အခန်း ၁၃၁
Vol. 14 Ch. 131
အပိုင်း (၁၃၁) ယောက္ခမ၊ သမီးနဲ့ သမက်
ရှန်ကျုံးခမျာ သူ့ရှေ့မှာ မတ်တတ်ရပ်နေတဲ့ သမီးဖြစ်သူကိုရော၊ ခုတင်ပေါ်မှာ တစ်ဝက်မှီနေတဲ့ သမက်ကိုပါ ဒေါသတကြီး စိုက်ကြည့်နေလေရဲ့။ သေချာတာပေါ့... သူ့သမီးနဲ့ သမက် အခန်းထဲမှာ ဘာတွေလုပ်နေကြတာလဲလို့ ဖွင့်မေးရလောက်တဲ့ထိတော့ ရှန်ကျုံး မျက်နှာမပြောင်နိုင်ပါဘူးလေ။
ယွီးရှောင်ရှောင်က သူမရဲ့ အဖေလုပ်သူ အသုံးမကျတဲ့ဘုရင် အခန်းထဲဝင်လာတာကို အကဲခတ်နေလိုက်တယ်။ အဖေက ဝမ်မောမောတို့ အုပ်စုကိုရော၊ သူ့ရဲ့ ကိုယ်ရံတော်တွေကိုပါ အခန်းပြင် မောင်းထုတ်လိုက်ပြီး လျှို့ဝှက်ချက်တစ်ခု ပြောတော့မဲ့ ပုံစံဖမ်းနေတာလေ။ ဒါပေမဲ့ ဒီဘုရင်စုတ်က ဝင်ထိုင်နေတာ အတော်ကြာတဲ့အထိ စကားတစ်ခွန်းမှ မဟလာဘူး။ ဒါနဲ့ ယွီးရှောင်ရှောင်လည်း စိတ်မရှည်တော့ဘဲ မေးချလိုက်တော့တာပေါ့။ "သမီးနဲ့ မနက်စာ အတူတူစားဖို့ လာခေါ်တာလား"
ရှန်ကျုံးဆို ဒေါသထွက်လွန်းလို့ နှာခေါင်းပါ ရွဲ့သွားပြီး အော်ပါလေရော။ "ညည်းက ထမင်းစားဖို့ စိတ်ကူးနေသေးတယ်ပေါ့လေ"
ယွီးရှောင်ရှောင်ကလည်း လုံးဝကို အပြစ်ကင်းစင်နေတဲ့ လေသံမျိုးနဲ့ ပြန်ပက်တာပေါ့။
"မနက်အိပ်ရာထတာ မနက်စာမစားလို့ သမီးက ဘာလုပ်ရမှာလဲ။ အော်... ဒါနဲ့ နောက်ဆို မနက်စောစောစီးစီး လာမခေါက်နဲ့နော်"
"ငါက ဘုရင်ကွ။ သွားချင်တဲ့အိမ်ကို သွားတာ ဘာဖြစ်လဲ" ရှန်ကျုံးက ဆိုလေရဲ့။
"အဖေက ရှောင်ကုကိုတောင် လန့်အောင်လုပ်လိုက်တာလေ။ ရှောင်ကုသာ လန့်ပြီး ဟိုဟာဖြစ်သွားရင်..."
"အဟွတ်... အဟွတ်... အဟွတ်..."
ကုရှင်းလန်တစ်ယောက် အသေအလဲကို ချောင်းဟန့်ပြရတော့တယ်။
ယွီးရှောင်ရှောင် မျက်မှောင်လေး ကုတ်သွားပြီး ကုရှင်းလန်အတွက် ရေသွားငဲ့ပေးဖို့ စားပွဲဆီ လျှောက်သွားလိုက်တာပေါ့။
သမီးဖြစ်သူရဲ့ စကားက သမက်ဖြစ်သူရဲ့ ချောင်းဆိုးသံကြောင့် တစ်ဝက်တစ်ပျက်နဲ့တင် ရပ်သွားခဲ့ပေမဲ့ ရှန်ကျုံးကတော့ သဘောပေါက်သွားခဲ့ပြီလေ။ ကုရှင်းလန်ကို သူကြည့်လိုက်တဲ့ အကြည့်တွေထဲမှာ ဇာတ်လမ်းတွေ အပြည့်ပဲ။ အားနာနေတဲ့အကြည့်မျိုးတော့ မဟုတ်ဘူး။
'ခွေးသားလေး... ငါ့သမီးကို ယူရတာ လွယ်မယ်ထင်နေလား' ဆိုတဲ့ ကျေနပ်အားရနေတဲ့ အကြည့်မျိုးပေါ့။ ရှန်ကျုံးက ကိုယ်ကိုမတ်မတ်ထိုင်၊ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ကုရှင်းလန်ကို ဆုံးမလိုက်လေရဲ့။
"အခုက နေ့ခင်းကြီးလေကွာ"
ယွီးရှောင်ရှောင်က ရေနွေးခွက်လေး ကိုင်လာရင်း ဝင်ပြောတာပေါ့။
"သမီးတို့လည်း ကန်းနေတာမှ မဟုတ်တာ၊ မိုးလင်းနေပြီမှန်း သိပါတယ်... စကားမစပ် ခုနက ရှောင်ကုလည်း သမီးကို မိုးလင်းပြီဆိုပြီး ပြောနေတာပဲ။ ဒီနေ့က တစ်ခုခု ထူးခြားနေလို့လား"
ယွီးရှောင်ရှောင်ဆီက ဒီလိုမျိုး ဘာမှန်းမသိတဲ့ မေးခွန်းကြီးလည်း ထွက်လာရော ရှန်ကျုံးခမျာ မျက်နှာထားစရာတောင် မရှိတော့ဘူး။ သူ့သမီးလည်း အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သေချာပညာပေး မခံထားရဘူး ထင်ပါရဲ့။
ယွီးရှောင်ရှောင်က ရေခွက်ကို ကုရှင်းလန်လက်ထဲ ထည့်ပေးလိုက်ပြီး ရှန်ကျုံးဘက်လှည့်ရင်း ထပ်မေးပြန်တယ်။
"အဖေ ဒီနေ့မနက် ဘာစားချင်လဲ။ သမီးကတော့ ဝက်သားဖက်ထုပ် စားချင်တယ်"
ရှန်ကျုံးက ခဏလောက် စဉ်းစားပြီး ဖြေလာလေရဲ့။ "ကိုယ်တော်က ထင်းရှူးမှိုစွပ်ပြုတ် စားချင်တယ်"
"ဘာစားချင်တယ်" ယွီးရှောင်ရှောင်က ရှန်ကျုံးအနားကို ခေါင်းလေးတိုးသွားရင်း မေးတာပေါ့။
"ထင်းရှူးစေ့ဆိုတာတော့ သမီးကြားဖူးတယ်။ ထင်းရှူးမှိုဆိုတာက ဘာပစ္စည်းကြီးလဲ"
အဲ့မှာ ရှန်ကျုံးက ထပြောပါလေရော။ "ညည်းက ထင်းရှူးမှိုကို မသိဘူးလား။ လင်းလုံ... ကိုယ်တော် ထပ်သတိပေးမယ်နော်၊ ဧကရာဇ်ကို လိမ်လည်တာက သေဒဏ်ပဲ" လို့
"ထင်းရှူးမှို မကျွေးတာလေးနဲ့ပဲ သမီးကို သတ်တော့မလို့လား" ယွီးရှောင်ရှောင်လည်း ရှန်ကျုံးကို ကြည့်ရင်း ရုတ်တရက် ဒေါသထွက်သွားခဲ့ပြီလေ။ သူမလည်း နန်းတော်ထဲမှာ အချိန်အတော်ကြာအောင် နေဖူးပါရဲ့။ ဒါပေမဲ့ ဒီမင်းအစုတ်အပဲ့က သူ့ကို အဲ့ဒီ ထင်းရှူးမှိုဆိုတာ တစ်ခါလေးတောင် မကျွေးဖူးဘူးမဟုတ်လား။
"အဲဒါက တော်တော် ဈေးကြီးမှာပဲနော်" မင်းသမီးလေးက အတော်လေးကို အဆိုးမြင်တဲ့ဘက်ကနေ တွေးလိုက်ပြီး စွပ်စွဲလိုက်တော့တယ်။ "ဒါကြောင့်ပဲ အဖေက ဒီနေ့ သမီးကို ပိုက်ဆံရှင်းခိုင်းဖို့ တမင်သက်သက် ရောက်လာတာမလား"
ရှန်ကျုံးတစ်ယောက် စားပွဲကိုပုတ်ပြီး မတ်တတ်ရပ်လိုက်ပါလေရော။ မိဖုရားခေါင်ကြီးနဲ့ သူက ဘာလို့များ ဒီလိုသမီးမျိုး သွားမွေးမိပါလိမ့်။
အဲ့ဒီအချိန်မှာပဲ ကုရှင်းလန်က အတော်လေးကို အားငယ်နေတဲ့လေသံလေးနဲ့ ဝင်ပြောရတော့တာပေါ့။
"အရှင်မင်းကြီး၊ မင်းသမီး... ကျွန်တော်တို့ အခု ဆရာတော်လေးဖုန်းလင်ရဲ့ကိစ္စကို ပြောရမှာ မဟုတ်ဘူးလား"
တကယ်တော့ ယုံရှန်းကျောင်းတော်က အရေးကြီးတာလား... ဒါမှမဟုတ် မနက်စာက ပိုအရေးကြီးနေတာလားဆိုတာ သူလည်း မဝေခွဲတတ်တော့ဘူးလေ။
ရှန်ကျုံး တစ်ချက်ကြောင်သွားလေရဲ့။ ရင်ထဲက ဒေါသမီးတောက်ကြီးဟာလည်း ရေအေးတစ်ခွက်နဲ့ ပက်ဖျန်းခံလိုက်ရသလိုမျိုး ချက်ချင်း ငြိမ်းကျသွားတော့တယ်။
ယွီးရှောင်ရှောင်က အခန်းထဲမှာ စားစရာရှိမလားဆိုပြီး လိုက်ရှာနေရင်း မေးလိုက်လေရဲ့။
"ယုံရှန်းကျောင်းတော်က ဘာဖြစ်လို့လဲ"
ရှန်ကျုံးရဲ့ ဒေါသမီးက ခုလေးတင်မှ ငြိမ်းသွားတာလေ။ ယွီးရှောင်ရှောင်ရဲ့စကားလည်း ကြားရော ပြန်ပြီး တဟုန်းဟုန်း တောက်လောင်လာပြန်ရော။ သူက ယွီးရှောင်ရှောင်ကို ဒေါသတကြီးနဲ့ အော်တော့တာပဲ။
"ယုံရှန်းကျောင်းတော်က ဘာဖြစ်လို့လဲလို့ မင်းက မေးရဲသေးတယ်ပေါ့လေ"
ယွီးရှောင်ရှောင်တော့က ပြတင်းပေါက်အောက်နားလေးက လက်ဖက်ရည်သောက်စားပွဲလေးပေါ်မှာ ကျန်နေတဲ့ ကိတ်မုန့်တစ်ဝက်ကို တွေ့သွားတာပေါ့။ ပြီးတာနဲ့ မုန့်တစ်တုံးကိုယူပြီး ပါးစပ်ထဲ ကောက်သွင်းလိုက်လေတယ်။
"ညည်းက စားနေနိုင်သေးတယ်ပေါ့"
ယွီးရှောင်ရှောင်ကတော့ မုန့်ကို စားမြဲစားနေတာပါပဲ၊ သူမက ဘာလို့မစားဘဲ နေရမှာတဲ့လဲ။
ကုရှင်းလန်က ဝင်ပြောရတော့တယ်။ "အရှင်မင်းကြီး၊ မင်းသမီးက တမင်သက်သက် လုပ်တာ မဟုတ်လောက်ပါဘူး။ ဒီကိစ္စ... ဒီကိစ္စကို အရှင်မင်းကြီး ဘယ်လို ဖြေရှင်းဖို့ စိတ်ကူးထားလဲ"
ဘာပဲဖြစ်ဖြစ် မင်းသမီးကိုတော့ ယုံရှန်းကျောင်းတော်ဆီ အပ်လို့မဖြစ်ဘူးလေ။ တတိယသခင်လေး ကုရှင်းလန်က သူ့ရင်ထဲမှာ စည်းတစ်ခု တားထားပြီးသားပါ။ ကျန်တဲ့ကိစ္စတွေဆိုရင်တော့ သူတို့တွေ ညှိနှိုင်းလို့ ရပါတယ်လေ။
ရှန်ကျုံးက မေးခွန်းတွေ တရစပ်ထုတ်တော့တာပေါ့။ "မင်းကရော ဘယ်လိုထင်လို့လဲ။ မင်းက လင်းလုံနဲ့ ခုတင်တစ်လုံးတည်း အတူတူ အိပ်နေတာ မဟုတ်ဘူးလား။ သူ သန်းခေါင်ယံကြီး ထွက်သွားတာကို မင်းက မသိဘူးလား။ မင်းကရော ဘာလဲ။ ကိုယ့်မိန်းမ ဘေးမှာမရှိတာကို အိပ်ပျော်နေသေးတယ်ပေါ့လေ"
ယွီးရှောင်ရှောင်က ပြန်ဖြေလေရဲ့။ "သန်းခေါင်ယံကြီး မသွားရင် ဝမ်ဖုန်းလင်ကို သမီးက ဘယ်လိုလုပ် ချောင်းနားထောင်လို့ ရမှာလဲ"
ကုရှင်းလန်တစ်ယောက် ခေါင်းတွေတောင် ကိုက်လာပြီ။ သူတို့တွေ ဒီညသန်းခေါင်ကိစ္စကြီးကို ဆက်မပြောဘဲ နေလို့မရဘူးလား။
ရှန်ကျုံးက ထိုင်ခုံပေါ်ကို ဘုန်းခနဲ ပြန်ထိုင်ချလိုက်ပြီး အမိန့်ပေးလိုက်တော့တယ်။
"မင်းတို့နှစ်ယောက် ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ကြ။ ငါကိုယ်တော်နဲ့အတူ ဟူကော်ကျောင်းတော်ကို လိုက်ခဲ့ကြ"
"အရှင်မင်းကြီး” ရှန်ကျုံးရဲ့စကားကို ကြားကြားချင်းပဲ ကုရှင်းလန်က ထအော်ပါလေရော။
"အရှင်မင်းကြီးက မင်းသမီးကို ယုံရှန်းကျောင်းတော်ဆီ ပို့မလို့လား"
ရှန်ကျုံးခမျာ ကုရှင်းလန်ရဲ့ အော်သံကြောင့် လန့်ပြီး ကိုယ်လေးတောင် တုန်သွားတာပေါ့။
"ဘယ်သူက... ဘယ်သူက အဲလို ပြောလို့လဲ"
ကုရှင်းလန်က ပြန်မေးလေတယ်။ "ဒါဆို အရှင်မင်းကြီးက ဘာလို့ မင်းသမီးကို ဟူကော်ကျောင်းတော်ကို ခေါ်သွားချင်ရတာလဲ"
ယွီးရှောင်ရှောင်က ဝင်ပြောပြန်တယ်။
"ခမည်းတော်၊ ခမည်းတော်လည်း ဝမ်ဖုန်းလင် သေသွားတာက ပိုကောင်းတယ်လို့ ထင်နေတာလား"
ရှန်ကျုံးက ထိုင်လျက်သားနဲ့ ခြေဆောင့်လိုက်ပြီး ယွီးရှောင်ရှောင်ကို အော်ပြောလိုက်လေရဲ့။ "ညည်း ပါးစပ်ပိတ်ထားစမ်း။ ဝမ်ဖုန်းလင်သာ သေသွားရင် ငါတို့တွေ စစ်တိုက်ဖို့ ပြင်ရတော့မှာပေါ့ဟ"
"အရှင်မင်းကြီးလည်း ဆရာတော်လေးကို ဝမ်ဖုန်းလင်လို့ပဲ ခေါ်တာလား" ကုရှင်းလန်က မေးလိုက်တာပေါ့။
ရှန်ကျုံးက စိတ်မရှည်တဲ့လေသံနဲ့ ဆဲတော့တယ်။ "ဒါက နာမည်သက်သက်ပဲလေ။ ငါကိုယ်တော် သဘောကျရင် သူ့ကို ခွေးကောင်လို့ ခေါ်လို့တောင် ရသေးတယ်"
ယွီးရှောင်ရှောင်က လေးလေးနက်နက်နဲ့ ပြန်ပြောလေရဲ့။ "သူ့နာမည်အစစ်က တကယ်ကြီး ဝမ်ဖုန်းလင်ပါဆို"
"တော်တော့" ပြောရင်းဆိုရင်းပဲ ရှန်ကျုံးက ယွီးရှောင်ရှောင်ကို သူ့အနားလာဖို့ လက်ယပ်ခေါ်လိုက်တော့တယ်။
ယွီးရှောင်ရှောင်က ရှန်ကျုံးအနားကို မသွားဘဲ ခုတင်နားလျှောက်သွားပြီး ကုရှင်းလန်ဘေးမှာ ဘုန်းခနဲ ဝင်ထိုင်လိုက်လေရဲ့။
ရှန်ကျုံးက ကုရှင်းလန်ကို မျက်စောင်း ထပ်ထိုးလိုက်ပြန်တယ်။
ကုရှင်းလန်လည်း စိတ်လေသွားတာပေါ့။ အခုက သူ့ကို မျက်စောင်းထိုးနေရမဲ့ အချိန်လား။ သူ့ဘယ်လောက်ပဲ ကြည့်မရဖြစ်နေပါစေ၊ လောလောဆယ် မင်းသမီးကိစ္စက သူတို့အတွက် အရေးအကြီးဆုံး မဟုတ်ဘူးလား။ ဒီယောက္ခမကြီးက တကယ်ရော အားကိုးရပါ့မလား။ "အရှင်မင်းကြီး" တတိယသခင်လေး ကုရှင်းလန်က သူ့ယောက္ခမကို အလောတကြီးနဲ့ မေးလိုက်လေရဲ့။
"အခု အရှင်မင်းကြီး ဘယ်လို စီစဉ်ထားလဲ"
ရှန်ကျုံးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ပြန်ဖြေတယ်။ "ငါကိုယ်တော် မင်းဆရာနဲ့ တိုင်ပင်ပြီးသွားပြီ။ ဒီကိစ္စမှာ ပထမတစ်ချက်အနေနဲ့ ဝမ်ဖုန်းလင်ဆီမှာ သက်သေမရှိဘူး..."
အဲ့ဒီအချိန်မှာပဲ ယွီးရှောင်ရှောင်ကဖြတ်ပြောလိုက်လေတယ် "အဖေ၊ ခွေးကောင်လေး ဆိုတဲ့နာမည်က မဆိုးဘူးလို့ထင်တယ်နော်"
"ပါးစပ်ပိတ်ထားစမ်း" ရှန်ကျုံးက သမီးဖြစ်သူကို အော်ငေါက်လိုက်ပြီးမှ ဆက်ပြောရရှာတယ်။
"သူ့မှာ... အဲလေ... ဝမ်ဖုန်းလင်ဆီမှာ သက်သေမှမရှိတာ၊ ဒါဆို မနေ့ညက ဟူကော်ကျောင်းတော်မှာ ဖြစ်ခဲ့တဲ့ကိစ္စက လင်းလုံနဲ့ ဘာမှမပတ်သက်တော့ဘူးပေါ့"
ယွီးရှောင်ရှောင်က ခဏလောက်စဉ်းစားပြီး ပြောလိုက်လေတယ်။ "သူ အဆိပ်မိတဲ့ကိစ္စက တကယ် သက်သေမရှိတာ ဟုတ်ပေမဲ့ သမီး သူ့ကို ရိုက်ခဲ့တာတော့ လူတွေအများကြီး တွေ့ထားတယ်လေ"
"အဲဒါကိုလည်း မင်းဆရာက ငါကိုယ်တော့်ကို ပြောပြပါတယ်။ ယုံရှန်းကျောင်းတော်ကို ငါကိုယ်တော် သွားရှင်းပြလိုက်ပါ့မယ်" ရှန်ကျုံးက ဆိုလာလေရဲ့။
ကုရှင်းလန်က "အရှင်မင်းကြီး ဘယ်လို ရှင်းပြမလို့လဲ" လို့ မေးလိုက်ပြန်တယ်။
ယွီးရှောင်ရှောင်က ဝင်ပြောပြန်ပါလေရော။ "ဝမ်ဖုန်းလင်က သမီးကို မုဒိန်းကျင့်ဖို့ ကြံလို့ သမီးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ ပြန်ချလိုက်တာလို့ ပြောမလို့လား"
ကုရှင်းလန်တစ်ယောက် ကျောက်ရုပ်ကြီးလို အေးခဲသွားပါတော့တယ်။
ရှန်ကျုံးရဲ့ အာရုံကတော့ သမီးဖြစ်သူပြောလိုက်တဲ့ နောက်ဆုံးစကားလုံးဆီ ခဏရောက်သွားပြီး "ကိုယ့်ကိုယ်ကိုယ် ဘာလုပ်တယ်" လို့ ပြန်မေးလိုက်တာပေါ့။
ယွီးရှောင်ရှောင်က ရှန်ကျုံးကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ရှင်းပြလိုက်လေတယ်။
"ဆိုလိုတာက ဝမ်ဖုန်းလင် အရင်စမှားတာလေ၊ ဒါကြောင့် သမီးက သူ့ကို ထုနှက်ပိုင်ခွင့်ရှိတယ်။ ရိုက်သတ်လိုက်မိရင်တောင် သူခံရတာ တန်တယ်လို့ ဆိုလိုတာပေါ့"
ရှန်ကျုံးက အရင်ဆုံး ခေါင်းညိတ်လိုက်သေးတာ။
"သမီးပြောတဲ့စကားကလည်း ဖြစ်နိုင်တာပဲ။ ငါကိုယ်တော် အဲ့လောက်ထိ မတွေးမိဘူး။ နေ... နေဦး... မဟုတ်သေးပါဘူး" ရှန်ကျုံးက ယွီးရှောင်ရှောင်ကို မျက်လုံးပြူးကြည့်လိုက်တော့တာပဲ။
"ညည်းမှာ ဦးနှောက်ရော ရှိရဲ့လား။ ကိုယ်ထိလက်ရောက်စော်ကားမှုလို့ မပြောတတ်ဘူးလား။ ဖတ်ထားတဲ့စာတွေ အကုန် ဘယ်ရောက်သွားပြီလဲ"
ယွီးရှောင်ရှောင်ကတော့ ခပ်ပေါ့ပေါ့ လေးပြန်ဖြေတယ်။ "ဒါဆိုလည်း သူက သမီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ ကြံတယ်လို့ပဲ ပြောလိုက်လေ"
ရှန်ကျုံးခမျာ စိတ်တွေညစ်နေပြီ။
"ဟ... ညည်းက ကိုယ့်ယောကျာ်းကိုယ် အသက်မရှင်စေချင်တော့ဘူးလား" ကိုယ့်မိန်းမကို ယုံရှန်းကျောင်းတော်က ဆရာတော်လေးကိုယ်တိုင် ကိုယ်ထိလက်ရောက် ကျူးလွန်တယ်ဆိုရင် ကုရှင်းလန်တစ်ယောက် ရှက်လွန်းလို့ သွားသေလို့ရနေပြီလေ။
ယွီးရှောင်ရှောင်က ပြန်ဖြေတာပေါ့။ "သူမှ မအောင်မြင်ခဲ့တာပဲလေ။ သမီးက ဝမ်ဖုန်းလင်ကို ဘယ်လိုလုပ် မုဒိမ်းကျင့်... အဲလေ... ကိုယ်ထိလက်ရောက် ကျူးလွန်ခွင့်ပြုမှာလဲ"
"မင်းသမီး..." ကုရှင်းလန်ခမျာ သူ့ရဲ့ နားထင်ကြောတွေကို အတင်းဖိပွတ်နေရတယ်။ သူ့ခေါင်းထဲက သွေးကြောတွေတောင် ပေါက်ထွက်တော့မလိုပဲ။ ပြီးတော့ ယွီးရှောင်ရှောင်ကို လှမ်းပြောရတော့တယ်။
"ကျွန်တော်တို့ တခြားနည်းလမ်းတစ်ခု စဉ်းစားကြတာပေါ့နော်။ ဒီအကြောင်း ဆက်မပြောကြပါနဲ့တော့လား"
…