညှင်းသော လေသံလေးဖြင့် ဆိုလိုက်သည်။

“ရှင်က ခွေးလား”

သူမ၏ ဒေါသကလည်း ပိုမိုကြီးလာခဲ့ပြီး သတ္တိကလည်း ပိုမိုကောင်းလာခဲ့သည်။

‘ဒါပေမဲ့ ဘာဖြစ်လို့ ငါ ဒီအပြုအမူလေးကို တအား ချစ်စရာကောင်းတယ်လို့ ခံစားနေရတာလဲ’

မုကျွင်းယန် သူမ၏ လက်ညှိုးလေးကို လွှတ်ပေးလိုက်ပြီး တိုးညှင်းစွာ ရယ်မောလိုက်ကာ သူမ ခန္ဓာကိုယ်ကို ဆွဲလှည့်လိုက်သည်။

နိုးထလာခဲ့ပြီဖြစ်သော သူ၏ နက်ရှိုင်းလှသော မျက်ဝန်းအစုံက ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ သူမကို စူးစိုက်ကြည့်ရှုနေခဲ့ပြီး အက်ရှရှအသံကြီးက သူမကို ထိတ်လန့်သွားစေခဲ့၏။

“ဘာလဲ... မဝသေးဘူးလား... ထပ်ပြီး လိုချင်သေးလို့လား”

“မဟုတ်ပါဘူး”

ကုဟွားက ထိတ်လန့်လွန်းသဖြင့် သူမ အသံပင် တုန်ယင်သွားခဲ့ရသည်။

ထို့နောက် တိုးညှင်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့၏။

မုကျွင်းယန် သူမ၏ အနည်းငယ် ဖူးယောင်နေသော နှုတ်ခမ်းပါး နီနီရဲရဲလေးကို ခပ်ဖွဖွ နမ်းရှိုက်လိုက်ပြီး နုနယ်လှသော ပါးပြင်လေးကို ဖိကပ်ထားရင်း ညင်သာစွာ ချော့မော့လိုက်သည်။

“ကိုယ်တို့အတွက် အချိန်တွေ အများကြီး ရှိပါသေးတယ်... မင်း မနက်ဖြန်ကျရင် လုပ်စရာတွေ ရှိနေဦးမှာမို့လို့ ကောင်းကောင်း အိပ်လိုက်တော့”

‘ငါ့မှာ လုပ်စရာတွေ ရှိနေတာလား’

‘ငါက ဘာဖြစ်လို့ မသိရတာလဲ’

‘သူ ပြောပုံအရဆိုရင် ငါကပဲ လိုချင်တက်မက်နေပြီး သူကတော့ ဘာမှမဖြစ်သလိုမျိုးပဲနော်...တကယ်တော့ သူပဲ ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်လို ပြုမူနေခဲ့တာ မဟုတ်ဘူးလား’

ကုဟွား ရင်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

သို့သော် သူ သူမကို လွှတ်ပေးရန် သဘောတူလိုက်ပြီးဖြစ်သဖြင့် သူမ ချက်ချင်းပင် ပြန်လည်ပျော်ရွှင်သွားခဲ့ရ၏။

သူမ တောက်ပစွာ ပြုံးလိုက်ပြီး အပြန်အလှန်အနေဖြင့် သူ့ပါးကို အားရပါးရ နမ်းရှိုက်လိုက်သည်။

“သခင်ကြီးက အကောင်းဆုံးပဲ”

မုကျွင်းယန်၏ လက်ဖဝါးကြီးက သူမ သွယ်လျသော ခါးသိမ်သိမ်လေးကို ဆွဲဖက်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်ချင်း တင်းကျပ်စွာ ဖိကပ်ထားလျက် သူမကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

“မင်း အမှန်အတိုင်း ပြောနေတာလား”

ထိုခန့်ညားလှသော မျက်နှာကို ရင်ဆိုင်လိုက်ရသဖြင့် ကုဟွား တံတွေးကို အနိုင်နိုင် မျိုချလိုက်ရ၏။

“သေချာတာပေါ့... ဒါက အမှန်တရားပဲ... လောကကြီးမှာ သခင်ကြီးထက် ပိုကောင်းတဲ့ အမျိုးသား ရှိပါဦးမလား”

‘ဒီစကားလုံးတွေက အရမ်း အတုအယောင် ဆန်လွန်းတယ်’

မုကျွင်းယန် သူမကို ခဏတာမျှ စိုက်ကြည့်လိုက်ပြီးနောက် သူ့အမူအရာက တည်ငြိမ်အေးစက်သော ပုံစံသို့ ပြန်လည်ပြောင်းလဲသွားခဲ့ပြီး သူမ၏ လက်ကို လွှတ်ပေးလိုက်သည်။

“အိပ်တော့”

ကုဟွား ရင်ထဲ၌ တိုးညှင်းစွာ ရေရွတ်လိုက်မိ၏။

‘ဒီလိုမျိုး စိတ်အပြောင်းအလဲမြန်တဲ့ ဦးလေးကြီးကို မြှူဆွယ်ရတာ တကယ်ကို မလွယ်ကူဘူး’

မုကျွင်းယန် သူမကို ကူညီပေးရန်အတွက် အရည်အချင်းရှိသော လူတစ်ယောက် ပေးမည်ဟု ကတိပြုခဲ့သည်။

‘သူ့ကတိအတိုင်း မနက်ဖြန်ကျရင် လူတစ်ယောက် တကယ်စီစဉ်ပေးပါ့မလား’

သူမ ထပ်မံ၍ အချိန်ဆွဲမနေနိုင်တော့ချေ။

မကြာမီအချိန်အတွင်း၌ မုကျွင်းယန်က စစ်တပ်ကို ဦးဆောင်ကာ တောင်ပိုင်းနယ်စပ်သို့ ထွက်ခွာရတော့မည် ဖြစ်သည်။

ထိုအချိန်ကျလျှင် ကျိုးကျစ်လန်နှင့် ကျိုးချွန်းယွီတို့ မြို့စားအိမ်တော်အတွင်း သူမကို ကာကွယ်ပေးနိုင်လျှင်ပင် ကုမိသားစုအိမ်တော်၏ ကိစ္စရပ်များကို စုံစမ်းရန်အတွက် လူအင်အားကို အသုံးပြုနိုင်မည် မဟုတ်ချေ။

ထို့အပြင် ကလေးချင်း အလဲခံခဲ့ရသည့် ကိစ္စက အလွန်တရာ အရေးကြီးလှသည်။ သက်သေမရရှိမီအချိန်အတွင်း လူသိနည်းလေလေ ပို၍ကောင်းမွန်လေလေ ဖြစ်၏။

မဟုတ်လျှင် သတင်းပေါက်ကြားသွားပြီး ရန်သူကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။

အတွေးပေါင်းစုံ တွေးတောနေရင်းမှ သူမ တဖြည်းဖြည်းနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ရသည်။

သူမ နိုးထလာခဲ့ချိန်တွင် နေထွက်နေခဲ့ပြီ ဖြစ်၏။

‘သွားပါပြီ... စာကြည့်ဆောင်ထဲမှာ နေထွက်တဲ့အထိ အိပ်ပျော်နေခဲ့မိတာလား’

ကုဟွား အလျင်အမြန်ပင် ခေါင်းလှည့်ကြည့်လိုက်သည်။ သူမ၏ နောက်တွင် မည်သူမျှ ရှိမနေခဲ့ချေ။

သူမ အလျင်အမြန်ပင် ထထိုင်လိုက်ပြီး အပြင်ဘက်သို့ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်သည်။ ခြံဝင်းအတွင်း၌ မည်သူမျှ ရှိမနေခဲ့ချေ။

သူမ ခုတင်ပေါ်မှ ဆင်းကာ အဝတ်အစားများ ဝတ်ဆင်ရန် ပြင်လိုက်စဉ်၌ပင် ကာရံထားသော လိုက်ကာပြင်ပမှ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့၏။

“တုန့်ဟွားလား”

“ဟုတ်ပါတယ်ရှင့်... မမလေး နိုးပြီလား”

တုန့်ဟွား ပြုံးရွှင်စွာ ခေါင်းလေးပြူကာ လှမ်းကြည့်လိုက်သည်။

ကုဟွား မျက်နှာလေး နီမြန်းသွားရ၏။

“အမ်း”

“ဒီနေရာမှာပဲ ရေချိုးမလား... ဒါမှမဟုတ် ယာယွင်ဆောင်ကို ပြန်မလား”

တုန့်ဟွား သူမကို အဝတ်အစားများ ဝတ်ဆင်ရန် ကူညီပေးလိုက်သည်။

ကုဟွား ရှက်လွန်းသဖြင့် အသံကို တိုးနိုင်သမျှ တိုးကာ ဆိုလိုက်၏။

“ယာယွင်ဆောင်ကိုပဲ ပြန်ကြရအောင်”

အဝတ်အစားများကို စနစ်တကျ ဝတ်ဆင်ပြီးနောက် သူတို့နှစ်ဦး အပြင်သို့ ထွက်လာခဲ့ကြသည်။

တုန့်ဟွား ဝမ်ဟန်ရွှမ်မှ ယာယွင်ဆောင်သို့ ဦးတည်သည့် လူခြေတိတ်သော လမ်းငယ်လေးအတိုင်း သူမကို ဦးဆောင်ခေါ်သွားခဲ့သဖြင့် လူများနှင့် လုံးဝ မဆုံတွေ့ခဲ့ချေ။

ယာယွင်ဆောင်၏ တံခါးဝသို့ ရောက်ရှိချိန်၌ တုန့်ချင်း စောင့်ကြိုနေသည်ကို မြင်တွေ့လိုက်ရသည်။

သူမကို မြင်သည်နှင့် တုန့်ချင်းက အလျင်အမြန်ပင် ရှေ့သို့ လှမ်းလာခဲ့၏။

“မမလေး အရင်ဆုံး ရေချိုးမလား... ဒါမှမဟုတ် မနက်စာ အရင်စားမလား”

သန်းခေါင်ကျော်ချိန်အထိ ပြင်းထန်စွာ ရုန်းကန်ခဲ့ရသဖြင့် မနက်စာအကြောင်းကို ကြားလိုက်ရသည်နှင့် ကုဟွား၏ ဝမ်းဗိုက်ထဲမှ ဆာလောင်မှုကြောင့် အသံများ ထွက်ပေါ်လာခဲ့ရသည်။

“အရင် စားရအောင်”

အစေခံမိန်းကလေးနှစ်ဦးက သွက်လက်စွာ အလုပ်များကို အချိုးကျ ခွဲဝေလိုက်ကြသည်။

တုန့်ဟွား ရေချိုးရန်အတွက် ရေနွေးများ သွားရောက်ပြင်ဆင်ပြီး တုန့်ချင်းက သူမအတွက် အစားအစာများကို ပြင်ဆင်ပေးလိုက်၏။

ဝဝလင်လင် သုံးဆောင်ပြီးနောက် ဂျင်ဆင်းစွပ်ပြုတ်၏ အာနိသင်က ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် ပြင်းထန်သော မောပန်းနွမ်းနယ်မှုကြီး သူမထံသို့ ရိုက်ခတ်လာခဲ့ပြန်သည်။

ရေချိုးကန်အတွင်း စိမ်နေရင်းဖြင့် သူမ ခဏအတွင်း၌ပင် ပြန်လည်အိပ်ပျော်သွားခဲ့ရ၏။

တုန့်ဟွားနှင့် တုန့်ချင်းတို့ သူမ၏ ခန္ဓာကိုယ်ကို ညင်သာစွာ ဆေးကြောပေးနေခဲ့ကြသည်။

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများကို မြင်တွေ့လိုက်ရသောအခါ သူမတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်မိကြပြီး မျက်နှာလေးများ နီမြန်းသွားခဲ့ရ၏။

သူတို့က ပုံမှန်အားဖြင့် တည်ငြိမ်ပြီး အေးစက်လှသော မြို့စားကြီးတွင် ဤကဲ့သို့ ပြင်းထန်သည့် အပြုအမူမျိုး ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားကြချေ။

ခန္ဓာကိုယ်ကို ဆေးကြောခြင်း ခံနေရသဖြင့် ကုဟွား အနည်းငယ် သတိပြန်ဝင်လာသည်။ သူမ မျက်လုံးများကို ဖွင့်ရန် ကြိုးစားလိုက်သော်လည်း မျက်ခွံများက ပေါင်ချိန်တစ်ထောင်ခန့် လေးလံနေခဲ့သည်။

သူမ လှုပ်ရှားလာသည်ကို မြင်သောအခါ တုန့်ဟွား ဆိုလိုက်၏။

“မမလေး... ကျွန်မတို့ မမလေးကို ခုတင်ပေါ် ပြန်ပို့ပေးပါ့မယ်... ခဏလောက်ထပ်ပြီး အိပ်လိုက်ပါဦးနော်”

ကုဟွား မျက်လုံးများကို မှေးစင်းထားပြီး ပျင်းရိစွာ ပြန်လည်ဖြေကြားလိုက်သည်။

“အမ်း”

သူတို့နှစ်ဦး သူမကို ရေချိုးကန်အတွင်းမှ တွဲထူပေးလိုက်ပြီး ခန္ဓာကိုယ်ကို သန့်စင်အောင် သုတ်ပေးကာ အတွင်းဝတ်စုံကို လဲလှယ်ပေးပြီးနောက် စောင်ကို သေသေချာချာ ခြုံပေးလိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် ကုဟွား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၏။

ချီယွီ မုကျွင်းယန်၏ အိပ်ခန်းတံခါးဝတွင် မတ်တတ်ရပ်နေခဲ့ပြီး မျက်မှောင်ကြုတ်လျက် လေးနက်စွာ တွေးတောနေမိသည်။

သခင်ကြီး တစ်ခါမှ နေထွက်ချိန်ထိ အိပ်စက်ဖူးသူ မဟုတ်ချေ။ ယနေ့နံနက်အစောပိုင်း စာကြည့်ဆောင်မှ ပြန်လာတည်းက သူ စတင်အိပ်စက်နေခဲ့ခြင်း ဖြစ်သည်။

‘မနေ့ညက အရမ်းပင်ပန်းသွားလို့များလား’

‘ဒါပေမဲ့ မိန်းကလေးက ပိုပြီးတော့တောင် ပင်ပန်းရမှာ မဟုတ်ဘူးလား’

ယမန်နေ့ညက သူ မိန်းမပျိုလေး၏ တိုးညှင်းစွာ ငိုကြွေးသံများနှင့် သူမကို လွှတ်ပေးရန် အသနားခံနေသောအသံများကို ဝေဝါးစွာ ကြားခဲ့ရသည်။

သခင်ကြီး စစ်တပ်ကို ဦးဆောင်ပြီး ရန်သူများကို သတ်ဖြတ်ရာတွင်သာမက ဤကဲ့သို့သော ကိစ္စရပ်မျိုးတွင်ပါ ဤမျှအထိ ပြင်းထန်လွန်းလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

မုကျွင်းယန် သူ့ကိုယ်ရံတော်၏ စိတ်ကူးထဲတွင် သူ့ကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်နေသည်ကို မသိရှိချေ။

ဤတစ်ကြိမ် အိပ်စက်ရခြင်းက အမှန်တကယ်ပင် အလွန် သက်တောင့်သက်သာ ရှိလှသည်။

သူ့မှတ်ဉာဏ်ထဲတွင် မုမိသားစုစစ်တပ်ကို ဦးဆောင်ခဲ့တည်းက ဤကဲ့သို့သော အေးချမ်းလှသည့် အိပ်စက်ခြင်းမျိုးကို တစ်ခါမျှ မရရှိခဲ့ဖူးချေ။

မြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်တွင် နန်းတော်တွင်းရှိ လူများနှင့် နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရခြင်းက သူ၏ စိတ်အာရုံကို အလွန်အမင်း ပင်ပန်းနွမ်းနယ်စေခဲ့သည်။

ဤတစ်ကြိမ် အိပ်စက်ခြင်းက အချိန်အကြာကြီး မဟုတ်ခဲ့ချေ။ တစ်နာရီကျော်ခန့်အကြာတွင် သူ ပြန်လည်နိုးထလာခဲ့သည်။

ပုံမှန်အားဖြင့် သူ့ခံစားချက်များကို သေသေချာချာ ဖုံးကွယ်ထားတတ်သော်လည်း လက်ရှိအချိန်တွင် သူ့မျက်နှာထက်၌ တောက်ပသော အလင်းရောင်များ ယှက်သန်းနေခဲ့ပြီး ချီယွီကို ကြည့်ရှုနေသည့် အကြည့်များကလည်း ပိုမို၍ ရင်းနှီးဖော်ရွေနေ၏။

ချီယွီ ခံစားလိုက်ရသည်က ဤကဲ့သို့သော အခြေအနေမျိုးကလည်း မဆိုးလှချေ။

အဝတ်အစားများ လဲလှယ်နေစဉ်အတွင်း မုကျွင်းယန် ချီယွီကို အတွင်းသို့ ခေါ်ယူလိုက်ပြီး စကားအနည်းငယ် မှာကြားလိုက်သည်။ ချီယွီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရ၏။

“သခင်ကြီးက မမလေးကုရဲ့ အနောက်ကို လိုက်ပါဖို့အတွက် ချီယန်ကို တကယ်ကြီး စေလွှတ်လိုက်မှာလားဟင်... သူက ကိုယ်ရံတော်တွေထဲမှာ သတင်းအချက်အလက် စုဆောင်းရယူတဲ့နေရာမှာ အစွမ်းအထက်ဆုံး လူပဲ”

မုကျွင်းယန် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“မင်းမှာ ကန့်ကွက်စရာ ရှိလို့လား”

“ကျွန်တော်မျိုး မလုပ်ရဲပါဘူး”

ချီယွီက အလျင်အမြန်ပင် ခေါင်းငုံ့လိုက်သည်။

“ကျွန်တော်မျိုး သွားပြီး သူ့ကို ခေါ်လိုက်ပါ့မယ်”

“ယန်ကျစ်ရော ဘယ်လိုနေလဲ”

သူ လှည့်ထွက်ရန် ပြင်လိုက်စဉ် မုကျွင်းယန် လှမ်းမေးလိုက်ခြင်း ဖြစ်သည်။

ချီယွီ ပြန်လှည့်လာခဲ့သည်။

“သူ့ကို စနစ်တကျ နေရာချထားပေးပြီးပါပြီ... သမားတော်စွန်းက သူ့အတွက် ဆေးဝါးတွေ လိမ်းပေးထားပါတယ်... တစ်ရက် နှစ်ရက်လောက် သတိလစ်နေလိမ့်မယ်လို့ ခန့်မှန်းရပါတယ်”

“အမ်း”

ကျင်းခွေ့က အပြင်ဘက်တွင် စိုးရိမ်ပူပန်စွာ စောင့်ကြိုနေခဲ့သည်။

ချီယွီ ထွက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ အလျင်အမြန်ပင် ရှေ့သို့လှမ်းကာ ဦးညွှတ်လိုက်၏။

“မြို့စားကြီး အထဲမှာ ရှိပါသလားရှင်”

သူမ ကုဝမ်ရု၏ အေးစက်ပြီး ရက်စက်သော အပြုအမူများကို မုန်းတီးသော်လည်း ကုဝမ်ရုက သူမ၏ သခင်မ ဖြစ်နေဆဲဖြစ်သည်။

ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်ပွားခဲ့လျှင် အစေခံများကသာ အရင်ဆုံး ဒုက္ခရောက်လေ့ရှိကြသည်။

“ဘာကိစ္စလဲ”

“သခင်မလေးရဲ့ ကလေးကို မကယ်တင်နိုင်ခဲ့ပါဘူး”

ချီယီ တုန်လှုပ်သွားသည်။ သူက ချက်ချင်းပင် ပြန်လှည့်သွားခဲ့ပြီး အခန်းထဲသို့ ဝင်ရောက်ကာ အခြေအနေကို တင်ပြလိုက်၏။

မုကျွင်းယန် ခါးစည်းကို ပတ်နေခဲ့ခြင်း ဖြစ်သည်။ ဤစကားကို ကြားလိုက်ရသော်လည်း သူ၏ မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှ ရှိမနေခဲ့ချေ။

“ကျိုးချွန်းယွီကို စည်းကမ်းချက်တွေအတိုင်း စနစ်တကျ စီစဉ်ခိုင်းလိုက်”

“ဟုတ်ကဲ့ပါ”

ချီယွီအပြင်သို့ ထွက်လာခဲ့ပြီး မည်သည့်အမူအရာမျှမပြဘဲ ဆိုလိုက်သည်။

“အိမ်တော်ထိန်းချုပ်ကြီးကျိုးဆီ သွားပြီး သတင်းပို့လိုက်ပါ”

ကျင်းခွေ့ ရင်ထဲ၌ ပိတ်ဆို့သွား၏။

မြို့စားကြီးက ဤကဲ့သို့သော ကိစ္စရပ်မျိုးကို လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုထားခြင်း ဖြစ်သည်။

မတတ်သာတော့ဘဲ သူမ ကျိုးချွန်းယွီကိုသာ သွားရောက်ရှာဖွေခဲ့ရ၏။

ယနေ့ နံနက်အစောပိုင်းကပင် သူမက အိမ်တော်တစ်ခုလုံးတွင် သမားတော်စွန်းကို လိုက်လံရှာဖွေခဲ့သော်လည်း လူတိုင်းက သူ့ကို ဘယ်မှာရှိမှန်း မသိကြကြောင်းသာ ဖြေကြားခဲ့ကြသည်။

သူမ ရှန်လီထံသို့ သွားရောက်တောင်းပန်ခဲ့သော်လည်း ရှန်လီကလည်း သူမကို လုံးဝ လျစ်လျူရှုထားခဲ့၏။

ကုဝမ်ရု ကိုယ်ဝန်ပျက်ကျသွားခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်ကို စနစ်တကျ ပြုစုစောင့်ရှောက်ရန် လိုအပ်သည်။

ယန်ကျစ်၏ ကံကြမ္မာကလည်း မည်သို့ရှိမည်ကို မသိရသေးချေ။

‘တကယ်လို့ သူ သေသွားခဲ့ရင် လူသေအလောင်းတွေကို စွန့်ပစ်ရာ နေရာဆီမှာ အပစ်ခံလိုက်ရမှာလား’

ကျင်းခွေ့ လမ်းလျှောက်နေရင်း သူမ၏ မျက်ရည်များကို သုတ်ဖယ်နေမိသည်။

All Chapters