အခန်း ၂၈၄
Vol. 29 Ch. 284
အခန်း (၂၈၄)
ဒီထရိုက်မြို့မှာ မြောက်အမေရိက နိုင်ငံတကာ မော်တော်ကားပြပွဲကြီး စတင်ဖွင့်လှစ်လိုက်ပါပြီ။
မူလက ဇန်နဝါရီလမှာ ကျင်းပဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမဲ့ ‘မဟာငလျင်ကြီး’ ရဲ့ နောက်ဆက်တွဲ အခြေအနေတွေကြောင့် ပွဲကို ရွှေ့ဆိုင်းခဲ့ရတာပါ။ ဒီနှစ် မော်တော်ကားပြပွဲရဲ့ အဓိက အကြောင်းအရာကတော့ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေနဲ့ လျှပ်စစ်ကားတွေကို အဓိက ကိုယ်စားပြုထားတဲ့ အနာဂတ်သုံး မော်တော်ယာဉ်တွေပဲ ဖြစ်ပါတယ်။
မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတွေတင်မကဘဲ IT ကုမ္ပဏီတွေနဲ့ Startup တွေပါ ပါဝင်ဆင်နွှဲခဲ့ကြပြီး လျှပ်စစ်ကား၊ အလိုအလျောက်မောင်းနှင်တဲ့ ကားနဲ့ 3D ပရင်တာတွေနဲ့ ပြုလုပ်ထားတဲ့ မော်တော်ယာဉ်တွေအပါအဝင် နည်းပညာအသစ်အမျိုးမျိုးကို ပြသခဲ့ကြတယ်။
အရင်ပြပွဲတွေတုန်းက ဟိုက်ဒရိုဂျင်ကားတွေကို ခဏခဏ မြင်တွေ့ခဲ့ရပေမဲ့ ဒီနှစ်မှာတော့ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ အွန်ဆောင်း မော်တာ နဲ့အတူ ဟိုက်ဒရိုဂျင်ကား တီထွင်မှုမှာ ပါဝင်ခဲ့ကြဖူးတဲ့ BMW၊ Mercedes-Benz၊ Toyota နဲ့ Nissan တို့တောင်မှ ဟိုက်ဒရိုဂျင်ကားတွေအစား လျှပ်စစ်ကားတွေကိုပဲ ထုတ်ဖော်ပြသခဲ့ကြတယ်။
ဒါကတော့ အနာဂတ်မှာ ဘယ်လို ပြောင်းလဲလာမလဲ မသိနိုင်သေးပေမဲ့ လောလောဆယ်မှာ လျှပ်စစ်ကား နည်းပညာက ဟိုက်ဒရိုဂျင်ကား နည်းပညာထက် ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်နေလို့ပါ။
ကုမ္ပဏီအမျိုးမျိုးက ကားအသစ်တွေကို မိတ်ဆက်ခဲ့ကြပေမဲ့ လူအများဆုံး စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ကုမ္ပဏီကတော့ CarOS ပဲ ဖြစ်ပါတယ်။
ဒီမော်တော်ကားပြပွဲမှာ CarOS က သူတို့ရဲ့ ပထမဆုံး လျှပ်စစ်ကားအသစ်တွေ ဖြစ်တဲ့ AD3 Sport Sedanနဲ့ AD4 မြို့ပြသုံး SUV ကားတွေကို မိတ်ဆက်ခဲ့တယ်။
မော်ဒယ်နှစ်ခုလုံးက လေဒဏ်ခံနိုင်ရည်ကို ထည့်သွင်းစဉ်းစားထားတဲ့ အနာဂတ်ဆန်တဲ့ ဒီဇိုင်းတွေနဲ့ပါ။ အရင်မော်ဒယ်တွေနဲ့ လုံးဝ ကွဲပြားခြားနားသွားတဲ့ ဒီဇိုင်းတွေကို မြင်ပြီး လူတွေက အံ့ဩသွားခဲ့ကြရတယ်။
ရိုးရှင်းပြီး သိပ်သတိမထားမိတဲ့ AD1 နဲ့ AD2 တို့ကနေ အခုလိုမျိုး ဒီဇိုင်း ချက်ချင်း ပြောင်းလဲသွားရတဲ့ အကြောင်းရင်းကတော့ မော်တော်ကား ဒီဇိုင်နာအသစ်တစ်ယောက် ရောက်လာခဲ့လို့ပါပဲ။ အရင်တုန်းက Audi ရဲ့ ဒီဇိုင်းပိုင်းကို တာဝန်ယူခဲ့ပြီး လူကြိုက်များတဲ့ မော်ဒယ်အမြောက်အမြားကို ဖန်တီးခဲ့တဲ့ စီဆာ လန်ကတ်စတာ က ပိုပြီး စိန်ခေါ်မှုရှိပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်ကို လုပ်ချင်လို့ CarOS ဆီကို ရောက်လာခဲ့တာပါ။
"ဝိုင်အသစ်ကို ပုလင်းအသစ်ထဲမှာပဲ ထည့်ရမယ်။ AD3 နဲ့ AD4 က အခုရှိနေတဲ့ Chrysler ရဲ့ မျိုးဆက်ကို ဆက်ခံတဲ့ ကားတွေ မဟုတ်ဘဲ မော်တော်ကားလောကရဲ့ စံနှုန်းကို ပြောင်းလဲပစ်မယ့် လုံးဝ အသစ်စက်စက် ယာဉ်တွေပဲ။ ဒါကြောင့်မလို့ ကျွန်တော်တို့က အရင်ကနဲ့ လုံးဝ ကွဲပြားတဲ့ ဒီဇိုင်းကို ပြသဖို့ လိုအပ်ခဲ့တာပါ"
ရိုးရာ မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတွေကတော့ သူတို့ရဲ့ သမိုင်းကြောင်းနဲ့ ပုံစံကို ထိန်းသိမ်းဖို့အတွက် ဒီဇိုင်းပိုင်းမှာ ကန့်သတ်ချက်တွေနဲ့ ကြုံတွေ့ရလေ့ ရှိတယ်။ ဒါပေမဲ့ CarOS ကတော့ အဲဒီလိုမျိုး ကန့်သတ်ချက်တွေကနေ လွတ်မြောက်နေခဲ့တယ်။
ဒီလွတ်လပ်မှုကြောင့် လုံးဝ အသစ်စက်စက် ဒီဇိုင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ အပြင်ပန်း သွင်ပြင်ရဲ့ အထူးခြားဆုံး အချက်ကတော့ ဘေးကြည့်မှန်တွေ ပျောက်ကွယ်သွားပြီး ကင်မရာတွေနဲ့ မျက်နှာပြင်တွေအစားထိုး ဝင်ရောက်လာတာပါပဲ။
ဒီဇိုင်းတစ်ခုတည်းနဲ့တင် အာရုံစိုက်မှုကို ရရှိဖို့ လုံလောက်နေခဲ့ပေမဲ့ အံ့ဩစရာကောင်းတာက တစ်ကြိမ် အားသွင်းရုံနဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေးက ကီလိုမီတာ ၁၀၀၀ ကျော်အထိ ရှိနေခဲ့တာပါ။ ဒါ့အပြင် ဘတ္ထရီ ပမာဏ ပိုပြီး ကြီးမားလာတာတောင်မှ ၁၅ မိနစ်အတွင်းမှာ ၄၀ ရာခိုင်နှုန်းလောက်အထိနဲ့ မိနစ် ၃၀ အတွင်းမှာ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်တဲ့ အမြန်အားသွင်းစနစ် နည်းပညာကိုပါ ပြသခဲ့ကြသေးတယ်။
ဒီလောက်အထိ စွမ်းဆောင်ရည် ရှိတာက လျှပ်စစ်ကားတွေရဲ့ အားနည်းချက်တွေကို အများကြီး ကာမိသွားစေတယ်လို့ ပြောရင် မမှားပါဘူး။
ဒါတွေတင်မကဘဲ AD1 နဲ့ AD2 တို့ကို မောင်းနှင်ရာကနေ ရရှိလာတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ပိုပြီး အဆင့်မြင့်တဲ့ အလိုအလျောက် မောင်းနှင်မှု နည်းပညာကိုပါ ထည့်သွင်းထားခဲ့သေးတယ်။
CarOS ရဲ့ COO ဖြစ်တဲ့ ရိုင်ယန် က မိတ်ဆက်ပွဲမှာ အခုလို ပြောခဲ့တယ်။
"အားလုံး အဆင်သင့် ဖြစ်ပါပြီ။ CarOS က အလိုအလျောက် မောင်းနှင်ရုံတင်မကဘဲ ယာဉ်မောင်း လုံးဝ မလိုတဲ့ ကားခေတ်ကို ခေါ်ဆောင်လာတော့မှာပါ။ အနာဂတ်က အခု အချိန်မှာ ရောက်ရှိလို့နေပါပြီ"
AD3 နဲ့ AD4 တို့ကို မိတ်ဆက်လိုက်တာက တကယ့်ကို အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ပိုပြီးတော့တောင် အာရုံစိုက်မှုကို ရရှိခဲ့တာကတော့ အံ့ဩစရာကောင်းလောက်အောင် Concept ကားဖြစ်တဲ့ ADX ပါပဲ။
ADX က လူငါးယောက်စီး ပစ်ကပ်ထရပ်ကား ဖြစ်ပြီးတော့ သေးငယ်တဲ့ အမျိုးအစား မဟုတ်ဘဲ အရွယ်အစားကြီးတဲ့အမျိုးအစားပါ။
ပစ်ကပ်ထရပ်ကားတွေက အမေရိကန်တွေအတွက်တော့ စိတ်ဝိညာဉ်လိုမျိုး ကားတွေဖြစ်ပြီး အမေရိကန်မှာ နှစ်တိုင်း အရောင်းရဆုံး ကားတွေထဲမှာ အမြဲတမ်း ပါဝင်နေခဲ့တာပါ။
ဒီဈေးကွက်မှာ လိုအပ်ချက် အများကြီး ရှိနေပေမဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေး ကန့်သတ်ချက်ကြောင့် လျှပ်စစ် ပစ်ကပ်ထရပ်ကားတွေ မရှိခဲ့ဘူး။ အထူးသဖြင့် အရွယ်အစားကြီး ပစ်ကပ်ထရပ်ကားတွေက သူတို့ရဲ့ အရွယ်အစားနဲ့ အလေးချိန်ကြောင့် ဆီစား အလွန်များတဲ့ ကားတွေအဖြစ် နာမည်ကြီးပါတယ်။
ရှိနေတဲ့ ဘတ္ထရီတွေနဲ့ဆိုရင် မောင်းနှင်နိုင်တဲ့ အကွာအဝေးက ကီလိုမီတာ ၂၀၀ လောက်ပဲ ရနိုင်တာပါ။ ဒါပေမဲ့ OTK ဘတ္ထရီကို တပ်ဆင်ထားတဲ့ ADX ကတော့ ကီလိုမီတာ ၅၀၀ အထိ မောင်းနှင်နိုင်ခဲ့တယ်။
ရိုင်ယန် က ADX က Concept ကားသက်သက်ပဲ ဖြစ်ပြီး တရားဝင် ထုတ်လုပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောခဲ့ပေမဲ့ ပြည်သူတွေနဲ့ မီဒီယာတွေရဲ့ စိတ်ဝင်စားမှုကတော့ ပေါက်ကွဲထွက်သွားခဲ့တယ်။
– အရွယ်အစားကြီး၊ လေးဘီးယက် လျှပ်စစ် ပစ်ကပ်ထရပ်ကားကြီးပါလား။
– ဒီဇိုင်းကတော့ လန်းလွန်းတယ်။
– မိုင် ၃၀၀ အကွာအဝေးဆိုရင် ခရီးဝေး သွားဖို့အတွက် လုံလောက်တာပေါ့။
– မြို့ထဲမှာ မောင်းရင်တောင် လူကြိုက်များမယ့် ပုံပဲ။
– ထွက်လာရင်တော့ သေချာပေါက် ဝယ်မှာပဲ။
– အရွယ်အစားကြီး ပစ်ကပ်ထရပ်ကားကမှ ယောက်ျားစစ်စစ်စီးတဲ့ ကားကွ။
မော်တော်ကားပြပွဲရဲ့ သတင်းတွေကို CarOS ကပဲ ကြီးစိုးထားခဲ့ပြီး အလွန် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ပြသနေခဲ့တယ်။
[CarOS က လျှပ်စစ်ကားတွေကို မိတ်ဆက်လိုက်ပြီ၊ မော်တော်ကား လုပ်ငန်းလောကရဲ့ အခင်းအကျင်း ပြောင်းလဲသွားတော့မှာလား]
– ဒီနှစ် မြောက်အမေရိက မော်တော်ကားပြပွဲရဲ့ အဓိက ဇာတ်ဆောင်ကတော့ သေချာပေါက်ကို CarOSပဲ ဖြစ်ပါတယ်။ သူတို့ ယူဆောင်လာတဲ့ မော်ဒယ်အသစ် သုံးခုကြောင့် တခြားကားတွေအတွက် နေရာမရှိသလောက် ဖြစ်သွားခဲ့ရတယ်။
တခြားကုမ္ပဏီတွေက အလိုအလျောက်မောင်းနှင်တဲ့ ကားတွေကို အမြောက်အမြား ထုတ်လုပ်ဖို့ မျှော်လင့်နေကြတဲ့ အချိန်မှာ CarOS ကတော့ ယာဉ်မောင်း လုံးဝ မလိုတဲ့ ခေတ်ကို ခေါ်ဆောင်လာတော့မယ်လို့ ကြေညာခဲ့တယ်။
CarOS ရဲ့ တန်ဖိုးက Toyota၊ GM၊ Nikola နဲ့ Ford တို့အားလုံး ပေါင်းထားတာထက်တောင် ပိုပြီး မြင့်မားနေပြီလို့ ခန့်မှန်းထားကြတယ်။ ဒါ့အပြင် Faceit ကလည်း လူကြီးဖျော်ဖြေရေး လုပ်ငန်းကနေ ရရှိလာတဲ့ အတွေ့အကြုံတွေကို အသုံးပြုပြီး ကားရဲ့ Infotainment ဈေးကွက်ထဲကို ဝင်ရောက်လာနေသလို၊ M Pizza ကလည်း ကားပေးပို့မှုတွေအတွက် CarOS ရဲ့ အလိုအလျောက် မောင်းနှင်မှု နည်းပညာကို တက်ကြွစွာ အသုံးပြုနေပါပြီ။
နောက်ထပ် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာ လမ်းပေါ်မှာ ယာဉ်မောင်းမပါဘဲ မောင်းနှင်နေတဲ့ ကားတွေကို မြင်တွေ့ရတာက ပုံမှန်မြင်နေကျလို ဖြစ်သွားတော့မှာ ဖြစ်ပြီး မောင်းနှင်ခြင်းဆိုတာက လူတချို့အတွက် ဝါသနာတစ်ခုအဖြစ်ပဲ ကျန်ရှိတော့မှာပါ။
ဒီပြောင်းလဲမှုအားလုံးရဲ့ ရှေ့တန်းမှာ CarOS က ရှိနေတာပါ။
အခုအချိန်အထိတော့ ဟင်နရီ ဖို့ဒ် က ကားလောကရဲ့ ဘုရင် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၂၁ ရာစုမှာတော့ အဲဒီရာထူးကို ကန်ဂျင်ဟူ ဆီကို လွှဲပြောင်းပေးရတော့မယ့် ပုံပါပဲ။
မြောက်အမေရိက နိုင်ငံတကာ မော်တော်ကားပြပွဲကြီးက အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပြီး သတင်းတွေလည်း အများကြီး ထွက်ပေါ်လာခဲ့တယ်။
ကျွန်တော် ကုမ္ပဏီမှာ တက်ဂယူ နဲ့ အတူတူ ဂိမ်းဆော့နေတဲ့ အချိန်မှာ အဖွဲ့ခေါင်းဆောင် ကီဟုမ် က စီအီးအို အခန်းထဲကို အလောတကြီး ပြေးဝင်လာခဲ့တယ်။
"စ-စီအီးအို၊ ကိစ္စထူးတစ်ခုပေါ်လာလို့ပါ"
ကျွန်တော် ဂိမ်းကို ခေတ္တ ရပ်လိုက်တယ်။
"ဘာဖြစ်လို့လဲ"
"ဒါကို ကြားရင် စိတ်မလှုပ်ရှားပါနဲ့နော်"
"စိတ်မလှုပ်ရှားပါဘူး၊ ပြောသာပြောပါ"
သူက တစ်ခုခုကို ကြားပြီး တကယ့်ကို ကြီးမားတဲ့ တုန်လှုပ်မှုကို ရရှိထားတဲ့ ပုံစံ ဖြစ်နေခဲ့တာပါ။
"မနေ့ညက Fed က အတိုးနှုန်းကို basis points ၁၀၀ လောက် မြှင့်လိုက်လို့လား။ ဒါမှမဟုတ် ငွေလဲနှုန်းက ဝမ် ၂၀၀၀ ကျော်သွားလို့လား၊ ဒါမှမဟုတ် ဆီဈေးက တစ်စည်ကို ဒေါ်လာ ၂၀၀ ကျော်သွားလို့လား"
"မဟုတ်ပါဘူး၊ အဲဒါတွေ မဟုတ်ပါဘူး"
"ဒါဆို ဘာလဲ"
အဖွဲ့ခေါင်းဆောင် ကီဟုမ် က ငိုတော့မယ့် အသံကြီးနဲ့ အော်ပြောလိုက်တယ်။
"စီအီးအိုက ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဓိက အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရပါတယ်"
ခဏလောက် တိတ်ဆိတ်သွားခဲ့ပြီး တက်ဂယူ နဲ့ ကျွန်တော် အချင်းချင်း ကြည့်လိုက်ကြတယ်။
"ဘာလဲဟ... အဲဒါပဲလား"
"ဘာမှလည်း မဟုတ်ဘဲနဲ့"
အဖွဲ့ခေါင်းဆောင် ကီဟုမ် က ကြောင်အသွားတဲ့ ပုံစံ ဖြစ်သွားခဲ့တယ်။
"မ-မဟုတ်ဘူးလေ၊ မအံ့ဩဘူးလား။ နိုဘယ်ဆု အမည်စာရင်း တင်သွင်းခံရတာနော်။ တခြားဆု မဟုတ်ဘူး၊ နိုဘယ်ဆုကြီးလေဗျာ"
လူတိုင်း သိကြတဲ့အတိုင်း နိုဘယ်ဆု ဆိုတာက ဒိုင်နမိုက်ကို တီထွင်ခဲ့တဲ့ အဲလ်ဖရက် နိုဘယ် ရဲ့ ရန်ပုံငွေအဖွဲ့ကနေ ပေးအပ်တာဖြစ်ပြီး ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ အာဏာအရှိဆုံး ဆု ဖြစ်ပါတယ်။
"ကျွန်တော် တစ်ယောက်ထဲ မဟုတ်ဘဲ ပူးတွဲ အမည်စာရင်း တင်သွင်းခံရတာ မဟုတ်လား"
"ဟုတ်ပါတယ်"
ကျွန်တော် အဖွဲ့ခေါင်းဆောင် ကီဟုမ် ပေးတဲ့ တက်ဘလက်ကို ယူကြည့်လိုက်တယ်။
ကျွန်တော်၊ သမ္မတ ရိုနယ် စတန်ပါ နဲ့ ပါမောက္ခ ကီရန်မိုဟန် တို့ ပူးတွဲ အမည်စာရင်း တင်သွင်းခံရတာပါ။ အကြောင်းရင်းကတော့ အသေအချာပဲ မဟာငလျင်ကြီးအတွက် ကြိုတင် ပြင်ဆင်ပြီး လူပေါင်း သန်းချီရဲ့ အသက်ကို ကယ်တင်ခဲ့လို့ပါပဲ။
တက်ဂယူ က ကျွန်တော့် ပုခုံးကို ပုတ်ရင်း ပြောတယ်။
"ဘာပဲဖြစ်ဖြစ် ဒီနှစ်မှာ မင်း ရဖို့ အခွင့်အရေး အများဆုံး မဟုတ်ဘူးလား"
အဖွဲ့ခေါင်းဆောင် ကီဟုမ် က ချက်ချင်းပဲ ဦးညွှတ်လိုက်တယ်။
"ဂုဏ်ယူပါတယ် စီအီးအို။ ဝန်ထမ်းတွေအားလုံးကလည်း တစ်စိတ်တစ်ဝမ်းတည်းနဲ့ အားပေးနေကြပါတယ်"
မျှော်လင့်ထားခဲ့ပေမဲ့ တကယ့်ကို လက်တွေ့မဆန်သလို ခံစားရတယ်။ ကျွန်တော်က နိုဘယ်ဆု ရမှာလား။ ကျောင်းတုန်းကတောင် ဆုအများကြီး မရခဲ့ဖူးတာကို။
"ဆုကြေးငွေလည်း ပေးတယ် မဟုတ်လား"
"သိပ်တော့ အများကြီး မဟုတ်လောက်ဘူး"
ကျွန်တော် ရှာကြည့်လိုက်တော့ ဝမ် သန်း ၁ ထောင် ကျော်ကျော်လောက်ပဲ ရှိတာပါ။
"ဒါက တစ်ယောက်ချင်းစီ ပေးတာလား၊ ဒါမှမဟုတ် သုံးယောက် ခွဲဝေယူရမှာလား"
"ဗိုလ်၊ကျား၊သေနတ်ဆော့ပြီး တစ်ယောက်ထဲကိုပဲ အကုန်ပေးလိုက်ကြရအောင်"
"……"
ဉာဏ်ကောင်းလိုက်တာ။
အိမ်ဖြူတော်ဆီကနေ ဖုန်းဝင်လာခဲ့တယ်။ ရိုနယ် က အရမ်း ပျော်နေတဲ့ ပုံစံနဲ့ ရယ်သံက အရင်ဆုံး ထွက်လာခဲ့တယ်။
[ဟား... ဟား... ဟား။ ငြိမ်းချမ်းရေးနိုဘယ်ဆုတဲ့လား။ မင်း အဲဒီတုန်းက ငါ့ကို ပြောခဲ့တဲ့ အရွှန်းဖောက်စကားက တကယ် ဖြစ်လာခဲ့ပြီပဲ]
"ဗျာ"
ကျွန်တော် အဲဒီလိုမျိုး စကား ပြောခဲ့ဖူးလို့လား။
[မင်း ငါ့ကို Big One အတွက် ပြင်ဆင်ဖို့ နားချတုန်းက၊ နောက်ပိုင်းကျရင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရလိမ့်မယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား]
"အာ... ဟုတ်သားပဲ။ ပြောခဲ့ဖူးတယ်"
အဲဒီတုန်းက အလောတကြီး ဖြစ်နေခဲ့လို့ စကားတွေ အမျိုးမျိုး ပြောခဲ့မိတာ ဖြစ်မှာပါ။
ဒါက အမည်စာရင်း တင်သွင်းခံရရုံတင် ရှိသေးတာဖြစ်ပြီး ဆုရဖို့ အတည်မပြုရသေးပါဘူး။ ဒါပေမဲ့ ရိုနယ် ကတော့ ဆုရပြီးသွားသလိုမျိုး အောင်ပွဲခံနေခဲ့ပါပြီ။
"ဆုရမယ့်သူတွေကို ကြေညာတဲ့အထိ စောင့်ကြည့်ရဦးမှာ မဟုတ်ဘူးလား"
[ဟား... ဟား။ ဆုတွေ ဘာတွေက ဘာအရေးကြီးလို့လဲ။ တကယ်လို့ သူတို့ မပေးရင်လည်း ငါတို့ မယူရုံပဲ ရှိတာပေါ့။ ငါက ဆုတွေကို ဘာမှ စိတ်မဝင်စားပါဘူး။ ဟားဟား]
"……"
ဆုကို စိတ်မဝင်စားဘူးဆိုတဲ့ လူတစ်ယောက်အတွက်တော့ နည်းနည်း ပျော်လွန်းနေသလိုပဲ။ တကယ်လို့ သူတို့သာ ဆုမပေးခဲ့ရင် နော်ဝေကို ကုန်သွယ်ရေး ပိတ်ဆို့မှုတွေနဲ့ လက်တုံ့ပြန်မယ့် ပုံစံမျိုး ဖြစ်နေတာပါ။
နော်ဝေက အရင်တုန်းက လျိုရှောင်ပို ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးခဲ့လို့ တရုတ်ဆီကနေ တစ်ကြိမ် ခံစားခဲ့ရဖူးပြီးသားလေ။ တကယ်လို့ အမေရိကန်ကပါ အဲဒီလိုမျိုး ထပ်လုပ်ရင် သူတို့တွေ ဆုပေးပွဲ အခမ်းအနားကိုပါ ဖျက်သိမ်းပစ်ရမလား မသိဘူး။
ဘာပဲဖြစ်ဖြစ် ဒီနှစ်မှာတော့ ကြီးမားတဲ့ ပြိုင်ဘက် မရှိတာမလို့ ကျွန်တော်တို့ ဆုရဖို့ အခွင့်အရေးက အလွန် မြင့်မားနေခဲ့တယ်။ အမည်စာရင်း တင်သွင်းခံရပြီဆိုရင်တော့ ပေးမှာ သေချာသလောက်ပါပဲ။
ကိုရီးယားက စီးပွားရေး အရွယ်အစားနဲ့ ယှဉ်ရင် နိုဘယ်ဆုရှင် အရေအတွက်က နည်းပါးလှပါတယ်။ အခုအချိန်အထိတော့ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့တဲ့ သမ္မတဟောင်း ကင်ဒေးဂျန်း တစ်ယောက်ပဲ ရှိသေးတာပါ။
ကိုရီးယားလူမျိုးတစ်ယောက်က ငြိမ်းချမ်းရေးနိုဘယ်ဆု ထပ်ပြီး ရနိုင်တယ်ဆိုတဲ့ သတင်း ထွက်လာတဲ့အခါ လူတွေက ယေဘုယျအားဖြင့် ကြိုဆိုခဲ့ကြတယ်။
– အို။ နောက်ဆုံးတော့ ငါတို့နိုင်ငံက ဒုတိယမြောက် နိုဘယ်ဆုရှင်ကို ရတော့မှာလား။
– အားကျလိုက်တာ။ သူက အသေအချာ ချမ်းသာနေပြီးသားကို အခုတော့ နိုဘယ်ဆုပါ ရဦးမယ်။ တချို့လူတွေက ဘာလုပ်လုပ် အောင်မြင်ဖို့ ကံပါလာတာနေမှာ။
– သူက လူတွေကို ကယ်တင်ဖို့အတွက် အများကြီး ကြိုးစားခဲ့တာဆိုတော့ ဆုရတာက သဘာဝကျပါတယ်။
– ဒါပေမဲ့ ကန်ဂျင်ဟူ က ငြိမ်းချမ်းရေးဆုအစား စီးပွားရေး နိုဘယ် ဆုကို ရသင့်တာ မဟုတ်ဘူးလား။
– ငွေတွေ အများကြီး ရှာနိုင်ရုံနဲ့တင် စီးပွားရေး နိုဘယ်ဆု ပေးကြေးဆိုရင် ဝါရင် ဘတ်ဖတ် က အရင်ဆုံး ရပြီးသား ဖြစ်မှာပေါ့။
– တကယ်တမ်း ပြောရရင် စီးပွားရေး နိုဘယ်ဆုက တကယ့် နိုဘယ်ဆု မဟုတ်ဘူး။ ပေးအပ်တဲ့အဖွဲ့က နိုဘယ် ရန်ပုံငွေအဖွဲ့ မဟုတ်ဘဲ ဆွီဒင် ဗဟိုဘဏ် ဖြစ်လို့လေ။
– ဘာပဲဖြစ်ဖြစ် ဒါက ငြိမ်းချမ်းရေးဆု ဖြစ်နေပြန်ပြီ။ ဘေးနားက ဂျပန်ကတော့ သိပ္ပံနဲ့ စာပေပိုင်းမှာ ခဏခဏ ရနေတာကို၊ ငါတို့က ငြိမ်းချမ်းရေးဆု တစ်ခုပဲ ရနိုင်တာလား။
– ရရင်တော့ ဘာဖြစ်ဖြစ် ကောင်းတာပါပဲ။
ဒါပေမဲ့ လူတိုင်းကတော့ ဒီသတင်းကို မကြိုဆိုခဲ့ကြဘူး။ ကျွန်တော့်ကို သဘောကျတဲ့လူတွေ ရှိသလိုမျိုး မုန်းတဲ့လူတွေလည်း ရှိတာပဲလေ။
ကွန်ဆာဗေးတစ် အဖွဲ့အစည်းတွေကတော့ ချက်ချင်းပဲ ကန့်ကွက် ဆန္ဒပြမှုတွေ စတင်ခဲ့ကြတယ်။
– မြောက်ကိုရီးယားလိုလားသူ ကွန်မြူနစ် ကန်ဂျင်ဟူ ကို နိုဘယ်ဆု ပေးရမယ် ဟုတ်လား။
– အဲဒီလူက ဆုရလောက်အောင် ဘာတွေ လုပ်ခဲ့လို့လဲ။
– ဒါက လက်ခံနိုင်စရာ မရှိဘူး။ ငါတို့ ဒါကို တားဆီးရမယ်။
– သူက သမ္မတ ရိုနယ် ရဲ့ အောင်မြင်မှုတွေကို ဘယ်လိုများ လုယူဖို့ ကြိုးစားရဲတာလဲ။
– ငွေပဲမက်တဲ့ ကစားသမားတစ်ယောက်အတွက် ဆုပေးရမယ် ဟုတ်လား။ သူက ဆုရရမှာ မဟုတ်ဘဲ အပြစ်ပေးခံရရမှာ။
– မျိုးချစ် ကွန်ဆာဗေးတစ်တွေ အားလုံး စုစည်းကြစို့။
– ဒီအခွင့်အရေးကိုအသုံးချပြီး နိုဘယ်ဆုကိုပါ လုံးဝ ဖျက်သိမ်းပစ်ကြရအောင်။
– ငါတို့ သမ္မတ ပတ်ဆီဟျွန်း ကို ချစ်တယ်။
ကွန်ဆာဗေးတစ် အဖွဲ့အစည်းတွေက သမ္မတ ပတ်ဆီဟျွန်း ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲနဲ့ ကန်ဂျင်ဟူ ရဲ့ နိုဘယ်ဆုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ပူးတွဲပြီး တနင်္ဂနွေပိတ်ရက်မှာ ဒေဟန်မွန်း ဂိတ်အရှေ့မှာ ပြုလုပ်သွားမယ်လို့ ကြေညာခဲ့တယ်။
ဒီအတွက်ကြောင့် သူတို့က ‘ကန်ဂျင်ဟူ ရဲ့ နိုဘယ်ဆု ရရှိမှုကို တားဆီးရေး အမျိုးသား လှုပ်ရှားမှု ကော်မတီ’ ဆိုတဲ့ ကြီးကျယ်ခမ်းနားတဲ့ နာမည်နဲ့ အဖွဲ့တစ်ခုကိုပါ ဖွဲ့စည်းခဲ့ကြသေးတယ်။
ဒီအဖွဲ့က လက်မှတ်တွေ လိုက်လံ စုဆောင်းနေခဲ့ပြီး နိုဘယ် ကော်မတီဆီကို နေ့တိုင်း ကန့်ကွက်စာတစ်စောင် ပေးပို့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့က အဖွဲ့ဝင်တွေကို စာရေးစက္ကူနဲ့ စာအိတ်တွေ ဖြန့်ဝေပေးခဲ့ပြီး နိုင်ငံတကာ စာပို့ခတွေအတွက် အလှူငွေတွေပါ ကောက်ခံခဲ့ကြတယ်။
လေဘာပါတီ က လွှတ်တော်အမတ် တချို့ကလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြပြီး "ကန်ဂျင်ဟူ က နိုဘယ်ဆုကို မရသင့်ဘူး၊ ရရင်တောင်မှ ပြန်ပြီး အပ်ရမယ်" လို့ အသံကျယ်ကျယ် ပြောခဲ့ကြတယ်။
လွှတ်တော်အမတ် လီဂျောင်ဟွန်း က ပြင်းထန်တဲ့ လေသံနဲ့ ပြောခဲ့တယ်။
"သမ္မတ ရိုနယ် ရဲ့ ဆုံးဖြတ်ချက်ကသာ Big One ဘေးအန္တရာယ်ကို တားဆီးနိုင်ခဲ့တဲ့ အဓိက အကြောင်းရင်းပါ။ အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ ဘေးအန္တရာယ်အတွက် ကိုရီးယားလူမျိုးတစ်ယောက်က ပူးတွဲ ဆုရရှိသူ ဖြစ်လာတာက အဓိပ္ပာယ် မရှိဘူး။ ဒါက နိုင်ငံတကာ တရားမျှတမှုကို ထိခိုက်စေရုံတင်မကဘဲ အမေရိကန်-ကိုရီးယား မဟာမိတ်ပြုမှုကိုပါ ခြိမ်းခြောက်နေပါတယ်။ လွှတ်တော်အနေနဲ့ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ရပါမယ်"
ပြည်သူတွေရဲ့ တုံ့ပြန်မှုကတော့ ပေါက်ကွဲထွက်လာခဲ့တယ်။
– ငါလည်း ကွန်ဆာဗေးတစ်ပဲ၊ ဒါပေမဲ့ အဲဒီလိုမျိုး လူတွေကို ဘယ်သူက မဲပေးလိုက်တာလဲ။
– ကျွန်တော့် မဲဆန္ဒနယ်ကိုယ်စား ပြန်ပြီး တောင်းပန်ပါတယ်။ အရမ်း ရှက်ဖို့ကောင်းလွန်းလို့ အခုချက်ချင်းပဲ တခြားနေရာကို ပြောင်းရွှေ့တော့မယ်။
– ဘယ်မဲဆန္ဒနယ်လဲဆိုပြီး ရှာကြည့်လိုက်တော့ ကျွန်တော့် ရပ်ကွက် ဖြစ်နေတယ်။ အာ... စောက်ရူးတွေ၊ အဲဒီနေ့က အပြင်မသွားဘဲ တခြားကိုယ်စားလှယ်ကို မဲသွားပေးခဲ့ရမှာ။
– တခြားနိုင်ငံတွေက နိုဘယ်ဆု မရလို့ အော်ဟစ်နေကြတဲ့ အချိန်မှာ ကိုရီးယားကတော့ ဆုပေးမယ်ဆိုတာကိုတောင် ပြဿနာရှာနေကြတယ်။
– ကန်ဂျင်ဟူ ကို ငြိမ်းချမ်းရေးနိုဘယ်ဆု မပေးဖို့ ကန့်ကွက်တဲ့ စာတွေက နိုဘယ် ကော်မတီဆီကို ဗုံးကြဲသလိုမျိုး ရောက်နေတယ်လို့ ကြားတယ်။
– ဒါပေမဲ့ သူတို့က ကိုရီးယားလို ရေးထားတဲ့ စာတွေကို ပို့ပြီး ဘာတွေ တွေးနေကြတာလဲ။ အဲဒီလူတွေက ဒါကို ဖတ်နိုင်ပါ့မလား။ ဦးနှောက်ရော ရှိကြရဲ့လား။
– လျိုရှောင်ပို တုန်းကလိုမျိုး ကန်ဂျင်ဟူ ကိုလည်း အကျယ်ချုပ် ချုပ်ထားလိုက်ကြရအောင်။ ဒါဆို သူ ဆုသွားယူလို့ မရတော့ဘူး မဟုတ်လား။
– ကုလသမဂ္ဂဆီကို နိုဘယ်ဆု ဖျက်သိမ်းပေးဖို့ စာပို့တဲ့ စောက်ရူးက ဘယ်သူလဲ။ ကုလသမဂ္ဂဆီကို ဘာဖြစ်လို့ ပို့တာလဲ။
– ထားလိုက်ပါတော့။ သူတို့က နိုင်ငံတကာမှာ အရှက်ကွဲချင်နေကြတာ ဖြစ်မှာပါ။
သတင်းတွေနဲ့ မှတ်ချက်တွေကို ကြည့်နေတဲ့ တက်ဂယူ က ပြောတယ်။
"ဒါကို မြင်တော့ သမ္မတ ပတ် က သမ္မတဟောင်း ကင်ဒေးဂျန်း ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပြန်ပြီး ရုပ်သိမ်းဖို့ လှုပ်ရှားမှု ပြုလုပ်ခဲ့တာကို ရုတ်တရက် သတိရသွားတယ်"
"……"
ပတ်ဆီဟျွန်း ရဲ့ အကျင့်ပျက် ခြစားမှုတွေကို ဖော်ထုတ်တဲ့ ဖြစ်စဉ်အတွင်းမှာ သူက နိုဘယ်ဆုကို ပြန်ပြီး ရုပ်သိမ်းဖို့အတွက် လှုပ်ရှားမှုတွေကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တယ်ဆိုတဲ့ သံသယတွေက အမှန်တရား ဖြစ်ကြောင်း ပေါ်ထွက်လာခဲ့ဖူးတယ်။ ကွန်ဆာဗေးတစ် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတော် ထောက်လှမ်းရေးအဖွဲ့ကိုပါ ဒီကိစ္စအတွက် အသုံးချခဲ့တာလေ။
နိုင်ငံရေး အမြင်ချင်း မတူရင်တောင်မှ ပေးအပ်ပြီးသား နိုဘယ်ဆုကို ပြန်ပြီး ရုပ်သိမ်းပေးဖို့ နိုင်ငံတော် အဆောက်အဦးတွေကို အသုံးချပြီး တောင်းဆိုတာက အသိဉာဏ် ရှိတဲ့ လုပ်ရပ် ဟုတ်လို့လား။
အဲဒီတုန်းက နိုဘယ် ကော်မတီက ဒိုင်လူကြီးတစ်ယောက်က တကယ့်ကို အံ့ဩသွားပြီး "နိုဘယ်ဆု ရဖို့အတွက် လာပြီး စည်းရုံးတာကိုပဲ မြင်ဖူးတယ်၊ ရပြီးသား ဆုကို ပြန်ပြီး ရုပ်သိမ်းပေးဖို့ လာပြီး စည်းရုံးတဲ့နိုင်ငံကိုတော့ ပထမဆုံး မြင်ဖူးတာပဲ" လို့ ပြောခဲ့ရတဲ့အထိပဲ။
"ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ငြိမ်းချမ်းရေးနိုဘယ်ဆု ရချင်လို့ မျက်ရည်တွေနဲ့ အသည်းအသန် ကြိုးစားခဲ့သေးတယ်"
အသေအချာပါပဲ၊ ပတ်ဆီဟျွန်းက နိုဘယ် ရန်ပုံငွေအဖွဲ့ဆီကနေ ဆုရလောက်အောင် ဘာတွေ လုပ်ခဲ့လို့လဲ။ ပြီးတော့ ဆုက တစ်ကြိမ် ပေးပြီးရင် ပြန်ပြီး ရုပ်သိမ်းလို့ မရဘူးလေ။
နောက်ဆုံးတော့ အလဟဿ ဖြစ်သွားမယ့် ကိစ္စတွေအတွက် အခွန်ငွေတွေကိုပဲ ဖြုန်းတီးပစ်ခဲ့တာပါ။
ပါမောက္ခ မိုဟန် ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့ပြီး မီဒီယာတွေနဲ့ အင်တာဗျူးတာကို ရှောင်ကြဉ်ခဲ့ပေမဲ့ ရိုနယ် ကတော့ တကယ့်ကို စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့တယ်။ သူ သွားလေရာ နေရာတိုင်းမှာ ထောက်ခံသူတွေက "နိုဘယ်" လို့ အော်ဟစ်ခဲ့ကြပြီး၊ ပြုံးရွှင်နေတဲ့ သူ့ပုံရိပ်တွေကို မီဒီယာ ကင်မရာတွေက အမြဲတမ်း ရိုက်ကူးခဲ့ကြတယ်။
ဒီလို အခြေအနေမျိုးမှာ နောက်ထပ် သတင်းကောင်းတစ်ခု ထပ်ပြီး ရောက်ရှိလာခဲ့ပြန်တယ်။
"ပါမောက္ခ ကင်ဟိုမင် ကလည်း ဓာတုဗေဒ နိုဘယ်ဆုအတွက် အဓိက အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရပါတယ်"