← Chapters

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း (၂၈၂)

" ဟန်ဂျင် ရေကြောင်းပို့ဆောင်ရေး လုပ်ငန်း ဒေဝါလီခံရမှုမှာ ကြည့်ရင် လက်ရှိ ကမ္ဘာ့ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းက အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်း ညံ့ဖျင်းတာက သင်္ဘောကျင်း လုပ်ငန်းကိုပါ ထိခိုက်စေတာပေါ့။ ဒေဟူး သင်္ဘောကျင်းက နိုင်ငံရေးလောကကနေ ကြားဖြတ်ဝင်လာတဲ့ ပုဂ္ဂိုလ်တွေကြောင့် စီမံခန့်ခွဲမှုပိုင်းမှာ ပျက်စီးခဲ့ရတာ။ ပြင်ပ ဒါရိုက်တာတွေနဲ့ အမြဲတမ်း အကြံပေးတွေလို ရာထူးနေရာတွေကိုတောင် နိုင်ငံရေးသမားတွေနဲ့ပဲ ဖြည့်ခဲ့ကြတာလေ။ ဒါကြောင့်မလို့ အစိုးရအဖွဲ့ ပြောင်းလဲတိုင်း စီမံခန့်ခွဲမှုကလည်း လိုက်ပြောင်းခဲ့ရတယ်။ ပတ်ဆီဟျွန်း ခေတ်တုန်းကတော့ လေဘာပါတီက နိုင်ငံရေးသမားတွေ ဖြစ်ပြီး၊ အခုတော့ နိုင်ငံရေးသစ်ပါတီက နိုင်ငံရေးသမားတွေ ဖြစ်နေပြန်ရော။ ဒါကို ကြည့်ရင် သူတို့က ရှေးရိုးစွဲဝါဒီပဲဖြစ်ဖြစ်၊ တိုးတက်ပြောင်းလဲရေးဝါဒီပဲဖြစ်ဖြစ် ကိုယ့်လူကိုယ် အုပ်စုဖွဲ့ တဲ့နေရာမှာတော့ အတူတူပဲဆိုတာ သိသာတယ်။ အရေးပေါ် စီမံခန့်ခွဲမှု လုပ်ဖို့တောင် မလွယ်ကူတဲ့ အခြေအနေမှာ ကုမ္ပဏီကို အစိုးရရဲ့ အကြိုက်လိုက်ပြီး လည်ပတ်နေကြတာဆိုတော့ ကုမ္ပဏီက ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ"

"ငွေတိုက်စာချုပ် သက်တမ်းကုန်ဆုံးမယ့် ရက်ကလည်း မကြာခင် ရောက်တော့မှာဆိုတော့ ပြန်ဆပ်ရမယ့် ပမာဏက မနည်းဘူးလေ"

" Rolloverကိုကော မလုပ်ဘူးလား"

Rollover ဆိုတာ သက်တမ်းကုန်ဆုံးမယ့် ရက်ကို တိုးမြှင့်လိုက်တာကို ပြောတာ ဖြစ်ပါတယ်။

"ငါတို့တွေ တစ်ကြိမ်တော့ လုပ်ခဲ့ပြီးပြီ။ ဘာပဲဖြစ်ဖြစ် ပိုင်ဆိုင်မှုက အကြွေးထက် ပိုများနေတာမလို့ ပြန်မဆပ်နိုင်တာမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ငွေတိုက်စာချုပ်ဝယ်ထားသူတွေဘက်ကတော့ အတိုးနှုန်း ပိုပြီး လိုချင်ကြမှာပဲ"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"အစိုးရဘဏ္ဍာငွေတွေ ထပ်ပြီး ထည့်ဝင်ရမယ့်အပေါ် လူထုရဲ့ ဝေဖန်မှုကို စိုးရိမ်လို့ အစိုးရက ရောင်းချဖို့ ပြန်ပြီး တွန်းအားပေးနေတဲ့ ပုံပဲ"

တကယ်လို့ လုပ်ငန်း အခြေအနေတွေသာ ကောင်းမွန်နေမယ်ဆိုရင် ချေဘောအုပ်စုတွေက စိတ်ဝင်စားကြမှာ ဖြစ်ပေမဲ့ အခုလို အခြေအနေမျိုးမှာ လွှဲပြောင်းရယူတာက ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ ဖြစ်လာမှာပါ။

ဒီလို အခြေအနေမျိုးမှာ နိုင်ငံရေးသစ်ပါတီက ဦးဆောင်ပြီး ဒေဟူး သင်္ဘောကျင်းကို ဆိုဆောင်း စက်မှုလုပ်ငန်းနဲ့ ပူးပေါင်းဖို့ ပြောဆိုသံတွေ ထွက်လာခဲ့တယ်။ ပူးပေါင်းတယ်လို့ ပြောတာက ကြားလို့ကောင်းပေမဲ့ တကယ်တမ်းကျတော့ အတင်းအဓမ္မ ထိုးထည့်ပေးလိုက်တဲ့ သဘောပါပဲ။

"အခု ဒေဟူး သင်္ဘောကျင်းရဲ့ ဈေးကွက်တန်ဖိုးက ဘယ်လောက်ရှိလဲ"

"ဝမ် သိန်းပေါင်း ၂ ကုဋေ မပြည့်ရုံလေးပါ"

ကိုရီးယား ဖွံ့ဖြိုးရေးဘဏ်ရဲ့ ရှယ်ယာပိုင်ဆိုင်မှုက ၅၈ ရာခိုင်နှုန်း ရှိပါတယ်။

"ရှယ်ယာတွေကို ရောင်းချတဲ့အခါ Block Deal (အမြောက်အမြား တစ်ခါထဲ အရောင်းအဝယ်ပြုလုပ်ခြင်း) အနေနဲ့ပဲ ဖြစ်လာမှာပဲ။ တကယ်လို့ သူတို့ဘက်က အတင်းအဓမ္မ ထိုးထည့်ပေးချင်နေတာဆိုရင် ဈေးလျှော့ပေးနိုင်ခြေ မရှိဘူးလား"

အမြောက်အမြား တစ်ခါထဲ အရောင်းအဝယ်ပြုလုပ်တဲ့ Block Deal မှာတော့ ဈေးနှုန်းက ဝယ်သူနဲ့ ရောင်းသူကြားက အင်အားပြိုင်မှုအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။ ဝယ်သူက ပိုပြီး လိုချင်နေရင် ဈေးကွက်ပေါက်ဈေးထက် ပိုပေးရတတ်ပြီး၊ ရောင်းသူက ပိုပြီး ရောင်းချင်နေရင်တော့ ဈေးလျှော့ပေးရတတ်တယ်။

ဒေဟူးသင်္ဘောကျင်းကို လွှဲပြောင်းရယူဖို့အတွက်ဆိုရင် ဝမ် သိန်းပေါင်း ၁ ကုဋေလောက်နဲ့ လုံလောက်မှာပါ။

"ဝယ်လိုက်ရုံနဲ့တင် ကိစ္စက ပြီးသွားတာ မဟုတ်ဘူးလေ။ ကုန်သေတ္တာတင် သင်္ဘောတွေနဲ့ LNG သင်္ဘောတွေက လက်ရှိ လုပ်ငန်းတွေနဲ့ ဆက်ပြီးလက်တွဲလုပ်ဆောင်လို့ရပေမဲ့ ပင်လယ်ပြင် အခြေစိုက် စက်ရုံတွေကတော့ အဲဒီလို မဟုတ်ဘူး"

ကိုရီးယားက တစ်ချိန်တုန်းက သင်္ဘောကျင်း လုပ်ငန်းမှာ ကမ္ဘာ့နံပါတ်တစ် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တရုတ် သင်္ဘောကျင်း ကုမ္ပဏီတွေက နည်းပညာတွေကို မြှင့်တင်ပြီး ဈေးနှုန်းသက်သာစွာနဲ့ ကမ္ဘာ့အမှာစာတွေကို သိမ်းကျုံးယူသွားခဲ့တာကြောင့် ကိုရီးယား ကုမ္ပဏီတွေ အခက်အခဲကြီးစွာ ကြုံတွေ့ခဲ့ရတယ်။

ဒါကြောင့်မလို့ ပြည်တွင်း သင်္ဘောကျင်း ကုမ္ပဏီတွေက တန်ဖိုးမြင့်မားတဲ့ တခြားလုပ်ငန်းတွေဘက်ကို အာရုံပြောင်းခဲ့ကြတယ်။ အဲဒီထဲက တစ်ခုကတော့ ပင်လယ်ပြင် အခြေစိုက် စက်ရုံတွေပါပဲ။ ပင်လယ်ပြင် အခြေစိုက် စက်ရုံဆိုတာကတော့ ပင်လယ်ရေအောက်က သယံဇာတတွေကို ထုတ်ယူဖို့အတွက် ပင်လယ်ပြင်မှာ တည်ဆောက်ထားတဲ့ စက်ရုံတွေကို ပြောတာပါ။

ဒေဟူး သင်္ဘောကျင်းနဲ့ တခြားပြည်တွင်း သင်္ဘောကျင်း ကုမ္ပဏီတွေက ထိပ်တန်း သင်္ဘောကျင်း ကုမ္ပဏီတွေ ကြီးစိုးထားတဲ့ အဲဒီဈေးကွက်ကို ရည်မှန်းချက်ကြီးကြီးနဲ့ စိန်ခေါ်ခဲ့ကြတယ်။

ဒါပေမဲ့ အဲ့လိုစိန်ခေါ်တာက နောက်ဆုံးမှာတော့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကိုပဲ ဖြစ်ပေါ်စေခဲ့တယ်။

ထုတ်လုပ်မှု အတွေ့အကြုံ မရှိတာနဲ့ အဓိက ဒီဇိုင်းပိုင်းအတွက် နိုင်ငံခြားကို အမှီပြုနေရတာတွေက ပြဿနာ ဖြစ်ခဲ့ပေမဲ့ အကြီးမားဆုံး အကြောင်းရင်းကတော့ ဈေးပြိုင်စနစ်မှာ ဈေးလျှော့ပေးခဲ့ကြလို့ပါပဲ။

ရလဒ်အနေနဲ့ အမြင်တွေ ကွဲပြားခဲ့ကြတယ်၊ တစ်ဖက်ကတော့ သူတို့မှာ နည်းပညာတွေ ရှိနေပြီဖြစ်လို့ ဆက်ပြီး တွန်းအားပေးချင်ကြပြီး၊ နောက်တစ်ဖက်ကတော့ ပိုပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ရှောင်လွှဲဖို့အတွက် ပြန်လည် ဆုတ်ခွာချင်ကြတယ်။

နောက်ပိုင်းမှာ ရေနံဈေးနှုန်းတွေ ဆက်တိုက် ကျဆင်းလာတာကြောင့် အမှာစာတွေပါ လျော့နည်းသွားခဲ့ပြီး ပင်လယ်ပြင် အခြေစိုက် စက်ရုံကဏ္ဍက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာခဲ့ရတယ်။

တကယ်လို့ လုပ်ငန်း အခြေအနေတွေသာ တိုးတက်မလာဘူးဆိုရင် ဒါကို လွှဲပြောင်းယူလိုက်တာက ထပ်မံ ဆုံးရှုံးမှုတွေကိုပဲ ဖိတ်ခေါ်သလို ဖြစ်နေမှာပါ။

တက်ဂယူက မေးတယ်။

"ဒါဆိုရင် လွှဲပြောင်းမယူဘဲ နေလိုက်ရုံပဲ မဟုတ်ဘူးလား"

ဥက္ကဋ္ဌ လင်ဂျင်ယုံက ခေါင်းခါလိုက်တယ်။

"နိုင်ငံရေးလောကရဲ့ သဘောထားကိုလည်း ငဲ့ရဦးမှာ ဖြစ်သလို၊ ဒါကလည်း မကောင်းတဲ့ ပိုင်ဆိုင်မှုမျိုးတော့ မဟုတ်လို့ မယူဘဲ နေလို့မရဘူး"

ဒါက လူကြီးတွေရဲ့ အခြေအနေလို့ ခေါ်တဲ့အရာလား။

ဘယ်လို အစိုးရအဖွဲ့ပဲ အာဏာရလာပါစေ၊ ချေဘောတွေ... အထူးသဖြင့် ဆိုဆောင်း အုပ်စုကတော့... အမျိုးမျိုးသော မျက်နှာသာပေးမှုတွေကို ရရှိခဲ့ကြတာပဲ။ ဒါကြောင့်မလို့ သူတို့အနေနဲ့ နိုင်ငံရေးလောကရဲ့ ရည်ရွယ်ချက်တွေကို လျစ်လျူရှုလို့ မရပါဘူး။

ပြီးတော့ စက်မှုလုပ်ငန်း ကဏ္ဍကို လုံးဝ စွန့်လွှတ်ဖို့ မစဉ်းစားထားဘူးဆိုရင်တော့ ဒီအခွင့်အရေးမှာ ကိုယ့်ရဲ့ လုပ်ငန်းပမာဏကို ချဲ့ထွင်လိုက်တာကလည်း မဆိုးလှပါဘူးလေ။

"မင်းကော သင်္ဘောကျင်း ကဏ္ဍကို စိတ်ဝင်စားလား"

သူ ဒီကို လာခဲ့တာက ကျွန်တော့်ကို ဒါကို မေးဖို့အတွက် ဖြစ်ပုံရတယ်။

ကျွန်တော်က သိပ်ပြီး စိတ်မဝင်စားပါဘူးလို့ ပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ မျက်စိအရှေ့မှာ တစ်ခုခုက ဖျတ်ကနဲ လက်သွားခဲ့တယ်။

-- ဟာရီကိန်း ရက်ကေက မြောက်ပင်လယ် ရေနံတွင်းတွေကို ဝင်ရောက်တိုက်ခတ် --

ဥက္ကဋ္ဌ လင်ဂျင်ယုံ ထွက်သွားတာနဲ့ တက်ဂယူက ချက်ချင်း မေးတော့တယ်။

"အခုကော ဘာကို မြင်လိုက်တာလဲ"

ကျွန်တော် မြင်လိုက်ရတဲ့ အရာကို သူ့ကို ပြောပြလိုက်တယ်။

တက်ဂယူက လန့်သွားပြီး မေးတယ်။

"မြောက်ပင်လယ် ဟုတ်လား။ အဲဒါ အင်္ဂလန်နားက မဟုတ်ဘူးလား"

"ဟုတ်တယ်"

မြောက်ပင်လယ် ဆိုတာကတော့ ဥရောပတိုက်ရဲ့ အပေါ်ဘက်၊ အင်္ဂလန်ရဲ့ ညာဘက်မှာ ရှိတဲ့ ပင်လယ်ပြင် ဖြစ်ပါတယ်။

အဲဒီနေရာက ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက ရေနံတွင်းတွေ ရှာဖွေတွေ့ရှိခဲ့တာကြောင့် လူသိများလာခဲ့တာပါ။ ထွက်ရှိတဲ့ ရေနံစိမ်းက ကန့်ဓာတ်ပါဝင်မှု နည်းပါးတဲ့ အရည်အသွေးမြင့် ရေနံစိမ်း အမျိုးအစား ဖြစ်ပြီး၊ ကမ္ဘာ့ထိပ်သီး ရေနံစိမ်း သုံးမျိုးထဲက တစ်ခု ဖြစ်တဲ့ Brent crude ပဲ ဖြစ်တယ်။

မြောက်ပင်လယ် ရေနံတွင်းတွေက ပတ်ဝန်းကျင် နိုင်ငံတွေဆီကို ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုတွေကို သယ်ဆောင်လာပေးခဲ့တယ်။

ဒါကြောင့်မလို့ ယူကေ၊ နော်ဝေနဲ့ နယ်သာလန်လို နိုင်ငံတွေက ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေအဖြစ် ရောက်ရှိလာခဲ့ကြတာပါ။ ဒါပေမဲ့ ဒါကလည်း အကောင်းကြီးပဲတော့ မဟုတ်ဘူး။

နောက်ပိုင်းမှာ နယ်သာလန်က "Dutch disease" (ဒတ်ခ်ျရောဂါ) လို့ ခေါ်ရလောက်တဲ့အထိ စီးပွားရေး အကြပ်အတည်းကို ကြုံတွေ့ခဲ့ရတယ်။ ဒါက သယံဇာတ ကြွယ်ဝတဲ့ တခြားနိုင်ငံတွေမှာလည်း အတူတူပါပဲ။

ဒါကို "သယံဇာတ ကျိန်စာ" လို့ ခေါ်ကြပြီး အကြောင်းရင်း အမျိုးမျိုး ရှိပါတယ်။

ပထမဆုံးအနေနဲ့ သယံဇာတ ထုတ်ယူမှုက အလုပ်အကိုင် ဖန်တီးပေးနိုင်စွမ်း နည်းပါးပါတယ်။ နောက်ဆုံးမှာတော့ ကုမ္ပဏီ အနည်းငယ်နဲ့ အရည်အချင်းရှိတဲ့လူ အနည်းငယ်ပဲ သယံဇာတ ထုတ်ယူရောင်းချမှုကနေ အသက်မွေးနိုင်ကြပြီး ကျန်တဲ့လူတွေကတော့ အလုပ်လက်မဲ့ ဖြစ်ကျန်ခဲ့ကြတာပါ။

စီးပွားရေး မကောင်းတဲ့အခါ ငွေကြေးတန်ဖိုး ကျဆင်းပြီး ပို့ကုန်တွေ တိုးတက်လာရမှာ ဖြစ်ပေမဲ့ ဒီနိုင်ငံတွေမှာတော့ သယံဇာတ ရောင်းချလို့ ရလာတဲ့ ဒေါ်လာတွေက ပုံမှန် ဝင်နေတာကြောင့် စီးပွားရေး အတက်အကျနဲ့ မဆိုင်ဘဲ ငွေကြေးတန်ဖိုးက ထိုးတက်နေတတ်တယ်။

သဘာဝအတိုင်းပဲ ကုန်ထုတ်လုပ်မှုပိုင်းရဲ့ ယှဉ်ပြိုင်နိုင်စွမ်းက အားနည်းသွားရတော့တာပေါ့။ ဒါကြောင့်မလို့ အုပ်စုလိုက် သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတွေက တကယ်တမ်း ကုန်ထုတ်လုပ်မှုပိုင်းမှာ ကြီးမားတဲ့ ထုံထိုင်းမှုကို ကြုံတွေ့နေရတတ်တယ်။

ဘာပဲဖြစ်ဖြစ် စီးပွားရေးက ဒီနည်းနဲ့ လည်ပတ်နေရင်တောင် ကံကောင်းတာ ဖြစ်ပေမဲ့ သီးသန့် သယံဇာတတစ်ခုထဲအပေါ်ပဲ မှီခိုနေတဲ့ စီးပွားရေး တည်ဆောက်ပုံက ဈေးနှုန်းတွေ ထိုးကျသွားတာ ဒါမှမဟုတ် သယံဇာတတွေ ကုန်ခမ်းသွားတာမျိုး ဖြစ်လာရင်တော့ တစ်ခုလုံး ပြိုလဲသွားတတ်ပါတယ်။

နာအူရူးနဲ့ ဗင်နီဇွဲလားတို့က ထင်ရှားတဲ့ ဥပမာတွေပါပဲ။ အဲဒီလောက်အထိ မဟုတ်ရင်တောင် ရုရှား၊ ဘရူနိုင်း၊ ဆော်ဒီအာရေဗျ စတာတွေကလည်း ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် ဒုက္ခရောက်နေကြရတာပါ။

"ဒါပေမဲ့ သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတိုင်းက ဒီကျိန်စာထဲကို ကျရောက်သွားတာမျိုးတော့ မဟုတ်ဘူး၊ ကျိန်စာကနေ လွတ်မြောက်သွားတဲ့ နိုင်ငံတွေလည်း ရှားရှားပါးပါး ရှိတယ်"

အမေရိကန်က ရှေးလ်ရေနံနဲ့ ရှေးလ်ဂက်စ်တွေကို အများကြီး ထုတ်လုပ်နေပြီး တခြားသယံဇာတတွေလည်း အများကြီး ရှိပေမဲ့ ဒါတွေက အမေရိကန် စီးပွားရေးတစ်ခုလုံးနဲ့ ယှဉ်ရင်တော့ အနည်းငယ်လောက်ပဲ ရှိတာပါ။ ပြီးတော့ သူတို့ ထုတ်လုပ်တဲ့ သယံဇာတတွေအားလုံးကို ပြည်တွင်းမှာတင် သုံးစွဲနိုင်တာကြောင့် သယံဇာတ ကျိန်စာမိစရာ အကြောင်းမရှိပါဘူး။

မူလကတည်းက အမေရိကန်ရဲ့ စီးပွားရေး ပမာဏနဲ့ ဆိုရင်တော့ သယံဇာတကျိန်စာဆိုတဲ့ အထွေထွေ သီအိုရီတွေကို ကျော်လွန်နေတာ ဖြစ်လို့ပါ။

ပြီးတော့ မြောက်ပင်လယ် ရေနံတွင်းတွေ ရှိကြတဲ့ ယူကေ၊ နယ်သာလန်နဲ့ နော်ဝေတို့ကတော့ ရေနံနဲ့ ဂက်စ်တွေ ရောင်းချလို့ ရလာတဲ့ ငွေတွေနဲ့ အချုပ်အခြာအာဏာပိုင် ရန်ပုံငွေတွေကို တည်ထောင်တာ၊ တန်ဖိုးမြင့်မားတဲ့ လုပ်ငန်းတွေကို ပျိုးထောင်တာမျိုးတွေနဲ့ ကြိုးစားအားထုတ်ခဲ့ကြလို့ ကျိန်စာကနေ ကျော်လွှားနိုင်ခဲ့ကြတယ်။

ဒီနိုင်ငံတွေရဲ့ ထူးခြားချက်ကတော့ သယံဇာတကနေ ရလာတဲ့ အကျိုးအမြတ်တွေကို ဆင်ခြင်တုံတရားရှိရှိ ခွဲဝေပေးနိုင်တဲ့ ဒီမိုကရေစီ နည်းကျ ဆုံးဖြတ်ချက်ချစနစ် ရှိနေကြလို့ပါပဲ။ ဒါကြောင့်မလို့ သယံဇာတတွေကို ခြေကုပ်အဖြစ် သုံးပြီး တိုးတက်လာနိုင်ခဲ့ကြတာပါ။

ဒီလိုမဟုတ်တဲ့ နိုင်ငံတွေကတော့ သယံဇာတ ပိုင်ဆိုင်မှုကြောင့် ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားတတ်ပြီး၊ ဆိုးရွားရင် ပြည်တွင်းစစ်အထိတောင် ဖြစ်ပွားတတ်ကြတယ်။

တစ်နည်းအားဖြင့် ပြောရရင် ကိုရီးယားရဲ့ ကုန်ထုတ်လုပ်မှုပိုင်းက ဒီလောက်အထိ ကြီးထွားလာခဲ့ရတဲ့ အကြောင်းရင်းက ဘာသယံဇာတမှ ထူးထူးခြားခြား မရှိခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။

တက်ဂယူနဲ့ ကျွန်တော်က ဆက်စပ် ဗီဒီယိုတွေကို ရှာဖွေကြည့်လိုက်ကြတယ်။

ဟာရီကိန်း တိုက်ခတ်ခံရတဲ့ အချိန်မှာ အိမ်တွေနဲ့ ဂိုဒေါင်တွေက ချွင်းချက်မရှိ ပျက်စီးပြီး ကောင်းကင်ပေါ်ကို လွင့်ပျံသွားခဲ့ကြတယ်။ အဲဒီလိုမျိုး ကစဉ့်ကလျားဖြစ်သွားတဲ့ နေရာတွေက လုံးဝ အပျက်အစီးပုံတွေ ဖြစ်ကျန်ခဲ့ရတာပါ။

တက်ဂယူက အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်။

" တိုင်ဖုန်းမုန်တိုင်းတွေရဲ့ ကြမ်းတမ်းမှုကတော့ တကယ့်ကို စိတ်ကူးထဲကအတိုင်းပဲ"

တိုင်ဖုန်း၊ ဟာရီကိန်း၊ ဆိုင်ကလုန်းစတာတွေဟာ ဖြစ်ပွားတဲ့ ဒေသအပေါ် မူတည်ပြီး နာမည်တွေ ကွဲပြားတာ ဖြစ်ပေမဲ့ အားလုံးက အပူပိုင်း မုန်တိုင်းတွေချည်းပါပဲ။

နှစ်တိုင်း ဒီလိုအချိန်မျိုးဆိုရင် အမေရိကန်က ဟာရီကိန်းရဲ့ ခြိမ်းခြောက်မှုကို ခံရတတ်တယ်။ အမေရိကန်ကို ဟာရီကိန်း ဒါမှမဟုတ် လေဆင်နှာမောင်းတွေ ဝင်ရောက်မွှေနှောက်သွားတဲ့ မြင်ကွင်းတွေကို ကြည့်ရတာ တကယ့်ကို စိတ်ကူးထဲကထက် ပိုပြီး ဆိုးရွားပါတယ်။

အထင်ရှားဆုံး ဟာရီကိန်းကတော့ ၂၀၀၅ ခုနှစ်တုန်းက နယူးအော်လီယန်းကို တိုက်ခတ်ခဲ့တဲ့ ကတ်ထရီနာ ပါ။ အမေရိကန် တောင်ပိုင်းကို တိုက်ခတ်ခဲ့တဲ့ အဲဒီဟာရီကိန်းကြောင့် မြို့တစ်ခုလုံး ရေလွှမ်းမိုးခဲ့ရပြီး လူပေါင်း ၂,၀၀၀ နီးပါး သေဆုံးခဲ့ရသလို၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၅၀,၀၀၀ ကျော် ရှိခဲ့တယ်။

"ဥရောပကို ဒီလောက်အထိ ကြီးမားတဲ့ စူပါဟာရီကိန်းမျိုး ဝင်ရောက်ဖူးလို့လား"

ပုံမှန်ဆိုရင် ဟာရီကိန်းတွေက အမေရိကန် တောင်ပိုင်းကိုပဲ တိုက်ခတ်လေ့ရှိတာပါ။ ဒါပေမဲ့ လေဦးတည်ချက်အပေါ် မူတည်ပြီး ဥရောပဘက်ကို ရွေ့လျားသွားတာမျိုးလည်း မရှိတာတော့ မဟုတ်ပါဘူး။

"ပါမောက္ခ မိုဟန်ရဲ့ စာအုပ်ထဲမှာလည်း ဒီလို အကြောင်းအရာမျိုး ပါတယ်"

The Big One ဆိုတာက ၂၁ ရာစုအတွင်း၊ ၂၀ ရာစုကိုပါ အပါအဝင် အကြီးမားဆုံး ငလျင် ဖြစ်ခဲ့တာမလို့ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တာကတော့ သဘာဝကျပါတယ်။

ပါမောက္ခ မိုဟန်က ပင်လယ်ရေအောက် မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုတွေနဲ့ ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်း အပူရှိန် အခြေအနေတွေကို သေသေချာချာ စောင့်ကြည့်ရမယ်လို့ အခိုင်အမာ ပြောခဲ့ဖူးတယ်။ ဘာလို့လဲဆိုတော့ ဘယ်လို ရလဒ်မျိုးကို သယ်ဆောင်လာမလဲဆိုတာ မသိနိုင်လို့ပါပဲ။

သူက အရင်တုန်းကတော့ ပညာရှင်တွေကြားထဲမှာ ထူးဆန်းတဲ့လူတစ်ယောက် ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ သူက သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ပြီမလို့ သူ့ရဲ့ အမြင်တွေကို ချက်ချင်းပဲ လက်ခံခဲ့ကြပြီး ဘတ်ဂျက်တွေနဲ့ လူအင်အားတွေကိုပါ ချပေးခဲ့ကြတယ်။

ဘရာဇီးမှာ လိပ်ပြာတစ်ကောင် ခတ်လိုက်တဲ့ တောင်ပံခတ်သံက အမေရိကန်မှာ တော်နီဒိုတစ်ခု ဖြစ်လာနိုင်သလိုမျိုး၊ အခြေအနေ အမျိုးမျိုးကို ထည့်သွင်းစဉ်းစားရင် ဟာရီကိန်းတစ်ခုက မြောက်ပင်လယ် ရေနံတွင်းတွေကို မတိုက်ခတ်နိုင်စရာ အကြောင်းမရှိပါဘူး။

ဒီလို အကြောင်းပြချက်တွေကို ဖယ်ထားရင်တောင် အရေးအကြီးဆုံးကတော့ အနာဂတ်အမြင်က ပေါ်လာခဲ့ပြီလေ။

"အဲဒီဟာရီကိန်းက ဘယ်တော့လာမှာလဲ"

"အခု ရှာကြည့်ရမှာပေါ့"

တိုင်ဖုန်း ဒါမှမဟုတ် ဟာရီကိန်းတွေရဲ့ နာမည်တွေကို ကြိုတင် သတ်မှတ်ထားတဲ့ စာရင်းထဲကနေ အစီအစဉ်အတိုင်း ပေးလေ့ရှိကြတာပါ။ ဒါကြောင့်မလို့ နာမည်ကို သိရင် ဘယ်တော့လောက် ရောက်လာမလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းလို့ ရပါတယ်။

"တကယ်လို့ ဟာရီကိန်းက မြောက်ပင်လယ် ရေနံတွင်းတွေကို တိုက်ခတ်သွားရင် ဘာဖြစ်မလဲ"

"ပထမဆုံးအနေနဲ့ ရေနံဈေးနှုန်းတွေ တက်လာမှာပေါ့"

ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက မက္ကဆီကို ပင်လယ်ကွေ့ ကမ်းရိုးတန်းကို ဟာရီကိန်း ဝင်ရောက်တိုက်ခတ်ခဲ့တုန်းက အဲဒီဒေသရဲ့ ရေနံစိမ်းနဲ့ သဘာဝဂက်စ် ထုတ်လုပ်မှုက ၃၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားခဲ့ပြီး ရေနံဈေးနှုန်းတွေ ထိုးတက်ခဲ့ဖူးတယ်။

တကယ်လို့ မြောက်ပင်လယ် ရေနံတွင်း အဆောက်အဦးတွေက ဒီဟာရီကိန်းကြောင့် ပျက်စီးသွားမယ်ဆိုရင် ရေနံဈေးနှုန်း မြင့်မားမှုက တော်တော်ကြာကြာ ဆက်ရှိနေမှာပါ။

ဒါဆိုရင် ပင်လယ်ပြင် အခြေစိုက် စက်ရုံတွေက ပြန်ပြီး လူကြိုက်များလာနိုင်ခြေ ရှိတာပေါ့။

ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက ကြီးမားတာကြောင့် သာမန် ဈေးကွက်အများစုမှာတော့ ရင်းနှီးမှုပမာဏအကုန်လုံးကို ရင်းနှီးမြုတ်နှံလို့မရပေမဲ့ ရေနံဈေးကွက်ကတော့ အခြေအနေချင်း မတူပါဘူး။

ဒါက ငွေရှာဖို့အတွက် နောက်ထပ် အခွင့်အရေးကောင်းတစ်ခုပါပဲ။

"ငါတို့တွေ ဒီတစ်ကြိမ်မှာ ရှယ်ယာတချို့ကို အလကားနီးပါး ရအောင် ယူကြည့်ကြမလား"

ကျွန်တော် ဥက္ကဋ္ဌ လင်ဂျင်ယုံ ဆီကို ဖုန်းဆက်လိုက်တယ်။

"OTK ကုမ္ပဏီကလည်း ဒေဟူး သင်္ဘောကျင်းကို လွှဲပြောင်းရယူမယ့် ကိစ္စမှာ ရန်ပုံငွေ ထည့်ဝင်ပါ့မယ်"

ကျွန်တော့် စကားကြောင့် သူက ဝမ်းသာအားရ ဖြစ်သွားခဲ့တယ်။

"တကယ်လား"

"ကျွန်တော်တို့က ကိုရီးယား ဖွံ့ဖြိုးရေးဘဏ်ရဲ့ ရှယ်ယာ ထက်ဝက်ကို လွှဲပြောင်းယူမှာ ဖြစ်ပြီး၊ စီမံခန့်ခွဲပိုင်ခွင့်ကိုတော့ ဆိုဆောင်း အုပ်စုဆီကို အပ်နှံမှာပါ"

ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် ဒေဟူး သင်္ဘောကျင်းရဲ့ ရောင်းဈေးကို ဈေးပိတ်ရက် ပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်း လျှော့စျေးနဲ့ သတ်မှတ်ခဲ့ကြတယ်။

ကြိုတင် သဘောတူထားတဲ့အတိုင်း OTK ကုမ္ပဏီက ကိုရီးယား ဖွံ့ဖြိုးရေးဘဏ်ရဲ့ ရှယ်ယာ ထက်ဝက်ကို လွှဲပြောင်းယူခဲ့ပြီး၊ ဒေဟူး သင်္ဘောကျင်းနဲ့ ဆိုဆောင်း စက်မှုလုပ်ငန်းတို့ ပူးပေါင်းလိုက်တဲ့အခါ အဲဒီရှယ်ယာတွေကို ဆိုဆောင်း စက်မှုလုပ်ငန်းရဲ့ ရှယ်ယာတွေအဖြစ် ပြောင်းလဲခဲ့ကြတယ်။

OTK ကုမ္ပဏီက ဆိုဆောင်း စက်မှုလုပ်ငန်းရဲ့ ဒုတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့ပြီး ဆိုဆောင်း စက်မှုလုပ်ငန်းကတော့ စီမံခန့်ခွဲပိုင်ခွင့်ကို ရရှိခဲ့တယ်။

စာချုပ်ချုပ်ဆိုပြီးတာနဲ့ ကိုရီးယား ဖွံ့ဖြိုးရေးဘဏ်က ပြည်သူ့ဘဏ္ဍာငွေ ဝမ် သန်း ၉၇၀,၀၀၀ကို အောင်မြင်စွာ ပြန်လည်ရရှိခဲ့ကြောင်း ကြေညာခဲ့တယ်။

ရက်တွေ ကုန်လွန်လာတာနဲ့အမျှ အပူလှိုင်းက ပိုပြီး ပြင်းထန်လာခဲ့တယ်။

ဒါက ကိုရီးယားမှာတင် ဖြစ်နေတာ မဟုတ်ဘဲ ဥရောပမှာလည်း သေဆုံးသူတွေ တိုးပွားလာခဲ့သလို၊ ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေလည်း မကြာခဏ ဖြစ်ပွားနေခဲ့တယ်။ ကယ်လီဖိုးနီးယားမှာတော့ တောမီးလောင်ကျွမ်းနေတာ ၁၅ ရက်လောက် ရှိနေပြီဖြစ်ပြီး လူနေအိမ်ခြေတွေ ရှိတဲ့ဘက်ကို ခြိမ်းခြောက်လာနေခဲ့ပါပြီ။

စီနီယာ ပတ်ဆန်းယော့က ပြောတယ်။

"ခိုင်းထားတဲ့အတိုင်း ရေနံစိမ်း Futures နဲ့ Spot (လက်ငင်း) ဈေးကွက်တွေ၊ ပြီးတော့ ဆက်စပ်ရှယ်ယာတွေမှာ သင့်တော်သလို ခွဲဝေပြီး ရင်းနှီးမြှုပ်နှံထားပြီးပါပြီ"

"ကောင်းပါပြီ"

"ဒါပေမဲ့ ရေနံဈေးနှုန်းတွေက တကယ်ပဲ တက်လာမှာလား"

"တက်မလာရင်တော့ ကျွန်တော်တို့တွေ ဒေါ်လာ သန်းရာချီ ဆုံးရှုံးသွားရုံပဲ ရှိတာပေါ့"

"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က Crypto ရောင်းပြီး ငွေတွေ အများကြီး ရှာထားတာဆိုတော့ နည်းနည်းပါးပါး ဆုံးရှုံးသွားလည်း ပြဿနာမရှိပါဘူး"

စကားကို အဲဒီလို ပြောလိုက်ပေမဲ့ စီနီယာ ပတ်ဆန်းယော့ကော ကျွန်တော်ပါ ငွေတွေ ဆုံးရှုံးခံဖို့ စိတ်ကူးမရှိကြပါဘူး။

"စောင့်ကြည့်လိုက်ပါ။ ပါမောက္ခ မိုဟန် ပြောတာကတော့ အပူလှိုင်းတွေနဲ့ The Big One ကြောင့် ဖြစ်လာတဲ့ မြေမျက်နှာသွင်ပြင်နဲ့ အတွင်းပိုင်း အပူရှိန် ပြောင်းလဲမှုတွေကြောင့် မူမမှန်တဲ့ ရာသီဥတု ဖြစ်စဉ်တွေ ဖြစ်လာနိုင်ခြေ အများကြီး ရှိတယ်တဲ့"

ဟာရီကိန်း ရက်ကေက အတ္တလန္တိတ်သမုဒ္ဒရာ မြောက်ပိုင်း အရှေ့ဘက်မှာ စတင် ဖြစ်ပွားခဲ့ပြီး ဥရောပ မြောက်ပိုင်းဘက်ကို ရွေ့လျားလာခဲ့တယ်။

မိုးလေဝသ ပညာရှင်တွေအားလုံးကတော့ ဟာရီကိန်းက အတ္တလန္တိတ်သမုဒ္ဒရာ မြောက်ပိုင်းကို ဖြတ်ကျော်သွားရင်း အရှိန်လျော့သွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။

ဒါပေမဲ့ ဘာဖြစ်သွားလဲဆိုတော့...

ရက်ကေက ပတ်ဝန်းကျင်မှာ ရှိတဲ့ တခြားလေဖိအားနည်း ရပ်ဝန်းတွေကိုပါ ဝါးမြိုပြီး ပိုပြီး ကြီးမားလာခဲ့တယ်။ ရွေ့လျားမှု အရှိန်ကလည်း မြန်ဆန်လာခဲ့ပြီး လေတိုက်နှုန်းက တစ်နာရီကို ကီလိုမီတာ ၃၀၀ အထိ ရောက်ရှိခဲ့တယ်။

အခြေအနေရဲ့ ဆိုးရွားမှုကို သတိပြုမိသွားတဲ့ ယူကေ မိုးလေဝသဌာနက အမြင့်ဆုံး သတိပေးချက်ကို အလျင်အမြန် ထုတ်ပြန်ခဲ့ရတယ်။ သင်္ဘောတွေနဲ့ လေယာဉ်တွေ ထွက်ခွာမှုကို ပိတ်ပင်ခဲ့ပြီး ကျောင်းတချို့ကိုလည်း ပိတ်ထားခဲ့ရတယ်။

ကံကောင်းတာလား၊ ကံဆိုးတာလားတော့ မသိဘူး၊ ဟာရီကိန်းက အိုင်ယာလန်နဲ့ ဗြိတိန် ကုန်းမြေမကြီးကို ကျော်လွန်သွားခဲ့တာကြောင့် စိုးရိမ်ခဲ့ရသလိုမျိုး လူအသေအပျောက် ပြင်းထန်တာမျိုးတော့ မရှိခဲ့ဘူး။

ဒါပေမဲ့...

[မြောက်ပင်လယ် ရေနံတွင်း အဆောက်အဦးများ ဟာရီကိန်းကြောင့် ပြင်းထန်စွာ ပျက်စီး]

[မြောက်ပင်လယ် ရေနံယိုစိမ့်မှု ဖြစ်ပွား။ ပတ်ဝန်းကျင် နိုင်ငံများ ထိခိုက်မည့်အရေး စိုးရိမ်နေရ]

[ယူကေ ရေနံနှင့် ဂတ်စ် အာဏာပိုင်အဖွဲ့က ရေနံတွင်းတချို့ကို ပိတ်ပစ်လိုက်ပြီ]

[နော်ဝေ အစိုးရက ပျက်စီးဆုံးရှုံးမှု အခြေအနေကို စတင် စစ်ဆေးနေပြီ……]

ဟာရီကိန်းကြောင့် ထုတ်လုပ်မှုပိုင်း ထိခိုက်နိုင်ခြေအပေါ် စိုးရိမ်မှုတွေကြောင့် လှုပ်ခတ်နေတဲ့ ရေနံဈေးနှုန်းတွေက သတင်းတွေ ထွက်လာတာနဲ့အမျှ ချက်ချင်း တုံ့ပြန်ခဲ့ကြတော့တယ်။

နယူးယောက် ကုန်စည်ဒိုင်မှာ WTI ရေနံစိမ်း ဈေးနှုန်းက ရှေ့ရက်ကထက် ၂၂ ရာခိုင်နှုန်း တက်လာပြီး တစ်စည်ကို ၉၂.၆၁ ဒေါ်လာ ဖြစ်လာခဲ့သလို၊ လန်ဒန် ICE ရေနံစိမ်း အနာဂတ် ဈေးကွက်မှာတော့ Brent crude ရေနံစိမ်း ဈေးနှုန်းက တစ်စည်ကို ၁၁၂.၆၇ ဒေါ်လာအထိ ထိုးတက်သွားခဲ့တယ်။

မြောက်ပင်လယ် ရေနံတွင်း အဆောက်အဦးတွေ ပျက်စီးသွားတာနဲ့ ရေနံဈေးနှုန်းတွေ ထိုးတက်လာတာကြောင့် ပင်လယ်ပြင် ရေနံတူးဖော်မှု လုပ်ငန်းတွေက ပြန်ပြီး အသက်ဝင်လာခဲ့တယ်။ ပင်လယ်ပြင် အခြေစိုက် စက်ရုံတွေနဲ့ LNG သင်္ဘောတွေအတွက် စုံစမ်းမေးမြန်းမှုတွေ တဟုန်ထိုး ဝင်ရောက်လာခဲ့တယ်။

ဥက္ကဋ္ဌ လင်ဂျင်ယုံက အခြေအနေမှန်ကို သိရှိနိုင်ဖို့အတွက် ယူကေဆီကို ချက်ချင်း လေယာဉ်စီးသွားခဲ့တယ်။

ရေနံစိမ်းနဲ့ ဆက်စပ်ရှယ်ယာတွေမှာ သင့်တော်သလို ရင်းနှီးမြှုပ်နှံထားတာကနေ ရရှိလာတဲ့ ငွေကြေးပမာဏက ရှယ်ယာ လွှဲပြောင်းရယူခဲ့တဲ့ ငွေပမာဏထက် အဆပေါင်းများစွာ ပိုများခဲ့တယ်။

မိုးလေဝသ ပညာရှင်တွေကတော့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် မြောက်ဘက်ကမ္ဘာခြမ်းမှာ ကြုံတွေ့နေရတဲ့ ပြင်းထန်တဲ့ အပူလှိုင်းဒဏ်က ပုံမှန်မဟုတ်တဲ့ အခြေအနေ ဖြစ်တယ်လို့ ကိစ္စတွေ ဖြစ်ပြီးမှပဲ နောက်ကျပြီး ကောက်ချက်ချခဲ့ကြတယ်။

ရေနံဈေးနှုန်းတွေ ထိုးတက်လာတာကြောင့် လေကြောင်းလိုင်းနဲ့ ရေကြောင်းပို့ဆောင်ရေး ရှယ်ယာတွေ ကျဆင်းခဲ့ပြီး၊ အကျိုးအမြတ် ရရှိမယ့် သင်္ဘောကျင်းနဲ့ စက်မှုလုပ်ငန်း ရှယ်ယာတွေကတော့ တစ်ပြိုင်ထဲ ထိုးတက်သွားခဲ့တယ်။

ရလဒ်အနေနဲ့ တချို့သော လူမှုအဖွဲ့အစည်းတွေက ဒေဟူး သင်္ဘောကျင်းကို ဈေးပေါပေါနဲ့ ရောင်းချခဲ့တာကြောင့် နိုင်ငံတော် ဘဏ္ဍာ ဆုံးရှုံးခဲ့ရတယ်လို့ ဝေဖန်ခဲ့ကြပြီး၊ ဆိုဆောင်း အုပ်စုနဲ့ OTK ကုမ္ပဏီတို့ကို မျက်နှာသာပေးခဲ့တယ်လို့ ပြောဆိုခဲ့ကြပေမဲ့ ပြီးတာက ပြီးသွားခဲ့ပြီလေ။

အဲဒီလောက်အထိ ကောင်းကောင်း သိနေခဲ့ကြရင် ဝေဖန်သူတွေဟာ မရောင်းခင်ကတည်းက ဝေဖန်ခဲ့ကြရမှာပေါ့။

အထိခိုက်ဆုံး နိုင်ငံကတော့ မျှော်လင့်ထားတဲ့အတိုင်း ယူကေ ပဲ။

Brexit ညှိနှိုင်းမှုတွေကြောင့် အခက်အခဲ ကြုံတွေ့နေရတဲ့ အချိန်မှာ မြောက်ပင်လယ် ရေနံတွင်းတွေ ပြင်းထန်စွာ ပျက်စီးပြီး ရေနံယိုစိမ့်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ယူကေရဲ့ ငွေကြေးဈေးကွက်က နောက်တစ်ကြိမ် ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ရတယ်။

ပြန်လည် ထူထောင်ဖို့အတွက် ပြန်လည် တည်ဆောက်ရေး ကာလက လပေါင်းဝက်ကျော် ကြာမြင့်လိမ့်မယ်လို့ ခန့်မှန်းချက်တွေ ထွက်လာတာကြောင့် ဥရောပရဲ့ အကြီးဆုံး ရေနံကုမ္ပဏီ ဖြစ်တဲ့ Royal Dutch Shell ရဲ့ ရှယ်ယာတွေက ပြင်းထန်စွာ ကျဆင်းခဲ့တယ်။

ဘဏ္ဍာရေး ကုမ္ပဏီအများစုနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ငွေကြေး ဆုံးရှုံးနေကြရတဲ့ အချိန်မှာ OTK ကုမ္ပဏီကတော့ နောက်တစ်ကြိမ် ငွေတွေကို သိမ်းကျုံးယူသွားခဲ့တာကြောင့် ဗြိတိန် လူထုကြားထဲမှာ ဒေါသတွေ ထွက်ပေါ်လာခဲ့ရတယ်။

"ဒီကောင်က ဗြိတိန်ကို ဘယ်နှစ်ခါလောက်အထိ ဂုတ်သွေးစုပ်ဦးမှာလဲ"

သေသေချာချာ စဉ်းစားကြည့်ရင် ကန်ဂျင်ဟူက ဟာရီကိန်းကို ဖြစ်စေခဲ့တာ မဟုတ်သလို၊ ယူကေမှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏကလည်း သိပ်ပြီး မများလှပါဘူး။ ဒါပေမဲ့ Brexit တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် သူတို့ရဲ့ ခံစားချက်က ကောင်းနိုင်စရာ မရှိဘူးလေ။

လန်ဒန်မြို့အနီး Buckinghamshire ရှိ စံအိမ်ကြီးတစ်ခုမှာ

လှပတဲ့ ဆံပင်ရွှေဝါရောင်နဲ့ အမျိုးသမီးတစ်ယောက်က စာရွက်စာတမ်းတွေကို လက်ခံရရှိခဲ့တယ်။ အဲဒီထဲမှာ နိုင်ငံတကာ ငွေကြေးဈေးကွက်အတွင်းမှာ ရှိတဲ့ OTK ကုမ္ပဏီရဲ့ ရန်ပုံငွေ စီးဆင်းမှုတွေ ပါဝင်နေပါတယ်။

သူက စာရွက်စာတမ်းတွေကို သေသေချာချာ ကြည့်ရင်း မျက်လုံးတွေက တောက်ပနေခဲ့တယ်။

တစ်ကြိမ်၊ နှစ်ကြိမ်ဆိုရင်တော့ တိုက်ဆိုင်မှုလို့ ပြောလို့ ရနိုင်ပေမဲ့ တူညီတဲ့ ကိစ္စမျိုးတွေက ထပ်ခါတလဲလဲ ဖြစ်လာတဲ့အခါမှာတော့ တိုက်ဆိုင်မှုဆိုတဲ့ စကားလုံးတစ်ခုထဲနဲ့ ရှင်းပြဖို့ မလုံလောက်တော့ပါဘူး။

သူက နယူးယောက်မှာ ခဏ စကားပြောခဲ့ဖူးတဲ့ အမျိုးသားတစ်ယောက်ကို ပြန်ပြီး သတိရမိသွားတယ်။ အပြင်ပန်းမှာ ကြည့်ရင်တော့ သူက သာမန် အာရှသား လူငယ်လေးတစ်ယောက်လိုပဲ၊ ဒါပေမဲ့...

ဂရေ့စ် ရော့ချိုင်းလ်က ကိုယ့်ကိုယ်ကိုယ် ပြောသလိုမျိုး ရေရွတ်လိုက်တယ်။

"ဒီကမ္ဘာပေါ်မှာ ကံကြမ္မာရဲ့ ရွေးချယ်မှုကို ခံရတဲ့လူဆိုတာ တကယ်ပဲ ရှိနေတာလား"

All Chapters