အခန်း ၁၃၆
Vol. 14 Ch. 136
အပိုင်း (၁၃၆) ရှုမောဖွယ် ညီအစ်မနှစ်ဖော်
ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကိုခေါ်ပြီး မနေ့ညက မီးဖိုချောင်ကို လိုက်ရှာနေရင်း ညီအစ်ကိုနှစ်ယောက်ကို ရှင်းပြနေလေရဲ့။ "ငါက စိတ်ဝေဒနာရှင်မဟုတ်ဘူး၊ ဆေးသောက်စရာလည်း မလိုပါဘူး"
ရှောင်ကျွမ်းက ကမန်းကတန်းနဲ့ ဝင်ပြောတာပေါ့။ "မင်းသမီးက ဘယ်လိုလုပ် ရောဂါရှိနိုင်မှာလဲ။ ကျွန်တော်ကြည့်ရသလောက် ရောဂါရှိနေတာ ယုံရှန်းကျောင်းတော်က ကောင်တွေပဲဖြစ်ရမယ်"
"အင်း၊ ဟုတ်တယ်" ယွီးရှောင်ရှောင်က ယုံရှန်းကျောင်းတော်ကို အတင်းတုပ်ဖို့အတွက် စိတ်တူကိုယ်တူ အပေါင်းအပါရှာနေတာ ကြာပြီလေ။ ရှောင်ကျွမ်းစကားကို ကြားတော့ ချက်ချင်းပဲ ခေါင်းညိတ်ပြီး ဝင်ထောက်ခံတော့တာပေါ့။
"ငါကြည့်ရတာလည်း သူတို့က လူကောင်းတွေနဲ့ကို မတူပါဘူး"
ရှောင်ဝေက သူတို့နှစ်ယောက်သား ဟူကော်ကျောင်းတော်ထဲ လမ်းလျှောက်ရင်း ယုံရှန်းကျောင်းတော်ကို ဆဲဆိုနေတာမြင်တော့ စကားလမ်းကြောင်း အမြန်လွှဲလိုက်ရတယ်။
"မင်းသမီး ခုနက အရှေ့ကိုအသံပေးပြီး အနောက်ကိုလှည့်စားတဲ့ ဗျူဟာကိုတောင် သုံးတတ်သေးတယ်နော်"
အရှေ့ကိုအသံပေးပြီး အနောက်ကိုလှည့်စားတဲ့ စစ်ဗျူဟာမျိုးက ဇွန်ဘီတွေကို နှိမ်နင်းတဲ့အခါ စစ်တပ်ထဲမှာ ခဏခဏ သုံးလေ့ရှိတာပေါ့။ ဒါပေမဲ့ ယွီးရှောင်ရှောင် နားမလည်တာက ကိုယ်တော်တစ်ပါးကို အပြင်လွှင့်ပစ်လိုက်ရုံလေးတင်ပဲလေ။ ဘာလို့ အဲဒီလိုဗျူဟာတွေ သုံးနေစရာလိုလို့လဲ။
ဒီအချိန်မှာပဲ ရှောင်ကျွမ်းကလည်း သတိရသွားပြီး ယွီးရှောင်ရှောင်ကို ပြုံးရင်း လှမ်းပြောလေတယ်။
"ဟုတ်တယ် မင်းသမီးက မိန်းမဆိုပြီး အော်ပြောလိုက်တဲ့အချိန်မှာတင် အဲဒီကိုယ်တော်က တကယ်ကြီး လှည့်ကြည့်သွားတာပဲ"
ယွီးရှောင်ရှောင်က မျက်မှောင်ကြုတ်သွားပြီး အတည်ပေါက်နဲ့ ပြန်ပြောလိုက်လေတယ်။ "ခုနက ငါ တကယ် မိန်းမတစ်ယောက်ကို မြင်လိုက်လို့ပါဟ"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ ရင်ထဲက သံသယဆိုတာ ခုနက ပေ့ယွမ်လိုပဲလေ။ ဟူကော်ကျောင်းတော်ထဲမှာ ဘယ်လိုလုပ် မိန်းမရှိနေနိုင်မှာလဲ။
"မဖြစ်နိုင်တာ" ရှောင်ကျွမ်းက ဝင်ပြောလေတယ်။ "ဒီနေ့ ဟူကော်ကျောင်းတော်က တံခါးမှမဖွင့်တာ၊ ဘယ်လိုလုပ် မိန်းမရှိနေမှာလဲ"
ယွီးရှောင်ရှောင်က သူမ မြင်လိုက်တဲ့ အစိမ်းနုရောင် စကတ်စလေးကို ပြန်တွေးမိပြီး ပေါ့ပေါ့ပါးပါးပဲ ကောက်ချက်ချလိုက်လေရဲ့။ "ကျောင်းတော်ထဲက ကိုယ်တော်တစ်ပါးပါး အထီးကျန်နေလို့ နေမှာပေါ့။ ယောက်ျားမိန်းမ ကိစ္စဆိုတာ ဒီလိုပါပဲလေ"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ထပ်ကြည့်မိကြပြန်တယ်။ ဒီအကြောင်းအရာကို ဒီမှာပဲ ရပ်လိုက်ဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတော့တာပေါ့။ ဆက်ပြောနေရင် မင်းဆရာကြီးခမျာ ဒေါသထွက်ပြီး သေသွားနိုင်တယ်လေ။
ဟူကော်ကျောင်းတော်ရဲ့ အရှေ့တောင်ဘက်ထောင့်က တိတ်ဆိတ်တဲ့ ဧည့်ခန်းဆောင်တစ်ခုထဲမှာတော့ အစိမ်းနုရောင်ဆောင်းဦးဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက် အခန်းတံခါးကို တွန်းဖွင့်ပြီး ပြာပြာသလဲ ပြေးဝင်လာခဲ့တယ်။
အခန်းထဲမှာ ထိုင်နေတဲ့ မိန်းကလေးနဲ့ ရုပ်ချင်းတစ်ထပ်တည်းတူတဲ့ အခြားမိန်းကလေးတစ်ယောက်က ကမန်းကတန်း မတ်တတ်ရပ်လိုက်ပြီး "အစ်မ... ဘာဖြစ်လာတာလဲ" ဆိုပြီး လှမ်းမေးလိုက်တာပေါ့။
"ဘာ... ဘာမှမဖြစ်ပါဘူး" အစိမ်းရောင်ဝတ်စုံနဲ့ မိန်းကလေးက အမောတကော ပြန်ဖြေရှာတယ်။ ခုနလေးတင် မိန်းကလေးတစ်ယောက်က အရပ်မြင့်မြင့် တောင့်တောင့်တင်းတင်း ကိုယ်တော်တစ်ပါးကို ကောက်ပေါက်လွှင့်ပစ်လိုက်တာ သူမ မျက်စိရှေ့မှာတင် မြင်ခဲ့ရတာလေ။ အဲဒီမိန်းကလေးက လူရော ဟုတ်ရဲ့လား။ ဘီလူးသရဲမကြီးကျနေတာပဲ။
အဲဒီအချိန်မှာပဲ မီးခိုးရင့်ရောင်ပန်းပွင့်တွေပါတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့ အဘွားကြီးတစ်ယောက်က အပြင်ဘက်ကနေ ဝင်လာတယ်။ စကားပြောနေကြတဲ့ အမြွှာညီအစ်မနှစ်ယောက်ကို ကြည့်ပြီး မျက်နှာထားတင်းတင်းနဲ့ မေးလိုက်လေရဲ့။ "ဒုတိယသခင်မလေး ဘာဖြစ်လာတာလဲ"
အစိမ်းရောင်ဝတ်စုံနဲ့ မိန်းကလေးက ဒီအဘွားကြီးကို ကြောက်ပုံရတယ်။ ခန္ဓာကိုယ်လေးက နောက်ကို တွန့်ဆုတ်သွားခဲ့လေရဲ့။
အပြာနုရောင်ဝတ်စုံနဲ့ မိန်းကလေးက ကမန်းကတန်း ဝင်ပြောရှာတယ်။ "စွန်းမောမော... သမီးတို့ ညီအစ်မ နှစ်ယောက် အခန်းထဲမှာ ဆော့နေကြလို့ပါ"
"အားချိုး..." အစ်မဖြစ်သူက ညီမလေးကို ကျေးဇူးတင်တဲ့ အကြည့်မျိုးနဲ့ လှမ်းကြည့်လိုက်လေရဲ့။
ဒါပေမဲ့ စွန်းမောမောက ချက်ချင်းပဲ မျက်နှာကို ခပ်တည်တည်လုပ်လိုက်ပြီး အေးစက်စက် လေသံနဲ့ ပြောလာတာပေါ့။
"အားချိုး ဟုတ်လား။ ဒုတိယသခင်မလေး... အမတ်ချုပ်ကြီး ပြောထားတာတွေကို မေ့သွားပြီလား။ သခင်မလေးနာမည်က ကျောင်းရင်းယောင်၊ တတိယသခင်မလေးနာမည်က ကျောင်းရင်းချင်းလေ။ ဘာ အားချိုး၊ ဘာ တာ့တုန်းလဲ။ သခင်မလေးတို့ နှစ်ယောက်စလုံး အဲဒီနာမည်ဟောင်းတွေကို မေ့ပစ်လိုက်ကြတာ အားလုံးအတွက် အကောင်းဆုံးပါပဲ"
အမြွှာညီအစ်မ နှစ်ယောက်လည်း ခေါင်းညိတ်ပြလိုက်ပြီး ဘာသံမှမထွက်ရဲတော့ဘဲ ခေါင်းငုံ့နေလိုက်ကြတော့တယ်။
"အိမ်တော်က လူတွေရောက်နေပြီ၊ ပြန်ဖို့ပြင်ကြဆိုလို့ သခင်မလေးတို့ ကျွန်မနောက်ကသာ လိုက်ခဲ့ကြတော့" စွန်းမောမောက ဆက်ပြောလိုက်ပြန်တယ်။
"ဟုတ်ကဲ့ပါ" ညီအစ်မနှစ်ယောက်က စွန်းမောမောကို ပြန်ဖြေလိုက်ပြီး အပြင်ဘက်ကို ခြေလှမ်းပြင်လိုက်ကြလေရဲ့။
ညီအစ်မနှစ်ယောက် လမ်းလျှောက်နေတာကို ကြည့်ရင်း စွန်းမောမောက မျက်မှောင်ကြုတ်သွားပြန်တာပေါ့။ "ခြေလှမ်းကို သေးသေးလေး လှမ်းလေ။ အထက်တန်းလွှာက သခင်မလေးတွေဆိုတာ ကြာပန်းလေးတွေ ရွေ့လျားနေသလို ညင်ညင်သာသာ လျှောက်ရတာမျိုး"
ညီအစ်မနှစ်ယောက်လည်း ရပ်လိုက်မိပြီး စွန်းမောမော စကားကြောင့် မျက်နှာပူသွားကြပေမဲ့ ဘာမှတော့ ပြန်မပြောရဲရှာပါဘူး။ ခြေလှမ်းကို သေးသေးလေးတွေ ပြင်လှမ်းပြီး ရှေ့ကို ဆက်လျှောက်သွားကြလေရဲ့။
စွန်းမောမောကတော့ ခေါင်းယမ်းလိုက်တယ်။ သူက ကျောင်းအိမ်တော်ကနေ မွေးဖွားလာတဲ့ ကျွန်ဟောင်းဖြစ်သလို အိမ်တော်ထိန်း အဘွားကြီးလည်း ဟုတ်၊ ကျောင်းချိုးမင်ရဲ့ ယုံကြည်ရတဲ့ လူယုံလည်း ဖြစ်နေတာကိုး။ အိမ်တော်က သခင်မ နန်းတော်ထဲမှာ ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုတွေ ဆုံးရှုံးသွားတဲ့အခါ ဆွေမျိုးတွေဆီကနေ ဆက်သလာတဲ့ အခုလို သိပ်လှပတဲ့ အမြွှာညီအစ်မနှစ်ယောက်က အမတ်ချုပ်ကြီးကျောင်းရဲ့ မျက်စိကျစရာ ဖြစ်လာခဲ့တာပေါ့။ စွန်းမောမောကလည်း အမတ်ချုပ်ကြီးနဲ့ သခင်မကြီးတို့ရဲ့ အကြံအစည်တွေကို နားလည်ပါတယ်။ လက်ရှိ ဧကရာဇ်က အလှအပဆို သိပ်မက်တာလေ။ ကျောင်းမိသားစုရဲ့ ပန်းလေးနှစ်ပွင့်လို လှတဲ့ ညီအစ်မကို နန်းတော်ထဲပို့ပြီး အလုပ်အကျွေးပြုခိုင်းမလို့။ သခင်မ ဆုံးရှုံးသွားတဲ့ ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုတွေကို ဒီညီအစ်မနှစ်ယောက်သာ ပြန်ရလာမယ်ဆိုရင် ကျောင်းအိမ်တော်က ဖုန်းထျန်းပြည်ရဲ့ နံပါတ်တစ် အိမ်တော်အဖြစ် ဆက်ပြီး ရပ်တည်နိုင်ဦးမှာပေါ့။ ဒါ့အပြင် ဒီညီအစ်မတွေက နယ်ဘက်ကနေ ရောက်လာတဲ့ အမြစ်မရှိတဲ့ ဗေဒါပင်လေးတွေလို ဖြစ်နေတော့ တစ်သက်လုံး အရုပ်လေးတွေလို အသုံးချခံရဖို့ ကံပါလာပြီးသားပဲ။ အမတ်ချုပ်ကြီးနဲ့ သခင်မတို့က ဒီညီအစ်မနှစ်ယောက်ကို ထိန်းချုပ်ချင်တယ်ဆိုတာမျိုးက လက်တစ်ဖက် လှန်လိုက်သလိူ လွယ်ကူတဲ့ကိစ္စလေ။ ဒါပေမဲ့ တောနယ်က မိန်းကလေးနှစ်ယောက်ကို မျိုးရိုးမြင့် မိန်းကလေးတွေအဖြစ် ဟန်ဆောင်ပြီး နန်းတော်ထဲ ပို့လိုက်တယ်ဆိုတဲ့ ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှုကြီးသာ ပေါ်ပေါက်သွားမယ်ဆိုရင်တော့... စွန်းမောမော တစ်ကိုယ်လုံး ကြက်သီးတွေ ဖြန်းခနဲထသွားပြီး ဆက်တောင် မတွေးရဲတော့ဘူး။
အမြွှာညီအစ်မနှစ်ယောက် စွန်းမောမော နောက်ကနေလိုက်ပြီး ဧည့်ဆောင်ဝင်းထဲကနေ ထွက်လာတဲ့အခါ ကျောင်းချိုးမင်ဘေးက လူယုံ အိမ်တော်ထိန်းတစ်ယောက် ဆီးကြိုတာကို မြင်လိုက်ရတာပေါ့။
စွန်းမောမောက အဲဒီအိမ်တော်ထိန်းကို တိုးတိုးလေး ကပ်မေးလိုက်လေရဲ့။
"ဧကရာဇ်က ဟူကော်ကျောင်းတော်ကို လာမယ်ဆို။ ဒုတိယသခင်မလေးနဲ့ တတိယသခင်မလေးတို့ ဧကရာဇ်နဲ့ တိုက်ဆိုင်သလိုလေး ဆုံဖြစ်အောင် လုပ်မယ်ဆို။ မဟုတ်ဘူးလား"
အိမ်တော်ထိန်းက ခေါင်းလေးတွေငုံ့ပြီး လိမ္မာရေးခြားရှိရှိ ရပ်နေကြတဲ့ ညီအစ်မနှစ်ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လေသံနှိမ့်နှိမ့်နဲ့ ပြန်ဖြေတယ်။
"အမတ်ချုပ်ကြီး စိတ်ပြောင်းသွားပြီ။ လင်းလုံမင်းသမီးလည်း အဲဒီမှာရှိနေတာဆိုတော့ မင်းသမီးကြောင့် အစီအစဉ်တွေ ပျက်သွားမှာကို အမတ်ချုပ်ကြီးက စိုးရိမ်နေတာလေ"
စွန်းမောမောလည်း ခေါင်းညိတ်လိုက်ပြီး ညီအစ်မနှစ်ယောက်ဘက်ကို လှည့်ပြောလိုက်တာပေါ့။
"သခင်မလေးတို့... ကျွန်မနဲ့ အိမ်တော်ထိန်းကျောင်း နောက်ကနေလိုက်ပြီး အနောက်ဘက် ဘေးတံခါးကနေ ထွက်ကြတာပေါ့။ ချော်မလဲအောင် ခြေအောက်ကိုလည်း သေချာကြည့်ကြဦးနော်"
ညီအစ်မနှစ်ယောက်လည်း ခေါင်းညိတ်ပြရှာတယ်။
စွန်းမောမောနဲ့ အိမ်တော်ထိန်းကျောင်းတို့ နှစ်ယောက်က ညီအစ်မနှစ်ယောက်ကို စောင့်ရှောက်ပေးရင်း ဟူကော်ကျောင်းတော်ရဲ့ အနောက်ဘက်တံခါးဆီကို ထွက်လာခဲ့ကြတော့တာပေါ့။
အဲဒီအချိန်မှာ ယွီးရှောင်ရှောင်ကတော့ ရှောင်ကျွမ်း၊ ရှောင်ဝေတို့နဲ့အတူ တံတိုင်းပေါ်မှာ ထိုင်ချောင်းနေပြန်ပြီလေ။ ဟူကော်ကျောင်းတော်ထဲမှာ မီးဖိုချောင် တစ်ခုတည်းရှိတာ မဟုတ်ဘူးဆိုတာကို မင်းသမီးလေး အခုမှပဲ သတိထားမိတော့တယ်။ မျက်စိရှေ့မှာ တစ်တန်းတည်း တွေ့နေရတဲ့ ခြံဝင်းတွေက ငါးခုတောင်ရှိပြီး အဲဒီအထဲက အဆောက်အဦတွေကို မီးဖိုချောင်အဖြစ် အသုံးပြုကြတာ။ ရှေ့ကို နည်းနည်းထပ်ကြည့်လိုက်တော့ ဆေးဖော်တဲ့ မီးဖိုခန်း တစ်တန်းကိုပါ တွေ့လိုက်ရသေးတာပေါ့။ ဒါကြောင့် မနေ့ညက သူမရောက်ခဲ့တဲ့ မီးဖိုချောင်က ဘယ်နားမှာလဲဆိုတာကို ယွီးရှောင်ရှောင်တစ်ယောက် မမှတ်မိနိုင်တော့ဘူးပေါ့ကွယ်။
"ဟူကော်ကျောင်းတော်ကြီးက တကယ့်ကို အကျယ်ကြီးပဲနော်" ရှောင်ကျွမ်းက သက်ပြင်းချရင်း ရေရွတ်လိုက်လေရဲ့။
ယွီးရှောင်ရှောင်က ဝင်ပြောလိုက်တာပေါ့။
"တာအိုဆရာတွေမှ ဆေးဖော်လေ့ရှိတာ မဟုတ်ဘူးလား။ ကိုယ်တော်တွေကပါ ဘယ်လိုဖြစ်လို့ ဆေးတွေ ဖော်နေကြတာလဲ"
ရှောင်ကျွမ်းလည်း ကြောင်တောင်တောင်နဲ့ ပြန်ဖြေရှာတယ်။
"တောထွက်ရဟန်းတွေ အကုန်လုံး ဆေးဖော်ရတာကို ဝါသနာပါကြလို့ နေမှာပေါ့"
ယွီးရှောင်ရှောင်က ခေါင်းမော့ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့တယ်။
ရှောင်ဝေကလည်း သူမနောက်ကို လိုက်ပြီး မော့ကြည့်လိုက်တာပေါ့။ ကောင်းကင်ယံမှာ တိမ်မည်းတွေ အုံ့ဆိုင်းနေပြီး အချိန်မရွေး မိုးသည်းကြီးမည်းကြီး ရွာချတော့မဲ့ အနေအထားမျိုး ဖြစ်နေတာကိုး။
"မင်းသမီး... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ" လို့ ရှောင်ကျွမ်းက လှမ်းမေးလိုက်လေရဲ့။
"မိုးခြိမ်းတော့မယ်ထင်တယ်" ယွီးရှောင်ရှောင်က ပြောရင်းဆိုရင်းပဲ သူမတို့ခြေအောက်က ခြံဝင်းဘက်ကို လှမ်းပြီး အသားကုန်အော်တော့တယ်။ "မိုးရွာတော့မယ်... အဝတ်တွေ ရုပ်ကြဟေ့"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နှစ်ယောက်မှာတော့ ဆွံ့တွေကိုအလို့။
မီးဖိုချောင်နဲ့ ဆေးဖော်တဲ့ အခန်းတွေထဲက ကိုယ်တော်တွေခမျာ မိုးကောင်းကင်ကိုတောင် ထိုးခွဲသွားမတတ် ကျယ်လောင်လှတဲ့ မင်းသမီးလေးရဲ့ အော်သံကြီးကြောင့် လန့်ဖျပ်သွားပြီး အပြင်ကို တပြုံတမကြီး ပြေးထွက်လာကြလေရဲ့။
ကောင်းကင်ယံဆီကနေ ဝုန်းခနဲ မိုးခြိမ်းသံတွေ ထွက်ပေါ်လာပြီး တဝုန်းဝုန်း တဒိုင်းဒိုင်း အသံတွေနဲ့အတူ လျှပ်စီးကြောင်းအချို့ကလည်း ကောင်းကင်ပြင်ကို လက်ခနဲ ဖြစ်သွားစေတာပေါ့။
ရှောင်ကျွမ်းက အလန့်တကြား အော်ပြောလိုက်လေတယ်။ "ဘုရားရေ... မင်းသမီး တကယ်ကြီး မိုးခြိမ်းနေပြီဗျ"
ယွီးရှောင်ရှောင်က သူမရှေ့မှာ တံတိုင်းတွေ ဆက်တိုက်ကာရံထားတဲ့ ခြံဝင်းတွေကို ငေးကြည့်လိုက်မိတယ်။ အားလုံးက ပုံစံတူချည်းပဲဆိုတော့ မနေ့က မီးဖိုချောင်ကို ဘယ်လိုလုပ်ပြီး သွားရှာရတော့မှာလဲ။
အကုန်လုံးကို မိုးကြိုးနဲ့ ပစ်ချလိုက်တာပဲ အကောင်းဆုံးပေါ့။ အချိန်ကုန် လူပန်း သက်သာတာပေါ့လေ။ မင်းသမီးလေး ဒီလိုလည်း တွေးလိုက်ရော မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပဲ မိုးကြိုးတွေက ကောင်းကင်ယံကနေ တဒိုင်းဒိုင်း ကျဆင်းလာပြီး ဟူကော်ကျောင်းတော်ရဲ့ မီးဖိုချောင်တွေနဲ့ ဆေးဖော်တဲ့ နေရာတွေ အားလုံးကို အကုန်လုံး ပစ်ချေလိုက်တော့တာပါပဲ။
ဒီလို ကပ်ဘေးကြီး မကျရောက်လာခင်လေးတင် ကိုယ်တော်အိုကြီး ဝမ်ရှန်းက ဆေးဖိုထဲကနေ အဆိပ်ဖြေဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်သွားခဲ့တာလေ။ ဒီတစ်ခေါက် သူ ယူဆောင်လာတဲ့ ဆေးဘက်ဝင်ပစ္စည်းတွေက သိပ်မများလှဘူးလေ။ အခုလို အဆိပ်ဖြေဆေးလုံး နှစ်လုံး ဖော်စပ်ပြီးသွားတဲ့အခါမှာတော့ ကိုယ်တော်အိုကြီးဆီမှာ ပါလာသမျှ ဆေးပစ္စည်းတွေ အကုန်လုံး ပြောင်သလင်းခါသွားတော့တယ်။
အဆိပ်ဖြေဆေးလေးကို လက်ထဲမှာ သတိတကြီး ဆုပ်ကိုင်ထားရင်း ကိုယ်တော်အိုကြီး ဝမ်ရှန်းက ကိုယ်တော် ပေ့ဝမ်ကို လှမ်းပြောလိုက်တယ်။
"ဆရာတော်လေးဆီကို သွားကြစို့။ အဆိပ်ဖြေဆေး နှစ်လုံးပဲ ရှိတော့တာဆိုတော့ ဆရာတော်လေးဆီမှာ နောက်ထပ် ဘာပြဿနာမှ ထပ်ဖြစ်လို့ မရတော့ဘူးနော်"
ကိုယ်တော် ပေ့ဝမ်ကတော့ နှာခေါင်းရှုံ့ရင်း လှောင်ပြောင်လိုက်လေရဲ့။ "အဆိပ်ခတ်တဲ့ကောင်က နောက်တစ်ခါများ ထပ်ပြီး အဆိပ်ခတ်ရဲသေးလို့လား"
ကိုယ်တော်အိုကြီး ဝမ်ရှန်းခမျာ လူဆိုတာ အမြဲ သတိထားကာကွယ်နေမှ ဖြစ်မယ်ဆိုတဲ့အကြောင်းကို ဆုံးမဖို့ ဟန်ပြင်လိုက်တုန်းမှာပဲ ပြင်းထန်လှတဲ့ မိုးခြိမ်းသံကြီးကို ကြားလိုက်ရတော့တယ်။ အဲဒီနောက်မှာတော့ ကိုယ်တော်အိုကြီး ဝမ်ရှန်းနဲ့ ကိုယ်တော် ပေ့ဝမ်တို့ နှစ်ယောက်လုံးရဲ့ မျက်စိရှေ့မှာ အမှောင်အတိ ကျသွားပြီး ဆေးဖော်တဲ့ အခန်းကြီး ပြိုကျလာတော့တာပဲ။
မိုးကြိုးတွေ၊ လျှပ်စီးတွေကြားမှာ အဆောက်အဦတွေနဲ့ ခြံဝင်းတွေ အကုန်လုံး တစ်စစီ ပျက်စီးပြာကျသွားပြီး မြေကြီးကပါ တသိမ့်သိမ့် တုန်ခါသွားခဲ့လေရဲ့။
ဟူကော်ကျောင်းတော်ရဲ့ အနောက်ဘက် ဘေးတံခါးဆီက ခြံတံတိုင်းတစ်ခုဟာလည်း မြေကြီးရဲ့ ပြင်းထန်တဲ့ တုန်ခါမှုကြောင့် နံရံပေါ်က အက်ကွဲကြောင်းတွေ ဟက်တက်ကွဲထွက်သွားပြီး ချက်ချင်းဆိုသလို ဝုန်းခနဲ ပြိုကျလာတော့တယ်။ အဲဒီအချိန် တံတိုင်းအောက်ကနေ ဖြတ်လျှောက်သွားနေတဲ့ လူလေးယောက်စလုံး တစ်ယောက်မှ မလွတ်ဘဲ နံရံအောက်ကို အကုန် ပိမိသွားကြတော့တာပဲ။
...