← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း (၂၈၉)

လူထုစကားရည်လုပွဲ ကျင်းပမယ့်ရက် သတ်မှတ်ပြီးသွားပါပြီ။

မြို့တော်ဝန် ဝမ်ဆန်းဟွန်းကတော့ တကယ့်ကို အကြပ်ရိုက်စရာ အနေအထားနဲ့ ရင်ဆိုင်နေရတယ်။

တကယ်တော့ ကန်ဂျင်ဟူ ဘက်ကကြည့်ရင် ဒီစကားရည်လုပွဲက ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ အဆုံးသတ်သွားပါစေ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး။ သူက အရင်ကတည်းက အဝေဖန်ခံနေရတာ ဖြစ်ပြီး အခြေအနေကောင်းရင် အဆောင်ဆောက်ရမယ်၊ အခြေအနေမကောင်းရင်လည်း အဆောင်မဆောက်ဘဲ နေလိုက်ရုံပဲလေ။

ဒါပေမဲ့ မြို့တော်ဝန် ဝမ်ဆန်းဟွန်းကတော့ အဲဒီလို မဟုတ်ပါဘူး။ မြို့တော်ဝန် သက်တမ်းကုန်လို့ နိုင်ငံရေးလောကကနေ အနားယူဖို့ မရည်ရွယ်ထားဘူးဆိုရင် နိုင်နိုင် ရှုံးရှုံး လူထုရဲ့ အမြင်ကို ဂရုစိုက်ရမှာပါပဲ။

သူနိုင်ရင် ကျောင်းသားတွေရဲ့ မဲ ဆုံးရှုံးရမှာဖြစ်ပြီး ရှုံးရင်တော့ ဒေသခံတွေရဲ့ မဲ ဆုံးရှုံးရမှာပါ။

'သူက တကယ်ပဲ စကားရည်လုပွဲကို လက်ခံလိမ့်မယ်လို့ မထင်ထားမိဘူး'

ဘယ်လို လုပ်ငန်းစုကြီးရဲ့ ပိုင်ရှင်ကမှ လူထုစကားရည်လုပွဲကို တက်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ငြင်းလိမ့်မယ်လို့ပဲ တွေးထားခဲ့တာ ဖြစ်ပေမဲ့ ကန်ဂျင်ဟူ က အရမ်းကို လွယ်လွယ်ကူကူပဲ လက်ခံခဲ့တယ်။

ဘာပဲဖြစ်ဖြစ် သူတို့ဘက်က အရင် ကမ်းလှမ်းခဲ့တာဖြစ်ပြီး အခုတော့ အခြေအနေက ပြောင်းလဲသွားပြီမလို့ မပါဝင်ဘဲ နေလို့မရတော့ပါဘူး။

သူက စကားရည်လုပွဲအတွက် အသေအချာ ပြင်ဆင်နေတုန်း နိုင်ငံရေးသစ်ပါတီရဲ့ လွှတ်တော်အမတ်စု ခေါင်းဆောင် ဂျန်ဟျွန်ဂျွန်က မြို့တော်ခန်းမကို ရောက်လာပြီး ပြောတယ်။

"သတိထားတာ ပိုကောင်းလိမ့်မယ်။ မြို့တော်ဝန်ကြီး။ ခင်ဗျားလည်း သိတဲ့အတိုင်း ကန်ဂျင်ဟူ နဲ့ ပတ်သက်မိတဲ့သူတွေထဲမှာ ကောင်းကောင်းမွန်မွန် အဆုံးသတ်သွားတဲ့သူ တစ်ယောက်မှ မရှိဘူး"

"……"

စကားရည်လုပွဲ မစခင်မှာ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်။

"မင်္ဂလာပါ။ မြို့တော်ဝန်"

မြို့တော်ဝန် ဝမ်ဆန်းဟွန်း က ကျွန်တော့်လက်ကို ဆွဲနှုတ်ဆက်ပြီး ပြုံးရင်း ပြောတယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ စီအီးအို ကန်။ ကျွန်တော်လည်း တွေ့ချင်နေတာ အခုမှပဲ ဆုံဖြစ်တော့တယ်။ ဒီနေ့ ကောင်းကောင်း ဆွေးနွေးကြတာပေါ့"

"ဒါပေါ့"

သူ့နှုတ်ခမ်းက ပြုံးနေပေမဲ့ မျက်နှာအမူအရာကတော့ သိပ်မကောင်းပါဘူး။ နားလည်ပေးဖို့ တောင်းပန်တဲ့ သဘောနဲ့ ကျွန်တော့်လက်ကို အသာအယာ ပုတ်တယ်။

စကားရည်လုပွဲရဲ့ အစီအစဉ်မှူးကတော့ နာမည်ကြီး သတင်းတင်ဆက်သူ ဆောင်ဆောက်ဟွန်း ဖြစ်ပါတယ်။ ကျွန်တော်တို့က အစီအစဉ်မှူးရဲ့ တစ်ဖက်တစ်ချက်စီမှာ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ပရိသတ်တွေက ဝိုင်းအုံကြည့်နေကြတယ်။

ပတ်ပတ်လည်မှာရှိတဲ့ ကင်မရာတွေက ကျွန်တော်တို့ရဲ့ ပုံရိပ်တွေကို ရိုက်ကူးနေကြတာပါ။ ဒါကို ရုပ်သံလိုင်းတွေတင်မကဘဲ Atubeလို ဗီဒီယိုဝက်ဘ်ဆိုက်တွေကနေပါ တိုက်ရိုက်ထုတ်လွှင့်နေတာမလို့ နိုင်ငံရပ်ခြားက လူတွေလည်း ကြည့်ရှုနိုင်ပါတယ်။ စိတ်ဝင်စားမှု မြင့်တက်နေတာမလို့ တချို့ဝက်ဘ်ဆိုက်တွေမှာ စာတန်းထိုး ဒါမှမဟုတ် တိုက်ရိုက်ဘာသာပြန်ဆိုချက်တွေပါ ထည့်သွင်း ပေးထားပါတယ်။

ကျွန်တော့်အမြင်ပြောရရင် ဒီလိုအကြောင်းအရာမျိုးနဲ့ စကားရည်လုပွဲ လုပ်နေရတာကိုက နိုင်ငံတကာအလယ်မှာ အရှက်ခွဲနေသလိုပါပဲ။

အစီအစဉ်မှူး ဆောင်ဆောက်ဟွန်း က စကားရည်လုပွဲရဲ့ ခေါင်းစဉ်နဲ့ ထောက်ခံတဲ့အချက်၊ ကန့်ကွက်တဲ့အချက်တွေကို အရင်ဆုံး မိတ်ဆက်ပေးပြီးတဲ့နောက် စကားရည်လုပွဲ စတင်ခဲ့တယ်။

မြို့တော်ဝန် ဝမ်ဆန်းဟွန်း က အရင်ဆုံး စကားစပြောတယ်။

"စကားရည်လုပွဲ မစခင်မှာ ကျွန်တော် ပြောချင်တာက ကျွန်တော်က အဆောင်ဆောက်လုပ်ရေးကို လုံးဝကန့်ကွက်နေတာ မဟုတ်ပါဘူး။ အဆောင်ကိစ္စက အရမ်းကို ထိခိုက်လွယ်တဲ့ ကိစ္စတစ်ခုပါ။ အဲဒါကြောင့် ဒေသခံပြည်သူတွေရဲ့ သဘောထားကို ရယူပြီး အချိန်အခါနဲ့ ပမာဏကို ညှိနှိုင်းဖို့ လိုအပ်တယ်လို့ ပြောချင်တာပါ။ စီအီးအို ကန်ဂျင်ဟူ လည်း ဒီအချက်ကို သဘောတူလိမ့်မယ်လို့ ယုံကြည်ပါတယ်"

ကျွန်တော် ခေါင်းခါလိုက်တယ်။

"မဟုတ်ဘူး။ ကျွန်တော် လုံးဝသဘောမတူဘူး။ အဆောင်ဆောက်တဲ့အခါ ကျောင်းသားတွေရဲ့ သဘောထားကိုပဲ ရယူရမှာပေါ့၊ ဘာလို့ ဒေသခံတွေရဲ့ သဘောထားကို ရယူရမှာလဲ"

မြို့တော်ဝန် ဝမ်ဆန်းဟွန်း က အနည်းငယ် လန့်သွားပေမဲ့ တည်တည်ငြိမ်ငြိမ်ပဲ ဆက်ပြောတယ်။

"ဆိုးလ်မြို့ အုပ်ချုပ်ရေးမှာ အိမ်ရာပြဿနာက အရမ်းထိခိုက် လွယ်ပါတယ်။ လူဦးရေသိပ်သည်းဆ မြင့်မားပြီး သွားလာရခက်ခဲတဲ့ အခြေအနေမှာ အကြီးစားအဆောင်ဆောက်လုပ်ရေးကို ချက်ချင်းခွင့်ပြုဖို့ ခက်ခဲပါတယ်။ ဆိုးလ်မြို့ကိုယ်တိုင်လည်း လူငယ်အိမ်ရာပံ့ပိုးမှုကို တိုးမြှင့်ဖို့ စီစဉ်နေတာမလို့ ရုတ်တရက် ကြေညာချက်တွေကြောင့် ဒေသခံတွေ၊ ကျောင်းသားတွေနဲ့ အုပ်ချုပ်ရေးပိုင်းကြားမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာရင် အားလုံး ဒုက္ခရောက်ကုန်ကြမှာ မဟုတ်ဘူးလား။ ပြီးတော့ အဆောင်တွေ ပေါ်လာလို့ အိမ်ပိုင်ရှင်တွေ ထိခိုက်နစ်နာရမှာကိုလည်း ထည့်သွင်းစဉ်းစားပေးသင့်တာ မဟုတ်ဘူးလား"

"ဒါဆိုရင် တစ်ယောက်ယောက်က တစ်ဦးကို ဝမ်တစ်သောင်းတန် စားသောက်ဆိုင် ဘေးမှာ ဝမ်ငါးထောင်တန် စားသောက်ဆိုင် လာဖွင့်မယ်ဆိုရင် လက်ရှိကုန်သည်တွေ နစ်နာမှာ စိုးလို့ အဲဒီဆိုင် ဖွင့်ခွင့်ကို တားမြစ်ရမှာလား"

"အဲဒါက မတူဘူးလေ။ ဒါပေမဲ့ လုပ်ငန်းစုကြီးတစ်ခုက စားသောက်ဆိုင်တန်း အလယ်မှာ ဘူဖေးဆိုင် လာဖွင့်ပြီး လူတွေကို အလကား ဒါမှမဟုတ် ဝမ်တစ်ထောင်တည်းနဲ့ ကျွေးမယ်ဆိုရင် အဲဒါက လက်ရှိဆိုင်တွေကို ပိတ်ခိုင်းတာနဲ့ အတူတူပဲပေါ့။ အိမ်ပိုင်ရှင်တွေကလည်း နိုင်ငံသားတွေပါပဲ။ ကိုယ်ပိုင်တဲ့ အဆောက်အဦးကို ငှားစားပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့သူတွေ ရှိနေတာမလို့ သူတို့အတွက်လည်း အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အစီအမံတွေ ချမှတ်ပေးရမှာ မဟုတ်ဘူးလား"

ကျွန်တော် သူ့စကားကို ပြန်ချေပလိုက်တယ်။

"တက္ကသိုလ်ကျောင်းသားတွေကလည်း နိုင်ငံသားတွေပဲ။ တက္ကသိုလ်ကျောင်းသားတွေအတွက် အိမ်ရာအစီအမံတွေ ချမှတ်ပေးရမှာ မဟုတ်ဘူးလား။ စတူဒီယို အခန်းတွဲ အဆောက်အဦးတစ်ခုက အနည်းဆုံး ဝမ်သန်းတစ်ထောင်ကျော် ကုန်ကျပြီး ဆောက်ရတာလေ။ အခန်းပိုင်ရှင်တွေက ပိုက်ဆံရှိမှသာ ဆောက်နိုင်တာမျိုးပေါ့။ ဒါကြောင့် ကျောင်းသားနဲ့အခန်းပိုင်ရှင်မှာ ဘယ်သူ့ရဲ့ အသက်မွေးဝမ်းကျောင်းမှုက ပိုပြီး ခက်ခဲနေတာလို့ထင်လဲ"

မြို့တော်ဝန် ဝမ်ဆန်းဟွန်း က ကျွန်တော့်စကားကို ထပ်ပြီး တုံ့ပြန်တယ်။

"ဒီကိစ္စက ရေရှည်အမြင်နဲ့ အသေအချာ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ချမ်းသာတဲ့ အိမ်ပိုင်ရှင်တွေ ရှိနိုင်သလို၊ ချေးငွေတွေ ပြန်ဆပ်ပြီး အာမခံကြေးတွေ ပြန်ပေးပြီးတဲ့နောက် လမ်းဘေးရောက်သွားမယ့် သူတွေလည်း ရှိနိုင်တာ မဟုတ်ဘူးလား"

"တက္ကသိုလ်ကျောင်းသားတွေက အခုတောင် လမ်းဘေး ရောက်နေကြပြီ။ သူတို့က လမ်းဘေးမရောက်ရုံတမယ် စာကျက်ခန်းတွေ ဒါမှမဟုတ် မြေအောက်ခန်းတွေမှာ လူအများကြီး စုပြုံပြီး နေထိုင်နေကြရတယ်"

"အဲဒါကြောင့်ပဲ ဒီပြဿနာတွေကို ဆွေးနွေးညှိနှိုင်းမှုတွေကနေ တစ်ဆင့်ချင်း ဖြေရှင်းရမယ်လို့ ပြောနေတာပေါ့။ ကျွန်တော် စီအီးအို ကန်ဂျင်ဟူ ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး လူမှုရေးဆိုင်ရာ သဘောတူညီမှု အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းဖို့ ကမ်းလှမ်းချင်ပါတယ်"

ဘာတွေလဲဟ။ ဘာလို့ ဒီကိစ္စအတွက် လူမှုရေးဆိုင်ရာ သဘောတူညီမှု အဖွဲ့အစည်း ဖွဲ့စည်းနေရဦးမှာလဲ။

"ဆွေးနွေးညှိနှိုင်းမှုတွေက အဆင်မပြေလို့ပဲ အခြေအနေက ဒီအထိ ရောက်လာတာ မဟုတ်ဘူးလား။ ကျောင်းသားတွေ ပေးထားတဲ့ ကျောင်းလခတွေကို သုံးပြီး ကျောင်းသားတွေ နေဖို့ အဆောင်ဆောက်ဖို့ ကြိုးစားတိုင်း ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ရပြီး မဆောက်နိုင်ခဲ့ကြတာ မဟုတ်ဘူးလား။ အခု ကျွန်တော် ဆောက်မယ်လို့ ပြောတော့လည်း မရဘူးလို့ ပြောနေကြတယ်။ တက္ကသိုလ်တွေ ရှိလို့သာ ပတ်ပတ်လည်မှာ အငှားလုပ်ငန်းတွေ ရှိနေတာနော်။ အငှားလုပ်ငန်းတွေ ရှိလို့ တက္ကသိုလ်တွေ လာတည်ထောင်ခဲ့တာ မဟုတ်ဘူး။ စတူဒီယို အခန်းပိုင်ရှင်တွေရဲ့ အကျိုးအမြတ်အတွက် ကျောင်းသားအဆောင် မဆောက်သင့်ဘူးလို့ ပြောတာက အဓိပ္ပာယ်ရှိလို့လား"

"မဆောက်ပါနဲ့လို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း တက္ကသိုလ်တက်ခဲ့ဖူးပြီး ဆိုးလ်မြို့တော်ဝန် အနေနဲ့လည်း လူငယ်တွေအတွက် သက်သာချောင်ချိရေး လုပ်ငန်းမျိုးစုံကို လုပ်ဆောင်ပေးနေပါတယ်။ ယိုဖိတ်နေတဲ့ ဘတ်ဂျက်တွေကို စုဆောင်းပြီး ဝင်ငွေနည်းတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ပညာသင်ဆု စနစ်ကို တည်ထောင်ပေးခဲ့သလို၊ လူငယ်ထောက်ပံ့ကြေးနဲ့ လူငယ်စုငွေစာရင်းတွေကနေတစ်ဆင့် လူငယ်တွေ အလုပ်အကိုင်ရရှိပြီး တည်ငြိမ်တဲ့ ဘဝတွေကို တည်ဆောက်နိုင်အောင် ကူညီပေးနေပါတယ်။ ပြီးတော့ လူငယ်ရန်ပုံငွေကို တည်ထောင်ပြီး ကျွန်တော်တို့ လူငယ်တွေ စီးပွားရေးအသစ်တွေ စတင်နိုင်အောင်လည်း ကူညီပေးနေပါတယ်……"

သူ့စကားတွေ ရှည်လျားလာတာကြောင့် အစီအစဉ်မှူးက ကြားဖြတ်ဝင်ပြောတယ်။

"မြို့တော်ဝန်။ ဒါက အဆောင်ကိစ္စနဲ့ ပတ်သက်ပြီး စကားရည်လုရမယ့်နေရာမလို့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေကိုတော့ ရှောင်ကြဉ်ပေးပါ"

"နားလည်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က လူငယ်တွေအတွက် မြို့တော်အုပ်ချုပ်ရေးကို လုပ်ဆောင်ပေးနေတာဖြစ်ပြီး ဒီအဆောင်ကိစ္စနဲ့ ပတ်သက်လို့ လူငယ်တွေရဲ့ အခက်အခဲကိုလည်း စာနာမိကြောင်း ပြောချင်တာပါ"

"စာနာတယ်လည်း ပြောသေးတယ်၊ ဘာလို့ ဆောက်ခွင့်ကို ပိတ်ပင်နေတာလဲ"

"ပိတ်ပင်နေတာ မဟုတ်ပါဘူး။ အရင်ဆုံး လူမှုရေးဆိုင်ရာ သဘောတူညီမှု အဖွဲ့အစည်းကို ဖွဲ့စည်းပြီး အမျိုးသားအဆင့် ညှိနှိုင်းမှုတစ်ခု ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြောတာပါ"

"……"

သူ ဘာတွေ လျှောက်ပြောနေတာလဲ။ ကျွန်တော်တစ်ယောက်ထဲပဲ နားမလည်တာလား။

"ပြဿနာက ကန့်ကွက်နေတဲ့ ဒေသခံတွေ မဟုတ်ဘူး။ မဲ ကိုပဲ ကြည့်ပြီး အဲဒီရေစီးကြောင်းနောက်ကို လိုက်နေတဲ့ နိုင်ငံရေးသမားတွေပဲ။ ရွေးကောက်ပွဲမှာ မဲရဖို့အတွက်နဲ့ ကျောင်းသားအဆောင် ဆောက်လုပ်ရေးကို ကန့်ကွက်တာက အဓိပ္ပာယ်ရှိလို့လား"

ကျွန်တော်က ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်တာကြောင့် မြို့တော်ဝန် ဝမ်ဆန်းဟွန်း က ဒေါသသံနဲ့ ပြောတယ်။

"မင်းစကားတွေက အရမ်းကြမ်းတမ်းလွန်းတယ်။ ဆောက်လုပ်ခွင့်က မြို့တော်ရဲ့ လုပ်ပိုင်ခွင့်အောက်မှာ ရှိတာ။ မတရားဘူးလို့ ထင်ရင် တရားစွဲပြီး ဖြေရှင်းလို့ရတဲ့ နည်းလမ်းလည်း ရှိတာပဲ"

"အဲဒါကို ကျွန်တော်လည်း သိပါတယ်။ လက်ရှိမှာ ဟွန်ဟုန်းတက္ကသိုလ်နဲ့ ချောင်ချွန်တက္ကသိုလ်တို့က အဆောင်ကိစ္စနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးဆိုင်ရာ တရားရင်ဆိုင်နေကြတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ် ပြီးဆုံးဖို့ ဘယ်နှစ်နှစ်လောက် ကြာမယ်လို့ ထင်လဲ။ မြို့တော်ဝန်တွေ၊ ခရိုင်မှူးတွေနဲ့ ဒေသခံကောင်စီဝင်တွေကတော့ သူတို့သက်တမ်း ကုန်သွားရင် ဘာဖြစ်ဖြစ် ဂရုမစိုက်ကြဘူးလို့ လုပ်လို့ရလောက်ပေမဲ့ လက်ရှိ စာကျက်ခန်းတွေနဲ့ မြေအောက်ခန်းတွေမှာ လှည့်လည်နေထိုင်နေရတဲ့ ကျောင်းသားတွေကကော ဘာဖြစ်သွားမလဲ"

အစီအစဉ်မှူး ဆောင်ဆောက်ဟွန်း က ပြောတယ်။

"နှစ်ယောက်စလုံး စိတ်အေးအေးထားကြပါ။ စကားရည်လုပွဲကို ခဏလောက် ရပ်နားပြီး အခုကစပြီး ပရိသတ်တွေနဲ့ မေးမြန်းဖြေကြားတဲ့ အစီအစဉ်ကို လုပ်သွားပါမယ်"

တက္ကသိုလ်ကျောင်းသားတွေက မြို့တော်ဝန် ဝမ်ဆန်းဟွန်း ကို မေးခွန်းထုတ်ကြတယ်။

"ကျွန်တော်က ဟွန်ဟုန်းတက္ကသိုလ်က တတိယနှစ်ကျောင်းသား ကင်ဖီဆန်းပါ။ ဒီဓာတ်ပုံက ကျွန်တော် လက်ရှိနေထိုင်နေတဲ့ စတူဒီယို အခန်းပါ။ ရေငွေ့ပြန်တာကြောင့် နံရံတစ်ခုလုံးမှာ မှိုမည်းတွေ တက်နေပါတယ်။ ဒီလိုနေရာမျိုးရဲ့ လစဉ်အိမ်လခက ဘယ်လောက်လဲဆိုတာ သိလား။ အာမခံကြေး ဝမ်ငါးသန်းနဲ့ စီမံခန့်ခွဲမှုစရိတ် အပါအဝင် ဝမ်ခြောက်သိန်းပါ။ အဆောင်ရတဲ့ တခြားသူငယ်ချင်းကျောင်းသားကတော့ ဝမ်သုံးသိန်းထဲနဲ့ ကျွန်တော့်ထက် ပိုကောင်းတဲ့နေရာမှာ နေရတယ်"

" တက္ကသိုလ်ကျောင်းသားတွေ ဘယ်လောက် ခက်ခဲနေလဲဆိုတာ ကျွန်တော်တို့ အသေအချာ သိပါတယ်။ လူတိုင်းရဲ့ သဘောထားကို စုစည်းပြီး အဲဒီအပိုင်းတွေကို ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် ဖြေရှင်းပေးနိုင်အောင် လုပ်ဆောင်သွားပါမယ်"

"ကျွန်တော်က ဆောင်ရတ်တက္ကသိုလ်က ပထမနှစ်ကျောင်းသား မင်ဂျီယွန်ပါ။ ရေနွေးငွေ့စနစ်က ကောင်းကောင်း အလုပ်မလုပ်ပါဘူး။ ပြတင်းပေါက် သော့ခလောက်ကလည်း ပျက်နေပါတယ်။ အိမ်ပိုင်ရှင်ကို ပြင်ပေးဖို့ ပြောတိုင်း ကျွန်တော်က ကျောင်းသားအရွယ်ပဲ ရှိသေးတော့ လျစ်လျူရှုထားကြတယ်"

"မင်းတို့ တက္ကသိုလ်ကျောင်းသားလေးတွေ တကယ်ပဲ အခက်အခဲဖြစ်ခဲ့ရတာပဲ။ ခရိုင်ရုံး၊ ရပ်ကွက်ရုံးတွေနဲ့ ဆွေးနွေးပြီး အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ပေးပါ့မယ်"

တက္ကသိုလ်ကျောင်းသားတွေက သူတို့ရဲ့ အိမ်ရာအခက်အခဲနဲ့ အဆောင်လိုအပ်ချက်တွေကို ပြောပြကြပေမဲ့ မြို့တော်ဝန် ဝမ်ဆန်းဟွန်း ကတော့ ဝေဝါးဝါးပဲ ပြန်ဖြေပြီး လှည့်ပတ်ရှောင်ကွင်းသွားခဲ့တယ်။

ဒီတစ်ခါတော့ ကျွန်တော့်အလှည့် ရောက်လာပါပြီ။

သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က မိုက်ကရိုဖုန်းကို ကိုင်ပြီး ပြောတယ်။

"ကျွန်မက ဆိုဒယ်မွန်ခရိုင်က ကင်ဆွတ်ဂျာပါ။ အဆောင်ဆောက်တာကို လုံးဝကန့်ကွက်ပါတယ်။ ကျွန်မကလေးက အခု မူလတန်းကျောင်းတက်နေတာပါ။ အဆောင်ဆောက်မယ့် မြေကွက်အရှေ့မှာ မူလတန်းကျောင်း ရှိပါတယ်။ အဲဒီမှာ အဆောင်ဆောက်ဖို့ လုပ်ငန်းတွေ လုပ်ရင် ကလေးတွေရဲ့ ဘေးကင်းရေးအတွက် ကြီးမားတဲ့ ပြဿနာ မဖြစ်လာနိုင်ဘူးလား"

ကျွန်တော် ခေါင်းစောင်းပြီး စဉ်းစားလိုက်တယ်။

"ကျွန်တော် ခင်ဗျားစကားကို သိပ်နားမလည်လို့ပါ။ အဲဒီမှာ ဆောက်လုပ်ရေးလုပ်ရင် ကလေးတွေ ထိခိုက်ဒဏ်ရာရမယ့် အန္တရာယ် ရှိနိုင်တယ်လို့ ပြောချင်တာလား"

"ဒါပေါ့။ မူလတန်းကျောင်းသားတွေက ကျောင်းတက် ကျောင်းဆင်းချိန် အဲဒီနားက ဖြတ်သွားကြရတာလေ။ ဘယ်လောက် အန္တရာယ်များလိုက်မလဲ။ ပြီးတော့ ဖုန်တွေလည်း အများကြီး ထွက်မှာပဲ"

"ဒါဆိုရင် ကျွန်တော်က အဆောင်ဆောက်လုပ်ရေးကို လက်လျှော့လိုက်ပြီး အဲဒီမြေကွက်ပေါ်မှာ ဒေသခံတွေ အလကား သုံးနိုင်မယ့် ယဉ်ကျေးမှုစင်တာနဲ့ အားကစားစင်တာ လာဆောက်ပေးမယ်ဆိုရင်လည်း ကလေးတွေ ကျောင်းတက်ကျောင်းဆင်း ဘေးကင်းရေးကို ထိခိုက်နိုင်လို့ ဆောက်လုပ်ရေး မလုပ်ရဘူးပေါ့ ဟုတ်လား"

"အာ… မဟုတ်ပါဘူး။ အဲဒါကတော့ အဆင်ပြေပါတယ်……"

ပြောနေတာတွေက ရှေ့နောက်မညီမှန်း သိသွားလို့ထင်တယ်။ ဘေးက သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က မိုက်ကရိုဖုန်းကို လုယူပြီး ပြောတယ်။

"ကျွန်မက ဂန်ဘတ်ခရိုင်က ဆူအေးရဲ့ အမေ ချာဆိုဟျွန်းပါ။ ကျွန်မကလေးကလည်း မူလတန်းကျောင်းသားပါပဲ။ တက္ကသိုလ်ကျောင်းသားတွေက အဆောင်ပတ်ပတ်လည်က လူအများရှေ့ ရိုမန်တစ်ဆန်တာတွေ လုပ်နေရင် ပညာရေးအတွက် မကောင်းသလို ကြည့်ရတာလည်း နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်"

"မူလတန်းကျောင်းသားတွေ ဆူဆူညံညံနဲ့ လျှောက်သွားနေတာ ကလည်း တက္ကသိုလ်ကျောင်းသားတွေရဲ့ ပညာရေးအတွက် မကောင်းသလို ကြည့်ရတာ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်"

"ဘာ… ဘာပြောလိုက်တယ်"

ကျွန်တော်က အချက်အလက်တွေကို ကြည့်ရင်း ပြောလိုက်တယ်။

"အဲဒီနေရာအနီးတစ်ဝိုက်မှာ မိုတယ် ဘယ်နှစ်ခုရှိလဲဆိုတာ သိလား။ မီတာ ၅၀၀ အကွာအဝေးအတွင်းမှာတင် ခြောက်ခုရှိတယ်။ လူအများရှေ့ ရိုမန်တစ်ဆန်တာတွေက မူလတန်းကျောင်းသားတွေရဲ့ ပညာရေးကို ထိခိုက်မှာ စိုးရိမ်တယ်ဆိုရင် ပတ်ပတ်လည်မှာရှိတဲ့ မိုတယ်တွေကို အရင်ဆုံး အကုန်ပိတ်ပစ်ရမှာ မဟုတ်ဘူးလား။ မိုတယ်တွေကျတော့ ရပြီး အဆောင်ကျတော့ မရဘူးလို့ ပြောချင်တာတော့ မဟုတ်ပါဘူးနော်။ ဒါဆို ကျွန်တော်က ဒီမြေကွက်ပေါ်မှာ မိုတယ်ဆောက်မယ်ဆိုရင်ကော ခင်ဗျားတို့ ကန့်ကွက်မှာလား"

"ကျောင်းသားတွေက အရှေ့မှာ ဆေးလိပ်သောက်ရင် ကျွန်မတို့ ကလေးတွေရဲ့ ကျန်းမာရေးကိုကော ဘယ်လိုလုပ်ပေးမှာလဲ"

ကျွန်တော် တကယ့်ကို အံ့ဩသွားရတယ်။ နားထောင်နေတဲ့သူတွေဆိုရင် လမ်းပေါ်မှာ ဆေးလိပ်နံ့ ရလိုက်တာနဲ့ အဆုတ်ကင်ဆာ ချက်ချင်းဖြစ်သွားတော့မလို ထင်မိလောက်ပါတယ်။

"အဲဒီနေရာက မူလကတည်းက တက္ကသိုလ်ဝန်းကျင် မဟုတ်ဘူးလား။ စတူဒီယို အခန်းတွဲကြီးက အရင်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး အဲဒီမှာ နေထိုင်တဲ့ ကျောင်းသားတွေလည်း ဆေးလိပ်သောက်ခဲ့ကြမှာပဲလေ။ အဲဒီအချိန်တွေတုန်းကကျတော့ ကလေးတွေရဲ့ ကျန်းမာရေးကို ပစ်ပယ်ထားခဲ့တာလား"

"အဲ… အဲဒါကတော့……"

"ကလေးတွေရဲ့ ကျန်းမာရေးအတွက်ဆိုရင် အဲဒီစတူဒီယို အခန်းတွဲကြီးကို လုံးဝဖျက်ဆီးပစ်ပြီး တက္ကသိုလ်ကျောင်းသားတွေကို တခြားနေရာကို မောင်းထုတ်ပစ်ရမှာပေါ့"

ကျွန်တော် မြို့တော်ဝန် ဝမ်ဆန်းဟွန်း ကို ကြည့်ပြီး ပြောလိုက်တယ်။

"မြို့တော်ဝန်ကော ဘယ်လိုထင်လဲ။ ပြည်သူတစ်ယောက်က ကလေးတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေတာမလို့ မူလတန်းကျောင်းပတ်ပတ်လည်မှာရှိတဲ့ စတူဒီယို အခန်းတွဲတွေကို အကုန်ဖျက်ဆီးပစ်ဖို့လိုနေပြီထင်တယ်။ ဖျက်ဆီးပစ်ဖို့ အစီအစဉ် ရှိလား"

"အဲဒါကတော့ အရမ်းလွန်ကဲတဲ့ အမြင်ပါပဲ။ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် ဖြေရှင်းရပါမယ်"

"……"

လာပြန်ပြီ။ သောက်ကျိုးနည်း ဆွေးနွေးညှိနှိုင်းမှု။ ဒီအတိုင်းဆိုရင် သူတစ်ပါးရဲ့ ဘိုးဘွားကန်တော့ပွဲမှာ သစ်တော်သီး တင်ရမလား၊ တည်သီး တင်ရမလားဆိုတာကိုပါ လူမှုရေးဆိုင်ရာ သဘောတူညီမှု အဖွဲ့အစည်း ဖွဲ့စည်းပြီး အမျိုးသားအဆင့် ညှိနှိုင်းမှု လုပ်ချင်နေဦးမှာပဲ။

"ကျွန်မက မာပိုခရိုင်က ချွိုင်းမားဂျားပါ။ ကျွန်မတို့ ဒေသခံတွေက အဆောင်ဆောက်တာကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဆောင်ဆောက်မယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် အဆင်ပြေစေမယ့် အသုံးအဆောင် အဆောက်အဦးတွေကိုလည်း ရင်းနှီးမြှုပ်နှံပေးသင့်တယ်လေ။ ဘာမှမပေးဘဲ အဆောင်ပဲ ဆောက်မယ်ဆိုရင် ဒေသခံတွေက ဘာဖြစ်သွားမလဲ"

အတူထိုင်နေတဲ့ လူတွေကလည်း ထောက်ခံတဲ့သဘောနဲ့ ခေါင်းညိတ်ကြတယ်။

ဒါကမှ လူတိုင်းရဲ့ တကယ့်ဆန္ဒအမှန် ဖြစ်မယ်ထင်တယ်။ သူတို့က ကန့်ကွက်နေရင် တစ်ခုခု ရနိုင်ကောင်းရနိုင်လောက်တယ်လို့ တွေးနေကြတာပါ။

ကျွန်တော် ပြတ်ပြတ်သားသား ပြောလိုက်တယ်။

"နောက်နောင် မလိုအပ်တဲ့ မျှော်လင့်ချက်တွေ မထားနိုင်အောင် ကျွန်တော် ဒီနေရာမှာပဲ ရှင်းရှင်းလင်းလင်း ပြောလိုက်ပါ့မယ်။ ကျွန်တော် အဆောင်မဆောက်ရင် မဆောက်ဘဲ နေလိုက်မယ်။ ဒါပေမဲ့ အဲဒီဒေသအတွက် ဘာအကျိုးခံစားခွင့်မှ ပေးဖို့ အစီအစဉ်မရှိဘူး"

ကျွန်တော့်စကားကြောင့် သူက ဒေါသတကြီးနဲ့ အော်ဟစ်ပြောဆိုတယ်။

"ဘာပြောလိုက်တယ်။ ဒေသခံတွေကို စိတ်အနှောင့်အယှက် ဖြစ်စေမယ့် အဆောက်အဦးကိုပဲ ဒီအတိုင်း အောင့်အည်းပြီး လက်ခံခိုင်းနေတာလား။ ဒါဆိုရင် ကျွန်မတို့ အမျိုးသမီးအသင်းက အဆုံးအထိ ကန့်ကွက်သွားမယ်"

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

"ဟုတ်ကဲ့။ အဆုံးအထိ ကန့်ကွက်လိုက်ပါ"

"……"

အစီအစဉ်မှူး ဆောင်ဆောက်ဟွန်း က ပြောတယ်။

"ဒီစကားရည်လုပွဲရဲ့ အဓိက အငြင်းပွားဖွယ် အချက်တစ်ခုက တက္ကသိုလ်ကျောင်းသားတွေရဲ့ နေထိုင်ခွင့် အခွင့်အရေးနဲ့ အိမ်ပိုင်ရှင်တွေရဲ့ အသက်မွေးဝမ်းကျောင်းမှု အခွင့်အရေး ဖြစ်ပါတယ်။ တက္ကသိုလ်ဝန်းကျင်မှာ အငှားလုပ်ငန်း လုပ်ကိုင်နေကြတဲ့သူတွေရဲ့ အမြင်ကို နားထောင်ကြည့်ကြရအောင်"

သက်ကြီးရွယ်အိုတချို့က တစ်ဖက်မှာ ထိုင်နေကြတာပါ။ သူတို့ထဲက အဖိုးအိုတစ်ယောက်က မိုက်ကရိုဖုန်းကို ကိုင်ပြီး ပြောတယ်။

"ကျွန်တော်က ဆီဟန်တက္ကသိုလ်အရှေ့မှာ အငှားလုပ်ငန်း လုပ်ကိုင်နေတဲ့ ပတ်ချောသူပါ။ ပြီးတော့ ကျွန်တော်က လက်ရှိ 'ဆိုးလ် စတူဒီယို အခန်းတွဲ အငှားလုပ်ငန်းရှင်များ အသင်း ကော်မတီ' ရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားပါတယ်"

တောင်ကိုရီးယားမှာ အဖွဲ့အစည်းတွေ ဘယ်နှစ်ခုတောင် ရှိနေတာလဲ။

အဖိုးအိုက ကျယ်လောင်တဲ့အသံနဲ့ ပြောတယ်။

"လုပ်ငန်းစုကြီးတစ်ခုက အဆောင်လိုမျိုးကို ဆောက်လိုက်ရင် အခန်းငှားပြီး အသက်မွေးနေရတဲ့ ကျွန်တော်တို့လို လူအိုတွေကို သေခိုင်းတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ အသက်မွေးဝမ်းကျောင်းမှုကို ကာကွယ်ဖို့အတွက် မြို့တော်က အဆောင်ဆောက်ခွင့်ကို လုံးဝ ခွင့်မပြုသင့်ပါဘူး"

"ဒါဆိုရင် အဆောက်အဦး ဆောက်တာက ပြဿနာမဟုတ်ဘူး။ ဆောက်ထားတဲ့အဆောက်အဦးကို အဆောင်အဖြစ် သုံးပြီး ကျောင်းသားတွေကို ဈေးပေါပေါနဲ့ ငှားတာကို ခွင့်မပြုနိုင်ဘူး။ အဲဒီလို ပြောချင်တာလား"

"ဟုတ်တယ်။ အဲဒီလိုပြောတာ"

"ဒါဆိုရင် ကျွန်တော်က အဆောက်အဦး ဆောက်ပြီး ဘယ်သူ့ကိုမှ မငှားဘဲ ထားရင်ကော ပြဿနာမရှိဘူးပေါ့"

"မင်းပြောတာက ဘာအဓိပ္ပာယ်လဲ"

"ကျွန်တော် ပြောတဲ့အတိုင်းပဲ။ အဆောင်ဆောက်ခွင့် မရရင် ကျွန်တော် အဲဒီမြေကွက်ပေါ်မှာ အဆောက်အဦး ဆောက်ပြီး ဆောက်ထားတဲ့ အဆောက်အဦး ဟောင်းနွမ်းပျက်စီးပြီး သူ့အလိုလို ပြိုကျသွားတဲ့အထိ ဘယ်သူ့ကိုမှ မငှားဘဲ ထားလိုက်မယ်"

"ဘာ… ဘာပြောတယ်"

"ကျွန်တော့်မှာ ဒီမြေကို ပြန်ရောင်းဖို့ အစီအစဉ်မရှိဘူး။ အဆောင်ဆောက်ခွင့် မရရင် အဆောက်အဦး ဆောက်ပြီး ဒီအတိုင်း ပစ်ထားလိုက်မယ်။ ပြီးတော့ အဆောက်အဦးတောင် ဆောက်ခွင့်မရဘူး ဆိုရင်လည်း မြေကွက်လပ်ကြီးအတိုင်း ထာဝရ ပစ်ထားလိုက်မယ်"

အဆောင်ဆောက်ဖို့ ဝယ်ထားတဲ့မြေက တက္ကသိုလ်အနီးမှာရှိတဲ့ အချက်အချာကျတဲ့ မြေကွက်ကောင်း ဖြစ်ပါတယ်။ ဘယ်ကုမ္ပဏီကမှ ဒီလိုမြေကွက်ကို ဒီအတိုင်း ပစ်ထားမှာ မဟုတ်ဘူး။

ဒါပေမဲ့ ကျွန်တော်က ချမ်းသာတာမလို့ အဲဒီလို လုပ်နိုင်ပါတယ်။ ပြန်ရောင်းရင်လည်း ပိုက်ဆံ ဘယ်လောက်ရမှာမလို့လဲ။ ဒါပေမဲ့ ရပ်ကွက်ထဲမှာ မထိန်းသိမ်းဘဲ ပစ်ထားတဲ့ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦး ဒါမှမဟုတ် မြေကွက်လပ်ကြီး ရှိနေရင် ကြည့်ရတာ အရမ်း ရုပ်ဆိုးမှာပါ။

အဖိုးအိုရဲ့ မျက်နှာက နီမြန်းလာပြီး အော်ဟစ်တော့တယ်။

"ဒီလို လူရမ်းကားကောင်က ဘယ်ကနေ လူတွေကို လာပြီး ရိုင်းရိုင်းစိုင်းစိုင်း ခြိမ်းခြောက်ဖို့ သင်လာတာလဲ။ မင်းမိဘတွေက ဒီလိုပဲ သွန်သင်ခဲ့တာလား"

"……"

မိသားစုကိုတော့ မထိသင့်ဘူး။

"ကျွန်တော်တို့ အခု တိုက်ရိုက်ထုတ်လွှင့်နေတာပါ။ ဒီလို စကားလုံးမျိုးတွေကိုတော့ ရှောင်ကြဉ်ပေးပါ"

အစီအစဉ်မှူးက ကြားဖြတ်တားမြစ်ပေမဲ့ အဖိုးအိုကတော့ ဒေါသတကြီး ဆက်အော်နေတုန်းပဲ။

"လူကြီးသူမက စကားပြောနေတာ။ မင်းက ဘယ်လိုတောင် ရိုင်းစိုင်းရတာလဲ"

ကျွန်တော် အဖိုးအိုကို တည့်တည့်စိုက်ကြည့်ပြီး အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။

"အဖိုးရဲ့ အဆောက်အဦးက ဘယ်လောက်တန်လဲတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ အခုချက်ချင်း ဝမ်သန်းတစ်သောင်းနဲ့ ဝယ်ပေးမယ်။ အဆင်ပြေလား"

"ဘာ… ဘာ… ဘာ… သန်းတစ်သောင်းဟုတ်လား"

"ဟုတ်ကဲ့။ ဝမ်သန်းတစ်သောင်းပါ"

မျက်လုံးတွေ ပြူးသွားတဲ့ အဖိုးအိုက ဒေါသတွေ အကုန်ပျောက်သွားသလိုမျိုး နူးညံ့တဲ့ အသံနဲ့ မေးတယ်။

"တ… တကယ်ပြောတာလားဟင်"

ကျွန်တော် ပြုံးပြီး ပြောလိုက်တယ်။

"မဟုတ်ပါဘူး။ အခြေအနေကို ပေါ့ပါးသွားအောင် စနောက်လိုက်တာပါ"

အဲဒီစကားကြောင့် အဖိုးအိုရဲ့ မျက်နှာက ချက်ချင်းကို နီရဲတောက်သွားတယ်။

"ဒီကောင်က လူကြီးကို လာနောက်ပြောင်နေတယ်… ငစ်…"

အဖိုးအိုက ရုတ်တရက် သူ့ဇက်ပိုးကို ကိုင်ပြီး လဲကျသွားတယ်။

ဇက်ပိုးကို ကိုင်ပြီး လဲကျသွားတာက ကုမ္ပဏီဥက္ကဋ္ဌတွေရဲ့ သရုပ်ဆောင်ချက် မဟုတ်ဘူးလား။

ဘေးက တခြားသက်ကြီးရွယ်အိုတွေက အဖိုးအိုကို တွဲထူရင်း အော်ဟစ်ကြတယ်။

"အဆင်ပြေရဲ့လား"

"အမလေး။ ဒီအတိုင်းဆို လူသေတော့မှာပဲ"

"ပိုက်ဆံရှိတိုင်း လူကို သတ်လို့ရတာလား"

"ငါ့ကိုလည်း သတ်လိုက်ပါဦး။ ကောင်စုတ်ရဲ့"

ဒီလိုအခြေအနေမျိုး ဖြစ်လာနိုင်တာမလို့ ဆိုဆောင်းဆေးရုံရဲ့ အရေးပေါ်ဌာနက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက အသင့်စောင့်ဆိုင်းနေခဲ့ကြတယ်။ အပြေးအလွှား ရောက်လာတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေက လဲကျသွားတဲ့ အဖိုးအိုရဲ့ သွေးဖိအားနဲ့ သွေးခုန်နှုန်းကို ချက်ချင်း စစ်ဆေးကြတယ်။

ဆရာဝန်က အဖိုးအိုကို အသေအချာ စစ်ဆေးပြီးတဲ့နောက် ပြောတယ်။

"သူ ဘာမှဖြစ်မသွားပါဘူး။ သွေးပေါင်ချိန် နည်းနည်းတက်နေပေမဲ့ ပုံမှန်သွေးပေါင်ချိန်အတွင်းမှာပဲ ရှိပါတယ်"

အဲဒီတော့မှ အဖိုးအိုက ငိုညည်းပြီး အော်တော့တယ်။

"အိုမို။ ငါသေတော့မယ်၊ ငါသေတော့မယ်"

ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် စိုးရိမ်ရတာမလို့ သူ့ကို ဆေးရုံကို ချက်ချင်း ပို့ဆောင်လိုက်ကြတယ်။ ဆေးရုံတင်ဆောင်သွားတဲ့ အချိန်အထိ အဖိုးအိုက ဆက်ပြီး အော်ဟစ်နေတုန်းပဲ။

"ကန်ဂျင်ဟူ က လူသတ်နေပြီ"

သူ့ရဲ့ ကျယ်လောင်လှတဲ့ အသံကို ကြားရတာကြောင့် ကျွန်တော် တကယ့်ကို စိတ်အေးသွားရတယ်။

ခန်းမအတွင်းကို ခဏလောက် ပြန်လည်ရှင်းလင်းနေတုန်း ပရိသတ်တွေကြားမှာ ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတယ်။ လူတိုင်းက သူတို့ဖုန်းတွေကို ကြည့်ပြီး တစ်ခုခုကို တိုးတိုးတိတ်တိတ် ပြောဆိုနေကြတာပါ။

ဝန်ထမ်းတစ်ယောက်က အချက်အလက်တွေကို အမြန်လာပေးတာကြောင့် အစီအစဉ်မှူး ဆောင်ဆောက်ဟွန်း က အဲဒါတွေကို ကြည့်ပြီး ပြောတယ်။

"ခဏလောက် စောင့်ပေးပါ။ အခုပဲ သတင်းထူးတစ်ခု ရောက်လာပါတယ်၊ OTK ကုမ္ပဏီက ဟိုမင်ဖောင်ဒေးရှင်း တည်ထောင်ခြင်းနဲ့ အခြေခံသိပ္ပံ ပံ့ပိုးကူညီမှု အစီအမံတွေကို ကြေညာလိုက်ပါတယ်"

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

"ဟုတ်ကဲ့။ ကျွန်တော်တို့က ဝမ်သိန်းပေါင်း တစ်ကုဋေတန် ရန်ပုံငွေကို တည်ထောင်ပြီး ကိုရီးယားရဲ့ အခြေခံသိပ္ပံ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပါတယ်။ အခြေခံသိပ္ပံ သုတေသနနဲ့ စမ်းသပ်မှုတွေအပြင် သက်ဆိုင်ရာ ဌာနတွေက ကျောင်းသားတွေအတွက် စင်တာတွေ တည်ဆောက်ခြင်းနဲ့ ပညာသင်ဆု ပေးအပ်ခြင်းတွေကို ပံ့ပိုးပေးဖို့ စီစဉ်နေပါတယ်"

ကုမ္ပဏီတွေက တက္ကသိုလ်တွေရဲ့ သုတေသနနဲ့ စမ်းသပ်မှုတွေကို ပံ့ပိုးပေးတာက ပုံမှန်ပါပဲ။ များသောအားဖြင့်တော့ လိုအပ်တဲ့ အချက်အလက်တွေကို ရယူဖို့ ဒါမှမဟုတ် ရလဒ်တွေ ထွက်ပေါ်လာအောင် လုပ်ဆောင်ဖို့ဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့က ဘာအကျိုးအမြတ်မှ ပြန်မယူဘဲ အခြေခံသိပ္ပံ ဖွံ့ဖြိုးတိုးတက်မှု သက်သက်အတွက်တင် ဝမ်သိန်းပေါင်း တစ်ကုဋေကို ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာလေ။ ဒါက ပုဂ္ဂလိက ကဏ္ဍရဲ့ အကြီးမားဆုံး သိပ္ပံဆိုင်ရာ ပံ့ပိုးကူညီမှု ဖြစ်ပါတယ်။

အစီအစဉ်မှူး ဆောင်ဆောက်ဟွန်း က မေးတယ်။

"ဒါက ကောင်းတဲ့အချက်ဖြစ်ပေမဲ့ ဒီအကြောင်းကို စကားရည်လုပွဲအတွင်းမှာ ကြေညာရတဲ့ အကြောင်းရင်း ရှိပါသလား"

"ဟုတ်ကဲ့။ ရှိပါတယ်။ ဆိုးလ်မြို့မှာရှိတဲ့ အဆောင်ဆောက်မယ့် မြေကွက်တွေထဲက တစ်ခုထဲကိုတောင် တစ်ပတ်အတွင်း ဆောက်လုပ်ခွင့် မပြုဘူးဆိုရင် ဒီ ဝမ်သိန်းပေါင်းတစ်ကုဋေ ပံ့ပိုးကူညီမှု အစီအစဉ်ကို လုံးဝ ပြန်လည်ရုပ်သိမ်းမယ်လို့ ပြောချင်လို့ပါ"

ကျွန်တော့်စကားကြောင့် မြို့တော်ဝန် ဝမ်ဆန်းဟွန်း က လန့်ဖြန့်သွားတယ်။

"ခဏ… ခဏလောက်။ မင်း ဘာတွေပြောနေတာလဲ။ အဲဒါက အဆောင်နဲ့ ဘာဆိုင်လို့လဲ"

ကျွန်တော် သူ့ကို ပြန်မေးလိုက်တယ်။

"ဘာလို့မဆိုင်ရမှာလဲ။ စာမသင်ခင်၊ သုတေသန မလုပ်ခင်၊ စမ်းသပ်မှုမလုပ်ခင် အိမ်ရာပြဿနာကို အရင်ဆုံး ဖြေရှင်းရမှာ မဟုတ်ဘူးလား။ နေထိုင်စရာတောင် အဆင်မပြေဖြစ်နေတဲ့ အခြေအနေမှာ ကျောင်းသားတွေကို အခြေခံသိပ္ပံ ဖွံ့ဖြိုးတိုးတက်အောင် ဘာလို့ အတင်းတွန်းအားပေးနေမှာလဲ။ မြို့တော်ဝန်ကိုယ်တိုင်လည်း သိပ္ပံပညာ ထွန်းကားမှ နိုင်ငံတိုးတက်မယ်လို့ အမြဲပြောခဲ့သလို ဆိုးလ်မြို့ကိုလည်း နောက်ဆုံးပေါ် သိပ္ပံမြို့တော်အဖြစ် ပျိုးထောင်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ဖော်ပြခဲ့ဖူးတာပဲ။ အခု ဝမ်သိန်းပေါင်း တစ်ကုဋေတန် အခြေခံသိပ္ပံ ပံ့ပိုးကူညီမှုက မြို့တော်ဝန်လက်ထဲမှာ ရှိနေပြီ။ မြို့တော်ဝန် ဘာလုပ်မှာလဲ"

"……"

မြို့တော်ဝန် ဝမ်ဆန်းဟွန်း က ဘာစကားမှ မပြောနိုင်တော့ဘဲ ချွေးတွေပဲ တပြိုက်ပြိုက် ကျနေခဲ့တော့တယ်။

All Chapters