← Chapters

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း (၂၈၇)

ကျွန်တော် တော်တော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် အစည်းအဝေးတစ်ခု ခေါ်လိုက်တယ်။

ပါမောက္ခ ကင်ဟိုမင်က OTK ဘတ္ထရီတွေ တီထွင်ရာကနေ ရလာတဲ့ ပိုက်ဆံတွေကို ကိုရီးယားနိုင်ငံရဲ့ အခြေခံသိပ္ပံပညာရပ်ကို ထောက်ပံ့ဖို့ အသုံးပြုဖို့ ဆုံးဖြတ်ထားတာပါ။ ဒီလိုကောင်းမှုကုသိုလ်မျိုးကို သူတစ်ယောက်ထဲ လုပ်ခွင့်မပေးနိုင်တာမလို့ ကျွန်တော်တို့က ကုမ္ပဏီအဆင့်အနေနဲ့ ပရောဂျက်ကို ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ပါမောက္ခ ကင်ဟိုမင်က အစည်းအဝေးတက်ဖို့ ရုံးချုပ်ကို ရောက်လာခဲ့တယ်။ သူက ပုံမှန်ဆို လမ်းဘေးကလူလို ပုံစံမျိုး ဖြစ်နေတတ်ပေမဲ့ ဒီနေ့တော့ ဆံပင်သေသပ်သပ် ညှပ်ထားပြီး မုတ်ဆိတ်မွှေးတွေလည်း ပြောင်စင်အောင် ရိတ်ထားပါတယ်။

“ကုမ္ပဏီက တကယ်ပဲ ဖောင်ဒေးရှင်းတစ်ခု တည်ထောင်တော့မှာလား”

“မစိုးရိမ်ပါနဲ့။ ဖောင်ဒေးရှင်းနာမည်ကို ကင်ဟိုမင် ဖောင်ဒေးရှင်းလို့ ပေးမှာပါ”

“အာ… မဟုတ်တာ။ အဲဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး”

“ဒါက အခြေခံသိပ္ပံကို ထောက်ပံ့တဲ့ ဖောင်ဒေးရှင်းလေ၊ ဒါကြောင့် အနည်းဆုံးတော့ ဓာတုဗေဒ နိုဘယ်ဆုရှင်ရဲ့ နာမည်ကို သုံးသင့်တာပေါ့”

“နည်းနည်းတော့ ရှက်ဖို့ကောင်းသား”

ပါမောက္ခ ကင်ဟိုမင်က အနေရခက်စွာနဲ့ တဟားဟား ရယ်လိုက်တယ်။ ဖောင်ဒေးရှင်း တည်ထောင်ခြင်းအပါအဝင် ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေကို အကြံဉာဏ်ရယူဖို့ Golden Gate ဥပဒေရေးရာအဖွဲ့ ၁ ရဲ့ အဖွဲ့ခေါင်းဆောင်လည်း အစည်းအဝေးကို တက်ရောက်ခဲ့တယ်။

ရုံးဝတ်စုံအပြည့်ဝတ်ပြီး ဆံပင်ကို သေသေသပ်သပ် စည်းထားတဲ့ ဥပဒေရေးရာအဖွဲ့ ၁ ရဲ့ အဖွဲ့ခေါင်းဆောင်ကို ကြည့်ရင်း ကျွန်တော် စဉ်းစားလိုက်မိတယ်။ သူက ဒီနေ့လည်း ပိုပြီးလှနေပြန်ပြီ။

ကျွန်တော် စားပွဲအောက်ကနေ အယ်လီရဲ့ ခြေထောက်ကို မသိမသာ တို့လိုက်တဲ့အခါ အယ်လီက မျက်မှောင်ကုတ်ပြီး စိတ်ပျက်တဲ့မျက်နှာထားနဲ့ စိုက်ကြည့်လာတယ်။ အယ်လီရဲ့ မျက်နှာက ‘ငါတို့ ဒီမှာ အလုပ်လုပ်နေတာနော်၊ ကလူမနေနဲ့၊ အလုပ်ကိုပဲ အာရုံစိုက်စမ်း’ လို့ ပြောနေသလိုပါပဲ။

ကျွန်တော် ချက်ချင်းပဲ စကားလမ်းကြောင်းလွှဲလိုက်တယ်။

“…ဒါကြောင့် ကျွန်တော်တို့ ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ဖို့ စဉ်းစားနေတာပါ။ OTK သုတေသနဌာနကနေ ရလာတဲ့ အမြတ်ငွေတွေထဲက တစ်စိတ်တစ်ပိုင်းကို ခွဲဝေပေးပြီး လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေကို ကျခံဖို့ စီစဉ်ထားပါတယ်”

ဘတ္ထရီ ထုတ်လုပ်မှု တိုးလာတာနဲ့အမျှ သုတေသနဌာနထဲကို ဝင်လာမယ့် မူပိုင်ခွင့်ကြေးတွေလည်း တိုးလာမှာမလို့ လုပ်ငန်းလည်ပတ်စရိတ်က ပြတ်လပ်မှု ရှိမှာမဟုတ်ပါဘူး။

တက်ဂယူက ပြောတယ်။

“ဒီလိုကိစ္စမျိုးကို အစိုးရက လုပ်ရမှာ မဟုတ်ဘူးလား”

“သူတို့မှာ ဘတ်ဂျက်မရှိလို့ ဖြစ်မှာပါ”

ကျွန်တော့်စကားကြောင့် တက်ဂယူက ခေါင်းခါလိုက်ပြီး ပြောတယ်။

“တစ်ယောက်ယောက် ပြောဖူးတာ ရှိတယ်။ ‘နိုင်ငံမှာ ဘတ်ဂျက်မရှိတာ မဟုတ်ဘူး၊ သူခိုးတွေ အရမ်းများနေတာ’ တဲ့”

“……”

ဘယ်သူပြောတာလဲ။

တကယ်တော့ ကိုရီးယားက GDP နဲ့ နှိုင်းယှဉ်ရင် R&D ရင်းနှီးမြှုပ်နှံမှု အချိုးအစားက အရမ်းမြင့်မားပါတယ်။ ဒါပေမဲ့ အခြေခံသိပ္ပံပညာရပ်မှာ ရင်းနှီးမြှုပ်နှံမှုကတော့ မရှိသလောက်ပါပဲ။ အကြောင်းရင်းကတော့ ရာထူးကြီးကြီးပိုင်းကလူတွေက တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း ရလဒ်ထွက်တာကိုပဲ ပိုသဘောကျကြလို့ပါ။ ဒါကြောင့် ရေရှည်သုတေသနပြုဖို့ လိုအပ်တဲ့ အခြေခံသိပ္ပံပညာရပ်ကတော့ ဦးစားပေးစာရင်းရဲ့ အောက်ခြေကို တွန်းပို့ခံရတာ မလွှဲမရှောင်သာပဲလေ။

“ဒါနဲ့ နောက်ထပ်ကိစ္စတစ်ခုအနေနဲ့ တက္ကသိုလ် အဆောင်တွေ ဆောက်ဖို့ ကျွန်တော် စဉ်းစားနေပါတယ်။ ခင်ဗျားတို့ကော ဘယ်လိုထင်လဲ”

ဒီတစ်ခေါက် ကိုရီးယားတက္ကသိုလ်ကို သွားပြီးနောက်မှာ ကျွန်တော် တက္ကသိုလ်တွေရဲ့ အဆောင်အခြေအနေတွေကို စုံစမ်းစစ်ဆေး ခဲ့တယ်။ အဆောင်နေထိုင်ခွင့်ရတဲ့နှုန်းက ၂၀ ရာခိုင်နှုန်းပဲ ရှိတာပါ။ ဒါတောင်မှ ဆိုးလ်မြို့ပြဧရိယာက တက္ကသိုလ်တွေရဲ့ အဆောင်နေထိုင်နိုင်မှုနှုန်းက နယ်ဒေသတွေက တက္ကသိုလ်တွေထက် အများကြီး ပိုနည်းပါသေးတယ်။

တစ်နည်းအားဖြင့် ပြောရရင် နယ်ကနေ ဆိုးလ်မြို့ပြဧရိယာကို လာတက်တဲ့ ကျောင်းသားတွေအတွက် အဆောင်ရဖို့က ဆိုးလ်ကနေ နယ်ကိုသွားတက်တဲ့ ကျောင်းသားတွေထက် အများကြီး ပိုခက်ခဲပါတယ်။ တက္ကသိုလ်ကျောင်းသားတွေက များသောအားဖြင့် မိဘတွေဆီကနေ ငွေကြေးထောက်ပံ့မှု ယူကြရတာပါ။

ဒါဆိုရင် ဆိုးလ်ကနေ နယ်ကိုသွားတဲ့ ကလေးအတွက် အခန်းရှာရတာနဲ့ နယ်ကနေ ဆိုးလ်ကို လာတဲ့ ကလေးအတွက် အခန်းရှာရတာ ဘယ်အရာက ပိုခက်မလဲ။

နယ်ကနေ ဆိုးလ်ကို လာတဲ့ ကလေးအတွက် အခန်းရှာရတာက သိသိသာသာကို ပိုခက်ခဲပါတယ်။ အကြောင်းရင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုက ဆိုးလ်မြို့ပြဧရိယာရဲ့ အိမ်ထောင်စုဝင်ငွေက နယ်တွေထက် ပိုမြင့်မားပြီး ဒုတိယတစ်ခုက ဆိုးလ်မြို့ပြဧရိယာရဲ့ အိမ်ငှားခက နယ်တွေထက် အများကြီး ပိုစျေးကြီးလို့ပါပဲ။

ဆိုးလ်တစ်ခုထဲကိုပဲ ကြည့်ရင် အခြေအနေက ပိုဆိုးပါတယ်။ ဆိုးလ်က အိမ်စျေးနှုန်းတွေက အရင်ကတည်းက ကြီးတာဖြစ်ပြီး မကြာသေးမီ နှစ်တွေအတွင်းမှာ မိုးပေါ်ကိုပျံတက်သွားသလို ထိုးတက်သွားခဲ့တယ်။ အိမ်ငှားခက တက္ကသိုလ်ကျောင်းသားတွေ အချိန်ပိုင်းအလုပ် လုပ်ပြီး ပေးနိုင်တဲ့ အဆင့်မှာ မရှိတော့ပါဘူး။ ဒါကြောင့်မလို့ ဆိုးလ်က တက္ကသိုလ်တွေကို တက်နေတဲ့ ကျောင်းသားတွေရဲ့ နေထိုင်မှုအခြေအနေက အလွန်ကို ဆိုးရွားနေရတာပါ။

အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်က ခေါင်းညိတ်လိုက်ပြီး ပြောတယ်။

“ဟုတ်တယ်။ ကိုရီးယားတက္ကသိုလ်က ကျောင်းလခ ပိုသက်သာလို့ အခြေအနေ နည်းနည်း ပိုကောင်းပေမဲ့ အခန်းကျဉ်း ဒါမှမဟုတ် အခန်းတစ်ခန်းထဲမှာ နေရတဲ့ ကျောင်းသားတွေက အများကြီး ရှိနေတာလေ။ ကျွန်တော့်အတန်းဖော်တွေထဲက ဂင်ချွန်းကနေ ကျောင်းလာတက်တဲ့ ဟျွန်ဝူး ဆိုရင် လေးနှစ်လုံးလုံး အခန်းကျဉ်းကျဉ်းလေးမှာပဲ နေခဲ့ရတာ”

ကျွန်တော် အံ့သြသွားပြီး မေးလိုက်တယ်။

“စီနီယာ ဟျွန်ဝူး က အခန်းကျဉ်းကျဉ်းလေးမှာ နေခဲ့ရတာလား”

“ကျွန်တော်လည်း နောက်မှ သိတာပါ။ လူတွေက အဲဒီလိုအကြောင်းအရာတွေကို သိပ်မပြောပြတတ်ကြဘူးလေ”

“ဒါကတော့ ဟုတ်ပါတယ်”

ကျွန်တော်လည်း မိသားစုအခြေအနေ ခက်ခဲသွားပြီးနောက်ပိုင်း သူငယ်ချင်းတွေကို သိပ်မပြောဖြစ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် စီနီယာ ဟျွန်ဝူးက အခု Mirae Asset Securities မှာ အလုပ်ရသွားပြီလို့ ကြားပါတယ်။ ပြီးတော့ စီနီယာ ကီဟုမ်နဲ့လည်း တစ်ခါတလေ ဆုံပြီး သောက်ကြသေးတယ်တဲ့။

စီနီယာ ဆန်းယော့က မေးတယ်။

“မြေနေရာကကော… အဆောက်အဦး ဆောက်ဖို့ မြေနေရာ လိုတယ်မလား”

“ပြည်တွင်းက ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဆက်သွယ်ပြီး တက္ကသိုလ်တွေ အနီးတစ်ဝိုက်မှာ သူတို့ပိုင်တဲ့ မြေရှိရင် ရောင်းဖို့ ပြောလိုက်ပါ။ အပြန်အလှန်အနေနဲ့ ဆောက်လုပ်ရေး လုပ်ပိုင်ခွင့် ပေးမယ်လို့ ကမ်းလှမ်းလိုက်ပေါ့”

“ဒါဆိုရင်တော့ ပြေလည်သွားမှာပဲ။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တာမျိုးတွေ ရှိမလာနိုင်ဘူးလား”

အယ်လီကလွဲလို့ အားလုံးက သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ကြတယ်။ အယ်လီကတော့ ဘာမှနားမလည်တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

“နင်တို့ ဘာအကြောင်း ပြောနေကြတာလဲ။ ကုမ္ပဏီက ကျောင်းသားတွေအတွက် အဆောင်ဆောက်ပေးတာကို ဘယ်သူက ကန့်ကွက်မှာလဲ”

“ကျောင်းနားမှာရှိတဲ့ စတူဒီယို တိုက်ခန်း ပိုင်ရှင်တွေက ကန့်ကွက်မှာပေါ့”

“ဘာလို့လဲ”

“သူတို့က ကျောင်းသားတွေကို အခန်းငှားပြီး အသက်မွေးကြတာလေ။ အဆောင်တွေ ဆောက်လိုက်ရင် အိမ်ငှားခတွေ ကျသွားမယ်၊ လွတ်တဲ့အခန်းတွေ များလာပြီး သူတို့ရဲ့ ဝမ်းစာကို ထိခိုက်လာလိမ့်မယ်”

“……ဟင်”

ဒီအကြောင်းကို သိပ်မသိတဲ့ အယ်လီကို ကိုရီးယားရဲ့ အခြေအနေကို ကျွန်တော် ရှင်းပြလိုက်ပါတယ်။ ကျောင်းသားတွေဘက်က အဆောင်တွေ တိုးဆောက်ပေးဖို့ စတင်တောင်းဆိုလာပြီး တက္ကသိုလ်တွေကလည်း အဆောင်တွေ ဆောက်ဖို့ ပြင်ဆင်ခဲ့ကြပေမဲ့ စတူဒီယို တိုက်ခန်း ပိုင်ရှင်တွေက သူတို့ရဲ့ ရှင်သန်ပိုင်ခွင့်ကို အကြောင်းပြပြီး ကန့်ကွက်ကြတာကြောင့် ပရောဂျက် တော်တော်များများ ဖျက်သိမ်းခဲ့ရတယ်။

အယ်လီကတော့ အခုထိ လက်မခံနိုင်သေးတဲ့ ပုံစံနဲ့မေးတယ်။

“ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ပိုင် မြေပေါ်မှာ ဆောက်တာပဲလေ။ ဘာပြဿနာမှ မရှိသင့်ဘူး မဟုတ်ဘူးလား”

“ဒေသန္တရ အစိုးရတွေက ခွင့်ပြုချက်မပေးဘူးလေ။ သူတို့က ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်တွေ၊ ယာဉ်ကြောပိတ်ဆို့မှု ဆန်းစစ်ချက်တွေ စတာတွေကို အကြောင်းပြပြီး အချိန်ဆွဲထားတတ်ကြတယ်”

ဒေသခံ ပြည်သူတွေမှာ မြို့တော်ဝန်၊ ခရိုင်မှူး၊ မြို့နယ်ကောင်စီဝင်၊ ခရိုင်ကောင်စီဝင်နဲ့ လွှတ်တော်အမတ်တွေကို ရွေးကောက်တင်မြှောက်ဖို့ မဲပေးပိုင်ခွင့် ရှိကြပါတယ်။ တခြားတစ်ဖက်မှာတော့ ကျောင်းသားအများစုက သူတို့ရဲ့ မှတ်ပုံတင်ထားတဲ့ လိပ်စာတွေက တခြားဒေသတွေမှာ ဖြစ်နေပြီး မဲပေးဖို့ သိပ်ပြီး စိတ်မဝင်စားကြပါဘူး။ ဒါကြောင့်မလို့ အမှားအမှန်ကို ပဓာနမထားဘဲ၊ ဒေသခံ နိုင်ငံရေးသမားတွေက သူတို့ကို မဲပိုပေးနိုင်တဲ့ ဒေသခံ ပြည်သူတွေဘက်ကပဲ အကြွင်းမဲ့ ရပ်တည်ပေးကြတာပါ။

“နိုင်ငံရေးသမားတွေက အများစုရဲ့ အကျိုးစီးပွားထက် မဲအစုလိုက်အပြုံလိုက် ပေးနိုင်တဲ့ လူနည်းစုရဲ့ အကျိုးစီးပွားကို ဦးစားပေးလေ့ ရှိကြတယ်”

ဒါကြောင့်ပဲ အဆောင်ပြဿနာက အခုထိ သေသေချာချာ မပြေလည်နိုင်သေးတာပါ။ ဒါကို စဉ်းစားကြည့်ရင် မယုံနိုင်စရာပါပဲ။ တက္ကသိုလ်တွေက ပရဟိတအဖွဲ့တွေ မဟုတ်ပါဘူး၊ အဆောင်ဆောက်ဖို့ ပိုက်ဆံကို ဘယ်ကရမှာလဲ၊ ကျောင်းသားတွေဆီက ကောက်ထားတဲ့ ကျောင်းလခတွေကပဲ ရမှာပေါ့။ တစ်နည်းအားဖြင့်ပြောရရင် ကျောင်းသားတွေဟာ သူတို့ပေးထားတဲ့ ပိုက်ဆံနဲ့ သူတို့အတွက် နေထိုင်စရာ နေရာကိုတောင် မဆောက်နိုင်ကြရှာပါဘူး။ အကြောင်းရင်းကတော့ စတူဒီယို တိုက်ခန်း ပိုင်ရှင်တွေရဲ့ အိမ်ငှားခ ဝင်ငွေ မလျော့နည်းစေချင်လို့ပါပဲ။

အယ်လီက ဒေါသတကြီးနဲ့ ပြောတယ်။

“ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။ ဓားစာခံတွေကို လွှတ်ပေးလိုက်ရင် ပြန်ပေးဆွဲသမားတွေရဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်မှာမလို့ မလွှတ်ပေးသင့်ဘူးလို့ ပြောတာနဲ့ ဘာကွာလို့လဲ”

ကျွန်တော် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ်။

“ဒါကြောင့်မလို့ ငါက ဒါကို လုပ်ကြည့်မလို့လေ”

OTK ကုမ္ပဏီက တက္ကသိုလ်တွေ အနီးတစ်ဝိုက်မှာရှိတဲ့ လုံးချင်းအိမ်တွေနဲ့ မြေကွက်တွေကို လိုက်ဝယ်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဆက်သွယ်ခဲ့တယ်။

လက်ရှိမှာ ဆောက်လုပ်ရေး ကုမ္ပဏီတွေရဲ့ စိတ်ဝင်စားမှုအရှိဆုံးအရာက ဆန်ဖရန်စစ္စကို ပြန်လည်ထူထောင်ရေး ပရောဂျက် ဖြစ်ပါတယ်။ ကန်ဂျင်ဟူက အမေရိကန်ကို အကြပ်အတည်းကနေ ကယ်တင်ပေးခဲ့ရုံတင်မကဘဲ အမေရိကန် အစိုးရထံ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ ကုန်ကြမ်းပစ္စည်း အမြောက်အမြားကိုပါ လွှဲပြောင်းပေးခဲ့တယ်။ ဒါ့အပြင် လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ArcIT ကလည်း မြို့ပြဒီဇိုင်းအတွက် လေလံဆွဲဖို့ စီစဉ်ထားတာပါ။

ဘာပဲဖြစ်ဖြစ် OTK ကုမ္ပဏီက ပြန်လည်ထူထောင်ရေး ပရောဂျက်မှာ နေရာတစ်ခု ရရှိမှာကတော့ သေချာပါတယ်။ ဒါကြောင့်မလို့ ပြည်တွင်းက ဆောက်လုပ်ရေး ကုမ္ပဏီတွေက ကန်ဂျင်ဟူနဲ့ လက်တွဲဖို့ ကြိုးစားနေကြတာပါ။

ဒါပေမဲ့ OTK ကုမ္ပဏီရဲ့ လုပ်ငန်းတွေက IT နဲ့ မော်တော်ကားဘက်ကိုပဲ အဓိက ဦးတည်နေပြီး ဆောက်လုပ်ရေးနဲ့ ပတ်သက်လို့ အဆက်အသွယ် မရှိသလောက်မလို့ သူတို့ စိုးရိမ်နေခဲ့ကြတာပါ။ ဒါပေမဲ့ အခု ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုမှု ရောက်လာခဲ့ပါပြီ။

ဒီတစ်ခေါက်မှာ အမြင်ကောင်းကောင်း ရဖို့အတွက်ဆိုရင် လိုအပ်ရင် မြေနေရာကို မရှိရှိတာ ဖန်တီးပေးဖို့အထိ အဆင်သင့် ဖြစ်နေကြပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီတွေ အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။

“တက္ကသိုလ်တွေ အနီးအနားက မြေကွက်တွေ အကုန်လုံးကို စစ်ဆေးစမ်း”

“အမှုဆောင်တွေထဲက ဘယ်သူက တက္ကသိုလ်နားမှာ မြေပိုင်ထားလဲ”

“ဒေဟူး ဆောက်လုပ်ရေးက ကိုရီးယားတက္ကသိုလ်ရဲ့ နောက်ပေါက်နားက မြေကွက်ကို ထုတ်ပေးဖို့ အဆင်သင့်ရှိတယ်လို့ သတင်းရထားတယ်”

“ဘာလဲကွာ။ ချီးပဲ။ အဲဒါထက် ပိုကြီးပြီး ပိုလှတဲ့ မြေကွက် မရှိတော့ဘူးလား”

“တကယ့်ကို OTKရဲ့အမြင်ကောင်းရစေချင်ရင် ဘာပဲဖြစ်ဖြစ် တခြားဆောက်လုပ်ရေး ကုမ္ပဏီတွေထက် ပိုကောင်းတဲ့ မြေကွက်ကို ယူလာပေးရမယ်”

ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌတွေက စာရွက်စာတမ်းတွေကို ကိုယ်တိုင် ကိုင်ဆောင်ပြီး OTK ကုမ္ပဏီထံ လာရောက်ခဲ့ကြတယ်။ သူတို့ ယူဆောင်လာတဲ့ မြေကွက်တွေကို ဂုဏ်ယူစွာနဲ့ တင်ပြကြတယ်။

ကန်ဂျင်ဟူက မြေကွက်တွေကို ပေါက်စျေးထက် ပိုပေးပြီး ဝယ်မယ်လို့ ပြောတဲ့အခါ သူတို့အားလုံးက လက်ခါပြကြပါတယ်။

“ဘာတွေ ပြောတာလဲဗျာ။ ကျွန်တော်တို့က ပေါက်စျေးထက် လျှော့ပြီး ပေးမှာပါ”

“ကျွန်တော်တို့ အွန်ဆောင်း ဆောက်လုပ်ရေးလည်း ဒီလိုကောင်းတဲ့ အလုပ်မှာ တစ်ဖက်တစ်လမ်းက ကူညီပါရစေ”

“ဝယ်စျေးထက် လျှော့ရောင်းရင် အလွဲသုံးစားလုပ်မှု ဖြစ်သွားမှာမလို့ပါ။ ဒီထက်ပိုပြီး စျေးလျှော့မပေးနိုင်တာကိုပဲ စိတ်မကောင်း ဖြစ်မိပါတယ်”

“ကျွန်တော်တို့လည်း ဆောက်လုပ်ရေး စရိတ်ကို အနိမ့်ဆုံး စျေးနှုန်းနဲ့ လုပ်ပေးပါ့မယ်”

“ကျွန်တော်တို့ကိုပဲ တာဝန်ပေးထားလိုက်ပါ”

ပြန်ကြားရေးအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်က နိုင်ငံတစ်ဝန်း နေရာ ၄၂ ခုမှာ အဆောင်တွေ ဆောက်လုပ်ပြီး ကျောင်းသားတွေကို သက်သာတဲ့ အိမ်ငှားခနဲ့ ငှားရမ်းမယ့် အစီအစဉ်ကို ကြေညာခဲ့တယ်။

အဆောင်ဆောက်မယ့် နေရာတွေကို ကြေညာလိုက်တဲ့အခါ ကျောင်းသားတွေက ဝမ်းသာအားရ ကြိုဆိုကြပါတယ်။

– တကယ်ကြီးလား။ OTK ကုမ္ပဏီက အဆောင်တွေ ဆောက်ပေးမှာလား။

– ဟုတ်တယ်။ ငါ့ကျောင်းလည်း ပါတယ်ဟ။

– အေးလေ၊ သူတို့ ဒီတစ်ခေါက် ရေနံFutureစျေးကွက်ကနေ ပိုက်ဆံတွေ အများကြီး ရထားတာပဲ။ ဒီလို ကောင်းမှုကုသိုလ်မျိုး လုပ်သင့်တာပေါ့။

– ဒါပေမဲ့ အခုမှ ဆောက်ရင် ဘယ်တော့ ပြီးမှာလဲ။

– ငါ ကျောင်းမပြီးခင် ဆောက်ပြီးပါ့မလား။

– ငါ မကြာခင် စစ်တပ်ထဲ သွားရတော့မှာ။ ပြန်ထွက်လာတဲ့အချိန်ကျရင် အကုန် ဆောက်ပြီးနေပါစေလို့ ဆုတောင်းတယ်။

– ငါ့ရဲ့ မြေအောက်အခန်းမဖြစ်တဖြစ်နေရာကနေ မြန်မြန် လွတ်မြောက်အောင် အမြန် ဆောက်ပြီးစေချင်ပြီ။

– မြေအောက်အခန်းမဖြစ်တဖြစ်ကမှ တော်သေးတယ်၊ ငါက မြေအောက်ခန်း အစစ်ထဲမှာ နေနေရတာ ㅠㅠ ပိုက်ဆံ ချွေတာဖို့ တခြားနှစ်ယောက်နဲ့ အတူနေရတယ်။

– အဲဒါကမှ တော်သေးတယ်။ ငါက ပြတင်းပေါက်တောင် မရှိတဲ့ အခန်းကျဉ်းကျဉ်းလေးမှာ နေရတာ ရှစ်လ ရှိပြီ။ ပိုက်ဆံမရှိလို့ အခန်းကျဉ်းကြောက်တဲ့ ရောဂါကိုတောင် အလိုလို ကျော်ဖြတ်နိုင်သွားပြီ။

ဒါပေမဲ့ ထောက်ခံတဲ့ ပြည်သူ့သဘောထားတွေက ကန့်ကွက်တဲ့ သဘောထားတွေရဲ့ အောက်မှာ မကြာခင်ပဲ နစ်မြုပ်သွားခဲ့ပါတယ်။ သတင်းထုတ်ပြန်ချက် ထွက်လာတာနဲ့ တစ်ပြိုင်နက် စတူဒီယို တိုက်ခန်း ပိုင်ရှင်တွေက ကန့်ကွက်ပွဲတွေ ပြုလုပ်ကြတယ်။ အဲဒါတင်မကဘဲ အိမ်ငှားလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ ဒေသခံတွေကပါ ကန့်ကွက်မှုကို ဖော်ပြလာကြတယ်။

– တက္ကသိုလ်ကျောင်းသားတွေက ညဘက်ဆို သောက်စားပြီး လျှောက်သွားနေကြရင် ရပ်ကွက်ရဲ့ ပတ်ဝန်းကျင် အခြေအနေက ဘာဖြစ်သွားမလဲ။

– ဒီဘက်ခေတ် တက္ကသိုလ်ကျောင်းသားတွေက တကယ် ကြောက်ဖို့ကောင်းတယ်။

– ဟုတ်ပ၊ လူကြီးတွေ ပြောတာကိုလည်း နားမထောင်ကြဘူး။

– ဒီရှေ့မှာ မူလတန်းကျောင်း ရှိတယ်လေ။ တက္ကသိုလ်ကျောင်းသားတွေက ဆေးလိပ်သောက်တာ ဒါမှမဟုတ် လူမြင်ကွင်းမှာ ရည်းစားနဲ့ချိန်းတွေ့တာတွေ လုပ်နေရင် ကလေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို မကောင်းဘူး၊ ကြည့်ရတာလည်း အမြင့်မတင့်တယ်ဘူး။

– ငါတို့ ရပ်ကွက်မှာ ကစားကွင်း မရှိဘူး။ ကစားကွင်းပဲ ဆောက်ပေးပါ။

– တစ်ခုခု ဆောက်ပေးမယ်ဆိုရင် ပန်းခြံ ဒါမှမဟုတ် စာကြည့်တိုက်လိုမျိုး ဒေသခံတွေအတွက် အကျိုးရှိမယ့် အဆောက်အဦးမျိုး ဆောက်ပေးသင့်တာပေါ့။

– ဘာပဲဖြစ်ဖြစ် အဆောင်ဆောက်တာကိုတော့ လုံးဝ ခွင့်မပြုနိုင်ဘူး။

– ဒီလိုလုပ်မယ့်အစား ဒေသခံတွေ အားလုံး စုပေါင်းပြီး ခရိုင်ရုံးနဲ့ မြို့တော်ခန်းမကို တိုင်စာတွေ ပို့ကြစို့။

ဆိုးလ်က လူဦးရေ ၁၀ သန်းကျော်ရှိတဲ့ မဟာမြို့ကြီး တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ဆိုးလ်မြို့တော်ဝန်က အဲဒီလို ကြီးမားတဲ့ မြို့ကြီးရဲ့ အုပ်ချုပ်ရေးကို တာဝန်ယူရတဲ့ အကြီးအကဲ ဖြစ်တာပါ။ သူပိုင်ဆိုင်တဲ့ လုပ်ပိုင်ခွင့်နဲ့ နိုင်ငံရေး ဩဇာလွှမ်းမိုးမှုကို ထည့်သွင်းစဉ်းစားရင် သမ္မတပြီးရင် ဒုတိယအဆင့်ရှိတယ်လို့ ပြောရင်လည်း လွန်ရာမကျပါဘူး။

ဒါကြောင့်မလို့ပဲ ‘သမ္မတအသေးစား’ ဆိုတဲ့ စကားလုံး ပေါ်ထွက်လာရတာလေ။

ဆိုးလ်မြို့တော်ဝန်ကို သုံးကြိမ်အထိ ပြန်လည်ရွေးကောက် တင်မြှောက်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာ တတိယအကြိမ်မြောက် သက်တမ်းကို အောင်မြင်စွာ ထမ်းဆောင်နေတဲ့ မြို့တော်ဝန် ဝမ်ဆန်းဟွန်းက သူ့ရဲ့ နောက်ဆုံးသက်တမ်းကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဆိုးလ်မြို့တော်ဝန် ရာထူးက သမ္မတရွေးကောက်ပွဲအတွက် ဖြတ်လမ်းတစ်ခုလို ဖြစ်နေပြီး၊ သူက နိုင်ငံရေးသစ်ပါတီရဲ့ အလားအလာအကောင်းဆုံး နောက်ထပ် သမ္မတလောင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

သူ့ရဲ့ မြို့ပြအုပ်ချုပ်ရေးအပေါ် အကဲဖြတ်ချက်တွေကလည်း မဆိုးပါဘူး။ ထူးထူးခြားခြား အောင်မြင်မှုကြီးကြီးမားမား မရှိခဲ့ပေမဲ့ အမှားအယွင်းလည်း မရှိခဲ့ဘူးလေ။ အာဏာရပါတီရဲ့ ထောက်ခံမှုနှုန်းက ခိုင်မာနေပြီး အတိုက်အခံပါတီကတော့ ဖရိုဖရဲ ဖြစ်နေပါတယ်။ နောက်ထပ် သမ္မတရွေးကောက်ပွဲအထိ ဒီလိုအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် သမ္မတရာထူးကိုပါ မျှော်မှန်းနိုင်မှာပါ။

မြို့တော်ဝန် ဝမ်ဆန်းဟွန်းက သူ့ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းအတွင်းမှာ ပြဿနာတွေ မဖြစ်ပေါ်အောင် ထိန်းသိမ်းဖို့နဲ့ ရှောင်ရှားဖို့ကိုပဲ အာရုံစိုက်နေခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး OTK ကုမ္ပဏီက အဆောင်တွေ ဆောက်ဖို့ ရှေ့ထွက်လာတာကြောင့် ကြီးမားတဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားလာခဲ့ရတယ်။

ကန်ဂျင်ဟူက ပြည်တွင်းက တခြားစီးပွားရေး အုပ်စုကြီးတွေနဲ့ နှိုင်းယှဉ်ရင် ကိုရီးယားမှာ စီးပွားရေး အခြေခံအုတ်မြစ် နည်းပါးပြီး နိုင်ငံရေးလောကနဲ့လည်း အဆက်အသွယ် မရှိပါဘူး။ ဒါပေမဲ့ သူက ဘယ်သူ့ထက်မဆို ပိုပြီး ဩဇာလွှမ်းမိုးမှု ရှိပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၊ အမေရိကန်ကို အကြပ်အတည်းကနေ ကယ်တင်ခဲ့တဲ့ သူရဲကောင်း ဖြစ်ပါတယ်။ သူက နိုဘယ်ငြိမ်းချမ်းရေးဆု ရဖို့လည်း သေချာနေပြီး မော်တော်ကား စက်မှုလုပ်ငန်းရဲ့ အနာဂတ်ကလည်း သူ့လက်ထဲမှာ ရှိနေတယ်လို့ ပြောရင် လွန်ရာမကျပါဘူး။ ဒါ့အပြင် သူက အမေရိကန် သမ္မတနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ ဘယ်ကိုရီးယား စီးပွားရေးသမား ဒါမှမဟုတ် နိုင်ငံရေးသမားက အမေရိကန် သမ္မတနဲ့ သီးသန့် တွေ့ဆုံနိုင်လို့လဲ။

သူက အဆောင်ကို နေရာ တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်မှာပဲ ဆောက်မယ်လို့ ပြောခဲ့ရင် ဒေသခံ တချို့ ကန့်ကွက်ရင်တောင်မှ အထူးတလည် အရေးယူဆောင်ရွက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြေညာလိုက်တဲ့ ဆိုးလ်မှာရှိတဲ့ နေရာတင် ၁၉ ခု ဖြစ်နေတာပါ။

ဒီအတိုင်းဆိုရင် ဆိုးလ် ဧရိယာတစ်ခုလုံး ပါဝင်နေပြီလေ။ မြို့တော်ခန်းမမှာ တိုင်စာတွေ အရမ်းများလွန်းလို့ အလုပ်တွေတောင် လည်ပတ်လို့မရတော့တဲ့ အဆင့်ကို ရောက်နေပါတယ်။ ဒေသခံ ပြည်သူတွေ အားလုံးက ကန့်ကွက်ကြပြီး စတူဒီယို တိုက်ခန်း ပိုင်ရှင်တွေကလည်း မြို့တော်ခန်းမရှေ့မှာ စုရုံးပြီး ဆန္ဒပြကြတယ်။

“OTK ကုမ္ပဏီက အိမ်ငှားလုပ်ငန်းထဲကို ဝင်လာတာမျိုးက ဖြစ်နိုင်လို့လား”

“ကျွန်တော်တို့လို စတူဒီယို တိုက်ခန်းတွေ ငှားပြီး တစ်နေ့စာတစ်နေ့ အသက်မွေးနေရတဲ့ သာမန်လူတွေက ဘယ်လိုလုပ် နေထိုင်ရတော့မှာလဲ”

“ဒါက ကျွန်တော်တို့ကို ဒီအတိုင်း သေခိုင်းလိုက်တာနဲ့ ဘာကွာလို့လဲ”

“သာမန်ပြည်သူတွေရဲ့ ပိုင်ဆိုင်ခွင့်ကို ချိုးဖောက်တာကို ရပ်တန့်စမ်း”

“ဆိုးလ်မြို့က တန်ပြန်အစီအမံတွေကို ချမှတ်ပေးရမယ်”

မြို့တော်ဝန် ဝမ်ဆန်းဟွန်းအနေနဲ့ ကန်ဂျင်ဟူနဲ့ လုံးဝ ထိပ်တိုက်မတွေ့ချင်ပါဘူး။ ဒါပေမဲ့ ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေ ဆူပွက်နေတဲ့ အခြေအနေမှာ ဒီအတိုင်း နှုတ်ဆိတ်နေဖို့ကလည်း ခက်ခဲပါတယ်။ ခရိုင်မှူး တချို့က ခရိုင်ကောင်စီဝင်တွေနဲ့အတူ လာရောက် တွေ့ဆုံကြတယ်။

“မဟုတ်ဘူးလေ၊ အဆောင်ဆောက်ရင်တောင်မှ ပြည်သူ့သဘောထားကို ကြည့်ပြီး တစ်နေရာ ဒါမှမဟုတ် နှစ်နေရာချင်းစီ ဖြည်းဖြည်းချင်း ဆောက်ရမှာပေါ့။ ဒါက ဘာသဘောလဲ”

“ကျွန်တော်တို့ ခရိုင်တစ်ခုထဲမှာတင် သုံးခုတောင် ရှိနေတာဗျ။ ကျွန်တော်တို့ ခရိုင်မှာ တက္ကသိုလ်တွေ ဘယ်လောက်ပဲ များများ၊ ဒါက အရမ်းလွန်လွန်းတယ် မဟုတ်ဘူးလား”

“ဒေသတွင်း ပြည်သူ့သဘောထားက အရမ်းဆိုးနေတယ်”

“ဒေသခံ ပြည်သူတွေ အားလုံးက အဆောင်တွေ ဝင်လာတာကို ကန့်ကွက်နေကြတယ်”

“ခရိုင်ရုံးရဲ့ အလုပ်တွေကလည်း ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် အခု လည်ပတ်လို့ မရတော့ဘူး”

“နောက်ထပ် ရွေးကောက်ပွဲကျရင် ဘယ်လိုလုပ်မလဲ”

“မြို့တော်ဝန်အနေနဲ့လည်း နောက်ထပ် ရွေးကောက်ပွဲကို ထည့်သွင်းစဉ်းစားရမယ် မဟုတ်ဘူးလား”

ဒီအတိုင်း ငြိမ်နေရင် မဲတွေ ဘယ်လောက်တောင် မရတော့ဘဲဖြစ်သွားမလဲ မသိနိုင်ပါဘူး။ အနည်းဆုံးတော့ တုံ့ပြန်တဲ့ ပုံစံမျိုး ဟန်ပြလုပ်ရပါမယ်။ မြို့တော်ဝန် ဝမ်ဆန်းဟွန်းက စတူဒီယို တိုက်ခန်း ပိုင်ရှင်တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ အစည်းအဝေး ပြုလုပ်ပြီးနောက် ဆိုးလ်မြို့ရဲ့ တရားဝင် ရပ်တည်ချက်ကို ကြေညာခဲ့တယ်။

“ဆိုးလ်မြို့အနေနဲ့ အဆောင်ဆောက်လုပ်ရေးကို ဒေသခံတွေရဲ့ သဘောထားတွေကို ကောက်ယူပြီးမှ ဆက်လက်လုပ်ဆောင်နိုင်ဖို့ OTK ကုမ္ပဏီထံ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်”

စတူဒီယို တိုက်ခန်း ပိုင်ရှင်တွေက ရုံးချုပ်ရှေ့ကိုလည်း စုရုံးရောက်ရှိလာပြီး ဆန္ဒပြပွဲ ပြုလုပ်ကြတယ်။ သူတို့က ‘စီးပွားရေး လုပ်ငန်းစုကြီး ကန်ဂျင်ဟူ၊ သာမန်ပြည်သူတွေကို သတ်ဖြတ်နေတာကို ရပ်တန့်စမ်း’ ဆိုပြီး အနီရောင်နဲ့ ရေးသားထားတဲ့ စာတန်းကိုပါ ချိတ်ဆွဲထားကြပါတယ်။

သူတို့က ကျွန်တော်က စီးပွားရေး လုပ်ငန်းစုကြီး ဖြစ်ပြီး သူတို့က သာမန်ပြည်သူတွေ ဖြစ်တယ်ဆိုတာကို အလွန်အမင်း အလေးပေး ဖော်ပြချင်နေကြတဲ့ ပုံစံပါပဲ။

အဆောက်အဦး စီမံခန့်ခွဲမှုနဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ X-Cop က ပင်မဂိတ်တံခါးကို ပိတ်လိုက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေအတွက် ပြင်ဆင်ဖို့ ဝန်ထမ်းအင်အားကို ပိုမိုတိုးမြှင့် ချထားလိုက်တယ်။ ဝန်ထမ်းတွေကတော့ နောက်ပေါက်ကနေပဲ ဝင်ထွက်သွားလာကြရပါတယ်။

သတင်းကနေတစ်ဆင့် ဆိုးလ်မြို့ရဲ့ ကြေညာချက်ကို ကြည့်ပြီးနောက် ကျွန်တော် နှာခေါင်းရှုံ့လိုက်တယ်။

“‘ဒေသခံတွေရဲ့ သဘောထားကို ကောက်ယူမယ်’ တဲ့၊ အလကားပါပဲ”

“အဲဒါက ‘မလုပ်နဲ့’ လို့ ပြောတာနဲ့ အတူတူပဲ မဟုတ်ဘူးလား”

“အတူတူပါပဲ”

အားလုံးက ကန့်ကွက်နေကြတဲ့ အခြေအနေမှာ သဘောထား ကောက်ယူနေလည်း ဘာထူးမှာလဲ။ စတူဒီယို တိုက်ခန်း ပိုင်ရှင်တွေ ကန့်ကွက်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပြီးသား ဖြစ်ပေမဲ့ ဆိုးလ်မြို့ကပါ ဝင်ပြီး နှောက်ယှက်လိမ့်မယ်လို့တော့ မထင်ထားခဲ့မိပါဘူး။

ကျွန်တော် ကိုယ်တိုင် ရှေ့ထွက်ပြီး ကျွန်တော့်ရဲ့ ရပ်တည်ချက်ကို ကြေညာလိုက်တယ်။

“ကျွန်တော်က မြေနေရာအချိုးအစားကို တိုးပေးဖို့ တောင်းဆိုနေတာလည်း မဟုတ်ဘူး၊ ဒေသန္တရ အစိုးရဆီကနေ ထောက်ပံ့မှု တောင်းနေတာလည်း မဟုတ်ဘူး။ ဒါက ကျွန်တော့်မြေ၊ ကျွန်တော့်ပိုက်ဆံနဲ့ ကျွန်တော် ကိုယ်တိုင် ဆောက်မှာကို ဘာလို့ မရရမှာလဲ။ ကျွန်တော်ကတော့ ဒီအတိုင်းပဲ ဆက်လုပ်သွားမှာပါ”

All Chapters