အခန်း ၂၇၅
Vol. 28 Ch. 275
🍋 Chapter 275
ဝိုင်သောက်ပြီးခါစမှာပင် သီးသန့်အခန်းအပြင်ဘက်မှ ရုန်းရင်းဆန်ခတ် ဖြစ်သံများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
မူလကတည်းက လူအများအပြား ရှိနေခြင်းဖြစ်ပြီး ရှေးဟောင်းအိမ်ကြီး၏ အသံလုံစနစ်ကလည်း ညံ့ဖျင်းလှသဖြင့် အပြင်ဘက်ရှိ ဧည့်သည်များ၏ ရယ်မောမြူးထူးသံများနှင့် စကားပြောသံများကို ၎င်းတို့ ကြားနေရပြီးသား ဖြစ်သည်။
သို့သော်လည်း ယခုကြားလိုက်ရသည့် အသံများမှာမူ သေချာပေါက် ရယ်မောသံများ မဟုတ်ချေ။
လူတိုင်းက တံခါးဝဆီသို့ လှမ်းကြည့်လိုက်ကြရာ စက္ကန့်အနည်းငယ်အကြာတွင် အပြင်ဘက်ရှိ ရှေးဟောင်းသစ်သားကြမ်းပြင်ပေါ်မှ ကမူးရှူးထိုး ပြေးလာသံများ ပဲ့တင်ထပ်လာခဲ့သည်။
ကျိုးထျန်း သူ့ဖန်ခွက်ကို ချလိုက်သည်၊ တစ်စုံတစ်ယောက်က သူတို့ဆီသို့ ဦးတည်ပြေးလာနေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။
"မစ္စတာကျိုး..."
တံခါးမှာ အရှိန်ပြင်းပြင်းဖြင့် ပွင့်ထွက်သွားခဲ့ရာ တံခါးဖွင့်လိုက်သူမှာ တကယ့်ကို အလျင်စလိုဖြစ်နေပြီး အားအလွန်အကျွံ သုံးလိုက်ပုံရသည်။
ဝင်လာသူမှာ သူ့မန်နေဂျာဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကျိုးထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့မန်နေဂျာ၏ ဆင်ခြင်တုံတရားမဲ့မှုကို သူ သေချာပေါက် အပြစ်တင်မည်မဟုတ်ချေ။
တစ်စုံတစ်ရာ ကြီးကြီးမားမား ဖြစ်ပျက်ခဲ့ခြင်းကြောင့်သာ ဖြစ်ရမည်။
"ဘာဖြစ်လို့လဲ... မြန်မြန်ပြောစမ်း"
"မစ္စတာကျိုး... အပြင်မှာ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဌာနနဲ့ ဈေးကွက်စောင့်ကြည့်ကြီးကြပ်ရေးဦးစီးဌာန... ဒီသုံးဖွဲ့လုံး ရောက်လာပြီး ကျွန်တော်တို့ကို အတင်းအကျပ် စစ်ဆေးနေကြတယ်၊ သူတို့ကြောင့် ဧည့်သည်တော်တော်များများလည်း ကြောက်ပြီး ပြေးကုန်ကြပြီ"
မန်နေဂျာ၏ မျက်နှာတွင် အကူအညီမဲ့မှုများ ပြည့်နှက်နေခဲ့သည်၊ အမှန်စင်စစ် သူသည် ဤဌာနသုံးခုနှင့် မကြာခဏဆိုသလို ဆက်ဆံဖူးသည်။
ဖွင့်လှစ်လုပ်ကိုင်လိုသည့် မည်သည့်စားသောက်ဆိုင်မဆို ဤအဖွဲ့သုံးဖွဲ့နှင့် ကြုံတွေ့ရမည်မှာ ရှောင်လွှဲ၍မရချေ။
အမျိုးမျိုးသော အခကြေးငွေများနှင့် ထူးဆန်းသော ဒဏ်ငွေများမှာ ပေါများလှသည်။
အကယ်၍ သူတို့ကို သေချာမသိမ်းသွင်းနိုင်ဘဲ ဝဝလင်လင် မကျွေးမွေးနိုင်ပါက စီးပွားရေးကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရန် စိတ်ကူးပင် မယဉ်သင့်ပေ။
အထူးသဖြင့် သူ့ဆိုင်ကဲ့သို့သော လုပ်ငန်းကြီးများအတွက် ဖြစ်သည်။
အကယ်၍သာ မုန့်ဟင်းခါးသည် သို့မဟုတ် မုန့်ရောင်းသူဆိုလျှင် ဒဏ်ငွေက အနည်းငယ်မျှသာ ရှိမည်ဖြစ်ပြီး အလွန်ဆုံးရှိမှ တွန်းလှည်းနှင့် မီးဖိုကို သိမ်းဆည်းသွားရုံသာ ဖြစ်သည်။
သို့သော်လည်း အဆင့်မြင့်ဈေးကွက်ကို အဓိကဦးတည်ထားသော သူ့ကဲ့သို့သော လုပ်ငန်းမျိုးမှာမူ ၎င်းတို့ တကယ့်ကို ရှာဖွေရမည့် အကောင်ကြီးများ ဖြစ်ကြသည်။
၎င်းတို့သည် နှစ်စဉ် အခွန်အမြောက်အမြား ပေးဆောင်နေရခြင်းဖြစ်ရာ ဤမျှ ဝင်ငွေကောင်းသော လုပ်ငန်းများသည် အပိုဆောင်း "မျက်နှာသာပေးမှု" နှင့် ထိုက်တန်ပေသည်။
ထို့ကြောင့်ပင် ကျိုးထျန်းသည် ဆိုင်မဖွင့်မီကတည်းက သက်ဆိုင်ရာဌာနအားလုံးနှင့် ဆက်သွယ်ကာ လိုအပ်သော ဆက်ဆံရေးများ ရှိနေစေရန် မန်နေဂျာအား လုပ်ဆောင်ခိုင်းခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းမန်နေဂျာကလည်း လုပ်ငန်းအကြောင်းကို အလွန် ကျွမ်းကျင်နားလည်ပြီး စားသောက်ကုန်လုပ်ငန်းအသင်းနှင့်လည်း အဆက်အသွယ်ရှိသဖြင့် ဆိုင်ဖွင့်ပွဲမှာ အလွန် ချောမွေ့ခဲ့ပြီး မည်သည့်အခက်အခဲမျှ မကြုံတွေ့ခဲ့ရချေ။
သို့သော်လည်း ဆိုင်ဖွင့်ပွဲနေ့တွင် ဤဌာနသုံးခုလုံး တစ်ပြိုင်နက်တည်း ရောက်ရှိလာခြင်းမှာမူ အနည်းငယ် ထူးဆန်းလွန်းလှသည်။
ကျိုးထျန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မတ်တတ်ရပ်လိုက်သည်။
"ကြည့်ရတာ ငါကိုယ်တိုင်ပဲ သွားပြီး ကိုင်တွယ်ရတော့မယ် ထင်တယ်၊ ဒီနေ့ လူတွေ ဘာလို့ အားလုံး စုပြုံရောက်နေကြတာလဲဆိုတာ ငါ သိချင်မိတယ်"
သူက ကြောက်ရွံ့နေခြင်း မဟုတ်သော်လည်း ယင်းက စိတ်ရှုပ်စရာကောင်းသည်ဟု ခံစားနေရဆဲပင်။
"အားလုံးပဲ ခဏလောက် စောင့်ပေးကြပါဦး၊ ကျွန်တော် သွားပြီး ကိစ္စတစ်ခု ရှင်းလိုက်ဦးမယ်၊ ချက်ချင်း ပြန်လာခဲ့ပါ့မယ်" သူက လှည့်၍ နှုတ်ဆက်လိုက်သည်။
ဝတုတ်လေးက မကျေမနပ်ဖြစ်သွားပြီး ပြောလိုက်သည်။
"စိတ်မပူနဲ့... မင်း အခက်အခဲနဲ့ ကြုံရင် ငါတို့ကလည်း အလကားထိုင်နေမယ့်လူတွေ မဟုတ်ဘူး"
သူ့အဓိပ္ပာယ်က ရှင်းလင်းလှသည်၊ သူက ကျိုးထျန်းဘက်မှ မားမားမတ်မတ် ရပ်တည်ပေးမည်ဟု ဆိုခြင်းပင်။
အစိုးရဝန်ထမ်း မိသားစုနောက်ခံမှ လာသူတစ်ဦးအနေဖြင့် ဤအရာများ၏ နောက်ကွယ်ရှိ ရှုပ်ထွေးပွေလီမှုများကို သူ ကောင်းကောင်းသိရှိသဖြင့် ပို၍ မကျေမနပ် ဖြစ်နေခြင်း ဖြစ်သည်။
"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး၊ ချက်ချင်း ပြန်လာခဲ့ပါ့မယ်"
သူက မန်နေဂျာနောက်မှ လိုက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့ရာ အောက်ထပ်တွင် အမှန်တကယ်ပင် လူနှစ်ဆယ်ခန့် မတ်တတ်ရပ်နေကြပြီး နံရံအက်ကွဲကြောင်းများထဲမှ ရွှေရှာနေသည့်အလား ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေကြသည်။
ဧည့်သည်များဖြင့် ပြည့်နှက်နေပြီး မြိန်ယှက်စွာ စားသောက်နေကြသော နေရာလေးမှာ ယခုမူ ၎င်းတို့၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ခြောက်ကပ်လုနီးပါး ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။
ကျိုးထျန်း၏ မျက်နှာမှာ မုန်တိုင်းမတိုက်မီ ကောင်းကင်ယံကဲ့သို့ပင် အလွန် ညိုမှောင်နေခဲ့သည်။
သူ့သက်တော်စောင့်အချို့က ထောင့်များတွင် မတ်တတ်ရပ်နေကြသည်ကို သူ သတိပြုမိလိုက်သဖြင့် ၎င်းတို့အား သတိအနေအထားကို လျှော့ချရန်နှင့် ရန်မမူရန် လက်ဟန်ပြလိုက်သည်။
ဤလူများက မည်သည့်အကြောင်းကြောင့် ရောက်ရှိလာသည်ဖြစ်စေ မည်သူ့ကိုမျှ နာကျင်အောင် လုပ်၍မရချေ။
သို့မဟုတ်ပါက အစိုးရဝန်ထမ်းအား ရန်မူစော်ကားမှုဟူသော စွပ်စွဲချက်ကို သူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် သူ အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ၎င်းတို့ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဒါရိုက်တာကျန်းအား သွားရောက်ရှာဖွေရန်နှင့် ဧည့်သည်အားလုံးကို နှစ်သိမ့်ပေးရန် မန်နေဂျာအား ပြောကြားလိုက်သည်။
ဘာပဲဖြစ်ဖြစ် အပြင်ဘက်တွင် အနုပညာရှင် မြောက်မြားစွာ တန်းစီနေကြဆဲဖြစ်ရာ မည်သူ့ကိုမျှ ကြောက်လန့်ပြီး ထွက်ပြေးမသွားစေချင်ချေ။
"လူကြီးမင်းတို့ခင်ဗျာ... ဘာကိစ္စများ ရှိလို့ပါလဲ" ကျိုးထျန်းက ဦးညွှတ်လျက် မေးလိုက်သည်။
"မင်းက ဒီဆိုင်ရဲ့ ပိုင်ရှင်လား"
ရန်လိုသော မျက်နှာထားနှင့် သန်မာထွားကျိုင်းသော လူတစ်ဦးက သူ့အား စောင်းငဲ့ကြည့်ကာ အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော်ပါပဲ၊ လူကြီးမင်းတို့လည်း ထမင်းစားဖို့ လာကြတာလား"
သူက ရွဲ့စောင်းသော လေသံဖြင့် တမင်သက်သက် မေးလိုက်ခြင်း ဖြစ်သည်။
တစ်ဖက်လူ၏ သဘောထားက ဆိုးရွားလွန်းနေပြီး သူကိုယ်တိုင်လည်း စိတ်ခံစားချက် မကောင်းသဖြင့် ကောင်းမွန်သော စကားလုံးများ ထွက်ပေါ်မလာနိုင်ချေ။
"မင်းက ဆိုင်ပိုင်ရှင်ဖြစ်ဖို့ ငယ်လွန်းသေးတယ်၊ ကြည့်ရတာ စီးပွားရေး ဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးဘူးထင်တယ်၊ ဆိုင်စီမံခန့်ခွဲမှုက တကယ့်ကို ညံ့ဖျင်းလွန်းတယ်"
ခေါင်းဆောင်ဖြစ်သူက ချက်ချင်းပင် ဝေဖန်ပြစ်တင်တော့သည်၊ သူ့စကားလုံးများက ကြမ်းတမ်းလှပြီး မျှတစွာ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း သိသာလှပေသည်။
"ဒီမှာကြည့်... မီးသတ်ဆေးဘူး ထားတဲ့ နေရာက မှားနေတယ်"
"မီးသတ်ရေဖျန်းခေါင်းတွေကလည်း အတုတွေလိုပဲ၊ စံချိန်စံညွှန်းနဲ့ လုံးဝ မကိုက်ညီဘူး"
"မင်းတို့ နံရံတွေကို အသစ်ဆေးသုတ်ထားတာ ဖြစ်ရမယ်၊ ဖော်မော်ဒီဟိုက် (ဓာတုဆေး) အနံ့တွေ တအားပြင်းနေတယ်၊ တကယ့်ကို အဆိပ်အတောက်ပဲ၊ ဒါက စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်"
"ပြီးတော့ တံခါးဝမှာ လူတွေ အများကြီး တန်းစီနေတာပဲ၊ တကယ်လို့ လူအုပ်ပိမိရင် ဘယ်လိုလုပ်မလဲ"
"ငါ့ အမြင်အရတော့ ဒီဆိုင်က မဖွင့်ခင်မှာ ပြင်ဆင်မှု မရှိခဲ့ဘူး၊ ဆိုင်ကို လုံးဝ ပြန်လည်မွမ်းမံရမယ်"
ဤဝေဖန်ချက်များမှာ တကယ့်ကို ကျိုးကြောင်းဆင်ခြင်မှု မရှိသော အရာများ ဖြစ်ကြသည်။
ကျိုးထျန်းကမူ သဘာဝကျစွာပင် သူ၏ လျှောက်ပြောနေမှုများကို မယုံကြည်ချေ။
ယခုအချိန်တွင် အရေးကြီးဆုံးအချက်မှာ ပြဿနာကို ဖြေရှင်းရန် ဖြစ်သဖြင့် သူ တိုက်ရိုက်ပင် ပြောလိုက်တော့သည်။
"အရာရှိကြီးခင်ဗျာ... ဒါကို မြန်မြန်ဆန်ဆန် ပြုပြင်နိုင်မယ့် နည်းလမ်း ရှိပါသလား"
"ကျွန်တော်တို့ စီးပွားရေး ဆက်လုပ်ဖို့ လိုအပ်ပါတယ်၊ စည်းမျဉ်းတစ်ချို့ကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်၊ လူကြီးမင်းတို့အနေနဲ့ စံနှုန်းတစ်ခု သတ်မှတ်ပေးလို့ ရပါတယ်"
သူ့အဓိပ္ပာယ်က ရှင်းလင်းလှသည် - မင်းတို့ ဘာလိုချင်လဲ၊ ငါ ပေးမယ်၊ ဒီနေ့ ထပ်ပြီး ပြဿနာမရှာရင် ရပြီဟူ၍ ဖြစ်သည်။
နောက်ပိုင်းကိစ္စများအတွက်မူ ဤလူများ သူ့အား ထပ်မံ မနှောင့်ယှက်နိုင်စေရန် နည်းလမ်းတစ်ခု သူ ရှာဖွေရပေလိမ့်မည်။
သို့သော်လည်း သူ့စကားကို ကြားပြီးနောက်တွင်မူ တစ်ဖက်လူ၏ မျက်နှာထားက ရုတ်တရက် ခက်ထန်သွားခဲ့သည်။
"မင်းက ဘာသဘောနဲ့ ပြောတာလဲ၊ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ငါ မင်းကို ပြောလိုက်မယ်... အစိုးရဝန်ထမ်းတွေကို လာဘ်ထိုးတာက တရားမဝင်ဘူး၊ တကယ်လို့ မင်း ဒီလိုမျိုး ဆက်ပြောနေမယ်ဆိုရင်တော့ ငါ့ကို အားမနာနဲ့တော့"
ဈေးကွက်စောင့်ကြည့်ကြီးကြပ်ရေး အရာရှိဖြစ်ပုံရသော ထိုခေါင်းဆောင်က တကယ့်ကို တရားမျှတလှသည့်အလား ဒေါသတကြီး ပြောဆိုလိုက်သည်။
ကျိုးထျန်းမှာ တရားမဝင်အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူက တရားမျှတမှုဖြင့် အမှောင်ထုကို ခြေမှုန်းတော့မည့်အလား ပြုမူနေခဲ့သည်။
ယင်းကို ကြားလိုက်ရသောအခါ ကျိုးထျန်း၏ စိတ်ခံစားချက်က ပိုမိုဆိုးရွားသွားခဲ့သည်။
‘အရင်က ဒီလိုမဟုတ်ပါဘူး၊ အခုကျမှ လူကောင်းယောင် ဆောင်နေကြတယ်၊ ကြည့်ရတာ ဒါက သူတို့က ပိုက်ဆံလိုချင်တာ မဟုတ်ဘူး စိတ်ရှုပ်စရာပဲ၊’
အကယ်၍ ပိုက်ဆံကိစ္စဆိုလျှင် ဖြေရှင်းရလွယ်ကူပေလိမ့်မည်။ အဆိုးရွားဆုံးအချက်မှာ တစ်ဖက်လူ ဘာလိုချင်သည်ကို မသိရခြင်းဖြစ်ပြီး ယင်းက အခက်ခဲဆုံး အခြေအနေပင်။
သို့သော်လည်း သူက အလောတကြီး မဖြစ်ခဲ့ချေ။ ၎င်းတို့ ရောက်ရှိလာကတည်းက သေချာပေါက် ၎င်းတို့၏ စည်းကမ်းချက်များကို ပြောပြရပေလိမ့်မည်။
အကယ်၍ ၎င်းတို့က တရားဥပဒေအရ အပြစ်ရှာပြီး ဒဏ်ငွေရိုက်ရန် သက်သက်သာ ရည်ရွယ်ခြင်းဖြစ်ပါက ဤမျှအထိ အချိန်ဆွဲနေမည်မဟုတ်ဘဲ ချက်ချင်း လုပ်ဆောင်ပြီးသား ဖြစ်ပေလိမ့်မည်။
"လူကြီးမင်းတို့အနေနဲ့ ကျွန်တော့်ကို လမ်းညွှန်မှုလေး ပေးလို့ရမလား၊ ကျွန်တော် အခု ဘာလုပ်ရမလဲ"
သူက စိတ်ရှည်စွာဖြင့် မေးလိုက်သည်။
"ဟမ့်... ဥပဒေမှာ ဘယ်လို ပြုပြင်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားပြီးသားပဲ၊ မင်းက ဆိုင်မဖွင့်ခင်မှာ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို မလေ့လာခဲ့ဘူးလား"
"ငါ့အမြင်အရတော့ မင်းက ဥပဒေကို မလေးစားတဲ့ အကျင့်ပျက် စီးပွားရေးသမားတစ်ယောက်ပဲ"
တစ်ဖက်လူ၏ စကားလုံးများက ပို၍ ပို၍ ရိုင်းစိုင်းလာခဲ့သော်လည်း သူကမူ ရုတ်တရက် အေးဆေးတည်ငြိမ်သွားခဲ့သည်။
ယင်းက ၎င်းတို့ ဖဲချပ်ကို ထုတ်တော့မည်ကို ဆိုလိုခြင်းဖြစ်ရာ ၎င်းတို့ အမှန်တကယ် ဘာလုပ်ရန် ကြံစည်နေသည်ကို သူ စောင့်ကြည့်လိုနေသည်။
သူက အေးစက်စက် ပြုံးကာ နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရသဖြင့် ထိုလူစုကလည်း သူ့အား ပြန်လည်စိုက်ကြည့်နေကြပြီး မည်သည့်ဘက်ကမျှ အလျှော့မပေးဘဲ အခြေအနေမှာ တင်းမာနေခဲ့သည်။
"ဘာလဲ... မင်းက ဥပဒေကို အာခံချင်သေးတာလား"
တစ်ဖက်လူက မည်မျှပင် ရန်စစေကာမူ ကျိုးထျန်းကမူ "မင်းတို့ ဘယ်လို ကပြမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်" ဟူသော အမူအရာမျိုးဖြင့်သာ တုံ့ပြန်ခဲ့သည်။
သူ ထင်ထားသည့်အတိုင်းပင် ဖြစ်ပျက်လာခဲ့ပြီး ပဟေဠိမှာ နောက်ဆုံးတွင် အဖြေပေါ်သွားခဲ့တော့သည်။
"အို... ဒါရိုက်တာကျန်း... ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ"
"ဒါက ကျွန်တော့်မိတ်ဆွေရဲ့ ဆိုင်ပါ၊ တကယ်လို့ တစ်စုံတစ်ခု မှားယွင်းတာရှိရင်လည်း သူ့ကို ခွင့်လွှတ်ပေးပါဦး"
"ဒါမှမဟုတ် ကျွန်တော့်မျက်နှာကို ထောက်ထားပြီး စိတ်မဆိုးပါနဲ့ဗျာ၊ ကျွန်တော်တို့ အေးအေးဆေးဆေး စကားပြောလို့ ရပါတယ်"
အမျိုးသားတစ်ဦး၏ အသံက တံခါးဝဆီမှ ဖြည်းညင်းစွာ ပျံ့လွင့်လာခဲ့ပြီး သူ၏လေသံမှာ ဟန်ဆောင်မှုများ ပြည့်နှက်နေခဲ့သည်။
ကျိုးထျန်း လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် တောက်ပသော အပြုံးတစ်ခုကို ဖော်ပြလိုက်တော့သည်။
"အို... မင်းကိုး"