အဝတ်အစားသစ် ( ၁ )
Vol. 2 Ch. 17
သုံးလပိုင်း၊ နွေဦးရာသီ ပြန်ရောက်လာသော်လည်း အအေးဓာတ်က ကျန်နေသေးသည်။
ယခုလေးတင် ရွှီချင်းသည် တားမြစ်နယ်မြေအပြင်ဘက်နားကို ရောက်ခဲ့ပြီး အအေးဓာတ်က သူ့အတွက် ကိစ္စမရှိလှချေ။ သို့သော် သူသာ ထိုနေရာတွင် ကြာကြာနေခဲ့လျှင် သူ့ခန္ဓာကိုယ်က ရိုးတွင်းခြင်ဆီတိုင်အောင် အေးစက်စက်ခံစားနေရပေမည်။
အထူးသဖြင့် ယခုလို အအေးဓာတ်လွန်ကဲလာသော ညအခါသမယတွင် ဖြစ်သည်။
လေအေးတစ်ချက် ဖျတ်ခနဲ တိုက်ခတ်သွားသည်နှင့်အမျှ ရွှီချင်းသည် နည်းနည်းမျှ ရပ်နားသွားခြင်းမရှိဘဲ သားရေအင်္ကျီကိုသာ တင်းတင်းကြပ်ကြပ် လုံအောင်ခြုံလိုက်သည်။
သူ့တွင် မပြီးပြတ်သေးသော တာဝန်တစ်ခု ရှိသေးသည်ဖြစ်၍ ညကြီးအချိန်မတော် စခန်းတစ်လျှောက် သတိထားသွားနေလေသည်။
လမ်းတွင် သွားများဖြဲကာ သူ့ဆီ ထိုးဝင်လာသော ခွေးရိုင်းအနည်းအကျဉ်းကို သူ မြင်လိုက်ရသည်။ သို့သော် သူသည် ၎င်းတို့အား အေးတိအေးစက် စိုက်ကြည့်လိုက်သည်နှင့် သူ့ကိုယ်ပေါ်မှ သွေးညှီနံ့များကို အာရုံခံမိသွားသောကြောင့်ထင် ၎င်းတို့သည် အသာလှည့်ထွက်သွားကြ၏။
ရွှီချင်းသည် ခွေးရိုင်းများထံမှ အကြည့်လွှဲလိုက်ပြီး သူ့လမ်းသူ ဆက်သွားနေသည်။
စခန်းအလယ်ခေါင်ရှိ အိမ်တစ်အိမ်၏နောက်ဖေးကို သူ ရောက်သွားသောအခါ အမှောင်ထုထဲ တိုးဝင်၍ ထိုစံအိမ်ကြီးအား အဝေးမှ အသက်မဲ့စွာ လှမ်းကြည့်နေသည်။
ထိုနေရာတွင် တဟုန်းဟုန်းလောင်ကျွမ်းနေသည့် မီးပုံပွဲအရိပ်အယောင်များ ရှိနေသည်။
ဖက်တီးရှန်က မြင်းလေးနှင့်ခွဲထွက်ကာ ဤနေရာသို့ သွားခြင်းဖြစ်ကြောင်း ရွှီချင်း မှတ်မိနေသည်။ သို့ဖြစ်၍ ညအချိန် ဖက်တီးရှန် ထွက်လာမည့်အချိန်ကို သူ စိတ်ရှည်စွာ စောင့်နေချင်သည်။
ရိုးတွင်းခြင်ဆီခိုက်လုမတတ် အအေးဓာတ်က သူ့ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်လာပါသော်လည်း မှင်သက်မိနေသည့်အလား သူ့ခန္ဓာကိုယ်သည် မလှုပ်မယှက်ရှိနေပြီး စိတ်ရှည်စွာ သူ စောင့်နေလေသည်။
ထိုစဉ် သူ့နောက်ရှိ အဆောက်အအုံတစ်လုံး၏ ခေါင်မိုးထက်တွင် အမှတ်ခုနစ်သခင်ကြီးနှင့် အစေခံတို့ ရှိနေသည်။ အမှတ်ခုနစ်သခင်ကြီးသည် မှောင်ရိပ်ခိုကာ စောင့်နေသော ရွှီချင်းကိုကြည့်၍ ပြုံးသွားသည်။
“ ငါ ခန့်မှန်းထားသလို ဒီဝံပုလွေပေါက်လေးက ကျူပင်ခုတ်ကျူငုတ်မကျန်အောင် ရှင်းပစ်တော့မှာပဲ ”
“ ဒီအဘိုးကြီးတော့ မျှော်လင့်ချက်ကြီးကြီး ထားမိနေပြီဟေ့။ ဒီကောင်လေးသာ စခန်းဘေးက တားမြစ်နယ်မြေထဲ ဝင်သွားရင် ဘယ်လိုတွေလုပ်ပြမယ်မသိဘူး ”
အမှတ်ခုနစ်သခင်ကြီးသည် ဆောင့်ကြောင့်ထိုင်၍ စိတ်ဝင်တစား လှမ်းကြည့်ရင်း သူ့ဘေးရှိ အစေခံကို ပြောနေသည်။
အစေခံသည်လည်း ပြုံး၍ အမှတ်ခုနစ်သခင်ကြီးဘေးတွင် ထိုင်ကာ အဝေးရှိ ရွှီချင်းကို အကဲခတ်နေသည်။
အချိန်များ ကုန်လွန်သွားပြီး တစ်နာရီကျော် ကြာပြီးနောက် ရွှီချင်းသည် တဖြည်းဖြည်း မျက်မှောင်ကြုတ်လာ၏။ သူသည် တွေးတောပြီးနောက် လှည့်ပြန်ကာ အမှောင်ထုထဲ လျှောက်သွားလေသည်။ သူသည် တစ္ဆေတစ်ကောင်အလား တိတ်တဆိတ် ရောက်ချလာကာ တိတ်တဆိတ်ပင် ထွက်ခွာသွားလေသည်။
သို့သော်လည်း သူသည် ခေါင်းဆောင်လဲ့၏ နေအိမ်သို့ တန်းတန်းမတ်မတ် မပြန်ဘဲ ဘေးပတ်လည်ကို တစ်ပတ်ပတ်လိုက်သည်။
တစ်ယောက်မှ သူ့နောက် လိုက်မနေကြောင်း သေချာသွားသောအခါ ခေါင်းဆောင်လဲ့၏ ခြံကို ပြန်လာခဲ့သည်။
အခန်းထဲ ရောက်ပြီးနောက် သူသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ အအေးဓာတ် ပျောက်သွားစေရန် လက်နှစ်ဖက်ကို ပွတ်လိုက်သည်။
ထို့နောက် သူ့ကိုယ်ပေါ်ရှိ သွေးများကို သုတ်လိုက်၏။ ပြီးသည်နှင့် ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စဉ်းစားတွေးတောနေတော့သည်။
“ ဒီရတနာမုဆိုးတွေက တာဝန်တွေကို အချိန်အတိအကျ လုပ်တာမဟုတ်ဘူး။ ကံကောင်းသွားတာက မြင်းလေးက ငထန်ကောင်ဆိုတော့ အချိန်အတော်ကြာတဲ့အထိ သူ သေသွားတာကို တစ်ယောက်မှ သိမှာမဟုတ်ဘူး။ ဒီတော့ ဖက်တီးရှန်ကလည်း သတိမထားမိလောက်ဘူး ”
“ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်အတွက် ဖက်တီးရှန်ကိုလည်း တတ်နိုင်သလောက် မြန်မြန် ရှင်းပစ်တာ အကောင်းဆုံးပဲ ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။
နွားရိုင်းကြီးအား သတ်ဖြတ်စဉ်အခါကအတိုင်း ယခုလောလောဆယ် သူသည် ရတနာမုဆိုးစခန်းထဲတွင် ရှိနေသည်ဖြစ်၍ သူ့အသက်ကို ခြိမ်းခြောက်လာနိုင်သည့် အန္တရာယ်များအား ခွင့်မပြုနိုင်ချေ။
မြင်းလေးကို သူ သတ်ဖြတ်ခဲ့သည်မှာ သူ၏ပစ္စည်းအား လုယူကာ သူ့ကို ခြိမ်းခြောက်လာခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။ ဖက်တီးရှန်ကိုလည်း ထိုအကြောင်းပြချက်ကြောင့်ပင် ရှင်းပစ်ရန် သူ ပြင်ဆင်နေခြင်း ဖြစ်သည်။
အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် ရွှီချင်းသည် အိတ်ရှုံ့ထဲမှ မြင်းလေး၏ပစ္စည်းများကို ထုတ်ယူကာ ဂရုတစိုက် စစ်ဆေးလိုက်သည်။
အများစုက တိုလီမိုလီပစ္စည်းများသာ ဖြစ်ပြီး ပါဝင်ပစ္စည်းတစ်မျိုးမျိုးကဲ့သို့ လက်တစ်ဝါးအရွယ် သာမန်သံပြားလေးတစ်ပြားလည်း ရှိနေသည်။
ယင်းအပြင် ဝိညာဉ်ကြေးပြား ခုနစ်ဆယ်ကျော်ရှိပြီး ရွှီချင်းအတွက်မူ များပြားလှသော ငွေကြေးပမာဏတစ်ရပ် ဖြစ်သည်။
သူသည် ပစ္စည်းများကို စေ့စေ့စပ်စပ် ရေတွက်လိုက်ပြီးနောက် အဖြူရောင်ဆေးလုံးများကို ထုတ်လိုက်သည်။ မြင်းလေး၏အဖြူရောင်ဆေးလုံးများနှင့် သူ့အဖြူရောင်ဆေးလုံးများကို နှိုင်းယှဉ်ကြည့်ပြီးနောက် ထိုအဖြူရောင်ဆေးလုံးများက အရည်အသွေးကောင်းမွန်ခြင်းမရှိသလို လတ်ဆတ်ခြင်းမရှိသည်ကို တွေ့ရှိသွားသည်။
သို့ဖြစ်၍ ဆိုင်ရှင်၏စကားများက ခုနစ်ဆယ်ရာခိုင်နှုန်း မှန်ကန်သည်ကို သူ လက်ခံလာသည်။
အတန်ငယ်တွေးတော၍ ရွှီချင်းသည် ဆေးလုံးတစ်လုံးကို မျိုချလိုက်သည်။ ပြီးသည်နှင့် မျက်လုံးများမှိတ်ကာ ဆေးအာနိသင်ကို ခံစားလိုက်သည်။
မကြာခင် သူ့ခန္ဓာကိုယ်ထဲတွင် ပူနွေးသောစီးကြောင်းလေးတစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ ထိုစီးကြောင်းလေးသည် သူ့ဘယ်ဖက်လက်မောင်းရှိ သန္ဓေပြောင်းအမှတ်ပေါ် စုစည်းသွားပြီး သူ ပေါ့ပါးသွားသည့်ခံစားချက်တစ်ခု ရလိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ထိုခံစားချက်ကလေး ပျောက်သွားသည်။ ရွှီချင်းသည် မျက်လုံးများဖွင့်ကာ သူ့ဘယ်ဖက်လက်မောင်းကို ချက်ချင်း ကြည့်လိုက်သည်။ သန္ဓေပြောင်းအမှတ်နှစ်မှတ်သည် အနည်းငယ် အရောင်လျော့သွားပြီး တဆစ်ဆစ်နာကျင်ကိုက်ခဲနေသော ခံစားချက်သည်လည်း အတန်ငယ် လျော့ကျသွားသည်။
“ ဒါ အာနိသင်ရှိတာပဲ ”
ရွှီချင်း၏မျက်ဝန်းများထဲတွင် ဝမ်းသာပျော်ရွှင်သည့်အရိပ်အငွေ့များ ယှက်သန်းသွားပြီး နောက်တစ်လုံး ထပ်သောက်လိုက်သည်။
တူညီသော ခံစားချက်ကလေး ဖြစ်တည်လာပြီး ထိုခံစားချက် ပျောက်ကွယ်သွားသည်နှင့်အတူ နာကျင်မှုသည်လည်း ပျောက်ကွယ်သွားသည်။
သူသည် ခန္ဓာကိုယ်ထဲရှိ အေးစက်စက်ခံစားချက်တစ်ခုကို အာရုံရလိုက်ပြီး သူ့အသွေးအသားများ သန့်စင်ခံနေရသည့်အလား လွန်စွာ ပေါ့ပါးနေတော့သည်။ ရွှီချင်းသည် သူ၏အမြန်နှုန်းနှင့် ခွန်အား အနည်းငယ် တိုးတက်သွားသည်ကို အာရုံခံမိလိုက်သည်။
သူက လက်ကျန်ဆေးလုံးများကို ဆက်မသောက်တော့ဘဲ သားရေအိတ်ရှုံ့ထဲတွင်ထည့်ကာ မျက်လုံးများမှိတ်၍ ကျင့်ကြံလိုက်သည်။
ညသည် ပကတိ တိတ်ဆိတ်ငြိမ်သက်နေ၏။
နောက်တစ်နေ့မနက်ခင်းတွင် ရွှီချင်းသည်မျက်လုံးများဖွင့်၍ အပြင်သို့ လျှောက်လာသည်။
သူ အခန်းတံခါးကို တွန်းဖွင့်လိုက်စဉ် ခြံထဲတွင် တင်ပျဉ်ခွေထိုင်ကာ ဝင်လေထွက်လေရှုမှတ်နေသော ခေါင်းဆောင်လဲ့အား မြင်လိုက်ရသည်။
ရွှီချင်းသည် ခေါင်းဆောင်လဲ့ကို မနှောင့်ယှက်တော့ဘဲ ခြံတံခါးအား အသာအယာ ဖွင့်၍ ပြန်ပိတ်ကာ ထွက်ခွာသွားသည်။
ယနေ့ တိုက်ခတ်နေသောလေညင်းကလေးများသည် ယမန်နေ့ညနှင့်စာလျှင် ပို၍ပင် အေးစက်နေဟန်တူသည်။ လေအတိုက်ခံလိုက်ရသောလူသည် အလိုလို အေးစက်တုန်ရီသွားပေမည်။ ခွေးရိုင်းများသည်ပင် သူတို့ဂူများထဲတွင် ဝပ်နေကြပြီး အပြင်သို့ ထွက်မလာကြပေ။
ရွှီချင်းသည် သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်စဉ် သူ့ရှေ့မှ အဖြူရောင်အခိုးအငွေ့များကို မြင်လိုက်ရပြီး ဆင်းရဲသားရပ်ကွက်တွင် နေထိုင်ခဲ့စဉ်က ဆိုးဝါးသောအမှတ်တရများ သူ့ခေါင်းထဲ ပြန်ပေါ်လာသည်။
အအေးဓာတ်ကို သူ မုန်းတီးသည်။
အိမ်ခြေရာမဲ့များအတွက် လေအေးများသည် ကပ်ဘေးတစ်ခုပင်။ သူတို့သည် အသက်ရှင်သန်ရန်အလို့ငှာ ခက်ခက်ခဲခဲ ရုန်းကန်ကြရပေ၏။
ထိုစဉ် ရွှီချင်းသည် အဝတ်ဆိုင်တစ်ဆိုင်ကို ကျော်ဖြတ်လာရင်း တုံ့ခနဲ ရပ်သွားကာ ဆိုင်ထဲတွင် ချိတ်ထားသော ထူထပ်သန့်ရှင်းသည့် အဝတ်အစားများကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏သားရေအိတ်ရှုံ့လေးကို စမ်းကြည့်ကာ ဆိုင်ထဲဝင်သွားလေသည်။
ဆိုင်ထဲတွင် စျေးဝယ်များစွာ မရှိချေ။ ရွှီချင်းသည် ဆိုင်ထဲရောက်သည်နှင့် နံရံတွင် ချိတ်ထားသော အဝတ်အစားများကို စူးစိုက်၍ ကြည့်နေသည်။
ကောင်တာရှိ ဆိုင်ရှင်သည် ရွှီချင်းကိုကြည့်၍ အနှောင့်အယှက်မပေးဘဲ ဘေးတွင်ရှိနေသော ဆိုင်အလုပ်သမားကို ညွှန်ကြားလိုက်သည်။
“ ဆိုင်နောက်ကိုသွားလိုက်။ အဲဒီမှာ အရင်လတုန်းက အပ်ထားပြီး မယူဖြစ်သွားတဲ့ အဝတ်အစားတွေကို ဆိုင်ရှေ့ကို ယူလာခဲ့ ”
“ ဒါပေမဲ့ အဲဒီအပ်ထားတဲ့လူက ပြန်ရောက်လာပြီး အဝတ်အစားတွေ လာယူမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ”
ဆိုင်အလုပ်သမားသည် ချီတုံချတုံဖြစ်နေပြီး သူ့ကိုကြည့်ရသည်မှာ ဆိုင်တွင်လုပ်သည်မှာ မကြာသေးဟန်တူသည်။
“ ဘယ်လိုလုပ်ပြန်ရောက်မှာတုံး။ ဒီစခန်းထဲမှာ လူတွေက နေ့မြင်ညပျောက်ပဲ။ တချို့က တားမြစ်နယ်မြေမှာ သေတယ်။ တချို့ကျတော့လဲ သဲလွန်စရှာမရအောင် ပျောက်သွားကြတယ်။ တစ္ဆေတွေပဲ ပြန်လာလိမ့်မယ်။ ငါခိုင်းတဲ့အတိုင်းသာ မြန်မြန်လုပ်စမ်းပါ ”