← Chapters

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း (၂၈၈)

ကန်ဂျင်ဟူရဲ့ ကြေညာချက်ကို ကြားပြီးတော့ ဆိုးလ်မြို့တော်ဝန် ဝမ်ဆန်းဟွန်းက တော်တော်လေး အံ့အားသင့်သွားတယ်။

'သူ ဒီလိုမျိုး တုံ့ပြန်လာလိမ့်မယ်လို့ လုံးဝ မထင်ထားမိဘူး'

မြို့တော်ဝန် ဝမ်ဆန်းဟွန်းက ဒေသခံတွေနဲ့ ဆက်သွယ်မှုကို အမြဲဦးစားပေးလေ့ရှိပြီး ပြည်သူတွေရဲ့ စကားကို နားထောင်ပေးတဲ့ မြို့တော်ဝန်တစ်ယောက်အဖြစ် ပုံရိပ်ကောင်း တည်ဆောက်ထားတာ ကြာပါပြီ။

သူ့ရဲ့ မူလအစီအစဉ်က ကန်ဂျင်ဟူနဲ့ စကားပြောပြီး ဖျောင်းဖျမယ်။ ပြီးရင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် လမ်းစတစ်ခုကို ရှာမယ်ပေါ့လေ။ ဒါပေမဲ့ ကန်ဂျင်ဟူက ဆိုးလ်မြို့ရဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ပြီး အဆောင်ဆောက်လုပ်ရေးကို ဆက်လုပ်သွားမယ်လို့ ကြေညာလိုက်တယ်။ ဒါက သူ့ကို လုံးဝ အဖတ်မလုပ်တဲ့ သဘောပါပဲ။

'တကယ်ပဲ ဆိုးလ်မြို့တော်ဝန်က ပြောနေတာကို နားထောင်ချင်ယောင်တောင် မဆောင်သင့်ဘူးလား'

ဘယ်စီးပွားရေးသမားကများ ဆိုးလ်မြို့တော်ဝန်ကို ဒီလိုမျိုး ရဲရဲတင်းတင်း လုပ်ရဲမှာလဲ။ လင်ဂျင်ယုံတောင် ဒီလိုမျိုး လုပ်မှာမဟုတ်ဘူး။

ဒါပေမဲ့...

ပြန်စဉ်းစားကြည့်တော့လည်း ကန်ဂျင်ဟူက သမ္မတကိုတောင် ဒီလိုမျိုး ဆက်ဆံခဲ့တာပဲလေ။ ဆိုးလ်မြို့တော်ဝန်ကို ဒီလိုလုပ်တာ မဆန်းပါဘူး။

သူက ဒေသခံတွေရဲ့ သဘောထားကို နားထောင်မယ်လို့ ပြောပြီးသားမလို့ အခုအချိန်မှာ နောက်ဆုတ်ဖို့ ခက်သွားပါပြီ။ အခုမှ စကားအသွားအလာ ပြောင်းလိုက်ရင် အာဏာရပါတီဆီက ပြင်းပြင်းထန်ထန် ဝေဖန်ခံရမှာဖြစ်သလို အိမ်ရှင်တွေနဲ့ ဒေသခံတွေရဲ့ ကန့်ကွက်မှုကိုလည်း ရင်ဆိုင်ရမှာပါ။

ကန်ဂျင်ဟူရဲ့ စကားတွေကြောင့် စတူဒီယိုတိုက်ခန်းပိုင်ရှင်တွေနဲ့ ဒေသခံတွေက မြို့တော်ခန်းမရှေ့မှာ လာရောက်ဆန္ဒပြနေကြပြီး ခရိုင်ရုံးတွေနဲ့ ရပ်ကွက်ရုံးတွေဆီကိုလည်း ဖုန်းတွေ အဆက်မပြတ် ဝင်နေပါတယ်။ တချို့ စတူဒီယိုတိုက်ခန်းပိုင်ရှင်တွေဆို တော်တော်လေး ဒေါသထွက်နေကြတာပါ။

"ဒီလိုသာဆိုရင် ကျွန်တော်တို့လည်း စီးပွားရေး ဆက်လုပ်လို့မရတော့ဘူး။ ကျောင်းသားတွေအားလုံးကို နှင်ထုတ်ပြီး စတူဒီယိုတိုက်ခန်းတွေကို အားလုံးစုပေါင်း ပိတ်ပစ်လိုက်မယ်"

"အဆောင်ဆောက်ခွင့် ပေးမယ့်အစား သေလိုက်တာကမှ ကောင်းဦးမယ်"

"ကျွန်တော့်အဆောက်အဦးကို မီးရှို့ပြီး အထဲမှာပဲ အသေခံလိုက်မယ်"

ဒီလူတွေအားလုံးက တန်ဖိုးရှိတဲ့ မဲဆန္ဒရှင်တွေပါ။

သူက ကန်ဂျင်ဟူကို အရှုံးပေးလိုက်တယ်လို့ မြင်သွားရင် သမ္မတရွေးကောက်ပွဲ လမ်းကြောင်းကို ထိခိုက်နိုင်ပါတယ်။

ဖြစ်နိုင်တာကတော့... ဒီအခွင့်အရေးကို သုံးပြီး သူက လုပ်ငန်းစုကြီးကိုတောင် ရင်ဆိုင်ရဲတဲ့ သန်မာတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ပြသနိုင်ရင် သူ့ရဲ့ ထောက်ခံမှု အခြေအနေကို ပိုခိုင်မာစေနိုင်တယ်လေ။

မြို့တော်ဝန် ဝမ်ဆန်းဟွန်းက ပြတ်သားတဲ့ လေသံနဲ့ ပြောလိုက်တယ်။

"အိမ်ရာနဲ့ မြေယာဆိုတာ ပြည်သူပိုင် ပိုင်ဆိုင်မှုတွေဖြစ်ပြီး ပုဂ္ဂလိက ပစ္စည်းမဟုတ်ပါဘူး။ ဒေသခံတွေရဲ့ သဘောထားကို စုစည်းပြီး သင့်တော်တဲ့ အဖြေတစ်ခု မရမချင်း မြို့တော်ကနေ ဆောက်လုပ်ခွင့် ပါမစ် ထုတ်ပေးမှာ မဟုတ်ပါဘူး"

ကန့်ကွက်မှုတွေက ပိုပြင်းထန်လာပြီး ဝမ်ဆန်းဟွန်းကို ထောက်ခံသူတွေကလည်း စိတ်ဆိုးဒေါသထွက်နေကြပါတယ်။

– ဒါက အိုတာကူနဲ့ ဆိုးလ်မြို့တော်ဝန် ထိပ်တိုက်တွေ့တာလား။

– မြို့တော်ဝန် ဝမ်ဆန်းဟွန်းက နိုင်ငံရေးသစ်ပါတီရဲ့ နောက်ထပ် သမ္မတလောင်းပဲ။

– သူက သမ္မတကိုတောင် ရင်ဆိုင်ပြီး အဖမ်းခံရအောင် လုပ်ခဲ့တာနော်။ မြို့တော်ဝန်ကို ကြောက်ပါ့မလား။

– ငါ အရင်က ကန်ဂျင်ဟူကို ထောက်ခံခဲ့ပေမယ့် ဒါကတော့ မဟုတ်သေးပါဘူး။

– ဒီကောင်က ပိုက်ဆံရလာတော့ ကွန်ဆာဗေးတစ်ပုံစံမျိုး ဖြစ်သွားတာပဲ။

– ဒေသခံတွေရဲ့ စကားကို နားထောင်တာ ဘာမှားလို့လဲ။

– ဆိုးလ်မြို့တော်ဝန်ကို လျစ်လျူရှုပြီး သူသဘောရှိ ဆောက်မယ်လို့ ပြောနေတာဆိုပဲ။ ဒါက ဖွံ့ဖြိုးရေး အာဏာရှင်ခေတ် ထင်နေလား။

– ချမ်းသာတဲ့ လုပ်ငန်းစုကြီး ဖြစ်နေရုံနဲ့ ကိုယ်လုပ်ချင်တာ အကုန်လုပ်လို့ရတာ မဟုတ်ဘူး။ ကိုရီးယားသမ္မတနိုင်ငံရဲ့ အချုပ်အခြာအာဏာက ပြည်သူတွေဆီမှာ ရှိတာ၊ လုပ်ငန်းစုတွေဆီမှာ ရှိတာ မဟုတ်ဘူး။

– ကိုရီးယားသမ္မတနိုင်ငံက ဒီမိုကရေစီသမ္မတနိုင်ငံဖြစ်ပြီး လုပ်ငန်းစုသမ္မတနိုင်ငံ မဟုတ်ဘူး။

– မှန်တယ်။ သာမန်လူတွေရဲ့ ပိုင်ဆိုင်မှု အခွင့်အရေးကို ကာကွယ်ပေးပါ။

– မြို့တော်ဝန် ဝမ်ဆန်းဟွန်း၊ ဆောက်လုပ်ရေးကို တားဆီးပေးပါ။

– ကန်ဂျင်ဟူ။ ချက်ချင်း တောင်းပန်လိုက်စမ်း။

– မင်းတောင်းပန်ဆိုတာနဲ့ တောင်းပန်မယ်ပေါ့လေ။ အေးပါ။ နောက်ထပ် စတူဒီယိုတိုက်ခန်းပိုင်ရှင်ရယ်။

– ㅋㅋㅋ လက်ဝဲသမားတွေ ဒေါသထွက်နေကြပြီ။

– သူတို့က ဒေသခံတွေရဲ့ စကားကိုပဲ နားထောင်ပြီး ကျောင်းသားတွေရဲ့ စကားကိုကျ နားမထောင်ဘူးလား။

– ရိုးရိုးသားသား ပြောရရင် ဝမ်ဆန်းဟွန်းက အခု သမ္မတရွေးကောက်ပွဲအတွက် အခွင့်အရေးဝင်ယူဖို့လုပ်နေတာကွ။

– ဘာပဲဖြစ်ဖြစ် ဒါက လက်ဝဲသမားတွေကြားက ပြည်တွင်းစစ်ပဲ။ ဘယ်သူနိုင်နိုင် ပျော်စရာကြီးဖြစ်မှာ။

– ရူးနေတာလားမသိဘူး။ လူတိုင်းကို လိုက်ဆဲနေတဲ့ အရုပ်ကျနေတာပဲ။ လက်ဝဲရော လက်ယာရော အကုန်ဆဲနေတာဟ။

(ㅋㅋㅋလိုသင်္ကေတတွေကတော့ ဘာမှန်းမသိပေမဲ့ အင်္ဂလိပ်ဘာသာပြန်မှာပါလို့ ပါတဲ့အတိုင်းထားထားပါတယ်)

ပုံမှန်ဆို မြို့တော်ဝန် ဝမ်ဆန်းဟွန်းနဲ့ သဘောထားကွဲလွဲလေ့ရှိတဲ့ လေဘာပါတီက လွှတ်တော်အမတ်တွေလည်း ဒီတစ်ကြိမ်မှာတော့ ထောက်ခံပေးခဲ့ကြတယ်။ အထူးသဖြင့် ဆိုးလ်မှာ မဲဆန္ဒနယ်ရှိတဲ့ လွှတ်တော်အမတ်တွေက တော်တော်လေး ဒေါသထွက်နေကြတာပါ။

လေဘာပါတီက လွှတ်တော်အမတ် မာဆန်းထယ်က သူ့ရဲ့ မဲဆန္ဒနယ်ကို ချက်ချင်းသွားပြီး ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ စကားပြောခဲ့တယ်။

"ဒီနေရာမှာ အဆောင်ဆောက်မယ်တဲ့လား။ ဒါက မဖြစ်နိုင်တာ။ ဒီနေရာမှာ ကိုရီးယား တိုင်းရင်းဆေးရုံ ဆောက်ပြီး အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်၊ ပြီးတော့ ဒေသခံတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးရမယ်။ အဆောင်ကို မဆောက်ခိုင်းဘဲ ဆိုးလ်မြို့နဲ့ ပူးပေါင်းပြီး ကိုရီးယား တိုင်းရင်းဆေးရုံ ဆောက်ဖို့ကိုပဲ ကျွန်တော်တို့ တွန်းအားပေးသွားမှာပါ"

ဒေသခံတွေက ဝမ်းသာအားရ အော်ဟစ်ခဲ့ကြပေမယ့် အွန်လိုင်းသုံးစွဲသူတွေကတော့ ကြောင်အမ်းအမ်း ဖြစ်သွားကြတယ်။

– နေပါဦး၊ ငါတို့က အခု အဆောင်အကြောင်း ပြောနေတာလေ၊ ဘာလို့ ကိုရီးယား တိုင်းရင်းဆေးရုံက ရုတ်တရက် ထွက်လာတာလဲ။

– အဲဒီလူကို မဲပေးခဲ့တဲ့သူတွေ၊ ဒူးထောက်ပြီး တောင်းပန်ကြ။

– သိပ်လည်း မပြောပါနဲ့။ မကြာသေးခင်က လွှတ်တော်ရှေ့မှာ အစာငတ်ခံ ဆန္ဒပြတုန်းက လူမိုက်တစ်ယောက်ရဲ့ ရိုက်တာခံရပြီးကတည်းက သူက ကိုရီးယား တိုင်းရင်းဆေးရုံကိုပဲ ရှာနေတာလို့ ကြားတယ်။

– လဖွတ်။ သူက အပ်စိုက်ကုသမှု ခံယူဖို့ လိုနေတာ။

– လွှတ်တော်အမတ် မာဆန်းထယ်က ကိုမာဝင်သလို မေ့မြောတဲ့ အခြေအနေ ပြန်ဖြစ်သွားပြန်ပြီ။ သတိပြန်သွင်းပါဦး။

– ㅋㅋㅋ ကိုမာ (ဦးနှောက်မကောင်းတဲ့) ဆန်းထယ်။

– သူ့ကို လွှတ်ထားလိုက်ကြပါ။ သူကိုယ်တိုင် ဆေးရုံတက်လို့ရမယ့် ဆေးရုံကို ဆောက်မယ်လို့ ပြောနေတာနေမှာပါ။

ဆောင်းပါးတွေနဲ့ ကွန်မန့်တွေကို ဖတ်ပြီး တက်ဂယူက ပြောတယ်။

"ဒီနေ့လည်း မင်းကို ဆဲနေတဲ့ စကားတွေက လျှံထွက်နေတာပဲ။ ဆဲတာ ခံရရင် အသက်ရှည်တယ်လို့ ပြောကြတယ်၊ မင်းကတော့ ဒီအတိုင်းဆို သေနိုင်တော့မှာ မဟုတ်ဘူး"

"……"

ဆဲတာခံရလွန်းလို့ ထမင်းမစားရရင်တောင် ဗိုက်ပြည့်နေသလိုပါပဲ။

ဘာပဲဖြစ်ဖြစ် ဆောက်လုပ်ခွင့် ပါမစ်က ဒေသန္တရ အစိုးရရဲ့ လုပ်ပိုင်ခွင့်အောက်မှာ ရှိတာပါ။ ဥပဒေအတိုင်း ဆောက်မယ်လို့ ဘယ်လောက်ပဲ ပြောပြော၊ သူတို့က ပါမစ် ထုတ်မပေးရင် ဘာမှလုပ်လို့မရဘူးလေ။

"မင်း အခု ဘာဆက်လုပ်မလို့လဲ"

"အင်း..."

ရိုးရိုးသားသား ပြောရရင် အဆောင်က ကိစ္စအကြီးကြီး မဟုတ်ပါဘူး။ မဆောက်ရလည်း ဘာမှမဖြစ်သလို အထူးသဖြင့် ကျွန်တော့်အတွက် ဆုံးရှုံးသွားမှာလည်း ဘာမှ မရှိပါဘူး။

ဒါပေမဲ့ ဒီဖြစ်ရပ်က ကိုရီးယားမှာ ရှိနေတဲ့ ပြဿနာတွေကို အထင်အရှား ပြသနေပါတယ်။

ဒါက အကျိုးစီးပွား အုပ်စုတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုပါပဲ။

ထူးခြားတဲ့ အခြေအနေ မရှိရင် ဈေးနှုန်းတွေက ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ်မှာပဲ မူတည်တာပါ။ ပြိုင်ဘက်အသစ် ထွက်လာရင် ဈေးနှုန်းတွေ ကျဆင်းသွားမှာ ဒါမှမဟုတ် အရောင်းကျသွားမှာက ဓမ္မတာပဲလေ။

ဘယ်သူမှ ကိုယ်နစ်နာမယ့် အခြေအနေကို လက်မခံချင်ကြပါဘူး။ အထူးသဖြင့် ကိုယ့်ရဲ့ ဝမ်းရေးနဲ့ ဆက်စပ်နေတဲ့ ကိစ္စမျိုးဆိုရင်ပေါ့။

ဒါကြောင့် စတူဒီယိုတိုက်ခန်းပိုင်ရှင်တွေ ကန့်ကွက်တာကို ကျွန်တော် နားလည်နိုင်ပါတယ်။

"တကယ် ညစ်ပတ်တဲ့သူတွေက ဒီလို ဒေသခံတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို အသုံးချနေတဲ့ နိုင်ငံရေးသမားတွေပဲ"

သူတို့ ခရိုင်တွေမှာ အဆောင်ဆောက်လုပ်မှုကို တားဆီးပေးမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ ရွေးကောက်ခံခဲ့ရတဲ့ မြို့နယ်နဲ့ ခရိုင်ကောင်စီဝင်တွေတောင် ရှိပါသေးတယ်။ ဒီအချက်ကို ကြည့်ရင် တိုင်းပြည်က ရူးနေသလိုပါပဲ။

ကိုရီးယားမှာ အဆဲမခံရဆုံး အလွယ်ဆုံးနည်းလမ်းက ဘာမှမလုပ်ဘဲ နေတာပါ။

ဘာမှမလုပ်ရင် ဘာပြဿနာမှ ရှိလာမှာမဟုတ်ဘူးလေ။

ကျွန်တော်သာ အစိုးရနဲ့ ထိပ်တိုက်မတွေ့ခဲ့ရင် ကွန်ဆာဗေးတစ်တွေရဲ့ ဆဲတာကို ခံရမှာမဟုတ်ပါဘူး။ ကိုရီးယားမှာ လျှပ်စစ်ကားစက်ရုံ ဆောက်မယ်လို့ မပြောခဲ့ရင် အွန်ဆောင်း မော်တာ အလုပ်သမားသမဂ္ဂနဲ့ အဓိက အလုပ်သမားသမဂ္ဂကြီး နှစ်ခုရဲ့ ဆဲတာကို ခံရမှာမဟုတ်ပါဘူး။

ဒီလိုသာဆိုရင် လက်ဝဲရော၊ လက်ယာရော အားလုံးက ကျွန်တော့်ကို သဘောကျပြီး ထောက်ခံကြမှာပါ။

ဒီတစ်ကြိမ်လည်း အတူတူပါပဲ။ အဆောင်ဆောက်ဖို့ မလိုအပ်ဘဲ ဝင်ပါမိလို့ ဒေသခံတွေနဲ့ အာဏာရပါတီ ထောက်ခံသူတွေရဲ့ ဆဲတာကို ခံနေရပါတယ်။

ရှိနေတဲ့ သမဂ္ဂတွေရဲ့ ကန့်ကွက်မှုကြောင့် တစ်နှစ်ကို ဝမ် သန်း ၄၀ တန် အလုပ်အကိုင်တွေကို မဖန်တီးပေးနိုင်ခဲ့သလို တက္ကစီဒရိုင်ဘာတွေ ကန့်ကွက်လို့ ကားမျှဝေစီးတာ ကို အကောင်အထည် မဖော်နိုင်ခဲ့တဲ့အပြင် အခုကျတော့ စတူဒီယိုတိုက်ခန်းပိုင်ရှင်တွေ ကန့်ကွက်လို့ ကျောင်းသားတွေအတွက် အဆောင်တောင် မဆောက်ပေးနိုင်တော့ပါဘူး။

ရှိရင်းစွဲ အာဏာရှိသူတွေက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ကြိုးစားနေကြပြီး နိုင်ငံရေးသမားတွေက သူတို့ရဲ့ မဲအတွက် စိုးရိမ်နေကြတာကြောင့် လက်ရှိ အခြေအနေကိုပဲ မလှုတ်၊ မရှုတ်၊ မပြုတ်မူနဲ့ ထိန်းသိမ်းထားကြပါတယ်။

တစ်ကမ္ဘာလုံးကသာ လက်ရှိ အခြေအနေကို အတူတူ ထိန်းသိမ်းထားမယ်ဆိုရင် ဘာပြဿနာမှ မရှိဘူးလို့တောင် ထင်မိပါတယ်။

အပြင်က ကျူးကျော်မှုတွေသာ မရှိခဲ့ရင် ဂျိုဆွန်းမင်းဆက်က နောက်ထပ် နှစ်ပေါင်း ၅၀၀ လောက် ဆက်ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ ဂျိုဆွန်းက တံခါးပိတ်ဝါဒကို ကျင့်သုံးနေချိန်မှာ ဂျပန်က ခေတ်မီအောင် ပြောင်းလဲနေခဲ့တယ်။

မေဂျီ ပြုပြင်ပြောင်းလဲရေးပြီးလို့ ၁၀ နှစ်တောင်မပြည့်ခင်မှာ ဂျပန်က စစ်သင်္ဘောတွေကို ဦးဆောင်ပြီး ကျူးကျော်လာခဲ့တယ်။ ပြီးတော့ ရှုံးနိမ့်ခဲ့တဲ့ ဂျိုဆွန်းနဲ့ ဂန်ဟွာ စာချုပ်ကို ချုပ်ဆိုခဲ့တယ်။

ဂျိုဆွန်းသာ ၁၀ နှစ်လောက်ကြိုပြီး ပြောင်းလဲမှုကို ရှာဖွေခဲ့ရင် တိုင်းပြည်က ဒီလောက်အလွယ်တကူ ပျက်သုဉ်းသွားမယ် မထင်ပါဘူး။

အခုက "စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေး" ဆိုတဲ့ စကားလုံးကို သုံးရလောက်အောင် စက်မှုလုပ်ငန်းတွေ အလျင်အမြန် ပြောင်းလဲနေတဲ့ အချိန်ပါပဲ။ ပြောင်းလဲမှုရဲ့ စီးဆင်းမှုကို ခဏတာ နှောင့်နှေးအောင် လုပ်နိုင်ပေမယ့် ပြောင်းလဲမှု ကိုယ်တိုင်ကိုတော့ ဘယ်သူမှ တားဆီးလို့မရပါဘူး။

ကိုရီးယားက လက်ရှိ အခြေအနေကိုပဲ ဖက်တွယ်ထားဖို့ ကြိုးစားနေချိန်မှာ တခြားနိုင်ငံတွေကတော့ အရှိန်အဟုန်နဲ့ ပြောင်းလဲနေကြပါပြီ။ တက္ကစီဒရိုင်ဘာတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ ကားမျှဝေစီးတဲ့ ကိစ္စတစ်ခုထဲကို ကြည့်ရင်တောင် ဖွံ့ဖြိုးပြီးနိုင်ငံတွေက အခုဆို မောင်းသူမဲ့ကားတွေဆီကို ဦးတည်နေကြပါပြီ။

ဒါဆိုရင် တက္ကစီဒရိုင်ဘာတွေရဲ့ ဝမ်းရေးကို ကာကွယ်ဖို့အတွက် မောင်းသူမဲ့ကားတွေ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တားဆီးရမှာလား။

ဒါက အဝေးကြီးမှာ ရှိနေသေးတဲ့ ကိစ္စလို့ ထင်ရပေမယ့် အခုလက်ရှိ ဖြစ်ပျက်နေတာပါပဲ။ အလိုအလျောက် မောင်းနှင်စနစ်က အခုဆိုရင် စီးပွားဖြစ် ဖြစ်နေပြီဖြစ်ပြီး မောင်းသူမဲ့ ကုန်တင်ကားတွေကလည်း သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေအတိုင်း ကုန်စည်ပို့ဆောင်ရေးမှာ စတင်အသုံးပြုတော့မှာပါ။

ဒါပေမဲ့ ကိုရီးယားကတော့ ကားမျှဝေစီးတာနဲ့ ကားအတူစီးတာကို ခွင့်ပြုရမလား၊ မပြုရဘူးလားဆိုတာကို ငြင်းခုံနေတုန်းပါပဲ။

အဆဲခံရပြီး မဲရှုံးရင်တောင် ဒါက မှန်ကန်တဲ့အရာဖြစ်ပြီး လိုအပ်တယ်ဆိုရင် လုပ်ရမှာပါ။ ဒါပေမဲ့ အာဏာရပါတီဖြစ်ဖြစ်၊ အတိုက်အခံပါတီဖြစ်ဖြစ် နိုင်ငံရေးလောကကတော့ ပြည်သူတွေရဲ့ သဘောထားကိုပဲ ကြည့်ပြီး အရိပ်အကဲ ကြည့်နေကြပါတယ်။

တစ်ယောက်ယောက်က ဒီအခြေအနေကို ဖျက်ဆီးပစ်ရမယ်လေ။

ပြီးတော့ အဲဒါကို လုပ်နိုင်တဲ့ တစ်ဦးထဲသောလူက ကျွန်တော်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်က ရှိရင်းစွဲ လူမှုစနစ်ရဲ့ ချည်နှောင်မှုကို မခံထားရပါဘူး။ ပြီးတော့ အဆဲခံရတာကိုလည်း ကျင့်သားရနေပါပြီ။

ဒေသခံတွေ ကန့်ကွက်လို့ ကျောင်းသားတွေအတွက် အဆောင်တောင် မဆောက်ပေးနိုင်ရင် ဒီနိုင်ငံမှာ ဘာလုပ်လို့ရဦးမှာလဲ။

ကန်ဂျင်ဟူက ဆိုးလ်မြို့က ပါမစ် ထုတ်မပေးရင် စီမံခန့်ခွဲမှုဆိုင်ရာ တရားစွဲဆိုမှုကိုလုပ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့ ကြေညာလိုက်တယ်။ အခုဆိုရင် အဆောင်ကိစ္စက ဆိုးလ်မြို့တော်ဝန်နဲ့ ကန်ဂျင်ဟူတို့ကြားက အလုံးစုံ စစ်ပွဲတစ်ခုလို ဖြစ်လာခဲ့ပါပြီ။

OTK Company က ဆိုးလ်မှာရှိတဲ့ တက္ကသိုလ်တွေရဲ့ ကျောင်းသားသမဂ္ဂတွေဆီကို တရားဝင်စာတွေ ပေးပို့ခဲ့တယ်။ ဆိုးလ်မြို့ရဲ့ ပါမစ်ရတာနဲ့ ချက်ချင်း ဆောက်လုပ်ရေး စတင်မှာဖြစ်ပြီး တစ်နှစ်အတွင်း အပြီးသတ်မယ့် အစီအစဉ်နဲ့အတူ ဆောက်လုပ်မယ့် အဆောင်ရဲ့ ပုံစံတူ ဒီဇိုင်းတွေနဲ့ ကုန်ကျစရိတ်တွေကိုပါ ထည့်သွင်းဖော်ပြထားတယ်။ ကုန်ကျစရိတ်က ၄ ယောက်ခန်းအတွက် တစ်လကို ဝမ် ၁၅၀,၀၀၀ ဝန်းကျင်ပဲ ကျသင့်မှာပါ။ ကျောင်းပိတ်ရက်တွေမှာလည်း အခန်းတွေကို လွတ်လွတ်လပ်လပ် သုံးလို့ရပါတယ်။

ဒီလိုဖြစ်လာတော့ တက္ကသိုလ်ကျောင်းသားတွေက ထပြီး ဆန္ဒပြကြတော့တယ်။

ကျောင်းသားတွေက အဆောင်ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားကို အမြဲတမ်း ထုတ်ဖော်ပြောဆိုခဲ့ကြပေမယ့် ဘယ်သူမှ နားမထောင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မတူတော့ဘူးလေ။

ကျောင်းသားသမဂ္ဂတွေက စုပေါင်းတိုက်ပွဲဝင်မယ့်အကြောင်း ကြေညာခဲ့ကြတယ်။ ကျောင်းသားတွေက မြို့တော်ခန်းမရှေ့မှာ စုရုံးပြီး ဆန္ဒပြခဲ့ကြတယ်။

"အဆောင်ဆောက်လုပ်ခွင့်ကို အတည်ပြုပေးပါ"

"OTK Company က ဆောက်ပေးမယ်လို့ ပြောနေတာကို ဆိုးလ်မြို့က ဘာလို့ တားဆီးနေတာလဲ"

"ကျောင်းသားတွေက စတူဒီယိုတိုက်ခန်းပိုင်ရှင်တွေကို အိမ်လခပေးဖို့ သက်သက်ပဲ ရှိနေတာ မဟုတ်ဘူး"

"နောက်လာမယ့် ရွေးကောက်ပွဲမှာ အဆောင်ဆောက်လုပ်မှုကို ကန့်ကွက်တဲ့ ဆိုးလ်မြို့တော်ဝန် ဝမ်ဆန်းဟွန်းနဲ့ သက်ဆိုင်ရာ နိုင်ငံရေးသမားတွေကို ရှုံးနိမ့်အောင် လုပ်မယ့် လှုပ်ရှားမှုကို စတင်သွားမယ်"

မြို့တော်ဝန် ဝမ်ဆန်းဟွန်းက ကျောင်းသားတွေရဲ့ စုပေါင်းလှုပ်ရှားမှုကြောင့် တုန်လှုပ်သွားတယ်။ သူ ဦးတည်နေတာက သမ္မတရွေးကောက်ပွဲဖြစ်ပြီး ဒေသန္တရ ရွေးကောက်ပွဲတောင် မဟုတ်ပါဘူး။

ဒေသခံတွေရဲ့ မဲက ကျောင်းသားတွေရဲ့ မဲထက် ပိုများနိုင်ပေမယ့် တက္ကသိုလ် ၄၂ ခုက ကျောင်းသားတွေ အားလုံးပေါင်းလိုက်ရင်တော့ လျစ်လျူရှုလို့မရတဲ့ အရေအတွက်ပဲ ဖြစ်ပါတယ်။ သူက ကျောင်းသားတွေရဲ့ မဲတင်မကဘဲ သူတို့ မိသားစုတွေရဲ့ မဲကိုပါ ထည့်တွက်ရဦးမှာလေ။

'ကန်ဂျင်ဟူက ဘာလို့ ဒီလိုမျိုး ကိစ္စတွေကို ကြီးကျယ်အောင် လုပ်ရတာလဲ'

မြို့တော်ဝန် ဝမ်ဆန်းဟွန်းက သူ့ရဲ့ စကားအသွားအလာကို အနည်းငယ် ပြောင်းလဲလိုက်တယ်။

"ကျွန်တော့်စကားထဲမှာ နားလည်မှုလွဲတာတွေ ရှိခဲ့ပုံရပါတယ်။ အဆောင်ဆောက်လုပ်တာကို ခွင့်မပြုဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒေသခံတွေရဲ့ သဘောထားကို လုံလုံလောက်လောက် စုစည်းပြီး ဆွေးနွေးပွဲနဲ့ ဆက်သွယ်မှုတွေကတစ်ဆင့် အဆင်ပြေပြေ တိုးတက်သွားအောင် မြို့တော်ကနေ ပံ့ပိုးပေးမယ်လို့ ပြောတာပါ"

အဲဒီနောက်မှာ စတူဒီယိုတိုက်ခန်းပိုင်ရှင်တွေက ပြန်ပြီး အသံကျယ်လာကြတယ်။ တချို့ ကုန်သည်တွေကတော့ စီးပွားရေးဇုန် ပြန်လည်ဦးမော့လာမယ်လို့ မျှော်လင့်ပြီး ကြိုဆိုကြပေမယ့် သူတို့ရဲ့ အသံတွေက ကန့်ကွက်သူတွေရဲ့ အောက်မှာ ချက်ချင်း နစ်မြုပ်သွားခဲ့တယ်။

စတူဒီယိုတိုက်ခန်းပိုင်ရှင်တွေက အိမ်လခတွေ ကျသွားမှာနဲ့ အခန်းလွတ်တွေ ဖြစ်ကျန်ခဲ့မှာကို စိုးရိမ်ပြီး ကန့်ကွက်ကြပေမယ့် ဒေသခံတွေကတော့ တကယ့်ကို အကြောင်းပြချက်မျိုးစုံနဲ့ ကန့်ကွက်နေကြတာပါ။

ပတ်ဝန်းကျင် အခြေအနေ ပိုဆိုးလာမယ်၊ ကလေးတွေရဲ့ ပညာရေးကို ထိခိုက်မယ်၊ နေရောင်ခြည်ရရှိခွင့် ဆုံးရှုံးမယ်၊ အိမ်ဈေးတွေ ကျမယ်၊ ပညာရေးပတ်ဝန်းကျင် ပျက်စီးမယ်၊ တခြားအရာတစ်ခုခုကို ဆောက်စေချင်တယ်၊ ဒီအတိုင်းကို သဘောမကျတာ စသဖြင့်ပေါ့။

ဒေသခံ လူထုအသိုင်းအဝိုင်းထဲမှာ ထင်မြင်ချက်မျိုးစုံ တက်လာခဲ့တယ်။

– ငါတို့ ဆက်ပြီး ကန့်ကွက်နေရင် သူတို့တွေ ငါတို့ကို တစ်ခုခု ပေးမှာ မဟုတ်ဘူးလား။

– သေချာတာပေါ့။ ကန်ဂျင်ဟူမှာ ပိုက်ဆံအများကြီးရှိတာပဲလေ။

– သူ တကယ်ပဲ အဆောင်ဆောက်ချင်ရင် ဒေသခံတွေအတွက် အများသုံး အပန်းဖြေစရာ နေရာတွေပါ ဆောက်ပေးသင့်တယ်။

– ဟုတ်တယ်။ သူတို့က စိတ်အနှောင့်အယှက်ဖြစ်စရာ အဆောက်အဦးကို ဆောက်မှာဆိုတော့ ဒေသခံတွေ သုံးဖို့ ယဉ်ကျေးမှုစင်တာ ဒါမှမဟုတ် အားကစားစင်တာတွေကိုပါ ဆောက်ပေးရမယ်။

– လွှတ်တော်အမတ် မာဆန်းထယ် ပြောသလို ရပ်ကွက်ထဲမှာ ကိုရီးယား တိုင်းရင်းဆေးရုံပဲ ဆောက်ရင် ကောင်းမှာ။

– သူတို့မှာ ပိုက်ဆံတွေ အများကြီးရှိတာပဲလေ။ ဒီလောက်ကတော့ အလွယ်လေး လုပ်ပေးနိုင်ပါတယ်။

– ငိုတဲ့ကလေးပဲ နို့ပိုစို့ရတာမလား။ ပိုရဖို့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရမယ်။

– တခြားဒေသတွေကလည်း ကန့်ကွက်နေကြတာပဲ၊ ငါတို့လည်း အားတင်းပြီး အဆုံးထိ ကန့်ကွက်ကြစို့။

အဆောင်နဲ့ ပတ်သက်တဲ့ ပြဿနာက ပိုပြီး ကြီးထွားလာတဲ့အတွက် မြို့တော်ဝန် ဝမ်ဆန်းဟွန်းက သူ့ရဲ့ ရပ်တည်ချက်ကို ထပ်ပြီး ကြေညာခဲ့တယ်။

"ကျွန်တော်ကတော့ ဒီပြဿနာကို ဆွေးနွေးပွဲနဲ့ ဆက်သွယ်မှုကတစ်ဆင့် ဖြေရှင်းရမယ်လို့ ထင်ပါတယ်။ စီအီးအို ကန်ဂျင်ဟူကို လူထုစကားရည်လုပွဲ တစ်ခု လုပ်ဖို့ ကမ်းလှမ်းချင်ပါတယ်။ တစ်နေရာထဲမှာ ဆုံပြီး ဒေသခံတွေရဲ့ သဘောထားနဲ့ ကျောင်းသားတွေရဲ့ သဘောထားကိုပါ နားထောင်ကြည့်တာ ကောင်းမယ် မဟုတ်ဘူးလား"

တက်ဂယူက မေးတယ်။

"သူတို့က လူထုစကားရည်လုပွဲ လုပ်ဖို့ တောင်းဆိုနေတာနော်။ မင်း ဘာလုပ်မှာလဲ"

သူတို့တွေ ဒီဖဲချပ်ကို ရုတ်တရက် ထုတ်လာတာက ဆွေးနွေးပွဲကို ကျွန်တော် တက်မှာမဟုတ်ဘူးလို့ ထင်နေကြလို့ ဖြစ်ရမယ်။

အဆောင်ဆောက်လုပ်မှုကို ကန့်ကွက်တာက နေရာတိုင်းမှာ အတူတူပါပဲ။ အဲဒီအထဲမှာ ဆိုးလ်က ဆောက်မယ့်နေရာ အများဆုံးရှိပြီး ကန့်ကွက်မှုလည်း အများဆုံးပါ။

ဆိုးလ်မြို့ကသာ ခွင့်ပြုလိုက်ရင် တခြားဒေသတွေလည်း ခွင့်ပြုပေးဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူးလေ။

"ဘာလို့ မလုပ်ရမှာလဲ"

ကုမ္ပဏီရဲ့ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ကို ကျွန်တော် ညွှန်ကြားလိုက်တယ်။

"လူထုစကားရည်လုပွဲကို လက်ခံမယ်လို့ ပြောလိုက်ပါ။ ပြီးတော့ တုံ့ပြန်ချေပမယ့် အချက်တွေအားလုံးကို ပြုစုပြီး ကျွန်တော့်ဆီ ပို့ပေးပါ"

ကန်ဂျင်ဟူက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ရင်းနှီးမြှုပ်နှံသူပါ။

ဒါကြောင့် သူ့ရဲ့ လှုပ်ရှားမှုတွေက ပြည်ပမှာလည်း အမြဲတမ်း ရေပန်းစားတဲ့ အကြောင်းအရာ ဖြစ်နေတာပါ။ CNN၊ BBC၊ NHK နဲ့ တခြား မီဒီယာတွေကလည်း ဒီဖြစ်ရပ်ကို အကျယ်တဝံ့ ဖော်ပြခဲ့ကြတယ်။ အဆောင်ကို မဆောက်ဖို့ တောင်းဆိုနေတဲ့ ဒေသခံတွေရဲ့ ဆန္ဒပြမှုတွေနဲ့ အင်တာဗျူးတွေကိုလည်း ရှိတဲ့အတိုင်း ပြသခဲ့တယ်။

– အဲဒီမှာ ဘာတွေ ဖြစ်နေတာလဲ။

– တက္ကသိုလ်ကျောင်းသားတွေအတွက် အဆောင်ဆောက်တာကို အဲဒီလိုမျိုး ကန့်ကွက်နေကြတာလား။

– ငါ နားမလည်နိုင်ဘူး။ ဒါက ကျောင်းသားတွေရဲ့ အကျိုးအတွက်ဆိုရင် အစိုးရက ဝင်ပါပြီး ကူညီပေးသင့်တာ မဟုတ်ဘူးလား။

– စတူဒီယိုတိုက်ခန်းပိုင်ရှင်တွေက အိမ်လခတွေ ကျသွားမှာ စိုးရိမ်လို့ ဆန္ဒပြနေကြတာမလို့ ဆိုးလ်မြို့က ပါမစ် ထုတ်မပေးတာလို့ ကြားတယ်။

– ဟားဟား။ မဖြစ်နိုင်တာ။ နောက်နေတာလား။

– မင်းတို့က ကိုရီးယားကို အထင်သေးနေတာလား။ ကိုရီးယားမှာ ဒါမျိုးက ဖြစ်နိုင်တယ်လေ။

– ဝိုး။ အံ့သြစရာကောင်းတဲ့ ကိုရီးယားပဲ။

– အဲဒီလို တိုင်းပြည်မျိုးမှာ ဘာလို့ လူအများအကျိုးအတွက် လိုက်လုပ်ပေးနေရတာလဲ။ ငါသာ ကန်ဂျင်ဟူဆိုရင် မလုပ်တော့ဘူးလို့ပဲ ပြောလိုက်မယ်။

– ကန်ဂျင်ဟူသာ စိတ်ဆိုးပြီး ဂျာမနီကို ပြောင်းရွှေ့နေထိုင်သွားရင် ကောင်းမှာပဲ။ ဘာလင်မှာ အဆောင်ဆောက်ပေးမယ်လို့ ပြောရင် လူတိုင်းက ကြိုဆိုကြမှာ။

– မင်းရဲ့ ပိုက်ဆံတွေကို ယူပြီး ဩစတြေးလျကိုသာ ပြောင်းရွှေ့ခဲ့ပါ။

လူထုစကားရည်လုပွဲအပေါ် စိတ်ဝင်စားမှုကလည်း ပိုပြီး ကြီးထွားလာခဲ့တယ်။

လွှတ်တော် ကြားနာပွဲတုန်းက နိုင်ငံရေးသမားတွေကို ကန်ဂျင်ဟူ ဘယ်လို ပြန်လည်တုံ့ပြန်ခဲ့လဲဆိုတာကို တွေ့ခဲ့ရတဲ့ ပြည်သူတွေက တော်တော်လေး မျှော်လင့် စောင့်စားနေကြပြီး လူထုစကားရည်လုပွဲရဲ့ ကြည့်ရှုနှုန်းကလည်း အကြီးအကျယ် ထိုးတက်သွားမယ့် အရိပ်အယောင်တွေ ပြသနေခဲ့တယ်။

All Chapters