← Chapters

အခန်း ၃၁၆

Vol. 32 Ch. 316

အခန်း ၃၁၆

Vol. 32 Ch. 316

🍋 Chapter 316

"ဒါက..." ဟင်နရီလေးက ခက်ခဲနေဟန် ဆောင်ရင်း ၎င်းတို့နှစ်ဦးကို လှမ်းကြည့်လိုက်သည်။

တကယ်တမ်းတွင်မူ သူသည် အတိုင်းမသိ ဝမ်းသာနေခဲ့ခြင်း ဖြစ်သည်။

ယခု ရောက်ရှိလာသူမှာ အတော်လေး ထောင်လွှားစော်ကားလွန်းလှပေသည်။

သို့သော် ပို၍ ဆိုးလေလေ၊ ပို၍ ကောင်းလေလေပင် ဖြစ်သည်။

ထိုလူက မစ္စတာကျိုးကို ဒေါသပေါက်ကွဲအောင် ဆွပေးနိုင်ပြီး စိတ်ဆိုးမာန်ဆိုး ဖြစ်သွားစေလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် သူသည် ယနေ့တွင် မျှော်လင့်မထားသော စည်းစိမ်ဥစ္စာများကို ပိုမို၍ ယုံကြည်ချက်ရှိရှိဖြင့် ရှာဖွေနိုင်တော့မည် မဟုတ်ပါလား။

ကျိုးထျန်းသည်လည်း အမှန်တကယ်ပင် မကျေမနပ်ဖြစ်သွားသည်။

‘ဒီကောင်က ဘာကောင်မို့လို့ ဒီလိုမျိုး ဝင်ရှုပ်ရတာလဲ၊ ပြီးတော့ သိပ်လည်း ထောင်လွှားတာပဲ၊ စကားထဲမှာလည်း တစ်ခုခုကို သိသိသာသာ စောင်းမြောင်းပြောနေသေးတယ်’

သူ ထိုသို့ ပြောလိုက်သောအခါ၊ သူ၏ ဘေးနားရှိ မိန်းကလေးမှာ ပြုံးနေဆဲ ဖြစ်သော်လည်း သူမ၏ နှုတ်ခမ်းထောင့်စွန်းများမှာ မသိမသာ တွန့်ကွေးသွားခဲ့သည်။

ကျိုးထျန်းက ဤအသေးစိတ်အချက်ကို သတိပြုမိလိုက်ပြီး ချက်ချင်းပင် နားလည်သွားခဲ့တော့သည်။

‘ဒီမိန်းကလေးနဲ့ ပီယဲက သိပ်မဝေးလွန်း သိပ်မနီးလွန်းတဲ့ အကွာအဝေးတစ်ခု... မီတာဝက်လောက် ခွာပြီး ရပ်နေကြတာပဲ’

‘ဒါက ယဉ်ကျေးတဲ့ အကွာအဝေးတစ်ခုပဲ၊ သူတို့နှစ်ယောက်က ချစ်သူရည်းစားတွေ မဟုတ်ဘူးဆိုတာကို ပြနေတာပေါ့၊ မဟုတ်ရင်တော့ ဥရောပရဲ့ ဓလေ့ထုံးစံအရ သူတို့ရဲ့ အပြုအမူတွေက ဒီထက်မက ပိုပြီးတော့ ရင်းနှီးရမှာ’

‘ဒီမိန်းကလေးက အောင့်အည်းသည်းခံနေ ပေမဲ့၊ အရာအားလုံးကို မိမိ ပိုင်ဆိုင်နိုင်တယ်လို့ ထင်နေတဲ့ ပီယဲရဲ့ ပြောစကားအပေါ် သူမအနေနဲ့ အနည်းငယ် မကျေမနပ် ဖြစ်သွားတာ ထင်ရှားပါတယ်၊ ဒါပေမဲ့ ယဉ်ကျေးမှုအရ သူမက ထုတ်မပြခဲ့တာပဲ’

‘ငါ့အထင်တော့ ဒီကောင့်ရဲ့ မိသားစုက အာဏာနဲ့ အရှိန်အဝါ ရှိပုံရတယ်၊ မိန်းကလေးက မျက်နှာထောက်နေလို့ သူ့ကို ပြန်မပြောတာ ဖြစ်နိုင်ပေမဲ့၊ သူမရဲ့ စိတ်ထဲမှာတော့ ဒီပြောစကားကို လက်မခံဘူး’

‘ပြီးတော့ ပီယဲရဲ့ သဘောထားကို ကြည့်ရသလောက်တော့ သူက ဒီမိန်းကလေးကို အတော်လေး စိတ်ဝင်စားနေပြီး ပိုင်ဆိုင်ချင်နေတာ သေချာတယ်၊ ဒါပေမဲ့ မိန်းကလေးက သူ့ကို လုံးဝ စိတ်မဝင်စားဘဲ သာမန် အပြုံးမျိုးပဲ ပြုံးနေတာ’

ကျိုးထျန်း တိုးတိုးလေး ရယ်မောလိုက်ပြီး သူ့အတွေးများကို စနစ်တကျ စီစဉ်လိုက်သည်။

‘သူ့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ စွမ်းဆောင်ရည်တွေကို ကြွားလုံးထုတ်ပြီး မိန်းကလေးတွေကို လိုက်ချင်နေတာ ထင်တယ်’

‘ဒါပေမဲ့ ဒီကောင့်ရဲ့ နောက်ကြောင်းကို အရင်ဆုံး စုံစမ်းကြည့်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် သူက ပြင်သစ်လူမျိုး ဖြစ်ရမယ်၊ ဒါက သူ့ရဲ့ နယ်မြေလေ၊ ငါက ပိုပြီးတော့ နာခံရမယ့် အနေအထားမှာ ရှိနေတာ’

သူသည် ဓာတ်ပုံတစ်ပုံ ရိုက်ကူးပြီး ပီယဲ၏ အချက်အလက်များကို ကူညီစစ်ဆေးပေးရန် ဂျက်ဆီထံ ပေးပို့ရန် ပြင်လိုက်စဉ်မှာပင်၊ ထိုကောင်က မိမိကိုယ်ကို စတင်မိတ်ဆက်လာခဲ့တော့သည်။

"မစ္စတာဟင်နရီ... မင်းအနေနဲ့ ဖဲလ် ရင်းနှီးမြှုပ်နှံမှုအဖွဲ့စု အကြောင်းကို ကြားဖူးလိမ့်မယ်လို့ ငါ ထင်ပါတယ်"

ဟင်နရီလေးသည် ချက်ချင်းပင် နားလည်သဘောပေါက်သွားသည့် အမူအရာ ဖြစ်သွားခဲ့ပြီး ခေါင်းကိုပင် အနည်းငယ် ငုံ့လိုက်မိသည်။

"မင်းက..."

"ငါက ပီယဲဖဲလ် ပါ၊ ဖဲလ် ရင်းနှီးမြှုပ်နှံမှုအဖွဲ့စု က ငါ့မိသားစုရဲ့ စီးပွားရေးပဲ"

ကျိုးထျန်းသည် သူတို့၏ နောက်တွင် လိုက်ပါလာခဲ့သည့် စာပို့သမားအိုကြီးဘက်သို့ လှည့်၍ စုံစမ်းသည့် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

ထိုအဘိုးအိုမှာ ယခုအချိန်အထိ စကားတစ်ခွန်းမျှ မပြောဘဲ ရှိနေခဲ့ပြီး၊ အဓိကအားဖြင့် ကြားခံဖျန်ဖြေသူအဖြစ်သာ ဆောင်ရွက်နေကာ နှစ်ဖက်စလုံး သဘောထားချင်း မတိုက်ဆိုင်သည့် အခါတွင်မှသာ ဝင်ရောက်စွက်ဖက်လေ့ ရှိသည်။

"မစ္စတာကျိုး... ဖဲလ်အဖွဲ့စုက ပြင်သစ်မှာ လူသိများတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုပါ၊ ပီယဲကတော့ ပိုင်ရှင်ဖြစ်ပြီး၊ သူတို့က ကျွန်တော်တို့ နိုင်ငံရဲ့ ထိပ်သီး အချမ်းသာဆုံး လူအယောက် ၂၀ စာရင်းထဲမှာ အမြဲတမ်း ပါဝင်လေ့ရှိပါတယ်"

ကျိုးထျန်း နားလည်သွားသည့် အမူအရာကို ပြသလိုက်သည်။

အံ့ဩစရာ မရှိတော့ချေ၊ ထိပ်သီး အချမ်းသာဆုံး မိသားစု ၂၀ ထဲက မွေးဖွားလာသူ ဖြစ်သဖြင့် ဤကဲ့သို့ စကားပြောရန် ယုံကြည်ချက် ရှိနေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ဤကောင်သည် သူ့လောက် မချမ်းသာနိုင်သော်လည်း၊ သူ၏ မိသားစု စည်းစိမ်ဥစ္စာမှာ အနည်းဆုံး ယူရို ဘီလီယံပေါင်းများစွာ ရှိနေသဖြင့် သူနှင့် နှိုင်းယှဉ်၍မရနိုင်သော အရာမျိုး ဖြစ်ပေသည်။

ပီယဲက သူ့ဘေးနားရှိ မိန်းကလေးကို လှမ်း၍ ပြုံးပြလိုက်သည်။

"နိုရယ်... မင်းက ဒီကျူးလစ်ပန်းတွေကို တကယ်နှစ်သက်တယ်လို့ အခုတင်ပဲ ပြောခဲ့တယ် မဟုတ်လား၊ ဒါကြောင့် ငါ အခုပဲ မင်းအတွက် ဝယ်ပေးမယ်၊ ဒါမှ ဒီပန်းတွေက ငါ့ရဲ့ နှလုံးသားလိုမျိုး မင်းတစ်ယောက်တည်းအတွက်ပဲ ဖြစ်သွားမှာပေါ့"

မိန်းကလေးမှာ သူ၏ ပေါ့ပျက်ပျက် စကားလုံးများကြောင့် စိတ်လှုပ်ရှားသွားခြင်း မရှိသည်က ထင်ရှားလှပေသည်။

သို့သော်လည်း သူမ၏ မြင့်မြတ်လှသော အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။

"ပီယဲ... ငါက ဒီပန်းတွေကို နှစ်သက်တယ်လို့ပဲ ပြောခဲ့တာပါ၊ ဒါတွေကို ပိုင်ဆိုင်ချင်တယ်လို့ မဆိုလိုပါဘူး"

နိုရယ် ဟု အမည်ရသည့် မိန်းကလေးက ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်သည်။

ကျိုးထျန်းသည် မိန်းကလေး၏ လေသံကို နားထောင်လိုက်မိသည်၊ သူမ၏ ပြင်သစ်စကားမှာ ကျွမ်းကျင်လှသော်လည်း ပြင်သစ်လေသံမျိုး မဟုတ်ချေ။

"မဟုတ်ဘူး နိုရယ်... ငါ ဒီပန်းတွေကို မြင်လိုက်ရတဲ့ အချိန်ကတည်းက၊ မင်းတစ်ယောက်တည်းသာ ဒါတွေနဲ့ ထိုက်တန်တယ်ဆိုတာကို ငါ သေသေချာချာ သိလိုက်ရတယ်၊ ငါ့ရဲ့ ချစ်လှစွာသော အလှလေးကို ဒါတွေကို ငါ သေချာပေါက် ပေးရလိမ့်မယ်"

"ဒါပေမဲ့ ပီယဲ... ဒီလူကြီးမင်းက အရင်ဆုံး ရောက်နေတာလေ၊ ငါတို့က သူ့ကို အရင်ဆုံး ဝယ်ခွင့်ပေးသင့်တာပေါ့"

နိုရယ်၏ စကားကြောင့် ပီယဲက ခနဲ့တဲ့တဲ့ ပြုံးလိုက်မိသည်။

"ဟဲဟဲဟဲ... အဝါရောင် အသားအရေရှိတဲ့ ကောင်က ကျူးလစ်ပန်းရဲ့ အလှအပကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ"

"ဒီအာရှသားတွေက ဘာအနုပညာမှမရှိတဲ့ သူဌေးရူးတွေပဲ၊ ပိုက်ဆံနံ့တွေပဲ နံစော်နေပြီး ပန်းတွေရဲ့ ရနံ့နဲ့ လုံးဝ မကိုက်ညီဘူး"

"ငါ့အထင်တော့ သူက အခြေခံ ခံစားနားလည်နိုင်စွမ်းတောင် ရှိပုံမရဘူး၊ အဲဒါကို သူက ဘယ်လိုလုပ်ပြီး ဒီပန်းခင်းကို ဝယ်ဖို့ အရည်အချင်း ရှိမှာလဲ"

ဤကဲ့သို့ သိသာထင်ရှားလှသော ခွဲခြားဆက်ဆံမှု စကားလုံးများကြောင့် နိုရယ် မျက်မှောင်ကြုတ်လိုက်မိသည်။

သူမသည် ပီယဲ အစောပိုင်းက ဘာပဲပြောပြော မည်သည့် အမူအရာမျှ ပြောင်းလဲခြင်း မရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ သူ၏ လူမျိုးရေး ခွဲခြားဆက်ဆံမှုအပေါ် ရွံရှာမိကြောင်း ပြသလာခဲ့သည်။

ဤအပြုအမူက ကျိုးထျန်းကို ထိုမိန်းကလေးအပေါ် ပိုမို၍ သဘောကျသွားစေခဲ့သည်။

သူမတွင် အလွန်မှန်ကန်သော တန်ဖိုးထားမှုများနှင့် ထူးချွန်လှသော အမူအကျင့်များ ရှိနေကြောင်း ပြသနေခြင်း ဖြစ်သည်။

သို့သော် ပီယဲ၏ အပြုအမူနှင့် သဘောထားကမူ ကျိုးထျန်းကို သူ့အား ထိုးပစ်ချင်စိတ် ပေါက်လာစေသည်။

သို့သော်လည်း ဤကောင်သည် မိန်းကလေး၏ ရှေ့တွင် ခေါင်းမော့ထားသည့် ကြက်ဖတစ်ကောင်ကဲ့သို့ တမင်သက်သက် ထောင်လွှားပြနေခြင်း ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။

ကြက်ဖက သူ့ကို လာရောက်ဆွပေးနေပြီဖြစ်ရာ၊ သူကလည်း သူ့ကို ကောင်းကောင်း ဆုံးမပေးရတော့မည် မဟုတ်ပါလား။

ကျိုးထျန်း ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီးနောက် သူ၏ အမူအရာကို ပြောင်းလဲလိုက်သည်။

သူသည် စီးပွားရေးဆန်သော အပြုံးကို အမြဲတမ်း ပြသနေခဲ့သော်လည်း၊ ယခုအခါတွင်မူ ဒေါသတကြီး ဖြစ်နေဟန် ပြသလိုက်တော့သည်။

သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားပြီး၊ လက်မောင်းများမှာလည်း အနည်းငယ် တုန်ရင်နေခဲ့ရာ စိတ်လိုက်မာန်ပါ ဖြစ်နေသည့် အရိပ်အယောင်ကို ပြသနေသည်။

"မင်း ဘာပြောလိုက်တာလဲ..." ကျိုးထျန်း အော်ဟစ်လိုက်မိသည်။

"ဘယ်သူက အခြေခံ အနုပညာ မရှိတာလဲ..." သူက ပီယဲကို လက်ညှိုးထိုးလိုက်ရင်း၊ သူ၏ မျက်လုံးများထဲတွင် ဒေါသရိပ်များ လျှပ်တပြက် ဖြတ်သန်းသွားခဲ့သည်။

ထို့နောက် ဟင်နရီလေးဘက်သို့ လှည့်ကာ တမင်သက်သက် အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်သည်။

"မစ္စတာဟင်နရီ... ငါ ဒီပန်းခင်းကို တကယ်သဘောကျတယ်၊ ပြီးတော့ ဒီအိမ်ကိုလည်း တကယ်သဘောကျတယ်၊ မင်း တောင်းဆိုထားတဲ့ ယူရို ၆.၅ သန်း က လက်ခံနိုင်စရာပဲ၊ ပိုက်ဆံကို ဘယ်လိုပေးရမလဲ"

သူသည် ရန်စခြင်း ခံလိုက်ရသဖြင့် ပိုက်ဆံကို ချက်ချင်းပင် ပေးချေရန် အသင့်ဖြစ်နေသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။

ဟင်နရီလေး၏ မျက်လုံးများမှာ ဝေ့ဝဲသွားခဲ့ပြီး ချက်ချင်းပင် သဘောတူလိုက်သည်။

သို့သော် ထိုသို့ ပြုလုပ်နေစဉ်မှာပင် သူ၏ အကြည့်များက မလှမ်းမကမ်းရှိ ပီယဲထံသို့ ဝေ့ဝဲသွားခဲ့ပြန်သည်။

၎င်းမှာ မိမိရရှိထားတာထက် ပိုမိုလိုချင်နေသည့်ပုံပင် ဖြစ်သည်၊ သူတို့နှစ်ဦး ရန်ဖြစ်ကြလျှင် အကောင်းဆုံး ဖြစ်သည်။

‘ဟမ့်... ဘာအနုပညာမှမရှိတဲ့ တောသားပဲ၊ သူက ကောင်းမွန်တဲ့အရာတွေကို တစ်ခါမှ မမြင်ဖူးဘူး ထင်တယ်၊ ဒီအိမ်က အမှိုက်ပဲ၊ သူ့ရဲ့ စတိုင်နဲ့ ထိန်းသိမ်းမှု နှစ်ခုစလုံးက ဆိုးဝါးလွန်းလို့ တန်ဖိုးမရှိဘူး’

ပီယဲသည် ကျိုးထျန်းက မိမိကို တမင်သက်သက် ဆန့်ကျင်နေခြင်း ဖြစ်သည်ဟု ခံစားရသဖြင့် စိတ်ထဲကနေ တွေးတောလိုက်မိသည်။

"မစ္စတာဟင်နရီ... ငါ ယူရို ၇ သန်း ပေးမယ်၊ ဒါကို ငါ ယူမယ်"

သဘာဝကျစွာပင် သူသည် နိုရယ်၏ ရှေ့တွင် မျက်နှာပျက်မခံနိုင်ချေ။

ထို့ကြောင့် ကျိုးထျန်းနှင့် ပြိုင်ဆိုင်ရန် ဆုံးဖြတ်ချက်ချရင်း တိုက်ရိုက်ပင် စျေးနှုန်းတစ်ခုကို ကမ်းလှမ်းလိုက်တော့သည်။

ယူရို ၇ သန်းက မထိုက်တန်သော်လည်း၊ နိုရယ်ကို စိတ်ချမ်းသာအောင် ပြုလုပ်နိုင်သရွေ့ ပိုက်ဆံအနည်းငယ် ပိုပေးရခြင်းက အဆင်ပြေပေသည်။

သူ့ဖခင်ကလည်း ထိုအရာကို သေချာပေါက် ထောက်ခံပေလိမ့်မည်။

"၇ သန်းလား..."

"မစ္စတာပီယဲ... အဲဒါဆို မင်းက ငါ့ဆီကနေ ဒီနေရာကို တမင်သက်သက် လုယူဖို့ ကြိုးစားနေတာပေါ့လေ"

ကျိုးထျန်း၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ လျှပ်တပြက် ဖြတ်သန်းသွားခဲ့သည်။

"စျေးအမြင့်ဆုံးပေးတဲ့သူက အနိုင်ရမှာပဲ၊ ဟုတ်တယ်မလား မစ္စတာဟင်နရီ"

ပိုက်ဆံမက်လှသော ဟင်နရီလေး ခေါင်းကို အမြန်ညိတ်လိုက်မိသည်။

တိုးမြှင့်လိုက်သည့် စျေးနှုန်းက တစ်ချီတည်းဖြင့် ငါးသိန်းခန့် ရှိသွားသဖြင့် သူသည် အတိုင်းမသိ ဝမ်းသာနေခဲ့သည်။

"၇.၅ သန်း... ဘယ်လိုလဲ၊ စျေးအမြင့်ဆုံးပေးတဲ့သူက အနိုင်ရတာ မဟုတ်ဘူးလား"

ကျိုးထျန်းက ပီယဲ စကားပြောလာမည့် အချိန်ကို စောင့်ဆိုင်းလိုက်သည်။

"၈ သန်း... ပြီးတော့ ဒီနေ့ပဲ ပိုက်ဆံကို လွှဲပေးနိုင်တယ်၊ မင်းကော အဲလိုမျိုး လုပ်နိုင်ရဲ့လား လူကြီးမင်း"

ပီယဲက ကျိုးထျန်းကို လုံးဝ ဂရုမစိုက်ဟန်ဖြင့် လှောင်ပြောင်သရော်သည့် အမူအရာကို ပြသလိုက်သည်။

"ဟဲ... ၈ သန်းလား၊ အဲဒီလိုဆိုရင် ငါ ယူရို သန်း ၁၀ ကမ်းလှမ်းမယ်၊ မင်း ဘာပြောဦးမလဲ၊ ဆက်ပြီး စျေးပြိုင်ဦးမှာလား"

ကျိုးထျန်း ပြုံးလျက် စကားပြောဆိုရင်း သူ့ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။

ပီယဲ မျက်မှောင်ကြုတ်လိုက်မိသည်။

၁၀ သန်း မှာ သတ်မှတ်ချက်တစ်ခုပင် ဖြစ်သည်။

ထိုစျေးနှုန်းထက် ကျော်လွန်သွားပါက မိမိအနေဖြင့် အလွန်အမင်း ဆုံးရှုံးသွားလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။

"ဘာလဲ... ဆက်ပြီး မပြိုင်တော့ဘူးလား၊ မင်းမှာ အနုပညာနဲ့ ခံစားနားလည်နိုင်စွမ်း ရှိတယ်လို့ ဆိုရမှာ မဟုတ်ဘူးလား"

"ငါ့မျက်စိထဲမှာတော့ ပန်းခင်းကို မပြောနဲ့ဦး၊ ဒီအိမ်တစ်လုံးတည်းတင်ပဲ သမိုင်းဝင် ဆွဲဆောင်မှုတွေနဲ့ ပြည့်နှက်နေတာ၊ ငါ့အထင်တော့ မင်းကိုယ်တိုင်က ခံစားနားလည်နိုင်စွမ်းကို မသိတာ နေမှာပါ"

ပီဲယဲ သွားကို တင်းတင်းကြိတ်လိုက်မိပြီး အလွန်ပင် မကျေမနပ် ဖြစ်သွားခဲ့ရသည်။

သို့သော်လည်း ကျိုးထျန်း၏ စကားကို ကြားလိုက်ရပြီးနောက်တွင်မူ သူ ရုတ်တရက် ပြုံးလိုက်မိတော့သည်။

All Chapters