အခန်း ၂၇၈
Vol. 28 Ch. 278
🍋 Chapter 278
အောက်ထပ်တွင်မူ ဥက္ကဋ္ဌနှင့် အစိုးရဝန်ထမ်းများ စကားပြောဆိုနေကြပြီး တစ်ဖက်လူ၏ အထက်လူကြီးအကြောင်းကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းက ဆွေ့ယွင်ကျန်းနှင့် ပူးပေါင်းကာ ပြဿနာရှာနေကြသော ထိုလူများအား အလွန် အကျပ်ရိုက်သွားစေခဲ့သည်။
၎င်းတို့အနေဖြင့် မည်သည့်ဘက်ကိုမျှ မပြစ်မှားဝံ့ကြချေ။
သို့သော်လည်း ဆွေ့ယွင်ကျန်းကမူ အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ပေ။
သူ ရောက်လာကတည်းက ကြိုတင်ပြင်ဆင်မှုများ ရှိခဲ့ပြီး ဥက္ကဋ္ဌ၏ စကားတစ်ခွန်းတည်းနှင့်တင် ပထမအချီမှာတင် ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ချေ။
သူက အပေါ်ထပ်ဆီသို့ တည်ငြိမ်စွာ လှမ်းကြည့်လိုက်ရာ စီအီးအိုဖန်မှ အပြင်သို့ ချောင်းကြည့်နေပြီး သူ့အား အပြစ်ရှိသကဲ့သို့ အမူအရာဖြင့် တောင်းပန်နေသည်ကို မြင်တွေ့လိုက်ရသည်။
‘ဒီအသုံးမကျတဲ့အကောင်က ဒီလောက်အထိ သေးငယ်တဲ့ကိစ္စလေးကိုတောင် အဆင်ပြေအောင် မလုပ်နိုင်ဘူး၊ ကြည့်ရတာ တကယ့်ကို အလကားကောင်ပဲ’
သူသည် မူလက စီအီးအိုဖန့်အား ဥက္ကဋ္ဌနှင့် ကျိုးထျန်းအကြား သွေးခွဲပေးရန် ကူညီပေးမည်ဆိုပါက ထိုကျေးဇူးကို မှတ်သားထားမည်ဟု ကတိပေးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် စီအီးအိုဖန့်အနေဖြင့် အနီးနားရှိ ပြည်နယ်များတွင် ဆိုင် သို့မဟုတ် ကုမ္ပဏီဖွင့်လှစ်ရန် အစီအစဉ်ရှိပါကလည်း သူ့တွင် ထိုနေရာများ၌ အဆက်အသွယ်များ ရှိသဖြင့် ကူညီပေးမည်ဟု ဆိုခဲ့ဖူးသည်။
သို့သော် ယခုမူ စီအီးအိုဖန့်အပေါ် အလွန် စိတ်ပျက်သွားခဲ့ပြီ ဖြစ်သည်။
သူ့အား နောက်နောင် မည်သည့်အခါမျှ ကူညီတော့မည် မဟုတ်ရုံသာမက အပြစ်ပေးရန်ပင် ကြံစည်နေမိသည်။
သူ့မျက်လုံးထဲတွင် မိမိအတွက် တာဝန်ကျေပွန်အောင် မလုပ်ဆောင်နိုင်ခြင်းက ကြီးလေးသောအပြစ် ဖြစ်ပေသည်။
စီအီးအိုဖန့်ဘက်က ကြိုးစားအားထုတ်ခဲ့မှုများနှင့် စေတနာထားခဲ့မှုများမှာမူ သူ့မျက်စိထဲတွင် တန်ဖိုးမရှိသော အရာများသာ ဖြစ်ကြသည်။
သူက သူ့အား လှမ်းကြည့်နေကြသော ဈေးကွက်စောင့်ကြည့်ရေး အရာရှိများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်သည်။
"ဥက္ကဋ္ဌဟုန်... ခင်ဗျားမှာ ကျယ်ပြန့်တဲ့ လူမှုကွန်ရက် အဆက်အသွယ်တွေ ရှိတာပဲ၊ ရှန်ဟိုင်းမှာတော့ ကျွန်တော် ခင်ဗျားကို မယှဉ်နိုင်ပါဘူး"
"ဒါပေမဲ့ ကျွန်တော်ကလည်း လူတွေနဲ့ ထမင်းစားရင်း စကားပြောရတာကို သဘောကျတဲ့လူဗျ၊ မနေ့ကတင် ကျွန်တော် ဟန်ကျိုးက အရေးကြီးပုဂ္ဂိုလ်အချို့နဲ့ အတူတူ ထမင်းစားခဲ့သေးတယ်”
“သူတို့က ဒီ ရှန်ဟိုင်းက လူကြီးမင်းတွေနဲ့လည်း ရင်းနှီးကြတယ်လေ၊ တစ်ချိန်ချိန်ကျရင် သူတို့ကို မိတ်ဆက်ပေးပြီး မိတ်ဆွေတွေအချင်းချင်း သိကျွမ်းသွားအောင် လုပ်ပေးရင် ဘယ်လိုလဲ... ဥက္ကဋ္ဌကြီး ဘာထင်လဲ"
သူက အရှုံးမပေးလိုသဖြင့် မိမိ၏ အဆက်အသွယ်များကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုကာ ဥက္ကဋ္ဌအား မကြောက်ရွံ့ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော့်ရဲ့ ဦးလေးကလည်း ရှန်ဟိုင်းက အဲဒီ အရေးကြီးပုဂ္ဂိုလ်တစ်ချို့နဲ့ သင်တန်းတစ်ခုမှာ အတူတူ တက်ခဲ့ဖူးတဲ့ အတန်းဖော်တွေလေ၊ ကျွန်တော် သူ့ကို ဖုန်းဆက်ခိုင်းပြီး သူ့သူငယ်ချင်းဟောင်းတွေနဲ့ စကားပြောခိုင်းလိုက်ရမလား"
၎င်းမှာ သူ အခက်အခဲများနှင့် ကြုံတွေ့ရတိုင်း အမြဲအသုံးပြုလေ့ရှိသော ဗျူဟာတစ်ခု ဖြစ်သည်။
မိမိ၏ အကြီးမားဆုံးသော နောက်ခံအင်အားဖြစ်သည့် ဦးလေးဖြစ်သူကို ထုတ်ပြခြင်းပင်။
ဥက္ကဋ္ဌသည် ဤအရာကို အလွန် မုန်းတီးလှသည်။
ထိုကောင်၏ ဦးလေးဖြစ်သူက ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ကြောင်း သိသော်လည်း သူ သတိမထားဘဲ မနေနိုင်ချေ။
အကယ်၍ ထိုကောင်မှ မိမိအကြောင်းကို သူ့မိသားစုထံ သွားရောက်ပြီး ပုံကြီးချဲ့ ပြောဆိုလိုက်မည်ဆိုပါက သူ ပြဿနာတက်နိုင်ပေသည်။
မည်သူမျှ အနာဂတ်ကို ကြိုတင်မခန့်မှန်းနိုင်ချေ။
အကယ်၍ တစ်ဖက်လူမှ တကယ်ပဲ အရေးယူလုပ်ဆောင်လာခဲ့လျှင် ထိုကဲ့သို့သော လူမျိုး၏ ဒေါသကို သူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
နှစ်ဦးနှစ်ဖက်စလုံးမှာ အခြေအနေ တင်းမာနေခဲ့ပြီး မည်သူမျှ နောက်ဆုတ်ပေးမည့်ပုံ မရှိချေ။
ကျိုးထျန်း ဆွေ့ယွင်ကျန်း၏ စကားများကို ကြားပြီးနောက် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ မေးလိုက်သည်။
"မင်းပြောတဲ့ ဟန်ကျိုးက ဘယ်လို အဆင့်မြင့်အရာရှိလဲဆိုတာ ငါ့ကို ပြောပြလို့ ရမလား"
ဆွေ့ယွင်ကျန်းက စက်ဆုပ်ရွံရှာဖွယ် အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။
ကျိုးထျန်းက ကြောက်ရွံ့သွားသဖြင့် ထိုအရေးကြီးပုဂ္ဂိုလ်မှာ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းရန် ကြိုးစားနေသည်ဟု သူ ထင်မှတ်လိုက်ခြင်း ဖြစ်သည်။
"မင်းလို အဆင့်အတန်းမျိုးနဲ့လူက အဲဒီ အရေးကြီးပုဂ္ဂိုလ်တွေရဲ့ နာမည်ကို သိခွင့်ရှိလို့လား"
"ငါ့ရဲ့ စည်းကမ်းချက်တွေကို မင်း သေသေချာချာ သဘောတူလိုက်ဖို့ပဲ ငါ အကြံပြုချင်တယ်၊ ဒီစားသောက်ဆိုင်ကို ငါတို့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အခြေခံအုတ်မြစ်လို့ပဲ သတ်မှတ်လိုက်မယ်၊ နောက်ကျရင် အဲဒီ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့ မင်းကို ငါ ခေါ်သွားပေးလို့ ရတာပေါ့"
"မင်း နားလည်ထားဖို့က စီးပွားရေးလုပ်တယ်ဆိုတာ အဆက်အသွယ်တွေအပေါ်မှာ မူတည်တယ်၊ ဥက္ကဋ္ဌကြီးဟုန်လို အဆင့်မျိုးတောင်မှ သာမန် ဗျူရိုညွှန်ကြားရေးမှူးလောက်ကိုပဲ သိတာ၊ မင်း ငါ့နောက်ကို လိုက်မယ်ဆိုရင် တကယ့်ကို အရေးကြီးတဲ့ လူတွေနဲ့ ဆုံရလိမ့်မယ်"
ကျိုးထျန်းက ကြောက်လန့်သွားပြီး အစိုးရအရာရှိများနှင့် သိကျွမ်းလိုနေသည်ဟု ထင်မှတ်ကာ ဤကဲ့သို့သော အနှစ်သာရမရှိသည့် ကတိကဝတ်များကို တမင်သက်သက် ပြောဆိုနေခြင်း ဖြစ်သည်။
အမှန်စင်စစ် ယင်းတို့မှာ ဗလာစာအုပ်ထဲက ကတိများသာ ဖြစ်ကြသည်။
ကျိုးထျန်းအနေဖြင့် စားသောက်ဆိုင်တစ်ခုလုံးကို သူ့အား ပေးအပ်လိုက်လျှင်ပင် သူက ထိုအရေးကြီးပုဂ္ဂိုလ်များနှင့် ပေးတွေ့လိမ့်မည် မဟုတ်ချေ။
"ဒါတွေက ငါ့ရဲ့ အဆက်အသွယ်တွေပဲ၊ မင်းတို့လို အောက်ခြေလူတန်းစားက လာတဲ့လူတွေကို ငါက ဘာလို့ မျှဝေပေးရမှာလဲ"
သူ့မျက်စိထဲတွင် ဤလူများသည် သူနှင့် တစ်တန်းတည်း လူမှုပတ်ဝန်းကျင်တွင် ရှိနေရန်ပင် အရည်အချင်း မပြည့်မီကြချေ။
သို့သော် သူ ထပ်မံ၍ မှားယွင်းသွားခဲ့ပြန်သည်။
ကျိုးထျန်းမှ လက်ကို ခါယမ်းလိုက်ပြီးနောက် ပြောဆိုလိုက်သည်။
"စီအီးအိုဆွေ့... မင်း အထင်မှားနေပြီ၊ ငါ ဆိုလိုတာက... ငါလည်း ဟန်ကျိုးက အောင်မြင်တဲ့ အကောင်ကြီးအချို့ကို သိထားလို့ပါ၊ ငါတို့အထဲက ဘယ်သူက ပိုပြီး အာဏာရှိတဲ့လူတွေကို သိလဲဆိုတာကိုပဲ ငါ သိချင်လို့"
သူက ဆွေ့ယွင်ကျန်း၏ မျက်လုံးများကို တိုက်ရိုက် စိုက်ကြည့်လိုက်ပြီး ထိပ်တိုက်ရင်ဆိုင်မည့် အမူအရာကို ပြသလိုက်သည်။
"ဟက်... ရယ်စရာပဲ၊ မင်းက ဟန်ကျိုးကလူတွေကို သိတယ် ဟုတ်လား"
"မင်းက ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ ငါ့ကို လာလိမ်လို့ရမယ် ထင်နေတာလား"
"မင်းက တကယ့်ကို ကလေးဆန်လွန်းတယ်လို့ ငါ ထင်တယ်"
ဆွေ့ယွင်ကျန်းက သူ့အား လုံးဝ မယုံကြည်ဘဲ လှောင်ပြုံး ပြုံးပြလိုက်သည်။
သူသည် ဟန်ကျိုးရှိ ခေါင်းဆောင်အများစုကို အမှန်တကယ် သိရှိထားခြင်းဖြစ်ရာ အခြားနေရာများတွင် မိမိကိုယ်ကိုယ် အာမမခံဝံ့သော်လည်း ဟန်ကျိုးနှင့် ပတ်သက်လျှင်မူ မည်သူ့ကိုမျှ မိမိအား လာရောက် စိန်ခေါ်ခြင်းကို သေချာပေါက် လက်ခံမည်မဟုတ်ဟု ထင်မှတ်ထားသည်။
အထူးသဖြင့် ဟန်ကျိုးရှိ အဆက်အသွယ်များနှင့် ပတ်သက်လာလျှင် သူ သိရှိထားသော လူများမှာ ဒေသတွင်း အာဏာစက်၏ ထိပ်ဆုံးတွင် ရှိနေပြီဖြစ်ရာ မည်သူက မိမိထက် ပိုမိုနက်ရှိုင်းသော နောက်ခံအင်အား ရှိနိုင်ပါမည်နည်းဟု ခံစားနေရသည်။
“အဓိပ္ပာယ်မရှိတဲ့ စကားတွေမှာလည်း အတိုင်းအတာ ရှိရမယ်၊ မင်း စိတ်ကြိုက် လျှောက်ပြောလို့ မရဘူး၊ အရေးကြီးပုဂ္ဂိုလ်တွေကို သိတယ်ဆိုပြီး ကောလာဟလတွေ လျှောက်ဖြန့်တာက တရားမဝင်ဘူးဆိုတာ မင်း သိသင့်တယ်”
“ဒါက အဓိပ္ပာယ်မရှိတဲ့ စကားလား ကောလာဟလလားဆိုတာကိုတော့ မင်း ဆုံးဖြတ်ရမှာ မဟုတ်ဘူး၊ မင်း ငါနဲ့အတူ အပေါ်ထပ်ကို လိုက်ခဲ့ပြီး ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြည့်လိုက်ပါလား၊ ငါ မင်းကို လိမ်နေတာလား မလိမ်ဘူးလားဆိုတာ သိရတာပေါ့”
ကျိုးထျန်း မတ်တတ်ရပ်လိုက်ပြီး ဆွေ့ယွင်ကျန်းအား အပေါ်ထပ်သို့ တက်ခဲ့ရန် လက်ဟန်ပြလိုက်သည်။
“ဟက်... အပေါ်ထပ် ဟုတ်လား”
“အပေါ်ထပ်မှာ ဘယ်သူရှိနေမှန်း ဘယ်သူသိမှာလဲ၊ ငါက ဘာလို့ မင်းနဲ့အတူ အပေါ်ထပ်ကို လိုက်ရမှာလဲ”
ဆွေ့ယွင်ကျန်းက ထိုင်ခုံပေါ်တွင် ပျင်းရိပျင်းတွဲဖြင့် ဆက်လက်ထိုင်နေခဲ့ပြီး ထမလာခဲ့ချေ။
ကျိုးထျန်းသည် သူ၏ စိတ်နေသဘောထားကို ကောင်းကောင်း တွက်ချက်ထားပြီးသား ဖြစ်သည်။
ဤကောင်သည် မီးရှူးမီးပန်းကဲ့သို့ပင် ဟန်တုန်၏ စကားအနည်းငယ်ဖြင့်တင် အလွယ်တကူ ဒေါသထွက်တတ်သူ ဖြစ်သည်။
"အို... ကြည့်ရတာ စီအီးအိုဆွေ့က အပေါ်ထပ်ကို လိုက်ဖို့ ကြောက်နေတဲ့ပုံပဲ၊ တကယ်လို့ မင်း ကြောက်နေတယ်ဆိုရင်လည်း ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့"
"ဘယ်သူက ကြောက်တယ်လို့ ပြောလဲ... သွားမယ်၊ ငါ မသွားရဲတဲ့ နေရာဆိုတာ ရှိလို့လား"
ယင်းကို ကြားလိုက်ရသောအခါ ဆွေ့ယွင်ကျန်း ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး ရန်လိုသော အမူအရာကို ပြသလာခဲ့သည်။
ဤအမူအရာက သူ့အား ကျေနပ်သွားစေသည်။
ဤကဲ့သို့သော လူမျိုးသည် အနည်းငယ်မျှ သွေးထိုးလှုံ့ဆော်လိုက်ရုံဖြင့် အကွက်ထဲသို့ သေချာပေါက် ဝင်လာတတ်ကြသည်။
အဓိပ္ပာယ်မရှိသော မာနကြောင့်သာ ဖြစ်ပေသည်။
ကျိုးထျန်းသည် ယုံကြည်မှုအပြည့်ဖြင့် အပေါ်ထပ်သို့ လျှောက်လှမ်းသွားခဲ့ပြီး ဆွေ့ယွင်ကျန်းကလည်း နောက်မှ လိုက်ပါလာခဲ့သည်။
ဥက္ကဋ္ဌ၏ အနားမှ ဖြတ်သန်းသွားစဉ် ကျိုးထျန်းက ရိုသေလေးစားသော အမူအရာဖြင့် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"ဥက္ကဋ္ဌကြီးခင်ဗျာ... ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဥက္ကဋ္ဌကြီးရဲ့ လမ်းညွှန်မှုတွေကို ကျွန်တော် အသိအမှတ်ပြုပါတယ်၊ ဒီကိစ္စ ပြေလည်သွားရင် ကျွန်တော် လာပြီး ဝိုင်ခွက်နဲ့ ဂါရဝပြုပါ့မယ်"
"အို... ဘာမှမဟုတ်ပါဘူး၊ ငါလည်း အများကြီး မကူညီနိုင်ခဲ့ပါဘူး၊ ဂရုစိုက်ပါဦး"
၎င်းတို့နှစ်ဦးစလုံး အပြန်အလှန် ခေါင်းငြိမ့်ပြလိုက်ကြသည်။
ကျိုးထျန်း ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဥက္ကဋ္ဌ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အချို့ ထွက်ပေါ်လာခဲ့သည်။
"ဒီကလေးက ဘာလို့ ဒီလောက်အထိ ယုံကြည်မှု ရှိနေရတာလဲ၊ သူက ဆွေ့ယွင်ကျန်းကို လုံးဝ ဂရုမစိုက်တဲ့ပုံပဲ၊ သူ့မှာ ဘယ်လို နောက်ခံအင်အားမျိုး ရှိနေလို့လဲ"
ဥက္ကဋ္ဌ တွေးတောမိနေသည်။
ဆွေ့ယင်ကျန်းမှ အစွမ်းကုန် ကြိုးစားလာပြီး ကိစ္စကို လက်မလွှတ်ခဲ့ဘူးဆိုလျှင် သူကိုယ်တိုင်လည်း အခြေအနေ တင်းမာနေရုံသာ တတ်နိုင်မည်ဖြစ်ပြီး ပြတ်ပြတ်သားသား အောင်ပွဲရရှိရန် မဖြစ်နိုင်ချေ။
ကျိုးထျန်းကဲ့သို့ ပေါ့ပေါ့ပါးပါး နေနိုင်ရန်မူ ပို၍ပင် မဖြစ်နိုင်ချေ။
"မဖြစ်ဘူး... ငါလည်း နောက်ကလိုက်သွားပြီး ဘာဖြစ်လဲဆိုတာ သွားကြည့်ရမယ်"
...
ကျိုးထျန်းသည် သီးသန့်အခန်းတံခါးဝသို့ ရောက်ရှိလာခဲ့ပြီး ယုံကြည်မှုအပြည့်ဖြင့် အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့သည်။
"အို... မစ္စတာကျိုး ပြန်လာပြီပဲ၊ ကိစ္စက အဆင်ပြေသွားပြီလား"
မစ္စတာဟန်မှ ပထမဆုံး မတ်တတ်ရပ်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း သူသည် ကျိုးထျန်း၏ နောက်ကွယ်မှ မောက်မာစွာ လိုက်ပါလာသော ထိုလူကို သတိပြုမိလိုက်သည်။
ကျိုးထျန်း၏ မျက်နှာအမူအရာမှာ မကောင်းမွန်လှဘဲ ဒေါသထွက်နေသည်မှာ ထင်ရှားနေသည်ကို ကြည့်ခြင်းအားဖြင့် ကိစ္စရပ်မှာ ပြေလည်သွားခြင်းမရှိသေးကြောင်း သူ သိလိုက်ရသည်။
"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အားလုံးကို မိတ်ဆက်ပေးပါရစေ... ဒါကတော့ မစ္စတာ ဆွေ့ယွင်ကျန်း ပါ၊ ကျွန်တော့်ဆိုင်ဖွင့်ပွဲနေ့မှာတင် လူတွေကို ခေါ်လာပြီး အတင်းအကျပ် စစ်ဆေးခိုင်းတဲ့ စေတနာရှင်ကြီးပေါ့၊ သူက တကယ့်ကို အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ပါ"
ယင်းကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာထက်မှ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ကျိုးထျန်း အောက်ထပ်သို့ မဆင်းမီက ဝတုတ်လေးက ဖြေရှင်းမရသော ပြဿနာမျိုး ကြုံတွေ့ရပါက ၎င်းတို့ထံ လာရောက်ပြောဆိုရန် ပြောကြားခဲ့ဖူးသည်။
ယခုအခါ ကျိုးထျန်းက ဤလူကို အပေါ်ထပ်အထိ ခေါ်ဆောင်လာခဲ့ပြီဖြစ်ရာ ဤကောင်မှာ ပြဿနာတက်တော့မည်မှာ ထင်ရှားလှပေသည်။
ထို့အပြင် ကျိုးထျန်းသည် ထိုလူ၏ အထောက်အထားကို စီးပွားရေးသမားတစ်ယောက် သက်သက်သာဖြစ်ကြောင်း ချက်ချင်း တိုက်ရိုက်ပင် ထောက်ပြလိုက်ခြင်း ဖြစ်သည်။
ဤဝိုင်းတွင် ထိုင်နေသော လူစုအတွက်မူ သာမန် ချမ်းသာကြွယ်ဝသော စီးပွားရေးသမားများကို ထားလိုက်ဦး၊ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဖြစ်နေလျှင်ပင် မည်သို့ပြုမူရမည်ကို နှစ်ကြိမ်တိုင်တိုင် ပြန်လည်စဉ်းစားရပေလိမ့်မည်။