ဒုက္ခလှလှတော့ တွေ့ပြီ
Vol. 3 Ch. 264
ပိုင်ရှောင်ချန်းသည် ရှေ့သို့တိုးကာ ရွှေသစ်ရွက်ကို ဆုပ်ကိုင်လိုက်ချိန်တွင် မျက်လုံးများ ပြူးကျယ်သွားသည်။ အရောင်က ပုံမှန်မဟုတ်သည်မှ လွဲ၍ အခြားထူးခြားချက်ရှိပုံ မပေါ်ပေ။
လိပ်ခွံမှာလည်း မလှုပ်မယှက်ရှိနေပြီး ရှေးဟောင်းအငွေ့အသက်များ ပျံ့လွင့်လျက်ရှိသည်။ သို့သော်လည်း ၎င်းသည် ပိုင်ရှောင်ချန်းမျှော်မှန်းထားခဲသော ထာဝရတည်မြဲခြင်း အမွေအနှစ်နှင့် လားလားမှ မတူပေ။
"ထာဝရတည်မြဲခြင်းအမွေအနှစ်က ဘယ်မှာလဲ။" ဟု ရေရွတ်ကာ အခြားအရာများ ရှိလေမလားဟု အသည်းအသန်ရှာဖွေတော့သည်။ သို့သော် လိပ်ခွံနှင့် ရွှေသစ်ရွက်မှတစ်ပါး အခြားမရှိပေ။
ကြံရာမရဖြစ်ကာ သစ်ရွက်ကို ကိုက်ကြည့်သော်လည်း မာလွန်းသဖြင့် သွားပင် ကျိုးမတတ်ဖြစ်သွားသည်။ စားရန် ရည်ရွယ်ထားခြင်း မဟုတ်သည်မှာ သေချာသည်။ ပိုင်ရှောင်ချန်းသည် ရူးတော့မတတ်ဖြစ်သွားသည်။ မျက်လုံးများ နီရဲကာ သူ့ကို လှည့်စားနေကြသည်လားဟု တွေးမိသွားသည်။ လူလိမ်ညမုဆိုး၏ ဝိညာဥ်ကို အမြန်ထုတ်လိုက်သည်။
"သေစမ်း။ ငါ့ကို ထာဝရတည်မြဲခြင်း အမွေအနှစ်ရဲ့ လျှို့ဝှက်ချက်ကို ပြောစမ်း "
ပိုင်ရှောင်ချန်းသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ဒီမှာရှိတဲ့ အရာတွေက ဒီလိပ်ခွံနဲ့ ဒီသစ်ရွက်ပဲ။ ဒါတွေက လုံးဝကို အသုံးမဝင်တဲ့ ဟာတွေ။"
လူလိမ်ညမုဆိုး၏ ဝိညာဥ်သည် ရှုပ်ထွေးသွားပုံပေါ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ဒါက မဖြစ်နိုင်ပါဘူး။ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက သေချာပေါက် ဒီနေရာမှာလို့ ပြောထားတာပါ..."
ပိုင်ရှောင်ချန်းသည် လှည့်စားခံနေရသည်ဟု တစ်စထက်တစ်စခံစားလာရသည်။ သူသည် ဤကိစ္စအတွက် များစွာ ပင်ပန်းဆင်းရဲခဲ့ရသည့်အပြင် အသက်ကိုပါ ရင်းခဲ့ရသော်လည်း ယခု ဘာမျှ ရှာမတွေ့သည့်အတွက် သူ့ဘဝတစ်သက်တာတွင် ကြုံဖူးသမျှထဲ၌ ခံပြင်းစရာအကောင်းဆုံးဖြစ်နေသည်။
သူသည် နည်းနည်းပါးပါး ထပ်ရှာကြည့်သေးသော်လည်း ပို၍ စိတ်ပျက်စရာကောင်းစွာ ဘာမှ မတွေ့ရပေ။ သူသည် လိပ်ခွံများကို သဘောကျသည်မှာ မှန်သော်လည်း ဤလိပ်ခွံမှာမူ သူ၏ လိပ်ဒယ်အိုးထက်ပင် များစွာသေးငယ်နေသည်။
"ထာဝရတည်မြဲခြင်း အမွေအနှစ်က ဒီလိပ်ခွံလို့တော့ လာမပြောကြပါနဲ့။ ဒါကြီးကို ဘာလုပ်ရမှာတုန်း..." ပိုင်ရှောင်ချန်းသည် ငိုချင်စိတ်ပေါက်နေသည်။ သက်ပြင်းချကာ သုန်မှုန်နေသောမျက်နှာဖြင့် လိပ်ခွံနှင့် ရွှေသစ်ရွက်တို့ကို အိတ်ထဲသို့ ထည့်ကာ တောက်ပနေသော တံခါးကိုဖြတ်၍ ထွက်လိုက်သည်။ အင်မော်တယ်ဂူ၏ ကြမ်းပြင်တွင် သူတူးဖော်ထားခဲ့သော အပေါက်ကို ငုံ့ကြည့်ကာ မျက်မှောင်ကြုံ့လျက် ပြန်ဖို့လိုက်သည်။ အနည်းငယ်ကြာပြီးနောက် အရာအားလုံးသည် သူမရောက်မီကအတိုင်း တစ်ထပ်တည်းကျကြောင်း စစ်ဆေးပြီးနောက် တွေဝေငေးငိုင်လျက် ထွက်သွားလေသည်။
အင်မော်တယ်ဂူ၏ အပြင်ဘက်တွင် သက်ပြင်းချကာ ကောင်းကင်သို့ မော့ကြည့်လိုက်လေသည်။ သူ့ကို ကမ္ဘာကြီးတစ်ခုလုံးက လှည့်စားလိုက်သည့်အလား ခံစားနေရသည်။
"ငါ ပင်ပန်းဆင်းရဲခဲ့ရသမျှ..."
"အဖြစ်အပျက်တွေက အရမ်းအန္တရာယ်များလွန်းလို့ ငါသေတော့မလိုတောင် ဖြစ်ခဲ့ရတာ... ”
"ငါ...ငါကွာ..."
စိတ်ဆိုးမာန်ဆိုးဖြင့် သွေးသခင်ဘုံကျောင်းဆီသို့ ပြန်သွားကာ ရွှေသစ်ရွက်နှင့် လိပ်ခွံကို ထုတ်ပြီး အနည်းငယ် လေ့လာလိုက်သည်။ နောက်ဆုံးတွင် ရွှေသစ်ရွက်သည် အလွန် အမင်း ခံနိုင်ရည်ရှိသောကြောင့် လုံးဝ ဖျက်ဆီးရန် မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။
သို့သော်ငြား ထိုအချက်မှလွဲ၍ အခြားထူးခြားချက်မတွေ့ရပေ။ သစ်ရွက်ထဲတွင် ကွယ်ဝှက်ထည့်သွင်းထားသော သိုင်းပညာရပ်တစ်ခုခု ပါရှိရမည်ဟု သံသယဝင်ခဲ့သော်လည်း သူ၏ ကောင်းကင်တံတား ဓမ္မမျက်လုံးကို ဖွင့်ကြည့်သော်လည်း ဘာမျှမတွေ့ရပေ။
လိပ်ခွံမှာလည်း အသက်မဲ့ကာ လုံးဝခြောက်သွေ့နေပြီး လွယ်လွယ်နှင့် ဖျက်ဆီးမရမည့်ပုံ ပေါ်လေသည်။ တချိန်က သက်ရှိလိပ်တစ်ကောင်သည် အခွံထဲတွင် ရှိခဲ့မည် ဖြစ်သော်လည်း ယခုအချိန်တွင် ထိုလိပ်မှာလည်း ရုပ်အလောင်းတစ်ခုထက် မပိုတော့ပေ။
ပိုင်ရှောင်ချန်းသည် ထိုနေ့ညတွင် လုံးဝအနားမယူခဲ့ပေ။ နောက်နေ့မနက်တွင် မျက်လုံးများ နီရဲလျက်ရှိပြီး နောက်ဆုံးတွင် စူးစမ်းရှာဖွေမှုကို လက်လျှော့လိုက်တော့သည်။ မကျေနပ်ချက်များနှင့် ပူဆွေးသောကတို့ ပြည့်ေနသော သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်လိုက်လေသည်။
လူလိမ်ညမုဆိုး၏ ဝိညာဥ်သည် ပိုင်ရှောင်ချန်းက အိတ်ထဲမှ ထုတ်၍သတ်မည်စိုးသောကြောင့် ချောင်းမကြည့်ရဲပေ။ သို့သော်လည်း သူသည် ကိစ္စတစ်ခုလုံးက မတရားဟု ခံစားနေရသည်။ သူသည် မုသားစကားတစ်ခွန်းမှပင် မပြောခဲ့ပေ။
ပိုင်ရှောင်ချန်းသည် စိတ်ပျက်လက်ပျက်ဖြစ်နေပြီးနောက် သူ့မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဆက်နေလိုစိတ်မရှိတော့ကြောင်း သိလိုက်သည်။ သက်ပြင်းကို အဆက်မပြတ်ချကာ ထွက်သွားရန် အကြောင်းရှာနေလိုက်သည်။ သို့သော် ထိုသို့တွေးနေစဥ်မှာပင် အခြားတောင်ထိပ်သုံးခုမှ အလင်းတန်းများ ပေါ်ထွက်လာသည်။
ထိုအလင်းတန်းများထဲမှ သူများမှာ အခြားသွေးသခင်သုံးယောက် ဖြစ်ကြသည်။ သူတို့သည် အလယ်တောင်ထိပ်ပေါ်သို့ ရောက်သောအခါ သူတို့၏ မျက်နှာအမူအရာများမှာ ပုံမှန်အတိုင်း စိတ်အေးလက်အေးပင်ဖြစ်ပြီး အလ္လာပသလ္လာပ ပြောရန် လာရောက်ဟန်တူသည်။ ပိုင်ရှောင်ချန်းသည် သူတို့၏ ရည်ရွယ်ချက်အစစ်အမှန်ကို သိချင်သော်လည်း အလိုက်အထိုက်ပင် ပြောနေလိုက်သည်။
အချိန်အနည်းငယ်ကြာအောင် ဟိုဟိုသည်သည် ပြောနေပြီးနောက်ဆုံးတွင် နွံအိုင်တောင်ထိပ်မှ သွေးသခင်သည် ကွေ့ဝိုက်မနေတော့ဘဲ လိုရင်းကို ပြောလိုက်သည်။
" ညမုဆိုး " သူက ပြောလိုက်သည်။
" ငါတို့သုံးယောက် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုကို သိထားတယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ပညာရှင် ပိုင်ရှောင်ချန်းက ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဂူပိတ်တရားထိုင်နေတာ မဟုတ်ဘူးတဲ့။အတွေ့အကြုံရအောင်ဆိုပြီး ဂိုဏ်းကနေ တကယ်ကြီး ထွက်သွားတာ။ တချို့လူတွေက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ နယ်နိမိတ်ထဲကို သူ ဝင်လာတယ်လို့ သံသယရှိနေကြတာ။ အဲ့အချက်က မှန်၊ မမှန်ဆိုတာကို ငါတို့လည်း မသေချာဘူး။ ဒါပေမဲ့ အဲဒီအချက်သာ အမှန်ဆိုရင် ငါတို့ ပိုင်ရှောင်ချန်းကို သတ်ဖို့ အခွင့်အရေး ရှိနိုင်တယ်။"
ပိုင်ရှောင်ချန်းသည် ရင်တုန်နေပြီ ဖြစ်သော်လည်း ထိုခံစားချက်ကို မျက်နှာတွင် မပေါ်အောင် ထိန်းထားရသည်။
တည်ငြိမ်သော လေသံဖြင့် သွေးသခင်က ဆက်ပြောသည်။
" ငါတို့ သွေးသခင်အားလုံး ပိုင်ရှောင်ချန်းကို လိုက်ရှာပြီး သတ်မယ်လို့ ခေါင်းဆောင်ကြီးတွေဆီမှာ ကျမ်းကျိန်ခဲ့ကြပြီ။ ငါတို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အမွေဆက်ခံသူလည်းဖြစ်၊ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ပိုင်ရှောင်ချန်းကို သုတ်သင်ကြမယ်။ "
" ငါတို့ကမ္ဘာမှာ အဲဒီလို လက်ရွေးစင်မျိုးကို နှိမ်နှင်းထားရမယ်။ သူတို့ကို သတ်၊ သူတို့ရဲ့ ကံကောင်းခြင်းတွေကို ယူသုံးပြီး ငါတို့ရဲ့ ကိုယ်ပိုင်တာအိုကို သိလာအောင် လုပ်ရမယ်။ "
" ငါတို့က သွေးသခင်တွေ အဖြစ်နဲ့ တရားဝင်ကျမ်းကျိန်ဆိုထားကြတာ။ မင်းလည်း ခုသွေးသခင်ဖြစ်ပြီဆိုတော့ ငါတို့အားလုံး တစ်သားတည်း ဖြစ်ဖို့ လိုတယ်။ ကျမ်းကျိန်လွှာမှာ ငါတို့နာမည်ရှိပြီးသားဆိုတော့ ပုံမှန်အတိုင်းဆို မင်းနာမည်လည်း ရှိသင့်တာ။"
ရုပ်အလောင်းတောင်နှင့် အမည်မဲ့တောင်မှ သွေးသခင်များကလည်း တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူ့ကို ကြည့်နေသည့် အကြည့်များအရ သူသဘောမတူမချင်း ပြန်မည့်ပုံ မပေါ်ချေ။
ပိုင်ရှောင်ချန်းသည် ကြားလိုက်ရသော စကားများကြောင့် တုန်လှုပ်နေပြီ ဖြစ်သည်။ သူတို့သည် ကျမ်းကျိန်ထားသည့်အတိုင်း မလုပ်နိုင်သေးသော်လည်း ကြံစည်မှုထဲသို့ သူ့ကိုပါ ဆွဲသွင်းနေလေသည်။
ငြင်းပယ်ရန် တွေးလိုက်သော်လည်း သူတို့သည် သူ့ကို လွယ်လွယ်နှင့် အလွတ်ပေးမည် မဟုတ်ကြောင်း သိသာလှသည်။ တွေဝေနေစဥ်မှာပင် ရုပ်အလောင်းတောင်ထိပ်မှ သွေးသခင်သည် သူ့အိတ်ထဲမှ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်သည်။
" ဒါက ငါတို့ ခေါင်းဆောင်ကြီးတွေဆီမှာ ကျမ်းကျိန်ထားတဲ့ ကျောက်စိမ်းပေလွှာပဲ။ ဒါကို ဒီနေရာ ယူလာခွင့်ရဖို့ တကူးတက တောင်းဆိုခဲ့ရတာ။ မင်းလုပ်ရမှာက မင်းရဲ့အမှတ်အသားကို ဒီမှာ ရေးလိုက်ရုံပဲ။ ဒါပဲ လုပ်ရမှာ။ " ထို့နောက် သူသည် ကျောက်စိမ်းပေလွှာကို ပိုင်ရှောင်ချန်းဆီသို့ လက်လှမ်းလိုက်သည်။
ပိုင်ရှောင်ချန်းသည် တစ်အုပ်စုလုံးက သေချာပြင်ဆင်ထားကြောင်း သိလိုက်ရသောအခါ မျက်လုံးပင် ပြူးသွားလေသည်။ သူ့ကိုယ်သူပြန်သတ်ရမည့် ကျမ်းကျိန်လွှာတစ်ခုကို အတင်း ကျိန်ဆိုခိုင်းနေသည့် ဤသွေးသခင်သုံးယောက်သည် မည်မျှထိ ရက်စက်ကြောင်းကို စိတ်ထဲမှကြိတ်၍ ကျိန်ဆဲနေလေသည်။
တွေးလေ တွေးလေ ပိုဆိုးလေဖြစ်သည်။ ကျောက်စိမ်းပေလွှာကို စစ်ဆေးကြည့်လိုက်သောအခါတွင် ပို၍ သိသာလေသည်။ ပိုင်ရှောင်ချန်းသေဆုံးလျှင် ရရှိမည့် ဆုကြေးမှာ အမြောက်အမြားဖြစ်သည့်အပြင် ရှုံးနိမ့်ခဲ့ပါကလည်း အပြစ်ဒဏ်ခံယူရဦးမည် ဖြစ်သည်။ ထိုအပြစ်ဒဏ်ထဲတွင် ဂိုဏ်း၏ အဆုံးမဲ့ လမ်းတွင် နေရန် ကန့်သတ်ထားခံရခြင်းလည်းပါဝင်သည်။
ပိုင်ရှောင်ချန်းသည် အဆုံးမဲ့ လမ်းကို ယခင်က ကြားဖူးခဲ့သည်။ ထိုနေရာမှာ နက်ရှိုင်းလှသော လျှိုမြောင်ကြီး တစ်ခုဖြစ်ပြီး မီးလျှံများ၊ လေပြင်းများ ပြည့်နေကာ ညှင်းပန်းနှိပ်စက်နေကဲ့သို့ ခံစားရမည် ဖြစ်သည်။ သာမန်လူများအဖို့ ထိုနေရာမှာ အသက်မရှင်နိုင်ပေ။
ထိုအချက်ကိုမြင်လိုက်ရသောအခါ ပို၍ စိတ်လှုပ်ရှားသွားရသည်။ ပိုင်ရှောင်ချန်းဘဝဖြင့် သူသည် ဤသွေးသခင်သုံးယောက်ကို ဘာတစ်ခုမှ ထိခိုက်အောင် မလုပ်ဖူးပေ။ သူ့ကိုသတ်ရန် ကြိုးစားရာတွင် ဤမျှပြင်းထန်သည့် အပြစ်ဒဏ်ကို ထည့်သွင်းကာ သူ့ကို အခက်တွေ့အောင် လုပ်ရန် အခွင့်အရေး ရှိပါ၏လော။
သူတို့၏ မျက်လုံးထဲမှ ရက်စက်ကြမ်းကြုတ်လှသည့် အကြည့်များကို တွေ့သောကြောင့် အံကို ကြိတ်ကာ ကျောက်စိမ်းပေလွှာပေါ်တွင် အမှတ်အသား ရေးထိုးလိုက်သည်။ စိတ်ထဲမှ အေးစက်စွာ ရယ်မောလျက်
" ခင်ဗျားတို့တွေ အောင်မြင်မယ်ဆိုတဲ့ မျှော်လင့်ချက် တစ်စက်ကလေးမှ မထားလေနဲ့။ ခင်ဗျားတို့ရဲ့ ကြံစည်မှုထဲမှာ ကျုပ်ပါမယ်ဆိုရင်တောင် ဒီတစ်သက်တော့ စောင့်နေလိုက်ဦး။"
သူတို့သည် ပိုင်ရှောင်ချန်းက ကျမ်းကျိန်လွှာတွင် သူ့နာမည် ရေးထိုးလိုက်သည်ကို မြင်သည်နှင့် အားလုံး ပြုံးသွားကာ အနည်းငယ် စိတ်အေးသွားကြလေသည်။ အမှန်တွင် ဤ အစီအစဥ်သည် သူတို့အတွက် ခေါင်းခဲစရာ ကိစ္စကြီး ဖြစ်နေခဲ့သည်။ ဤကျမ်းကျိန်လွှာကို ပထမဆုံးကျိန်ဆိုခဲ့စဥ်က ဂိုဏ်းထဲရှိ အခြား ကျင့်ကြံသူများကိုပါ ဦးဆောင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် နှစ်များစွာ ကြာပြီးသည့်တိုင် သူတို့၏ တာဝန်ကို ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ယခုချိန်တွင် အလယ်တောင်ထိပ်သခင်၌ သွေးသခင်ရှိလာခဲ့ပြီ ဖြစ်ရာ စတုတ္ထမြောက် သွေးသခင်ကို မည်သို့ပင် ဖြစ်စေ အဖွဲ့ထဲသို့ ပါအောင် ဆွဲသွင်းရမည်ဟု သဘောတူညီခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်ထပ်တိုးပါက အခြေအနေပိုကောင်းလာနိုင်သည်။
" ကျုပ်က မကြာသေးခင်ကမှ သွေးသခင်ဖြစ်လာတာ။" ဟု ပိုင်ရှောင်ချန်းက လေးနက်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ ဒီဟာက အရေးကြီး ကိစ္စတစ်ခုပဲ။ ကျုပ်တို့ ချက်ချင်းပဲ သဲလွန်စတွေ ရှာတွေ့ဖို့ လိုတယ်။ ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း နယ်မြေထဲမှာ ရှိတယ်ဆိုပါစို့။ ဒါဆို ဒီလို လုပ်ရင် ဘယ်လိုလဲ။ ကျုပ် သူ့ကို ခုချက်ချင်းပဲ သွားရှာမယ်။ တစ်ခုခုတွေ့ရင် ခင်ဗျားတို့ သုံးယောက်ဆီကို ချက်ချင်း သတင်းပို့မယ်။ အဲဒါဆို ပိုင်ရှောင်ချန်းကို ချေမှုန်းဖို့ အားလုံး အတူတူတိုက်လို့ ရပြီ။"
အခြားသွေးသခင်သုံးယောက်သည် သူ၏ အကြံပေးချက်ကို ကြားလိုက်ရသည်တွင် မျက်နှာများ ဝင်းလက်သွားကာ မျက်လုံးချင်းဆုံကာ အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြသည်။ ထို့နောက်တွင် အားလုံးသည် ပိုင်ရှောင်ချန်းကို ထွက်ရှာရန် ကိုယ်ပိုင်ရည်ရွယ်ချက်များကို ထုတ်ပြောလာကြသည်။ မည်သူမဆို သတင်းအသစ်တွေ့သည်နှင့် အခြားသူများကို အသိပေးရမည်ဖြစ်သည်။ အာလုံးသည် စိတ်ကျေနပ်စွာဖြင့် ထွက်သွားကြသည်။
ပိုင်ရှောင်ချန်းသည် စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်ပြီး ထွက်ခွာရန်အတွက် အထုပ်အပိုးများကို စတင်ပြင်ဆင်တော့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူသည် ဂိုဏ်း၏ ဂိတ်တံခါးဝများမှ ထွက်လာကာ နောက်သို့ ပြန်လှည့်ကြည့်မိလေသည်။ မျက်လုံးတွင် ပင့်သက်များနှင့် အခြားခံစားချက်များ ရောယှက် ပြည့်နှက်နေသည်။
အမှန်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ပတ်သက်၍ သူမည်သို့ခံစားရသည်ကို သူကိုယ်တိုင်ပင် သေချာမသိချေ။
"ဒီစစ်ပွဲကို တစ်နည်းနည်းနဲ့ ရှောင်လို့ရရင် ကောင်းမှာပဲ...။" ဟု သူ တစ်ယာက်ထဲ ရေရွတ်နေမိသည်။ ထို့နောက်တွင် သူသည် ဘိုးဘေးတောင်မှ ရွှယ်မေ့၏ အင်မော်တယ်ဂူရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။
" မင်းရွေးချယ်မှုနဲ့ မင်းပါပဲေလ " သူ သက်ပြင်းချကာ ပြောလိုက်သည်။ ထို့နောက်လှည့်ထွက်ကာ အလင်းတန်းအဖြစ် ပျံသန်းသွားလေသည်။
သူဝေးဝေးမရောက်မီမှာပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို လွမ်းနေပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ထိုနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်ပြောင်းတွေးမိကာ ဂိုဏ်းဆီသို့ ြပန်လှည့်ကြည့်မိသွားလေသည်။
"ငါ တစ်သက်လုံး ဒီကို ပြန်မလာဖြစ်လောက်တော့ဘူးထင်တယ်...။" ဂိုဏ်းကို ပြန်လှည့်ကြည့်ကာ ပျံဝဲနေစဥ်မှာပင် လန့်ဖျပ်ကာ မျက်လုံးများ ပြူးသွားရသည်။
အမည်မဲ့တောင်ပေါ်တွင် တစ်ခုခု ဖြစ်ပျက်နေသည်။ မရေမတွက်နိုင်သော ဂါဂိုလီသွေးအေးမွန်းစတားများဖြင့် ပြည့်နှက်နေသော မြူခိုးကြီးပမာ အနက်ရောင်တိမ်တိုက်က လေထဲသို့ မြင့်တက်လာလေသည်။ ဂါဂိုလီများသည် ကောင်းကင်နှင့် ကမ္ဘာမြေကို လှုပ်ခတ်စေနိုင်သည့် အသံများဖြင့် အော်ဟစ်ကာ လှုပ်ရှားထကြွလာကြသည်။
"သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို နှိမ်နင်းကြဟေ့။ ငါတို့ လွတ်လပ်တော့မယ်။ ငါတို့က ငါတို့ရဲ့ သခင်တွေ ဖြစ်တော့မယ်။ "
"အမည်မဲ့တောင်က ကျင့်ကြံသူတွေ မင်းတို့ ငါတို့ကို အချိန်အတော်ကြာအောင် ဖိနှိပ်ချုပ်ချယ်ထားခဲ့ကြတာ။ ငါတို့ အညံ့ခံမနေတော့ဘူး။ ဒီနေ့က ငါတို့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း ကို ပုန်ကန်တဲ့နေ့ပဲဟေ့ ”
ဂါဂိုလီသွေးအေးမွန်းစတားများ၏ စူးစူးဝါးဝါးအော်သံများသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ အထူးသဖြင့် အမည်မဲ့တောင်ပေါ်မှ ကျင့်ကြံသူများသည် အလွန်အမင်း အံ့ဩထိတ်လန့်နေကြသည်။ ယခင်က သူတို့၏ အမိန့်ကို နာခံခဲ့ကြသော ဂါဂိုလီများသည် ရုတ်တရက် အမိန့်ကို လျစ်လျူရှုလာကြသည်။
အသက်အကြီးဆုံး ဂါဂိုလီအချို့ပင် ပူးပေါင်းပါဝင်သွားကြကာ အားလုံးထဲတွင် ဒေါသအကြီးဆုံး ဖြစ်နေလေသည်။ ခေါင်းဆောင်ဖြစ်ဟန်တူသော ဂါဂိုလီသည် အုပ်စု၏ အလယ်တွင် ရှိနေသည်။
ထိုဂါဂိုလီက ရုတ်တရက် စကားပြောလိုက်ရာ အသံသည် ကျယ်လောင် စူးရှစွာ ထွက်ပေါ်လာလေသည်။
"ဂါဂိုလီအပေါင်းအပါတို့ တိုက်ခိုက်ဖို့ အချိန်ရောက်ပြီ။ မကြောက်ကြပါနဲ့။ ငါ့သခင်က ကမ္ဘာကို လှုပ်ခတ်နိုင်စွမ်းရှိတဲ့ သွေးသခင်တစ်ယောက်ဖြစ်သွားပြီ။ ဒီနေ့က ငါတို့ ဂါဂိုလီသွေးအေးမွန်းစတားတွေ ထင်ပေါ်ကျော်ကြားမယ့် နေ့ပဲ။ အမည်မဲ့တောင်က ငါတို့အပေါ်မှာ ပိတ်ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားကြမယ်။ ဒီနေ့မှာ ငါတို့ရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ခိုက်ကြမယ်။ "
ပိုင်ရှောင်ချန်းသည် ဂါဂိုလီခေါင်းဆောင်မှာ မည်သူဖြစ်ကြောင်း သိသည်တွင် အံ့အားသင့်သွားရသည်။ ထိုသူမှာ အခြားမဟုတ်၊ အမည်မဲ့တောင်ပေါ်တွင် ဆေးဝါးဖော်စပ်စဥ်က သူ ဆေးများ ကျွေးခဲ့သော အရိပ်ပင် ဖြစ်သည်။ ထိုစဥ်က ဤဂါဂိုလီသည် နာခံကျိုးနွံသော်လည်း ယခုမူ လုံးဝကို အရှိန်အဝါကြီးမားနေဟန်တူသည်။ သူ့စကားများကြောင့် ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် တုန်လာသည်။
နဖူးတွင် ချွေးသီးချွေးပေါက်များ စီးလာကာ လည်ချောင်းများခြောက်လာပြီး အမြန်လှည့်ကာ အဝေးသို့ ပြေးသွားတော့သည်။ ဂါဂိုလီပုန်ကန်မှုကို နှိမ်နင်းပြီးပါက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကဖြေရှင်းရန်အတွက် သူ့အား လိုက်ရှာမည်ကို ကြောက်လန့်နေမိသည်။
"သေစမ်း။ အမည်မဲ့တောင်ပေါ်မှာ ဆေးဖော်တုန်းက ဘာလို့ ထူးဆန်းတာ တစ်ခုမှ မဖြစ်တာလဲလို့ သိချင်နေတာ...ကပ်ဆိုးကြီးက ဒီတစ်လျှောက်လုံး ဖြစ်ပျက်နေခဲ့တာပေါ့..."
သူသည် အချိန်မရွေး ငိုချတော့မည့်အလား ဖြစ်နေပြီး ဂါဂိုလီများ၏ ဒေါသတကြီး အော်ဟစ်သံများ၊ ခေါင်းဆောင်ကြီးများ၏ နှာမှုတ်သံများကို နောက်မှာ ချန်ခဲ့ရင်း အသက်လုကာ ထွက်ပြေးလာခဲ့တော့သည်။