← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

အပိုင်း (၁၃၇) မျက်စိနဲ့မမြင်ရတဲ့ လောကမှာ နတ်ဒေဝါတွေ ရှိနေတယ်

သဘာဝတရားကြီးရဲ့ စွမ်းအားက လူသားတွေကို အမြဲတမ်း ကြောက်ရွံ့တုန်လှုပ်စေသလို ကြည်ညိုလေးစားစိတ်တွေလည်း ဖြစ်ပေါ်စေတာကြောင့် နတ်ဘုရားတွေလို သဘောထားပြီး ရှိခိုးပူဇော်စေတာပေါ့။ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ညီအစ်ကိုနှစ်ယောက်ခမျာ ကျယ်ဝန်းတဲ့ ခြံဝင်းကြီးနဲ့ အစီအရီ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေအကုန် မိုးကြိုးတွေ၊ လျှပ်စီးတွေကြားမှာ ပြာအဖြစ် ပြောင်းလဲသွားတာကို ကြောင်တောင်တောင်လေး ရပ်ကြည့်နေမိကြတယ်။ မိုးသည်းကြီးမည်းကြီး ရွာချလာတဲ့ အချိန်ကျမှပဲ ဆောင်းဦးရာသီရဲ့ အေးစက်စက် မိုးရေတွေကြားမှာ သူတို့နှစ်ယောက်လုံး သတိပြန်ဝင်လာကြတော့တာပေါ့။

ရှောင်ကျွမ်းဆို တံတိုင်းပေါ်ကနေ ပြုတ်ကျသွားပြီး မြေကြီးပေါ်မှာ ဒူးထောက်ရင်း နဖူးနဲ့ မြေကြီးကိုထိပြီး မထတမ်း ရှိခိုးနေတော့တယ်။

ရှောင်ဝေကတော့ ယွီးရှောင်ရှောင်ကို သတိရနေသေးတာမို့ တံတိုင်းပေါ်ကနေ ခုန်ဆင်းပြီး ကောင်းကင်ကို ရှိခိုးတာမျိုး မလုပ်သေးပေမဲ့ သူ့ခန္ဓာကိုယ်ကြီးကလည်း မိုးရေထဲမှာ တဆက်ဆက် တုန်ယင်နေရှာတယ်။

ယွီးရှောင်ရှောင်ကတော့ သူမရှေ့က အပျက်အစီးပုံကြီးကို မျက်နှာသေကြီးနဲ့ ကြည့်ရင်း ရှောင်ဝေကို လှမ်းပြောလိုက်လေရဲ့။

"ဘယ်သူမှတော့ ပိမိမယ်မထင်ပါဘူး။ ဒါပေမဲ့လည်း စိတ်ချရအောင် ရှောင်ဝေ... နင် လူတွေခေါ်ပြီး အပျက်အစီးတွေကြားထဲ သွားရှာကြည့်လိုက်ပါဦး"

ရှောင်ဝေခမျာ နှုတ်ခမ်းတွေ တုန်ယင်နေဆဲမို့ စကားတစ်ခွန်းမှတောင် ထွက်မလာနိုင်သေးဘူးလေ။

ယွီးရှောင်ရှောင်က ရှောင်ဝေကို အံ့ဩသလို လှည့်ကြည့်လိုက်ပြီး ပခုံးကို လှမ်းပုတ်ရင်း မေးလိုက်တာပေါ့။ "ရှောင်ဝေ"

ရှောင်ဝေက အထစ်ထစ်အငေါ့ငေါ့နဲ့ မေးရှာတယ်။ "မင်း... မင်းသမီး... ဒါက မိုးကြိုးနတ်မင်းကြီး တန်ခိုးပြတာလားဟင်"

ယွီးရှောင်ရှောင်က ခေါင်းလေးကုတ်ရင်း ဖြေလေတယ်။

"မသိဘူးလေ၊ ဘာပဲဖြစ်ဖြစ် မောမော ပြောဖူးတာကတော့ ငါ့အမေဆီမှာ ဒီလိုစွမ်းရည်မျိုး ရှိတယ်တဲ့။ မိုးကြိုးနတ်မင်းတို့ ဘာတို့ဆိုတာကတော့ ငါနဲ့မှ မရင်းနှီးတာ"

ရှောင်ဝေခမျာ အစကတော့ မမြင်ရတဲ့ နတ်ဘုရားတွေအပေါ် အရမ်းကို ကြည်ညိုကြောက်ရွံ့နေခဲ့တာ။ ဒါပေမဲ့ သူ့မင်းသမီးလေးရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာတော့ လုံးဝကို ဆွံ့အသွားပြီး အူကြောင်ကြောင်သွားတော့တယ်။ နောက်ဆုံးတော့ မအောင့်နိုင်တော့ဘဲ ယွီးရှောင်ရှောင်ကို လှမ်းမေးလိုက်ရတော့တာပေါ့။

"မင်းသမီးရယ်... ကောင်းကင်အပြည့် ရှိနေတဲ့ နတ်ဘုရားတွေ၊ ဘုရားတွေထဲမှာ မင်းသမီးက ဘယ်သူနဲ့များ ရင်းနှီးလို့တုံး"

"အင်း..." ယွီးရှောင်ရှောင်က အတည်ပေါက်လေသံကြီးနဲ့ ပြန်ဖြေလိုက်လေရဲ့။ "ငါ ဘယ်သူနဲ့မှ မရင်းနှီးဘူး"

ရှောင်ဝေလည်း မြေကြီးပေါ်မှာ ဒူးထောက်နေတဲ့ ရှောင်ကျွမ်းရယ်၊ အပျက်အစီးပုံတွေနားမှာ ကောင်းကင်ကို ရှိခိုးကန်တော့နေကြတဲ့ ကိုယ်တော်တွေရယ်ကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိတယ်။ ပြီးတော့ ယွီးရှောင်ရှောင်ကို လှည့်ပြောလိုက်တာပေါ့။

"ကျွန်တော်လည်း မရင်းနှီးပါဘူး။ မင်းသမီး... ကျွန်တော် လူတွေခေါ်ပြီး ဒဏ်ရာရတဲ့သူ ရှိမရှိ သွားကြည့်လိုက်ပါဦးမယ်"

ယွီးရှောင်ရှောင်ကလည်း ပြန်ပြောလိုက်တယ်။

"သွားလေ၊ ငါလည်း ငါ့အဖေဆီ သွားကြည့်လိုက်ဦးမယ်"

ရှောင်ဝေ တံတိုင်းပေါ်ကနေ အောက်ကိုတောင် မခုန်ဆင်းရသေးဘူး၊ မျက်စိရှေ့မှာတင် ဖျတ်ခနဲဖြစ်သွားပြီး မလှမ်းမကမ်းက တံတိုင်းတစ်ခုပေါ်ကို သူ့မင်းသမီးလေး ခုန်တက်သွားတာများ တောအုပ်ထဲကို ပြေးဝင်သွားတဲ့ ငှက်တစ်ကောင်လို မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်ကွယ်သွားတော့တာပါပဲ။

ရှောင်ကျွမ်းကတော့ ယွီးရှောင်ရှောင် ထွက်သွားမှန်းမသိဘဲ မြေကြီးပေါ်မှာ ဒူးထောက်ရင်း ပါးစပ်ကနေ တတွတ်တွတ် ရွတ်ဆိုနေတုန်းပဲလေ။

"မိုးကြိုးနတ်မင်းကြီးတို့... ဒေါသလျှော့တော်မူကြပါ။ ကျွန်တော်မျိုးတို့ သာမန်လူသားတွေက တမင်စော်ကားမိတာ မဟုတ်ရပါဘူးဗျာ"

ရှောင်ဝေက တံတိုင်းပေါ်ကနေ ရှောင်ကျွမ်းရဲ့ နောက်ကျောဘက်ကို တိုက်ရိုက်ခုန်ချလိုက်ပြီး ခြေထောက်ကို မြှောက်ရင်း ရှောင်ကျွမ်းရဲ့ ဖင်ကို ကန်ချလိုက်တော့တယ်။ ရှောင်ကျွမ်းခမျာ တစ်ပတ်လည်ပြီး လိမ့်ကျသွားတော့တာပေါ့။

အဲဒီအချိန်အထိ ရှောင်ကျွမ်းရဲ့ မျက်လုံးတွေက ကြောင်တောင်တောင် ဖြစ်နေတုန်းပဲလေ။ မြေကြီးပေါ် လဲကျသွားပေမဲ့ ရှောင်ဝေဆီကနေ အကန်ခံရတဲ့အတွက် လက်စားချေဖို့တောင် ခေါင်းထဲမရောက်နိုင်ရှာဘူး။ လူသူကင်းမဲ့နေတဲ့ တံတိုင်းပေါ်ကို မော့ကြည့်ရင်း "မင်းသမီးရော" လို့ လှမ်းမေးလိုက်ရှာတယ်။

ရှောင်ဝေက "ထတော့၊ မင်းသမီးက မင်းကြီးဆီ သွားကြည့်နေပြီ၊ ငါတို့လည်း ဒဏ်ရာရတဲ့သူ ရှိမရှိ သွားကြည့်ရအောင်" လို့ ပြောလိုက်တော့တယ်။

ရှောင်ကျွမ်းက မြေကြီးပေါ်ကနေ ကုန်းရုန်းထပြီး သူ့ရှေ့က အပျက်အစီးပုံကြီးကို လက်ညှိုးထိုးရင်း ရှောင်ဝေကို မေးလိုက်လေတယ်။ "ဒါ... ဒါ ဘာတွေဖြစ်သွားတာလဲ"

ရှောင်ဝေက ခပ်အေးအေးပဲ ပြန်ဖြေလိုက်တာပေါ့။ "ဪ မိုးကြိုးနည်းနည်းပါးပါး ပစ်ချသွားတာလေ"

ရှောင်ကျွမ်းကတော့ ကြောင်တောင်တောင် ဖြစ်နေတုန်းပဲ။ အဲဒီနောက်မှာတော့ ရှောင်ဝေကို ရုတ်တရက် ဒေါသတကြီးနဲ့ အော်ပြောလိုက်တော့တယ်။ "မင်းအမေကြီးကို မိုးကြိုးနည်းနည်းပါးပါး ပစ်ချသွားတာလား"

ရှောင်ဝေက မျက်နှာပေါ် ကျနေတဲ့ မိုးရေတွေကို လက်နဲ့တစ်ချက် သပ်ချလိုက်ပြီး လေသံတိုးတိုးနဲ့ ပြန်ပြောတယ်။

"မိုးရွာတာ၊ မိုးခြိမ်းတာက ငါတို့ တတ်နိုင်တဲ့ ကိစ္စမို့လို့လား။ ဘာပဲဖြစ်ဖြစ် ဒီကဟာတွေ အကုန်ပျက်စီးသွားတော့ မင်းသမီးအတွက်လည်း ပြဿနာမရှိတော့ဘူးလေ။ ကျန်တာကို ငါတို့က ဘာသွားဂရုစိုက်နေစရာ လိုသေးလို့တုံး"

အယ်... ရှောင်ကျွမ်း စဉ်းစားကြည့်လိုက်တော့လည်း ဟုတ်နေတာပဲ။ သက်သေဖျောက်ဖို့ နေရာဘယ်လိုရှာရမလဲဆိုပြီး ခေါင်းခဲနေတုန်း မိုးကြိုးတွေ ပစ်ချလိုက်တော့ သူတို့ နေရာလိုက်ရှာစရာလည်း မလိုတော့ဘူး။ သက်သေဆိုတာလည်း လုံးဝ ကျန်မှာမဟုတ်တော့ဘူးလေ။ ဒါ မျက်မြင်မရတဲ့ လောကကြီးထဲက နတ်ဒေဝါတွေကိုယ်တိုင် သူတို့မင်းသမီးလေးကို စောင့်ရှောက်လိုက်တာများလား။

"ကဲပါ" ရှောင်ဝေက "ငါနဲ့ ရှေ့ကို သွားကြည့်ရအောင်" လို့ ပြောလိုက်လေတယ်။

ယွီးရှောင်ရှောင်ကတော့ ဆရာတော်လေးဖုန်းလင်ရဲ့ အိပ်ဆောင်ဆီကို ပြေးသွားတာပေါ့။ လမ်းတစ်ဝက်လည်းရောက်ရော သူမရဲ့ အဖေ ဘုရင်အစုတ်အပဲ့က သက်တော်စောင့်တစ်သိုက်ကို ခေါ်ပြီး ကျောင်းတော်ရဲ့ အနောက်မြောက်ဘက်ကို ပြေးသွားနေတာ လှမ်းမြင်လိုက်ရတယ်။

"ခမည်းတော်" ယွီးရှောင်ရှောင်က တံတိုင်းပေါ်ကနေ ခုန်ချလိုက်ပြီး ရှန်ကျုံးဧကရာဇ်ရဲ့ ရှေ့တည့်တည့်မှာ တည်တည်ငြိမ်ငြိမ်လေး ရပ်လိုက်လေရဲ့။

မင်းသမီးလေး ရပ်လိုက်တာနဲ့ တစ်ပြိုင်တည်း သက်တော်စောင့်တစ်ယောက်က ယွီးရှောင်ရှောင်နောက်မှာ ထီးလာမိုးပေးပြီး မိုးရေတွေ ကွယ်ပေးထားလိုက်တာပေါ့။

ယွီးရှောင်ရှောင်က အဲဒီသက်တော်စောင့်လေးကို လှည့်ကြည့်ပြီး ကျေးဇူးတင်စကား ဆိုလိုက်တယ်။ ပြီးတော့ သက်တော်စောင့်လေး ထီးကိုင်ထားတဲ့ လက်ကို လှမ်းဆွဲပြီး နေရာလေး နည်းနည်း ပြင်ပေးလိုက်ရင်း ပြောလိုက်လေရဲ့။ "ဒီလိုဆိုရင် ငါတို့နှစ်ယောက်စလုံး မိုးမစိုတော့ဘူးပေါ့"

သက်တော်စောင့်လေးက ရှန်ကျုံးဧကရာဇ်အနားမှာ ခစားလာတာ နှစ်နှစ်လောက်ရှိနေပြီဆိုပေမဲ့ ဘယ်တော်ဝင်မိသားစုဝင် သခင်တစ်ယောက်ကမှ သူ့ကို ဒီလို ယဉ်ယဉ်ကျေးကျေးနဲ့ ဂရုတစိုက် မဆက်ဆံခဲ့ဖူးဘူးလေ။ အဲဒီတော့ ချက်ချင်းပဲ မျက်နှာလေး နီရဲသွားပြီး ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။

ရှန်ကျုံးဧကရာဇ်က သမီးဖြစ်သူ ဘာမှမဖြစ်တာကို မြင်လိုက်ရတော့မှပဲ သက်ပြင်းချပြီး စိတ်အေးသွားတာပေါ့။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ သမီးတော်က သူ့မျက်စိရှေ့တင် လူပျိုပေါက်လေးကို ကြူနေတာ မြင်လိုက်ရတော့ ချက်ချင်းပဲ ဒေါသထောင်းခနဲ ထွက်သွားပြန်တယ်။ "ယွီးလင်းလုံ” ဆိုပြီး ယွီးရှောင်ရှောင်ကို အော်ခေါ်လိုက်တော့တယ်။

ယွီးရှောင်ရှောင်က ပြန်ထူးရှာတယ်။ "ရှိပါတယ်၊ ဘာကိစ္စရှိလို့လဲ"

ရှန်ကျုံးဧကရာဇ်က ရုပ်ချောချော သက်တော်စောင့်လေးကို မျက်စောင်းတစ်ချက် ထိုးလိုက်တယ်။ ပြီးတော့ မျက်နှာထားတင်းတင်းနဲ့ နောက်ကိုလှည့်ပြီး သူ့သက်တော်စောင့်တွေထဲကို တစ်ချက် ဝေ့ကြည့်လိုက်သေးတယ်။ အဲဒီနောက်မှာတော့ ကုရှင်းလန်တို့၊ အခုနက သက်တော်စောင့်လေးတို့လို ရုပ်ရည်သန့်ပြန့်ပြီး ကြည့်ကောင်းတဲ့ လူငယ်လေးတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူကောင်ထွားထွား၊ ရုပ်ကြမ်းကြမ်းနဲ့ သက်တော်စောင့်တစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်တော့တယ်။ "အားစန်း... မင်းသွားပြီး မင်းသမီးကို ထီးမိုးပေးလိုက်"

အားစန်းလို့ခေါ်တဲ့ လူကောင်ထွားထွား သက်တော်စောင့်ကြီးကတော့ ဘာမှန်းညာမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေတာပေါ့။ ဒါပေမဲ့ ဧကရာဇ်ရဲ့ အမိန့်ကို ဘယ်သူကများ မနာခံဘဲ နေရဲမှာလဲ။ အားစန်းလည်း ကမန်းကတန်း ပြေးသွားပြီး သက်တော်စောင့်လေး လက်ထဲက ထီးကို လှမ်းယူလိုက်လေရဲ့။

ယွီးရှောင်ရှောင်က ခေါင်းမော့ပြီး အားစန်းကို ကြည့်လိုက်ပြန်တယ်။

ရှန်ကျုံးဧကရာဇ်က လှမ်းပြောလိုက်တာပေါ့။ "သမီးတော်... ခမည်းတော်ကို အရင် ကြည့်လို့မရဘူးလား"

ယွီးရှောင်ရှောင်က ရှန်ကျုံးဧကရာဇ်ဘက်ကို လှည့်ကြည့်လိုက်တယ်။ သူမရဲ့ ရူးပေါပေါ ဘုရင်အဖေက အခုအချိန်မှာ ပိုးသားဝတ်ရုံစွန်းတွေ နည်းနည်း စိုနေပြီး ဖိနပ်ပေါ်မှာလည်း ရွှံ့ရည်တွေ ပေကျံနေတာပေါ့။ ဒါပေမဲ့ ကြည့်ရတာ အရိုက်ခံထားရတဲ့ ပုံစံမျိုးတော့ မပေါက်ပါဘူး။

ရှန်ကျုံးဧကရာဇ်က "ကိစ္စတွေ ဘယ်လိုဖြစ်သွားပြီလဲ" လို့ မေးလိုက်လေတယ်။ ဒီစကားကို မေးပြီးတာနဲ့ သူနဲ့အတူ ပြေးလိုက်လာတဲ့ ယုံရှန်းကျောင်းတော်က ကိုယ်တော်တွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ စကားကို ကမန်းကတန်း ပြင်ပြောလိုက်လေရဲ့။

"ခမည်းတော် ဆိုလိုတာက သမီးတော် ဆေးသောက်ပြီးပြီလားလို့ မေးတာပါ"

ယွီးရှောင်ရှောင်ကလည်း ဆရာတော်လေးဖုန်းလင် ဘေးနားက ကိုယ်တော်ကို တစ်ချက်ကြည့်လိုက်ပြီး ရှန်ကျုံးဧကရာဇ်ကို ပြန်ပြောလိုက်တယ်။ "သောက်ပြီးပြီလေ၊ ခမည်းတော်ကရော ဘယ်လိုဖြစ်လို့ အရိုက်မခံရတာလဲ"

အစောင့်အရှောက်လိုက်ပါလာတဲ့ နန်းတွင်းသက်တော်စောင့်တွေ အကုန်လုံးကတော့ မကြားဝံ့မနာသာ ကိစ္စကြီးတစ်ခုကို ကြားလိုက်ရပြီလို့ တွေးလိုက်မိကြတာပေါ့။ မင်းသမီးလေး ဘာဆေးသောက်ရသလဲဆိုတာကို သူတို့ မမေးချင်သေးပါဘူး။ ဘယ်သူကများ ဧကရာဇ်မင်းမြတ်ကို ရိုက်ရဲမှာတဲ့လဲ။

ရှန်ကျုံးဧကရာဇ်က လက်လှမ်းပြီး ယွီးရှောင်ရှောင်ကို သူ့အနား ဆွဲခေါ်လိုက်တယ်။ ပြီးမှ လေသံတိုးတိုးနဲ့ ပြောလိုက်တော့တယ်။

"နည်းနည်းပါးပါး နားလည်မှုရှိပေးလို့ မရဘူးလား။ ဒီကိစ္စက လူပုံအလယ်မှာ ပြောလို့ကောင်းတဲ့ ကိစ္စမို့လို့လား"

ယွီးရှောင်ရှောင်ကလည်း လေသံတိုးတိုးလေးနဲ့ ပြန်ပြောလိုက်လေရဲ့။ "ခမည်းတော် တစ်ခါလောက် အရိုက်ခံလိုက်ရင် သမီးတို့နဲ့ ဝမ်ဖုန်းလင်တို့ ကျေသွားပြီဆို"

ရှန်ကျုံးဧကရာဇ်ခမျာ ရင်ထဲမှာ ဆို့နင့်သွားတော့တာပဲ။ ဒီသမီးက သူ အရိုက်ခံရဖို့ ဒီလောက်တောင် မျှော်လင့်နေရသလားပေါ့။

"ရှောင်ကုရော" လို့ ယွီးရှောင်ရှောင်က ထပ်မေးလိုက်ပြန်တယ်။

ဒါကြောင့်လည်း သမီးမိန်းကလေး မွေးထားတာ ဘာအသုံးကျလို့လဲလို့ ပြောကြတာပေါ့။ လင်ရသွားတာနဲ့ အဖေကို မေ့သွားပြီလေ။ ရှန်ကျုံးဧကရာဇ်က ပါးစပ်ကို ရွဲ့လိုက်ရင်း ပြန်ပြောလိုက်တယ်။

"ကိုယ်တော်က ကုဆိုတဲ့ ကောင်လေးကို ပစ်ထားခဲ့ရက်ပါ့မလား။ စိတ်ချပါ၊ သူ မင်းဆရာကြီးနဲ့ အတူရှိပါတယ်။ သူ့ခြေထောက်ကြီးနဲ့ မိုးရေထဲ လာလို့ဖြစ်ပါ့မလား"

"ဪ" ယွီးရှောင်ရှောင်က ပြန်ပြောလိုက်တာပေါ့။ "ဒါဆိုလည်း သမီး စိတ်ချလိုက်တော့မယ်"

ဟုတ်တယ်လေ၊ ညည်းက ညည်းလင်ကိုပဲ စိတ်ချနေတာ။ ဒီက ဖအေ အတွက်ရောစဉ်းစားပေးဖူးရဲ့လား။ ရှန်ကျုံးဧကရာဇ်က ယွီးရှောင်ရှောင်ကို မျက်စောင်းထိုးကြည့်ရင်း ပြောမပြတတ်လောက်အောင်ကို ဝမ်းနည်းပက်လက် ဖြစ်နေရှာတယ်။

"ဧကရာဇ်မင်းမြတ်" ရှန်ကျုံးဧကရာဇ်ရဲ့ ဘယ်ဘက်မှာ ရပ်နေတဲ့ နန်းတွင်းသက်တော်စောင့်တပ်မှူးက သူ့ဧကရာဇ်ကြီးနဲ့ မင်းသမီးတို့ စကားပြောနေတာ ပြီးတော့မှာမဟုတ်ဘူးဆိုတာကို မြင်တော့ ကမန်းကတန်း တိုးတိုးလေး လှမ်းခေါ်လိုက်တယ်။ ပြီးတော့ အတော်လေး စိတ်မရှည်တော့တဲ့ မျက်နှာထားတွေနဲ့ ယုံရှန်းကျောင်းတော်က ကိုယ်တော်တွေကို ကြည့်ဖို့ ရှန်ကျုံးဧကရာဇ်ကို အချက်ပြလိုက်လေရဲ့။

အဲဒီတော့မှပဲ ရှန်ကျုံးဧကရာဇ်က ယွီးရှောင်ရှောင်ကို လှမ်းမေးလိုက်လေတယ်။ "ခုနက မိုးခြိမ်းတာ ဘာဖြစ်တာလဲ"

"မိုးရွာတော့ မိုးခြိမ်းတာပေါ့" လို့ ယွီးရှောင်ရှောင်က ပြန်ဖြေလိုက်တယ်။

"ဒါဆို ကိုယ်တော်က ဘာလို့ ငလျင်လှုပ်သလို ခံစားလိုက်ရတာလဲ" ရှန်ကျုံးဧကရာဇ်က ပြန်မေးတာပေါ့။ မြေကြီးတွေ တုန်ခါသွားတုန်းကဆို ရှန်ကျုံးဧကရာဇ်ခမျာ လမ်းမလျှောက်နိုင်တဲ့ ကုရှင်းလန်ကို ထမ်းပြီး အိမ်အပြင်ကို ပြေးထွက်ဖို့ နည်းနည်းလေးပဲ လိုတော့တာလေ။

ယွီးရှောင်ရှောင်က အသံနေအသံထား ခပ်တည်တည်နဲ့ပဲ ပြန်ဖြေလိုက်လေရဲ့။ "မိုးခြိမ်းသံ နည်းနည်းကျယ်သွားလို့ပါ။ တကယ်တော့လည်း ဘာမှမဖြစ်ပါဘူး၊ အိမ်တချို့ ပြိုကျသွားရုံလေးပါပဲ"

ရှန်ကျုံးဧကရာဇ်က ပါးစပ်ကြီး အဟောင်းသားနဲ့ အတော်လေး အံ့ဩသွားရှာတယ်။

"ဘာပြောလိုက်တယ်၊ မိုးကြိုးပစ်လို့ အိမ်တွေ ပြိုကျသွားတယ် ဟုတ်လား" ဒီတစ်ခေါက်တော့ သူ့ရဲ့ မိဖုရားခေါင်ကြီးကို ဘယ်သူမှ ရန်လာမစကြပါဘူးနော်။

...

All Chapters