အခန်း ၁၃၄
Vol. 14 Ch. 134
အပိုင်း (၁၃၄) အရိုက်ခံရအောင် ဘယ်လိုလုပ်မလဲ
ကုရှင်းလန်ခမျာလည်း ချက်ချင်းကြီးဆိုတော့ ဘာအကြောင်းပြချက်ကောင်းမှ စဉ်းစားလို့ မရဖြစ်နေလေရဲ့။ စစ်ရေးစစ်ရာ လှည့်ကွက်တွေ ဘာတွေဆိုတာကလည်း ဒီနေရာမှာ သုံးလို့မရဘူး မဟုတ်လား။
ယွီးရှောင်ရှောင်က သူမရဲ့ ရှောင်ကုလေး အကြာကြီး စဉ်းစားနေတာတောင် အကြောင်းပြချက်တစ်ခုမှ ထွက်မလာတာကို တွေ့တော့ နားလည်ပေးလိုက်တာပေါ့။ သူမရဲ့ ရှောင်ကုလေးက လိမ်ညာပြီး မပြောတတ်တဲ့ လူကောင်းလေး တစ်ယောက်ပဲဟာ။
ဒီအချိန်မှာပဲ ဆရာတော်လေး ဖုန်းလင်က ဝင်ပြောလိုက်လေရဲ့။
"ပေ့ယွမ်... မင်းသမီးကို ထိုင်ခိုင်းဖို့ မလုပ်သေးဘူးလား" သူက ဒီမိသားစုသုံးယောက် အခန်းထဲ ဝင်လာကတည်းက ယွီးရှောင်ရှောင်ကို တမင်သက်သက် မတ်တတ်ရပ်ခိုင်းထားတာလေ။ အခုတော့ ဒီသုံးယောက်ကို သူကြည့်လိုက်တယ်။ တစ်ယောက်က ထိုင်နေပြီး တစ်ယောက်က ခြေထောက်ဒဏ်ရာကြောင့် တစ်ဝက်တစ်ပျက် လှဲနေရတယ်။ နောက်တစ်ယောက်ကတော့ မတ်တတ်ရပ်နေတာပေါ့။ အချိန်ဒီလောက်ကြာတာတောင် ဒီသုံးယောက်က ဘာတုံ့ပြန်မှုမှ မရှိကြပေမဲ့ ဆရာတော်လေး ဖုန်းလင်ကတော့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူးလေ။ တော်ဝင်မင်းသမီးတစ်ပါးကို ဒီလိုကြီး မတ်တတ်ရပ်ခိုင်းထားတယ်ဆိုတဲ့ သတင်းသာ ပြန့်သွားရင် ယုံရှန်းကျောင်းတော်က ဆရာတော်လေးတစ်ပါးအနေနဲ့ ရိုင်းစိုင်းတယ်လို့ လူတွေက ကဲ့ရဲ့ကြမှာပေါ့။ ဒီလိုနာမည်ဆိုးမျိုးကိုတော့ ဆရာတော်လေး ဖုန်းလင်က မလိုချင်ပါဘူးလေ။
ပေ့ယွမ်က ထိုင်ခုံတစ်လုံး သယ်လာပေးတာကို မြင်လိုက်ရတော့ ယွီးရှောင်ရှောင်က အတင်းညှစ်ထုတ်ပြီး နောက်ထပ် အကြောင်းပြချက်တစ်ခု ထပ်ပေးလိုက်ပြန်တယ်။ "ငါ့ရောဂါ ပြန်ထတော့မယ် ထင်တယ်။ ငါ သွားပြီး ဆေးသောက်လိုက်ဦးမယ်"
ရှန်ကျုံးလည်း အလောတကြီးနဲ့ ဝင်ပြောပေးလိုက်တာပေါ့။ "မြန်မြန်... အပြင်ထွက်ပြီး ဆေးသွားသောက်ချေ။ ရောဂါထပြီး ဆရာတော်လေးကို ထိခိုက်မိအောင် မလုပ်နဲ့ဦး"
ရေးဟေး... အောင်မြင်ပြီကွ။ ယွီးရှောင်ရှောင်က နောက်လှည့်ပြီး ချက်ချင်း ပြေးတော့တာပဲ။ မိန်းမလျာရုပ်ပေါက်နေတဲ့ ဒီဝမ်ဖုန်းလင်က သူမကို နေရာတင် ဆေးသောက်ခိုင်းမှာကို အသေအလဲ ကြောက်နေတာကိုး။
ဆရာတော်လေး ဖုန်းလင်နဲ့ ပေ့ယွမ်တို့တစ်သိုက်ခမျာ ယွီးရှောင်ရှောင်တစ်ယောက် လေပြေလေးလို မျက်စိရှေ့ကနေ ပျောက်ကွယ်သွားတာကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ကြတော့ဘူးလေ။ အားလုံးရဲ့ အံ့သြမှင်တက်နေတဲ့ မျက်နှာထားတွေနဲ့ ရှုပ်ထွေးနေတဲ့ စိတ်ခံစားချက်တွေကိုတော့ စကားလုံးတွေနဲ့တောင် ဖော်ပြလို့ ရနိုင်မယ် မထင်ပါဘူး။
ရှန်ကျုံးက လည်ချောင်းတစ်ချက် ရှင်းလိုက်တယ်။ သမီးဖြစ်သူက သက်သေတွေ သွားဖျက်ဆီးနေပြီဆိုတော့ကာ... ဝမ်ဖုန်းလင်ကို ကြည့်ရတာကလည်း ဘာပြောပြော လက်မခံမဲ့ပုံစံ၊ အငြိုးအတေးကြီးမဲ့ပုံစံ ပေါက်နေတာဆိုတော့ ရှန်ကျုံးက သူကိုယ်တိုင် အရိုက်ခံဖို့ပဲ ကျန်တော့တယ်လို့ တွေးလိုက်မိတာပေါ့။ ဧကရာဇ်မင်းမြတ်ရဲ့ ရင်ထဲမှာတော့ မျက်ရည်တွေ တသွင်သွင် စီးကျနေခဲ့ပြီလေ။ ဒီလိုသမီးမျိုးကို မွေးထားရတာ မလွယ်ပါလား။ အခုမှပဲ ရှန်ကျုံးတစ်ယောက် မိဖုရားခေါင်ကြီးရဲ့ ကြီးမြတ်မှုကို နားလည်သွားတော့တယ်။ မိဖုရားခေါင်ကြီး သက်ရှိထင်ရှား ရှိနေတုန်းက ဒီသမီးလေး သူ့ကို ဘာဒုက္ခမှ မပေးခဲ့ဖူးဘူးလေ။ မိဖုရားခေါင်ကြီးလည်း ဆုံးပါးသွားရော...အမလေး... ဘိုးဘေးဘီဘင်တို့ရေ ထကြည့်ပါဦးတော့...။ ရှန်ကျုံးက လည်ချောင်းရှင်းပြီးတာနဲ့ သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြန်တယ်။ အခု လင်းလုံလေးက ဘယ်လိုပုံစံကြီး ဖြစ်သွားရတာပါလိမ့်။
"ပေ့ယွမ်" ဆရာတော်လေး ဖုန်းလင်က ပေ့ယွမ်ကို အမိန့်ပေးလိုက်လေရဲ့။
"မင်းသမီးကို သွားစောင့်ကြည့်ပေးလိုက်။ ဟူကော်ကျောင်းတော်က ဘုန်းကြီးကျောင်းဆိုတော့ မင်းသမီး မသွားသင့်တဲ့နေရာတွေကို သွားပြီး နာမည်ပျက်မခံရအောင် ဂရုစိုက်ပေးလိုက်ဦး"
ပေ့ယွမ်က "ဟုတ်ကဲ့ပါ" လို့ ပြန်ဖြေပြီး အပြင်ကို ခပ်သုတ်သုတ် ထွက်သွားတာပေါ့။
ကုရှင်းလန်ကတော့ နည်းနည်း စိတ်ပူပြီး အပြင်ထွက်သွားတဲ့ ပေ့ယွမ်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေမိတယ်။ တတိယသခင်လေး ကုရှင်းလန်က မင်းသမီး ဆေးသောက်တာကို သွားကြည့်ပေးချင်တယ်လို့ ရှန်ကျုံးကို ပြောမလို့ပါပဲ။ ဒါပေမဲ့ သူသာ ထွက်သွားရင် ဆရာတော်လေး ဖုန်းလင်ဆီမှာ ရှန်ကျုံးနဲ့ မင်းဆရာ ချန်ကွမ်း နှစ်ယောက်တည်း ကျန်ခဲ့မှာဆိုတော့ ဒီနှစ်ယောက်ကိုလည်း စိတ်မချပြန်ဘူးလေ။
ရှန်ကျုံးကတော့ သူ့သမီးအတွက် နည်းနည်းလေးမှ စိတ်မပူပါဘူး။ ရန်ဖြစ်ဖို့ဆိုရင် ယုံရှန်းကျောင်းတော်က ဒီလူတွေအကုန်ပေါင်းရင်တောင် သူ့သမီးကို ယှဉ်နိုင်ပါ့မလား။ နန်းတော်ထဲက ကိုယ်ရံတော်တပ်ဖွဲ့ကြီးကိုပဲ တွေးကြည့်လိုက်လေ။ ဆရာတော်လေး ဖုန်းလင်ကို ကြည့်ရင်းနဲ့ ရှန်ကျုံးက ဒီဆရာတော်လေးနဲ့ သူ ပြောစရာစကား ဘာမှမရှိဘူးလို့ တွေးလိုက်မိတာပေါ့။ ဒါနဲ့ပဲ သူ့သမက်ကို ပြောတော့တယ်။
"မင်းက တစ်သက်လုံး ယုံရှန်းကျောင်းတော်ကို ကြည်ညိုလေးစားလှပါချည်ရဲ့ ဆိုပြီး အမြဲပြောနေတာ မဟုတ်လား။ အခု ယုံရှန်းကျောင်းတော်က ဆရာတော်လေးကိုယ်တိုင် ဒီမှာ ရှိနေပြီလေ၊ စကားလေး ဘာလေး ပြောလိုက်ဦးပေါ့"
တတိယသခင်လေး ကုရှင်းလန် ...
"စကားပြောလေ" ရှန်ကျုံးက သူ့သမက်ကို လက်ညှိုးထိုးပြလိုက်၊ ဆရာတော်လေး ဖုန်းလင်ကို လက်ညှိုးထိုးပြလိုက်နဲ့ လုပ်နေတယ်။ အဓိပ္ပာယ်ကတော့ 'မင်းတို့နှစ်ယောက် စကားပြောကြလေ' ဆိုတဲ့ သဘောပေါ့။ အရိုက်ခံရမယ်ဆိုရင်တောင် သူတစ်ယောက်တည်း အရိုက်ခံလို့ ဘယ်ဖြစ်ပါ့မလဲ။ ယောက္ခမ အရိုက်ခံရရင် သမက်က ဝင်မကာကွယ်ပေးရဘူးလား။ ဒါဆို သူက သမီးကို လင်ပေးစားထားတာ ဘာအကျိုးရှိတော့မှာလဲ။ (တတိယသခင်လေးအတွက် ဖယောင်းတိုင်လေး ထွန်းပြီး ဆုတောင်းပေးလိုက်ကြပါစို့)
ကုရှင်းလန်က အတော်ကြာကြာ စဉ်းစားလိုက်မိတယ်။ စစ်တိုက်နေတဲ့ လူတစ်ယောက်က သက်သတ်လွတ်စားပြီး တရားထိုင်နေတဲ့ ကိုယ်တော်တစ်ပါးနဲ့ ဘာတွေများ ပြောစရာ ရှိနေလို့လဲ။
ရှန်ကျုံးက ခေါင်းကို ဆတ်ခနဲ တိုးသွားပြီး ကုရှင်းလန်ရဲ့ နားနားကပ်ရင်း တိုးတိုးလေး ကပ်ပြောလိုက်လေရဲ့။ "အရိုက်ခံရအောင် ဆွပေးတဲ့ စကားမျိုး ပြော"
ကုရှင်းလန်က လက်မြှောက်ပြီး မျက်နှာကို တစ်ချက်ပွတ်သပ်လိုက်တယ်။ ဆရာတော်လေး ဖုန်းလင်ကို လက်ညှိုးထိုးပြီး 'မြေနိုးလေး' လို့ တိုက်ရိုက် ဆဲချလိုက်ရင်ရော အလုပ်ဖြစ်မလား မသိဘူးနော်။
ရှန်ကျုံးက ခေါင်းလှည့်ပြီး ဆရာတော်လေး ဖုန်းလင်ကို ပြောလိုက်ပြန်ရော။
"ဆရာတော်လေး... ချင်ဟွေ့နဲ့ တရားဓမ္မအကြောင်းလေး ဆွေးနွေးလိုက်ပါဦး။ သူက တရားဓမ္မအကြောင်းဆို သိပ်သဘောကျတာ"
မင်းဆရာ ချန်ကွမ်းကတော့ ယုံရှန်းကျောင်းတော်က ကိုယ်တော်တွေရဲ့ မျက်နှာကို လိုက်မကြည့်ရဲတော့ဘူး။ မင်းဆရာကြီးခမျာ သူ့ခြေထောက်ကိုပဲ သူ ငုံ့ကြည့်နေပြီး ဖြစ်ချင်ရာဖြစ်တော့လို့ပဲ သဘောထားလိုက်တော့တယ်။
ဆရာတော်လေး ဖုန်းလင်ကလည်း ကုရှင်းလန်ကို 'သမက်တော်က ပဒုမ္မသုတ် ဖတ်ဖူးလား၊ ဒါမှမဟုတ် မဟာကရုဏာသုတ် ဖတ်ဖူးလား' လို့ သွားမေးရလောက်အောင်တော့ မတုံးအပါဘူးလေ။ ဒါကြောင့် ကုရှင်းလန်ကို ကြည့်ပြီး "သမက်တော်က ကျုပ်ကို ဘာတွေများ ပြောချင်လို့လဲ" လို့ပဲ မေးလိုက်တာပေါ့။
ကုရှင်းလန်က မျက်နှာကို ခပ်တည်တည် လုပ်လိုက်ပြီး မေးချလိုက်ပါလေရော။
"မနေ့ညက မင်းသမီး ပြောတာ ကြားတယ်။ ဆရာတော်လေးနဲ့ ကျွန်တော်တို့ တိုင်းပြည်က မိဖုရားကျောင်းတို့ကြားမှာ ပတ်သက်မှုရှိနေတယ်ဆို။ အဲဒါ ဘယ်လိုကိစ္စများလဲ ဆရာတော်လေး နည်းနည်းလောက် ရှင်းပြပါလား"
.......
အိပ်ခန်းလေးထဲမှာတော့ အပ်ကျသံကိုတောင် ကြားရလောက်တဲ့ထိ တိတ်ဆိတ်သွားခဲ့ပြီလေ။ အားလုံးက တစ်ယောက်ရဲ့ အသက်ရှူသံကို နောက်တစ်ယောက်က ကြားနေရတဲ့အထိပဲ။
အမလေး ဘိုးဘေးကြီးတို့ရေ ထကြည့်ကြပါဦးတော့။... ရှန်ကျုံးကတော့ သူ့သမက်ကို အတော်လေး ဝမ်းနည်းပူဆွေးနေတဲ့ မျက်နှာထားနဲ့ ကြည့်နေမိတာပေါ့။ ဒါက အရိုက်ခံရအောင် ဆွတာ မဟုတ်တော့ဘူးလေ... သေလမ်းကို ရှာနေတာ အစစ်ကြီးပါလား။ ဒီနေ့ သူ ဟူကော်ကျောင်းတော်ကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ပါ့မလား။
ယုံရှန်းကျောင်းတော်က ကိုယ်တော်တွေအကုန်လုံးကလည်း သူတို့ရဲ့ ဆရာတော်လေးကို ဝိုင်းကြည့်နေကြလေရဲ့။ ဒီလောက်စော်ကားနေတာကိုမှ ထမချရင် အပြင်ရောက်တဲ့အခါ သူတို့ကိုယ်သူတို့ ယုံရှန်းကျောင်းတော်ကပါလို့ ပြောရဲတဲ့ မျက်နှာ ရှိပါတော့မလား။
"လင်းလုံ... မြန်မြန်ပြန်လာခဲ့ပါတော့" ရှန်ကျုံးက ပတ်တီးအထူကြီး စည်းထားရတဲ့ သမက်ဖြစ်သူရဲ့ ခြေထောက်ကို ကြည့်ပြီး မျက်စိမှိတ်ရင်း ရင်ထဲကနေ တိတ်တိတ်လေး အော်ဟစ်ဆုတောင်းနေမိတော့တယ်။
အဲဒီအချိန်မှာပဲ ယွီးရှောင်ရှောင်ကတော့ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို ခေါ်ပြီး ဟူကော်ကျောင်းတော်ရဲ့ တံတိုင်းတစ်ခုပေါ်မှာ ရပ်နေလေရဲ့။ မနေ့ညကတော့ သိပ်မသိသာပေမဲ့ အခု နေ့ခင်းဘက်ကြီး ကျောင်းတော်ကြီးကို ကြည့်လိုက်မှပဲ ဒီဖုန်းထျန်းရဲ့ ဟူကော်ကျောင်းတော်ကြီးထဲက ဘုရားကျောင်းဆောင်တွေ အကုန်လုံး ပုံစံချင်း ဆင်တူနေမှန်း ယွီးရှောင်ရှောင် သတိထားမိသွားတာပေါ့။ မနေ့ညက မီးဖိုချောင်က ဘယ်နားမှာ ပါလိမ့်နော်။
ရှောင်ကျွမ်းက ယွီးရှောင်ရှောင်တစ်ယောက် အောက်ဘက်က ဟူကော်ကျောင်းတော်ကို အတော်ကြာကြာ ငုံ့ကြည့်နေတာကို မြင်တော့ "မင်းသမီး၊ ကျွန်တော်တို့ သက်သေတွေကို ဘယ်သွားဖျက်ဆီးရမှာလဲ" လို့ မေးလိုက်လေရဲ့။
မင်းသမီးလေး မနေ့ညက အိပ်ချိန်တောင် မအိပ်ဘဲ ဟူကော်ကျောင်းတော်ကို ပြေးပြီး လုပ်ခဲ့တဲ့ ကိစ္စတွေကို ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ သိထားပြီးပြီလေ။ အခုချိန်မှာတော့ ညီအစ်ကိုနှစ်ယောက်လုံး သူတို့မင်းသမီးအပေါ် လေးစားကြည်ညိုစိတ်တွေပဲ ကျန်တော့တာပေါ့။ ယုံရှန်းကျောင်းတော်ရဲ့ ဖိနှိပ်မှုကို ခံရတဲ့ စွမ်းဆောင်ရည်ရှိသူတွေ၊ တရားမျှတမှုကို လိုလားသူတွေ တစ်သက်လုံး ကြိုးစားတာတောင် မလုပ်နိုင်ခဲ့တဲ့ကိစ္စကို သူတို့ရဲ့ မင်းသမီးက တစ်ညတည်းနဲ့ လုပ်ပြသွားနိုင်ခဲ့တယ် မဟုတ်လား။
ယွီးရှောင်ရှောင်က ဟူကော်ကျောင်းတော်ရဲ့ အနောက်မြောက်အရပ်ကို လက်ညှိုးထိုးပြပြီး "ဒီဘက်မှာ" လို့ ပြောလိုက်လေတယ်။
"မင်းသမီး၊ ဒါဆို ကျွန်တော်တို့ သွားကြတာပေါ့" လို့ ရှောင်ဝေက ဆိုလာလေရဲ့။
ရှောင်ကျွမ်းက အနောက်မြောက်အရပ်မှာရှိတဲ့ များပြားလှတဲ့ ဘုရားကျောင်းဆောင်တွေကို ကြည့်ပြီး မေးလိုက်တာပေါ့။
"မင်းသမီး... မနေ့ညက စွပ်ပြုတ်ကို ဘယ်နေရာမှာ လဲလိုက်တာလဲဆိုတာ မှတ်မိသေးရဲ့လား"
"မီးဖိုချောင်လေ" ယွီးရှောင်ရှောင်က ဖြေလိုက်တယ်။
"သူတို့က ဘာလို့ အဆိပ်ကို မီးဖိုချောင်ထဲမှာ ပြင်ဆင်ရတာပါလိမ့်" ရှောင်ဝေက ဝင်ပြောပါလေရော။
ရှောင်ကျွမ်းကလည်း ထောက်ခံလိုက်လေရဲ့။ "ဟုတ်ပါရဲ့၊ သူတို့က ဘာလို့ အဆိပ်ကို စွပ်ပြုတ်ထဲ ထည့်ရတာလဲ" စွပ်ပြုတ်ကို အပင်ပန်းခံ ချက်ပြီးမှ အဆိပ်ထည့်တာတဲ့လေ၊ လူတစ်ယောက်ကို အဆိပ်ခတ်ရုံလေးပဲဟာ။ ဒီလောက်တောင် ရှုပ်ထွေးအောင် လုပ်စရာလိုလို့လားပေါ့။
"အေးလေ၊ ငါလည်း နားမလည်ဘူး။ ဝမ်ဖုန်းလင်ဆိုတဲ့ကောင် တော်တော်လေး ရူးနေလို့ ဖြစ်မယ်" လို့ ယွီးရှောင်ရှောင်က မှတ်ချက်ချလိုက်တာပေါ့။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နှစ်ယောက်သား ဆွံ့အသွားကြလေတယ်။ ဒါကတော့ ပြောရခက်သားပဲ၊ တကယ်လို့ ယုံရှန်းကျောင်းတော်ရဲ့ ဆရာတော်လေးက သူတို့မင်းသမီးကြောင့် ရူးသွားတာဆိုရင်ကော ဘယ်လိုလုပ်မလဲ။ လူတိုင်းက အမတ်ချုပ်ကြီးကျောင်းနဲ့ မိဖုရားကျောင်းတို့လို ခိုင်မာတဲ့ စိတ်ဓာတ်တွေ ရှိကြတာမှ မဟုတ်တာလေ။
ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ဆီကနေ အကြံတောင်းတဲ့အနေနဲ့ မေးလိုက်လေတယ်။
"ငါတို့ အခန်းတစ်ခန်းချင်းစီ လိုက်ရှာကြမလား"
ရှောင်ကျွမ်းကတော့ ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်တာပေါ့။ မင်းသမီး ပြောသမျှ အကုန်မှန်တယ်လေ။
ရှောင်ဝေကတော့ ခေါင်းခါပြတယ်။ "ဒီလိုဆိုရင် အလုပ်သိပ်များသွားပြီး ယုံရှန်းကျောင်းတော်က လူတွေ သတိထားမိသွားလိမ့်မယ်"
အဲ့ဒီမှာပဲ ရှောင်ကျွမ်းက တံတိုင်းအောက်ဘက်ကို လက်ညှိုးထိုးပြပြီး ယွီးရှောင်ရှောင်ကို လှမ်းမေးလိုက်လေရဲ့။
"မင်းသမီး... ဟိုကိုယ်တော်က အဲဒီမှာ ပုန်းနေတာ အတော်ကြာနေပြီ၊ ကျွန်တော်တို့ သူ့ကို ဘယ်လို လုပ်ကြမလဲ"
ယွီးရှောင်ရှောင်က ရှောင်ကျွမ်း လက်ညှိုးထိုးပြတဲ့ တံတိုင်းထောင့်ကို လှမ်းကြည့်လိုက်တယ်။ သူမကို ချောင်းကြည့်နေတဲ့ ကိုယ်တော်က အခုချိန်ထိ တံတိုင်းထောင့်မှာ တစ်ချက်လေးတောင် မလှုပ်ဘဲ ငြိမ်နေတုန်းပဲလေ။ ကြည့်ရတာ ယုံရှန်းကျောင်းတော်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေက အတော်လေး အဆင့်အတန်းမြင့်ပုံပါပဲ၊ ဒီကိုယ်တော်ရဲ့ ပုန်းလျှိုးကွယ်လျှိုးနေနိုင်စွမ်းက အတော်လေး ကောင်းတာကိုး။
ရှောင်ဝေက အသံတိုးတိုးလေးနဲ့ ဝင်ပြောလိုက်တာပေါ့။ "သူက ယုံရှန်းကျောင်းတော်ရဲ့ လူဆိုတော့ နေ့ခင်းဘက်ကြီး ကျွန်တော်တို့ သူ့ကို သွားထိလို့ မကောင်းဘူးထင်တယ်နော်"
ဒီအချိန် တံတိုင်းထောင့်မှာ ပုန်းနေရတဲ့ ကိုယ်တော် ပေ့ယွမ်ခမျာ အတော်လေးကို စိတ်ပူနေရပြီလေ။ ဖုန်းထျန်းက ဒီလင်းလုံမင်းသမီးက တကယ်ကြီး စိတ်ဖောက်ပြန်တဲ့ရောဂါ ရှိနေတာ ဖြစ်မယ်။ ကိုယ်ရံတော်နှစ်ယောက်ကိုခေါ်ပြီး တံတိုင်းပေါ်မှာ ရပ်နေတာ၊ လေညင်းခံနေတာလား... ဒါမှမဟုတ် ရှုခင်း ကြည့်နေတာလား။ ဆေးမသောက်ရင်တောင်မှ တစ်ခုခုတော့ လုပ်ပြဦးလေ။
...