အခန်း ၂၈၁
Vol. 29 Ch. 281
အခန်း (၂၈၁)
ဂေါက်ကွင်းရဲ့ စာရင်းကောင်တာမှာ မျက်နှာနုနုနယ်နယ်နဲ့ ဝန်ထမ်းအမျိုးသမီးအသစ်လေးတစ်ယောက် ရှိနေပါတယ်။
ပတ်ယောင်ဂျာက ဘာမှမပြောဘဲ အထဲကို ဒီအတိုင်း ဝင်သွားဖို့ ကြိုးစားတဲ့အခါ ဝန်ထမ်းမလေးက လှမ်းပြောလိုက်တယ်။
"အဖွဲ့ဝင်ကတ် ဒါမှမဟုတ် မှတ်ပုံတင်လေး ပြပေးလို့ ရမလားရှင့်"
"...... ဘာ"
ပတ်ယောင်ဂျာက အံ့ဩမှင်သက်တဲ့ မျက်နှာပေးနဲ့ ဝန်ထမ်းမလေးကို စိုက်ကြည့်လိုက်တယ်။ ဝန်ထမ်းမလေးက ယဉ်ယဉ်ကျေးကျေးပဲ ပြန်ရှင်းပြတယ်။
"ဒီနေရာက အဖွဲ့ဝင်တွေပဲ ဝင်လို့ရတာမလို့ ဝင်ဖို့အတွက် အဖွဲ့ဝင်ကတ် လိုအပ်ပါတယ်ရှင့်"
"အခု လက်ထဲမှာ ပါမလာဘူး"
"ဪ... ဒါဆိုရင် အဖွဲ့ဝင်နံပါတ်လေး ပြောပေးရင် ကျွန်မ ရှာပေးပါ့မယ်ရှင့်"
ပုံမှန်ဆိုရင်တော့ ပတ်ယောင်ဂျာက ဒီအတိုင်းပဲ ကျော်ဖြတ်သွားမှာ ဖြစ်ပေမဲ့ ဒီနေ့တော့ ဘာဖြစ်လို့လဲမသိဘူး ရင်ထဲမှာ ဒေါသတွေ တလိပ်လိပ် တက်လာခဲ့တယ်။
'ငါသာ ထိပ်သီးအုပ်စု ၁၀ ခုထဲက ဥက္ကဋ္ဌကတော်ဆိုရင် သူ ငါ့ကို မမှတ်မိဘဲ နေမလား'
ပတ်ယောင်ဂျာက ဒေါသကို မြိုသိပ်ပြီး အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။
"နင်က ဒီကို ရောက်ခါစမလို့ ဘာမှ သိပ်မသိသေးတဲ့ပုံပဲ၊ ဒီမှာ ငါ့ကိုမသိတဲ့လူ တစ်ယောက်မှ မရှိဘူး။ နင်ကတော့ ငါ့ကို ဒီလိုမျိုး လာလုပ်တဲ့ ပထမဆုံး ဝန်ထမ်းပဲ"
ဝန်ထမ်းမလေးက စိတ်အိုက်သွားပေမဲ့ ပြောစရာ ရှိတာကိုတော့ ဆက်ပြောတယ်။
"တောင်းပန်ပါတယ်ရှင့်။ ကျွန်မတို့ဘက်က အဖွဲ့ဝင်ကတ်ကို သေချာစစ်ဆေးဖို့ လိုအပ်လို့ပါ"
သူ မနည်းထိန်းထားရတဲ့ ဒေါသတွေက ပေါက်ကွဲထွက်သွားတော့တယ်။
"နင်က အခု ငါပြောတာကို အဖတ်မလုပ်တာလား။ ငါပြောတဲ့ စကားကို စကားလို မကြားရဘူးလား"
"မ... မဟုတ်ပါဘူးရှင့်၊ အဲဒီလို မဟုတ်ပါဘူး။ တကယ်လို့ အဖွဲ့ဝင်နံပါတ်ကို မမှတ်မိရင် နာမည်လေးပဲ ဖြစ်ဖြစ် ပြောပေးပါဦး..."
ဝန်ထမ်းမလေးကတော့ သူ ဘာမှားသွားလဲဆိုတာ အခုထိ မသိသေးပါဘူး။ ဘာလို့လဲဆိုတော့ သူက လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်နေတာလေ။
"အတော်ရိုင်းစိုင်းတဲ့ ကောင်မ"
ဖြန်း
ပတ်ယောင်ဂျာက လက်ကို လွှဲပြီး ရိုက်ချလိုက်တာကြောင့် ပါးကို အရိုက်ခံလိုက်ရတဲ့ ဝန်ထမ်းမလေးက လန့်ဖျတ်သွားပြီး ဘာလုပ်ရမှန်း မသိ ဖြစ်သွားတယ်။
သူက ဝန်ထမ်းမလေးကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်တယ်။
"အခုချက်ချင်း တောင်းပန်စမ်း"
သူနဲ့အတူ လာခဲ့ကြတဲ့ အမျိုးသမီးတွေထဲက ဘယ်သူမှလည်း ဝင်ပြီး တားဖို့ မစဉ်းစားကြဘူး။
အရှိန်အဝါကြီးမားတဲ့ ဖိအားကြောင့် ဝန်ထမ်းလေးမက ရှိုက်ကြီးတငင် ငိုရင်းနဲ့ ပြောလိုက်ရရှာတယ်။
"တ... တောင်းပန်ပါတယ်"
ဒါပေမဲ့ ဒါနဲ့တင် ပတ်ယောင်ဂျာရဲ့ ဒေါသက ပြေမသွားပါဘူး။
"အဲဒီလိုမျိုး တောင်းပန်တာလား။ ဒီနေရာမှာ ဒူးထောက်ပြီး သေသေချာချာ တောင်းပန်စမ်း။ ငါ စကားတစ်ခွန်း ပြောလိုက်တာနဲ့ ဒီမှာ ရှိတဲ့လူတွေအားလုံးရဲ့ အဖွဲ့ဝင်ကတ်ကို ပယ်ဖျက်ပြီး ဒီနေရာကို ပိတ်ပစ်လို့ ရတယ်။ အလုပ်ပြုတ်မသွားချင်ရင် အခုချက်ချင်း ဒူးထောက်စမ်း"
ဝန်ထမ်းမလေးအတွက် ဒီအလုပ်က မနည်း ကြိုးစားပြီး ဝင်ထားရတဲ့ အလုပ်ဖြစ်ပါတယ်။
ကိစ္စတွေ ပိုပြီး မကြီးထွားလာစေဖို့အတွက် သူ ခိုင်းတဲ့အတိုင်း လုပ်ရုံမှတစ်ပါး တခြားမရှိတော့ပါဘူး။
"ဟင့်... တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ဝန်ထမ်းမလေးက ငိုယိုပြီး ဒူးထောက်တော့မယ့် အချိန်မှာပဲ...
ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က သူ့ကိုယ်လေးကို လှမ်းပြီး တွဲပေးလိုက်တယ်။
"အဆင်ပြေရဲ့လား"
သူကတော့ စောစောတုန်းက စောင့်ဆိုင်းရမယ့် ခုံတန်းလျားပေါ်မှာ ထိုင်နေတဲ့ အဲဒီအမျိုးသမီးပါပဲ။
ပတ်ယောင်ဂျာကတော့ အံ့ဩသွားတယ်။
'ဒီမိန်းမက ဘာမလို့ ဝင်ပါနေရတာလဲ'
အဲဒီအသက်လတ်ပိုင်း အမျိုးသမီးက ငိုနေတဲ့ ဝန်ထမ်းမလေးကို နှစ်သိမ့်ပေးပြီး ပတ်ယောင်ဂျာကို လှမ်းပြီး ကန့်ကွက်တယ်။
"ဘာလုပ်နေတာလဲ။ ဧည့်သည်ဆိုပေမဲ့ ဝန်ထမ်းကို ဘာလို့ ရိုက်ရတာလဲ"
"သူ မှားလို့ ရိုက်တာ။ အဲဒါ ဘာဖြစ်လဲ"
အဲဒီအခါ အဲဒီအမျိုးသမီးက ပြန်ချေပတယ်။
"ကျွန်မ စောစောကတည်းက ကြည့်နေတာ၊ ဝန်ထမ်းက ဘာမှားလို့လဲ။ တကယ်လို့ တစ်ခုခု မှားသွားတယ်ဆိုရင်တောင် စနစ်တကျ ကန့်ကွက်ရမှာပေါ့၊ ဒီလိုမျိုး အကြမ်းဖက်တာက မှန်ကန်တဲ့ ကိစ္စလား"
ပတ်ယောင်ဂျာက လက်ပိုက်လိုက်ပြီး မေးလိုက်တယ်။
"ကျွန်မ ဘယ်သူလဲဆိုတာ သိလား"
အဲဒီစကားကြောင့် သက်လတ်ပိုင်း အမျိုးသမီးက ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ ဒီအတိုင်း မေးလိုက်ရုံနဲ့ သူက ဘယ်သူလဲဆိုတာ ဘယ်လိုလုပ် သိမှာလဲ။
"ဘ... ဘယ်သူမလို့လဲ"
"ချီးပဲ... ပညာမတတ်တဲ့လူတွေနဲ့စကားကိုမပြောချင်ဘူး"
"ဘ... ဘာပြောတယ်"
"ရှင်က ဘယ်မိသားစုကလဲ"
"မိ... မိသားစု ဟုတ်လား"
"ရှင့် မိသားစုက ဘာအလုပ်လုပ်လဲ"
သက်လတ်ပိုင်း အမျိုးသမီးက ကြောင်တောင်တောင်နဲ့ ပြန်ဖြေတယ်။
"ကျွန်မ သားက OTK ကုမ္ပဏီမှာ အလုပ်လုပ်ပါတယ်..."
အဲဒီအခါ သူ့နောက်က အမျိုးသမီးတွေက တဟားဟား ရယ်မောကြတော့တယ်။
"အမလေး... သူ့သားက OTK ကုမ္ပဏီမှာ အလုပ်လုပ်သတဲ့"
"အဲဒါက ဂုဏ်ယူစရာကြီးကျနေတာပဲ"
"ဟိဟိ... ကြားတဲ့လူဆိုရင် သူ့သားက ကန်ဂျင်ဟူ ကိုယ်တိုင်လို့ ထင်နေကြဦးမယ်"
ပတ်ယောင်ဂျာက သူ့ကို ဆက်ပြီး စကားမပြောချင်တော့တဲ့ ပုံစံနဲ့ ဝန်ထမ်းမလေးကို ကြည့်ပြီး ပြောလိုက်တယ်။
"စကားဆက်ပြီးတောင် ပြောချင်စိတ် မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက နင့်ကြောင့် ဖြစ်တာဆိုတော့ ငါ မန်နေဂျာကို ခေါ်ပြီး ပြဿနာမရှာခင် မြန်မြန် ဒူးထောက်ပြီး သေသေချာချာ တောင်းပန်စမ်း"
သက်လတ်ပိုင်း အမျိုးသမီးက ဝန်ထမ်းလေးရဲ့ အရှေ့ကနေ ကာကွယ်ပေးလိုက်တယ်။
"တော်လိုက်တော့။ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ"
ပတ်ယောင်ဂျာက အဲဒီအမျိုးသမီးကို ကြည့်ပြီး ပြောတယ်။
"ဒါမှမဟုတ်ရင် ရှင်ကပဲ သူ့အစား ဒူးထောက်လိုက်လေ။ ဒါဆိုရင် ဘာမှမဖြစ်ခဲ့သလိုမျိုး သဘောထားပေးမယ်"
အဲဒီအခါ သူနဲ့အတူ လာတဲ့ အမျိုးသမီးတွေကလည်း တခစ်ခစ်ရယ်ပြီး ဝင်ပြောကြတယ်။
"အမလေး... အဲဒါဆိုရင် ကောင်းတာပေါ့"
"ဝန်ထမ်းဆိုတာက ဖောက်သည်တွေကို သေသေချာချာ မှတ်မိပြီး ကောင်းကောင်း ဆက်ဆံရမှာ သဘာဝပဲလေ"
"မှားတဲ့လူကတော့ တောင်းပန်ရမှာပေါ့"
"ရှင်က တခြားလူကိုပဲ စာနာတတ်ချင်ယောင်ဆောင်ပြီး ကိုယ်တိုင်ကျတော့ မလုပ်နိုင်ဘူးလို့ ပြောမှာတော့ မဟုတ်ပါဘူးနော်"
သက်လတ်ပိုင်း အမျိုးသမီးက ဘာလုပ်ရမှန်း မသိ ဖြစ်နေတဲ့ အချိန်မှာပဲ စမတ်ကျကျ ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ဝင်လာခဲ့တယ်။
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ"
သူကတော့ တခြားသူမဟုတ်ဘဲ ဒီဟိုတယ်ရဲ့ ပိုင်ရှင် ဖြစ်တဲ့ စီအီးအို လင်ဆိုမီ ပါပဲ။ သူ ရောက်လာတာကို မြင်တော့ အားလုံး လန့်သွားကြတယ်။
ပြဿနာရှာတတ်တဲ့ ဖောက်သည်တွေက စီအီးအို ရောက်လာတဲ့အခါ ပိုပြီး အသံကျယ်လာတတ်ကြပေမဲ့ အဲဒါကလည်း ဘယ်သူလဲဆိုတဲ့အပေါ် မူတည်တယ်လေ။
ဒီနေရာမှာ ရှိနေတဲ့လူတွေထဲမှာ ဆိုဆောင်း အုပ်စုကို သွားပြီး ဆန့်ကျင်ရဲတဲ့ သတ္တိရှိသူ တစ်ယောက်မှ မရှိပါဘူး။
ပတ်ယောင်ဂျာက ရင်းရင်းနှီးနှီးပဲ နှုတ်ဆက်လိုက်တယ်။
"မတွေ့ရတာ ကြာပြီနော်"
စီအီးအို လင်ဆိုမီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။ ဝန်ထမ်းလေးက ပါးကို အုပ်ပြီး ရှိုက်ငိုနေတာကို မြင်ရုံနဲ့တင် သူ အခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားပါပြီ။
'နေရာတကာမှာ အာဏာအလွဲသုံးစားလုပ်တဲ့ ကိစ္စတွေကြောင့် ရှုပ်ထွေးနေတာကို သူတို့တွေကတော့ အခုထိ သတိမဝင်ကြသေးဘဲ ဒီလိုတွေ လုပ်နေကြတုန်းပဲ'
သူတို့ရဲ့ စိတ်နေစိတ်ထားက ဘယ်လိုပဲဖြစ်ဖြစ် ထိပ်သီးအုပ်စု ၁၀ ခုထဲက ချေဘောတွေကတော့ လူထုရဲ့ အမြင်ကို ကြောက်တာကြောင့် တတ်နိုင်သမျှ ကိုယ့်ကိုကိုယ် ထိန်းချုပ်ကြပါတယ်။ ဒါပေမဲ့ ဒီလို အလယ်အလတ်တန်းစား ချေဘောတွေကသာ ပတ်ဝန်းကျင် အခြေအနေကို မသိဘဲ သောင်းကျန်းတတ်ကြတာပါ။
"ဝန်ထမ်းက တစ်ခုခုကို မသိလို့ ကျွန်မက နည်းနည်း ဆုံးမပေးနေတာပါ"
ပတ်ယောင်ဂျာရဲ့ စကားကို စီအီးအို လင်ဆိုမီက အေးစက်တဲ့ အသံနဲ့ ပြန်ပြောတယ်။
"ကျွန်မတို့ ဟိုတယ် ဝန်ထမ်းတွေကို ဆုံးမတာက ကျွန်မ အလုပ်ပါ။ ရှင်က ဘာမလို့ လာပြီး ဆုံးမတယ်လို့ ပြောနေတာလဲ"
အခြေအနေက ချက်ချင်းပဲ အေးစက်စက်ဖြစ်သွားတော့တယ်။
'ဟွန်း။ အောက်ခြေ ဝန်ထမ်းလေးတစ်ယောက်ကို ပါးလေး တစ်ချက် ရိုက်မိတာကို သူက အတည်ကြီး လုပ်နေတာပဲ'
ပတ်ယောင်ဂျာက ပြုံးပြုံးလေးနဲ့ပဲ ပြောလိုက်တယ်။
"ဒီတိုင်း သတိလေး ပေးရုံတင်ပါ"
အဲဒီအချိန်မှာပဲ သက်လတ်ပိုင်း အမျိုးသမီးက ဝမ်းသာအားရ မျက်နှာပေးနဲ့ လှမ်းခေါ်လိုက်တယ်။
"ဆိုမီ"
အဲဒီစကားကြောင့် အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြတယ်။ ကိုရီးယားမှာ စီအီးအို လင်ဆိုမီကို ဒီလိုမျိုး လှမ်းခေါ်ရဲတဲ့လူ ဘယ်နှစ်ယောက် ရှိလို့လဲ။
ဒါပေမဲ့ ပိုပြီး အံ့ဩဖို့ကောင်းတာက စီအီးအို လင်ဆိုမီရဲ့ တုံ့ပြန်မှုပါပဲ။
သူက ဝမ်းသာအားရ နှုတ်ဆက်ပြီး သက်လတ်ပိုင်း အမျိုးသမီးရဲ့ လက်ကို လှမ်းကိုင်လိုက်တယ်။
"ရောက်နေတာလား။ ကျွန်မတို့တွေ နေ့လယ်စာ အတူစားကြတာပေါ့"
"အင်း"
အဲဒီစကားကြောင့် ပတ်ယောင်ဂျာရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။
"အာ... အချင်းချင်း သိကြတာလား"
"ဟုတ်ပါတယ်"
"စဉ်းစားကြည့်တော့ ရှင်တို့အားလုံး သူ့ကို သိကြမှာ မဟုတ်သေးဘူးပဲ။ ဒါက စီအီးအို ကန်ဂျင်ဟူရဲ့ အမေပါ"
သူက ဘာမှမဟုတ်သလိုမျိုး ပြောလိုက်တာ ဖြစ်ပေမဲ့ အဲဒီစကားရဲ့ ရိုက်ခတ်မှုကတော့ အလွန်ပြင်းထန်ခဲ့တယ်။
လူတွေက အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်။ အထူးသဖြင့် ပတ်ယောင်ဂျာကတော့ စိတ်ရူးပေါက်မတတ် တုန်လှုပ်သွားခဲ့တာပါ။
'စီ... စီအီးအို ကန်ဂျင်ဟူ ဟုတ်လား... ဒါဆို OTK ကုမ္ပဏီပေါ့။ ဒီမိန်းမက ကန်ဂျင်ဟူရဲ့ အမေလား။ ကြည့်တော့ ရိုးရိုး အန်တီကြီးတစ်ယောက်လိုပဲလေ'
စဉ်းစားကြည့်ရင် ဒါက သဘာဝကျပါတယ်။
ကန်ဂျင်ဟူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတင် ချမ်းသာလာခဲ့တာပါ။ အဲဒီမတိုင်ခင်တုန်းက ကန်ဂျင်ဟူရဲ့ မိသားစုက လူလတ်တန်းစားတွေထက်တောင် ပိုပြီး ဆင်းရဲခဲ့တာလေ။
'ဒီလိုမျိုး လာတိုးမိရတယ်လို့ကွာ'
ချွန်ဂန်း အုပ်စုက စီးပွားရေးလောကရဲ့ အဆင့် ၂၂ မှာ ရှိတယ်ဆိုပေမဲ့ OTK ကုမ္ပဏီနဲ့ ယှဉ်ရင်တော့ လမ်းဘေးက ကုန်စုံဆိုင်လေးလောက်တောင် မရှိပါဘူး။ တကယ်လို့ ကန်ဂျင်ဟူကသာ စိတ်ကူးရှိရင် သူတို့ကို စီးပွားရေးလောကထဲကနေ လုံးဝ မောင်းထုတ်ပစ်လို့ ရပါတယ်။
လူတိုင်းက OTK ကုမ္ပဏီရဲ့ မျက်နှာသာရဖို့ စိတ်အားထက်သန်နေကြတာကို သူက ဒီလို အမှားကြီး မှားမိလိုက်တာပါ။
ပတ်ယောင်ဂျာက ချက်ချင်း မျက်နှာထား ပြောင်းလိုက်ပြီး ပြောလိုက်တယ်။
"အ... အမလေး။ အစ်မကြီးရယ်။ စောစောကတည်းက ပြောရောပေါ့။ နောက်ဆိုရင် ကျွန်မ အမြဲတမ်း လာပြီး ဂါရဝပြုမယ်နော်"
သူ့ရဲ့ သဘောထား ပြောင်းလဲမှုက မြန်လွန်းလိုက်တာ။
အခြေအနေက ချက်ချင်းပဲ အေးစက်တဲ့ လေတွေ တိုက်ခတ်သွားသလိုမျိုး ငြိမ်ကျသွားတယ်။
ပတ်ယောင်ဂျာက သူနဲ့အတူ လာတဲ့လူတွေကို လှည့်ကြည့်လိုက်တယ်။ သူတို့က နောက်ဘက်ကို အလိုအလျောက် ဆုတ်သွားကြပါပြီ။ သူနဲ့ ကင်းကင်းရှင်းရှင်း နေဖို့ ကြိုးစားနေကြတဲ့ ပုံပါပဲ။
သူတို့တွေ ဒီနေရာကနေ ထွက်သွားတာနဲ့ စီးပွားရေးလောကထဲမှာ ကောလာဟလတွေ ပျံ့နှံ့သွားမှာကတော့ သေချာတယ်။ ဒီလိုကိစ္စမျိုးကြောင့်ပဲ သူဟာ အမျိုးမျိုးသော အသင်းအဖွဲ့တွေထဲကနေ ဖယ်ကြဉ်ခံရလောက်ပါတယ်။
'ငါ... ငါ ဘာလုပ်ရမလဲ'
သူ ခေါင်းခြောက်အောင် စဉ်းစားနေတဲ့ အချိန်မှာပဲ စီအီးအို လင်ဆိုမီက ဘယ်ဆီကိုမသိ ဖုန်းလှမ်းဆက်လိုက်တယ်။
"ဟဲလို၊ စီအီးအို ကန်ဂျင်ဟူ။ အစ်မကြီးမှာ ပြဿနာတစ်ခုခု ဖြစ်ရင် ချက်ချင်း ဖုန်းဆက်ပါဆိုလို့ပါ။ အခု ချွန်ဂန်း အုပ်စုက သူဌေးကတော်နဲ့ အနည်းငယ် ပြဿနာဖြစ်နေလို့၊ ဒီဘက်ကို လာပေးလို့ ရမလား"
အဲဒီစကားကြောင့် ပတ်ယောင်ဂျာတင်မကဘဲ သူနဲ့အတူ ရှိနေတဲ့ အမျိုးသမီးတွေပါ မျက်နှာတွေ ပြာနှမ်းကုန်ကြတယ်။
တိုတောင်းတဲ့ ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီးနောက် သူက ပြုံးပြီး ပြောလိုက်တယ်။
"စီအီးအို ကန်ဂျင်ဟူက သူ့ရဲ့ အစီအစဉ်တွေအားလုံးကို ဖျက်ပြီး အခုချက်ချင်း ဒီကို လာနေပြီတဲ့"
ပတ်ယောင်ဂျာက နောက်ထပ် ဘာမှ မစဉ်းစားတော့ဘဲ ကင်မီဂျာရဲ့ အရှေ့မှာ ချက်ချင်း ဒူးထောက် လဲကျသွားတော့တယ်။
"တ... တောင်းပန်ပါတယ်။ အစ်မကြီး။ ကျွန်မ မိုက်မဲလို့ အစ်မကြီးကို မမှတ်မိဘဲ ရိုင်းစိုင်းမိသွားပါတယ်"
"ဘာ... ဘာလို့ ဒီလို လုပ်နေရတာလဲ"
ပတ်ယောင်ဂျာက ကင်မီဂျာရဲ့ ဘောင်းဘီအနားသတ်ကို ဆွဲကိုင်ပြီး ခေါင်းကို မြေကြီးထိအောင် ငုံ့ချလိုက်တယ်။
"ကျွန်မက သေထိုက်တဲ့ မိန်းမပါ။ ကျွန်မ တကယ် မှားသွားတာမလို့ ကျေးဇူးပြုပြီး တစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ"
ကင်မီဂျာက ပျာပျာသလဲနဲ့ ပြောတယ်။
"မ... မဟုတ်ဘူးလေ။ ကျွန်မကို မဟုတ်ဘဲ ဝန်ထမ်းကို တောင်းပန်ရမှာမဟုတ်ဘူးလား"
အဲဒီအခါ ပတ်ယောင်ဂျာက စောစောတင် ပါးရိုက်ခဲ့တဲ့ ဝန်ထမ်းလေးကို လှမ်းပြီး တောင်းပန်တိုးလျှိုးတော့တယ်။
"တောင်းပန်ပါတယ်။ အရမ်း နာသွားလား။ စိတ်ကျေနပ်တဲ့အထိ ကျွန်မ ပါးကို ပြန်ပြီး ပြင်းပြင်းထန်ထန် ပြန်ရိုက်ပါ"
(အင်္ဂလိပ်ဘာသာပြန်မှာ Kim Mijaလို့ အစကရေးတာပါ။ အခုအပိုင်းကစပြီး Choi Mijaလို့ပြောင်းရေးထားပါတယ်။ ကန်ဂျင်ဟူရဲ့အဖေမဟုတ်ဘဲ အမေဆိုတော့ ရှေ့မျိုးရိုးနာမည် မတူဘူးလို့ဘဲ ယူဆလို့ ကင်မီဂျာလို့ဘာသာပြန်ထားခဲ့တာပါ။ အခုအပိုင်းကစပြီး အင်္ဂလိပ်ဘာသာပြန်မှာ Choi Mijaလို့ ပြောင်းရေးထားပြန်ပါတယ်။ ဒါပေမဲ့ အရင်ပြန်ခဲ့တဲ့အတိုင်းပဲ ကင်မီဂျာလို့ ဆက်သုံးပါမယ်။ နောက်ပိုင်း ကင်မီဂျာဘက်က မိသားစုတွေဘာတွေပေါ်လာခဲ့သည်ရှိသော်၊ မိသားစုတွေရဲ့ မျိုးရိုးနာမည်က ကင်မဟုတ်ဘဲ ချွိုင်းမျိုးရိုးဖြစ်နေရင်တော့ အဲ့ကျမှ ချွိုင်းမီဂျာလို့ ပြောင်းသုံးပါမယ်ရှင်။)
ကိုရီးယားကို ပြန်ရောက်တာ ၁၀ ရက်လောက် ရှိသွားပါပြီ။
ဒီအတောအတွင်း ကိုရီးယားမှာ အပူလှိုင်းဒဏ်ကို အလူးအလဲ ခံနေရတာပါ။ ပူရုံတင်မကဘဲ အသက်ရှူရတာတောင် ကြပ်တည်းလာတဲ့အထိပါပဲ။
မိုးလေဝသဌာနက နေ့တိုင်း အပူလှိုင်း သတိပေးချက်တွေ ထုတ်ပြန်နေပြီး အပြင်ထွက် အလုပ်လုပ်တာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ သတိပေးနေတယ်။
အစည်းအဝေး ပြီးလို့ ပြန်ရောက်လာတဲ့ စီနီယာ ဆန်းယော့က ရေအေးတွေကို တရစပ် သောက်ရင်း နဖူးက ချွေးတွေကို သုတ်နေပါတယ်။
"ပူလိုက်တာ၊ အရမ်းပူတာပဲ။ ရာသီဥတုက ဘာဖြစ်နေတာလဲမသိဘူး"
"အဲလောက်တောင် ပူလား"
"မပြောပါနဲ့တော့။ ဩစတြေးလျမှာတောင် ဒီလောက် မပူဘူး"
ငယ်ငယ်တုန်းကတော့ ကိုရီးယားမှာ ထင်ရှားတဲ့ ရာသီလေးခု ရှိတယ်လို့ သင်ခဲ့ရပေမဲ့ အခုတော့ နွေရာသီနဲ့ ဆောင်းရာသီပဲ ကျန်တော့တဲ့ပုံပါပဲ။ နွေရာသီကလည်း ပိုပြီး ပူလာသလို၊ ဆောင်းရာသီကလည်း ပိုပြီး အေးလာတာပါ။
ဒါကြောင့်မလို့ ကျွန်တော် အပြင်မထွက်ဘဲ အထဲမှာပဲ အောင်းနေမိတယ်။ အပြင်သွားစရာ သီးသန့် အကြောင်းရင်းလည်း မရှိလို့လေ။
တက်ဂယူက ရုံးမှာတောင် ဂိမ်းဆော့နေပြီး ကျွန်တော်ကတော့ စာအုပ်အထူကြီးတစ်အုပ်ကို ဖတ်နေမိတယ်။ ပါမောက္ခ မိုဟန်ရဲ့ စာအုပ်အသစ်ဖြစ်တဲ့ 'The Big One, Aftermath' ပေါ့။ စကားမစပ်၊ အဲဒီစာအုပ်က ကမ္ဘာ့အရောင်းရဆုံး စာအုပ်စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတာ ပတ်တော်တော်ကြာပါပြီ။
စာအုပ်မူပိုင်ခွင့် ဝင်ငွေတင်မကဘဲ အများကြီး ရမှာ ဖြစ်ပေမဲ့ သူက အဲဒီငွေတွေအားလုံးကို ငလျင်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းဖို့ စီစဉ်ထားတယ်။
တက်ဂယူက မေးတယ်။
"ဖတ်လို့ ကောင်းလား"
"အကြောင်းအရာကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ နည်းနည်း ပျင်းဖို့ကောင်းတယ်"
ဒါပေမဲ့လည်း အခက်အခဲတွေကို အတူတူ ဖြတ်ကျော်ခဲ့ဖူးတဲ့ သံယောဇဉ်ကြောင့် ကျွန်တော် ဆုံးအောင် ဖတ်နေမိတာပါ။ အခုတော့ ဖတ်လို့ ပြီးခါနီးနေပါပြီ။
"နိဂုံးက ဘာတဲ့လဲ"
"ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ်တဲ့"
"ဟင်... အဲဒါက နိဂုံးလား"
ပါမောက္ခ မိုဟန်က ငလျင်ထက်စာရင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ မူမမှန်တဲ့ ရာသီဥတု အခြေအနေတွေကို ပိုပြီး စိုးရိမ်နေခဲ့တာပါ။
ကမ္ဘာ့အပူချိန်က ဆယ်စုနှစ်တွေအတွင်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး အပူချိန်တက်လာတဲ့ ရလဒ်အနေနဲ့ မူမမှန်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနိုင်ခြေ ပိုများလာတယ်။
အပူလှိုင်းတွေ၊ အအေးလှိုင်းတွေ၊ မိုးခေါင်တာတွေ၊ ရေကြီးတာတွေ၊ တိုင်ဖုန်းမုန်တိုင်းတွေ စတာတွေပေါ့။
ငလျင်က ကမ္ဘာမြေကြီး အတွင်းပိုင်းက စွမ်းအင်တွေကြောင့် ဖြစ်တာမလို့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ မူမမှန်တဲ့ ရာသီဥတု အခြေအနေတွေကတော့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်လာတာပါ။ ဒါကြောင့်မလို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ် မူတည်ပြီး ကာကွယ်တာနဲ့ ပြင်ဆင်တာတွေ လုပ်လို့ ရပါတယ်။
တကယ်တော့ မူမမှန်တဲ့ ရာသီဥတု အခြေအနေတွေက တစ်နှစ်ထက်တစ်နှစ် ပိုပြီး ဆိုးရွားလာနေတာပါ။ ကိုရီးယားတင်မကဘဲ တခြားနိုင်ငံတွေမှာလည်း အပူလှိုင်းဒဏ်ကို ခံနေကြရတာပါပဲ။
ဥရောပနဲ့ ဂျပန်မှာတော့ အပူလှိုင်းကြောင့် လူပေါင်း ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရပြီးပြီဖြစ်သလို၊ အမေရိကန်မှာလည်း နေရာအနှံ့အပြားမှာ တောမီးတွေ လောင်ကျွမ်းနေတာကို ငြိမ်းသတ်နိုင်မယ့် အရိပ်အယောင်တောင် မရှိသေးပါဘူး။
လူတိုင်း သိကြတဲ့အတိုင်း ဒီလိုဖြစ်ရတဲ့ အကြီးမားဆုံး အကြောင်းရင်းက ကမ္ဘာကြီး ပူနွေးလာမှုကြောင့်ပါပဲ။ စက်မှုတော်လှန်ရေး ကာလကတည်းက ရုပ်ကြွင်းလောင်စာတွေ သုံးစွဲမှုက သိသိသာသာ တိုးပွားလာခဲ့ပြီး ကမ္ဘာ့အပူချိန်ကလည်း မြင့်တက်လာခဲ့တယ်။
ဒါကတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးပေါ့။
ဒါပေမဲ့ ဒီလို ဖြစ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေက ဖွံ့ဖြိုးပြီး နိုင်ငံတွေထက်စာရင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုပြီး ကြီးမားတတ်ပါတယ်။ သူတို့က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝ မခံစားရဘဲ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ အတူတူ မျှဝေခံစားနေကြရတာပါ။
စီနီယာ ဆန်းယော့က ဆိုဖာပေါ်မှာ ထိုင်ပြီး ကိုကာကိုလာ သောက်ရင်း ပြောလိုက်တယ်။
"နိုင်ငံရေးသမားတွေက မင်းနဲ့ ဆုံခွင့်ရဖို့ ငါ့ကို ခဏခဏ လာပြီး တောင်းဆိုနေကြတယ်"
"အာဏာရပါတီလား၊ အတိုက်အခံပါတီလား"
"နှစ်ခုလုံးပဲ။ နိုင်ငံရေးသစ်ပါတီက လွှတ်တော်အမတ်တွေလည်း ပါတယ်"
"သူတို့နဲ့ ဆုံပြီး ဘာလုပ်ရမှာလဲ"
"ဒီတိုင်း ထမင်းအတူစားပြီး ဂေါက်ရိုက်ဖို့ပေါ့"
ကျွန်တော် ခေါင်းခါလိုက်တယ်။
"အာ... ဒါဆိုရင်တော့ မဆုံနိုင်ဘူး။ ကျွန်တော် ဂေါက်မရိုက်တတ်ဘူး"
နိုင်ငံရေးသမားတွေ ဘာလို့ ဂေါက်ရိုက်တာကို ဒီလောက် သဘောကျကြလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ ဘောလုံးကန်တာ ဒါမှမဟုတ် ဘတ်စကတ်ဘော ကစားတာမျိုးတွေ မလုပ်ကြဘူးလား။
တက်ဂယူက ပြောတယ်။
"မင်းက ဂေါက်ရိုက်တာ တော်တာပဲလေ။ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် hole-in-one တောင် ရခဲ့သေးတယ် မဟုတ်ဘူးလား"
"...... အဲဒါက အွန်လိုင်း ဂေါက်ဂိမ်းထဲမှာလေ"
အဲဒီလိုမျိုး သတ်မှတ်ကြေးဆိုရင်တော့ သူ့ကို အားကစား အစုံရတဲ့ လူလို့ ပြောလို့ ရတာပေါ့။
"ဘာပဲဖြစ်ဖြစ် နိုင်ငံရေးသမားတွေနဲ့တော့ မပတ်သက်ချင်ဘူး။ သူတို့နဲ့ ပတ်သက်မိရင် ကောင်းမှာ မဟုတ်ဘူးလို့ ထင်တယ်"
စီနီယာ ဆန်းယော့က ခေါင်းညိတ်တယ်။
"မင်းပြောတာ ဟုတ်မှာပါ။ ငါတို့ဘက်ကလည်း သူတို့ဆီကနေ အကူအညီ တောင်းစရာ ဘာမှကို မရှိတာလေ"
ကျွန်တော်တို့ အားလုံး အေးအေးဆေးဆေး နားနေကြတဲ့ အချိန်မှာပဲ ဥက္ကဋ္ဌ လင်ဂျင်ယုံ ဆီကနေ ဖုန်းလာခဲ့တယ်။
"ဆွေးနွေးချင်လို့ပါ၊ အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့၊ အဆင်ပြေပါတယ်"
"အခုချက်ချင်း အဲဒီဘက်ကို လာခဲ့ပါ့မယ်"
ဖုန်းချပြီး မိနစ် ၃၀ တောင် မပြည့်သေးခင်မှာပဲ ဥက္ကဋ္ဌ လင်ဂျင်ယုံ ကုမ္ပဏီကို ရောက်လာခဲ့တယ်။
"ဘာကိစ္စ ရှိလို့လဲ"
ဥက္ကဋ္ဌ လင်ဂျင်ယုံက ခေါင်းခဲနေတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။
"ဒေဟူး သင်္ဘောကျင်း လုပ်ငန်းကို လွှဲပြောင်းရယူမယ့် ကိစ္စကြောင့်ပါ"
"အာ... ကျွန်တော် သတင်းထဲမှာ တွေ့လိုက်တယ်"
ဒေဟူး သင်္ဘောကျင်း ဆိုတာကတော့ နာမည်အတိုင်းပဲ ဒေဟူး အုပ်စုရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဒေဟူး အုပ်စုက လုပ်ငန်းစွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေကြောင့် ဒေဝါလီခံခဲ့ရတယ်။
မူလတုန်းကတော့ ဒေဟူး သင်္ဘောကျင်းကလည်း အဲဒီအချိန်မှာပဲ ပြိုလဲသွားသင့်တာ ဖြစ်ပေမဲ့ မော်တော်ကားနဲ့ သင်္ဘောကျင်း လုပ်ငန်းတွေက နိုင်ငံတော် စီးပွားရေးအပေါ် သက်ရောက်မှု ကြီးမားတာကြောင့် လွယ်လွယ်နဲ့ အပျက်ခံလို့ မရပါဘူး။
ဒါကြောင့်မလို့ ပြည်သူ့ဘဏ္ဍာ (နိုင်ငံတော် အခွန်ငွေ) တွေကို ရင်းနှီးမြှုပ်နှံပြီး ကယ်တင်ခဲ့ရတာ ဖြစ်လို့ အခုအချိန်မှာတော့ ကိုရီးယား ဖွံ့ဖြိုးရေးဘဏ်က အဓိက ရှယ်ယာရှင် ဖြစ်နေတာပါ။ တကယ်တမ်းကျတော့ ပြည်သူပိုင် လုပ်ငန်းတစ်ခုလို ဖြစ်နေတာပေါ့။
ဒါပေမဲ့ အဲဒီအတိုင်း အမြဲတမ်း ထားလို့မရတာကြောင့် ရောင်းချဖို့ ကြိုးစားနေတာ ကြာပြီဖြစ်ပြီး လက်ရှိမှာတော့ ဆိုဆောင်း စက်မှုလုပ်ငန်းကြီးက ဝယ်ယူမယ့်သူတွေထဲမှာ အလားအလာအရှိဆုံး အဖွဲ့အစည်းအဖြစ် ပြောဆိုနေကြပါတယ်။
"တကယ်ပဲ လွှဲပြောင်းရယူမှာလား"
ဥက္ကဋ္ဌ လင်ဂျင်ယုံက ခပ်ပြုံးပြုံးပဲ ဖြေတယ်။
"လက်ရှိ အစိုးရနဲ့ ငါတို့ရဲ့ ဆက်ဆံရေးကို ထောက်ထားရင်တော့ ယူသင့်တာပေါ့။ ဒါပေမဲ့ ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေတယ်"