← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

Chapter 154

လူများက အပြောင်းအလဲမြန်သည်။

ယခင်က ဟော်ချန်ယဲ့ကို အနာဂတ်မရှိသော သားသတ်သမားတစ်ယောက်အဖြစ် အထင်အမြင်သေးခဲ့ဖူးသည့် ချင်စုလန်မိခင် ယွီကွေ့ရှန်မှာ သူ မြို့ပေါ်တွင် မွေးမြူရေးခြံနှင့် အသားဆိုင် ဖွင့်ထားကြောင်း သိရှိပြီးနောက် သူမ သဘောထားမှာ လျင်မြန်စွာ ပျော့ပျောင်းသွားခဲ့သည်။

သူမသည် ဟော်ချန်ယဲ့အပေါ် အထင်အမြင်သေးနေဆဲဖြစ်ကာ ပိုအဆင့်အတန်းမြင့်သူများနှင့် နှိုင်းယှဉ်ဆဲ ဖြစ်သော် လည်း ယခင်ကလောက်တော့ သူ့အပေါ် ရွံရှာခြင်း မရှိတော့ပေ။

သူမက ချင်စုလန်ကို အိမ်တွင် တစ်ခါတစ်ရံ အကြံပေးလေ့ရှိသည်။

"ဟော်ချန်ယဲ့က နင့်ကို သဘောကျနေတာ မဟုတ်ဘူးလား၊ သူ့ကောင်မလေးနဲ့ သူ့ရဲ့ ဆက်ဆံရေးက ကြာရှည်ခံမှာ မဟုတ်ပါဘူး၊ အခု သူ့ဆိုင်က အတော်လေး အဆင်ပြေနေတယ်၊ အဲဒီ မွေးမြူရေးခြံကြောင့် သူ တစ်နေ့ကျရင် သူဌေးကြီးတောင် ဖြစ်လာနိုင်တယ်၊ နင် အခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်၊ နင့်မှာ ပိုကောင်းတဲ့ အနာဂတ် မရှိဘူးဆိုရင် တောင် အနည်းဆုံးတော့ ဒီတစ်ယောက်ကို ဖမ်းဆွဲထားသင့်တယ်"

ချင်စုလန်က အမြဲတမ်း တိတ်တဆိတ်သာ ထမင်းစားနေလေ့ရှိသည်။ အမှန်တွင် သူမ အနည်းငယ် စိုးရိမ်နေမိသည်။

မကြာသေးမီက သူမအပေါ်ထားရှိသော ဟော်ချန်ယဲ့ သဘော ထားမှာ ပိုအေးစက်ပြီး ကင်းကွာလာသည်ဟု သူမ ခံစားရသည်။

'ဒါ ငါ့ရဲ့ စိတ်ထင်များလား'

ယနေ့နံနက်ပိုင်းက ဟော်ချန်ယဲ့သည် ဆေးခန်းသို့ လိမ်းဆေးလာဝယ်ခဲ့သော်လည်း သူ့ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမျှ ရှိမနေသည်မှာ သိသာထင်ရှားလှပြီး သူ့ မျက်နှာအမူအရာမှာလည်း ကမန်းကတန်းနှင့် တစ်မျိုးကြီး ဖြစ်နေသည်။

'ယွီရွေ့ကျူးအတွက်များလား၊ သူတို့ ရန်ဖြစ်ခဲ့ကြတာလား၊ ယွီရွေ့ကျူးရဲ့ ဒဏ်ရာတွေအတွက်လား'

ချင်စုလန် စိတ်အစဉ်မှာ ရှုပ်ထွေးပူလောင်မိသည်။ သူမသည် ရွာထဲမှ မင်္ဂလာဆောင်တွင် ဧည့်ခံပွဲလာစားခြင်း ဖြစ်သော် လည်း ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ကို ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပုံမှန်အားဖြင့် ဤကဲ့သို့ အချိန်မျိုးတွင် ဟော်ချန်ယဲ့က တစ် ယောက်တည်း လာလေ့ရှိသော်လည်း ယခုမူ ယွီရွေ့ကျူးပါ ပါလာခဲ့သည်။

မှန်ပါသည်။ နာမည်ခံအားဖြင့် သူတို့က လင်မယားပင်။

'ထွက်နေတဲ့ ကောလဟာလတွေကြောင့် ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို မကြိုက်ဘဲ ရွံရှာ၊ မုန်းတီးပြီး ငြင်းဆန်နေသင့်တာ မဟုတ်ဘူးလား၊ ဒါပေမဲ့ သူတို့က ဘာလို့ စားပွဲအောက်မှာ ဒီလောက် ရင်းရင်းနှီးနှီး လက်ချင်း ချိတ်ထားရတာလဲ'

အစောကဆိုလျှင် ဟော်ချန်ယဲ့သည် ယွီရွေ့ကျူးကို သူ့လက်ဖြင့် ဆော့ကစားခွင့်ကိုပင် ပေးထားပြီး သူ့ မျက်နှာပေါ်တွင် မည်သည့် စိတ်အနှောင့်အယှက်ဖြစ်မှု၊ မှုန်ကုပ်မှုမျိုးမှ မပြသခဲ့ပေ။

ချင်စုလန်မှာ အလွန်ပင် အံ့ဩတုန်လှုပ်သွားရသည်။

အစားအသောက်များ မချပေးရသေးသဖြင့် ဘေးစားပွဲဝိုင်းမှ လူများမှာ စကားစမြည် ပြောဆိုနေကြသည်။

အဒေါ်ဖြစ်သူ ယန်ချိုးကျွီးမှာ အချိန်အတော်ကြာအောင် မြိုသိပ်ထားခဲ့ရပြီး ဟော်ချန်ယဲ့ကို စကားပြောရန် အခွင့်အရေး မရခဲ့ရာမှ ယခုမှသာ အခွင့်အရေး ရသွားတော့သည်။

သူမက အခြားရွာသားများဆီမှ ဥပမာများကို အသုံးပြုကာ ဟော်ချန်ယဲ့ အခြေအနေကို သွယ်ဝိုက်သော နည်းလမ်းဖြင့် တက်ကြွစွာ အရိပ်အမြွက် ပြောဆိုလာသည်။

"ယွီမိသားစုရဲ့ သားအကြီးဆုံးအကြောင်း နင်တို့ ကြားပြီးကြပြီလား၊ သူက ငါးကန်လုပ်ငန်းလုပ်ပြီး ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တယ်၊ ပြီးတော့ သူ ပြန်လာတဲ့အခါ သူ့ဆွေမျိုးတွေကိုပါ အဲဒီလုပ်ငန်း လုပ်ဖို့ခေါ်သွားခဲ့တယ်၊ အခုဆို ယွီမိသားစုက တော်တော်လေးကို အဆင်ပြေနေကြပြီ"

"အဲဒီလူက တကယ်ကို တွေးခေါ်တတ်တာပဲ၊ သူ ပိုက်ဆံရှာနိုင်ပေမဲ့ သူ့မိသားစုကို ကူညီဖို့ မမေ့ဘူး၊ ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက သွေးသားရင်းချာတွေပဲလေ ဒါက သဘာဝပဲ၊ ဒီခေတ်မှာ နှလုံးသားမဲ့တဲ့သူကို ရှာတွေ့ဖို့ ခဲယဉ်းတယ်၊ မိသားစုဝင်တွေဆိုတာ အမြဲတမ်း အပြန်အလှန် ကူညီချင်ကြတာပဲ"

"နင်တို့ရော သဘောမတူဘူးလား"

သူမ စကားသံများမှာ မကျေနပ်မှု အရိပ်အယောင်များဖြင့် အဆုံးသတ်သွားသည်။

ယန်ချိုးကျွီးသည် ဟော်ပေါင်ကျူးကို အိမ်သို့ အဘယ့်ကြောင့် ပြန်ပို့လိုက်ရသည့် အကြောင်းရင်း အတိအကျကို မသိပေ။ သူမ မည်မျှပင် မေးမြန်းစေကာမူ ဟော်ပေါင်ကျူးက ဘာမှ မပြောခဲ့ပေ။

ထိုနေ့က သူ အိမ်ပြန်ရောက်လာချိန်တွင် တစ်ကိုယ်လုံး ရေများ ရွှဲရွှဲစိုနေပြီး ထိတ်လန့်တုန်လှုပ်နေပုံရသည်ကိုသာ သူမ သိသည်။ ထိုညက သူ အဖျားကြီးပြီး အိပ်မက်ထဲတွင်ပင် ငိုကြွေးခဲ့သည်။

ယန်ချိုးကျွီးမှာ ဒေါသထွက်မိပြီး ဟော်ချန်ယဲ့က ဤကိစ္စ၏ နောက်ကွယ်တွင် ရှိနေသည်ဟု အကြမ်းဖျင်း ခန့်မှန်းမိသည်။ သူမ အလွန်ပင် ခံပြင်းမိသော်လည်း သူ့ကို တိုက်ရိုက် ရင်မဆိုင်ရဲသဖြင့် ဤသို့ သွယ်ဝိုက်သော နည်းလမ်းကို အသုံးပြုလာခြင်းပင်။

ကံမကောင်းစွာဖြင့် သူမ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ သူမ စကားပြောပြီးသည်နှင့် စားပွဲရှိ အခြားသူများအားလုံးက ပြုံးသာပြုံးနေကြပြီး မည်သူမျှ ဝင်မပြောကြချေ။ အများစုမှာ သူမစကားကို မကြားလိုက်သည့်အလား ခေါင်းငုံ့ထားကြသည်။

သူမဘေးရှိ ဟော်ပေါင်ကျူးပင်လျှင် ခေါင်းကိုသာ ငုံ့ထားပြီး ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့ကို မကြည့်ရဲပေ။ သူတို့ သတ္တိကြောင်သော အပြုအမူများက ယန်ချိုးကျွီးကို ဒေါသထွက်စေသည်။

ဦးလေးဖြစ်သူ ဟော်ချင်းကော်မှာ သူမကိုယ် သူမ အရှက်ခွဲနေသည်ဟု ခံစားရသဖြင့် ပြင်းထန်စွာ ဟန့်တားလာသည်။

"အဓိပ္ပာယ်မရှိတာတွေ... ဒီလို မင်္ဂလာရှိတဲ့ အချိန်မျိုးမှာ ဒါတွေ ဘာလို့ လာပြောနေတာလဲ"

ယန်ချိုးကျွီးက ဒေါသတကြီးဖြင့် ပြန်ပြောသည်။

"ငါ ဘာပြောမိလို့လဲ၊ သူများအကြောင်း နည်းနည်း ပြောပြရုံလေးကို၊ ပြောတောင် မပြောရတော့ဘူးလား"

ယွီရွေ့ကျူးက ပြုံးလျက် မျက်နှာချင်းဆိုင်ရှိ အဒေါ်ဖြစ်သူ မိသားစုကို စိတ်ဝင်တစား ကြည့်လေသည်။

သူမက ရုတ်တရက် ညင်သာစွာ ပြုံးလျက် ၀င်ပြောသည်။

"အဒေါ် ပြောတာ မှန်ပါတယ်၊ အဒေါ့် ဇာတ်လမ်းကို နားထောင်ကြည့်ရသလောက် မိသားစုတစ်စုအတွက် အပြန်အလှန် ဖေးမကူညီဖို့က တကယ်ကို အရေးကြီးတယ်လို့ ထင်တယ်၊ ယွီမိသားစုက သားအကြီးဆုံးက သူ့မိသားစုကို ကူညီချင်တာကလည်း သူတို့တွေက စိတ်သဘောထား ပြည့်ဝပြီး သူ့ကို တစ်ဖက်သတ် အမြဲတမ်း ခိုင်းစေနေတာမျိုး မရှိလို့ပဲ ဖြစ်မှာ၊ အကယ်၍ သူတို့ကသာ သူ့ဆီကနေ အခြားနည်းလမ်းတွေနဲ့ အမြတ်ထုတ်နေမယ်ဆိုရင် သားအကြီးဆုံးကလည်း အချိန်မီ ထွက်ပြေးသွားမှာပဲ၊ သူ့မိသားစုကိုလည်း ချမ်းသာအောင် လုပ်ပေးနိုင်ခဲ့မှာ မဟုတ်ဘူး"

"အဒေါ်ရော ကျွန်မပြောတာကို သဘောမတူဘူးလား"

ထိုသို့ပြောပြီးနောက် ယွီရွေ့ကျူးသည် ရုတ်တရက် အနေရခက်သွားသော အဒေါ်ဖြစ်သူ ယန်ချိုးကျွီး မျက်နှာကို မကြည့်တော့ဘဲ ပြုံးလျက်ပင် ဆက်ပြောသည်။

"ဒါနဲ့... ဒီ အကြောင်းလေးကနေတစ်ဆင့် ကျွန်မတို့ မိသားစုနှစ်ခုကိုလည်း သွားသတိရမိတယ် အဒေါ်၊ ကျွန်မရဲ့ ချန်ယဲ့က စစ်တပ်ကရတဲ့ သူ့ရဲ့ လစာငွေတွေ အားလုံးကို အဒေါ်တို့ဆီ နေထိုင်စရိတ်အဖြစ် ပေးခဲ့တယ်လို့ ကြားတယ်၊ အဲဒီပိုက်ဆံတွေ ကုန်သွားပြီလား မသိဘူးနော်၊ မကုန်သေးဘူးဆိုရင် ကျွန်မရဲ့ ချန်ယဲ့က မကြာသေးခင်ကမှ မွေးမြူရေးခြံကို တိုးချဲ့ဖို့ ပိုက်ဆံလိုလို့ပါ"

"မိသားစုဆိုတာ အချင်းချင်း ကူညီဖေးမရမယ် မဟုတ်လား အဒေါ်ရဲ့၊ အားလုံးက သွေးသားရင်းချာတွေပဲလေ၊ ဦးလေးရယ်၊ ဝမ်းကွဲအစ်ကိုရယ်၊ ချန်ယဲ့ရယ် အားလုံးက ဟော်မိသားစုဝင်တွေချည်းပဲ၊ အခက်အခဲကြုံလာတဲ့ အချိန်မှသာ မေတ္တာစစ်ကို သိရတယ်ဆိုတာ မှန်တယ် မဟုတ်လား အဒေါ်"

အဒေါ်ဖြစ်သူ ယန်ချိုးကျွီးမှာ ဆက်၍ ထိုင်မနေနိုင်တော့ပေ။

သူမ ထိုင်နေသော ခုံမှာ ပူလောင်နေသည့်အလား ခံစားရပြီး သူမ မျက်နှာမှာလည်း နီရဲနေတော့သည်။

ပုံမှန်အားဖြင့် ရွာထဲတွင် စကားပြောအရဲဆုံး ဖြစ်သော်လည်း ယခုမူ ယွီရွေ့ကျူး ထက်မြက်လှသော စကားလုံးများရှေ့တွင် ကျုံ့ကျုံ့လေး ဖြစ်သွားပြီး စကားတစ်ခွန်းမျှပင် မဟထွက်နိုင်တော့ပေ။ သူမ စိတ်ထဲတွင် ယွီရွေ့ကျူး၏နှုတ်သွက်လျှာသွက် စကားများကြောင့် ဒေါသများ ပြည့်နှက်နေသည်။

သူမ လက်များပင် တုန်ယင်နေသည်။

သူမသည် အစက ဟော်ပေါင်ကျူး ကိစ္စတွင် ဟော်ချန်ယဲ့ ကူညီအားထုတ်မှု မရှိခြင်းကို လှောင်ပြောင်ပြီး ညည်းတွားရန် ရည်ရွယ်ခဲ့သော်လည်း မဆုံးတွင် ယွီရွေ့ကျူးက သူမကို အကွက်ကျကျ ပြန်လည် တိုက်ခိုက်သွားသည့်အပြင် ဟော်ချန်ယဲ့ ယခင် လစာငွေများကိုပင် ပြန်တောင်းနေသေးသည် မဟုတ်ပါလား။

အကယ်၍ ယခင်က အစားအသောက်များ ချမပေးထားဘဲ စားသောက်ထားခြင်း မရှိခဲ့ပါက ရုတ်တရက် ထွက်သွားခြင်းသည် အလွန်ပင် အနေရခက်ပြီး သဘာဝမကျသည့်အလား ဖြစ်နေမည် မဟုတ်ပါက အဒေါ်ဖြစ်သူ ယန်ချိုးကျွီးမှာ ယခုအချိန်ဆိုလျှင် ထွက်ပြေးသွားလောက်သည်။

အချိန်များ အတော်ကြာသွားပြီဖြစ်ရာ သူမဆီတွင် လစာငွေများ ကျန်ရန် အကြောင်းမရှိတော့ပေ။

'ပုံမှန်ဆို သိပ်ပြီး ထင်ပေါ်လေ့မရှိတဲ့ ဒီကောင်မလေးက အရေးကြီးတဲ့ အချိန်ကျမှ ဘယ်လိုလုပ် ဒီလောက် စကား ပြောကောင်းနေရတာလဲ'

ဦးလေးဖြစ်သူ ဟော်ချင်းကော် မျက်နှာအမူအရာမှာလည်း ကောင်းမွန်မနေပေ။ သူက ဟော်ချန်ယဲ့ကို ပြင်းထန်စွာ မေးခွန်းထုတ်သည်။

"ချန်ယဲ့... မင်းမိန်းမကို ဒီလို အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောခွင့် ပြုထားတာလား၊ လူကြီးသူမတွေဆီက ပိုက်ဆံတောင်းနေတယ်၊ သူမမှာ ယဉ်ကျေးမှုဆိုတာ မရှိဘူးလား"

ဟော်ချန်ယဲ့က မျက်လွှာပင့်ကြည့်သော်လည်း သူ့ မျက်နှာအမူအရာမှာ တည်ငြိမ်နေသည်။

"ဘာစည်းကမ်းလဲ၊ ကျွန်တော့်မိန်းမက စည်းကမ်းပဲ၊ ကျွန်တော်က မိန်းမစကားပဲ နားထောင်တယ်၊ သူ ပြောချင်ရင် ပြောနိုင်တယ်၊ ဦးလေးက နားမထောင်ချင်ဘူးဆိုရင်တော့ သည်းခံရမှာပဲ၊ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး"

"မင်း"

ဟော်ချင်းကော်မှာ ဒေါသထွက်လွန်း၍ မုတ်ဆိတ်မွေးများပင် ထောင်မတ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

ဟော်ချန်ယဲ့ ဤမျှ ကျောရိုးမရှိသူ ဖြစ်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

'ယောက်ျားရင့်မကြီးက မိန်းမစကား နားထောင်တယ် ဟုတ်လား၊ ဒါ ဘယ်လိုလူမျိုးလဲ၊ ဟော်မိသားစုမှာ ဒီလို သတ္တိကြောင်တဲ့သူ တစ်ခါမှ မရှိခဲ့ဖူးဘူး'

ဟော်ချန်ယဲ့ မိဘများမှာ အလွန် ချစ်ခင်ကြသော်လည်း ဤမျှ ငယ်ရွယ်သော ဇနီးသည်၏ထိန်းချုပ်မှုကို မည်သည့်အခါမျှ မခံခဲ့ရဖူးပေ။

သူ ဒေါသပေါက်ကွဲသွားပြီး ဟော်ချန်ယဲ့ နှာခေါင်းကို လက်ညှိုးထိုးကာ ဆဲဆိုတော့သည်။

"မင်းက အသုံးမကျတဲ့ကောင်ပဲ၊ ကိုယ့်မိန်းမ ကိုယ်တောင် မထိန်းချုပ်နိုင်တာ၊ တခြား ဘာများ လုပ်နိုင်ဦးမှာလဲ"

"အို... ဦးလေး၊ အဲဒါက သိပ်တော့ မမှန်သေးဘူးနော်"

ယွီရွေ့ကျူး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူမ မျက်နှာမှာ အနည်းငယ် အပြစ်ကင်းစင်ဟန် ရှိသည်။

All Chapters