အခန်း ၁၅၉
Vol. 16 Ch. 159
Chapter 159
ဟော်ချန်ယဲ့မှာ ခလုတ်တိုက်မိမတတ်ပင် ဖြစ်သွားရပြီး နားရွက်များ နီရဲလာကာ သူမ ပြုတ်ကျမည်ကို စိုးရိမ်သဖြင့် နောက်စေ့ကို လက်ဖြင့် လှမ်းထိန်းပေးထားပြီး ပြောသည်။
"လျှောက်မပြောနဲ့လေ ရွေ့ကျူး"
"ရှင့် နားရွက်တွေ အရမ်းနီနေတာပဲ၊ ရှင်လည်း မူးနေတာလား ဟော်ချန်ယဲ့..."
ဟော်ချန်ယဲ့ ရင်ခွင်ထဲတွင် အခန့်သား နေရာယူထားသော ယွီရွေ့ကျူးက ဂနာမငြိမ်ဘဲ အတော်လေး လှုပ်စိလှုပ်စိ လုပ်နေလေသည်။
အမှောင်ထု ကြီးစိုးလာသည်နှင့်အမျှ မှိန်ပျပျ အလင်းရောင်အောက်တွင် ဟော်ချန်ယဲ့ နီရဲနေသော နားရွက်များကို ထင်ရှားစွာ မြင်နေရသည်။
ယွီရွေ့ကျူးက လှမ်း၍ ထိကိုင်ကာ ပွတ်သပ်ကြည့်ရာ သူမလက်ထဲတွင် နားရွက်များက တဖြည်းဖြည်း ပို၍ ပူနွေးလာသည်ကို ခံစားမိသည်။
သူမက အပျော်သဘောဖြင့် သတိလက်လွတ်ပင် အနားသို့ တိုးကပ်သွားက ညင်သာစွာ ကိုက်လေသည်။
ဟော်ချန်ယဲ့မှာ ခပ်တိုးတိုး ညည်းမိသည်။
သူ့တစ်ကိုယ်လုံး တောင့်တင်းသွားကာ ခိုင်မာလှသော ခြေလှမ်းများပင် ရုတ်တရက် ရပ်တန့်သွားတော့သည်။ သူ့ လည်စွန်းအဖုလေး လှုပ်ရှားသွားပြီး ရင်ခွင်ထဲရှိ ယွီရွေ့ကျူးကို ငုံ့ကြည့်မိသည်။
ဟော်ချန်ယဲ့ အသက်ရှူသံများ မြန်ဆန်လာသည်။ ယွီရွေ့ကျူးက မူးနေ၍ ကလေးတစ်ယောက်လို ဆိုးနေမှန်း သူသိသဖြင့် သူမကို တတ်နိုင်သမျှ ငြိမ်ကျသွားစေရန် ကြိုးစားရင်း အနည်းငယ် အက်ရှနေသော အသံဖြင့် ချော့မော့သည်။
"အဲဒီလို မလုပ်နဲ့လေ ရွေ့ကျူး... လွှတ်ပါ၊ မကိုက်နဲ့နော်"
ယွီရွေ့ကျူးက တအင်းအင်းနှင့် တုံ့ပြန်ပြီး သူမ အသံမှာလည်း မပီတပီ ဖြစ်နေသည်။
"ကျွန်မ ရှင့်ကို နာသွားအောင် လုပ်မိလို့လား ဟော်ချန်ယဲ့၊ ဒါဆို ကျွန်မ ရှင့်ကို ကုပေးမယ်လေ.."
ကုသပေးမည်ဆိုသော စကား အဓိပ္ပာယ်ကို ဟော်ချန်ယဲ့ နားမလည်နိုင်ခင်မှာပင် သူ့ နားရွက်ပေါ်တွင် ယားကျိကျိနှင့် ပူနွေးသော ခံစားချက်ပေါ်လာသည်။
သူ့ပါးပြင်ပေါ်မှ အပူချိန်မှာလည်း ယွီရွေ့ကျူးနည်းတူ လျင်မြန်စွာပင် ပူထူလာတော့သည်။
သူ မနေနိုင်ဘဲ ခပ်ဖွဖွ ညည်းမိပြီး နားရွက်များမှာလည်း နီရဲပူထူလာသည်။ သူ အလိုအလျောက်ပင် သူမကို တားဆီးရန် လက်ကို မြှောက်လေသည်။
"ရွေ့ကျူး၊ မလုပ်နဲ့"
ချောမွေ့နွေးထွေးသော အထိအတွေ့က သူ့ နားရွက်ပေါ်သို့ လျှောဆင်းလာပြီး နောက်ပြောင်နေသည့်အလား ရံဖန်ရံခါ နားရွက်ကို နမ်းရှိုက်ကာ တစ်ချက်နှစ်ချက်မျှ စုပ်ယူတတ်သေးသည်။
တစ်ခါတစ်ရံတွင်လည်း သူ့ နားရွက်ပုံစံတစ်လျှောက်နှင့် နားရွက်ဖျားလေးများကို ခပ်ဖွဖွ ကိုက်သည်။
ဟော်ချန်ယဲ့သည် ထိုပူနွေးသော ဝင်သက်ထွက်သက်များ သူ့ ပါးပြင်နှင့် နားရွက်ပေါ်သို့ ကျရောက်နေခြင်းကို ခံစားရသည်။
ယနေ့ သူတို့နှစ်ဦးစလုံး အရက်သောက်ထားကြသဖြင့် သူတို့ အသက်ရှူသံများတွင် သစ်သီးဝိုင် ချိုမြိန်သော ရနံ့များ သင်းပျံ့နေသည်။
ဟော်ချန်ယဲ့ ထိုနေရာတွင်ပင် ရပ်နေမိကာ ပြင်းထန်သော အသက်ရှူသံများကို အကြိမ်ကြိမ် ရှူထုတ်ရပြီး သူ့ မျက်နှာအမူအရာမှာလည်း လုံးဝကို ဗြောင်းဆန်သွားတော့သည်။ သူ့ မျက်ဝန်းများက မင်ရည်ကဲ့သို့ နက်မှောင်လာသည်။ သူမ ဆိုးသွမ်းသော နောက်ပြောင်မှု အောင်မြင်သွားသည့်အလား ကျေနပ်သော မျက်နှာထားလေးကို ကြည့်ရင်း ယွီရွေ့ကျူးကို ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ဖက်ထား မနေနိုင်တော့ဘဲ ကိုယ်ကိုကိုင်းညွတ်၍ သူမ နှုတ်ခမ်းများကို နမ်းရှိုက်တော့သည်။
ချိုမြိန်သော သစ်သီးဝိုင် အရသာက သူတို့ နှုတ်ခမ်းများကြားတွင် ပြည့်နှက်သွားပြီး အနည်းငယ် မူးယစ်စေသော ခံစားချက်က ဟော်ချန်ယဲ့ ဦးနှောက်ကိုပါ ပူနွေးသွားစေကာ ယွီရွေ့ကျူးနည်းတူ သူပါ အနည်းငယ် မူးယစ်သွားသလို ခံစားရသည်။
ယနေ့ ယွီရွေ့ကျူးကို နမ်းရသည်မှာ အထူးသဖြင့် ချိုမြိန်လွန်းနေသည်ဟု ခံစားရသည်။
သူမ နှုတ်ခမ်းလေးများက နီရဲကာ နွေးထွေးနေပြီး သူမကို နမ်းရသည်မှာ နို့သကြားလုံး တစ်လုံးကို စားရသည့်အလား အစမှအဆုံးတိုင် ချိုမြိန်လွန်းနေသည်။
ဟော်ချန်ယဲ့မှာ ထိုအနမ်းကို ပိုမိုနက်ရှိုင်းသွားစေရန် လုပ်ချင်သော်လည်း ယွီရွေ့ကျူးက မူးနေဆဲဖြစ်ကာ ဤနေရာကလည်း အိမ်မဟုတ်ပေ။
ထို့ကြောင့် သူ့ လှိုင်းထနေသော စိတ်အဟုန်ကို ဖိနှိပ်ပြီး ယွီရွေ့ကျူးကို လှုပ်မရအောင် ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားကာ အိမ်ဆီသို့ အလျင်အမြန် ခေါ်ဆောင်သွားတော့သည်။
သူတို့ ကျောပြင်များသည် ညအမှောင်ထုထဲ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူတို့အနောက်ဘက်ရှိ လမ်းသွယ်လေးထဲတွင်တော့ ချင်စုလန် မျက်လုံးများက မယုံနိုင်လောက်အောင် ပြူးကျယ်ကာ တစ်ကိုယ်လုံး တောင့်တင်းနေသည်။
ယွီကွေ့ရှန်မှာ ပိုဆွံ့အမှင်တက်သွားပြီး ချက်ချင်းပင် ဒေါသထွက်လာသည်။
"မဟုတ်သေးဘူး စုလန်၊ ဟော်ချန်ယဲ့က သမီးကို သဘောကျနေတာ မဟုတ်ဘူးလား၊ သူက သူ့ရဲ့ လက်ထပ်ခါစ မိန်းမကို ဘယ်လိုလုပ် ဒီလိုမျိုး နမ်းနိုင်ရတာလဲ၊ ညကြီး မင်းကြီး အရှက်မရှိလိုက်တာ၊ သူ ဘယ်လိုလုပ် ဒီလိုမျိုး လုပ်ရက်ရတာလဲ၊ သူ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ၊"
ချင်စုလန် အနာဂတ်အတွက် ယွီကွေ့ရှန် စီစဉ်ထားသမျှ အရာအားလုံး တစ်ခဏအတွင်း ပြိုလဲပျက်စီးသွားသည်။
ချင်စုလန်မှာ အမောတကော ရပ်နေမိပြီး အချိန်အတော်ကြာမှသာ ဗလုံးဗထွေး ရေရွတ်မိသည်။
"ဒါ မဖြစ်သင့်ဘူး၊ လုံးဝ မဖြစ်သင့်ဘူး၊ ဟော်ချန်ယဲ့က ဘယ်လိုလုပ် တခြားတစ်ယောက်ကို သဘောကျနိုင်မှာလဲ၊"
သို့သော် ဒေါသထွက်နေသော ယွီကွေ့ရှန်မှလွဲ၍ မည်သူကမျှ သူမကို အဖြေမပေးနိုင်ပေ။
ဤအချိန်တွင်တော့ ဟော်ချန်ယဲ့သည် ယွီရွေ့ကျူးကို ပွေ့ချီကာ အိမ်သို့ အလျင်အမြန် ပြန်နေသည်။
သူမ အငြိမ်မနေမည်ကို စိုးရိမ်သဖြင့် လက်မောင်းများနှင့် ခါးကို ဖမ်းချုပ်ထားသော်လည်း ဟော်ချန်ယဲ့ ရင်ခွင်ထဲတွင် အတင်းရုန်းကန်နေသော ယွီရွေ့ကျူးက လွတ်မြောက်သွားခဲ့သည်။
"အင်း... ကျွန်မ ရေချိုးချင်တယ်၊ အရမ်းပူတာပဲ ဟော်ချန်ယဲ့"
ဟော်ချန်ယဲ့က အလျင်အမြန် သူမကို ဆွဲဖယ်ပြီး ပြောသည်။
"အေးပါ အေးပါ... အိမ်ရောက်ရင် ရေချိုးကြမယ်လေ"
သို့သော် ယွီရွေ့ကျူးကို အိမ်သို့ တကယ်တမ်း ပွေ့ချီလာပြီးနောက် ရေနွေးရအောင် အပူပေးပြီးချိန်တွင်တော့ ဟော်ချန်ယဲ့အတွက် ပြဿနာ စလာသည်။
ယခုအချိန်တွင် ယွီရွေ့ကျူး မျက်နှာလေးမှာ နီမြန်းနေပြီး ကုတင်ပေါ်တွင် လှဲလျောင်းလျက် တအင်းအင်း ညည်းတွားကာ ဟိုဘက်ဒီဘက် လူးလှိမ့်နေပြီး သတိသေချာ ကပ်ပုံမပေါ်ပေ။
'သူမ တကယ်ပဲ တစ်ယောက်တည်း ရေချိုးနိုင်ပါ့မလား'
'သူမ ရုတ်တရက် ရေစည်ထဲ ပြုတ်ကျပြီး ရေမွန်းသွားရင်ရော၊ ဒါမှမဟုတ် ချော်လဲသွားရင်ရော ဘယ်လိုလုပ်မလဲ၊ အထဲမှာ အိပ်ပျော်သွားခဲ့ရင်ရော'
'ဒါပေမဲ့ သူမ တစ်ယောက်တည်း ရေမချိုးဘူးဆိုရင်ရော... ငါက သူမကို ရေချိုးပေးဖို့ လိုအပ်နေမလား'
ထိုအတွေး ခေါင်းထဲဝင်လာသည်နှင့်တစ်ပြိုင်နက် ဟော်ချန်ယဲ့ ရင်များ ဒိန်းဒိုင်းခုန်ပေါက်လာကာ ပါးပြင်များ နီမြန်းလာလျက် ရေစည်ကို စိုက်ကြည့်ရင်း လက်ချောင်းထိပ်လေးများပင် ဂနာမငြိမ်ဖြစ်လာပြီး လက်ဝါးများ၌ ချွေးများပင် ပျံလာတော့သည်။
သူ လှည့်ကြည့်သောအခါ ယွီရွေ့ကျူးက သူမကော်လာကို ဆွဲကာ မပီတပှ အသံလေးဖြင့် သူ့နာမည်ကို ခေါ်နေလေသည်။
"ဟော်ချန်ယဲ့... ကျွန်မ ရေချိုးချင်တယ်၊ အိပ်ချင်နေပြီ... အရမ်းပူတာပဲ"
ဟော်ချန်ယဲ့က အံ့ကိုကျိတ်ပြီး သူ့ နက်မှောင်သော မျက်ဝန်းများ တုန်ခါသွားကာ နားရွက်များ နီရဲလာလျက် ယွီရွေ့ကျူး ခါးလေးကို ဖက်ရန် ရှေ့သို့ တိုးလာသည်။