အခန်း ၁၃၈
Vol. 14 Ch. 138
အပိုင်း (၁၃၈) ဘုန်းကြီးကျောင်းထဲက မိန်းမပျိုလေးများ
“မင်းသမီး” ယုံရှန်းကျောင်းတော်က ကိုယ်တော်လည်း ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ယွီးရှောင်ရှောင်ကို လှမ်းမေးလိုက်လေတယ်။ “မိုးကြိုးက ဘယ်နေရာကို ပစ်ချသွားတာလဲ”
ယွီးရှောင်ရှောင်က ပြန်ဖြေတာပေါ့။ “ဪ မီးဖိုချောင်နဲ့ ဆေးဖော်တဲ့ အခန်းတချို့ ပြိုကျသွားတာ။ ခမည်းတော်... ကိုယ်တော်တွေကလည်း ဆေးဖော်ကြတယ်ပေါ့နော်”
ရှန်ကျုံးဧကရာဇ်က ယွီးရှောင်ရှောင် သူ့ကိုလှမ်းမေးတာ ကြားတော့ “ကိုယ်တော်တွေကရော ဘာလို့ ဆေးဖော်လို့ မရရမှာလဲ” လို့ ပြန်ပြောလိုက်တာပေါ့။
ယုံရှန်းကျောင်းတော်က ကိုယ်တော်ခမျာမှာတော့ ဆေးဖော်တဲ့ အခန်းတွေပါ မိုးကြိုးပစ်ခံရတယ်ဆိုတာ ကြားလိုက်ရတော့ မျက်နှာကြီး ပျက်ယွင်းသွားတော့တယ်။ သူ့ရှေ့က အရိုက်ခံချင်စရာကောင်းလှတဲ့ သားအဖနှစ်ယောက်ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ခြေဖျားလေးထောက်ရင်း ဟူကော်ကျောင်းတော်ရဲ့ အနောက်မြောက်ဘက်ဆီကို သုတ်ခြေတင် ပြေးသွားတော့တာပါပဲ။
“ဘယ်သူမှတော့ ဒဏ်ရာမရပါဘူး” ယွီးရှောင်ရှောင်က အဲဒီကိုယ်တော်ကို လှမ်းအော်ပြောလိုက်သေးတယ်။
ရှန်ကျုံးဧကရာဇ်က ပြောလေရဲ့။ “သူ့ကို ဂရုစိုက်မနေပါနဲ့တော့။ သမီးတော် ကိစ္စတွေ ပြီးပြီလား။ တကယ် အကုန်ပြီးသွားတာ သေချာပြီလား”
ယွီးရှောင်ရှောင်က လက်ကာပြလိုက်ရင်း “အိမ်တွေတောင် ပြိုကုန်မှတော့ ဘာသက်သေမှ...”
“ကဲပါ” ရှန်ကျုံးဧကရာဇ်က ယွီးရှောင်ရှောင်စကားကို ဖြတ်ပြောလိုက်လေတယ်။
“ဘာမှပြဿနာ မရှိတော့ရင် ပြီးတာပါပဲ၊ ငါတို့ နန်းတော် ပြန်ကြရအောင်။ အဲ... ကိုယ်တော်က နန်းတော်ပြန်မယ်၊ သမီးတော်နဲ့ ကုရှင်းလန်က ကုအိမ်တော်ကိုပဲ ပြန်ကြတော့။ နောက်ဆို ဘာကိစ္စမှမရှိရင် နန်းတော်ထဲ လာမနေနဲ့တော့၊ ရင်ထဲကနေ ခမည်းတော်ကို သတိရနေရင် ရပါပြီ”
ယွီးရှောင်ရှောင်ကတော့ “ဒီကိစ္စက ဒီလိုနဲ့ပဲ ပြီးသွားပြီပေါ့” လို့ မေးလိုက်လေရဲ့။
ရှန်ကျုံးဧကရာဇ်က ပြုံးလိုက်ပြီး ပြန်ဖြေတယ်။ “မိုးကြိုးတွေတောင် ပစ်ချနေတာပဲ၊ ဆရာတော်လေး လန့်ဖျပ်ပြီး နေမကောင်းဖြစ်သွားတာက ယုတ္တိရှိတဲ့ ကိစ္စပဲလေ”
“ဒါဆို အဆိပ်ကရော...”
“အိမ်တွေ ပြိုသွားပြီလေ” ရှန်ကျုံးဧကရာဇ်က သူ့သမီးကို ကြည့်လိုက်တယ်။ ဒီသမီးလေးက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် တုံးအနေရတာလဲ။ သက်သေအထောက်အထားမှ မရှိတာ၊ ဝမ်ဖုန်းလင်က တရားခံလို့ စွပ်စွဲတိုင်း တရားခံ ဖြစ်သွားပါ့မလား။
အဲဒီအချိန်မှာပဲ နန်းတွင်းသက်တော်စောင့်တပ်မှူးက အနောက်ဘက်က ပြိုကျနေတဲ့ တံတိုင်းတစ်နေရာကို လက်ညှိုးထိုးပြပြီး ရှန်ကျုံးဧကရာဇ်ကို လျှောက်တင်လိုက်တယ်။
“ဧကရာဇ်မင်းမြတ်... ဟိုဘက်က တံတိုင်း ပြိုကျနေပါတယ်”
ရှန်ကျုံးဧကရာဇ်က တပ်မှူး ညွှန်ပြတဲ့ အနောက်ဘက်ကို လှမ်းကြည့်လိုက်တော့ အဲဒီနေရာမှာ တံတိုင်းတစ်ပိုင်း ပြိုကျပျောက်ကွယ်နေတာကို တွေ့လိုက်ရတာပေါ့။
“မြေကြီးတုန်ခါလို့ ပြိုကျသွားတာ နေမှာပါ” လို့ ယွီးရှောင်ရှောင်က ဝင်ပြောလိုက်လေတယ်။
“တခြားတံတိုင်းတွေ အကောင်းကြီး ရှိနေတာကို၊ ဘယ်လိုလုပ် အဲဒီတံတိုင်းတစ်ပိုင်းတည်းက ပြိုကျရတာလဲ” ရှန်ကျုံးဧကရာဇ်က ပြန်ပြောလိုက်လေရဲ့။
ယွီးရှောင်ရှောင်က ရှန်ကျုံးဧကရာဇ်နဲ့ နန်းတွင်းသက်တော်စောင့်တွေကို ကြည့်ပြီး ခန့်မှန်းပြောလိုက်တယ်။ "ဒီတံတိုင်းတစ်ပိုင်းက အရည်အသွေးမမီလို့ နေမှာပေါ့"
နန်းတော်က တံတိုင်းတွေ ပြိုမကျသရွေ့တော့ ရှန်ကျုံးဧကရာဇ်က ဒီအဆောက်အဦတွေရဲ့ အရည်အသွေးကိစ္စကို ခေါင်းထဲထည့်စဉ်းစားမှာ မဟုတ်ဘူးလေ။ ယွီးရှောင်ရှောင်စကားကို ဆက်မပြောတော့ဘဲ နန်းတွင်းသက်တော်စောင့်တပ်မှူးကိုပဲ လှည့်ပြောလိုက်တော့တယ်။ "ပြန်ရောက်ရင် ဘဏ္ဍာရေးဝန်ကြီးဌာနကို ငွေနည်းနည်း ထုတ်ပေးခိုင်းလိုက်၊ မင်းဆရာကြီးကို ဒီတံတိုင်း ပြန်ပြင်ခိုင်းရမယ်။ လူတွေကို ထိခိုက်မိရင် မကောင်းဘူး မဟုတ်လား"
"အမိန့်တော်အတိုင်းပါ" တပ်မှူးက ကမန်းကတန်း ဦးညွှတ်ပြီး အမိန့်ခံယူလိုက်တာပေါ့။
"ကဲ" ရှန်ကျုံးဧကရာဇ်က ယွီးရှောင်ရှောင်ကို ပြောလိုက်လေတယ်။ "ငါတို့ ကုရှင်းလန်ကို သွားခေါ်ပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြတာပေါ့"
"ကယ်ကြပါဦး..."
"ကယ်ကြပါဦးရှင်..."
သူတို့တစ်တွေ လှည့်ထွက်သွားဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ အနောက်ဘက် တံတိုင်းဆီကနေ မိန်းမတစ်ယောက်ရဲ့ အကူအညီတောင်းသံ ထွက်ပေါ်လာတော့တယ်။
သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးရေတွေကြားမှာ အသံကုန်ဟစ်အော်နေတဲ့ အဲဒီအသံကြီးက အတော်လေးကို စူးရှပြီး အားကိုးရာမဲ့နေတဲ့ပုံပါပဲ။
"မိန်းမ" အဲဒီ အကူအညီတောင်းသံကို ကြားတော့ ရှန်ကျုံးဧကရာဇ်ရဲ့ ပထမဆုံး တုံ့ပြန်မှုက လူသွားကယ်ဖို့ မဟုတ်ဘဲ အံ့ဩတကြီးနဲ့ မေးလိုက်တာပါပဲ။
"ဟူကော်ကျောင်းတော်က ဒီနေ့ တံခါးဖွင့်ထားလို့လား။ ကိုယ်တော် မှတ်မိသလောက်တော့ သေချာပေါက် မဖွင့်ပါဘူး"
ယွီးရှောင်ရှောင်က ဝင်ပြောလေတယ်။
"ကျောင်းတော်ထဲမှာ မိန်းမရှိတယ်လေ၊ ခုနကတောင် စကတ်ဝတ်ထားတဲ့ တစ်ယောက်ကို မြင်လိုက်သေးတယ်"
ရှန်ကျုံးဧကရာဇ်က သူ့ရဲ့ နန်းတွင်းသက်တော်စောင့်တပ်မှူးကို ကြည့်ပြီး "ဒါ ဘယ်လိုဖြစ်တာလဲ" လို့ မေးလိုက်တာပေါ့။
တပ်မှူးခမျာ သူ့ရဲ့ တည်ကြည်ဖြောင့်မတ်တဲ့ မျက်နှာကြီးကို ခပ်သေသေလေးထားပြီး ကြောင်အမ်းအမ်း ဖြစ်နေရှာတယ်။ ဟူကော်ကျောင်းတော်ထဲမှာ ဘာလို့ မိန်းမရှိနေလဲဆိုတာကို သူက ဘယ်လိုလုပ် သိနိုင်မှာလဲ။
ယွီးရှောင်ရှောင်က ပြောလိုက်လေရဲ့။
"တကယ်တော့လည်း ကိုယ်တော်တွေဆိုတာ ယောက်ျားတွေပဲလေ။ ခမည်းတော်လည်း ဒါကို နားလည်ပေးလို့ ရနိုင်ပါတယ်"
"ကဲပါ၊ ညည်း ပါးစပ်ပိတ်ထားစမ်းပါ" ရှန်ကျုံးဧကရာဇ်က ဆူလိုက်လေရဲ့။ "တစ်နေကုန် ကုရှင်းလန်လို စစ်သူကြီးအရိုင်းအစိုင်းဆီက လျှောက်မသင်နဲ့။ ဘာ ကိုယ်တော်ကလည်း ယောက်ျားတွေပဲလဲ။ ဒီစကားတွေ ညည်းကို ဘယ်သူသင်ပေးလိုက်တာလဲ"
နန်းတွင်းသက်တော်စောင့်တွေ အကုန်လုံးကတော့ ကုတတိယသခင်လေးအတွက် သနားသွားကြတာပေါ့။ ဒါက သမက်တော်နဲ့ ဘာဆိုင်လို့လဲ။
"ဟိုမိန်းကလေး အော်ခေါ်နေတုန်းပဲ" တပ်မှူးက လျှောက်တင်လိုက်လေတယ်။ "အရှင်မင်းကြီး... ဘယ်လို လုပ်ကြမလဲ"
"သွားကယ်ကြ" ရှန်ကျုံးဧကရာဇ်က အမိန့်ပေးလိုက်လေတယ်။ သူ့လို ဉာဏ်ပညာကြီးမားပြီး ကြင်နာတတ်တဲ့ ဧကရာဇ်တစ်ပါးက လူတစ်ယောက် သေလုမျောပါး ဖြစ်နေတာကို မကယ်ဘဲ နေပါ့မလား။ ဒါ့အပြင် ဟူကော်ကျောင်းတော်ထဲမှာ ဘာလို့ မိန်းမရှိနေရတာလဲဆိုတာကို ရှန်ကျုံးဧကရာဇ် အတော်လေးကို သိချင်နေတာလေ။ အဲ... တကယ်တော့ ဒါကမှ အဓိက အကြောင်းရင်း။
နန်းတွင်းသက်တော်စောင့်တွေက အမိန့်တော်အတိုင်း လူသွားကယ်ဖို့ ပြင်ကြပေမဲ့ သူတို့တွေကလည်း သိပ်အလျင်လိုနေတဲ့ပုံ မပေါ်ပါဘူး။ ရှန်ကျုံးဧကရာဇ်နဲ့ ယွီးရှောင်ရှောင်တို့ကို အစောင့်အရှောက်ပေးရင်း ပြိုကျနေတဲ့ တံတိုင်းနားကို ရောက်သွားတဲ့အခါမှပဲ သက်တော်စောင့်တချို့က ရှေ့ထွက်ပြီး လူကယ်ဖို့ အုတ်ခဲတွေ သွားဖယ်ပေးကြတော့တယ်။
ယွီးရှောင်ရှောင်ကလည်း ရှေ့ထွက်ပြီး သွားကူချင်သေးတာပေါ့။ သူမရဲ့ ခွန်အားနဲ့ဆိုရင် လူကယ်ဖို့ အုတ်ခဲဖယ်ရတာလောက်က လွယ်လွယ်လေးလေ။
ဒါပေမဲ့ ရှန်ကျုံးဧကရာဇ်က ယွီးရှောင်ရှောင်ကို လှမ်းဆွဲလိုက်ပြီး "ဘာသွားလုပ်မလို့လဲ" လို့ မေးလိုက်လေတယ်။
"လူသွားကယ်မလို့လေ"
"ညည်းက ဘာလူသွားကယ်မှာလဲ။ ကိုယ့်အဆင့်အတန်းကိုလည်း ကြည့်ဦး" ရှန်ကျုံးဧကရာဇ်က ဆူလိုက်တာပေါ့။
ရှန်ကျုံးဧကရာဇ် ဆိုလိုချင်တာက ဒီလို… မင်းသမီးတစ်ပါးက မိုးသည်းကြီးမည်းကြီးထဲမှာ နန်းတွင်းသက်တော်စောင့် တစ်သိုက်နဲ့ရောပြီး အုတ်ခဲသွားသယ်နေလို့ ဖြစ်ပါ့မလား။ ဒါပေမဲ့ ရှန်ကျုံးဧကရာဇ်က 'အဆင့်အတန်း' ဆိုတဲ့ စကားလုံးကိုပဲ ပြောလိုက်တာဆိုတော့ ယွီးရှောင်ရှောင်က သူမရဲ့ ခပ်ပေါပေါ ဧကရာဇ်အဖေကြီး ပြောတဲ့ အဓိပ္ပာယ်ကို လုံးဝ နားမလည်ရှာပါဘူး။ ဒါကြောင့် "ခမည်းတော် ဒီမှာပဲ ခဏစောင့်နေ၊ သမီး အခုချက်ချင်း ပြန်လာခဲ့မယ်" လို့ ပြောလိုက်တော့တာပါပဲ။
ရှန်ကျုံးဧကရာဇ်က သူ့သမီးကို ထပ်ဆွဲချင်ပေမဲ့ ဆွဲလို့မမီတော့ဘူး။ ဒါကြောင့် သူ့ရဲ့ နန်းတွင်းသက်တော်စောင့်တွေကိုပဲ ဒေါသတကြီး အော်ပြောလိုက်ရတော့တယ်။ "မင်းတို့က ဒီမှာ ဒီအတိုင်း ရပ်ကြည့်နေကြမှာလား"
နန်းတွင်းသက်တော်စောင့်တွေလည်း ကမန်းကတန်း ရှေ့ကို ပြေးထွက်သွားကြပြီး ယွီးရှောင်ရှောင်ကို နောက်ကွယ်မှာ ကွယ်ထားလိုက်ကြတယ်။
"ဟိုမှာ လူ..." ယွီးရှောင်ရှောင်က အုတ်ခဲကျိုးပုံတစ်ပုံကို လက်ညှိုးထိုးပြီး ဟိုမှာလူရှိတယ်လို့ အော်ပြောချင်တာ။ ဒါပေမဲ့ 'လူ' ဆိုတဲ့ စကားလုံးတောင် အဆုံးမသတ်ရသေးဘူး၊ နန်းတွင်းသက်တော်စောင့် တချို့ရဲ့ ခြေထောက်တွေက အဲဒီအုတ်ခဲပုံပေါ်ကို တက်နင်းမိသွားကြပြီလေ။
အုတ်ခဲကျိုးတွေပေါ် တက်နင်းထားတဲ့ နန်းတွင်းသက်တော်စောင့်တစ်ယောက်က ယွီးရှောင်ရှောင်ကို ကြည့်ပြီး "မင်းသမီးလေး... ဘာများ အမိန့်ရှိပါသလဲ" လို့ မေးလိုက်တာပေါ့။
ယွီးရှောင်ရှောင်က အဲဒီအုတ်ခဲကျိုးပုံအောက်က လူတစ်ယောက်ရဲ့ အသက်ရှူသံကို ကြားနေရတယ်လေ။ ဒါပေမဲ့ အုတ်ခဲပုံပေါ် တက်နင်းထားတဲ့ ခြေထောက်ကြီးတွေကို ကြည့်ပြီး မင်းသမီးလေးခမျာ ဒီလိုပဲ ပြောလိုက်ရတော့တယ်။ "အောက်မှာ လူရှိတယ်၊ သေသေရှင်ရှင် မင်းတို့ဘာသာ တူးကြပေတော့"
ရှန်ကျုံးဧကရာဇ်ကတော့ နောက်ကနေ နှာခေါင်းတစ်ချက်ရှုံ့ပြီး ဝင်ပြောလိုက်လေတယ်။
"ဘုန်းကြီးကျောင်းထဲက မိန်းမဆိုတာ ဘယ်လိုလုပ် မိန်းမကောင်း ဖြစ်နိုင်မှာလဲ၊ ပေါက်ပြားတွေနဲ့သာ တူးကြစမ်း"
နန်းတွင်းသက်တော်စောင့်တွေမှာတော့ ဒေါသထွက်ပေမဲ့ ဘာမှမပြောရဲကြရှာဘူး။ အခုလိုအချိန်ကြီးမှာ သူတို့က ပေါက်ပြားတွေကို ဘယ်သွားရှာရမှာတုံး။
ယွီးရှောင်ရှောင်လည်း ကယ်ဆယ်ရေးလုပ်ငန်းရဲ့ ရှေ့တန်းကို တိုးလို့မရတော့ဘူးဆိုတာ သိလိုက်ရတော့ ရှန်ကျုံးဧကရာဇ်ဘေးမှာပဲ ပြန်လာရပ်နေလိုက်ရတယ်။ ပြီးတော့ ညည်းလိုက်တာပေါ့။
"လက်ပေါက်ကပ်လိုက်တာ၊ ငါသာဆို ခဏလေးနဲ့ လူကို ကယ်ထုတ်လို့ရနေပြီ"
"သမီးတော်က အလုပ်တွေ အကုန်လုပ်လိုက်ရင် သူတို့တွေက အိမ်ပြန်ပြီး ရေဖြူသောက် အသက်ဆက်ကြရတော့မှာလား" ရှန်ကျုံးဧကရာဇ်က သူ့သမီးကို ဆုံးမစကား ဆိုလိုက်လေတယ်။
"လူဆိုတာ သူများအတွက်လည်း ထမင်းစားပေါက်လေး ချန်ပေးရတယ်"
ယွီးရှောင်ရှောင် မတ်တတ်ရပ်ပြီး စဉ်းစားခန်း ဝင်နေမိတာပေါ့။ သူမလူကယ်တာနဲ့ သူ့ရဲ့ ခပ်ပေါပေါဧကရာဇ်အဖေကြီးအတွက် သက်တော်စောင့် လုပ်ပေးတာရဲ့ကြားမှာ ဘာဆက်စပ်မှု ရှိနေလဲဆိုတာကို အတော်ကြာတဲ့အထိ စဉ်းစားလို့မရဘူး ဖြစ်နေတာလေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှန်ကျုံးဧကရာဇ်နဲ့ ဆွေးနွေးကြည့်ဦးမယ်လို့ ဟန်ပြင်လိုက်တုန်းမှာပဲ နန်းတွင်းသက်တော်စောင့်တစ်ယောက်က သူနဲ့ ရှန်ကျုံးဧကရာဇ်ကို လှမ်းအော်ပြောလိုက်တော့တာပဲ။
"အရှင်မင်းကြီး... အဘွားကြီးတစ်ယောက်ပါ"
ရှန်ကျုံးဧကရာဇ်လည်း အဘွားကြီးတစ်ယောက်ဆိုတာ ကြားလိုက်ရရော ချက်ချင်း စိတ်ပျက်သွားတော့တာပဲ။ မူလက ချန်ကွမ်းကို လှောင်ချင်နေခဲ့တာလေ။ အခုတော့ တူးလို့ရလာတာက အဘွားကြီးတစ်ယောက်ဆိုတော့ သူက ဘာကို သွားလှောင်ရတော့မှာလဲ။ ကိုယ်တော်တွေက ယောက်ျားတွေပဲဆိုဦးတော့ အဘွားကြီးတစ်ယောက်ကိုတော့ ဘယ်လိုလုပ် လက်တည့်စမ်းပါ့မလဲ။
"အရှင်မင်းကြီး၊ မင်းသမီး..." ကုရှင်းလန်ရဲ့ အသံက သားအဖနှစ်ယောက်ရဲ့ အနောက်ဘက်ဆီကနေ ထွက်ပေါ်လာတယ်။
ယွီးရှောင်ရှောင်လည်း ကမန်းကတန်း လှည့်ကြည့်လိုက်တော့ နန်းတွင်းသက်တော်စောင့်တချို့က သူမရဲ့ ရှောင်ကုကို ထမ်းပြီး လာနေတာ မြင်လိုက်ရတာပေါ့။
နန်းတွင်းသက်တော်စောင့်တစ်ယောက်က ခုတင်ကုလားထိုင်ရဲ့ ဘယ်ဘက်ကနေ လျှောက်ရင်း ကုရှင်းလန်ကို ထီးမိုးပေးထားတယ်။ နောက်ထပ် သက်တော်စောင့်တစ်ယောက်ကကျတော့ ပိုကြီးတဲ့ ထီးတစ်လက်ကို ကိုင်ပြီး သမက်တော်ရဲ့ ခြေထောက်နှစ်ဖက်ကို အထူးတလည် မိုးရေကာပေးထားသေးတာလေ။ ဒါပေမဲ့လည်း ဒီလိုပုံစံနဲ့ ကုရှင်းလန် ရောက်လာတာကို မြင်တော့ ရှန်ကျုံးဧကရာဇ်က ချက်ချင်း ဒေါသထွက်သွားပြီး သူ့သမက်ကို ဆူတော့တာပါပဲ။ "မင်းခြေထောက်ကို မလိုချင်တော့ဘူးလား။ မင်းကို ဘယ်သူလာခိုင်းလို့လဲ"
"ခမည်းတော်က ဘာလို့ အဲဒီလောက် ဒေါသကြီးနေရတာလဲ" ယွီးရှောင်ရှောင်က "ခမည်းတော်တောင် လာလို့ရသေးတာပဲ၊ ရှောင်ကုကရော ဘာလို့ လာလို့မရရမှာလဲ"
"အရှင်မင်းကြီး၊ မင်းသမီး... ဆရာတော်လေးဆီမှာ ပြဿနာတက်နေပြီ" ကုရှင်းလန်က ဝင်ပြောလိုက်တာပေါ့။
ဟင် သားအဖနှစ်ယောက်စလုံး မျက်လုံးတွေ ချက်ချင်း အရောင်လက်သွားကြတော့တယ်။ ဝမ်ဖုန်းလင် နောက်ဆုံးတော့ သေသွားပြီလားပေါ့။
"အရှင်မင်းကြီး" အဲဒီအချိန်မှာပဲ နန်းတွင်းသက်တော်စောင့်တပ်မှူးက ပြိုကျနေတဲ့ တံတိုင်းအောက်ကနေ ရှန်ကျုံးဧကရာဇ်ကို အသံကျယ်ကျယ်နဲ့ လျှောက်တင်လိုက်လေရဲ့။ "ဒီမှာ မိန်းမပျိုလေး နှစ်ယောက် ရှိနေပါတယ်"
...