← Chapters

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း (၂၈၆)

ကန်ဂျင်ဟူက ကိုရီးယားတက္ကသိုလ်မှာတော့ တကယ့်ကို ဒဏ္ဍာရီတစ်ခုပါပဲ။

သူဌေးသားအဖြစ် မွေးဖွားလာတာ မဟုတ်ဘဲ စစ်မှုထမ်းပြီးနောက် သာမန်ကျောင်းသားဘဝကနေ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့တာပါ။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် နေရာကို ရောက်ဖို့အတွက် ကြာမြင့်ခဲ့တဲ့အချိန်က လေးနှစ်ပဲ ရှိခဲ့တာလေ။

တိုတောင်းလှတဲ့ လေးနှစ်တာကာလအတွင်းမှာ သူက ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံသူအဖြစ် နာမည်ကျော်ကြားလာခဲ့ပြီး အခုဆိုရင် နိုဘယ်ငြိမ်းချမ်းရေးဆုကိုပါ ရရှိတော့မယ့် ဆဲဆဲ ဖြစ်နေပါပြီ။

ကန်ဂျင်ဟူရဲ့ နာမည်က ပါမောက္ခ ကင်ဟိုမင်ရဲ့ နာမည်နဲ့အတူ ကျောင်းရဲ့ ပင်မဝင်ပေါက်မှာ ချိတ်ဆွဲပြသခံထားရတယ်။

စီးပွားရေးစီမံခန့်ခွဲမှုဌာနတစ်ခုလုံးကတော့ လုံးဝကို ပျော်ရွှင်တဲ့ စိတ်ခံစားချက် ဖြစ်နေကြတာပေါ့။ ကန်ဂျင်ဟူနဲ့ ကျောင်းအတူတူ တက်ခဲ့ဖူးတဲ့ ကျောင်းသားတချို့က သူတို့ရဲ့ ဂျူနီယာတွေကို ကြွားလုံးထုတ်နေကြတယ်။

"ငါတို့တွေ တစ်ခန်းထဲ တက်နေတုန်းက Brexit ဖြစ်ခဲ့တာလေ"

"အဲဒီတုန်းက ဌာနထဲမှာ လောင်းကြေးထပ်ကြသေးတယ်။ လူတိုင်းက အဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ လောင်းကြတုန်းက စီနီယာဂျင်ဟူကတော့ ခွဲထွက်ဖို့ ယုံကြည်ချက်အပြည့်နဲ့ လောင်းခဲ့တာပေါ့"

"အရက်ဆိုင်မှာ ပိုက်ဆံတွေ ပုံပြီး ဆော့ခဲ့တဲ့ ကစားပွဲကတော့ တကယ့်ကို ဒဏ္ဍာရီပဲ"

အတူတူ ထမင်းစားဖူးတာ၊ အတန်းအတူတူ တက်ဖူးတာတင်ပဲ ကြွားဖို့အတွက် လုံလောက်တဲ့အချက် ဖြစ်နေခဲ့တာပါ။

"ငါက စီနီယာဂျင်ဟူနဲ့တောင် ထမင်းအတူစားခဲ့ဖူးတယ်"

ကန်ဂျင်ဟူရဲ့ မျက်နှာကို မမြင်ဖူးကြတဲ့လူတွေကတော့ တော်တော်လေး စိတ်ပျက်နေကြတယ်။

"သူ ကျောင်းကို ပြန်မလာတော့ဘူးလား"

"နေပါဦး။ သူက ဘာလို့ သူဌေးဖြစ်နေပြီကို ကျောင်းတက်ဖို့ စိတ်ပူပါဦးမလား "

"ဒီလောက် ပိုက်ဆံအများကြီးနဲ့ဆိုရင် သူကိုယ်တိုင် တက္ကသိုလ်တစ်ခု တည်ထောင်လိုက်လို့တောင် ရတယ်"

အဲဒီအချိန်မှာပဲ ပါမောက္ခ ကင်မြောင်ဂျွန်က ဌာနက ကျောင်းသားတွေကို ပြောလိုက်တယ်။

"တနင်္လာနေ့ကျရင် ကန်ဂျင်ဟူက ဟောပြောပွဲလုပ်ဖို့ ဒီကိုလာလိမ့်မယ်။ အဲဒီနေ့မှာ အားအောင်လုပ်ထားကြပါ"

သူ့စကားကြောင့် ကျောင်းသားတွေ အံ့ဩသွားကြတယ်။

ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှု အောင်မြင်မှု နည်းလမ်းတွေအကြောင်း စိတ်အားထက်သန်စွာ ပြောပြတတ်တဲ့ တခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ မတူဘဲ ကန်ဂျင်ဟူက သူ့ရဲ့ ကျော်ကြားမှုနဲ့ နှိုင်းယှဉ်ရင် ပြင်ပလှုပ်ရှားမှုတွေကို ခပ်ရှားရှားပဲ လုပ်လေ့ရှိတာပါ။

အထူးသဖြင့် ဟောပြောပွဲလုပ်ဖို့ဆိုတာ မရှိသလောက်ပါပဲ။

ကန်ဂျင်ဟူ လာမယ့်သတင်းက ကျောင်းတစ်ခုလုံးကို ပွက်လောရိုက်သွားစေပြီး နေရာစုံကနေ လျှောက်လွှာတွေ တရဟော ဝင်လာခဲ့တယ်။ တခြားကျောင်းက ကျောင်းသားတွေပါ စိတ်ဝင်စားလာကြတဲ့အခါ ကျောင်းဘက်ကနေ ကိုရီးယားတက္ကသိုလ် ကျောင်းသားတွေကိုပဲ ကန့်သတ်ပေးလိုက်ရတယ်။ ပြီးတော့ စီးပွားရေးစီမံခန့်ခွဲမှုဌာနက ကျောင်းသားတွေကို ဦးစားပေးခဲ့တယ်။ တစ်ဦးချင်းပဲ လျှောက်ထားနိုင်ပြီး လွှဲပြောင်းခွင့် မရှိပေမဲ့ နေရာတွေက ချက်ချင်း ပြည့်သွားခဲ့ပြီး ကျောင်းသားတွေကြားထဲမှာ လက်မှတ်တွေကို စျေးတင်ပြီး ပြန်ရောင်းတာတွေအထိ ဖြစ်ပေါ်ခဲ့တယ်။

ကိုရီးယားတက္ကသိုလ်ကျောင်းအုပ် ချွန်ယွန်ဟွာကတော့ မျှော်လင့်ချက်အပြည့် ဖြစ်နေခဲ့တယ်။

'ကန်ဂျင်ဟူက ကျောင်းအတွက် ရန်ပုံငွေ အများကြီး လှူဒါန်းမလားမသိဘူး'

အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်က ကိုယ့်ရဲ့ မိခင်ကျောင်းကို ပံ့ပိုးကူညီပေးတာက တကယ့်ကို လှပပြီး ချီးကျူးစရာကောင်းတဲ့ အရာပဲလေ။

ဒေသခံ နိုင်ငံရေးသမားတွေကလည်း မျက်နှာပြဖို့အတွက်တင် ကိုရီးယားတက္ကသိုလ်အနားမှာ လာပြီး တဝဲဝဲလည်လည် လုပ်နေကြပါတယ်။

ကျွန်တော် ပါမောက္ခ ကင်မြောင်ဂျွန်နဲ့ ဌာနမှူးရုံးခန်းမှာ အတော်ကြာမှ ပြန်ဆုံခဲ့တယ်။

"အလုပ်ရှုပ်နေလား"

"ပုံမှန်အတိုင်းပါပဲ"

ပါမောက္ခ ကင်မြောင်ဂျွန်က ပြုံးရင်း ပြောတယ်။

"ဒီရက်ပိုင်း မင်းကြောင့် စီးပွားရေးစီမံခန့်ခွဲမှုဌာနက အောင်မြင်မှုတွေ အများကြီး ရနေတယ်။ ဝင်ခွင့်ရမှတ်တွေက ဆေးကျောင်းအများစုထက်တောင် ပိုမြင့်သွားတယ်ဆိုတာ မင်းသိလား"

အကြောင်းရင်းကတော့ အလုပ်အကိုင် အလားအလာတွေက မယုံနိုင်လောက်အောင် ကောင်းမွန်နေလို့ပါပဲ။ ကုမ္ပဏီကြီးတွေက ကျောင်းပြီးတာနဲ့ စီးပွားရေးဌာနက ကျောင်းသားတွေကို အပြိုင်အဆိုင် ခေါ်ယူဖို့ လုပ်နေကြတယ်လို့ ပြောကြတယ်လေ။

ကျွန်တော် ပါမောက္ခ ကင်မြောင်ဂျွန်နဲ့အတူ စီးပွားရေးစီမံခန့်ခွဲမှုဌာနရဲ့ ကျောင်းသားနားနေဆောင်ကို လှည့်ပတ်ကြည့်ရှုပြီး ဂျူနီယာတွေကို နှုတ်ဆက်လိုက်တယ်။

"မင်္ဂလာပါ။ စီနီယာ"

"တွေ့ရတာ ဂုဏ်ယူပါတယ်ခင်ဗျာ"

ငယ်ရွယ်တဲ့ ပထမနှစ်ကျောင်းသားလေးတွေကို ကြည့်ပြီး ကျွန်တော် ကိုယ့်ကိုကိုယ် အိုမင်းသွားသလိုမျိုး ခံစားလိုက်ရတယ်။

ရင်းနှီးတဲ့ မျက်နှာတချို့လည်း ရှိနေခဲ့တယ်။ ကျောင်းသူအများစုက ကျောင်းပြီးသွားကြပြီ ဖြစ်ပေမဲ့ စစ်မှုထမ်းခဲ့ရတဲ့ ကျောင်းသားကြီးတွေကတော့ ကျောင်းတက်နေတုန်းပါပဲ။

ရှင်ယူရီလည်း ပြီးခဲ့တဲ့ အစမ်းစာမေးပွဲမှာ ကျောင်းပြီးသွားခဲ့ပါပြီ။ ကျောင်းပြီးပြီးချင်း ဖုန်းနဲ့ တစ်ခါပဲ စကားပြောဖြစ်ခဲ့တာပါ။ စိတ်မကောင်းစရာက ကျွန်တော် တခြားအလုပ်တွေနဲ့ ရှုပ်နေလို့ မတွေ့ဖြစ်ခဲ့ဘူး။

ကျွန်တော် ကော်ဖီသောက်ရင်း ဌာနက ဂျူနီယာတွေနဲ့ စကားစမြည် ပြောဖြစ်ခဲ့တယ်။

ကျောင်းတက်ရတာ ဘာကအခက်ခဲဆုံးလဲလို့ မေးတဲ့အခါ အများစုက ပိုက်ဆံပြဿနာကိုပဲ ပြောကြတယ်။ မိသားစု အဆင်ပြေတဲ့ ကျောင်းသားတွေအတွက် ပြဿနာမရှိပေမဲ့ တခြားကျောင်းသား အများစုကတော့ အချိန်ပိုင်းအလုပ် တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် လုပ်နေကြရတာပါ။

အကြောင်းရင်းကတော့ တစ်နှစ်ကို သန်းနဲ့ချီပေးရတဲ့ ကျောင်းလခတွေကြောင့်ပါပဲ။

ကိုရီးယားမှာ ကျောင်းလခတွေက တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အရမ်းစျေးကြီးပါတယ်။ အမျိုးသားတက္ကသိုလ်ဖြစ်တဲ့ ကိုရီးယား တက္ကသိုလ်တောင်မှ ဒီလိုဖြစ်နေရင် နှစ်စဉ်ကျောင်းလခ ဝမ် ၁၀ သန်းကျော်တဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေ အများကြီး ရှိတာ မဆန်းပါဘူး။

အရင်က ဒီပြဿနာအကြောင်း ဆွေးနွေးကြတုန်းက သမ္မတက 'ငါ့ရဲ့ တက္ကသိုလ်အတွေ့အကြုံအရဆိုရင် စာကြိုးစားပြီး စကောလားရှစ်လို့ခေါ်တဲ့ ပညာသင်ဆုရရင် အဆင်ပြေပါတယ်' ဆိုပြီး သူ့ရဲ့ အဖိုးတန်အမြင်ကို ပေးခဲ့ဖူးတယ်။

အဲဒါက မမှားပေမဲ့ ရနိုင်တဲ့ ပညာသင်ဆု အရေအတွက်က ကန့်သတ်ချက်ရှိနေတာပါ။ ဘယ်လောက်ပဲ အပြိုင်အဆိုင် ကြိုးစားကြပါစေ၊ တစ်ယောက်ယောက်ကတော့ ဖယ်ထုတ်ခံရမှာပဲလေ။

ကြွားတာတော့ မဟုတ်ဘူး၊ ကျွန်တော်လည်း ကျောင်းတက်တုန်းက ပညာသင်ဆု တစ်ခါမှ မရဖူးပါဘူး။

မိသားစုက ဆိုးလ်မှာရှိတဲ့ ကျောင်းသားတွေကတော့ အခြေအနေ အနည်းငယ် ပိုကောင်းပါတယ်။ ဒါပေမဲ့ နယ်ကနေ တက်လာတဲ့ ကျောင်းသားတွေကတော့ ဆိုးလ်ရဲ့ ကြီးမားလှတဲ့ နေထိုင်စရိတ်တွေကိုပါ ထပ်ပြီး တာဝန်ယူရတာပါ။

ကျောင်းသားတချို့က မြေအောက်ခန်းတွေမှာ နေကြရသလို၊ တချို့ကျတော့လည်း အဆောင် ဒါမှမဟုတ် အခန်းကျဉ်းလေးတွေမှာ နေထိုင်ကြရတယ်။

"အရင်က အဆောင်တစ်ခု ဆောက်ခဲ့တယ် မဟုတ်ဘူးလား"

ပါမောက္ခ ကင်မြောင်ဂျွန်က ခေါင်းခါလိုက်တယ်။

"ဆောက်ခဲ့ပါတယ်၊ ဒါပေမဲ့ အနားက အခန်းငှားစားသူတွေက ကန့်ကွက်ကြတယ်လေ"

အခန်းငှားစားသူတွေက မြို့တော်ခန်းမနဲ့ ခရိုင်ရုံးတွေဆီ စုပြုံသွားပြီး ကန့်ကွက်ခဲ့ကြတာ၊ ခရိုင်ရုံးကလည်း မဲကို ငဲ့ကွက်ပြီး ပတ်ဝန်းကျင်ဆန်းစစ်ချက်တွေကို အကြောင်းပြကာ ခွင့်ပြုချက်ကို ကြန့်ကြာအောင် လုပ်ခဲ့ကြတယ်။

နောက်ဆုံးတော့ မူလက စီစဉ်ထားတဲ့ ဆောက်လုပ်ရေးပမာဏထက် ထက်ဝက်ကျော် လျှော့ချလိုက်ရပြီးမှ အတည်ပြုချက် ရခဲ့တာပါ။ သဘာဝကျစွာပဲ၊ နယ်က တက်လာတဲ့ ကျောင်းသားတွေကို လက်ခံဖို့အတွက် လုံးဝ မလုံလောက်ခဲ့ပါဘူး။

မယုံနိုင်စရာပါပဲ။

အခန်းငှားစားသူတွေ ကန့်ကွက်လို့ ကျောင်းအဆောင် ဆောက်လို့မရဘူးဆိုတာ ဘယ်လိုမှ ကျိုးကြောင်းမဆီလျော်ဘူးလေ။

ကျွန်တော် ပါမောက္ခ ကင်မြောင်ဂျွန်နဲ့အတူ ခန်းမမဆီ သွားခဲ့တယ်။

အတွင်းထဲမှာတော့ လူတွေ ပြည့်နှက်နေခဲ့ပါပြီ။ ကျောင်းဝင်ပွဲတွေ ဒါမှမဟုတ် အခမ်းအနားတွေမှာတောင် ဒီလောက် လူအများကြီး စုမိလိမ့်မယ် မထင်ဘူး။

လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံယူရင်း စင်ပေါ်ကို ကျွန်တော် တက်လိုက်တယ်။

"မင်္ဂလာပါ၊ ကျွန်တော် ကန်ဂျင်ဟူပါ"

ပြင်းထန်တဲ့ လက်ခုပ်သံတွေနဲ့ အော်ဟစ်အားပေးသံတွေ ထွက်ပေါ်လာခဲ့တယ်။

ကျွန်တော် မိုက်ခရိုဖုန်းကို ကိုင်ပြီး ပြောလိုက်တယ်။

"ပထမဆုံးအနေနဲ့ ဒီအခမ်းအနားကို အချိန်ပေးပြီး လာရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်"

အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီလိုနေရာမျိုးမှာ ရပ်နေရင်တောင် ပြောစရာ စကား သိပ်မရှိပါဘူး။ နတ်မျက်စိက ကျွန်တော့်ကို အနာဂတ်ကို ပြပေးလို့ ရင်းနှီးမြှုပ်နှံခဲ့တာလို့ တိုက်ရိုက် ပြောလို့မရဘူးလေ။ ဒါကြောင့်ပဲ ကျွန်တော် ဟောပြောပွဲတွေ မလုပ်တာပါ။

အများပြည်သူ ဆက်ဆံရေးဌာနက အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်ကို Powerpoint တစ်ခု ပြင်ဆင်ခိုင်းပြီး လုပ်ငန်းအသစ်တွေ ဒါမှမဟုတ် မော်တော်ကားစက်မှုလုပ်ငန်းရဲ့ အပြောင်းအလဲတွေအကြောင်း တင်ပြဖို့ စဉ်းစားခဲ့ပေမဲ့ အဲဒါက အမြဲတမ်း ကြားနေရတဲ့ ဇာတ်လမ်းဟောင်းတွေပဲ ဖြစ်နေမှာပါ။

လူတိုင်း သိပြီးသားအရာတွေကို ထပ်ခါတလဲလဲ ပြောနေဖို့ လိုလို့လား။ ဒါကြောင့် ကျွန်တော် အစီအစဉ်ကို နည်းနည်း ပြောင်းလိုက်တယ်။

"အားလုံး အများဆုံး ကြားချင်တာက ပိုက်ဆံအကြောင်း ဖြစ်မယ်ထင်တယ်။ ကမ္ဘာပေါ်မှာ ပိုက်ဆံ မကြိုက်တဲ့လူ မရှိပါဘူး။ ကျွန်တော်လည်း အတူတူပါပဲ"

ကျွန်တော့်စကားကြောင့် ကျောင်းသားတွေ ရယ်မောကြတယ်။

"ကျွန်တော် ဘယ်လို ရင်းနှီးမြှုပ်နှံခဲ့ပြီး ဘယ်လို ပိုက်ဆံရှာခဲ့တယ်ဆိုတာ အားလုံး သိကြပါတယ်။ အဲဒါကို ထပ်ပြောနေဖို့ မလိုတော့ပါဘူး။ ဒါကြောင့် ကျွန်တော့်ထက် အများကြီး ပိုတော်ပြီး ကျော်ကြားတဲ့ လူတစ်ယောက်ကို ပိုက်ဆံနဲ့ ဘဝအကြောင်း ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။ သူက ဒီကိုလာဖို့အတွက် တကူးတကအချိန်ပေးခဲ့တာဖြစ်လို့ အားလုံးပဲ လက်ခုပ်အကျယ်ကြီး တီးပြီး ကြိုဆိုပေးကြပါဦး"

ကျွန်တော် စကားအဆုံးမှာပဲ နိုင်ငံခြားသား အဖိုးအိုတစ်ယောက် စင်ပေါ်ကို တက်လာခဲ့တယ်။

သူ့ရဲ့ ဆံပင်တွေက ဖွေးဖွေးလှုပ်နေပြီး မျက်မှန်အထူကြီး တပ်ထားကာ သေသပ်တဲ့ဝတ်စုံနဲ့ ပုခုံးသိုင်းကြိုးကို ဝတ်ဆင်ထားတယ်။ အပြင်ပန်းကြည့်ရင်တော့ သာမန် လူဖြူအဖိုးအိုတစ်ယောက်လိုပါပဲ။

လူတွေက ရုတ်တရက် အခြေအနေကြောင့် အံ့ဩသွားကြပြီး အချင်းချင်း တီးတိုးပြောကြတယ်။

"နေဦး... အဲဒီအဖိုးက..."

"မဟုတ်မှလွဲရော... သူများလား..."

"တကယ်ကြီးလား..."

ကျွန်တော် သူ့ကို မိတ်ဆက်ပေးလိုက်တယ်။

"Berkshire Hathaway ရဲ့ ဥက္ကဋ္ဌ ဝါရင် ဘတ်ဖတ် ပါ"

Berkshire Hathaway ပိုင်ဆိုင်တဲ့ အာမခံကုမ္ပဏီက အလိုအလျောက်မောင်းနှင်မှုစနစ်နဲ့ ယာဉ်မောင်းမဲ့ကားတွေအတွက် သင့်တော်တဲ့ အာမခံထုတ်ကုန်တွေကို တက်တက်ကြွကြွ တီထွင်နေတာပါ။ ဝါရင် ဘတ်ဖတ်က ဆောင်းအုပ်စုရဲ့ ဆောင်းအသက်အာမခံ၊ ဆောင်းမီးဘေးနှင့် အထွေထွေအာမခံတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရှယ်ယာရင်းနှီးမြှုပ်နှံဖို့အတွက် ကိုရီးယားကို ခဏလာရောက်လည်ပတ်နေတာဖြစ်ပြီး ကျွန်တော်က သူ့ကို ကိုရီးယားတက္ကသိုလ်ဆီ ဖိတ်ခေါ်ခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ သူက ကျွန်တော့်ရဲ့ အဆိုပြုချက်ကို အလွယ်တကူပဲ လက်ခံခဲ့တယ်။

ရှေ့ဆုံးတန်းက ပါမောက္ခ ကင်မြောင်ဂျွန်နဲ့ တခြားပါမောက္ခတွေက မှင်တက်သွားကြပြီး လူတွေအားလုံးက တစ်ပြိုင်ထဲ ထိုင်ခုံတွေကနေ ထရပ်ကာ အော်ဟစ်အားပေးရင်း လက်ခုပ်တီးကြတော့တယ်။

ဖြောင်း။ ဖြောင်း။ ဖြောင်း

"ဝိုး..."

ဝါရင် ဘတ်ဖတ်က မိုက်ခရိုဖုန်းကို ကိုင်ပြီး ကျွန်တော့်ကို နွေးထွေးတဲ့ အသံနဲ့ ပြောတယ်။

"ကဲ... ငါတို့ ဘာကနေ စကားစကြမလဲ"

ကိုရီးယားတက္ကသိုလ် ခန်းမမထဲက ကျွန်တော်နဲ့ ဝါရင် ဘတ်ဖတ်တို့ရဲ့ မထင်မှတ်ထားတဲ့ ဆွေးနွေးပွဲက အဲဒီနေ့ ညနေခင်းသတင်းတွေမှာ နေရာအပြည့် ယူခဲ့တယ်။ CNN နဲ့ BBC လိုမျိုး နိုင်ငံခြား သတင်းဌာနတွေကလည်း ကျွန်တော်တို့ရဲ့ စကားဝိုင်းကို အသေးစိတ် ဖော်ပြခဲ့ကြတယ်။

စိတ်မကောင်းစရာက ဝါရင် ဘတ်ဖတ်က တခြားအစီအစဉ် ရှိနေလို့ ပွဲပြီးပြီးချင်းပဲ ဗီယက်နမ်ဆီ ချက်ချင်း ထွက်ခွာသွားခဲ့တယ်။

သူ့ကို လေဆိပ်မှာ လိုက်ပို့ပြီးအပြန်လမ်းမှာ ကျွန်တော်တို့ ဖုန်းလက်ခံရရှိခဲ့တာမလို့ ဆောင်းဆေးရုံဆီ တန်းတန်းမတ်မတ် သွားခဲ့ကြတယ်။

စောစောကတည်းက ရောက်နေတဲ့ အယ်လီက မွေးခန်းအပြင်ဘက်မှာ ကျွန်တော်တို့ကို နှုတ်ဆက်ပါတယ်။

"ရောက်လာပြီလား"

"ဘယ်လိုနေလဲ"

"သူ အထဲဝင်သွားတာ ကြာပြီ၊ ဒါပေမဲ့ မမွေးသေးဘူး"

ဟင်နရီလည်း ရှိနေပါတယ်။ သူက စိုးရိမ်ပူပန်နေပုံရတယ်။

"အဆင်ပြေပါစေလို့ပဲ မျှော်လင့်ပါတယ်"

"အရမ်း စိတ်မပူပါနဲ့"

ခဏအကြာမှာတော့ တက်ဂယူရဲ့ မိဘတွေလည်း ရောက်လာကြတယ်။

"မင်္ဂလာပါ"

"အာ... ဂျင်ဟူ၊ မင်းလည်း ရောက်နေတာပဲ"

အချိန်တွေ ဘယ်လောက်တောင် ကုန်ဆုံးသွားလဲမသိဘူး။

မွေးခန်းတံခါး ပွင့်လာပြီး သူနာပြုတစ်ယောက် ထွက်လာခဲ့တယ်။

"မိခင်ရော၊ ကလေးပါ ကျန်းမာပါတယ်"

အဲဒီစကားကြောင့် လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြပြီး သေရာက ပြန်ရှင်လာသလို ခံစားလိုက်ရတဲ့ ဟင်နရီက ဘုရားသခင်ကို ကျေးဇူးတင်စကား ဆိုလေတယ်။

"ခင်ပွန်းဖြစ်သူ၊ အရင် ဝင်ခဲ့ပါရှင်"

"ဟုတ်ကဲ့"

ဟင်နရီက အထဲကို အမြန် ဝင်သွားခဲ့တယ်။

တက်ဂယူက ကျွန်တော့်ကို လုံးဝ မှင်တက်နေတဲ့ မျက်နှာထားနဲ့ ကြည့်တယ်။

"ငါ ဦးလေးဖြစ်ပြီကွ။ ကလေးကို နို့မှုန့် ဘယ်လိုတိုက်ရမလဲတောင် ငါမသိသေးဘူး"

"……မင်းက ဘာလို့ အဲဒါကို စိတ်ပူနေတာလဲ"

"မဟုတ်ဘူးလေ၊ ငါ့အမက ငါ့ကို ခိုင်းရင် ခိုင်းလောက်တယ်ကွ"

အချိန်အနည်းငယ် ထပ်ကုန်လွန်သွားပြီးနောက်မှာ ကျွန်တော်တို့ကိုလည်း အထဲဝင်ခွင့် ပေးခဲ့တယ်။ အစ်မဟျွန်းဂျူးက ကလေးအဝတ်နဲ့ ထုပ်ထားတဲ့ ကလေးလေးကို ရင်ခွင်ထဲမှာ ပွေ့ချီထားပါတယ်။

အစ်မ အိုဟျွန်းဂျူးက ဖျော့တော့ပြီး ပင်ပန်းနေပုံရပေမဲ့ ဂုဏ်ယူစရာကောင်းတဲ့ အပြုံးတစ်ခု ရှိနေခဲ့တယ်။

"သားလေးလေ"

ကလေးအဝတ်နဲ့ ထုပ်ထားတဲ့ ကလေးလေးက ကျွန်တော် စိတ်ကူးထားတာထက် အများကြီး ပိုသေးငယ်နေပါတယ်။

"ကလေးနာမည်ကို ဘယ်လိုပေးထားလဲ"

အယ်လီရဲ့ မေးခွန်းကို အစ်မ အိုဟျွန်းဂျူးက ပြန်ဖြေတယ်။

"လိုဂန်။ လိုဂန် ဂိုးမန်း"

"လှပတဲ့ နာမည်လေးပဲ"

အမေရိကန်ဖခင်နဲ့ ကိုရီးယားမိခင်တို့ကနေ မွေးဖွားလာတာဖြစ်လို့ ဒီကလေးက သဘာဝကျစွာပဲ နှစ်နိုင်ငံသား ဖြစ်လာမှာပါ။

တက်ဂယူက မေးတယ်။

"ဒါဆို ကိုရီးယားနာမည်ကကော"

"ငါတို့ သူ့ကို ဂွန်လို့ ခေါ်ဖို့ လုပ်ထားတယ်"

တကယ်လို့ အစ်မ အိုဟျွန်းဂျူးရဲ့ မျိုးရိုးနာမည်ကို ယူလိုက်ရင်တော့ အိုဂွန် ဖြစ်လာမှာပါ။

အစ်မအိုဟျွန်းဂျူးက ကလေးကို ရင်ခွင်ထဲမှာ ပွေ့ချီထားရင်း ဘယ်တုန်းကထက်မဆို ပိုပြီး လှပကာ ပျော်ရွှင်နေပုံရတယ်။ ဟင်နရီက အစ်မ အိုဟျွန်းဂျူးရဲ့ လက်ကို ကိုင်ပြီး သူ့ရဲ့ ချစ်ရသူတွေကို ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့တယ်။

ရုတ်တရက် ဒီလိုအတွေးတစ်ခု ဝင်လာခဲ့တယ်။ အသက်တစ်ခုကို ဖန်တီးရတာက ဝမ် သန်းထောင်ပေါင်းများစွာ ရှာရတာထက် ပိုပြီး ခက်ခဲလောက်မလား။

အစ်မအိုဟျွန်းဂျူး ဘေးကင်းစွာ မွေးဖွားနိုင်ခဲ့တဲ့ သတင်း ပြန့်နှံ့သွားတာနဲ့ နေရာစုံကနေ ဂုဏ်ပြုသဝဏ်လွှာတွေ တရဟော ဝင်လာခဲ့တယ်။ ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ ဥက္ကဋ္ဌ လင်ဆိုမီတို့က ဆေးရုံဆီ လာရောက်လည်ပတ်ခဲ့ကြသလို ဟင်နရီရဲ့ မိဘတွေနဲ့ ဂျိန်းတို့ကလည်း ကလေးကို ကြည့်ဖို့အတွက် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ကိုရီးယားဆီ လေယာဉ်စီးလာခဲ့ကြတယ်။

အစ်မ အိုဟျွန်းဂျူးက ဆေးရုံမှာ ရက်အနည်းငယ် ထပ်နေပြီးနောက် ဆေးရုံက ဆင်းခဲ့တယ်။ မီးဖွားပြီးစ စောင့်ရှောက်ရေးဂေဟာဆီ သွားမယ့်အစား အိမ်မှာပဲ အနားယူပြီး စောင့်ရှောက်မှု ခံယူဖို့ ဆုံးဖြတ်ခဲ့တယ်။

သူက နောက်နှစ်အထိ ကလေးထိန်းခွင့် လျှောက်ထားခဲ့ပြီး ဌာနချုပ်ကနေ ကျွမ်းကျင်မန်နေဂျာတစ်ယောက်ကို စေလွှတ်ပေးခဲ့တယ်။ သူက မမွေးခင်ကတည်းက အရေးကြီးတဲ့ အလုပ်အားလုံးကို ပြီးပြတ်အောင် လုပ်ထားပြီး အလုပ်တွေကို ခွဲဝေပေးခဲ့တာဖြစ်လို့ ကြီးမားတဲ့ ပြဿနာမရှိခဲ့ပါဘူး။

ပြီးတော့ ဟင်နရီ ကမ်းပေးတဲ့ စာအိတ်တစ်အိတ်ကို ကျွန်တော် လက်ခံရရှိခဲ့တယ်။ အဲဒါကတော့ တခြားမဟုတ်ဘဲ သူ့ရဲ့ နှုတ်ထွက်စာပဲ ဖြစ်ပါတယ်။

"နှုတ်ထွက်ရတဲ့ အကြောင်းရင်းက ဘာလဲ"

"ကလေးထိန်းဖို့"

"မင်းကို ဆွဲထားဖို့ ကြိုးစားလည်း အပိုပဲပေါ့။ ဟုတ်လား"

"မင်းက ငါ့ကို ဆွဲထားမှာလား"

"မဆွဲထားပါဘူး"

ထွက်သွားမယ့် ဝန်ထမ်းတစ်ယောက်ကို ကြည်ကြည်ဖြူဖြူ လွှတ်ပေးလိုက်တာကလည်း မန်နေဂျာတစ်ယောက်ရဲ့ အရည်အချင်းပဲ မဟုတ်ဘူးလား။

ဟင်နရီက Golden Gate ရဲ့ အမွေဆက်ခံသူလေ။ သူ့ရဲ့ မူလနေရာဆီ ပြန်ရမယ့်အချိန် ရောက်ပါပြီ။ သူ အနည်းငယ် အနားယူပြီးတာနဲ့ Golden Gate ဆီ ပြန်သွားတော့မှာပါ။

ကျွန်တော် လက်ကမ်းပေးလိုက်တဲ့အခါ ဟင်နရီက ကျွန်တော့်လက်ကို မြဲမြဲမြံမြံ ဆုပ်ကိုင်လိုက်တယ်။

"မင်းနဲ့အတူ အလုပ်လုပ်ခဲ့ရတာကို ဝမ်းသာပါတယ်"

"မင်းနဲ့အတူ အလုပ်လုပ်ခဲ့ရတာကို ဂုဏ်ယူမိပါတယ်။ အများကြီးလည်း သင်ယူခဲ့ရတယ်"

စဉ်းစားကြည့်တော့ သူက OTK ကုမ္ပဏီရဲ့ ပထမဆုံး ဝန်ထမ်းပါပဲ။ ဒါကြောင့်လည်း ကျွန်တော့်ရဲ့ ခံစားချက်တွေက နက်ရှိုင်းနေခဲ့တာပါ။

ဘေးကနေ ဒီမြင်ကွင်းကို ကြည့်နေတဲ့ တက်ဂယူက ပြောတယ်။

"ငါတို့ နောက်ထပ် တစ်ခါမှ မတွေ့ရတော့မှာလည်း မဟုတ်ဘဲနဲ့ကို"

"……"

ဟုတ်ပါတယ်။ ကျွန်တော်တို့က အိမ်နီးနားချင်းတွေပဲလေ။ နောက်နောင်လည်း မကြာခဏ တွေ့ဖြစ်ကြမှာပါ။

သတင်းကောင်းတွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာခဲ့တယ်။ ပါမောက္ခ ကင်ဟိုမင်နဲ့ ကျွန်တော်က နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ နိုဘယ်ဓာတုဗေဒဆုရှင်တွေအဖြစ် အသီးသီး ရွေးချယ်ခံခဲ့ရတယ်။

ကျွန်တော့်အမေကတော့ မယုံနိုင်လောက်တဲ့ မျက်နှာထား ဖြစ်နေခဲ့တယ်။

"အိုမို... ငါ့သားက နိုဘယ်ဆုရှင်တဲ့။ ဘာတွေ ဖြစ်ကုန်တာလဲ။ ဒါက သေချာပေါက် ဆုံးဖြတ်လိုက်တာလား။ နောက်မှ စိတ်ပြောင်းပြီး ဆုပြန်မတောင်းလောက်ဘူးမလား"

"ဒါပေါ့... ပြန်မတောင်းပါဘူး"

တကယ်လို့ အဲလိုဖြစ်လာခဲ့ရင် အိမ်ဖြူတော်က သတင်းထုတ်ပြန်ချက်တစ်ခုကို ချက်ချင်း ထုတ်ပြန်မှာပဲလေ။

အခုထက်ထိ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ အမေရိကန်သမ္မတ အနည်းငယ် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့အားလုံးက ဒီမိုကရက်တစ်ပါတီက ဖြစ်ပြီး ရီပတ်ဘလီကန်သမ္မတအတွက်တော့ ဒါက ပထမဆုံးအကြိမ်ပါပဲ။ ဒါကြောင့်ပဲ ရီပတ်ဘလီကန်ပါတီက အရမ်း စိတ်လှုပ်ရှားနေကြတာပါ။

ဥရောပဆီ ခရီးလှည့်လည်နေတဲ့ သမ္မတ ဟိုချန်မင်းကလည်း ဂုဏ်ပြုသဝဏ်လွှာ ပို့ခဲ့တယ်။

"စီအီးအို ကန်ဂျင်ဟူနဲ့ ဒါရိုက်တာ ကင်ဟိုမင်တို့ နိုဘယ်ဆု ရရှိခဲ့တဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။ ဒါဟာ ကျွန်ုပ်တို့ ပြည်သူအားလုံးအတွက် ဝမ်းမြောက်စရာ သတင်းပါ "

လေဘာပါတီကလည်း လူထုအမြင်ကို ငဲ့ကွက်ပြီး သူတို့ရဲ့ သဘောထားကို သိမ်မွေ့စွာ ပြောင်းလဲခဲ့ကြတယ်။

ရလဒ်အနေနဲ့ ရှေးရိုးစွဲအဖွဲ့တွေက အဓိကထား ဖွဲ့စည်းထားတဲ့ "ကန်ဂျင်ဟူရဲ့ နိုဘယ်ဆု ရရှိမှုကို တားဆီးရေး အမျိုးသားလှုပ်ရှားမှု ကော်မတီ" က သူတို့ရဲ့ နာမည်ကို "သမ္မတ ရိုနယ် တစ်ဦးထဲ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိရေး မြှင့်တင်မှု ကော်မတီ" ဆိုပြီး လိမ္မာပါးနပ်စွာ ပြောင်းလဲလိုက်ကြတယ်။

"သမ္မတ ရိုနယ်ဟာ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ရုံတင်မကပဲ မဟာငလျင်ကြီးကို အောင်မြင်စွာ ပြင်ဆင်နိုင်ခဲ့ပြီး မရေမတွက်နိုင်တဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့တယ်။ ဒါကြောင့် နိုဘယ်ငြိမ်းချမ်းရေးဆုကို သမ္မတ ရိုနယ် တစ်ဦးထဲကိုပဲ ပေးသင့်တယ်"

...သူတို့က အသံကျယ်ကျယ်နဲ့ ပြောနေကြပေမဲ့ ဘယ်သူမှ ဂရုမစိုက်တဲ့ အခြေအနေမျိုးပဲ ဖြစ်နေခဲ့တာပါ။

ကျွန်တော် ပါမောက္ခ မိုဟန်နဲ့ ဖုန်းပြောဖြစ်ခဲ့တယ်။

[နိုဘယ်ဆုဆိုတာ ပညာရေးလောကက လူတိုင်း အနည်းဆုံး တစ်ကြိမ်လောက်တော့ အိမ်မက်မက်ဖူးတဲ့အရာပဲ။ ဒါပေမဲ့ ပညာရေးဆိုင်ရာ အောင်မြင်မှုအတွက် မဟုတ်ဘဲ ငြိမ်းချမ်းရေးဆုကို ရလိမ့်မယ်လို့ ငါတစ်ခါမှ စိတ်မကူးခဲ့ဖူးဘူး]

ကျွန်တော် ရယ်ရင်း ပြောလိုက်တယ်။

"ဒါက ပညာရေးဆိုင်ရာ အောင်မြင်မှုတစ်ခု မဟုတ်ဘူးလား"

တကယ်လို့ သူက Big One ကို သုတေသန မလုပ်ခဲ့ရင် လူတွေကို ကယ်တင်နိုင်ခဲ့မှာ မဟုတ်ဘူးလေ။

Caltech ကနေ အခုထက်ထိ နိုဘယ်ဆုရှင် ၃၀ ကျော် ထွက်ပေါ်ခဲ့ပြီးပြီ။ ကျောင်းသားတွေနဲ့ ပါမောက္ခ အရေအတွက်ကို ထည့်တွက်ရင် ဒါက မယုံနိုင်လောက်တဲ့ အချိုးအစားပါပဲ။

ပြောရရင် တစ်ဦးချင်းအလိုက် နိုဘယ်ဆုရှင် အများဆုံးထွက်တဲ့ နိုင်ငံကလည်း အမေရိကန်ပဲ ဖြစ်ပါတယ်။

အမေရိကန်လူမျိုးတွေက တခြားနိုင်ငံက ပြည်သူတွေထက် ပင်ကိုယ်ကတည်းက ပိုပြီး စမတ်ကျပြီး ထူးချွန်နေလို့ မဟုတ်ပါဘူး၊ အမေရိကန်က တခြားနိုင်ငံတွေထက် မယုံနိုင်လောက်အောင် ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့လို့ပါ။

အခုလိုမျိုး စက်မှုလုပ်ငန်း အပြောင်းအလဲ ကာလမှာ အရည်အချင်းရှိတဲ့လူတွေ ပိုပြီး လိုအပ်တာဖြစ်လို့ အဲဒါကို လုပ်နိုင်ဖို့အတွက် ကိုရီးယားကလည်း အများကြီး ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။

All Chapters