← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အပိုင်း (၁၄၀) သခင်မလေး အားချိုး

ဘယ်လိုပဲဖြစ်ဖြစ် ပိမိနေတာ သူ့သမီးမှမဟုတ်တာ။ သူ့မိန်းမလည်း မဖြစ်သေးတဲ့ သူများသမီးတွေအပေါ် ရှန်ကျုံးဧကရာဇ်က အတော်လေး သွေးအေးနေခဲ့တာပေါ့။ မျက်နှာပေါ်မှာ သနားယောင်လေး နည်းနည်းဟန်လုပ်ပြပြီး ကျောင်းချိုးမင်ကို ပြောလိုက်တော့တယ်။

"မင်းအိမ်တော်က သခင်မလေးတွေ ဟုတ်မဟုတ် မြန်မြန်သွားကြည့်ချေ"

နန်းတွင်းသက်တော်စောင့်တပ်မှူးရဲ့ စကားကို ကြားပြီးကတည်းက ကျောင်းချိုးမင်ခမျာ မျှော်လင့်ချက်တွေ ပျက်သုန်းသွားခဲ့ပြီလေ။ ဒါပေမဲ့ ရှန်ကျုံးဧကရာဇ်က သူ့ကို သမီးတွေ သွားကြည့်ဖို့ ပြောလိုက်တော့ အမတ်ချုပ်ကြီးကျောင်းရဲ့ ရင်ထဲမှာ မျှော်လင့်ချက်ရောင်ခြည်လေး နည်းနည်း ပြန်သန်းလာတော့တာပဲ။ တကယ်လို့များ အဲဒီညီအစ်မနှစ်ယောက်ရဲ့ သနားစရာကောင်းပြီး ကူကယ်ရာမဲ့နေတဲ့ ပုံစံလေးတွေကို ရှန်ကျုံးဧကရာဇ်သာ မြင်သွားမယ်ဆိုရင် ရှန်ကျုံးဧကရာဇ်ရဲ့ စရိုက်အရဆို ဒါက အဲဒီညီအစ်မနှစ်ယောက်အတွက် ဧကရာဇ်မင်းမြတ်နဲ့ နီးစပ်ဖို့ အခွင့်အရေးကောင်း တစ်ခုဖြစ်သွားနိုင်တယ်လေ။

ယွီးရှောင်ရှောင်က ကျောင်းချိုးမင်ကို စိုက်ကြည့်နေတယ်။ ဒီကောင်ကြီးက သူ့သားအရင်းကိုတောင် ပြန်သတ်ချင်နေတဲ့သူဆိုတာကို သိပြီးကတည်းက ဒီသစ္စာဖောက်အမတ်ချုပ်ကြီးကို လူလို့တောင် သိပ်မမြင်တော့ဘူး။ ယွီးရှောင်ရှောင်က ကျောင်းချိုးမင်ကို လက်ညှိုးထိုးပြီး မျက်လုံးတွေ ကလယ်ကလယ်နဲ့ မေးချလိုက်တော့တယ်။

“ရှင်ဘာတွေ ကြံစည်နေပြန်ပြီလဲ”

ကျောင်းချိုးမင်ခမျာမှာတာ့ ယွီးရှောင်ရှောင်ရဲ့ အသံကို ကြားလိုက်ရတာနဲ့တင် အိပ်မက်ဆိုးကြီး မက်နေရသလို ခံစားနေရတာပေါ့။ ဟိုဒီကြည့်နေတဲ့ မျက်လုံးတွေက ချက်ချင်းဆိုသလို အသေဖြစ်သွားပြီး ငြိမ်သက်သွားတော့တယ်။

ရှန်ကျုံးဧကရာဇ်က သူ့ရဲ့ အမတ်ချုပ်ကြီးကို ပြန်ကြည့်လိုက်တဲ့အခါမှာတော့ အမတ်ချုပ်ကြီးကျောင်းရဲ့ သနားစရာ မျက်နှာပေးကိုပဲ မြင်လိုက်ရတော့တယ်။ အဲဒီတော့ ရှန်ကျုံးဧကရာဇ်က ခေါင်းလှည့်ပြီး သက်တော်စောင့်တစ်ယောက်ကို အမိန့်ပေးလိုက်လေရဲ့။ "တော်ဝင်သမားတော်ကို သွားခေါ်ခဲ့"

အဲဒီသက်တော်စောင့်လည်း အမိန့်ရတာနဲ့ ချက်ချင်း ပြေးထွက်သွားတော့တယ်။

"မင်းက ဒူးထောက်နေတုန်းပဲလား" ရှန်ကျုံးဧကရာဇ်က သက်တော်စောင့်ကို သမားတော်ခေါ်ခိုင်းပြီးတာနဲ့ ကျောင်းချိုးမင်ကို လှမ်းပြောလိုက်ပြန်တယ်။ "သွားကြည့်လေ"

" အရှင်မင်းကြီး... ကျွန်တော်မျိုး... ကျွန်တော်မျိုး မတ်တတ်ရပ်လို့ မရတော့လို့ပါ " လို့ လျှောက်တင်ရှာတယ်။

ဒါကြောင့်ပဲ ကျောင်းချိုးမင်က သူ့ထက် စာတွေအများကြီး ပိုဖတ်ထားပေမဲ့ လက်အောက်ငယ်သားပဲ ဖြစ်နေရတာလို့ ရှန်ကျုံး တွေးလိုက်မိတာပေါ့။ သူ့သမီးတုန်းကဆို ငရဲတံခါးဝကို ခြေနှစ်ဖက်စလုံး ရောက်နေတာတောင် အဖေဖြစ်တဲ့သူက ဘယ်လိုတွေ ရင်ဆိုင်ခဲ့လဲဆိုတာ ကြည့်လေ။ အခု ကျောင်းချိုးမင်ကျတော့ မြေကြီးပေါ် ဒူးထောက်ပြီး မထနိုင်တော့ဘူးတဲ့လား။ ရှန်ကျုံးဧကရာဇ်က သူ့ဘေးနားမှာရှိတဲ့ နန်းတွင်းသက်တော်စောင့် နှစ်ယောက်ကို လက်ညှိုးထိုးပြီး အမိန့်ပေးလိုက်ပြန်တယ်။ "အမတ်ချုပ်ကြီးကျောင်းကို သွားတွဲပေးလိုက်ကြ"

နန်းတွင်းသက်တော်စောင့် နှစ်ယောက်က ကျောင်းချိုးမင်အနားကို ပြေးသွားပြီး ဘယ်ညာ တစ်ဖက်စီကနေ ဆွဲထူပေးလိုက်ကြတယ်။ ပြီးတော့ ကျောင်းချိုးမင်ကို တွဲပြီး ပြိုကျနေတဲ့ တံတိုင်းနားကို ခေါ်သွားကြတော့တာပေါ့။

ကျောင်းချိုးမင် ရှန်ကျုံးဧကရာဇ်ဘေးကနေ ဖြတ်လျှောက်သွားတဲ့အချိန်မှာပဲ ရုတ်တရက်ကြီး မျက်ရည်တွေ ပိုးစိုးပက်စက် ကျလာပြီး " အရှင်မင်းကြီး.. ကျွန်တော်မျိုး... ကျွန်တော်မျိုး မကြည့်ရက်လို့ပါ" လို့ လျှောက်တင်လိုက်တော့တယ်။

ရှန်ကျုံးဧကရာဇ်က ဝတ်ရုံလက်ကို ခါချလိုက်ပြီး "မင်းက ဘာအသုံးကျလဲ" လို့ ပြန်ပြောတာပေါ့။။

"ကျွန်တော်မျိုးမှာ သမီး သုံးယောက်ပဲ ရှိတာပါ " ဆိုပြီး ကျောင်းချိုးမင်က အော်ငိုတော့တာပဲ။

ဖွီ ရှန်ကျုံးတစ်ယောက် ရင်ထဲကနေ ကျောင်းချိုးမင်ကို တံတွေးနဲ့ လှမ်းထွေးလိုက်မိတယ်။ သူ့မှာဆို လင်းလုံဆိုတဲ့ သမီးတစ်ယောက်တည်း ရှိတာတောင် ဒီလိုကြီး ပြိုလဲကျမသွားပါဘူး။ ရှန်ကျုံးဧကရာဇ်က ကျောင်းချိုးမင်ကို ခေါင်းယမ်းပြလိုက်ပြီးတဲ့နောက် ပြိုကျနေတဲ့ တံတိုင်းဆီကို ကိုယ်တိုင်ပဲ လှည့်ထွက်သွားတော့တယ်။

ကုရှင်းလန်က ရှန်ကျုံးဧကရာဇ် တံတိုင်းပျက်ဆီ သွားနေတာမြင်တော့ ကမန်းကတန်း လှမ်းမေးလိုက်လေတယ်။ " အရှင်မင်းကြီး... ဘယ်ကို သွားမလို့လဲ"

နန်းတွင်းသက်တော်စောင့်တပ်မှူးကလည်း ရှန်ကျုံးဧကရာဇ်ရဲ့ လမ်းကို ပိတ်ရပ်လိုက်တယ်။ လူကြီးလူကောင်းဆိုတာ ပြိုလုဆဲဆဲ တံတိုင်းအောက်မှာ မရပ်ရဘူးဆိုတဲ့ စကားရှိတယ်လေ။ အခုက တစ်တိုင်းပြည်လုံးရဲ့ ဧကရာဇ်မင်းမြတ်ကြီးဆိုတော့ ပိုဆိုးတာပေါ့။

ရှန်ကျုံးဧကရာဇ်က နန်းတွင်းသက်တော်စောင့်တပ်မှူးကို "ဖယ်စမ်း” လို့ မာမာထန်ထန် အော်ပြောလိုက်တော့တယ်။

နန်းတွင်းသက်တော်စောင့်တပ်မှူးက ရှန်ကျုံးဧကရာဇ်ကို ဘယ်လိုလုပ် လမ်းဖယ်ပေးရဲမှာလဲ။

ကုရှင်းလန်ကပဲ ဝင်ပြောရတော့တာပေါ့။ "အရှင်မင်းကြီးကိုယ်တိုင် အန္တရာယ်ရှိတဲ့ နေရာကို ဘယ်လိုလုပ် သွားလို့ဖြစ်မှာလဲ။ အမတ်ချုပ်ကြီးကျောင်းကိုပဲ တွဲခေါ်သွားခိုင်းလိုက်ပါ"

ကျောင်းချိုးမင်ကတော့ ရှန်ကျုံးဧကရာဇ်ကို သူ့ကိုယ်စား သွားစေချင်ဇောနဲ့ အော်ငိုနေတော့တာပါပဲ။

ယွီးရှောင်ရှောင်ကတော့ ကျောင်းချိုးမင်လို လူကြီးတန်မဲ့ အငိုသန်နေတာကို ကြည့်ပြီး "သတ္တိကြောင်လိုက်တဲ့ကောင်" လို့ တီးတိုးရေရွတ်လိုက်လေရဲ့။

ရှန်ကျုံးက ကုရှင်းလန်ဘက်ကို လှည့်ပြီး ပြန်ပြောလိုက်တာပေါ့။ "သူ ငိုလွန်းလို့ သေတော့မလို ဖြစ်နေတာကို မင်းမမြင်ဘူးလား"

ယွီးရှောင်ရှောင်က ရှန်ကျုံးဧကရာဇ်ရဲ့ လက်ကို ဆွဲပြီး ပြောလိုက်တယ်။

"ဘယ်လောက်ကြီးတဲ့ ကိစ္စမို့လို့လဲ၊ လာ... ခမည်းတော်နဲ့အတူ သမီးကိုယ်တိုင် မိန်းကလေးတွေကို သွားကြည့်ပေးမယ်"

ကျောင်းချိုးမင် ဘယ်လိုပဲဆိုးဆိုး၊ ကျောင်းအိမ်တော်က သခင်မလေး နှစ်ယောက်ကိုတော့ ကယ်နိုင်ရင် ကယ်ရမယ်လို့ ယွီးရှောင်ရှောင်က တွေးထားတာကိုး။ အဖေက လူယုတ်မာဖြစ်တိုင်း သမီးတွေကလည်း လူယုတ်မာ ဖြစ်မယ်လို့မှ မသေချာတာ။ အင်း... ကျောင်းမိဖုရားကတော့ ခြွင်းချက်ပေါ့လေ။

နန်းတွင်းသက်တော်စောင့်တပ်မှူးက ဆက်တားချင်သေးပေမဲ့ ယွီးရှောင်ရှောင်က ခပ်ဖွဖွလေး တွန်းဖယ်လိုက်တာနဲ့ ဘေးကို လွင့်ထွက်သွားတော့တယ်။

ကုရှင်းလန်လည်း ဘာမှတတ်နိုင်တော့ဘဲ ကျောင်းချိုးမင်ကိုပဲ ဒေါသတကြီးနဲ့ လှမ်းအော်လိုက်တော့တယ်။

"အမတ်ချုပ်ကြီးကျောင်း... ခင်ဗျားက ဧကရာဇ်မင်းမြတ်ကို အန္တရာယ်ထဲ ဆွဲသွင်းရက်တယ်ပေါ့လေ"

ကျောင်းချိုးမင်က အသည်းအသန် ငိုကြွေးနေပေမဲ့ ရင်ထဲမှာတော့ အကြိမ်ကြိမ် နှာခေါင်းရှုံ့နေတာ။ တံတိုင်းတောင် ပြိုကျပြီးသွားပြီကို ဘာအန္တရာယ် ရှိနိုင်တော့မှာလဲ။ ဒါ့အပြင် ယွီးလင်းလုံ အနားမှာ ပါနေမှတော့ အရှင်မင်းကြီးက ဘာများ ထိခိုက်စရာရှိလို့လဲပေါ့။

အဲဒီအချိန်မှာတော့ ကျောင်းအိမ်တော်က ပန်းလေးနှစ်ပွင့်လို ညီအစ်မနှစ်ယောက်ကို နန်းတွင်းသက်တော်စောင့်တွေက အုတ်ခဲကျိုးတွေအောက်ကနေ တူးဖော်ပြီးသွားကြပြီလေ။

ရှန်ကျုံးဧကရာဇ်နဲ့ ယွီးရှောင်ရှောင်တို့ အနားရောက်သွားပြီး ခေါင်းလေး ပြူကြည့်လိုက်တဲ့အခါမှာတော့... ဘုရားရေ ရှန်ကျုံးဧကရာဇ်ရဲ့ ပထမဆုံး ခံစားချက်က 'သရဲ' ဆိုတာပဲ။

အမတ်ချုပ်ကြီးကျောင်းက ဉာဏ်ကြီးရှင်ပေမဲ့ တစ်ချက်လေးတော့ ဟာကွက်ဖြစ်သွားခဲ့တာပေါ့။ ညီအစ်မနှစ်ယောက် ဒဏ်ရာရပြီး သနားစရာကောင်းနေတဲ့ ပုံစံလေးဖြစ်နေဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမတ်ချုပ်ကြီးကျောင်း မေ့သွားတဲ့ တစ်ချက်က တကယ်လို့ ညီအစ်မနှစ်ယောက်က အုတ်ခဲတွေနဲ့ ပိမိပြီး ခေါင်းတွေကွဲ၊ သွေးတွေသံတွေ တရဲရဲနဲ့ ဖြစ်နေရင်ရော ဆိုတာပဲ။ အခု ကျောင်းညီအစ်မနှစ်ယောက်ရဲ့ အခြေအနေက အဲဒီ 'တကယ်လို့' ဆိုတဲ့ အခြေအနေမျိုး အတိအကျ ဖြစ်နေတာလေ။ ခေါင်းရော မျက်နှာပါ သွေးတွေချည်းပဲ။ မိုးရေတွေစိုရွှဲနေပြီး သွေးတွေ၊ ရွှံ့ရည်တွေက မျက်နှာတစ်ပြင်လုံးမှာ ပေပွနေတော့တာပေါ့။ စိုရွှဲနေတဲ့ အဝတ်အစားတွေကြောင့် ခန္ဓာကိုယ် ကောက်ကြောင်းလေးတွေကတော့ ပုံမှန်ထက်တောင် ပိုပြီး ဆွဲဆောင်မှု ရှိနေပေမဲ့ ပုံမှန်အချိန်မှာ ဘယ်လောက်ပဲ လှလှ အခုအချိန်မှာတော့ အလှအပဆိုတာ တစ်စက်ကလေးမှကို ရှာမတွေ့နိုင်တော့ပါဘူး။

"အသက်ရှင်နေသေးတယ်" လူတွေရဲ့ ရုပ်ရည်ကို ဘယ်တော့မှ ဂရုမစိုက်တတ်တဲ့ ယွီးရှောင်ရှောင်က ရှန်ကျုံးဧကရာဇ်ကို သေချာပေါက် အတည်ပြုပေးလိုက်လေရဲ့။

ရှန်ကျုံးဧကရာဇ်ကတော့ ချက်ချင်း နောက်လှည့်ပြီး ထွက်သွားတော့တာပဲ။ တစ်ချက်လေး ကြည့်လိုက်ရတာနဲ့တင် သူ့ရဲ့ နုနယ်တဲ့ နှလုံးသားလေးမှာ ဒဏ်ရာရသွားခဲ့ပြီလေ

ကျောင်းချိုးမင်က "ယောင်အာ... ချင်းအာ..." ဆိုပြီး အော်ဟစ်ငိုကြွေးလိုက်လေတယ်။

ကုရှင်းလန်နဲ့ နန်းတွင်းသက်တော်စောင့်တပ်မှူးတို့ နှစ်ယောက်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြတာပေါ့။ အရှင်မင်းကြီး ရှေ့တော်မှောက်မှာ ကိုယ့်သမီးတွေရဲ့ အိမ်ခေါ် နာမည်တွေကို လာအော်ခေါ်နေတယ်ပေါ့လေ အမတ်ချုပ်ကြီးကျောင်း ဘာတွေကြံစည်နေသလဲဆိုတာကို သူတို့လို စစ်သားနှစ်ယောက်တောင်မှ သဘောပေါက်သွားကြတာပေါ့။ အမတ်ချုပ်ကြီးကျောင်းက သူ့သမီးတွေကို နန်းတော်ထဲ ထပ်သွင်းချင်နေပြန်ပြီလေ။

ကုရှင်းလန်က နှာခေါင်းတစ်ချက်ရှုံ့လိုက်မိတယ်။ လူဆိုတာ အရှက်မရှိရင် ပြိုင်ဘက်ကင်းတာပဲဆိုတဲ့ စကားက ကျောင်းချိုးမင်လို လူမျိုးကို ပြောတာပဲ။

ရှန်ကျုံးဧကရာဇ်က ကျောင်းချိုးမင်ရှေ့ကိုတောင် မရောက်သေးဘူး။ အသံက အရင်လာတော့တယ်။

"မငိုနဲ့တော့၊ မင်းရဲ့ သမီးတွေ မသေသေးဘူး၊ ရုပ်က နည်းနည်း ကြောက်စရာကောင်းနေရုံလေးပါ၊ သွားကြည့်လိုက်ချေ"

ကျောင်းချိုးမင်ရဲ့ ငိုသံကြီးက ချက်ချင်းကို တိတ်သွားတော့တယ်။ ရုပ်က ကြောက်စရာကောင်းနေတယ် ဟုတ်လား။ အမတ်ချုပ်ကြီးကျောင်း တစ်ယောက် နောက်တစ်ကြိမ် မျှော်လင့်ချက်တွေ ထပ်ပြီး ရိုက်ချိုးခံလိုက်ရပြန်ပြီလေ။

ရှန်ကျုံးဧကရာဇ်ကလည်း သမားတော် ဘာလို့ မရောက်သေးတာလဲဆိုတာကို မမေးတော့ဘဲ နောက်လှည့်ပြီး ယွီးရှောင်ရှောင်ကို လှမ်းခေါ်လိုက်လေတယ်။

"လင်းလုံ... သမီး အဲဒီမှာ ဘာလုပ်နေတာလဲ။ ခမည်းတော်နဲ့ လိုက်ခဲ့လေ"

အဲဒီအချိန်မှာ ယွီးရှောင်ရှောင်က မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အားစန်းနဲ့ နောက်ထပ် နန်းတွင်းသက်တော်စောင့် တစ်ယောက်ကို ညီအစ်မနှစ်ယောက်အတွက် ထီးမိုးပေးခိုင်းထားတာပေါ့။ ပြီးတော့ ညီမဖြစ်သူ ကျောင်းရင်းချင်း မျက်နှာပေါ်က သွေးတွေ၊ ပေပွနေတာတွေကို လက်နဲ့ ခပ်ကြမ်းကြမ်း သုတ်ဖယ်ပေးလိုက်တော့ ဒီမိန်းကလေးရဲ့ နဖူးမှာ ပေါက်ပြဲနေတဲ့ ဒဏ်ရာတစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်။

ကုရှင်းလန်ကလည်း သူ့လူတွေကို ထမ်းခိုင်းပြီး လဲကျနေတဲ့ လဲကျနေတဲ့ ညီအစ်မနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်တာနဲ့တင် အရှင်မင်းကြီး ဘာလို့ အဲဒီလောက် အလောတကြီး ထွက်သွားရလဲဆိုတာကို ကုတတိယသခင်လေး ချက်ချင်း သဘောပေါက်သွားတော့တာပေါ့။

"သခင်မလေး နှစ်ယောက်ရဲ့ ဒဏ်ရာတွေက ဘယ်လိုနေလဲ" ကုရှင်းလန်က ယွီးရှောင်ရှောင်ကို မေးလိုက်လေတယ်။ ကျောင်းမိသားစုနဲ့ ရန်ငြိုးရှိတာက ရှိတာပေါ့၊ ဒါပေမဲ့ ကုတတိယသခင်လေးက ဒီမိန်းကလေးငယ် နှစ်ယောက်အပေါ်မှာတော့ အငြိုးအတေးတွေ လာပြီး ပတ်သက်နေမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ဂရုတစိုက်နဲ့ မေးလိုက်တာ။

"သမားတော်လည်း ခဏနေရင် ရောက်လာတော့မှာပါ။ မင်းသမီး... သူတို့တွေ..."

ယွီးရှောင်ရှောင်က အစ်မဖြစ်သူကိုပါ ထပ်ကြည့်ပြီး ပြောလိုက်လေရဲ့။

"ရေအေးက သွေးတိတ်စေတယ်လေ၊ သူတို့တွေ ဒီအချိန်လေးအတွင်း မိုးရေချိုးလိုက်ရလို့ သွေးတွေတော့ တိတ်သွားပါပြီ။ ကြည့်ရတာ ဒဏ်ရာ သိပ်မနက်ပါဘူး"

ကုရှင်းလန်လည်း ဘာမှ ဆက်မပြောတော့ဘဲ ယွီးရှောင်ရှောင်ကို ထီးမိုးပေးထားတဲ့ နန်းတွင်းသက်တော်စောင့်ဆီကနေ ထီးကို လှမ်းယူလိုက်လေတယ်။ သူ့ရဲ့ ဇနီးလေးကို ထီးမိုးပေးရင်း ပြောလိုက်တာပေါ့။

"ဒါဆိုလည်း မြန်မြန် ပြန်ကြရအောင်။ အဘိုးနဲ့ အစ်ကိုကြီးတို့ စောင့်နေကြလိမ့်မယ်"

"အင်း" ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ပြန်ထူးလိုက်ပြီး ကုရှင်းလန်ဘက်ကို အလှည့်မှာပဲ သူမရဲ့ အကြည့်တွေက ကျောင်းရင်းချင်းရဲ့ မျက်နှာပေါ်ကို ဖြတ်ခနဲ ကျရောက်သွားခဲ့တော့တယ်။ အဲဒီနောက်မှာတော့ မင်းသမီးလေး တစ်ကိုယ်လုံး တောင့်တင်းသွားတော့တာပဲ။

ကျောင်းရင်းချင်း မျက်နှာပေါ်က သွေးတွေ၊ ရွှံ့တွေကို ယွီးရှောင်ရှောင် သုတ်ပေးလိုက်တော့ ပန်းလေးတစ်ပွင့်လို လှပလွန်းတဲ့ မျက်နှာလေးက အခုမှပဲ မူလအလှတရားတွေ နည်းနည်း ပြန်ပေါ်လာတော့တာကိုး။

"မင်းသမီး... ဘာဖြစ်လို့လဲ" ကုရှင်းလန်က ကျောင်းရင်းချင်းကို တစ်ချက်ကြည့်လိုက်ပြီး ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

"သူ့ဆီမှာ ဘာများ ထူးခြားနေလို့လဲ"

အရမ်းကို ထူးခြားနေတာပေါ့။ ဒီမိန်းကလေးက ဘယ်လိုလုပ်ပြီး ကျောင်းမိသားစုရဲ့ ဒုတိယသခင်မလေး ဖြစ်နေရတာလဲ။ ယွီးရှောင်ရှောင် မျက်လုံးကြီးတွေ ပြူးကျယ်သွားတော့တယ်။ ဒါက ဝမ်ဖုန်းလင်ရဲ့ အချစ်စစ်၊ နာမည်လေးကသာ တောဆန်တာ။ ရုပ်လေးကတော့ တစ်စက်ကလေးမှ တောမဆန်တဲ့ အားချိုး မဟုတ်ဘူးလား။ ဝမ်ဖုန်းလင်ဆီမှာ ဒီမိန်းကလေးရဲ့ ပန်းချီကားရှိတယ်လေ။ ထမင်းစားလည်း ဒီပုံကိုကြည့်၊ ရေသောက်လည်း ဒီပုံကိုကြည့်၊ လမင်းကြီးကို ကြည့်လည်း ဒီပုံလေးနဲ့ယှဉ်ကြည့်၊ ကြယ်လေးတွေကို ကြည့်လည်း ဒီပုံလေးနဲ့ယှဉ်ကြည့်၊ ဘယ်လောက်တောင်လဲဆိုရင် အိမ်သာတက်ရင်တောင် တစ်ချက်လောက်တော့ ယူကြည့်ချင်နေတဲ့ အထိပဲ။ အားချိုး ဆိုတဲ့ မိန်းကလေးက ဘယ်တုန်းကများ ကျောင်းချိုးမင်ရဲ့ သမီး ဖြစ်သွားရတာလဲ။ ဇာတ်လမ်းက လုံးဝကြီး လမ်းကြောင်းလွဲနေပြီ။

…

All Chapters