အခန်း ၁၅၃
Vol. 16 Ch. 153
Chapter 153
သူသည် တစ်ညလုံးနီးပါး အလုပ်များခဲ့ပြီး အဝတ်လျှော်ရန်နှင့် လှန်းရန် အလွန်စောစော ထခဲ့ရသဖြင့် အိပ်ချိန် အလွန်နည်းပါးခဲ့သည်။
ယွီရွေ့ကျူးအတွက် နံနက်စာ ပြင်ဆင်ပေးပြီးနောက် ဆေးသွားယူကာ လိမ်းပေးရပြီး နေ့လယ်ပိုင်းတွင်လည်း ခြံထဲရှိ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ဂရုစိုက်ရန် အလုပ်များခဲ့သည်။
ယခုအချိန်အထိ အရွယ်ရောက်ပြီးသူ တစ်ယောက်ဖြစ်သည့် ယွီရွေ့ကျူးကို ပွေ့ချီထားရသော်လည်း သူ့ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိသလို အသက်ရှူသံမှာလည်း ပုံမှန်အတိုင်းပင် ရှိနေသည်။
အကယ်၍ ယွီရွေ့ကျူးကသာ လမ်းတစ်ဝက်တွင် ဟော်ချန်ယဲ့ကို မစနောက်ခဲ့ပါက သူသည် ဤထက်ပင် ပိုတည်ငြိမ်နေဦးမည် ဖြစ်သည်။
သူ့ ခံနိုင်ရည်အားကို ယွီရွေ့ကျူး သက်ပြင်းချမိပြီး မသိစိတ်မှပင် သူမ တင်ပါးကို ဖုံးမိသွားသည်။
...
ရွာထဲတွင် လူများမှာ မင်္ဂလာလက်ဖွဲ့အဖြစ် ယွမ်အနည်းငယ်သာ ပေးလေ့ရှိသည်။ သူတို့က တစ်ယွမ်၊ နှစ်ယွမ်ကို ထုတ်၍ တံခါးဝတွင် ထားခဲ့ကြပြီး တစ်ယောက်ယောက်က မှတ်တမ်းတင်ပေးရသည်။
စန်းလု အမည်ရင်းမှာ တကယ်တော့ စန်းလု မဟုတ်ပေ။ ၎င်းမှာ ရွာသားများက သူ့ကို ကျွေးမွေးပြုစုရ ပိုမိုလွယ်ကူစေရန် ပေးထားသော နာမည်တစ်ခုမျှသာ ဖြစ်သည်။
ပြောရလျှင် ဟော်ချန်ယဲ့ မိသားစုလည်း လက်ဖွဲ့ငွေ ပေးရမည်မှာ သေချာသည်။ အကြောင်းမှာ စန်းလုသည် ဟော်ချန်ယဲ့ ခြံ ဝန်ထမ်းတစ်ဦး ဖြစ်နေသောကြောင့်ပင်။
သူ အလုပ်ဝင်သည်မှာ မကြာသေးသော်လည်း ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့မှာ သူ့ သူဌေးနှင့် သူဌေးကတော်ကဲ့သို့ပင် ဖြစ်နေသည်။
ထို့ကြောင့် ဟော်ချန်ယဲ့သည် တံခါးဝတွင် လက်ဖွဲ့ငွေ ငါးယွမ် ထုတ်ပေး၍ စာရင်းသွင်းပြီးနောက် ယွီရွေ့ကျူးကို ခြံဝင်းအတွင်းသို့ ခေါ်ဆောင်သွားသည်။
သူတို့သည် နေ့လယ်စာ စားပြီးဖြစ်သော်လည်း ညနေပိုင်းတွင် လူငယ်များစုဝေးကာ သတို့သမီးအခန်းကို အုန်းအုန်းညံအောင် စနောက်လေ့ရှိကြသဖြင့် ပွဲမှာ ပိုစည်ကားနေသည်။
ညစာစားချိန် မရောက်သေးသော်လည်း ခြံဝင်းထဲတွင် စားပွဲဝိုင်းကြီးများကို ခင်းကျင်းထားပြီးဖြစ်ရာ နေ့လယ်ကစားသောက်ထားသော စားပွဲများကို ပြန်လည်ရှင်းလင်းထားခြင်း ဖြစ်ဟန်တူသည်။
ရွာသားအများအပြားမှာ နေရာဦးကာ ထိုင်နေကြပြီးဖြစ် သည်။ အားလုံးက သိကျွမ်းသူများဖြစ်ကြရာ ဟိုစပ်စပ်ဒီစပ်စပ် အတင်းအဖျင်းများ ပြောဆိုနေသည်။
ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ ဝင်လာသောအခါ စားပွဲဝိုင်းမှ ရွာသားများမှာ မသိစိတ် စေ့ဆော်မှုကြောင့် သူတို့ဆီသို့ မော့ကြည့်လာကြသည်။
သူတို့ အကြည့်များမှာ မီးမောင်းထိုးထားသည့်အလား စူးရှလှသည်။ ယွီရွေ့ကျူးသည် သူမကိုယ် သူမ လှပမှန်း သိထားပြီး အများ အာရုံစိုက်မှုကို ခံရသည်မှာ အသားကျနေပြီဖြစ်သော်လည်း ယခုအခြေအနေမှာ အာရုံစိုက်ခံရရုံမျှမက စူးစမ်းရှာဖွေနေသော အကြည့်များဖြင့် ဝိုင်းဝန်းစိုက်ကြည့်ခံနေရခြင်း ဖြစ်သည်။
သူမနှင့် ဟော်ချန်ယဲ့တို့ လက်ထပ်ပြီးကတည်းက ရွာသားများမှာ သူတို့ အိမ်ထောင်ရေးကို အတော်လေး စိတ်ဝင်စားပုံရသည်။
ရှဲ့ချီ ပြောဖူးသည့်စကားအရဆိုလျှင် ရွာသားများသည် သူတို့လင်မယား မည်သည့်အချိန်တွင် ကွာရှင်းကြမည်ကိုပင် လောင်းကြေးထပ်ထားကြသည်ဟု ဆိုသည်။
ယွီရွေ့ကျူးက ခပ်ဟဟ ရယ်မောပြီး ဟော်ချန်ယဲ့ လက်ကို ဆွဲကာ လူရှင်းပြီး သန့်ရှင်းသည့် စားပွဲတစ်လုံးကို ရွေးချယ်လိုက်သည်။
သူတို့ မထိုင်မီလေးတွင်ပင် ဟော်ချန်ယဲ့သည် သူမ မသက်မသာဖြစ်နေသည်ကို သတိရသွားပြီး နာကျင်မှုကို သက်သာစေရန်အတွက် ထိုင်ခုံပေါ်တွင် ခုထိုင်ရန် ရေမြှုပ်ကူရှင်တစ်ခု သွားယူပေးသည်။
ယွီရွေ့ကျူးကလည်း သူ့အပြစ်သူသိ၍ လုပ်ပေးနေသော အပြုအမူကို သဘာဝကျကျပင် လက်ခံပြီး သူ့ဘေးတွင် ဝင်ထိုင်ကာ ပတ်ဝန်းကျင်ကို ပျင်းရိပျင်းတွဲဝေ့ကြည့်သည်။
သူမတို့ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ရင်းနှီးနေသော မျက်နှာများ ဖြစ်နေသည်ကို သူမ ချက်ချင်း သတိပြုမိသွားသည်။
ဘေးဘက် စားပွဲဝိုင်းတွင် ချင်စုလန်နှင့် သူမ မသိသော လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ထိုင်နေသည်။
အခြား စားပွဲတစ်လုံးတွင်မူ ဟော်ပေါင်ကျူး၊ သူ့မိခင်နှင့် မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် လူလတ်ပိုင်း အမျိုးသားတစ်ဦးတို့ ထိုင်နေကြသည်။
'ဪ... လူစုံနေပါလား'
ယွီရွေ့ကျူး "..."
သူမသည် သူတို့နှင့် ဟန်ဆောင်ပန်ဆောင် နှုတ်ဆက်စကားဆိုရန်ပင် ပျင်းရိနေသဖြင့် သူမ သိကျွမ်းသော ချင်စုလန်ကိုသာ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ ထို့နောက် အချိန်ဖြုန်းရန်အတွက် ဟော်ချန်ယဲ့ လက်များကို ဆော့ကစားနေသည်။
အမှန်တော့ ဟော်ချန်ယဲ့ လက်များမှာ အတော်လေး စိတ်ဝင် စားစရာ ကောင်းသည်။ သူမကို ထိတွေ့စဉ်က ထိုအသားမာများကြောင့် ယားကျိကျိ ဖြစ်ခဲ့ရသော်လည်း ယခုမူ အသား မာရှိသော နေရာများမှာ အနည်းငယ် မာတောင့်တောင့်ဖြစ် သည်ကို ခံစားရသည်။ သို့တိုင်အောင် သူ့လက်များက အလွန်ပင် လှပဆဲဖြစ်သည်။
အဓိကအားဖြင့် လက်ဆစ်များမှာ ထင်ရှားပေါ်လွင်နေပြီး သူဘ လက်ချောင်းများမှာ သွယ်လျရှည်လျားသည်။
အကယ်၍ သူသာ သားသတ်သမားအလုပ်ကို မလုပ်ခဲ့လျှင် ဤမျှ ရှည်လျားပြီး ကျယ်ပြန့်သော လက်ဆစ်များပါရှိသည့် သူ့ လက်ချောင်းများမှာ စန္ဒရားတီးရန်အတွက် အလွန်ပင် သင့်တော်ပေလိမ့်မည်။
အလွန်ကို လှပလွန်းသည်။
သူမက သူ့လက်များကို အချိန်အတန်ကြာ ဆော့ကစားသော် လည်း ဟော်ချန်ယဲ့က စိတ်အနှောင့်အယှက်ဖြစ်ပုံမရပေ။ တစ်ခါတစ်ရံတွင် သူမက သူ့လက်ချောင်းများကို ကစားနေစဉ် သူက သူမလက်ကို ရုတ်တရက် တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ပြုံးပြတတ်သေးသည်။
ယွီရွေ့ကျူးက သူ့ကို စိတ်ကောက်သွားသည့်ပုံစံဖြင့်လည်း မျက်စောင်းထိုးတက်သည်။ မှောင်လာပြီဖြစ်သည်ကို မြင်ရသဖြင့် သူမ ဆက်မကစားတော့ဘဲ သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ စားပွဲအောက်တွင် သူတို့ လက်ချောင်းများကို ယှက်နွယ်ထားရင်း ထမင်းစားချိန် စတင်မည့်အရေးကို စောင့်ဆိုင်းလိုက်သည်။
သို့သော်လည်း ပွဲမစတင်မီလေးတွင်ပင် တာဝန်ခံ ဖြစ်စေ၊ အခြားသူတစ်ဦးဦး ဖြစ်စေ ရောက်လာကာ စားပွဲဝိုင်းများကို လိုက်ကြည့်ပြီး ရွာသားများကို လှမ်းပြောသည်။
"အားလုံးပဲ စုထိုင်ပေးကြပါ၊ လူမပြည့်တဲ့ ဝိုင်းတွေဆိုရင် ဘေးကို ရွှေ့ပေးပါ၊ တစ်ဝိုင်းကို အနည်းဆုံး လူဆယ်ယောက် ပြည့်မှပဲ ဟင်းလျာတွေ ချပေးမှာမို့လို့ပါ"
ပတ်ဝန်းကျင်ကို ပျင်းရိပျင်းတွဲ လေ့လာနေသော ယွီရွေ့ကျူးမှာ စားပွဲထိုးခေါင်းဆောင် စကားကိုကြားရချိန်တွင် ချက်ချင်းပင် မော့ကြည့်မိသည်။
သူမတို့ စားပွဲတွင် သူမနှင့် ဟော်ချန်ယဲ့ နှစ်ယောက်တည်းသာ ရှိနေသည်။
'ဝိုင်းဖွဲ့ဖို့ လူသွားရှာရမလား၊ ထားလိုက်ပါတော့... ထရမှာကိုက ပျင်းစရာကြီး'
'စောင့်ကြည့်ရသေးတာပေါ့၊ နေပါဦး'
'ဘာလို့ ဒီနားက လူတွေအကုန်လုံး ငါတို့စားပွဲဆီ ပြောင်းလာကြတာလဲ'
ရှဲ့ချီ၊ ရှဲ့ယင်းယန်နှင့် လျန်စစ်တို့ လာထိုင်သည်ကိုတော့ နားလည်ပေး၍ ရနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးမှာ နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသော သူတို့ အဖွဲ့ငယ်လေးထဲမှ လူများပင်။
ရှဲ့ယင်းယန်က ဝင်ထိုင်လာစဉ် ယွီရွေ့ကျူးကို တိုးတိုးလေး ကပ်ပြောသည်။
"အစ်မရွေ့ကျူး၊ ဒီနေ့ ဆိုင်မလာတော့ နေမကောင်းလို့လား၊ စိတ်မပူနဲ့နော်၊ ကျန်မတို့ အဆင်ပြေပါတယ်၊ ပိုက်ဆံတွေကို ကျန်မ အိတ်ထဲ ထည့်ထားတယ်၊ ထမင်းစားပြီးရင် စာရင်းစာအုပ်နဲ့အတူ အစ်မကို ပေးမယ်၊ ဒီနေ့ အမြတ်တွေလည်း အတော်လေး ကောင်းတယ်"
ယွီရွေ့ကျူး ခေါင်းညိတ်ပြီး သူမ ဖြူဝင်းသော ပါးပြင်လေးကို ကိုင်ကာ ပြုံးသည်။
"အင်း... ငါ ဒီနေ့ နည်းနည်း နေမကောင်းဖြစ်နေလို့ပါ၊ ယင်းယန်... နင် အရမ်းတော်တာပဲ၊ နင့်ကျေးဇူးကြောင့်သာ မဟုတ်ရင် ငါလည်း ဒီလောက် စိတ်အေးလက်အေး နားရဲမှာ မဟုတ်ဘူး"
ရှဲ့ယင်းယန်မှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားသည်။
ယွီရွေ့ကျူးက ဆိုင် အခြေအနေများကို မေးမြန်းရန် သူမကို စကားထပ်ပြောချင်သော်လည်း စကားမစရသေးမီမှာပင် သူမတို့ဘေးရှိ ခုံလွတ်များတွင် လူများ ဝင်ထိုင်လာကြပြီး များမကြာမီမှာပင် နေရာများ ပြည့်သွားတော့သည်။
ယွီရွေ့ကျူး မော့ကြည့်သောအခါ သူမတို့ဘေးရှိ စားပွဲနှစ်လုံးမှ ရင်းနှီးနေသော မျက်နှာများကို မြင်လိုက်ရသည်။
ချင်စုလန်၊ လူလတ်ပိုင်းအမျိုးသမီးနှင့် ဟော်ပေါင်ကျူးတို့ မိသားစုများဖြစ်သည်။
'ဝိုး... အခုတော့ ဆယ်ယောက် ပြည့်သွားပြီပဲ'
'သတင်းကောင်းကတော့ ငါတို့နှစ်ယောက် နေရာရွှေ့စရာမလိုတော့ဘူး'
'သတင်းဆိုးကတော့ သူတို့အားလုံးက အတင်းအဖျင်း အရမ်းပြောတတ်ကြတာပဲ'
ချင်စုလန်က စားပွဲအောက်တွင် တင်းကျပ်စွာ ယှက်နွယ်ဆုပ်ကိုင်ထားသော ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးလက်ကို ငေးကြောင်စွာ ကြည့်နေပြီး သူမမျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ထင်ဟပ်လို့နေသည်။