အခန်း ၁၃၃
Vol. 14 Ch. 133
အပိုင်း (၁၃၃) ဒါက ဘယ်သူ့အမှားလဲ
ဆရာတော်လေး ဖုန်းလင်က အသက်သာ ငယ်တာ၊ ယုံရှန်းကျောင်းတော်ရဲ့ ဆရာတော်လေးတစ်ပါးပီပီ တွေ့ဖူးမြင်ဖူးတဲ့ အတွေ့အကြုံတွေကတော့ အများကြီးပဲလေ။ ဒါပေမဲ့ 'ဒီမှာ ဆရာတော်လေး... မိသားစုသုံးယောက် တန်းစီရပ်ပြီး အရှက်မရှိ မျက်နှာပြောင်တိုက်နေတာမျိုး မြင်ဖူးလား' လို့ သွားမေးကြည့်လိုက်စမ်းပါ။ 'အရင်ကတော့ မမြင်ဖူးပါဘူး၊ ဒီနေ့တော့ ဘုန်းဘုန်း မျက်ဝါးထင်ထင် တွေ့လိုက်ရပါပြီ' လို့ သေချာပေါက် ဖြေလာမှာပဲ။
ပေ့ယွမ်နဲ့ ကျန်တဲ့ကိုယ်တော်တွေကတော့ ယောက္ခမ၊ သမီး၊ သမက် သုံးယောက်တစ်စု မျက်လုံးပြူးပြီး ဗြောင်လိမ်နေကြတာကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ကြတော့ဘူးလေ။
ဒီလောက် အရှက်မရှိတဲ့ လူတွေနဲ့တွေ့ရင် ဘယ်လိုလုပ်ရမလဲ။ ဆရာတော်လေး ဖုန်းလင်ခမျာ တစ်သက်လုံး ကျင့်ကြံလာခဲ့သမျှ သည်းခံနိုင်စွမ်းတွေ အကုန်ခန်းခြောက်သွားရပြီပေါ့။ သူ့ခမျာ ပေ့ယွမ်တို့ကို အမိန့်ပေးပြီး ဒီသုံးယောက်လုံးကို တစ်ခါတည်း ရိုက်သတ်ခိုင်းချင်စိတ်တွေတောင် ပေါက်နေပြီ။ ဒီသုံးယောက်က အရူးဟန်ဆောင်ရင်း သူ့ကိုပါ ငတုံးတစ်ယောက်လို လှည့်စားနေကြတာ မဟုတ်လား။
ဆရာတော်လေး ဖုန်းလင် ဒေါသပေါက်ကွဲထွက်တော့မဲ့ အချိန်လေးမှာပဲ ရှန်ကျုံးက ဝင်ပြီး လှမ်းပြောလိုက်တာပေါ့။
"ဆရာတော်လေး... လင်းလုံအတွက် သိပ်ပြီး စိတ်ပူမနေပါနဲ့။ ကိုယ်တော့်သမီးက ဆေးသောက်လိုက်ရင်... အဲ... အချိန်မှန် ဆေးသောက်မယ်ဆိုရင် ပုံမှန်လူတွေလိုပါပဲ။ ချင်ဟွေ့... မင်းရော ဘယ်လိုထင်လဲ"
ကုရှင်းလန် ခေါင်းညိတ်ပြလိုက်ရလေရဲ့။ စကားက ဒီလောက်အထိ ရောက်နေမှတော့ သူ ခေါင်းမညိတ်လို့ရော ဘာတတ်နိုင်မှာတဲ့လဲ။
သူက ယွီးလင်းလုံအတွက် စိတ်ပူပေးရဦးမယ်တဲ့လား။ ဆရာတော်လေး ဖုန်းလင်ခမျာ လည်ချောင်းဝအထိ ဆန်တက်လာတဲ့ သွေးတွေကို အတင်းအကြပ် မျိုချလိုက်ရတော့တယ်။ ဆရာတော်လေးက အတော်လေး ဣန္ဒြေဆယ်နိုင်တဲ့သူဆိုတော့ သူ ဒေါသထွက်ပြီး သေမလိုဖြစ်နေတာတွေကို ဒီသုံးယောက် သိသွားလို့ မဖြစ်ဘူးလေ။
ယွီးရှောင်ရှောင်က သူမရဲ့ ဖအေလုပ်သူ အစုတ်အပဲ့ဘုရင် လှမ်းကြည့်နေတာကို တွေ့တော့ ဆရာတော်လေး ဖုန်းလင်ကို လှမ်းပြောလိုက်တာပေါ့။ "စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ"
"ဆရာတော်လေး ကြည့်လေ" ရှန်ကျုံးက အတော်လေးကို ကျေနပ်ပီတိဖြစ်နေတဲ့ အပြုံးကြီးနဲ့ ဆက်ပြောလေရဲ့။ "ဆေးသာ သောက်ထားရင် ကိုယ်တော့်ရဲ့ လင်းလုံလေးက သမီးလိမ္မာလေးပါကွာ"
ဒီလိုစကားမျိုး ပြောထွက်တာ လိပ်ပြာမလုံဘူးလား... သွားရော မကျိန်းဘူးလား မသိပါဘူး။
ဆရာတော်လေး ဖုန်းလင်နားမှာ စောင့်နေတဲ့ ပေ့ယွမ်တို့တစ်သိုက်ကတော့ ဒီဖုန်းထျန်းဧကရာဇ်ရဲ့ အင်္ကျီကို ဆွဲပြီး 'မင်း အရှက်ရော ရှိသေးရဲ့လား' လို့ အသံကုန်ဟစ်ပြီး မေးပစ်ချင်နေကြပြီလေ။
ယွီးရှောင်ရှောင်ကတော့ ခါးကို မတ်မတ်လေးထားပြီး ရပ်နေလေရဲ့။ မင်းသမီးလေးခမျာ ခမည်းတော်ရဲ့ ချီးမွမ်းစကားကို ကြားရတာ နည်းနည်းလေးမှတောင် လိပ်ပြာမလုံတာမျိုး မရှိရှာဘူး။ သူမက အစကတည်းကိုက လူကောင်းလေး ဖြစ်နေခဲ့တာကိုး။
ရှန်ကျုံးက ဆရာတော်လေး ဖုန်းလင် စကားပြန်မပြောတာ မြင်တော့ မျက်နှာပေါ်က အပြုံးကို ချက်ချင်း ရုပ်သိမ်းလိုက်တယ်။ ပြီးတော့ အတော်လေးကို စိတ်ပူပန်နေတဲ့ မျက်နှာထားပြန်ပြောင်းလိုက်ပြီး လှမ်းမေးတော့တယ်။
"ဆရာတော်လေး... အခုလို ဖျားသွားရတာက ဖုန်းထျန်းကို အခုမှ စရောက်တာဆိုတော့ ရေမြေမတည့်လို့များလား"
ဆရာတော်လေး ဖုန်းလင်က ဘေးမှာ ရပ်နေတဲ့ မင်းဆရာ ချန်ကွမ်းကို တစ်ချက်လှမ်းကြည့်ပြီး မေးပြန်တယ်။ "ချန်ကွမ်းက အရှင်မင်းကြီးကို မလျှောက်တင်ရသေးဘူးလား"
အဲ့တော့ ရှန်ကျုံးက ပြန်ဖြေလေရဲ့။ "ပြောပြပါတယ်။ ဒါပေမဲ့ ဆရာတော်လေးလည်း သိတဲ့အတိုင်းပဲလေ... ငါကိုယ်တော်က ဆေးပညာအကြောင်း နားမှမလည်တာ။ မင်းဆရာ ပြောသွားတဲ့ စကားတွေကို ကိုယ်တော် သိပ်ပြီး နားမလည်လိုက်ဘူး"
တကယ်ကို လွန်လွန်းနေပြီ။
စောင်ကို ဆုပ်ကိုင်ထားတဲ့ ဆရာတော်လေး ဖုန်းလင်ရဲ့ လက်တွေတောင် နှစ်ချက်သုံးချက်လောက် တုန်ယင်သွားတာပေါ့။ 'အဆိပ်မိတယ်' ဆိုတဲ့ စကားလုံးနှစ်လုံးကို နားမလည်ဘူးတဲ့လား။ လူစကားရော နားလည်ရဲ့လား။ အမြဲတမ်း ကျောက်စိမ်းလေးလို ဖြူစင်ပြီး လူ့လောက အညစ်အကြေးတွေနဲ့ ကင်းကွာနေတဲ့ ဆရာတော်လေး ဖုန်းလင်တစ်ယောက် ရှန်ကျုံးရဲ့ အပြုအမူကြောင့် ထဆဲချင်စိတ်တွေတောင် ပေါက်လာလေရဲ့။ ဒီလို အရှက်မရှိတဲ့ကောင်က တိုင်းပြည်တစ်ပြည်ရဲ့ ဧကရာဇ် ဖြစ်နေရတယ်လို့။
ပေ့ယွမ်လည်း တကယ်ကို သည်းမခံနိုင်တော့ဘူး။
"အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ရဲ့ ဆရာတော်လေးက အဆိပ်မိထားတာပါ" လို့ ဝင်ပြောလိုက်တော့တယ်။
ရှန်ကျုံးကတော့ နည်းနည်း စိတ်ပျက်သွားတာပေါ့။ သူက လမ်းခင်းပေးထားတာတောင် ဒီလူတွေက အလိုက်တသိ မဆင်းကြဘူးလေ။ ရှန်ကျုံးက ပေ့ယွမ်ကို တစ်ချက်ကြည့်ပြီး အံ့သြသွားတဲ့ဟန်နဲ့ မေးလိုက်လေရဲ့။
"အဆိပ်မိတယ် ဟုတ်လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဆရာတော်လေးရဲ့ ဘေးမှာ ကျောင်းတော်ကြီးက သိုင်းပညာရှင် ကိုယ်တော်တွေ အစောင့်အရှောက်အဖြစ် ရှိနေတာပဲဟာ၊ ဘယ်လိုလုပ် အဆိပ်မိနိုင်မှာလဲ။ အဲ... ဆရာတော်လေး တစ်ခုခုများ မှားစားမိလိုက်လို့လား"
အစားမှားတာက ဝမ်းလျှောရုံပဲ ရှိမှာပေါ့
ယုံရှန်းကျောင်းတော်က လူတွေခမျာ အဆုံးစွန်ထိရောက်လောက်အောင်ကို ဒေါသထွက်နေကြပြီလေ။ ကြည့်ရတာ ဒီဖုန်းထျန်း ယွီမျိုးနွယ်က ဖုန်းထျန်းတိုင်းပြည်ကြီးကို မလိုချင်တော့ဘူး ထင်ပါရဲ့။
ဆရာတော်လေး ဖုန်းလင်က အကြည့်လွှဲပြီး တစ်ချက်ပြုံးလိုက်တယ်။ ရှန်ကျုံးကို ပြန်ကြည့်လာတဲ့အခါမှာတော့ သူ့မျက်နှာက လုံးဝကို တည်ငြိမ်နေခဲ့ပြီ။ သူက ရှန်ကျုံးကို ပြောလိုက်လေတယ်။ "အရှင်မင်းကြီးက တကယ် နောက်တတ်တာပဲ"
"ဟင်... အာ..." ရှန်ကျုံးက တဟားဟား တစ်ချက်ရယ်လိုက်တာပေါ့။ "ငါကိုယ်တော်က အမြဲတမ်း ဟာသဉာဏ်ရွှင်တာလေ။ ဒါကို ငါကိုယ်တော့်ရဲ့ မှူးမတ်တွေအကုန်လုံး သိကြပါတယ်"
ဆရာတော်လေး ဖုန်းလင်က ဆိုလာလေရဲ့။ "အဆိပ်ခတ်တဲ့သူကို ကျုပ် သေချာပေါက် ဖော်ထုတ်မှာပါ"
ရှန်ကျုံးက လန့်သွားသလို ဟန်ဆောင်လိုက်လေတယ်။ ကိုယ့်သမီးကို အားကိုးလို့မရမှန်း သိနေတော့ သူ့သမက်ကိုပဲ လှမ်းမေးလိုက်တာပေါ့။
"ချင်ဟွေ့... ခုနက ဆရာတော်လေး ဘာပြောလိုက်လဲဆိုတာ မင်း သေချာကြားလိုက်ရလား"
ကုရှင်းလန်ကတော့ စကားတစ်ခွန်းမှကို မပြောချင်တော့ဘူး။ ဒီလို အခြေအနေကြီးကို တတိယသခင်လေး ကုရှင်းလန်က လုံးဝကို တောင့်ခံနိုင်စွမ်းမရှိဘူးလို့ ယူဆထားတာကိုး။ ဒါပေမဲ့ အခုချိန်မှာ သူ့ယောက္ခမကြီးက နာမည်တပ်ခေါ်နေပြီဆိုတော့ တတိယသခင်လေးခမျာ မတတ်သာတဲ့အဆုံး "သေချာ... သေချာကြားလိုက်ရသလိုပါပဲ" လို့ ဖြေရတော့တာပေါ့။
ဒီစကားက ယုံရှန်းကျောင်းတော်က လူတွေနားထဲမှာတော့ လုံးဝကို လူစကား မဟုတ်တော့ဘူးလေ။ သေချာကြားရင် ကြားတယ်ပေါ့... နားပင်းချင်ယောင်ဆောင်ချင်ရင်လည်း မကြားလိုက်ရဘူးလို့ ပြောလေ။ သေချာကြားလိုက်ရသလိုပါပဲဆိုတာက ဘာအဓိပ္ပာယ်လဲ။
ရှန်ကျုံးကလည်း သူ့ကို ပြန်မေးလေရဲ့။ "မင်းက ဘာကို သေချာကြားလိုက်ရသလို ဖြစ်နေတာလဲ"
ကုရှင်းလန်လည်း မတတ်သာတဲ့အဆုံး ထပ်ပြောရတော့တယ်။ "ဆရာတော်လေးက သူ့ကိုယ်သူ အဆိပ်ခတ်ခံရတယ်လို့ သံသယရှိနေတာပါ"
ဆရာတော်လေး ဖုန်းလင်က ကုရှင်းလန်ကို စိုက်ကြည့်နေမိတယ်။ ဒီကုမိသားစုရဲ့ တတိယသခင်လေးက ကြည့်ရတာ လူကြီးလူကောင်းနဲ့ တူပေမဲ့ တကယ်တမ်းကျတော့လည်း ကောင်းနေတာ မဟုတ်ဘူးပဲ။
'ဆရာတော်လေးက သူ့ကိုယ်သူ အဆိပ်ခတ်ခံရတယ်လို့ သံသယရှိတယ်' တဲ့... ဆိုလိုတာက ဒီကိစ္စတွေအကုန်လုံးက သူ့ရဲ့ သံသယသက်သက်ပဲလို့ ပြောချင်တာပေါ့လေ။ သံသယဆိုတာမျိုးက ဘယ်လိုလုပ် အတည်ယူလို့ ရပါ့မလဲ။
"စုံစမ်းရမှာပေါ့" ရှန်ကျုံးက တည်ကြည်လေးနက်တဲ့ မျက်နှာထားနဲ့ ဆရာတော်လေး ဖုန်းလင်ကို ပြောလိုက်လေတယ်။
"ဆရာတော်လေးက သံသယရှိနေမှတော့ ငါကိုယ်တော် ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး ဆရာတော်လေးအတွက် တရားမျှတမှုတစ်ခုကို သေချာပေါက် ဖော်ဆောင်ပေးပါ့မယ်" ပါးစပ်ကသာ တရားကျတဲ့ စကားတွေကို ပြောနေတာ၊ ရှန်ကျုံးက ယွီးရှောင်ရှောင်ကို မျက်ရိပ်ပြနေတာပေါ့။
'ညည်း ဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ။ သက်သေတွေ သွားဖျက်ဆီးလေ' ဆိုတဲ့ သဘောနဲ့ပေါ့။
ယွီးရှောင်ရှောင်ကတော့ သူ့အဖေရှန်ကျုံး မျက်ရိပ်ပြတာကို ဒီဘုရင်စုတ် မျက်လုံးထဲ အမှိုက်ဝင်သွားပြီထင်တယ်လို့ တွေးလိုက်လေရဲ့။ ဆိုတော့ကား မင်းသမီးလေးက "ခမည်းတော်... မျက်လုံးထဲ အမှိုက်ဝင်သွားလို့လား" လို့ လှမ်းမေးလိုက်တော့တယ်။
ရှန်ကျုံးခမျာ ဆွံ့တွေကိုအလို့။ ယုံရှန်းကျောင်းတော်က လူတွေအားလုံးရဲ့ ဓားတွေလို ထက်မြက်စူးရှတဲ့ အကြည့်တွေအောက်မှာပဲ ဧကရာဇ်မင်းမြတ်က လက်ကိုမြှောက်ပြီး မျက်လုံးကို ပွတ်ရင်း လိမ်ပြောရတော့တာပေါ့။ "အေးကွ... မျက်လုံးထဲ ပိုးကောင်လေး ဝင်သွားလို့ပါ"
ယွီးရှောင်ရှောင်က စိတ်ပူသွားတဲ့ဟန်နဲ့ ပြောလိုက်ပြန်တယ်။
"ပိုးကောင်ဝင်သွားတာလား။ ဒါဆို မျက်လုံးကို သွားမပွတ်နဲ့လေ၊ သမီး မှုတ်ထုတ်ပေးမယ်
"နေ... နေပါစေ" ရှန်ကျုံးခမျာ အလောတကြီးနဲ့ တားရလေရဲ့။ "ကိုယ်တော့် မျက်လုံး သက်သာသွားပါပြီ၊ ညည်း အဲ့ဒီနေရာမှာပဲ ငြိမ်ငြိမ်လေးသာ ရပ်နေစမ်းပါ" သူ့သမီးရဲ့ ခွန်အားကြီးနဲ့ဆိုရင် သူမ တစ်ချက်မှုတ်လိုက်တာနဲ့တင် သူ့မျက်လုံးတွေပါ ကျွတ်ထွက်သွားလောက်တယ်။ အဲ့ဒီမြင်ကွင်းကို တွေးကြည့်လိုက်တာနဲ့တင် ရှန်ကျုံးမှာ ချွေးသီးချွေးပေါက်တွေတောင် ကျလာခဲ့ပြီပေါ့။
ကုရှင်းလန်ကတော့ ရှန်ကျုံးရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတာမို့ ယွီးရှောင်ရှောင်ကို ဝင်ပြောပေးလိုက်တယ်။ "အရှင်မင်းကြီးက ဆရာတော်လေး အဆိပ်မိတဲ့ကိစ္စကို အမြစ်ပြတ် စုံစမ်းစစ်ဆေးတော့မလို့တဲ့"
"အို" ယွီးရှောင်ရှောင်က မတ်တတ်ရပ်လျက်သားကနေ နည်းနည်းလေးမှ မလှုပ်သေးဘူး၊ ဘာမှန်း နားမလည်သေးဘူးလေ။
ကုရှင်းလန်လည်း မတတ်သာတဲ့အဆုံး ထပ်ပြောရတော့တာပေါ့။ "အခု အရေးကြီးဆုံးက သက်သေပဲ"
တတိယသခင်လေး ကုရှင်းလန်က သက်သေ ဆိုတဲ့ စကားလုံးကို အသံဖိပြီး အလေးအနက် ပြောလိုက်တာလေ။ ဒီတစ်ခါတော့ ယွီးရှောင်ရှောင် သဘောပေါက်သွားခဲ့ပြီ။ သူမ သက်သေတွေ သွားဖျက်ဆီးရတော့မှာပေါ့။
ရှန်ကျုံးကတော့ မျက်နှာကြက်က ခေါင်တိုင်ကို မော့ကြည့်ရင်း မျက်လုံး လန်ချင်လာပြီလေ။ ဒီသမက်က တကယ့် ငတုံးပဲ။ ဒီလိုမျိုး ဗြောင်ကြီး ထုတ်ပြောလိုက်တော့ ဝမ်ဖုန်းလင်တို့အုပ်စုကို လင်းလုံဆီမှာ စစ်ဆေးစရာ သက်သေတွေ ရှိနေပါတယ်လို့ အသိပေးလိုက်သလို ဖြစ်မသွားဘူးလား။ တကယ်ကို သင်ပေးလို့ မရတဲ့ကောင်ပါလား။ ရှန်ကျုံးဆို ဒေါသထွက်လွန်းလို့ အသက်ရှူတောင် မဝချင်တော့ဘူး။ ခေါင်းငုံ့ပြီး ကုရှင်းလန်ကို မျက်စောင်းတစ်ချက် ထပ်ထိုးလိုက်ပြန်ရော။ ဒါပေမဲ့ အရှင်မင်းကြီးမေ့နေတာ တစ်ခုရှိတယ်။ သူ့သမီးလို လူမျိုးက ဒီလိုမှ ဗြောင်မပြောရင် ဘယ်လိုလုပ် လူစကားကို နားလည်ပါ့မလဲ။
ယွီးရှောင်ရှောင်က ဘယ်ညာ တစ်ချက်ကြည့်လိုက်ပြီး "ငါ အပြင်ခဏ သွားလိုက်ဦးမယ်" လို့ ပြောလိုက်လေရဲ့။
ဆရာတော်လေး ဖုန်းလင်က လှမ်းမေးတာပေါ့။
"မင်းသမီးက လူမမာ လာမေးတာ မဟုတ်ဘူးလား။ အခု ကျွန်တော်မျိုးက ဒီမှာ ရှိနေတာကို မင်းသမီးက ဘယ်သွားမလို့လဲ"
ဒီလိုအချိန်မှာ သေးပေါက်ချင်ယောင်ဆောင်တာက အကောင်းဆုံး အကြောင်းပြချက်ပဲလေ။ ဒီလိုတွေးမိသွားတဲ့ ယွီးရှောင်ရှောင်က စကားစလိုက်ပါလေရော။ "အော်... ငါ ရေတွေ အများကြီး သောက်ထားလို့လေ၊ သေးသွားပေါက်..."
"အောင့်ထားစမ်း” ယွီးရှောင်ရှောင်ဆီက 'သေးသွားပေါက်မလို့' ဆိုတဲ့ စကားတောင် မဆုံးသေးဘူး၊ ရှန်ကျုံးက သူမကို မျက်လုံးပြူးကြည့်ပြီး ငေါက်ပါလေရော။
"ဆရာတော်လေးထက် ပိုအရေးကြီးတဲ့ ကိစ္စက ဘာရှိနေသေးလို့လဲ" မင်းသမီးတစ်ပါးက လူပုံအလယ်မှာ သေးပေါက်ချင်တယ်လို့ ထုတ်ပြောရိုး ထုံးစံရှိလို့လား။ ရှန်ကျုံးက သမီးဖြစ်သူကို မျက်စောင်းထိုးပြီးတာနဲ့ သမက်ကိုပါ မျက်စောင်းထပ်ထိုးလိုက်ပြန်တယ်။ အဲဒီအဓိပ္ပာယ်ကတော့ ကုရှင်းလန်ကို 'ဒါတွေအကုန်လုံး မင်းအမှားချည်းပဲ' လို့ ပြောနေတာနဲ့ အတူတူပဲ။
ယုံရှန်းကျောင်းတော်က ကိုယ်တော်တွေအားလုံးကတော့ ရှန်ကျုံးရဲ့ စကားကို ကြားပြီး တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ဆိုတာကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ပြေးသာ ရိုက်ချင်ကြတော့တယ်။ သူတို့ရဲ့ ဆရာတော်လေးကို သေးပေါက်တဲ့ ကိစ္စနဲ့များ သွားယှဉ်ရတယ်လို့။ ဒီထက် ပိုစော်ကားတဲ့ကိစ္စ ရှိပါဦးမလား။
ယွီးရှောင်ရှောင် အတော်လေးကို အခက်တွေ့သွားပြီပေါ့။ သေးပေါက်ချင်ယောင်ဆောင်တဲ့ အကွက်က သုံးမရတော့ဘူးဆိုတော့ သူမ ဘာအကြောင်းပြချက် ပေးရမလဲ။ သေးပေါက်လို့ မရရင် အီးပါမယ်ဆိုတာလည်း သေချာပေါက် မရတော့ဘူးလေ။ ယွီးရှောင်ရှောင်တစ်ယောက် ကုရှင်းလန်ကို ကြည့်ပြီး အကူအညီတောင်းတဲ့အနေနဲ့ မျက်စိတစ်ချက် မှိတ်ပြလိုက်ရပါတော့တယ်။
...