← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အပိုင်း (၁၃၂) ငါက ရူးနေတာလေ၊ ဆေးသောက်ဖို့ မေ့သွားတာ

ကုရှင်းလန် နာကျင်နေတာကို ရှန်ကျုံးမြင်တော့ သူ့နာကျင်မှုတွေတောင် ရုတ်တရက် ပျောက်သွားသလို ခံစားလိုက်ရတယ်။ ပြီးတော့ သမီးနဲ့ သမက်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောတော့တာပေါ့။

"ငါကိုယ်တော် မင်းဆရာကို ပြောလိုက်တယ်၊ လင်းလုံမှာ ငယ်ငယ်လေးကတည်းက စိတ်ဖောက်ပြန်တဲ့ရောဂါ ရှိတယ်လို့လေ။ ဝမ်ဖုန်းလင်ကို လည်ပင်းညှစ်သတ်ချင်တယ်ဆိုတာ သေချာပေါက် လင်းလုံ ရောဂါထလို့ ဖြစ်ရမှာလို့ ပြောခဲ့တာပေါ့"

"ဘာ... ဘာရယ်" အခုလေးတင် လေတိုက်တာ ကြမ်းလွန်းလို့ သေချာမကြားလိုက်ရဘူးလို့ ယွီးရှောင်ရှောင်က ထင်သွားလေရဲ့။ ဒါနဲ့ ရှန်ကျုံးကို မေးတော့တယ်။

"ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် ပြန်ပြောပြပါလား။ သမီးက ဘာဖြစ်နေတာ"

"ငါကိုယ်တော်က ညည်း စိတ်ဖောက်ပြန်နေတယ်လို့ ပြောလိုက်တာလေ၊ ဘာဖြစ်လို့လဲ။ သမီးလည်း အိမ်ထောင်တောင် ကျနေပြီပဲ။ ရူးတာ မရူးတာက ဘာများ အရေးကြီးလို့လဲ"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို လှမ်းကြည့်လိုက်လေတယ်။ ကြည့်ရတာ ဒီစကားကလည်း ဟုတ်သလိုလိုပါပဲလေ။

ရှန်ကျုံးက ဆိုလာလေရဲ့။ "ငါကိုယ်တော့်သမီးမှာ ရောဂါရှိတာဆိုတော့ ဝမ်ဖုန်းလင် အရိုက်ခံရတာလည်း အလကားနေရင်း အနာခံလိုက်ရုံပဲပေါ့"

ယွီးရှောင်ရှောင်က သူမကိုယ်သူမ ရူးနေတယ်ဆိုတဲ့ ဇာတ်ကောင်စရိုက်လေးကို ခဏလောက် တွေးကြည့်လိုက်ပြီး ရှန်ကျုံးကို မေးလိုက်ပြန်တယ်။ "စိတ်ကျန်းမာရေးမကောင်းတဲ့လူ... ဆိုလိုတာက ခမည်းတော်ပြောတဲ့ စိတ်ဖောက်ပြန်နေတဲ့လူပေါ့။ စိတ်ကျန်းမာရေးမကောင်းတဲ့သူက လူသတ်ရင် ဥပဒေနဲ့ မငြိစွန်းဘူးမလား"

ရှန်ကျုံးက အံ့သြသွားပြီး ပြန်မေးလေရဲ့။

"ညည်း တကယ်ကြီး ဝမ်ဖုန်းလင်ကို သတ်ချင်နေတာလား။ ဘာလို့လဲ။ သူက သမီးအပေါ် မကောင်းတာ တစ်ခုခုလုပ်ခဲ့လို့လား"

ကုရှင်းလန်ခမျာ အခုလေးတင်မှ အောက်ချထားတဲ့ လက်ကို ပြန်မြှောက်ပြီး နားထင်ကြောကို ဖိပွတ်ရပြန်ပြီ။

"သူက သမီးကို ဘာလုပ်နိုင်မှာလဲ။ သူက မင်းဆရာကို သတ်ချင်နေတာလေ"

အဲ့တော့ ကုရှင်းလန်က ဝင်မေးလိုက်တာပေါ့။

"ဆရာတော်လေး ဖုန်းလင်က ဘာလို့ မင်းဆရာကို သတ်ချင်ရတာလဲ"

"မသိဘူးလေ" ဆိုပြီး သားအဖနှစ်ယောက်သား ကုရှင်းလန်ကို ပြိုင်တူ ဖြေလိုက်ကြတယ်။

ကုရှင်းလန်တစ်ယောက် သက်ပြင်းတောင် ခိုးရှိုက်လိုက်မိပါရဲ့။ ယွီးရှောင်ရှောင်နဲ့ စကားပြောရတာကိုက ခက်ခဲတဲ့ကိစ္စတစ်ခု ဖြစ်နေပြီဟာကို အခု ယောက္ခမကြီးပါ ပေါင်းထည့်လိုက်တော့ လုံးဝကို မျှော်လင့်ချက်မဲ့သွားစေတဲ့ အခြေအနေကြီး ဖြစ်သွားခဲ့ပြီလေ။

"ဒီလိုလုပ်စမ်းပါ" ရှန်ကျုံးက သူ့သမက်ရဲ့ စိတ်ခံစားချက်ကို ဂရုမစိုက်နိုင်တော့ဘဲ ယွီးရှောင်ရှောင်ကို ပြောလိုက်တော့တယ်။

"သမီး ခမည်းတော်နဲ့အတူ ဟူကော်ကျောင်းတော်ကို လိုက်ခဲ့။ မနေ့ညက မတော်တဆ ချန်ထားခဲ့မိတဲ့ သက်သေတစ်ခုခု ရှိနေခဲ့ရင် ဒီအခွင့်အရေးကိုယူပြီး အမြန် ဖျက်ဆီးပစ်လိုက်။ သမီးတော် ဘယ်လိုနည်းလမ်းသုံးသုံး ခမည်းတော် ဂရုမစိုက်ဘူး၊ အရေးကြီးတာက ဝမ်ဖုန်းလင် သက်သေထုတ်ပြလို့ မရစေဖို့ပဲ"

ယွီးရှောင်ရှောင်က ပြောလိုက်ပြန်ရော။ "သူ့ကို သတ်ပစ်လိုက်တာက ပိုကောင်းမယ် ထင်တယ်နော်။ သူပြန်သွားရင် သူ့ဆရာကို တိုင်ပြောနိုင်သေးတယ်လေ"

"သတ်ချင်တယ်ဆိုရင် ဝမ်ဖုန်းလင်နဲ့ သူ့တပည့်တွေရော၊ ဟူကော်ကျောင်းတော်မှာ သူတို့ဘက်ကို ယိမ်းနေတဲ့ ကိုယ်တော်တွေကိုပါ အကုန်သတ်ပစ်ရမှာကွ။ လင်းလုံ... သမီး သိုင်းပညာ အရမ်းတော်တယ်ဆိုတာ ခမည်းတော် သိပါတယ်။ ဒါပေမဲ့ လူဒီလောက်အများကြီးကို တစ်ပြိုင်နက်တည်း သတ်ပစ်နိုင်လို့လား" ရှန်ကျုံးက ထမေးတော့တယ်။

ယွီးရှောင်ရှောင်က ချက်ချင်းပဲ ပြောချလိုက်တာပေါ့။ "သမီး သတ်နိုင်တယ်"

"ညည်း..." ရှန်ကျုံးခမျာ သမီးဖြစ်သူရဲ့စကားကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားပြီးနောက် မဲ့ရွဲ့ရင်း ဆက်ပြောတော့တယ်။ "အေးပါ၊ ညည်း သတ်နိုင်တယ်ပဲ ထားပါတော့"

"သမီး တကယ် သတ်နိုင်ပါတယ်ဆို" ယွီးရှောင်ရှောင်က ဆက်ပြောလေတယ်။ အလွန်ဆုံးရှိ သူမဘက်က မိုးကြိုးပစ်ချဖို့ အားနည်းနည်း ပိုစိုက်ထုတ်လိုက်ရုံပဲလေ။

"အေးပါ... သမီးက လောကကြီးမှာ ပြိုင်ဘက်ကင်းပြီး သတ်ချင်တဲ့သူကို သတ်နိုင်တယ်ဆိုတာ ခမည်းတော် ယုံပါတယ်။ ဒါပေမဲ့ လင်းလုံ... ခမည်းတော် မင်းကို မေးမယ်၊ ဝမ်ဖုန်းလင်ရဲ့လူတွေကတော့ ထားလိုက်တော့၊ ဒါပေမဲ့ ဟူကော်ကျောင်းတော်ရဲ့ ဘယ်ကိုယ်တော်တွေက ယုံရှန်းကျောင်းတော်ဘက်ကို ယိမ်းနေတာလဲဆိုတာ ညည်း သိလို့လား" လို့ ပြန်မေးလိုက်တာပေါ့။

အာ... ဒီမေးခွန်းက ယွီးရှောင်ရှောင်ကို ဆွံ့အသွားစေခဲ့ပြီ။ ဟုတ်သားပဲ... လူတွေရဲ့ စိတ်ဆိုတာ ဗိုက်နဲ့ ကာထားတာပဲဟာ၊ ဟူကော်ကျောင်းတော်ထဲမှာ ယုံရှန်းကျောင်းတော်ရဲ့ မျက်ကန်းယုံကြည်သူတွေ ဘယ်လောက်ရှိနေလဲဆိုတာ သူမက ဘယ်လိုလုပ် သိနိုင်မှာလဲ။ တစ်ကျောင်းလုံးမှာမှ မင်းဆရာရယ်၊ ဘာ... ယွဲ့လို့ခေါ်တဲ့ ကိုရင်လေးရယ်ကိုပဲ ချန်ထားခဲ့ပြီး ကျန်တဲ့ကိုယ်တော်တွေကို အကုန် သတ်ပစ်လို့မှ မဖြစ်တာလေ။

"ဒါကြောင့်" ရှန်ကျုံးက ယွီးရှောင်ရှောင်ကို ပြောလိုက်လေတယ်။ "ဒီကိစ္စကို ငါတို့ ဖြည်းဖြည်းချင်းပဲ လုပ်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ဝမ်ဖုန်းလင်က အဆိပ်မိပြီး နေမကောင်းဖြစ်နေတော့ ဘယ်မှလည်း သွားလို့မရသေးဘူးလေ။ ငါတို့က ဘာတွေများ လောနေစရာ ရှိလို့လဲ"

ယွီးရှောင်ရှောင်က အကြံပေးပြန်ရော။

"ဒါဆို ဝမ်ဖုန်းလင်တို့အုပ်စုကို မတော်တဆတစ်ခုခုဖြစ်ပြီး သေသွားအောင် လုပ်လိုက်ရင်ကော" လို့

ရှန်ကျုံးက အသံကိုနှိမ့်လိုက်ပြီး ဆိုလာလေရဲ့။ "လင်းလုံ... စကားတစ်ခွန်းကို မှတ်ထားပါ၊ 'သူများကို မသိစေချင်ရင် ကိုယ်တိုင်သွားမလုပ်တာ အကောင်းဆုံးပဲ' တဲ့" လို့ ရာနှုန်းပြည့် သေချာမှုမရှိဘဲနဲ့ သွားလုပ်လို့ ဘယ်ဖြစ်မလဲ။

"ဘာ... ဘာအဓိပ္ပာယ်လဲ" ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ရှင်းပြပေးဖို့ အကူအညီတောင်းတဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်တာပေါ့။

"ဟုတ်ပြီ" ရှန်ကျုံးက အခုလေးတင် ဖြစ်သွားတဲ့ ယွီးရှောင်ရှောင်ရဲ့ ပုံစံလေးကို အတော်လေး သဘောကျသွားပြီး ပြောလိုက်လေရဲ့။

"ခဏနေ ဝမ်ဖုန်းလင်နဲ့တွေ့ရင် သူ ဘာပဲပြောပြော အခုလိုပုံစံလေးပဲ နေလိုက်။ ဘာမှနားမလည်တဲ့ ပုံစံလေး ဖမ်းနေလိုက်ရင် အဆင်ပြေပြီ"

ယွီးရှောင်ရှောင်က 'ဟီးဟီး' လို့ တစ်ချက်ရယ်လိုက်တယ်။ ဒီမင်းစုတ်က သူမကို ဘာတွေများ လာပြောနေတာပါလိမ့်။

ရှန်ကျုံးက ပြောလေရဲ့။ "အေး... အဲဒီ ဟီးဟီးဟဲဟဲလည်း ရတယ်" သူ့သမီးသာ ဝမ်ဖုန်းလင်ကို ရူးသွားအောင် လုပ်နိုင်ရင် သူတို့တွေ ဘာပြဿနာမှ တက်စရာမရှိတော့ဘဲ အကုန်အဆင်ပြေသွားပြီလေ။

ယွီးရှောင်ရှောင်က မေးလိုက်တာပေါ့။ "သူတို့က ကိုယ်ထိလက်ရောက် စလုပ်လာရင်ကော"

"ငါကိုယ်တော် အအရိုက်ခံလိုက်မယ်" ရှန်ကျုံးက လုံးဝ ကြောက်ရွံ့ခြင်းမရှိတဲ့ လေသံနဲ့ ဖြေလိုက်လေရဲ့။

"ငါကိုယ်တော်ကိုတောင် ရိုက်ရဲတယ်ဆိုမှတော့ ဝမ်ဖုန်းလင်က ညည်း သူ့ကို ရိုက်ခဲ့တယ်လို့ ပြောစရာ မျက်နှာ ရှိပါတော့မလား"

"ခမည်းတော် ဆိုလိုတာက ဒီလိုလုပ်လိုက်ရင် သမီးတို့နဲ့ ဝမ်ဖုန်းလင်က ကျေပြီပေါ့" ယွီးရှောင်ရှောင်က ဝင်ပြောလေတယ်။

"ဟုတ်တယ်…မြန်မြန် အဝတ်အစားလဲလိုက်၊ သမီးလည်း နည်းနည်းပါးပါး ပြင်ဆင်လိုက်ဦး။ ငါတို့ အတူတူ ဟူကော်ကျောင်းတော်ကို သွားကြမယ်" လို့ ရှန်ကျုံးက ပြောလိုက်လေတယ်။

"ရတယ်လေ" ယွီးရှောင်ရှောင်က မတ်တတ်ရပ်လိုက်ပြီး ဆိုလာပါလေရော။ "ဒါဆိုလည်း အဖေ အရိုက်ခံရတာကို သမီးက ဘေးကနေ ထိုင်ကြည့်ပေးရုံပေါ့"

ရှန်ကျုံးခမျာ တစ်ချက်လောက်ငြိမ်ကျသွားပြီး မှာရတော့တယ်။

"ခမည်းတော် အရိုက်ခံရပြီး သေသွားတာကိုတော့ ထိုင်ကြည့်နေလို့ မရဘူးနော်" ဧကရာဇ်တစ်ပါး ဖြစ်ရတာက အတော်လေး ဆင်းရဲဒုက္ခများတယ် ဆိုပေမဲ့ ရှန်ကျုံးကတော့ သူ အသက်ရှင်လို့ မဝသေးဘူးလို့လေ။

ကုရှင်းလန်တစ်ယောက် သူ့ရဲ့အရှင်သခင်၊ တစ်နည်းအားဖြင့် သူ့ရဲ့ ယောက္ခမကြီးကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်နေမိတယ်။ သူ့ရင်ထဲမှာတော့ ယုံကြည်ချက်တွေ ပျက်စီးသွားသလို ခံစားနေရတာပေါ့။ သူတို့ကိုခေါ်ပြီး ဟူကော်ကျောင်းတော်မှာ အရိုက်ခံဖို့ သွားကြမယ်တဲ့... လုံးဝကို အရှက်မရှိတဲ့ ဒီလိုလူမျိုးက တိုင်းပြည်ရဲ့ ဧကရာဇ်မင်းတဲ့လား။

ဆရာတော်လေး ဖုန်းလင်ခမျာမှာတော့ ခုတင်ပေါ်ကနေ ရှန်ကျုံးတို့ သားအဖကို မြင်လိုက်ရတဲ့အချိန်မှာတင် ကုရှင်းလန် ခံစားရသလိုပဲ ခံစားလိုက်ရပါလေရော။ 'ဒီ ရှန်ကျုံးဆိုတဲ့ကောင်က သိပ်ကို အရှက်မရှိတာပဲ' လို့ တွေးလိုက်မိတာပေါ့။

ရှန်ကျုံးရဲ့ စရိုက်ကသာ သိပ်မဟန်တာ၊ ရုပ်ရည်ရော ခန္ဓာကိုယ် အချိုးအစားကပါ တော်တော်လေးကို ကြည့်ကောင်းတာ။ အဲဒီမှာ သွားရပ်လိုက်တာနဲ့တင် ရုပ်ရည်သန့်သန့်၊ ခန့်ခန့်ညားညားနဲ့ အတော်လေးကို ကြည့်ကောင်းတဲ့ လူတစ်ယောက်လို့ ဆိုရမယ်။

ပေ့ယွမ် ချပေးတဲ့ ကျောမှီကုလားထိုင်ပေါ်မှာ ဝင်ထိုင်ပြီးတဲ့နောက် ရှန်ကျုံးက အတော်လေး စိုးရိမ်နေတဲ့ မျက်နှာထားနဲ့ ဆရာတော်လေး ဖုန်းလင်ကို ကြည့်လိုက်လေတယ်။ "ဆရာတော်လေး နေမကောင်းဘူးဆိုတာကို မင်းဆရာဆီက ကြားလိုက်ရတော့ ငါကိုယ်တော်မှာ စိတ်ပူပြီး ပျာယာခတ်သွားတာပဲ။ ဆရာတော်လေး အခု ဘယ်လိုနေသေးလဲ။ ငါကိုယ်တော်ရဲ့ နန်းတွင်းကုသဆောင်က အတော်ဆုံး သမားတော်တွေကို ခေါ်လာခဲ့ပါတယ်။ ဆရာတော်လေးသာ သဘောကျမယ်ဆိုရင် သူတို့နဲ့ တစ်ချက်လောက် အစမ်းသပ်ခံကြည့်ပါလား"

ဆရာတော်လေး ဖုန်းလင်က ပြုံးလိုက်ပြီး လှမ်းမေးလိုက်တာပေါ့။ "အရှင်မင်းကြီး စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ဒဏ်ရာက ကိစ္စမရှိပါဘူး။ မင်းသမီးလေး... ကျွန်တော်ပြောတာ ဟုတ်တယ်မလား"

"ဟင်" ယွီးရှောင်ရှောင်က ဘာမှနားမလည်တဲ့ ပုံစံလေး ဖမ်းနေလိုက်တယ်။

ဆရာတော်လေး ဖုန်းလင်က ဆိုလာပြန်ရော။ "မင်းသမီးလေးက ဘာဖြစ်သွားတာလဲ။ ကျွန်တော်တို့ မတွေ့ရတာ နာရီအနည်းငယ်ပဲ ရှိသေးတယ်လေ"

ရှန်ကျုံးက ဝင်ပြောတာပေါ့။ "မင်းဆရာက ဆရာတော်လေးကို မပြောပြရသေးဘူးလား"

"မင်းသမီးမှာ စိတ်ဖောက်ပြန်တဲ့ရောဂါ ရှိတယ်ဆိုတဲ့ ကိစ္စလား" လို့ ဆရာတော်လေး ဖုန်းလင်က မေးလိုက်လေရဲ့။

"ဟုတ်တာပေါ့" ရှန်ကျုံးက ခေါင်းညိတ်ပြလိုက်ပြီး ကျောမှီကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ ကုရှင်းလန်ကို လက်ညှိုးထိုးပြလိုက်တော့တယ်။

"မနေ့က သမက်တော် အရင်အိပ်ပျော်သွားတော့ မင်းသမီးကို ဆေးမတိုက်လိုက်ရဘူးလေ။ အဲ့ဒါကြောင့် မင်းသမီးက..."

ရှန်ကျုံးတစ်ယောက် ဆရာတော်လေး ဖုန်းလင်ကို အတော်လေး အားနာသလို ပြုံးပြလိုက်ပြီး ဆက်ဖောတော့တယ်။ "မင်းသမီး ရောဂါထတဲ့အချိန်မှာ ဆရာတော်လေးအပေါ် ရိုသေမှုမရှိဘဲ တစ်ခုခု လုပ်ခဲ့မိရင်လည်း ဆရာတော်လေးက နားလည်ခွင့်လွှတ်ပေးပါဦး"

ဆရာတော်လေး ဖုန်းလင်က ယွီးရှောင်ရှောင်ကို ကြည့်ပြီး မေးတော့တာပဲ။ "မင်းသမီး... မင်းသမီးမှာ တကယ်ကြီး ရောဂါရှိတာလား"

ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြီး ဖြေလိုက်လေရဲ့။ "ဟုတ်တယ်၊ ငါ့မှာ ရောဂါရှိတယ်။ ငါ မနေ့က ဆေးသောက်ဖို့ မေ့သွားတာ"

မင်းဆရာ ချန်ကွမ်းကတော့ အရှက်ဆိုတာ ဘာလဲသိသေးတဲ့ လူတစ်ယောက်ဆိုတော့ အခုလိုအချိန်မှာ လွတ်ရာကျွတ်ရာ တစ်နေရာရာကိုသာ သွားပုန်းနေချင်စိတ် ပေါက်နေပြီလေ။ ဒီနေရာမဟုတ်ရင် ပြီးရော... ဘယ်နေရာပဲဖြစ်ဖြစ် ရပါပြီဆိုတဲ့ အနေအထားမျိုးပေါ့။

ကုရှင်းလန်မှာလည်း အရှက်ရှိတာပါပဲ။ ဒါပေမဲ့ တတိယသခင်လေး ကုရှင်းလန်က ကိုယ့်ဇနီးသည်ရဲ့ အသက်ကို ပိုအလေးထားတယ်လေ။ သူက ဆရာတော်လေး ဖုန်းလင်ကို ကြည့်ပြီး မေးလိုက်လေရဲ့။

"ကျွန်တော့်ရဲ့ အမှားပါ။ မင်းသမီးကို သေချာ ဂရုမစိုက်နိုင်ခဲ့လို့ပါ။ ဆရာတော်လေး... ဒဏ်ရာက ပြင်းထန်လား"

ရှန်ကျုံးက သမက်ဖြစ်သူကို အပြစ်တင်သလို ပြောလိုက်လေတယ်။ "မင်းက ဆရာတော်လေးကို မြန်မြန် တောင်းပန်လိုက်လေကွာ"

ကုရှင်းလန်က ဆရာတော်လေး ဖုန်းလင်ကို လက်အုပ်ချီလိုက်ပြီး ထိုင်လျက်သားလေး ကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်လေတယ်။

"ချင်ဟွေ့က မင်းသမီးကို သေချာ ဂရုမစိုက်နိုင်ခဲ့လို့ ဆရာတော်လေး ဒဏ်ရာရသွားရတာပါ။ ချင်ဟွေ့ သေပေးရင်တောင် မကျေနိုင်ပါဘူး"

ရှန်ကျုံးက ယွီးရှောင်ရှောင်ကို ကြည့်ပြီး ချောင်းတစ်ချက်ဆိုးပြလိုက်လေတယ်။ ဒီအချိန်မှ သရုပ်မဆောင်ရင် ညည်းက ဘယ်အချိန်ရောက်မှ သရုပ်ဆောင်ချင်နေတာလဲ ဆိုတဲ့သဘော။

ယွီးရှောင်ရှောင်က မျက်နှာသေကြီးနဲ့ ကုရှင်းလန်ရဲ့ အင်္ကျီလက်စကို လှမ်းဆွဲပြီး မေးလိုက်တာပေါ့။

"ငါ မနေ့က ဘာလုပ်ခဲ့မိလို့လဲ။ အော်... မနေ့ညက တကယ်ကြီး ရောဂါထသွားပြန်တာလား"

ကုရှင်းလန်ကလည်း ကိုယ့်ဇနီးသည်ကို ကြည့်ပြီး မျက်နှာသေကြီးနဲ့ပဲ ထောက်ခံပေးလိုက်တော့တယ်။

"ဟုတ်တယ် မင်းသမီး၊ မင်းသမီး မနေ့ညက ဆေးသောက်ဖို့ မေ့သွားတာလေ"

...

All Chapters