အခန်း ၂၈၁
Vol. 29 Ch. 281
🍋 Chapter 281
ချောင်ကျွင်းကျဲ့မှ ကျိုးထျန်းကို ကြည့်ကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။
"ဆယ်မိနစ်ပဲ"
သူ၏အပြုံးမှာ ချမ်းသာကြွယ်ဝသော မိသားစုမှ ဆိုးသွမ်းသော သားသမီးများ၏ ပုံစံခွက်အတိုင်း ပေါ်ထွက်လာခြင်း ဖြစ်၏။
သူ၏စကားလုံးများက အလွန်အမင်း ထောင်လွှားစော်ကားလွန်းလှသော်လည်း ရောက်ရှိနေသူတိုင်းကမူ သူ အမှန်တကယ် လုပ်ဆောင်နိုင်သည်ဟု ယုံကြည်နေကြသည်။
ဆယ်မိနစ်... အကယ်၍ ချောင်ကျွင်းကျဲ့သာ အတည် လုပ်ဆောင်မည်ဆိုပါက ဤကိစ္စရပ်အား ဆယ်မိနစ်အတွင်း၌ပင် အပြည့်အဝ ဖြေရှင်းပေးနိုင်ပေလိမ့်မည်။
သူ လုပ်ဆောင်လိုသည့်အရာမှာ ဆွေ့ယွင်ကျန်းကို ဖမ်းဆီးရုံသက်သက်မျှ မဟုတ်ဘဲ ထိုလူ၏ ပြန်လည်တုံ့ပြန်နိုင်စွမ်းရှိသမျှ အခွင့်အရေးအားလုံးကိုပါ အမြစ်ပြတ် ချေမှုန်းပစ်ရန် ဖြစ်သည်။
သူ၏ဦးလေးမှာ အရှိန်အဝါကြီးမားသော လူတစ်ယောက်ဖြစ်ရာ ချောင်ကျွင်းကျဲ့အနေဖြင့် ထိုလူကို အလွယ်တကူ ဖြုတ်ချပစ်ရန် မဖြစ်နိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ ယခုခေတ်သည် ရှေးခေတ်မဟုတ်သလို သူသည်လည်း တော်ဝင်မင်းသားတစ်ပါး မဟုတ်ပေ။
သို့သော် သူ အသုံးပြုနိုင်သော အာဏာမှာ သူ၏အဆင့်အတန်းသို့ ရောက်ရှိခြင်းမရှိသေးသော မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမဆို စိတ်ကူးမယဉ်ရဲလောက်သော ဖိအားမျိုး ပေးနိုင်ပေသည်။
"ကောင်းပြီ... ဒါဆိုရင်လည်း ဒီဆယ်မိနစ်အတွင်းမှာ ဒီအတိုင်းကြီး ထိုင်မနေစေချင်ဘူး။ ငါ သူ့ဆီကနေ ပြန်တောင်းစရာ အကြွေးအချို့ ရှိသေးတယ်"
ကျိုးထျန်းသည် ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး မြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်ကဲ့သို့ ဝပ်နေရရှာသော ဆွေ့ယွင်ကျန်းကို စိုက်ကြည့်လိုက်သည်။
ဤကောင်မှာ အဆစ်အမြစ်များ ဖြုတ်ချခြင်း ခံထားရသော်လည်း ပါးစပ်မှမူ ဆဲရေးတိုင်းထွာချက် အမျိုးမျိုးကို မရပ်မနား အော်ဟစ်နေဆဲဖြစ်ရာ မိန်းကလေးအချို့မှာ နားများကိုပင် ပိတ်ထားကြရသည်။
"သူ့ပါးစပ်ကို ပိတ်လိုက်စမ်း"
သက်တော်စောင့်တစ်ဦးက အမိန့်ကို နာခံလျက် ဆွေ့ယွင်ကျန်း၏ မေးစေ့ကို ကိုင်ကာ အားပြင်းပြင်းဖြင့် ဖြုတ်ချပစ်လိုက်လေသည်။
သူသည် ဆဲရေးတိုင်းထွာသံများကို ဆက်လက် မထုတ်ဖော်နိုင်တော့ဘဲ နာကျင်မှုကြောင့် ညည်းတွားသံမျှသာ ပြုလုပ်နိုင်တော့သည်။
ရောက်ရှိနေသော သူဌေးကြီးအများစုတွင် ကိုယ်ပိုင်သက်တော်စောင့်များနှင့် လုံခြုံရေးဝန်ထမ်းများ ရှိကြပြီး အချို့မှာ မိမိတို့၏ ဒရိုင်ဘာများကိုပင် သက်တော်စောင့်အဖြစ် ခန့်အပ်ထားကြသည်။
၎င်းတို့ထဲမှ အများစုမှာ စစ်မှုထမ်းဟောင်းများ ဖြစ်ကြပြီး အချို့မှာ အထူးတပ်ဖွဲ့ဝင်ဟောင်းများပင် ဖြစ်ကြရာ တစ်နှစ်လျှင် ယွမ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ လစာပေးထားရသော၊ အရေးကြုံလျှင် အသက်ကယ်တင်ပေးနိုင်သည့် ထူးချွန်သူများ ဖြစ်ကြသည်။
သို့သော် မည်မျှပင် ယွမ်သန်းချီတန်သော အထူးတပ်ဖွဲ့ဝင်စစ်သား သို့မဟုတ် အတွေ့အကြုံရင့်ကျက်သော ထိပ်တန်းလုံခြုံရေးအစောင့်များ ဖြစ်ပါစေ ကျိုးထျန်း၏ လူများနှင့်မူ နှိုင်းယှဉ်၍မရနိုင်ချေ။
ဤသူဌေးကြီးများသည် ထိုလူလေးယောက်ထံမှ ထွက်ပေါ်နေသော လူသတ်လိုသည့် အငွေ့အသက်များနှင့် အေးစက်စက် အမူအရာများကို အထင်အရှား မြင်တွေ့နေရသည်။
နာကျင်စွာ အော်ဟစ်ညည်းတွားသံများမှာ ၎င်းတို့အတွက်မူ ပိုးမွှားများ မြည်တမ်းနေသကဲ့သို့ အရေးမပါလှချေ။
၎င်းတို့၏ မျက်ဝန်းများထဲတွင် အသက်ဇီဝအပေါ် လျစ်လျူရှုထားသည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး ဖမ်းဆီးထားသော လူမှာ ညစ်ပတ်သော အဝတ်စုတ်တစ်ခုကဲ့သို့ ကျိုးထျန်း၏ အမိန့်တစ်ချက်တည်းဖြင့် အပိုင်းပိုင်း အစအန ပြုလုပ်ပစ်ရန် အဆင်သင့် ဖြစ်နေသကဲ့သို့ပင်။
"ဥက္ကဋ္ဌကျိုးရဲ့ ဒီလူတွေက တော်တော်လေးကို ကြောက်စရာကောင်းတာပဲ။ ငါ သူတို့မျက်လုံးတွေကို ကြည့်လိုက်ရုံနဲ့တင် ရင်တွေ တုန်နေတုန်းပဲ။ တကယ့်ကို အသည်းယားစရာ ကောင်းလွန်းတယ်"
ဥက္ကဋ္ဌမော်ဟုန်ဒါမှ ဥက္ကဋ္ဌဟန်တုန်၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
ယင်းကို ကြားလိုက်ရသော အခြားသူများကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ဤလူများသည် ရိုးရိုးစစ်မှုထမ်းဟောင်းများ မဟုတ်ဘဲ အမှန်တကယ် တိုက်ပွဲဝင်ခဲ့ဖူးသော ဝါရင့်စစ်သည်များ ဖြစ်ရမည်ဟု ၎င်းတို့ ကောင်းစွာ သိရှိကြသည်။
မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံတွင် ကြီးမားသော စစ်ပွဲများ မဖြစ်ပွားခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ထိုစစ်သားများတွင် ကိုယ်ခံပညာ အရည်အချင်းများ ရှိနိုင်သော်လည်း နေ့စဉ်နှင့်အမျှ ဓားစာခံဘဝဖြင့် အသက်ဘေးနှင့် ရင်ဆိုင်ခဲ့ရသူများနှင့်မူ အခြေခံအားဖြင့် ကွဲပြားခြားနားလှသည်။
ဤလူလေးယောက်ကဲ့သို့ပင်... ၎င်းတို့၏ မျက်ဝန်းထဲမှ အေးစက်မှုများသည် မရေမတွက်နိုင်သော သေဆုံးမှုများကို မြင်တွေ့ခဲ့ရခြင်းမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
ကျည်ဆန်တစ်ချက် တည်းဖြင့်ပင် လူ့အသက်ပေါင်းများစွာကို နုတ်ယူနိုင်ရာ အသက်ဇီဝအပေါ် သနားကရုဏာထားမှုဟူသည် ၎င်းတို့၏ စိတ်ဝိညာဉ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဆွေ့ယွင်ကျန်းတစ်ယောက် နောက်ဆုံးတွင် ငြိမ်ကျသွားသည်ကို မြင်လျှင် ကျိုးထျန်းက သူ၏ဘောင်းဘီအိတ်ထဲသို့ လက်နှိုက်ကာ စီကရက်တစ်ဗူးနှင့် မီးခြစ်ကို ထုတ်ယူလိုက်သည်။
"အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်မသောက်ရဘူးဆိုတာ မင်းမသိဘူးလား၊ အဲဒါက တော်တော်လေးကို ရိုင်းစိုင်းတာပဲ"
"ပြီးတော့ မင်း ငါ့ရဲ့ ကြမ်းပြင်ကို မီးရှို့လိုက်သေးတယ်၊ ဒီနေရာက အခုမှ ပြင်ဆင်မွမ်းမံထားတာ၊ ကြမ်းပြင်ကိုလည်း ဖယောင်းတင်ထားတာ မကြာသေးဘူး၊ မင်းလို လူယုတ်မာက လာပြီး ဖျက်ဆီးပစ်လိုက်တယ်"
အောက်ထပ်တွင် ဆွေ့ယွင်ကျန်းသည် ကျိုးထျန်း၏ ရှေ့မှောက်၌ ဆေးလိပ်ကို အာဏာပါပါ သောက်ခဲ့ပြီး ဆေးလိပ်ငွေ့အကွင်းများကိုပါ မှုတ်ထုတ်ကာ ရည်ရွယ်ချက်ရှိရှိ ရန်စခဲ့ခြင်းဖြစ်သည်။
သူသည် တစ်ဝက်မျှသာ သောက်ရသေးသော၊ မီးတောက်နေဆဲ ဖြစ်သည့် စီကရက်တိုကိုပင် ကြမ်းပြင်ပေါ်သို့ ပစ်ချခဲ့သေးသည်။
ကျိုးထျန်းသည် ထိုအချိန်ကတည်းက စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရသဖြင့် ယခုအခါတွင်မူ သူက သဘာဝအတိုင်း လက်စားချေလိုခြင်းပင်။
"မင်း ကြမ်းပြင်ကို မီးရှို့ခဲ့တာဆိုတော့ မင်း ငါ့ကို ပြန်လည်လျော်ကြေးပေးရမှာပေါ့။ ငါ မင်းဆီကနေ ငွေကြေး မလိုချင်ဘူး၊ နာကျင်မှုကိုပဲ ခံစားစေချင်တယ်"
ကျိုးထျန်းက သူ၏နဖူးကို လက်ညှိုးထိုးပြလိုက်သည်။
"ငါ့ရဲ့ ကြမ်းပြင်မှာ အမဲကွက်ထင်သွားသလို မင်းရဲ့ မျက်နှာကလည်း ပြန်ခံစားရမယ်။ အဲဒါမှ တရားမျှတမှာပေါ့"
သူက လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်သည်နှင့် သက်တော်စောင့်တစ်ဦးက စီကရက်တစ်လိပ်ကို မီးညှိကာ ထိပ်ဖျား ရဲရဲနီသွားသည်အထိ ပြင်းပြင်းရှူလိုက်ပြီးနောက် ဆွေ့ယွင်ကျန်း၏ နဖူးပေါ်သို့ အားပြင်းပြင်းဖြင့် ဖိချပစ်လိုက်လေသည်။
အီးးးးးး
သူသည် နိမ့်ရှိုင်းသော အော်ဟစ်သံမျှသာ ထုတ်ဖော်နိုင်တော့ပြီး လောင်ကျွမ်းသွားသော အရေပြား၏ စူးရှလှသော နာကျင်မှုကို အလူးအလဲ ခံစားနေရတော့သည်။
"ကောင်းတယ်... ဟုတ်တယ်... သူ ဥပဒေဆိုတာ ဘာလဲဆိုတာကို သိသွားသင့်တယ်"
ချောင်ကျွင်းကျဲ့က သူ၏ထောင်လွှားသော အမူအရာကို ဆက်လက် ထိန်းသိမ်းထားပြီး သူ၏ပုံမှန် အလွန်အမင်း ဝင့်ဝါတတ်သော ပုံစံနှင့် လုံးဝ ကွဲပြားနေခဲ့သည်။
"ငါတောင် ငါ့အဖေအကြောင်းကို တစ်ခါမှ ထုတ်မပြောခဲ့ဖူးဘူး၊ မင်းလို လူကောင်က လာပြီး ကြွားဝါရဲသေးတယ်ပေါ့၊ မင်းကိုယ်မင်း တကယ့် ပုဂ္ဂိုလ်ကြီးလို့ ထင်နေတာလား"
စီကရက်တိုတစ်လိပ်က သူ၏နဖူးပေါ်တွင် ငြိမ်းသတ်ခြင်းခံလိုက်ရပြီး နာကျင်မှုကြောင့် ချွေးစေးအမြောက်အမြား စီးကျလာခဲ့သည်။
၎င်းမှာ မီးလောင်ဒဏ်ရာကြောင့်လား သို့မဟုတ် အဆစ်အမြစ်များ ဖြုတ်ချခံထားရသည့် နာကျင်မှုကြောင့်လား ဆိုသည်ကိုမူ မသေချာချေ။
သို့သော် မည်သည့်နာကျင်မှုမျိုး ဖြစ်ပါစေ ယင်းက ဤမျှဖြင့်တင် ပြီးဆုံးသွားမည်မဟုတ်ပေ။
စီကရက်ဗူးမှာ အခုမှ ဖွင့်ရုံရှိသေးရာ ဆွေ့ယွင်ကျန်း သောက်ခဲ့သော စီကရက်တစ်လိပ်နှင့် သူ့နဖူးပေါ်တွင် ငြိမ်းသတ်ခဲ့သော စီကရက်တစ်လိပ်အပြင် ၁၈ လိပ်မျှ ကျန်ရှိနေသေးသဖြင့် ဆယ်မိနစ်စာ အချိန်ကို ဖြုန်းရန် လုံလောက်လှပေသည်။
သို့သော် ကံမကောင်းစွာဖြင့် ၁၁ လိပ်မြောက် စီကရက်သို့ ရောက်ရှိချိန်တွင် တံခါးဝမှ ကမန်းကတန်း လှမ်းလာသော ခြေသံများကို ကြားလိုက်ရသည်။
ခြေသံများသည် သီးသန့်ခန်း တံခါးဝတွင် ရုတ်တရက် ရပ်တန့်သွားပြီးနောက် အနည်းငယ် တုန်လှုပ်နေသော တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
ဒေါက် ဒေါက် ဒေါက်...
"ဝင်ခဲ့ပါ"
သူ ခွင့်ပြုချက်ပေးလိုက်ပြီးနောက် တံခါး ပွင့်လာခဲ့ပြီး အရပ်ဝတ် ဝတ်ဆင်ထားသော လူသုံးယောက် လှမ်းဝင်လာကြသည်။
သို့သော် ၎င်းတို့၏ မျက်နှာကို ကြည့်လိုက်ရုံမျှဖြင့် သာမန်လူများ မဟုတ်ကြဘဲ အစိုးရအရာရှိကြီးများ၏ အရှိန်အဝါများ ထွက်ပေါ်နေသည်ကို သိသာစေသည်။
"ဟို... မစ္စတာ ချောင်ကျွင်းကျဲ့ လားခင်ဗျာ"
"ကျွန်တော်ပါပဲ" ချောင်ကျွင်းကျဲ့က လှမ်းသွားပြီး ထိုလူသုံးယောက်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ကာ အသံတိုးတိုးဖြင့် စကားအနည်းငယ် ပြောဆိုလိုက်သည်။
သူ၏အမူအရာက အလွန် သဘာဝကျလှသော်လည်း ထိုလူသုံးယောက်၏ မျက်နှာများမှာမူ သိပ်ပြီး ကြည့်မကောင်းလှချေ။
တစ်မိနစ်ပင်မပြည့်မီ ထိုလူသုံးယောက်သည် ကျိုးထျန်းထံသို့ လှမ်းလာခဲ့ကြသည်။
"မင်းက ဒီနေရာရဲ့ ပိုင်ရှင် မစ္စတာကျိုး ထင်တယ်"
"ဟုတ်ပါတယ်... ကျွန်တော်ပါပဲ။ လူကြီးမင်းတို့က ဘယ်သူများလဲ..."
"ကျွန်တော်တို့က အောက်ထပ်က အဖွဲ့ရဲ့ အထက်လူကြီးတွေပါ။ တောင်းပန်ပါတယ် မစ္စတာကျိုး... သူတို့ ဒီနေ့ ဒီနေရာကို... စစ်ဆေးဖို့ လာကြလိမ့်မယ်လို့ ကျွန်တော်တို့ ကြိုတင် မသိခဲ့လို့ပါ"
ကျိုးထျန်း ယင်းကိုကြားလျှင် ရယ်မောလိုက်မိသည်၊ ဤလူသည် 'ပြဿနာရှာရန်' ဟူသော စကားလုံးကို လုလုနီးပါး လွှတ်ခနဲ ပြောမိတော့မည့် အခြေအနေပင်။
"လူကြီးမင်းတို့ ဆိုလိုတာကို ငါ နားလည်ပါတယ်၊ အချို့လူတွေက သူတို့ရဲ့ အထက်လူကြီး စကားကို နားမထောင်ဘဲ အာဏာအလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို နှိပ်စက်တတ်ကြတာကိုး"
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... အတိအကျပါပဲ။ ကျွန်တော်တို့ သူတို့ကို အခုပဲ ခေါ်သွားပြီး သေသေချာချာ စုံစမ်းစစ်ဆေးလိုက်ပါ့မယ်"
ထိုလူသုံးယောက်က ချက်ချင်းပင် သဘောတူလိုက်ကြသည်၊ ကျိုးထျန်းက ၎င်းတို့ကို ခက်ခဲစေရန် မရည်ရွယ်ဘဲ အကြောင်းပြချက် မပေးသည့်အပြင် ဆင်ခြေအချို့ကိုပင် ရှာဖွေပေးခဲ့သောကြောင့် ဖြစ်သည်။
၎င်းတို့သည် သဘာဝအတိုင်း ဝမ်းမြောက်သွားကြပြီး သူ၏လက်ကို အလျင်အမြန် ဆွဲကိုင်ကာ အဖန်ဖန် တောင်းပန် စကားဆိုပြီးနောက် ကမန်းကတန်း ထွက်ခွာသွားကြတော့သည်။
၎င်းတို့ ထွက်ခွာသွားပြီးနောက်မှသာ ကျိုးထျန်းက ချောင်ကျွင်းကျဲ့ကို မေးမြန်းလိုက်သည်။
"သူတို့က အတိအကျ ဘယ်သူတွေလဲ"
"ရှန်ဟိုင်းရဲ့ စျေးကွက်ဌာန၊ မီးသတ်ဌာနနဲ့ စည်ပင်သာယာရေးဌာနက အရာရှိကြီး သုံးယောက်လေ"
"အော်..." ကျိုးထျန်း ခေါင်းညိတ်လိုက်သည်။
၎င်းတို့ထံမှ အစိုးရအရာရှိကြီးများ၏ အရှိန်အဝါများ ထွက်ပေါ်နေခြင်းမှာ မဆန်းတော့ချေ၊
ဤသုံးယောက်မှာ ခရိုင်အဆင့် မြို့တစ်မြို့၏ အုပ်ချုပ်ရေးမှူးနှင့် ညီမျှပေသည်။
အောက်ထပ်မှ အော်ဟစ်ဆဲဆိုသံများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
ထိုသုံးယောက်မှာ အမှန်တကယ် ဒေါသထွက်နေကြပြီး ၎င်းတို့၏ ဒေါသကို မထိန်းချုပ်နိုင်တော့သဖြင့် ထိုနေရာ၌ပင် ချက်ချင်း အော်ဟစ်ဆဲဆိုနေကြခြင်း ဖြစ်၏။
ထိုနှစ်ယောက်၏ စကားပြောသံကို ကြားလိုက်ရသောအခါ ပြာခွက်အဖြစ် အသုံးပြုနေရရှာသော ဆွေ့ယွင်ကျန်း ထိတ်လန့်သွားခဲ့ရသည်။
'သူတို့ပြောတာက ဒီသုံးယောက်က ရှန်ဟိုင်းရဲ့ အရာရှိကြီးတွေတဲ့'
အကယ်၍ ယင်းက အမှန်တရားဆိုပါက ဤသုံးယောက်မှာ သူ၏ဦးလေးနှင့် အဆင့်အတန်း တူညီကြပေသည်၊ သူ၏ဦးလေးမှာမူ အနည်းငယ် ရာထူး ပို မြင့်သည်။
သို့သော် ဤမျှနှင့်တင် ကြောက်လန့်စရာ ကောင်းနေပြီ ဖြစ်သည်။
ပုံမှန်အားဖြင့် ဤကဲ့သို့သော အဆင့်အတန်းရှိသူများသည် သွားလေရာရာ၌ အလွန်အမင်း အာဏာကြီးမားပြီး လွှမ်းမိုးမှု ရှိကြသူများ ဖြစ်သည်။
သို့ဆိုလျှင် အဘယ်ကြောင့် ကျိုးထျန်းနှင့် ဤချောင်ကျွင်းကျဲ့၏ ရှေ့မှောက်တွင် ဤမျှအထိ ရိုကျိုးနေကြရပါသနည်း။
ယင်းက လုံးဝ သဘာဝမကျလှချေ။