← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အပိုင်း (၁၃၅) ဆရာတော် ဒုက္ခရောက်တဲ့နေ့

ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ပြောလိုက်လေတယ်။ "ငါ့ကို ခဏစောင့်နေဦး"

ရှောင်ကျွမ်းက တံတိုင်းပေါ်မှာ ငြိမ်ငြိမ်လေး နေခဲ့ပေမဲ့ ရှောင်ဝေကတော့ ယွီးရှောင်ရှောင်နဲ့အတူ တံတိုင်းပေါ်ကနေ ခုန်ဆင်းပြီး တိုးတိုးလေး မေးလိုက်လေရဲ့။ "မင်းသမီး၊ ကျွန်တော်တို့ တကယ်ကြီး ကိုယ်ထိလက်ရောက် လုပ်တော့မလို့လား"

ယွီးရှောင်ရှောင်က "ငါ သူ့ကို မရိုက်ပါဘူး" လို့ ပြန်ဖြေလိုက်တာပေါ့။

ရှောင်ဝေတစ်ယောက် အခုမှပဲ သက်ပြင်းချနိုင်သွားတယ်။ ဆရာတော်လေး ဖုန်းလင်က ဟိုမှာ လှဲနေရတုန်းပဲ ရှိသေးတယ်လေ။ သူတို့က ယုံရှန်းကျောင်းတော်က ကိုယ်တော်တစ်ပါးကို ထပ်ပြီး ရိုက်ပစ်လိုက်မယ်ဆိုရင် ရန်ငြိုးတွေ ပိုကြီးလာပြီး သူတို့ဖုန်းထျန်းအတွက် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး။

ယွီးရှောင်ရှောင်မှာတော့ ရှောင်ဝေလို တိုင်းပြည်နဲ့ လူမျိုးအတွက် ပူပန်နေတဲ့ စိတ်မျိုး မရှိပါဘူး။ သူမက ကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်တာနဲ့တင် ပေ့ယွမ် ပုန်းနေတဲ့ တံတိုင်းထောင့်ဆီ ရောက်သွားတော့တာပဲ။

ပေ့ယွမ်က ယွီးရှောင်ရှောင် မိသွားတာကို နည်းနည်းလေးမှ မလန့်သွားတဲ့အပြင် အရိုအသေလည်း မပေးဘူး။ အဲ့ဒီအစား ယွီးရှောင်ရှောင်ကို လှောင်ပြောင်တဲ့ လေသံနဲ့ "မင်းသမီး... ဆေးသောက်ပြီးပြီလား" လို့ မေးလိုက်တာပေါ့။

"ရိုင်းစိုင်းလိုက်တာ" ရှောင်ဝေက ပေ့ယွမ်ကို အော်ဟောက်လိုက်လေတယ်။

ပေ့ယွမ်က ဂရုမစိုက်တဲ့ဟန်နဲ့ ပြန်ပက်လေရဲ့။

"ဒါက မင်းသမီးကိုယ်တိုင် ပြောခဲ့တဲ့စကားပဲလေ။ မင်းသမီး... ကျုပ် ပြောတာ မမှားဘူးမလား"

ယွီးရှောင်ရှောင်က ဖြေလိုက်တာပေါ့။

"ဟုတ်တယ်၊ ငါ ဆေးသွားသောက်မလို့ပဲ... ဒါပေမဲ့ ဒီနေ့ ဆေးယူလာဖို့ မေ့သွားမှန်း သတိရသွားလို့"

ဒီစကားကို ပြောအပြီးမှာတော့ မင်းသမီးလေးက အတော်လေး ကျေနပ်သွားတယ်။ ကြည့်ရတာ လိမ်ပြောတဲ့စွမ်းရည်ဆိုတာက ပြောတတ်ရုံလေးနဲ့တင် အကုန်ရတာပဲ၊ တော်တော်လွယ်တာကိုး။

ရှောင်ဝေကတော့ မရယ်ရဲဘူးလေ။ ဒီအချိန်မှာ သူ့မင်းသမီးရဲ့ အရှိန်အဝါကို သူ ဖျက်ဆီးပစ်လို့ မဖြစ်ဘူး မဟုတ်လား။

ကိုယ်တော် ပေ့ယွမ်ကလည်း ဆရာတော်လေး ဖုန်းလင်လိုပဲ ဖုန်းထျန်းကို မရောက်ခင်က ယွီးရှောင်ရှောင်လို အရှက်မရှိတဲ့ လူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ။ ဟုတ်တာပေါ့... သူတို့ဆရာတော်လေးရဲ့ အိပ်ခန်းထဲမှာ ထိုင်နေတဲ့ နောက်ထပ်နှစ်ယောက်ကလည်း အတူတူပဲကိုး။

"ဒါဆို မင်းသမီး... ဆရာတော်လေးဆီကို ကျုပ်နဲ့အတူ ပြန်လိုက်ခဲ့လို့ ရပြီလား" ပေ့ယွမ်က ဒေါသကို အတင်းမျိုသိပ်ပြီး မေးလိုက်လေတယ်။

ယွီးရှောင်ရှောင်က လက်လှမ်းပြီး ပေ့ယွမ်ရဲ့ သင်္ကန်းလည်ပင်းကို လှမ်းဆွဲလိုက်တာပေါ့။

ပေ့ယွမ်က ကိုယ်ကို တစ်ချက်တိမ်းလိုက်ပြီး ယွီးရှောင်ရှောင်ရဲ့လက်ကို ရှောင်တိမ်းရင်း ဒေါသတကြီးနဲ့ အော်လိုက်လေရဲ့။ "မင်းသမီးက နောက်တစ်ခါ ထပ်ပြီး လူကို ထိခိုက်အောင် လုပ်ချင်နေပြန်ပြီလား"

ပေ့ယွမ် သူမရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သွားတာက ယွီးရှောင်ရှောင်ကို နည်းနည်းလေးတော့ အံ့သြသွားစေခဲ့တယ်။

ရှောင်ဝေက ပေ့ယွမ် သူ့ခါးဆီ လက်လှမ်းသွားတာကို မြင်တော့ ချက်ချင်းပဲ သူ့ခါးက ဓားကို ဆွဲထုတ်လိုက်ပြီး "မင်း ဘာလုပ်ချင်တာလဲ" လို့ အော်လိုက်လေရဲ့။

အဲ့တော့မှ ရှောင်ကျွမ်းလည်း ဓားကို ဆွဲထုတ်ပြီး တံတိုင်းပေါ်ကနေ ခုန်ဆင်းလာတာပေါ့။

ပေ့ယွမ်က အေးစက်စက် တစ်ချက်ပြုံးလိုက်တယ်။ ယွီးလင်းလုံက သိုင်းပညာ တော်တော်မြင့်မှန်း သူ သိထားတာပေါ့၊ ဒါပေမဲ့ ရှန်ကျုံး ကိုယ်တိုင် အိမ်တိုင်ရာရောက် လာတောင်းပန်နေတဲ့အချိန်မှာ ဒီဖုန်းထျန်းမင်းသမီးက သူ့ကို ကိုယ်ထိလက်ရောက် လုပ်ရဲသေးလားဆိုတာကို သူက စမ်းကြည့်ချင်နေတာလေ။ (စကားမစပ် ဆရာတော် ပေ့ယွမ်... အရှင်မင်းကြီး ရှန်ကျုံးက တောင်းပန်ဖို့ လာတယ်ဆိုတာကို ဘယ်မျက်လုံးနဲ့များ မြင်လိုက်ပါလိမ့်။ ဆွံ့အသွားရပါပြီလေ)

ယွီးရှောင်ရှောင်ကတော့ ပေ့ယွမ်ရဲ့ အေးစက်စက်အပြုံးရဲ့ အဓိပ္ပာယ်ကို နားလည်မှုလွဲသွားခဲ့ပြီ။ မင်းသမီးလေးအမြင်မှာတော့ ဒီကိုယ်တော်က သူမရယ်၊ ရှောင်ကျွမ်းရယ်၊ ရှောင်ဝေရယ် သုံးယောက်ကို တစ်ယောက်တည်းနဲ့ ချတော့မယ်လို့ ထင်သွားတာကိုး။ ယွီးရှောင်ရှောင်က ပေ့ယွမ်ကို ပြောလိုက်တာပေါ့။

"ငါ နင့်ကို မရိုက်ပါဘူး။ နင့်ဆရာတော်လေးဆီကိုပဲ ငါ ပို့ပေးလိုက်ပါ့မယ်"

"မင်း ဘာပြောလိုက်တယ်" ပေ့ယွမ်ရဲ့ လက်က ခါးပေါ်မှာပဲ ရှိနေတုန်း။ အဲ့ဒီမှာ သူ့ရဲ့ ကြာပွတ်ကို ပတ်ထားတာလေ။

ယွီးရှောင်ရှောင်က ဘေးဘက်ကို အကြည့်လွှဲလိုက်ပြီး ဖြတ်ပြောလိုက်တယ်။ "ဟိုဘက်မှာ ဘာလို့ မိန်းမတွေ ရှိနေရတာလဲ"

ဒီနေ့ ဟူကော်ကျောင်းတော်က တံခါးမှ မဖွင့်ထားတာ၊ ဘယ်လိုလုပ် မိန်းမတွေ ရှိနေနိုင်မှာလဲ။ ပေ့ယွမ်လည်း မသိစိတ်ကနေ ယွီးရှောင်ရှောင် ကြည့်နေတဲ့ဘက်ကို လိုက်ကြည့်လိုက်မိလေရဲ့။

"အထင်သေးစရာလေး" ယွီးရှောင်ရှောင်က အေးစက်စက် တစ်ချက်ရယ်လိုက်လေတယ်။ ဒီတစ်ကြိမ် မင်းသမီး လက်ပါသွားတဲ့ အမြန်နှုန်းက ဟိုးအရင် ဇွန်ဘီတွေကို ခုတ်သတ်ခဲ့တဲ့ အမြန်နှုန်းအတိုင်းပါပဲလေ။

ပေ့ယွမ် အာရုံလွင့်သွားတုန်း ရှောင်တိမ်းဖို့တောင် အချိန်မရလိုက်ဘဲ ယွီးရှောင်ရှောင်က သူ့ရဲ့ သင်္ကန်းကော်လာကို ဆွဲကိုင်လိုက်တာ ခံလိုက်ရပါရော။ "မင်း" လို့ ပေ့ယွမ်က ယွီးရှောင်ရှောင်ကို ဒေါသတကြီး အော်လိုက်တာပေါ့။

ယွီးရှောင်ရှောင်က ပေ့ယွမ်ကို ဆွဲမလိုက်ပြီး ဆရာတော်လေး ဖုန်းလင်ရဲ့ အိပ်ခန်းဆီကို ပစ်ပေါက်လိုက်ရင်း "သွားလိုက်တော့" လို့ ပြောလိုက်လေရဲ့။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကတော့ ကြယ်ပျံကြီးတစ်စင်းလို လွင့်ပျံသွားတဲ့ ပေ့ယွမ်ကို ခေါင်းမော့ပြီး ကြည့်နေရုံကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလေ။

"မင်းသမီး၊ ဒီကိုယ်တော် သေတော့မသွားလောက်ပါဘူးနော်" လို့ ရှောင်ကျွမ်းက မေးလိုက်လေတယ်။

ယွီးရှောင်ရှောင်က ပြန်ဖြေလိုက်တာပေါ့။ "သူ သေချင်သေ၊ ရှင်ချင်ရှင်လေ။ ငါတို့ မီးဖိုချောင်ပဲ သွားရှာကြစို့"

ကိုယ်တော်ကိုတောင် သူတို့မင်းသမီးက ပစ်ပေါက်လိုက်ပြီဆိုတော့ ရှောင်ကျွမ်းနဲ့ ရှောင်ဝေမှာလည်း ဘာမှ ခေါင်းစားစရာ မရှိတော့ပါဘူး။ ဟူကော်ကျောင်းတော်ရဲ့ အနောက်မြောက်ဘက်ဆီကို ယွီးရှောင်ရှောင်နောက်ကနေ လိုက်သွားကြလေရဲ့။

ဆရာတော်လေး ဖုန်းလင်ရဲ့ အိပ်ခန်းထဲမှာတော့ "စေ့စပ်ဆွေးနွေးရေး" လုပ်နေတဲ့ နှစ်ဖက်စလုံးက စကားနဲ့ပြောဆိုဆက်သွယ်တာကို လက်လျှော့လိုက်ကြပြီ။ မင်းဆရာ ချန်ကွမ်းက ကုရှင်းလန် ခြေထောက်ဒဏ်ရာ ပြင်းထန်မှန်း သိနေတော့ ကုရှင်းလန် ရှေ့ကနေ ဝင်ကာပေးထားတာပေါ့။ မင်းဆရာက ကုရှင်းလန်ကို ကာကွယ်ပေးဖို့ ရွေးချယ်လိုက်တာကို ရှန်ကျုံး မြင်သွားတော့ မျက်စိကို မှိတ်ထားလိုက်ရုံပဲ တတ်နိုင်တော့တယ်။ သူ ဧကရာဇ်လုပ်နေရတာ တကယ်ကို အဓိပ္ပာယ်မရှိပါလားလို့ ညည်းတွားရင်း ဒေါသထွက်နေတဲ့ ကိုယ်တော်တွေရဲ့ ပါးရိုက်တာ ခံရဖို့ကိုပဲ စောင့်နေလိုက်ရတော့တယ်။

"အရှင်မင်းကြီး"

"ရပ်လိုက်စမ်း"

ကုရှင်းလန်နဲ့ ဆရာတော်လေး ဖုန်းလင်တို့က ပြိုင်တူ အော်ဟစ်လိုက်ကြပါလေရော။

ရှန်ကျုံးက သူ့မျက်နှာဆီ တည့်တည့်တိုက်ခတ်လာတဲ့ လက်ဝါးအဟုန်ကို ခံစားလိုက်ရတာပေါ့။ ဒါပေမဲ့ ဧကရာဇ်မင်းမြတ်ကြီးကတော့ ခိုင်မာပြတ်သားစွာနဲ့ မတ်တတ်ရပ်နေပြီး နည်းနည်းလေးမှ မလှုပ်ရှားခဲ့ဘူး။ သူ့သမီးအတွက် ဒီပါးရိုက်ခံရတာကို သူ ကျေကျေနပ်နပ်ကြီး ခံယူလိုက်ပြီ။

အဲ့ဒီအချိန်မှာပဲ အိပ်ခန်းခေါင်မိုးပေါ်ကနေ အရာဝတ္ထုအကြီးကြီးတစ်ခု ပြုတ်ကျလာတဲ့ အသံကြီး ထွက်ပေါ်လာလေရဲ့။ "ဘုန်း" ဆိုတဲ့ အသံကြီး။

အားလုံးလည်း ကြက်သေသေသွားကြပြီး ခေါင်မိုးပေါ်ကို မော့ကြည့်လိုက်ကြတယ်။

ရှန်ကျုံးက ခေါင်းမော့ကြည့်ရင်း "လင်းလုံတစ်ယောက် အိမ်ဖျက်တော့မလို့လား" လို့ သူ့ဘာသာ တီးတိုးရေရွတ်လိုက်မိလေရဲ့။

ပေ့ယွမ်ရဲ့ ခန္ဓာကိုယ်ကြီးက ခေါင်မိုးကို ပေါက်ထွက်သွားစေပြီး အိပ်ခန်းကြမ်းပြင်ပေါ်ကို ပြုတ်ကျလာခဲ့တာကိုး။

ရှန်ကျုံးက ပေ့ယွမ်ကို လည်ပင်းလေးဆန့်ပြီး ကြည့်လိုက်တယ်။ ပြီးတော့ ရင်ဘတ်လေးကို ပုတ်လိုက်ရင်း... တော်သေးတာပေါ့၊ ဒီကိုယ်တော် အသက်ရှူနေသေးလို့ ဆိုပြီး တွေးလိုက်လေရဲ့။

"ပေ့ယွမ်" ဆရာတော်လေး ဖုန်းလင်က ခဏလောက် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ ဒေါသတကြီးနဲ့ "မင်း ဘယ်လိုဖြစ်လာတာလဲ" လို့ လှမ်းမေးလိုက်လေရဲ့။ တွေးကြည့်စရာတောင် မလိုပါဘူး၊ ဒါ သေချာပေါက် ယွီးလင်းလုံရဲ့ လက်ချက်ပဲ ဖြစ်ရမယ်လေ။

ပေ့ယွမ်ကတော့ မျက်နှာကြီး ဖြူဖပ်ဖြူရော်နဲ့ အုတ်ကျိုးအုတ်ပဲ့တွေ ပြန့်ကျဲနေတဲ့ ကြမ်းပြင်ပေါ်မှာ လူးလှိမ့်ရုန်းကန်နေရှာတယ်။ ပါးစပ်ကို ဟလိုက်ပေမဲ့ ဘာအသံမှ ထွက်မလာခဲ့ဘူး။

အားလုံး သေချာစိုက်ကြည့်လိုက်တော့မှ သံချောင်းသေးသေးလေး တစ်ချောင်းက ကိုယ်တော် ပေ့ယွမ်ရဲ့ လည်ချောင်းကို ဖောက်ထွင်းသွားတာ တွေ့လိုက်ရတယ်။ မြင်ရတာကိုက ရင်ထိတ်စရာကြီးပဲ။

ရှန်ကျုံးက မျက်တောင်လေး တဖျတ်ဖျတ်ခတ်လိုက်ပြီး ပြောချလိုက်တာပေါ့။ "ဆရာတော် ပေ့ယွမ်က လင်းလုံကို သွားကြည့်ပေးတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ခေါင်မိုးပေါ် ရောက်သွားရတာလဲ။ ဟားဟား... ကြည့်ရတာ ဆရာတော်က ကလေးဆန်တုန်းပဲ ထင်ပါရဲ့"

"ပါးစပ်ပိတ်ထားစမ်း" ဆရာတော်လေး ဖုန်းလင်ခမျာမှာတော့ ဒီအချိန်လေးမှာတင် ဆင်ခြင်တုံတရားတွေ အကုန်ပျက်စီးသွားပြီး ရှန်ကျုံးကို အော်ဟောက်လိုက်ပါလေရော။

"ဆရာတော်လေး" ရှန်ကျုံးခမျာ ဘာမှတောင် မတုံ့ပြန်ရသေးဘူး။ ဖုန်းလင်က ရှန်ကျုံးကို အော်ဟောက်အပြီးမှာတင် ကိုယ်တော်တွေအားလုံး ပြိုင်တူဆိုသလို အလန့်တကြား အော်လိုက်ကြတယ်။

ဆရာတော်လေး ဖုန်းလင်တစ်ယောက် ခုတင်ပေါ်ကို သွေးတွေ တစ်ပွက်ကြီး အန်ချလိုက်တာကိုး။

ကုရှင်းလန်ကတော့ ဆရာတော်လေး ဖုန်းလင်ကို အေးစက်စက် ကြည့်ပြီး ဝင်ပြောလိုက်လေရဲ့။

"ဆရာတော်လေး... စိတ်မလောပါနဲ့။ ဆရာတော် ပေ့ယွမ် အသက်မထွက်သေးပါဘူး။ ကြည့်ရတာ ဒီသံချောင်းက လေပြွန်ကို မထိသွားဘူး ထင်တယ်။ ဆရာတော်က ကံကောင်းပါတယ်လေ"

ရှန်ကျုံးကလည်း ဝင်ထောက်ခံလိုက်ပြန်ရော။

"ယုံရှန်းကျောင်းတော်က ဘုရားတွေ စောင်မလို့ထင်တာပါပဲ။ ဆရာတော် ပေ့ယွမ်... နောက်ဆို ဒီလောက် အဆော့မမက်နဲ့တော့နော်။ ခေါင်မိုးပေါ် တက်တာက တအားအန္တရာယ်များတယ်"

"မင်းကို ဘယ်သူ လုပ်လိုက်တာလဲ" ဆရာတော်လေး ဖုန်းလင်က နှုတ်ခမ်းထောင့်မှာ စွန်းနေတဲ့ သွေးတွေကိုမသုတ်နိုင်ဘဲ ပေ့ယွမ်ကို မေးလိုက်တာပေါ့။

စကားမပြောနိုင်ရင်တောင် ပေ့ယွမ်က စာရေးပြလို့ ရသေးတယ်လေ။ ဒါကြောင့် ကိုယ်တော်တစ်ပါးက စာရွက်နဲ့ စုတ်တံကိုယူပြီး ပေ့ယွမ်ရှေ့ကို လျှောက်သွားလိုက်တယ်။

ရှန်ကျုံးရယ်၊ ကုရှင်းလန်ရယ်၊ မင်းဆရာ ချန်ကွမ်းရယ် သုံးယောက်သား ပေ့ယွမ်ကို စိုက်ကြည့်နေကြလေရဲ့။ ရှန်ကျုံးဆိုရင် ဆုံးဖြတ်ချက်တောင် ချပြီးနေပြီ... ပေ့ယွမ်က သူ့သမီးနာမည်ကို ရေးပြရင်တောင် သက်သေမရှိသရွေ့ သူတို့က သေမတတ် ငြင်းပစ်လိုက်ဖို့ပဲ။

ဒါပေမဲ့ ပေ့ယွမ်ကတော့ ဆရာတော်လေး ဖုန်းလင်ကို ကြည့်ပြီး လည်ချောင်းထဲကနေ အား... အား ဆိုတဲ့ အသံအက်အက်လေးတွေပဲ ထွက်လာခဲ့တယ်။

စာရွက်နဲ့ စုတ်တံ ကိုင်ထားတဲ့ ကိုယ်တော်က ပေ့ယွမ်ရဲ့ လက်နှစ်ဖက်ကို အလောတကြီး ကြည့်လိုက်ပြီး မျက်နှာတွေပျက်ကုန်ကြတယ်။

"ဆရာတော်လေး... ပေ့ယွမ်ရဲ့ လက်နှစ်ဖက်လုံး ကျိုးနေပါတယ်"

အဲ့ဒီအချိန်လေးမှာပဲ ပေ့ယွမ်က သတိလစ်သွားတော့တယ်။ သံချောင်းသေးသေးလေးက သူ့လည်ချောင်းကို ဖောက်ဝင်သွားပြီး ဒဏ်ရာက သွေးတွေကို ပိတ်ဆို့ထားတဲ့အတွက် အားလုံးက ဒဏ်ရာကိုသာ မြင်ရပြီး သွေးတစ်စက်လေးမှကို မတွေ့ကြရဘူးလေ။

အမယ်လေး... ဘိုးဘေးဘီဘင်တို့ စောင်မလို့ပါပဲ။ ရှန်ကျုံးတစ်ယောက် ဒီတစ်ခါတော့ စိတ်အေးသွားရပြီ။ ဒီလူက စကားလည်း မပြောနိုင်၊ လက်လည်း မလှုပ်နိုင်တော့ဘူးဆိုမှတော့ ကိုယ့်ကံကိုယ်ပဲ အပြစ်တင်ပေတော့ပေါ့။

"တစ်ယောက်ယောက် လာစမ်း" လို့ ရှန်ကျုံးက အိပ်ခန်းအပြင်ဘက်ကို အော်ခေါ်လိုက်ပြီး "သမားတော်တွေ ဝင်လာခဲ့ကြ" လို့ အမိန့်ပေးလိုက်တယ်။ တစ်သက်လုံး သူ့သမီးနာမည်ကို ဒီကိုယ်တော် ထုတ်မဖော်နိုင်အောင် သူ လုပ်ပစ်ရမယ် မဟုတ်လား။

"ယွီးလင်းလုံ ဘယ်မှာလဲ" ဆရာတော်လေး ဖုန်းလင်က သွေးတွေ ဆက်တိုက် အန်ချလိုက်ပြီး ရှန်ကျုံးကို ဒေါသတကြီး စိုက်ကြည့်ရင်း မေးလိုက်လေရဲ့။

ရှန်ကျုံးက အခုမြင်နေရတဲ့ ဆရာတော်လေး ဖုန်းလင်ကို ကြည့်ပြီး ရင်ထဲကနေ မှတ်ချက်ချလိုက်မိတယ်။ ဘာတဲ့... လူ့လောကရဲ့ အညစ်အကြေးတွေနဲ့ ကင်းကွာနေတဲ့ နတ်သားလေးတဲ့။ ဒီဆရာတော်လေးကို အရူးအမူးဖြစ်နေကြတဲ့ အပြင်က မိန်းကလေးတွေ၊ သခင်မလေးတွေကို ဒီပုံစံကြီး လာကြည့်ခိုင်းသင့်တာ။ အခုချိန်မှာ မြင်နေရတဲ့ ယုံရှန်းကျောင်းတော်က ဆရာတော်လေးဆိုတာ မျက်လုံးတွေ နီရဲ၊ နှုတ်ခမ်းထောင့်မှာ သွေးတွေနဲ့ ဒေါသထွက်နေတဲ့ ရုပ်ဆိုးဆိုးကြီးပဲလေ။ ဒါက နတ်သားလေးတဲ့လား။ တကယ်တော့ မိန်းမလျာရုပ် ပေါက်နေတဲ့ မျက်နှာဖြူဖြူနဲ့ ကောင်လေးတစ်ယောက် သက်သက်ပါပဲလေလို့ တွေးလိုက်တာပေါ့။

...

All Chapters