အခန်း ၁၅၁
Vol. 16 Ch. 151
Chapter 151
ဟော်ချန်ယဲ့မှာမူ ဂရုမစိုက်ဘဲ ယွီရွေ့ကျူးကို စိုးရိမ်တကြီး ကြည့်သည်။
"အရမ်း ပိန်လွန်းတယ်၊ အခုကစပြီး အစားပိုစားဖို့ လိုတယ်"
ယခင်ကတော့ သူတို့နှစ်ယောက်လုံး ပိုက်ဆံရှာဖို့နှင့် ဆိုင်ကိစ္စများဖြင့် အလုပ်ရှုပ်ခဲ့သည်။ ယခုအခါတွင် အလုပ်များ တည်ငြိမ်သွားပြီဖြစ်၍ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ရန် အချိန်ရသွားသည်။
"ကောင်းပါပြီ"
ယွီရွေ့ကျူး ခေါင်းညိတ်သည်။
"ဒါဆိုရင် အတူတူ စားကြမယ်လေ"
သူမ ပြုံးပြီး ကိုယ်ကို ကိုင်းကာ ကြက်စွပ်ပြုတ်တစ်ဇွန်းကို ခပ်ယူပြီး ဟော်ချန်ယဲ့ ပါးစပ်နားသို့ တိုးပေးကာ အချက်ပြသည်။
"အာ..."
ဟော်ချန်ယဲ့မှာ အသက်သုံးဆယ်နီးပါး ရှိနေပြီဖြစ်ကာ ကလေးဘဝကတည်းကပင် တစ်ဦးတစ်ယောက် ခွံ့ကျွေးခြင်းကို မခံခဲ့ရဖူးချေ။ ယခုအရွယ်တွင်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
သူ့ နားရွက်များမှာ နီရဲသွားပြီး သူမကို ရှောင်ဖယ်ရန် ကြိုးစားကာ ယွီရွေ့ကျူး လက်ကို လှမ်းကိုင်သည်။
"ကိုယ် ကိုယ့်ဘာသာ စားပါ့မယ်"
သို့သော် ယွီရွေ့ကျူးက ခွင့်မပြုပေ။
ဟော်ချန်ယဲ့မှာ မျက်နှာပူနွေးလာကာ ခေါင်းကို ငုံ့၍ ကိုယ်ကို တိုးကပ်ပြီး ယွီရွေ့ကျူး လက်ထဲမှ ကြက်စွပ်ပြုတ်တစ်ဇွန်းကို သောက်ရတော့သည်။
ကြက်စွပ်ပြုတ်ကို မြန်မြန်မျိုချမိသဖြင့် အရသာကိုပင် သေချာမခံစားရပေ။ သူရလိုက်သည်မှာ ယွီရွေ့ကျူးဆီမှ သင်းပျံ့လာသော ရနံ့နှင့် ဇွန်းကို ကိုင်ထားသည့် သူမ၏ ဖြူဖွေးသွယ်လျသော လက်ချောင်းလေးများကို မြင်တွေ့လိုက်ရခြင်းသာ ဖြစ်သည်။
ကြက်စွပ်ပြုတ်က အရသာရှိလှသော်လည်း ဤသည်ထက် များစွာ ပိုကောင်းမွန်သော အရာများကို သူ မြည်းစမ်းခဲ့သည်။ မနေ့ညသာမက ယနေ့မနက်တောင် မြည်းခဲ့ရသည်။
သူမ ပြုံးရွှင်နေသော မျက်နှာလေးကို ကြည့်ရင်း ဟော်ချန်ယဲ့ ရင်ထဲတွင် နွေးထွေးမှုလှိုင်းတံပိုးတစ်ခု ဖြတ်သန်းသွားသည်။
ရှေးရိုးဆန်ပြီး စည်းကမ်းကြီးသူ တစ်ယောက်ဖြစ်သည့်တိုင် သူ မနေနိုင်တော့ဘဲ ကြက်စွပ်ပြုတ်တစ်ဇွန်းကို ခပ်ယူကာ ယွီရွေ့ကျူး နှုတ်ခမ်းနားသို့ တိုးပေးသည်။
ဖြူလွလွ ဇွန်းလေးက သူမ ပန်းသွေးရောင် နှုတ်ခမ်းလေးများနှင့် ထိတွေ့သွားချိန်တွင် ကြက်စွပ်ပြုတ် အရည်ကြည်များ စွန်းထင်းသွားသော သူမ နှုတ်ခမ်းလေးများမှာ အထူးပင် ပြည့်ဖောင်းပြီး စိုအိနေသည်ကို ဟော်ချန်ယဲ့ မြင်လိုက်သည်။
ယွီရွေ့ကျူးက ပြုံးလျက် ခေါင်းငုံ့ကာ ကြက်စွပ်ပြုတ်ကို သောက်ပြီး သူ့ကို ချီးကျူးစကားဆိုလာချိန်တွင် လည်စေ့မှာ သိသိသာသာပင် လှုပ်ရှားသွားရသည်။
"ယောက်ျားကိုယ်တိုင် ခွံ့ကျွေးတဲ့ ကြက်စွပ်ပြုတ်က အရမ်း အရသာရှိတာပဲ"
တစ်နေ့တည်းနှင့်ပင် ယွီရွေ့ကျူးက သူ့ကို ခေါ်ဝေါ်သည့် နာမည်အမျိုးမျိုးမှာ ရေတွက်၍ပင် မရနိုင်တော့ချေ။ သို့သော် ဝန်ခံရမည်ဆိုလျှင် ထိုအခေါ်အဝေါ် အားလုံးကို သူ အလွန်ပင် သဘောကျမိသည်။
သူမ အသံလေးမှာ ချိုမြိန်ပြီး နူးညံ့လှကာ မည်သို့ပင် ခေါ်စေကာမူ သူ့ကို ချွဲနွဲ့နေသလို ခံစားရသည်။ သူမသည် အခြားသူများအပေါ် ဤကဲ့သို့ ပြောဆိုလေ့မရှိဘဲ သူ့တစ်ယောက် တည်းကိုသာ သုံးနှုန်းခြင်း ဖြစ်သည်။
ကြက်စွပ်ပြုတ်ကြောင့် စိုအိနေသော သူမ နီရဲရဲ နှုတ်ခမ်းလေးများကို ငေးကြည့်ရင်း ဟော်ချန်ယဲ့ ရင်ထဲတွင် ကြည်နူးမှုတို့ ပြည့်လျှံလာသည်။
သူ မနေနိုင်တော့ဘဲ လည်စေ့များ လှုပ်သွားကာ သူ့အနက်ရောင် မျက်ဝန်းများဖြင့် သူမ နှုတ်ခမ်းများကို စိုက်ကြည့်လျက် ကိုယ်ကိုကိုင်းကာ သူမ နှုတ်ခမ်းထောင့်စွန်းလေးကို နမ်းရှိုက်သည်။
သူ့ အသံမှာ အက်ရှနေသည်။
"ဒီနားမှာ... ကြက်စွပ်ပြုတ်လေး ပေနေလို့"
သူက နှုတ်ခမ်းထောင့်တွင် ကျန်နေသော ကြက်စွပ်ပြုတ်များကို လျှာဖြင့် လျက်ကာ အဖန်ဖန် အထပ်ထပ် နမ်းရှိုက်မိသည်။ ထို့နောက်မှသာ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး ယွီရွေ့ကျူးဘက်သို့ ကိုင်းညွတ်ထားသော ခန္ဓာကိုယ်ကို မူလအနေအထားသို့ ပြန်လည် ဆုတ်ခွာတော့သည်။
သူက စားပွဲပေါ်ရှိ အစားအစာများကို ငုံ့ကြည့်ပြီးနောက် ပြုံးလျက် နှုတ်ခမ်းကို ထိတွေ့နေသော ယွီရွေ့ကျူးကို ကြည့်ရာ သူ့ မျက်လုံးများထဲတွင် လိုလားတောင့်တမှုများ တောက်လောင်လာသည်။
"ရွေ့ကျူး... တခြားဟာများ ထပ်စားချင်သေးလား"
သူက ယခင်နည်းလမ်းအတိုင်းပင် အကွက်ရွှေ့ပြန်သည်။
'အရင်က ငါ ဘာလို့ သတိမထားမိခဲ့တာလဲ၊ ခွံ့ကျွေးတယ်ဆိုတာ ကလေးတွေအတွက်ပဲ သီးသန့်မဟုတ်ဘူးပဲ၊ လင်မယားအချင်းချင်း အပြန်အလှန် ခွံ့ကျွေးတာကလည်း အရမ်းကို ရင်းနှီးပြီး ပျော်စရာကောင်းတဲ့ အချိန်ဖြုန်းနည်းတစ်ခုပဲ'
ယွီရွေ့ကျူး "..."
'ဟော်ချန်ယဲ့က ကမ္ဘာသစ်တစ်ခုရဲ့ တံခါးကိုများ ဖွင့်လိုက်တာလား'
'တွေးကြည့်ရင် ငါတို့ စတွေ့တုန်းက သူက မျက်နှာထား တင်းတင်းနဲ့ အေးစက်စက် ယောက်ျားတစ်ယောက်ပါ၊ ဒါပေမဲ့ အခုတော့ သူက ရှက်တတ်ပြီး အပြစ်ကင်းတဲ့ လျှို့ဝှက်ဆန္ဒတွေ ပြင်းပြနေတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေပြီပဲ'
ယွီရွေ့ကျူးလည်း ဟော်ချန်ယဲ့အား အလိုကိုလိုက်လျောရသည်အား ပျော်ရွှင်နေသည်။ သူမအတွက် အရှုံးမရှိသည့်အပြင် အနမ်းခံရသည်မှာလည်း ခံစားလို့ကောင်းနေသည် မဟုတ်ပါလား။ ထို့ကြောင့် သူမက မေးကို လက်ဖြင့်ထောက်ကာ သူ့ကို မျက်စိတစ်ဖက် မှိတ်ပြသည်။
"ကောင်းပြီလေ"
ထိုသို့ဖြင့် ထမင်းစားချိန်မှာ တစ်နာရီနီးပါးခန့် ကြာမြင့်သွားတော့သည်။ မွန်းလွဲပိုင်း အနားယူပြီးနောက် ယွီရွေ့ကျူးသည် ခြံထဲတွင် ရှင်းလင်းရေးလုပ်ကာ ရင့်မှည့်နေသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ခူးဆွတ်သည်။
သခွားစင်ပေါ်တွင် သခွားသီးများ နေရာအနှံ့ တွဲလောင်းကျနေသည်။ အဝါရောင်သန်းနေသော အသီးများကို ယွီရွေ့ကျူးက ဟင်းရည်ချက်ရန် ဆွတ်ခူးလိုက်ပြီး အစိမ်းရောင်အသီးများကိုမူ အစိမ်းစားရန် သို့မဟုတ် ဟင်းကြော်၊ အသုပ်များတွင် ထည့်သုံးရန် ချန်ထားခဲ့သည်။
အိမ်တွင် ပဲတောင့်ရှည်အခိုင်များလည်း အများအပြား ရှိနေသေးရာ ယွီရွေ့ကျူးက ၎င်းတို့ကို မနက်ဖြန် အသားပေါင်းဆိုင်သို့ ယူသွားပြီး အရံဟင်းအဖြစ် ချဉ်ဖတ်နှပ်ရန် ဆုံးဖြတ်လိုက်သည်။
ခြံထဲရှိ အာလူးများကိုလည်း တူးဖော်ရန် လိုအပ်သည်။ နေ့စဉ်အသုံးပြုရန် သိမ်းဆည်းထားသည့် ပမာဏအပြင် ယွီရွေ့ကျူးက ဆောင်းတွင်း၌ အရံဟင်းအဖြစ် သုံးရန် ရည်ရွယ်ကာ အာလူးများကို အထူးတလည် ပါးပါးလှီးပြီး အခြောက်ခံထားသည်။
ပဲတောင့်ရှည်များကိုလည်း ထိုနည်းတူစွာပင် ဆွတ်ခူးပြီးနောက် အတူတကွ ချက်ပြုတ်ကာ နောင်အသုံးပြုရန်
အတွက် အခြောက်ခံထားသည်။
ယွီရွေ့ကျူးက ဟင်းသီးဟင်းရွက်များကို မည်သည့်အချိန်တွင် ချဉ်ဖတ်နှပ်ရမည်ကို တွေးတောစဉ် ထောင်ဟွာရွာသည် တောင်တန်းများကို မှီခိုကာ ရေပြင်နံဘေးတွင် တည်ရှိပြီး အနီးအနားတွင် တောင်ကုန်းများစွာ ရှိသည်ကို သတိရသွားသည်။
နွေရာသီ မိုးရွာပြီးနောက် တောင်ပေါ်တွင် မှိုများစွာ ပေါက်လာမည်ဟု သူမ တွေးမိကာ ထိုအချိန်ကျလျှင် ဟော်ချန်ယဲ့ကို သူမနှင့်အတူ မှိုသွားကောက်ရန် ခေါ်သွားချင်စိတ် ပေါ်လာသည်။
တောင်ပေါ်တွင် ဆေးဘက်ဝင် အပင်အချို့ကိုပင် ရှာဖွေတွေ့ရှိနိုင်မည်လား မည်သူသိနိုင်မည်နည်း။
ယွီရွေ့ကျူးသည် အရာအားလုံးကို အစီအစဉ်တကျ ကောင်းမွန်စွာ စီစဉ်ထားပြီး သူမနှင့် ဟော်ချန်ယဲ့တို့သည် တစ်မွန်းလွဲလုံး အလုပ်များကို ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ကြသည်။
အရာအားလုံး ပြီးစီးသွားချိန် ဟော်ချန်ယဲ့ ဟင်းချက်ရန်ပင် မပြင်ဆင်ရသေးမီ ရုတ်တရက် တံခါးဝတွင် လူရိပ်တစ်ခု ပေါ်လာပြီး သူတို့ကို လှမ်းခေါ်လေသည်။
"အိမ်တံခါး မပိတ်ထားတာတွေ့လို့ အိမ်မှာ ရှိနေလောက်မယ်လို့ ထင်လိုက်တာ၊ အစ်ကိုချန်ယဲ့၊ အစ်မရွေ့ကျူး... ဒီနေ့ ရွာထဲက စန်းလု မိသားစု မင်္ဂလာဆောင်ရှိတယ်၊ နေ့လယ်က လာခေါ်သေးတယ် တံခါးပိတ်ထားလို့၊ ဒီညတော့ ထမင်းချက်မနေနဲ့တော့ အတူတူ လာစားကြပါ"
လျန်စစ်သည် တံခါးဝတွင် မတ်တပ်ရပ်လျက် ပြုံးရွှင်သော မျက်နှာဖြင့် သူတို့ကို လှမ်းခေါ်သည်။
"ဒီနေ့ လူတော်တော်များများ သွားကြတယ်၊ ရွာထဲက လူတိုင်းနီးပါးပဲ၊ အစ်ကိုနဲ့ မရီးလည်း သွားသင့်တယ်၊ အရမ်း စည်ကားနေတာ”