အခန်း ၂၈၅
Vol. 29 Ch. 285
အခန်း (၂၈၅)
ငြိမ်းချမ်းရေးနိုဘယ်ဆုက "ငြိမ်းချမ်းရေး" ဆိုတဲ့ အယူအဆရဲ့ စိတ်ခံစားမှုအပေါ် အခြေခံမှုနဲ့ မရေရာမှုတွေကြောင့် နှစ်တိုင်း အငြင်းပွားစရာ ဖြစ်လေ့ရှိတယ်။ ဒါပေမဲ့ ဓာတုဗေဒနိုဘယ်ဆုကျတော့ ပညာရေးလောကရော၊ အများပြည်သူပါ အသိအမှတ်ပြုရတဲ့ အောင်မြင်မှုနဲ့ စွမ်းဆောင်ရည်တွေ လိုအပ်တာပါ။
တောင်ကိုရီးယားက Semiconductor ၊ display system နဲ့ စမတ်ဖုန်းတွေလိုမျိုး အဆင့်မြင့်ထုတ်ကုန်တွေနဲ့ ကြီးပွားတိုးတက်နေပေမဲ့ သိပ္ပံနယ်ပယ်မှာတော့ နိုဘယ်ဆုရှင် တစ်ယောက်မှ မထွက်ဖူးသေးပါဘူး။
တကယ်တော့ ဆုရှင်မထွက်ရုံတင်မကဘူး၊ ကိုယ်စားလှယ်လောင်း ကိုတောင် သေသေချာချာ အဆိုမပြုနိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပါမောက္ခ ကင်ဟိုမင်က ထိပ်တန်းကိုယ်စားလှယ်လောင်းအဖြစ် နာမည်စာရင်း ပါလာခဲ့ပါပြီ။
– အိုး... ဓာတုဗေဒနိုဘယ်ဆုတဲ့။ သိပ္ပံနယ်ပယ်ကနေ ဆုရှင် ထွက်လာတော့မှာလား။
– ဘာပဲဖြစ်ဖြစ် ပါမောက္ခ ကင်ဟိုမင်ကို ပံ့ပိုးပေးခဲ့တာ ကန်ဂျင်ဟူ မဟုတ်ဘူးလား။
– သူက အခု OTK သုတေသနဌာနရဲ့ ဒါရိုက်တာလေ။
– တကယ်လို့ ဒီတစ်ခေါက် သူတို့နှစ်ယောက်လုံး နိုဘယ်ဆုရရင် OTK ကုမ္ပဏီကနေ ဆုရှင်နှစ်ယောက်တောင် ထွက်လာမှာပေါ့နော်။
– မိုက်တယ်၊ အိုတာကူကုမ္ပဏီ။ ကိုရီးယားကုမ္ပဏီဖြစ်နေလို့ ဂုဏ်ယူမိတယ်။
– အမေရိကန်ကုမ္ပဏီ မဟုတ်ဘူးလား။
– အဲဒါ ဘာအရေးလဲ။ အဓိကက ကိုရီးယားလူမျိုးက ဆုရမှာပဲလေ။
– လွှတ်တော်အမတ် လီဂျောင်ဟွန်း ဘယ်လိုမျိုး ဝင်ရှုပ်ဦးမလဲဆိုတာ တကယ်ကြည့်ချင်နေပြီ။
အမျိုးသားလစ်ဘရယ်ပါတီ လွှတ်တော်အမတ်တချို့က ကျွန်တော့်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆု အဆိုပြုခံရမှုအပေါ် မကျေမနပ်ဖြစ်ပြီး ထဆူနေကြပေမဲ့ ပါမောက္ခ ကင်ဟိုမင်နဲ့ ပတ်သက်လို့တော့ နှုတ်ဆိတ်နေကြပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံရေးသစ်ပါတီက အဆိုပြုခံရမှုကို ကြိုဆိုကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တယ်။
"နိုင်ငံရေးသစ်ပါတီအနေနဲ့ ပါမောက္ခ ကင်ဟိုမင် ဓာတုဗေဒနိုဘယ်ဆု ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ ဒါဟာ ကိုရီးယားသိပ္ပံသမိုင်းမှာ မှတ်တမ်းဝင်မယ့် အောင်မြင်မှုတစ်ခုဖြစ်ပြီး ကိုရီးယားရဲ့ အခြေခံသိပ္ပံပညာ ထူးချွန်မှုကို သက်သေပြလိုက်တဲ့ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ချက်လည်း ဖြစ်ပါတယ်"
ပါတီခေါင်းဆောင်၊ လွှတ်တော်အမတ်စုခေါင်းဆောင်နဲ့ စီနီယာလွှတ်တော်အမတ်တွေက ပါမောက္ခ ကင်ဟိုမင်နဲ့ တွေ့ချင်တယ်ဆိုပြီး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ သုတေသနဌာနထဲကို အတင်းဝင်ရောက်လာကြတယ်။
ပါမောက္ခ ကင်ဟိုမင်ကတော့ အခြေအနေကို သတိမထားမိဘဲ ဘာတွေဖြစ်နေမှန်း မသိဘဲနဲ့ သူတို့နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ရပြီး အဲဒီဓာတ်ပုံတွေက သတင်းဌာနတွေနဲ့ သတင်းစာတွေမှာ လျှံထွက်နေအောင်ကို ပါလာခဲ့တယ်။
အဲဒါတင် မကသေးဘူး။
ပထမအကြိမ် လွှတ်တော်အမတ်ဖြစ်လာသူတွေက ကိုရီးယားတက္ကသိုလ်နဲ့ OTK ဘတ္ထရီတွေ ထုတ်လုပ်တဲ့ ဆိုဆောင်း SB စက်ရုံကို အုပ်စုလိုက် သွားရောက်ခဲ့ကြပြီး တချို့လွှတ်တော်အမတ်တွေက "ကင်ဟိုမင်အက်ဥပဒေ" လို့လည်း လူသိများတဲ့ "အခြေခံသိပ္ပံမြှင့်တင်ရေး ပံ့ပိုးကူညီမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အက်ဥပဒေ" ကို ကမူးရှူးထိုး အဆိုပြုဖို့ လုပ်ကြပြန်တယ်။
သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သဘောထားကို မရယူဘဲ နေရာစုံကနေ ကောက်နှုတ်ပြီး ကမူးရှူးထိုး ရေးဆွဲထားတဲ့ ဒီဥပဒေမူကြမ်းတွေက ညံ့ဖျင်းလှပါတယ်။ လွှတ်တော်အမတ်တွေထဲမှာ ဆရာဝန်တွေနဲ့ ရှေ့နေတွေ အများကြီးရှိပေမဲ့ သိပ္ပံပညာရှင် တစ်ယောက်မှ မရှိတာကလည်း ပြဿနာတစ်ခုပဲပေါ့။
သိပ္ပံလောကရဲ့ တုံ့ပြန်မှုကတော့ မယုံနိုင်စရာပါပဲ။
တကယ် အကူအညီလိုတုန်းက ပံ့ပိုးပေးဖို့ တောင်းဆိုချက်တွေကို လျစ်လျူရှုခဲ့ကြပြီး အခုကျမှ အကျိုးအမြတ်ရဖို့အတွက် ကယောင်ကတမ်းတွေလုပ်ပြီး ပါမောက္ခ ကင်ဟိုမင်ရဲ့ နာမည်ကို အဓိပ္ပာယ်မရှိတဲ့ ဥပဒေတွေမှာ လိုက်တပ်နေကြတာပါ။
တက်ဂယူက သတင်းကိုကြည့်ရင်း ပြောတယ်။
"တကယ်ပဲ... သူများအောင်မြင်မှုကို အလကားလိုက်အမြတ်ထုတ်ဖို့ လုပ်နေကြတာပဲ "
"……"
ဒါကြောင့်ပဲ ကျွန်တော်က နိုင်ငံရေးသမားတွေကို မုန်းတာပါ။ ဒါကြောင့် လက်ဆွဲနှုတ်ဆက်ပြီး ဓာတ်ပုံရိုက်ဖို့ လာသမျှ နိုင်ငံရေးသမားအားလုံးကို ငြင်းလွှတ်ခဲ့တာလေ။
ပြည်တွင်းပြည်ပ မီဒီယာတွေက OTK ကုမ္ပဏီဆီကို စုပြုံရောက်ရှိလာကြတယ်။ ကုမ္ပဏီတစ်ခုထဲကနေ နိုဘယ်ဆုရှင် နှစ်ယောက် တစ်ပြိုင်ထဲ ထွက်ပေါ်လာဖို့ဆိုတာ မရိုးရှင်းတဲ့ကိစ္စလေ။
အင်တာဗျူးခွင့် တောင်းဆိုမှုတွေ တရဟော ဝင်လာပေမဲ့ ပါမောက္ခ ကင်ဟိုမင်ရော၊ ကျွန်တော်ပါ ငြင်းခဲ့ကြတယ်။ အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်က တရားဝင် သတင်းထုတ်ပြန်ချက်တစ်ခုပဲ ရိုးရိုးရှင်းရှင်း ထုတ်ပြန်ပေးခဲ့တယ်။
ဝန်ထမ်းတွေလည်း ပျော်ရွှင်တဲ့ စိတ်ခံစားချက် ဖြစ်နေကြတယ်။ တကယ်လို့ ဆုတွေရခဲ့ရင် သူတို့ကို ဘောနပ်စ် ပေးရင်ကောင်းမလား။
စိတ်လှုပ်ရှားနေတဲ့ နောက်ထပ်နေရာတစ်ခုကတော့ ကိုရီးယားတက္ကသိုလ်ပါပဲ။ အကြောင်းရင်းကတော့ ထင်ရှားပါတယ်၊ ပါမောက္ခ ကင်ဟိုမင်ရော၊ ကျွန်တော်ပါ ကိုရီးယားတက္ကသိုလ်ရဲ့ ကျောင်းသားဟောင်းတွေ ဖြစ်နေကြလို့ပါပဲ။
တက္ကသိုလ်တစ်ခုတည်းကနေ နိုဘယ်ဆုရှင် နှစ်ယောက် ထွက်လာဖို့ဆိုတာ မလွယ်ကူဘူးလေ။
ကိစ္စအမျိုးမျိုးကို ခန့်မှန်းဖို့အတွက် အကောင်းဆုံးအဖွဲ့အစည်းက ဘာဖြစ်မယ်လို့ထင်လဲ။
ကျွမ်းကျင်သူအဖွဲ့တွေ ဒါမှမဟုတ် သုတေသနအဖွဲ့အစည်းတွေ မဟုတ်ဘဲ အွန်လိုင်းလောင်းကစားဆိုက်တွေပဲ ဖြစ်ပါတယ်။ သူတို့က စိတ်ကူးလို့ရသမျှ အကြောင်းအရာတိုင်းအပေါ် လောင်းကြေး ထပ်ကြတာပါ။
လောင်းကြေးထပ်ကြတဲ့ထဲမှာ မြင်းပြိုင်ပွဲနဲ့ စက်ဘီးပြိုင်ပွဲတွေ တင်မကဘဲ ရာသီဥတု၊ အားကစား၊ ရွေးကောက်ပွဲ၊ မဲခွဲဆုံးဖြတ်မှု ရလဒ်တွေ စတာတွေအပြင် ဘယ်သူ နိုဘယ်ဆုရမလဲဆိုတာပါ ပါဝင်တယ်။
ကျွမ်းကျင်သူတွေရဲ့ အမြင်ကတော့ အေးစက်ပြီး ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်ကနေ ထွက်ပေါ်လာတာ ဖြစ်ပေမဲ့ သူတို့နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ ပံ့ပိုးကူညီတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရရဲ့ လွှမ်းမိုးမှုလိုမျိုး ပြင်ပအချက်အလက်တွေရဲ့ လွှမ်းမိုးမှုကိုလည်း အများကြီး ခံရတယ်။ ဒါပေမဲ့ နာမည်မဖော်တဲ့ လောင်းကစားဆိုက်တွေမှာတော့ ဒီလိုအရာတွေကို စိတ်ပူစရာမလိုပါဘူး။
တက်ဂယူက ခေါင်းညိတ်ပြီး ပြောတယ်။
"လူတိုင်းက လိမ်တတ်ကြတယ်။ ဒါပေမဲ့ ကိုယ့်ပိုက်ဆံနဲ့ လောင်းကြေးထပ်တဲ့အခါကျရင်တော့ ဘယ်သူမှ မလိမ်ကြဘူး"
လောင်းကစားဆိုက်တွေရဲ့ အဆိုအရ ကျွန်တော်၊ သမ္မတ ရိုနယ်နဲ့ ပါမောက္ခ မိုဟန်တို့ ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲရရှိဖို့က သေချာသလောက်ရှိနေပြီး ပါမောက္ခ ကင်ဟိုမင် ဆုရနိုင်ခြေကတော့ ငါးဆယ်ရာခိုင်နှုန်းလောက် ရှိနေပါတယ်။
တက်ဂယူနဲ့ ကျွန်တော်က OTK သုတေသနဌာနဆီကို ဦးတည်သွားခဲ့ကြတယ်။ အနားကို ရောက်သွားတဲ့အခါ နေရာအနှံ့မှာ ချိတ်ဆွဲထားတဲ့ နဖူးစည်းစာတန်းတွေက မျက်စိထဲ ဝင်လာခဲ့တယ်။
တချို့က ဒေသခံ နိုင်ငံရေးသမားတွေ ချိတ်ထားတာဖြစ်ပြီး တချို့ကတော့ ပိုက်ဆံစုပြီး ချိတ်ထားကြတဲ့ သာမန်ပြည်သူတွေ ဖြစ်ပါတယ်။
"ဒီနိုင်ငံက လူတွေက နိုဘယ်ဆု မရဖူးသေးလို့ ဆုအပေါ် ဒီလောက်တောင် စွဲလမ်းနေကြတာလား"
OTK ဘတ္ထရီတွေ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ပါမောက္ခ ကင်ဟိုမင်က မယုံနိုင်လောက်အောင် ချမ်းသာလာခဲ့ပါပြီ။ သူက ကိုရီးယားမှာ အချမ်းသာဆုံး ပါမောက္ခ ဖြစ်နိုင်ပါတယ်။
သူရထားတဲ့ ပိုက်ဆံတွေအများကြီးနဲ့ ဘယ်လောက်တောင် သက်တောင့်သက်သာနဲ့ နေထိုင်မလဲဆိုတာ ကျွန်တော် သိချင်မိပေမဲ့ အတော်ကြာမှ ပြန်တွေ့တဲ့အခါ သူက သူတောင်းစားတစ်ယောက်လို ဖြစ်နေခဲ့တယ်။
သူ့ရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေက အဆီပြန်နေပြီး ဝတ်စုံတွေကလည်း ဘယ်တုန်းက နောက်ဆုံးလျှော်ထားလဲဆိုတာ ပြောရခက် လောက်အောင် ညစ်ပတ်နေပါတယ်။ သူ့မျက်နှာကလည်း ရေမချိုးထားသလိုမျိုး အဆီတွေနဲ့ ပြောင်လက်နေတာပါ။
တခြားသုတေသနပညာရှင်တွေလည်း အတူတူပါပဲ။ သူတို့အားလုံးက အိပ်ရေးမဝထားသလိုမျိုး ပင်ပန်းနွမ်းနယ်နေပုံရပါတယ်။
"ကျွန်တော် ပီဇာတချို့ ယူလာခဲ့တယ်။ အားလုံးပဲ အလုပ်လုပ်ရင်း စားကြပါဦး"
ကားပေါ်မှာ တင်လာတဲ့ M ပီဇာဘူး ဒါဇင်ဝက်လောက်ကို ကျွန်တော် လွှဲပေးလိုက်တဲ့အခါ သုတေသနပညာရှင်တွေက ပီဇာကို ဖုတ်ကောင်တွေလိုမျိုး ငမ်းငမ်းတက် စားကြတော့တယ်။
ကျွန်တော်က ပါမောက္ခ ကင်ဟိုမင်ကို ပြောလိုက်တယ်။
"အလုပ်လုပ်ရင်း အနားယူပါဦး"
"ငါ နားချင်တာနဲ့ နားနေမိရင် ဘယ်အချိန်မှာ သုတေသနလုပ်ပြီး ဘယ်အချိန်မှာ စမ်းသပ်ရမှာလဲ"
ပါမောက္ခ ကင်ဟိုမင်က ဆိုဆောင်း SB သုတေသနဌာနနဲ့ ပူးပေါင်းပြီး OTK ဘတ္ထရီတွေရဲ့ စွမ်းဆောင်ရည်ကို ဆက်တိုက်မြှင့်တင်နေသလို ကြိုးမဲ့အားသွင်းစနစ် နည်းပညာကိုလည်း သုတေသနပြုနေတာပါ။
"ကြိုးမဲ့အားသွင်းစနစ်တွေက စမတ်ဖုန်းတွေနဲ့ တခြား အီလက်ထရောနစ် ပစ္စည်းတွေအတွက် စီးပွားဖြစ် ထုတ်လုပ်နေပြီ ဖြစ်ပေမဲ့ လျှပ်စစ်ကားတွေအတွက်ကတော့ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိသေးတယ်။ magnetic induction ကို အသုံးပြုတဲ့ ကြိုးမဲ့အားသွင်းစနစ်က ကားကို ကားပါကင်နေရာမှာ ရပ်ထားတဲ့အခါ သေချာပေါက် ဖြစ်နိုင်ခြေရှိပေမဲ့ ပြဿနာက ကြိုးနဲ့အားသွင်းတာလောက် မမြန်တာပဲ။ အဲဒါကို တကယ်အသုံးပြုနိုင်ဖို့ဆိုရင် ကြိုးနဲ့အားသွင်းတဲ့ စွမ်းဆောင်ရည်ရဲ့ အနည်းဆုံး ကိုးဆယ်ရာခိုင်နှုန်းအထိ ထိရောက်မှု မြှင့်တင်ရမယ်"
လောလောဆယ်မှာ လူတွေက အားသွင်းကြိုးကို အားသွင်းပေါက်ထဲကို ကိုယ်တိုင် manually ထိုးထည့်နေရတာပါ။ စိတ်ကူးကတော့ ကားကို ကားပါကင်နေရာမှာ ရပ်လိုက်တာနဲ့ အားသွင်းခြင်းက အလိုအလျောက် စတင်မယ့် ကြိုးမဲ့အားသွင်းစနစ်ဆီ ပြောင်းလဲဖို့ပါပဲ။
အားအပြည့်သွင်းပြီးသား ကားတွေက အလိုအလျောက် စက်နှိုးပြီး သာမန်ကားပါကင်နေရာဆီ ရွှေ့သွားမှာမျိုးပါ။ ကားတွေက အသုံးမပြုတဲ့အချိန်မှာ ကိုယ့်ဘာသာကိုယ် အားသွင်းမှာဖြစ်လို့ အားသွင်းဖို့အတွက် သီးခြားစိတ်ပူနေစရာ မလိုတော့ပါဘူး။
ဒါကို ကြားရတာ ရောက်လာဖို့အဝေးကြီးလိုသေးတဲ့ အနာဂတ်က အရာတစ်ခုလို ထင်ရပေမဲ့ လက်ရှိနည်းပညာနဲ့တောင် အကောင်အထည်ဖော်ဖို့ မခက်ခဲပါဘူး။ ထိရောက်မှုတစ်ခုပဲ ပြဿနာဖြစ်နေတာပါ။
"အဓိကကတော့ ထုံးစံအတိုင်း ဘတ္ထရီပဲပေါ့"
OTK ဘတ္ထရီတွေကို လောလောဆယ် ဆိုဆောင်း SB စက်ရုံမှာ ဘတ္ထရီအသေးစားတွေအဖြစ် ထုတ်လုပ်နေပြီး မော်တော်ကားတွေ အတွက် ဘတ္ထရီအကြီးစား ထုတ်လုပ်မှုကိုတော့ အမေရိကန်က TS ကုမ္ပဏီစက်ရုံမှာ စတင်နေပါပြီ။
ဆိုဆောင်း အီလက်ထရောနစ်က သူတို့ရဲ့ စမတ်ဖုန်းအသစ်တွေနဲ့ လပ်တော့တွေမှာ OTK ဘတ္ထရီတွေကို တက်တက်ကြွကြွ ထည့်သွင်းအသုံးပြုခဲ့တယ်။ အီလက်ထရောနစ် ထုတ်ကုန်တွေရဲ့ စွမ်းဆောင်ရည်က တစ်ပြေးညီ စံနှုန်းဖြစ်လာတဲ့ အခြေအနေမှာ ဘတ္ထရီသက်တမ်း ကြာရှည်ခံမှုက လုံလောက်တဲ့ မားကတ်တင်းအချက်တစ်ခု ဖြစ်လာပါတယ်။
Enple နဲ့ MS လိုမျိုး တခြားကုမ္ပဏီတွေကလည်း ဘတ္ထရီတွေ ရောင်းချသွင်းဖို့ တောင်းဆိုထားကြပေမဲ့ လက်ရှိထုတ်လုပ်မှု ပမာဏနဲ့ဆိုရင် ဆိုဆောင်း အီလက်ထရောနစ်ကိုတောင် ရောင်းချပေးဖို့ မလွယ်ကူပါဘူး။
မော်တော်ကားတွေအတွက် ဘတ္ထရီအကြီးစား အခြေအနေကလည်း ဆင်တူပါပဲ။
မူလက TS ကုမ္ပဏီကို တည်ဆောက်တုန်းက ထုတ်လုပ်မှု တည်ငြိမ်သွားတာနဲ့ Nikolaရဲ့ Gigafactory လိုမျိုး တခြားမော်တော်ကား ထုတ်လုပ်သူတွေကို ဘတ္ထရီ ပေးသွင်းဖို့ စီစဉ်ခဲ့တာပါ။
ဒါပေမဲ့ အဲဒီနောက်ပိုင်း အခြေအနေက အနည်းငယ် ပြောင်းလဲသွားခဲ့တယ်။ OTK ဘတ္ထရီတွေ ဖွံ့ဖြိုးလာပြီး လျှပ်စစ်ကားစက်ရုံတွေက ဆက်တိုက် တိုးချဲ့နေတာပါ။
ရောင်းအား သိသိသာသာ ထိုးဆင်းမသွားသရွေ့တော့ ကျွန်တော်တို့ ကိုယ်တိုင်သုံးဖို့တောင် ထုတ်လုပ်မှုပမာဏ လုံလောက်မှာ မဟုတ်ပါဘူး။
ဘတ္ထရီနဲ့ လျှပ်စစ်ကားကုမ္ပဏီတွေက ကိုယ်ပိုင်နည်းပညာတွေကို စတင်တီထွင်လာကြပေမဲ့ ရှိပြီးသား NCM ဘတ္ထရီတွေရဲ့ စွမ်းဆောင်ရည်ကို ဘယ်လောက်ပဲ မြှင့်တင်မြှင့်တင်၊ OTK ဘတ္ထရီတွေရဲ့ စွမ်းဆောင်ရည်ကို လိုက်မီဖို့ကတော့ ခက်ခဲပါတယ်။
ကျွန်တော်တို့တွေ ပါမောက္ခ ကင်ဟိုမင်ရဲ့ ဓာတ်ခွဲခန်းထဲမှာ ထိုင်နေခဲ့ကြတယ်။
ဓာတ်ခွဲခန်းနေရာကတော့ ရှုပ်ပွနေတာပါ။ ထောင့်တစ်နေရာမှာ ခေါက်ကုတင်တစ်ခု ဖြန့်ထားတာကို ကြည့်ခြင်းအားဖြင့် သူက တစ်ခါတစ်လေ ဒီဓာတ်ခွဲခန်းမှာ ညအိပ်ညနေ နေထိုင်တယ်ဆိုတာ သိသာပါတယ်။
ပါမောက္ခ ကင်ဟိုမင်က ကျွန်တော်တို့ကို အသင့်ဖျော်ကော်ဖီ ဖျော်ပေးလို့ ကျွန်တော် ယူသောက်လိုက်တယ်။
"ပါမောက္ခ မကြာခင် နိုဘယ်ဆု ရတော့မှာပါ"
ပါမောက္ခ ကင်ဟိုမင်က စိမ်းသက်သက် ရယ်လိုက်တယ်။
"နိုဘယ်ဆု... မဖြစ်နိုင်ပါဘူးကွာ။ ငါ့ထက် ပိုပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရထားတဲ့လူတွေ အများကြီး ရှိပါတယ်။ ဒီတစ်ခေါက် မော်လီကျူးဓာတုဗေဒမှာ သုတေသနအောင်မြင်မှုတွေ ရထားတဲ့ Stafford Baer အဖွဲ့ ရှိသလို၊ cryo-electron microscopy ကို တီထွင်ခဲ့တဲ့ Malcolm Gladwellလည်း ရှိသေးတယ်"
"ဒါပေမဲ့ ကိုဘော့နေရာမှာ အစားထိုးဖို့ ပစ္စည်းအသစ်တစ်ခုကို တီထွင်လိုက်တာက နှိုင်းယှဉ်လို့မရတဲ့အရာလို့ ပြောလို့ရတာ မဟုတ်ဘူးလား"
ထိုးတက်နေတဲ့ ကိုဘော့စျေးနှုန်းက OTK ဘတ္ထရီတွေ ပေါ်လာပြီးကတည်းက ဆက်တိုက် ထိုးဆင်းသွားခဲ့ပြီး အခုဆိုရင် အမြင့်ဆုံးစျေးနှုန်းထက် ခုနစ်ဆယ်ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါပြီ။
ကိုဘော့စျေးနှုန်းအပေါ် မှန်းဆပြီး စျေးကစားခဲ့ကြတဲ့ Hedge funds တွေ အရှုံးအကြီးအကျယ် ကြုံခဲ့ရပြီး ကိုဘော့သတ္တုတွင်းတွေကို ထိန်းချုပ်ထားတဲ့ ကွန်ဂိုသူပုန်တွေအတွက် ရန်ပုံငွေတွေ ခန်းခြောက်သွားလို့ သူတို့ရဲ့ အင်အားတွေ အားနည်းသွားကာ ပြည်တွင်းစစ်တွေတောင် လျော့နည်းသွားခဲ့တယ်။
ဒါကြောင့် တချို့လူတွေက သူ့ကို ဓာတုဗေဒဆုအစား ငြိမ်းချမ်းရေးဆု ပေးသင့်တယ်လို့ နောက်ပြောင်ပြီး ပြောကြတာပါ။
ကျွန်တော်က ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်တယ်။
"ပါမောက္ခ သေချာပေါက် ရမှာပါ"
တက်ဂယူကလည်း ခေါင်းညိတ်တယ်။
"ဟုတ်တယ်... လုံးဝသေချာတယ်"
ပါမောက္ခ ကင်ဟိုမင်က သူ့လက်ကို ယမ်းလိုက်တယ်။
"အဲလိုတွေ လျှောက်မပြောပါနဲ့။ ပြီးတော့မှ ငါမရရင် ခေါင်းတောင် မဖော်ရဲဘဲ အရှက်ကွဲရလိမ့်မယ်"
ကျွန်တော် ဒီလောက် သေချာနေရတဲ့ အကြောင်းရင်းကတော့ အနာဂတ်အမြင်ကို မြင်ခဲ့ရလို့ ဖြစ်ပေမဲ့ အဲဒါကို သူ့ကိုတိုက်ရိုက် ပြောပြလို့တော့ မရဘူးလေ။
ပါမောက္ခ ကင်ဟိုမင်က စကားလမ်းကြောင်း ပြောင်းလိုက်တယ်။
"ဒါနဲ့...ပြီးခဲ့တဲ့ မော်တော်ကားပြပွဲကို ကြည့်ရသလောက် ခြားကုမ္ပဏီတွေရဲ့ နည်းပညာတွေကိုလည်း လျှော့တွက်လို့မရဘူးနော်"
"ကျွန်တော်လည်း နည်းနည်း အံ့သြသွားတယ်"
Iber က ပြီးပြည့်စုံလုနီးပါးဖြစ်တဲ့ အလိုအလျောက်မောင်းနှင်မှုစနစ် နည်းပညာကို ပြသခဲ့ပြီး Ford နဲ့ GM တို့ကလည်း မောင်းနှင်နိုင်တဲ့ အကွာအဝေးနဲ့ အားသွင်းနှုန်းကို သိသိသာသာ မြှင့်တင်ထားတဲ့ လျှပ်စစ်ကားအသစ်တွေကို ထုတ်ပြခဲ့ကြတယ်။
နည်းလမ်းတွေ ကွဲပြားပေမဲ့ အားလုံးရဲ့ နောက်ဆုံးပန်းတိုင်ကတော့ အတူတူပါပဲ။ အဲဒါကတော့ ယာဉ်မောင်းမဲ့ကားတွေကို အသုံးပြုပြီး သယ်ယူပို့ဆောင်ရေးကို ပေါင်းစပ်ဖို့ပါ။
CarOS ကလည်း ကားမျှဝေစီးနင်းခြင်း နဲ့ ကားအငှားဝန်ဆောင်မှုဘက်ကို တိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။ လျှပ်စစ်ကားလောကမှာ ကျွန်တော်တို့က Nikola၊ BID စတာတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ကားမျှဝေစီးနင်းခြင်းမှာတော့ Iber၊ Didi Chuxing နဲ့ Grabတို့က ပြိုင်ဘက်တွေ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ အနိုင်ရတဲ့ဘက်က ၂၁ ရာစု မော်တော်ကားစက်မှုလုပ်ငန်းရဲ့ အထွတ်အထိပ် ဩဇာအာဏာကို ရယူသွားမှာပါ။
တက်ဂယူက မေးတယ်။
"ဒါပေမဲ့ ကိုရီးယားမှာ သိပ္ပံနယ်ပယ်ကနေ နိုဘယ်ဆုရှင် ဘာလို့ ဒီလောက်နည်းနေရတာလဲ"
"ဘာလို့လဲဆိုတော့ အဲ့နယ်ပယ်ကို သေသေသေချာချာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပံ့ပိုးမှု မလုပ်ခဲ့ကြလို့ပဲ"
ဘယ်အရာမဆို ရင်းနှီးမြှုပ်နှံမှုနဲ့ အချိုးကျတဲ့ ရလဒ်တွေ ထွက်လာတာပါပဲ။ ပိုက်ဆံက မလိမ်ဘူးလေ။
ချက်ချင်း အသုံးချလို့ရတဲ့ အသုံးချသိပ္ပံနဲ့မတူဘဲ အခြေခံသိပ္ပံက ကြီးထွားလာပြီး ပန်းပွင့်လာဖို့ အချိန်အများကြီး ယူရပါတယ်။ ဒါကြောင့် အစိုးရရော၊ ကုမ္ပဏီတွေပါ အခုထက်ထိ အခြေခံသိပ္ပံကို လျစ်လျူရှုခဲ့ကြတာ အမှန်ပဲလေ။
ပါမောက္ခ ကင်ဟိုမင်က ပြောတယ်။
"ဒါကြောင့် ငါရထားတဲ့ ပိုက်ဆံတချို့ကို အခြေခံသိပ္ပံမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတယ်။ ကိုရီးယားမှာ တကယ့်သိပ္ပံပညာရှင်ကောင်းတွေ မရှိတာ မဟုတ်ပါဘူး။ သေသေချာချာ ပံ့ပိုးပေးမယ့် စနစ်တစ်ခုပဲ မရှိတာ"
တက်ဂယူက ပြောတယ်။
"ဒါပေမဲ့ အဲလိုမျိုး သွားပံ့ပိုးရင် အထက်ကလူတွေပဲ အကုန်ဖြတ်စားသွားကြမှာ မဟုတ်ဘူးလား"
ပါမောက္ခ ကင်ဟိုမင်က သူ့ခေါင်းကို ကုတ်ရင်း ပြောတယ်။
"မဟုတ်ဘူးလို့တော့ မပြောနိုင်ဘူး"
ပါမောက္ခတွေ သုတေသနရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ကြတဲ့ ပုံစံကို ကြည့်ရတာ တကယ့်ကို အံ့ဩစရာပါပဲ။ သူတို့က Masterနဲ့ ပါရဂူဘွဲ့ကျောင်းသားတွေကို လစာပေးပြီး နောက်မှ ငွေသားနဲ့ ပြန်တောင်းကြတာတို့၊ သူတို့ရဲ့ ဘဏ်စာအုပ်တွေနဲ့ ကတ်တွေကိုပါ ယူပြီး ပိုက်ဆံကို ကိုယ်တိုင် ထုတ်ယူကြတာမျိုးတို့အထိ လုပ်ကြပါတယ်။
ဒီလို မတရား ဆက်ဆံခံရတာတွေကို သူတို့တွေက ဘာလို့ မတိုင်ကြားရဲကြတာလဲဆိုတော့ Masterနဲ့ ပါရဂူကျောင်းသားတွေရဲ့ ဘဝက ပါမောက္ခရဲ့ စကားတစ်ခွန်းအပေါ်မှာ မူတည်နေလို့ပါ။ ပြီးတော့ ပညာရေးလောကက သေးသေးလေးလေ။
ဒီနယ်ပယ်ကနေ လုံးဝထွက်သွားဖို့ စီစဉ်ထားတာ မဟုတ်ရင်တော့ ပါမောက္ခတစ်ယောက်ရဲ့ အကျင့်ပျက်ခြစားမှုကို တိုင်ကြားဖို့ဆိုတာ စိတ်ကူးလို့တောင် မရတဲ့အရာပါပဲ။
ပါမောက္ခ ကင်ဟိုမင်က ဒီနယ်ပယ်ထဲမှာ ရှိနေတဲ့ သူဖြစ်လို့ ဒီပြဿနာကို ဘယ်သူ့ထက်မဆို ပိုသိမှာပါ။
"ဒါကြောင့် ငါကိုယ်တိုင် ဖောင်ဒေးရှင်းတစ်ခု တိုက်ရိုက်တည်ထောင်ဖို့ စဉ်းစားနေတာ။ တကယ် စိတ်အားထက်သန်ပြီး ဝါသနာပါတဲ့လူတွေကို ရွေးချယ်ပြီး ပံ့ပိုးပေးနိုင်ဖို့အတွက်ပေါ့"
သူက ရထားတဲ့ ပိုက်ဆံတွေနဲ့ သက်တောင့်သက်သာ နေထိုင်ဖို့ စဉ်းစားမယ့်အစား သိပ္ပံလောကမှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတာပါ။
"ကိုရီးယားတက္ကသိုလ်က ဓာတုဗေဒကျောင်းသားတွေကို အားနာမိတယ်"
"ဘာလို့လဲ"
"ကျွန်တော်က ဒီလောက်တော်တဲ့ ပါမောက္ခကို ခိုးယူလိုက်သလို ဖြစ်သွားလို့လေ"
ကျွန်တော့်စကားကြောင့် ပါမောက္ခ ကင်ဟိုမင်က ရှက်ကိုးရှက်ကန်းနဲ့ ချောင်းဆိုးလိုက်တယ်။
"အဟမ်း... အဟမ်း... အဲလို ထင်ပေးတာကို ကျေးဇူးတင်ပါတယ်"
အလုပ်လာပြီး အလုပ်ကိစ္စတွေကို ကိုင်တွယ်ပြီးနောက်မှာ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့တယ်။
"မင်္ဂလာပါ။ ပါမောက္ခ"
ပါမောက္ခ ကင်မြောင်ဂျွန်က ရယ်ရင်း ပြောတယ်။
"ငါ့တပည့်က ငြိမ်းချမ်းရေးနိုဘယ်ဆု ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး"
"ကျွန်တော် ဆုမရသေးပါဘူး"
"ဘာပဲဖြစ်ဖြစ် မင်းရမှာပဲလေ။ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းဆိုလို့ UNHCR ပဲ ရှိတာ၊ သူတို့က အရင်ကလည်း ရဖူးပြီးသား။ တကယ်လို့ မင်းကို မပေးရင် ရိုနယ်က ငြိမ်နေပါ့မလား"
"အဲဒါတော့ ဟုတ်ပါတယ်"
နာမည်မဖော်လိုတဲ့ အိမ်ဖြူတော် အရာရှိတစ်ဦးရဲ့ အဆိုအရ သူတို့က သမ္မတရုံးခန်းမှာ ဆုအတွက် နေရာတစ်ခုတောင် ပြင်ဆင်ထားပြီးပြီတဲ့။
ဒီလူက ဘာလို့ နိုဘယ်ဆုကို ဒီလောက်တောင် ကြိုက်နေရတာလဲ။
"မကြာသေးခင်က ရှေးရိုးစွဲအဖွဲ့တွေလည်း ကျောင်းကို တစ်ခေါက် လာသွားသေးတယ်။ ဘာကော်မတီဆိုလားပဲ... ကန်ဂျင်ဟူရဲ့ နိုဘယ်ဆု ရရှိမှုကို တားဆီးရေး အမျိုးသားလှုပ်ရှားမှု ကော်မတီဆိုလား။ ကျောင်းကိုလည်း စာတွေအများကြီး ပို့ထားကြတယ်၊ ငါကတော့ မင်းဆီ ပို့ပေးဖို့ သေသေသေချာချာ သိမ်းထားတယ်"
"……ရပါတယ်၊ အဲဒါတွေကို မီးပဲရှို့လိုက်ပါ"
"ဒီရက်ပိုင်း အလုပ်တွေ ဘယ်လိုလဲ"
"ပုံမှန်အတိုင်းပဲ ကြိုးစားပမ်းစား လုပ်နေပါတယ်"
"ကျောင်းကိုလည်း တစ်ခေါက်လောက် လာခဲ့ဦးလေ။ အရင်က ပေးဖို့ ကတိပြုထားတဲ့ ဟောပြောပွဲကို မေ့သွားပြီလား"
ကျွန်တော် ရရှိခဲ့တဲ့ ကျေးဇူးတွေအများကြီးကို ပြန်ဆပ်ဖို့အတွက် သူ့ဆီ သွားလည်ဖို့ စဉ်းစားထားပြီးသားပါ။
"ဘယ်တော့ လာရမလဲခင်ဗျာ"
"တနင်္လာနေ့ကျရင် လာခဲ့လေ။ ငါ ကော်ဖီတိုက်မယ်"
"ဟုတ်ကဲ့၊ လာခဲ့ပါ့မယ်”
ရက်အနည်းငယ်အကြာ၊ တနင်္လာနေ့မှာ ကျွန်တော် ကိုရီးယားတက္ကသိုလ်ဆီ သွားရောက်လည်ပတ်ခဲ့တယ်။