← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

Chapter 158

အစပိုင်းတွင် ဟော်ချန်ယဲ့တစ်ယောက် နောက်ပြောင်နေခြင်းသာဖြစ်မည်ဟု ချင်စုလန် ထင်မှတ်ထားခဲ့သော်လည်း သူ လုံးဝ နောက်နေခြင်းမဟုတ်မှန်း သူမ အလျင်အမြန်ပင် ရိပ်စားမိသွားတော့သည်။

သူ့ မျက်နှာအမူအရာမှာ တည်တင်းလေးနက်နေသည်။ ထိုစကားများကို ဆိုပြီးနောက် သူမဘက်သို့ တစ်ချက်လေးပင် လှည့်မကြည့်တော့ဘဲ ယွီရွေ့ကျူးအတွက် ငါးအရိုးနွှာပေးရန်သာ အာရုံစိုက်ပြီး အခြားဟင်းလျာများကိုလည်း သူမပန်းကန်ထဲသို့ နူးညံ့သိမ်မွေ့စွာ ထည့်ပေးသည်။

သူမဆိုသည့်လူသား ဤနေရာတွင် ရှိမနေသည့်အလားပင်။

ချင်စုလန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး သူမ၏ အသက်ရှူသံများပင် ပြင်းထန်လာခဲ့သည်။ ဘေးတွင်ထိုင်နေသော ယွီကွေ့ရှန်၏ မျက်နှာထားကလည်း တစ်မျိုးတစ်မည် ဖြစ်နေတော့သည်။

သို့သော် ဝိုင်းထဲရှိ မည်သူကမျှ သူတို့သားအမိအား ဂရုမစိုက်ကြတော့သည်မှာ အထင်အရှားပင်။

အနေရခက်နေသော လေထုကို ဖြေလျော့လို၍လား သို့မဟုတ် အခြားအကြောင်းကြောင့်လား မသိသော်လည်း လူတိုင်းက ချယ်ရီဝက်သားနှပ် အနည်းငယ်စီကို ခပ်ယူကြသဖြင့် ပန်းကန်ထဲတွင် ချင်စုလန်နှင့် ယွီကွေ့ရှန်တို့ ဝေစုသာ ကျန်ရစ်တော့သည်။ အစကလို အပြည့်အမောက်ကြီး မဟုတ်တော့ချေ။

အချိန်အနည်းငယ် ကြာပြီးနောက် မင်္ဂလာမောင်နှံက စားပွဲဝိုင်းများဆီသို့ အရက်လိုက်လံ တိုက်ကျွေးရန် ရောက်ရှိလာသည်။

အနီရောင် မင်္ဂလာဝတ်စုံများကို ဆင်မြန်းထားကြသော သတို့သားနှင့် သတို့သမီးသည် ယှဉ်တွဲလျက် ဟော်ချန်ယဲ့တို့ဝိုင်းဆီသို့ လျင်မြန်စွာ လျှောက်လာသည်။

သတို့သား အထက်လူကြီးဖြစ်သောကြောင့် ဟော်ချန်ယဲ့က မတ်တတ်ရပ်ကာ အရက်အနည်းငယ် သောက်ပြီးနောက် မင်္ဂလာရှိသော ဆုမွန်ကောင်းစကားအချို့ကို ပြောပေးခဲ့သည်။

ယွီရွေ့ကျူးလည်း အရက်ကို အနည်းငယ်မျှ မြည်းစမ်းကြည့်လိုက်ရာ သူမ မျက်ဝန်းလေးများက အရောင်လက်သွားတော့သည်။

အရသာက အတော်လေး ကောင်းမွန်လှပြီး အိမ်ချက်သစ်သီးဝိုင်ကဲ့သို့ပင်။ အရက်ပြင်းပုံမပေါ်ဘဲ သစ်သီးဖျော်ရည်တစ်ခွက်နှင့်သာ ပိုတူသည်။

သူမ အတော်လေး သဘောကျသွားသဖြင့် နောက်ထပ်တစ်ခွက်ကို ထပ်ငဲ့သည်။

"ဂရုစိုက်ဦးလေ၊ ဘာလို့ အများကြီး သောက်နေတာလဲ"

ဟော်ချန်ယဲ့ လှည့်ကြည့်ချိန်တွင် ယွီရွေ့ကျူး ခွက်အလွတ်ကို မြင်လိုက်ရသဖြင့် အံ့သြသွားကာ သူ့ မျက်ခုံးများပင် တွန့်ချိုးသွားတော့သည်။

ယွီရွေ့ကျူးက သိပ်ဂရုစိုက်ပုံမရဘဲ ပြန်ဖြေသည်။

"အရသာက အချိုရည်လိုပဲ ချိုချိုလေးမို့လို့ ဘာမှမဖြစ်ပါဘူး"

ဟော်ချန်ယဲ့သည် တောများတွင် ချက်လေ့ရှိသော အိမ်ချက်အရက်ကို ငုံ့ကြည့်ပြီးနောက် ယွီရွေ့ကျူးကို ထူးဆန်း သော အမူအရာဖြင့် ကြည့်သည်။

'ချိုတယ် ဟုတ်လား၊ သူ သိပ်မကြာခင် မူးတော့မှာပဲ'

တောများမှ အိမ်ချက်အရက်သည် ပြင်းလွန်းလှသည်ဟု နာမည်ကြီးသည်။ အရသာက ချိုကောင်းချိုနိုင်သော်လည်း လူကို ချက်ချင်း မှောက်သွားစေနိုင်သည်။

ထင်သည့်အတိုင်းပင် မကြာမီမှာပင် ယွီရွေ့ကျူး ပါးပြင်လေးများ ရဲတက်လာကာ နားရွက်ဖျားလေးများမှသည် တစ်မျက်နှာလုံးဆီသို့ နီမြန်းမှုက ပျံ့နှံ့သွားတော့သည်။

"ဟော်ချန်ယဲ့၊ ဟော်ချန်ယဲ့..."

ယွီရွေ့ကျူးက လှမ်း၍ ဟော်ချန်ယဲ့ အင်္ကျီစကို ဆွဲပြီးနောက် သူမ ကော်လံကိုလည်း ဆွဲဟကာ အပူရှိန်လျော့ကျသွားစေရန် ယပ်ခတ်နေသည်။

သူမက ဟော်ချန်ယဲ့ကို မော့ကြည့်ချိန်တွင် သူမ မျက်ဝန်းများထဲ၌ မျက်ရည်စလေးများ ရစ်ဝိုင်းနေကာ မှုန်ကုပ်ကုပ်နှင့် အရောင်လက်နေပြီး မျက်တောင်ကော့လေးများက တဖျပ်ဖျပ် ခတ်နေသဖြင့် အင်မတန်မှ လှပလွန်းသည်။

ရီဝေဝေ မျက်လုံးလေးများနှင့် နီမြန်းနေသော ပါးပြင်လေးများ ပေါင်းစပ်သွားသောအခါ သူမအသွင်အပြင်မှာ သဘာဝဆန်ဆန် လှပမှုလေးတစ်ခုနှင့်အတူ အပြစ်ကင်းစင်ကာ ချစ်ဖို့ကောင်းနေတော့သည်။

ဟော်ချန်ယဲ့ လည်စွန်းလေးက လှုပ်ရှားသွားသည်။

သူက ခေါင်းငုံ့ကာ သူမ နှုတ်ခမ်းထက်ရှိ စိုစွတ်နေသော အရက်စက်လေးများကို သုတ်ဖယ်ပေးပြီး အလွန်တရာ စိတ်ရှည်သည်းခံသော လေသံဖြင့် မေးသည်။

"ဘာဖြစ်လို့လဲ ရွေ့ကျူး"

"အရမ်းပူတာပဲ၊ ကျွန်မ ရေချိုးချင်တယ်"

သူတို့က ညနေစောင်းမှ မင်္ဂလာပွဲသို့ လာခဲ့ခြင်းဖြစ်ပြီး စားသောက်နေရင်းဖြင့် ကောင်းကင်ကြီးမှာလည်း တဖြည်းဖြည်း မှောင်မိုက်လာခဲ့ပြီဖြစ်သည်။

ယွီရွေ့ကျူးသည် နီမြန်းနေသော ပါးပြင်လေးများဖြင့် သူမခေါင်းကို ဟော်ချန်ယဲ့ ရင်ခွင်ထဲသို့ အတင်းတိုးဝှေ့ကာ ပွတ်သီးပွတ်သပ် လုပ်နေသည်။

ထိုအရာက ချွဲနွဲ့နေသည့်အလားပင်။

ဟော်ချန်ယဲ့ နှလုံးသားမှာ လုံးဝကိုအရည်ပျော်ကျသွားခဲ့ရသည်။ ယွီရွေ့ကျူးကို အလွန်အမင်း ချစ်စရာကောင်းနေသည်ဟု သူ ခံစားလိုက်ရသည်။

နွေရာသီဖြစ်၍ အဝတ်အစားများက ပါးလွှာနေပြီး သူမ တိုးဝှေ့လာချိန်တွင် သူမ ဝင်သက်ထွက်သက်များက သူ့ ရင်ဘတ်ပေါ်သို့ ကျရောက်လာကာ သူမ ပါးပြင်လေးများမှ နွေးထွေးမှုကိုပါ ဟော်ချန်ယဲ့ ခံစားနိုင်သည်။

သူမက ကြောင်ပေါက်လေးတစ်ကောင်လို ကျေနပ်စွာ မျက်လုံးလေးများကို မှိတ်ထားပြီး သူ့ကို တိုးဝှေ့နေပုံကလည်း အသည်းယားစရာပင်။

ဟော်ချန်ယဲ့ အသံမှာလည်း နူးညံ့သွားခဲ့ပြီး ပြန်ချော့သည်။

"ကောင်းပြီ၊ အိမ်ပြန်ရောက်ရင် ရေချိုးကြတာပေါ့"

ရွာသားတော်တော်များများမှာ ပြန်မသွားကြသေးသည့်အပြင် ယွီရွေ့ကျူးတို့ ဝိုင်းမှ လူများလည်း ထိုနည်းတူပင်။

စောစောက အရက်လိုက်တိုက်စဉ်က လူတော်တော်များများ အရက်သောက်ခဲ့ကြသော်လည်း ယွီရွေ့ကျူးကဲ့သို့ တစ်ခွက်တည်းဖြင့် မူးသွားသူဟူ၍ တစ်ယောက်မျှ မရှိချေ။

ရှဲ့ချီသည် ဟော်ချန်ယဲ့ကို နားလည်ရခက်သော အမူအရာဖြင့် ကြည့်မိသည်။ ၎င်း၏အလွန်အမင်း နူးညံ့လွန်းနေသော လေသံကြောင့် ရှဲ့ချီမှာ ကြက်သီးများပင် ထသွားရသည်။

'ဒါက မဖြစ်သင့်ဘူး၊ အစ်ကိုဟော်အစစ်ကြီးကို ငါ ပြန်ခေါ်လာမှ ဖြစ်တော့မယ်'

'အစ်ကိုဟော်က ဘယ်တုန်းကများ ငါတို့ကို ဒီလောက် နူးနူးညံ့ညံ့ စကားပြောဖူးလို့လဲ၊ ဒါ ငါသိတဲ့ အစ်ကိုဟော်အစစ်ရော ဟုတ်ရဲ့လား'

'မကြာသေးခင်ကတင် သူ ယွီရွေ့ကျူးနဲ့ ဘယ်တော့မှ အတူမနေဘူးလို့ ကျိန်ဆိုထားခဲ့တာလေ'

'ကျွတ် ကျွတ် ကျွတ်... ယောက်ျားတွေများ'

လျန်စစ်နှင့် အခြားသူများလည်း အံ့သြမှင်တက်သွားကြပြီး ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ အလွန် ရင်းနှီးပူးကပ်နေသည်ကို ကြည့်ကာ သူတို့မျက်နှာများမှာ မျက်စိနောက်စရာ မြင်ကွင်းကို ကြည့်နေရသည့်အလား ဖြစ်နေကြသည်။

ဟော်ချန်ယဲ့ကမူ စားပွဲတစ်ဖက်မှ လောင်ကျွမ်းမတတ် စူးစိုက်ကြည့်နေသော အကြည့်ကို ခံစားရသည်။ ထိုသူမှာ ချင်စုလန်မှန်း သိသော်လည်း လျစ်လျူရှုထားလိုက်သည်။

အစားသိပ်မစားခင် အရက်သောက်ထားသဖြင့် ယွီရွေ့ကျူး ဗိုက်နာမည်ကို စိုးရိမ်သောကြောင့် ဟော်ချန်ယဲ့သည် မျက်နှာလေး ရဲကာ ဂျီကျနေသော ယွီရွေ့ကျူးကို ညင်သာစွာ ချော့မော့ပြီး အစားအနည်းငယ် ခွံ့ကျွေးနေသည်။

သူမက ငြင်းဆန်သောအခါတွင်လည်း သူက တဖြည်းဖြည်းချင်း စိတ်ရှည်လက်ရှည် ချော့မော့နေပုံမှာ ဘေးဝိုင်းများမှ ရွာသားများကိုပင် အံ့အားသင့်သွားစေသည်။

ယွီရွေ့ကျူးက ခေါင်းခါကာ လုံးဝ မစားတော့ဘဲ သူ့ရင်ခွင်ထဲသို့ မျက်နှာအပ်ထားမှသာ ဟော်ချန်ယဲ့ အရှုံးပေးရတော့သည်။

သူမ မူးနေချိန်တွင် အနေအထားမကျဘဲ ချော်ကျသွားမည်ကို စိုးရိမ်သဖြင့် ဟော်ချန်ယဲ့က သူမ ပခုံးလေးကို ဖက်ကာ သူ့ ရင်ခွင်ထဲသို့ ဆွဲသွင်းထားသည်။

သူက သူမ၏ ပါးပြင်လေးကို ကိုင်ကာ မေးသည်။

"ရွေ့ကျူး၊ ဘယ်လိုနေလဲ ရွေ့ကျူး၊ အမူးပြေပြီလား"

ယွီရွေ့ကျူးက တအင်းအင်း တအဲအဲနှင့်သာ အသံပြုပြီး ပြန်မဖြေချေ။

သူမ ဤသို့ဖြစ်နေသည်ကို မြင်သောအခါ ဟော်ချန်ယဲ့လည်း ဆက်၍ အချိန်မဆွဲနေတော့ပေ။

လာစဉ်ကလည်း ယွီရွေ့ကျူးကို သူ ပွေ့ချီလာခဲ့ခြင်းဖြစ်ရာ ယခု ပြန်ချိန်တွင်လည်း သူမက မူးနေသဖြင့် သူမကို အိမ်အထိ ပွေ့ချီသွားရန် သူ့အတွက် သဘာဝကျလှသည်။

သူက ယွီရွေ့ကျူးကို လွယ်ကူစွာပင် ပွေ့ချီလိုက်ပြီး သန်မာသော လက်မောင်းများဖြင့် သူမကို သိုင်းဖက်ကာ ပါးပြင်လေးကို သူ့ရင်ဘတ်တွင် အပ်ထားစေသည်။

ထို့နောက် သူမကို ပွေ့ချီလျက် မတ်တတ်ရပ်ကာ ဝိုင်းမှလူများကို ခပ်တိုတို နှုတ်ဆက်သည်။

"ရွေ့ကျူး မူးနေလို့ ကျွန်တော် သူ့ကို အိမ်ပြန်ခေါ်သွားတော့မယ်"

ချင်စုလန် အသက်ရှူသံများ ကမောက်ကမဖြစ်လာကာ မျက်လုံးများလည်း နီရဲလာတော့သည်။

ဟော်ချန်ယဲ့က ယွီရွေ့ကျူးအား ပွေ့ချီထားသည့်ပုံစံကို စိုက်ကြည့်ရင်း သူမက ယွီကွေ့ရှန် လက်ကို အတင်းဆုပ်ကိုင်ကာ တုန်ရီနေသော အသံဖြင့် ပြောသည်။

"အမေ... သမီးတို့လည်း အိမ်ပြန်ကြရအောင်"

ယနေ့ ယွီကွေ့ရှန်မှာ အရှက်ကွဲခဲ့ရသဖြင့် ချင်စုလန် စကားကို ကြားသည်နှင့် အလျင်အမြန် ခေါင်းညိတ်ကာ မတ်တတ်ရပ်သည်။

ရွာက သေးသေးလေးသာဖြစ်ပြီး ကွေ့ကောက်နေသော လမ်းသွယ်များမှလွဲ၍ ပင်မလမ်းမကြီး တစ်ခုတည်းသာ ရှိလေသည်။

လူအများရှေ့တွင် ပြောဆိုခဲ့သော ဟော်ချန်ယဲ့ စကားများက ချင်စုလန်နှင့် ယွီကွေ့ရှန်တို့ကို အကြီးအကျယ် အရှက်ခွဲလိုက်သလိုဖြစ်သွားပြီး ယွီရွေ့ကျူးအပေါ် သူ ဂရုတစိုက်ရှိပြနေမှုက ချင်စုလန်ကို ပိုခံစားရခက်စေခဲ့သည်။

သူက သူမကို တမင်တကာ ဒေါသထွက်အောင် လုပ်နေသည်ဟု ထင်မှတ်ထားဆဲဖြစ်ရာ ဟော်ချန်ယဲ့ကို အရွဲ့တိုက်သည့်အနေဖြင့် သူမ အိမ်သို့ အမြန်ပြန်ချင်ခဲ့သည်။ သို့သော် သူမ မော့ကြည့်လိုက်ချိန်တော့ အခြေအနေကို ရှင်းလင်းစွာ မြင်လိုက်သည်။

ချင်စုလန်မှာ လုံးဝ ဆွံ့အမှင်တက်သွားသည်။

အရက်သောက်ပြီးနောက် ယွီရွေ့ကျူးကို အစာအနည်းငယ်စားရန် ဟော်ချန်ယဲ့က ချော့မော့နိုင်သည်။

သူ့ရင်ခွင်ထဲတွင် ပွေ့ချီခံထားရရင်း လှုပ်ခါနေသဖြင့် အနည်း ငယ် နေရခက်လာသောကြောင့် သူမက တဂျီဂျီအသံပြုလျက် သူ့ပခုံးပေါ်သို့ တွယ်တက်သွားသည်။

သူမ နီမြန်းနေသော မျက်နှာလေးက ဟော်ချန်ယဲ့ အသားအနှင့် ပွတ်တိုက်မိပြီး သူမ အနည်းငယ် ထက်မြက်သော သွားလေးများက သူ့ပခုံးကို ကိုက်ကာ ကြိတ်ချေနေသည်။

သူမ အချိန်အတော်ကြာ အားထုတ်နေသော်လည်း သိသာသော အရာတစ်ခုမျှ မထင်ကျန်ရစ်သဖြင့် ယွီရွေ့ကျူးမှာ မချင့်မရဲဖြင့် ရေရွတ်သည်။

"ဟော်ချန်ယဲ့... ရှင်က အရမ်းမာတာပဲ"

All Chapters