← Chapters

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း (၂၉၀)

အခြေအတင်ဆွေးနွေးမှုက ဆက်ဖြစ်နေပြီး ကန်ဂျင်ဟူက ဆုံးဖြတ်ချက်ချပြီးသားပုံစံနဲ့ မှတ်ချက်တွေကို ဆက်တိုက်ပဲ ပြောလိုက်တယ်။

“ကိုယ့်အိမ်ရှေ့မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ အဆောက်အဦးတွေ ရှိတာကို မကြိုက်တဲ့စိတ်ကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အမှိုက်ပုံ ဒါမှမဟုတ် ဖုန်မှုန့်တွေ ထွက်နေတဲ့ စက်ရုံ မဟုတ်ရင် အိမ်နီးနားချင်းတွေကြားထဲမှာ အငှားအိမ်ရာတွေ၊ အဆောင်တွေ၊ အထူးကျောင်းတွေ ဒါမှမဟုတ် မီးသတ်စခန်းတွေ ဆောက်တာက ဘာပြဿနာရှိလို့လဲ။ ဒီအခြေအနေဟာ ဒေသစွဲအတ္တကြောင့်တင် မဟုတ်ဘဲ နိုင်ငံရေးသမားတွေရဲ့ အမှားက အကြီးဆုံးပဲ။ အခုထိ စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ သေချာတဲ့ စည်းမျဉ်းစည်းကမ်း မရှိခဲ့ဘူး။ နေထိုင်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရင် လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို မလုပ်ဖြစ်အောင် လုပ်ပစ်ပြီး ကန့်ကွက်သူမရှိရင် မလုပ်သင့်တဲ့အရာတွေကို အတင်းအဓမ္မ တွန်းအားပေး လုပ်ဆောင်ခဲ့ကြတယ်။ ကန့်ကွက်မှုတွေ ရှိလာတာနဲ့ အပေးအယူလုပ်ဖို့ အထောက်အပံ့မျိုးစုံကို စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ ပေးခဲ့ကြတာကလည်း ပြဿနာတစ်ခုပဲ။ ဒါကြောင့် နည်းနည်းလောက် မကြိုက်တဲ့ အဆောက်အဦး ဆောက်မယ်ဆိုရင်တောင် အရင်ဆုံး အကြွင်းမဲ့ ကန့်ကွက်ကြတော့တာပေါ့။ ‘ငိုတဲ့ကလေး နို့ပိုစို့ရတယ်’ ဆိုတဲ့ စကားပုံက မမှားဘူးလို့ တွေးနေကြတာမလား။ ဒါပေမဲ့ ဒါက လုပ်သင့်လုပ်ထိုက်တဲ့အရာ၊ လိုအပ်တဲ့အရာ ဖြစ်နေရင်တော့ တစ်ယောက်ယောက်က လုပ်ကိုလုပ်ရမယ်”

အစီအစဉ်မှူးက နောက်ဆုံးစကား ပြောပေးဖို့ တောင်းဆိုတဲ့အခါ မြို့တော်ဝန် ဝမ်ဆန်းဟွန်းက နဖူးကချွေးတွေကို ပဝါနဲ့ သုတ်ရင်း ပြောလိုက်တယ်။

“အာ…. ဟုတ်ကဲ့။ ကျွန်တော်တို့ ဆိုးလ်မြို့အနေနဲ့ နေထိုင်သူတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ သဘောထားအမြင်တွေကို စုဆောင်းပြီး လူငယ်အဆောင်ပြဿနာကို ဖြေရှင်းဖို့ ဆွေးနွေးမှုတွေ၊ ဆက်သွယ်မှုတွေကို ဆက်လုပ်သွားမှာပါ။ လူမှုရေးဆိုင်ရာ သဘောတူညီချက်ကတစ်ဆင့် လူတိုင်းလက်ခံနိုင်တဲ့ အကျိုးရှိမယ့် နိဂုံးနဲ့ အမျိုးသားအဆင့် အပေးအယူကြီးတစ်ခုဆီ ဦးတည်သွားရမယ်လို့ ပြောချင်ပါတယ်”

သူ့နောက်ကနေ ကန်ဂျင်ဟူက ကင်မရာကို ကြည့်ပြီး နောက်ဆုံးစကား ပြောလိုက်တယ်။

“ပြည်သူတွေကို ကျွန်တော် မေးချင်ပါတယ်။ ပထမဆုံးမေးချင်တာက တက္ကသိုလ်ကျောင်းသားတွေက ရှောင်ကြဉ်ရမယ့် ပစ်မှတ်တွေလား။ ဒုတိယမေးချင်တာက အဆောင်တွေက စိတ်အနှောင့်အယှက် ဖြစ်စရာ အဆောက်အဦးတွေလား။ တတိယမေးချင်တာက အိမ်နီးနားချင်းတွေထဲမှာ အဆောင်တွေ ဆောက်ရင် ပတ်ဝန်းကျင်က ပိုဆိုးသွားမယ်လို့ ထင်ပါသလား။ အဲဒီသုံးခုလုံးက မဟုတ်ဘူးဆိုရင် ဘာအတွက်ကြောင့် ကန့်ကွက်နေကြတာလဲ”

ဆွေးနွေးပွဲရဲ့ သက်ရောက်မှုက ချက်ချင်း ထင်ရှားလာပါတယ်။

တိုက်ရိုက်ကြည့်ရှုသူတွေရဲ့ စစ်တမ်းမှာ ဖြေဆိုသူ ၇၇ ရာခိုင်နှုန်းက အဆောင်ဆောက်လုပ်ခွင့် ပြုသင့်တယ်လို့ ပြောကြပြီး ဒါက ခွင့်မပြုသင့်ဘူးလို့ ပြောတဲ့သူတွေထက် သုံးဆကျော် ပိုများနေပါတယ်။

ဆိုးလ်မြို့ရဲ့ သတင်းစာစောင်ဘုတ်အဖွဲ့မှာ မြို့တော်ဝန်ကို ဝေဖန်တဲ့ ပို့စ်တွေနဲ့ ပြည့်နှက်သွားတယ်။

– မြို့တော်ဝန် ဝမ်ဆန်းဟွန်းက စကားရည်လုပွဲကို မိုက်မိုက်မဲမဲ သွားတက်ပြီး လုံးဝ အရှုံးကြီး ရှုံးသွားတာပဲ။

-ဟားဟားဟား။ ကန်ဂျင်ဟူက သူ့ကို ဝိညာဉ်အထိပါ အဝတ်ဗလာဖြစ်အောင် ချွတ်ပစ်လိုက်တာကွ။ (ကောင်းကောင်းဆုံးမပေးလိုက်တာ)

– သူ အဲဒီကို ဘာလို့ သွားတာလဲ။

– ဒါက ‘ငြိမ်ငြိမ်နေရင် ကြားနေပုံစံမျိုးတော့ ဖြစ်ဦးမယ်’ လို့ ပြောတာမျိုးလား။

– တော်တော် သနားဖို့ကောင်းတယ်၊ ကျွန်တော်တို့ မြို့တော်ဝန်က သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ လိုနေပြီ။

– သမ္မတအဖြစ် ဝင်ပြိုင်ပေးပါဦး။ ခင်ဗျားကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ကျွန်တော် လုပ်ပေးမယ်။ ^^

– ဟုတ်တယ်။ သူ့ကို လုံးဝ မဲမထည့်ဘူး။

– ဒါပေမဲ့ ကျွန်တော် နားမလည်သေးဘူး။ နေထိုင်သူတွေက ဘာလို့ ကန့်ကွက်နေကြတာလဲ။

– ကန်ဂျင်ဟူ ပြောတာ မှန်တယ်။ သူ့မြေ၊ သူ့ပိုက်ဆံ၊ သူပိုင်တဲ့ အဆောက်အဦးကို သူ ဆောက်တာပဲ။ သူတို့က ဘာလို့ တားနေကြတာလဲ။

– ကျွန်တော်က ကိုရီးယားတက္ကသိုလ် ရှေ့မှာ နေတာပါ။ အဆောင်ဆောက်တာကို ထောက်ခံပါတယ်။ တခြား နေထိုင်သူတွေကိုလည်း ကန့်ကွက်ဖို့သက်သက်နဲ့ ကန့်ကွက်နေတာမျိုးကို ရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်။

မြို့တော်ခန်းမရှေ့မှာတော့ အိမ်ရှင်တွေက စုဝေးပြီး ဆန္ဒပြနေတုန်းပါပဲ။

မြို့တော်ဝန် ဝမ်ဆန်းဟွန်းက သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ထားလိုက်မိတယ်။

‘ငါ ဘာလို့ အဲလို လုပ်မိတာပါလိမ့်’

သူက လုံးဝ မျှော်လင့်ချက်မဲ့တဲ့ အကြပ်အတည်းထဲ ရောက်နေပါပြီ။

ကန်ဂျင်ဟူက ကတိအလွတ်တွေ ဘယ်တော့မှ မပေးတတ်ဘူး။ တကယ်လို့ သတ်မှတ်ထားတဲ့ ရက်မတိုင်ခင် အဆောင်ဆောက်လုပ်ခွင့် မပေးရင် သူက အခြေခံသိပ္ပံ ထောက်ပံ့မှု အစီအစဉ်တစ်ခုလုံးကို တကယ်ပဲ လုံးဝ ဖျက်သိမ်းပစ်မှာပါ။

တကယ်လို့ ဝမ် သိန်းပေါင်း ၁ ကုဋေ ထောက်ပံ့မှု အစီအစဉ်ကြီး ဆုံးရှုံးသွားရင် ဒါက အဆိုးရွားဆုံး နိုင်ငံရေး အမှားအယွင်းအဖြစ် မှတ်တမ်းတင်ခံရပါလိမ့်မယ်။ သူ့ရဲ့ ပြိုင်ဘက်တွေက ဒါကို အခွင့်ကောင်းယူပြီး သူ့ကို ပျော်ပျော်ကြီး နှိပ်စက်ကြမှာပါ။

ပြီးတော့ အဆောင်ဆောက်လုပ်တာကို ကန့်ကွက်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်လည်း မရှိပါဘူး။ တကယ်လို့ သူက ဒါကို အခြေခံသိပ္ပံ ထောက်ပံ့မှုနဲ့ ချိတ်ဆက်ပြီး အကျိုးအကြောင်း ဆီလျော်မှုမရှိတဲ့ တောင်းဆိုမှုတွေ လုပ်ခဲ့ရင် ချက်ချင်း ငြင်းပယ်နိုင်ခဲ့မှာပါ။

ဒါပေမဲ့ ကန်ဂျင်ဟူ ပြောသလိုပဲ သူက မြေနေရာအချိုးအစား တိုးပေးဖို့ ဒါမှမဟုတ် အထူးအခွင့်အရေးတွေ တောင်းနေတာ မဟုတ်ပါဘူး။ ပြဿနာက နေထိုင်သူတွေ ကန့်ကွက်နေတာကြောင့် ဥပဒေနဲ့အညီ မူလကတည်းက စီစဉ်ထားတဲ့ ဆောက်လုပ်ရေးအတွက် ခွင့်ပြုမိန့် မထုတ်ပေးဘဲ ဖြစ်နေတာပါ။

ဒီလိုအခြေအနေမျိုးမှာ OTK ကုမ္ပဏီက တိကျတဲ့ အခြေခံသိပ္ပံ ထောက်ပံ့မှု အစီအစဉ်တွေကို ကြေညာခဲ့တယ်။

သူတို့က ဝမ် သိန်းပေါင်း ၁ ကုဋေကို ချက်ချင်း အကောင်အထည်ဖော်မှာ မဟုတ်ဘဲ အရင်ဆုံး ဝမ် သန်းပေါင်း ၁သိန်းကို အကောင်အထည်ဖော်ပြီး နောက်ထပ် နှစ် ၂၀ အတွင်းမှာ နှစ်စဉ် ဝမ် သန်းပေါင်း ၅သောင်း ခန့် တစ်ရစ်စီ သုံးစွဲဖို့ စီစဉ်ထားပါတယ်။ သုတေသန စီမံကိန်း အထောက်အပံ့ ခံစားခွင့်ရှိသူတွေနဲ့ ပညာသင်ဆု ခံစားခွင့်ရှိသူတွေကို ရွေးချယ်ဖို့ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းဖို့အတွက် တက္ကသိုလ်တွေ၊ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆုံးဖြတ်ခဲ့ကြတာပါ။

သိပ္ပံလောကက သူတို့ရဲ့ မျှော်လင့်ချက်တွေကို မဖုံးကွယ်နိုင်ခဲ့ကြပါဘူး။

ဓာတုဗေဒ နိုဘယ်ဆု ရရှိပြီးနောက်ပိုင်း အင်တာဗျူးတွေကို ရှောင်ဖယ်နေခဲ့တဲ့ ပါမောက္ခ ကင်ဟိုမင်က မီဒီယာတွေမှာ ပေါ်လာပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ပြောကြားခဲ့တယ်။

“သိပ္ပံပညာဆိုတာ ဆာလောင်မွတ်သိပ်နေတဲ့ ဘာသာရပ်တစ်ခု မဟုတ်သလို အဲလိုလည်း မဖြစ်သင့်ပါဘူး။ ကိုရီးယားမှာ သိပ္ပံပညာ တိုးတက်ဖို့အတွက် ကျောင်းသားတွေရဲ့ နေထိုင်မှုအခွင့်အရေး ပြဿနာကို အရင်ဆုံး ဖြေရှင်းရပါမယ်။ ဒီကိစ္စအတွက် ပြည်သူတွေရဲ့ ထောက်ပံ့မှုကို ကျွန်တော် အလေးအနက် တောင်းဆိုချင်ပါတယ်”

တချို့သော အိမ်ရှင်တွေနဲ့ ဒေသခံ နေထိုင်သူတွေကလွဲလို့ ပြည်သူအများစုက အဆောင်ဆောက်လုပ်တာကို သဘောကျပြီး ထောက်ခံခဲ့ကြတယ်။

လူထုရဲ့ အမြင် ပြောင်းလဲသွားတာနဲ့အမျှ ဒေသခံတွေရဲ့ မဲကို ငဲ့ကွက်ပြီး ကန့်ကွက်ခဲ့ကြတဲ့ အာဏာရပါတီကော အတိုက်အခံပါတီကပါ လွှတ်တော်အမတ်တွေဟာ ချက်ချင်းပဲ နောက်ဆုတ်သွားခဲ့ကြတယ်။ လွတ်လပ်သောပြည်သူများပါတီက လွှတ်တော်အမတ် မာဆန်းထဲ တစ်ယောက်ပဲ သူ့ရဲ့ မဲဆန္ဒနယ်မြေမှာ ကိုရီးယားတိုင်းရင်းဆေးရုံ ဆောက်လုပ်ပေးဖို့ အဆုံးအထိ ဆက်တိုက် တောင်းဆိုနေခဲ့တာပါ။

မြို့တော်ဝန် ဝမ်ဆန်းဟွန်းက ငိုချင်စိတ်တောင် ပေါက်သွားတယ်။

‘ငါ့ကျမှ ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ။ ငါ ဘာအမှားလုပ်ခဲ့မိလို့လဲ’

အစကတည်းက သူက ကန်ဂျင်ဟူကို ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ကန်ဂျင်ဟူက အနည်းဆုံးတော့ အပေးအယူလုပ်တဲ့ပုံစံ ဒါမှမဟုတ် အလျှော့ပေးတဲ့ပုံစံမျိုး ဟန်ဆောင်ပြပေးဖို့ပဲ သူ မျှော်လင့်ခဲ့တာပါ။

မိုက်မိုက်မဲမဲ ရှေ့ထွက်မိလို့ သူ့ရဲ့ သမ္မတဖြစ်ရေး ရည်မှန်းချက်တွေနဲ့ တခြားအရာအားလုံးဟာ ရေစုန်မျောသွားမယ့်ပုံ ဖြစ်နေပါပြီ။

နောက်ဆုံးတော့ ဆိုးလ်မြို့ဟာ ကန်ဂျင်ဟူ ပြောထားတဲ့ ရက်မတိုင်ခင် တစ်ရက်အလိုမှာ အဆောင်ဆောက်လုပ်ရေး အစီအစဉ် ၁၉ ခုလုံးကို လက်ခံဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ခွင့်ပြုမိန့်တွေ ထွက်လာတာနဲ့ ဆောက်လုပ်ရေးစာချုပ် ချုပ်ဆိုထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေက ဆောက်လုပ်ရေးလုပ်ငန်းတွေကို တစ်ပြိုင်ထဲ စတင်လိုက်ကြပါတယ်။

ဆိုးလ်မြို့ကို ဆန္ဒပြတာက အလုပ်မဖြစ်တဲ့အခါ စတူဒီယိုတိုက်ခန်းပိုင်ရှင်တွေနဲ့ နေထိုင်သူတွေက ခရိုင်ရုံးတစ်ခုချင်းစီကို သွားပြီး ဆန္ဒပြခဲ့ကြတယ်။ ခရိုင်ကောင်စီဝင်တချို့က မဲရဖို့အတွက် သူတို့ကို စာနာပြခဲ့ကြပေမဲ့ ခရိုင်အကြီးအကဲတွေကတော့ သူတို့ကို သေသေချာချာကို ရှောင်ဖယ်ခဲ့ကြတယ်။

‘မြို့တော်ဝန်တောင် အဲလိုမျိုး လုံးဝ အရှုံးကြီး ရှုံးသွားတာ၊ ငါတို့ ခရိုင်အကြီးအကဲတွေကို ဘာလုပ်စေချင်လို့လဲ’

နေထိုင်သူတွေရဲ့ ကန့်ကွက်မှုက အနည်းငယ် လျော့နည်းသွားပေမဲ့ စတူဒီယိုတိုက်ခန်းပိုင်ရှင်တွေရဲ့ ဆန္ဒပြမှုကတော့ ဆက်ရှိနေတုန်းပါပဲ။

တချို့က ဆောက်လုပ်ရေးဆိုက် ဝင်ပေါက်တွေကို ပိတ်ပြီး လှဲနေတာ ဒါမှမဟုတ် အင်အားသုံးတာမျိုးတောင် လုပ်ခဲ့ကြပေမဲ့ ဘာပဲဖြစ်ဖြစ် အဆောင်ဆောက်လုပ်ရေးကတော့ စီစဉ်ထားတဲ့အတိုင်း ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

မျှော်လင့်ထားတဲ့အတိုင်း ဆိုးလ်မြို့က ခွင့်ပြုမိန့်တွေ ထုတ်ပေးပြီးနောက် လူထုရဲ့ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားခဲ့တဲ့ ဂယောင်ဂီပြည်နယ်နဲ့ တခြားဒေသတွေကလည်း ခွင့်ပြုမိန့်တွေ ထုတ်ပေးခဲ့တယ်။

ကျွန်တော်တို့ ညစာစားဖို့ အစ်မ ဟျွန်းဂျူးရဲ့ အိမ်မှာ စုဝေးခဲ့ကြတယ်။

အမေလည်း စီအီးအို လင်ဆိုမီနဲ့အတူ လာလည်ပါတယ်။ အသက်အရွယ်ချင်း မတူပေမဲ့ သူတို့က သူငယ်ချင်းတွေလို အဆင်ပြေနေကြပုံပါပဲ။

အမေနဲ့ စီအီးအို လင်ဆိုမီတို့က ကလေးကို ကြည့်ပြီး သဘောကျနေကြတယ်။

“ကလေးက တော်တော်ချစ်ဖို့ကောင်းတာပဲ။ ကျွန်မတို့ ဂျင်ဟူလည်း ငယ်ငယ်တုန်းက ဒီလိုပဲ ချစ်ဖို့ကောင်းခဲ့တာ”

နားထောင်နေတဲ့ အယ်လီက မေးလိုက်တယ်။

“တကယ်လား။ အမေ။ ဂျင်ဟူက ငယ်ငယ်တုန်းက တော်တော်ချစ်ဖို့ကောင်းတာလား”

“ဒါပေါ့။ လူတိုင်းက သူ့ကို မိန်းကလေးလို့တောင် ထင်ခဲ့ကြတာ။ နောက်မှပဲ ကလေးဘဝတုန်းက ဓာတ်ပုံတွေကို ပြမယ်”

“……”

ကျွန်တော့်ရဲ့ ပုံတူရပိုင်ခွင့်ကော ဘယ်လိုဖြစ်သွားပြီလဲ။

ပထမဆုံး တူလေးကို စိတ်ဝင်စားနေတဲ့ တက်ဂယူက သူ့ကို အကြာကြီး စိုက်ကြည့်နေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကလေးက တကယ်ပဲ ချစ်ဖို့ကောင်းတာကို ဝန်ခံရပါမယ်။

သူ့ရဲ့ အရေပြားက ဆီးနှင်းလို ဖြူဖွေးနေပြီး မျက်လုံးတွေကလည်း တောက်ပနေတာပါ။

“ကလေးမွေးရတာ အဆင်ပြေရဲ့လား”

တက်ဂယူရဲ့ မေးခွန်းကို အစ်မ ဟျွန်းဂျူးက ခေါင်းခါပြလိုက်တယ်။

“မပြောပါနဲ့တော့။ သူက သိပ်ငိုတာပဲ၊ မနေ့ကဆို ငါ နာရီအနည်းငယ်ပဲ အိပ်ရတယ်။ တစ်ယောက်လောက် လိုချင်တယ်လို့ အမြဲတွေးခဲ့ဖူးပေမဲ့ မွေးရတာ ဒီလောက်ခက်မယ်မှန်း မသိခဲ့ဘူး”

ဘေးမှာ ကလေးထိန်းရှိနေရင်တောင် သူဟာ အမြဲတမ်း စိုးရိမ်နေပုံပါပဲ။

“အလုပ်ကို ဘယ်တော့ ပြန်ဝင်မှာလဲ”

“မီးဖွားခွင့် ပြီးတာနဲ့ ချက်ချင်း ပြန်သွားမှာပါ”

အစ်မ ဟျွန်းဂျူးက အလုပ်ထွက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ တကယ်လို့ အစ်မလို ထူးချွန်တဲ့သူတွေက ကလေးမွေးလို့ အလုပ်ထွက်ကြမယ်ဆိုရင် ဒါက နိုင်ငံအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်မှာပါ။

ကိုရီးယားမှာ အလုပ်နဲ့ ကလေးထိန်းတာက အတူတူလုပ်လို့မရတဲ့ ပြဿနာတွေလို ဖြစ်နေပုံပါပဲ။ ဒါပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ လက်တွေ့ စာရင်းဇယားတွေအရ အမျိုးသမီးတွေ အလုပ် ပိုလုပ်လေ မွေးဖွားနှုန်း ပိုမြင့်လေပဲ ဖြစ်ပါတယ်။

ပြောရရင်တော့ အလုပ်ပြုတ်နိုင်ချေရှိရင် ဒါမှမဟုတ် ကလေးမွေးလို့ အလုပ်အကိုင် ပြတ်တောက်သွားမှာကို စိုးရိမ်ရင် လူတွေက ကလေးမွေးဖို့ ရှောင်ကြဉ်ကြတယ်လို့ ဆိုလိုတာပါ။ ဒါကြောင့်ပဲ ကိုရီးယားရဲ့ မွေးဖွားနှုန်းက OECD နိုင်ငံတွေထဲမှာ အနိမ့်ဆုံး ဖြစ်နေတာပေါ့။

ဒီလိုအခြေအနေမျိုးမှာတောင် အစိုးရက တကယ့် ဖြေရှင်းချက်မရှိဘဲ လူတွေကို ကလေးမွေးဖို့ပဲ ပြောနေပါတယ်။

ကလေးက ပြန်ငိုတဲ့အခါ ဟင်နရီက အပြေးအလွှားသွားပြီး ကလေးကို ပွေ့ချီလိုက်တယ်။ သူက ပထမဆုံးအကြိမ် အဖေဖြစ်ဖူးတဲ့သူနဲ့ မတူဘဲ ကျွမ်းကျင်တဲ့သူတစ်ယောက်လို ဖြစ်နေပါတယ်။

အစ်မ ဟျွန်းဂျူးက ကျွန်တော်တို့ကို ကြည့်ပြီး ပြောလိုက်တယ်။

“နင် ဒီတစ်ခါလည်း နောက်ထပ် ကိစ္စအကြီးကြီးတစ်ခု ထပ်လုပ်လိုက်တယ်လို့ ကြားတယ်”

“ကိစ္စအကြီးကြီးလား။ အဆောင်တွေ ဆောက်တာသက်သက်ပါပဲ”

“ကိုရီးယားမှာ နင်လုပ်တဲ့ ဘာမဆို ကိစ္စအကြီးကြီး ဖြစ်သွားတာပဲ။ နင် နောက်ထပ် ဆဲခံရပြန်ပြီ ထင်တယ်”

အစ်မက ဒီလိုမေးတာကို ကြည့်ရင် သူက သတင်းတွေ ဒါမှမဟုတ် အင်တာနက်ကို သိပ်မကြည့်ဖြစ်တာ ထင်ပါတယ်။ ကလေးထိန်းရတာနဲ့တင် အရမ်းအလုပ်ရှုပ်နေလို့ ဖြစ်မှာပါ။

တက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ပြီး ပြောလိုက်တယ်။

“ဒါပေါ့။ အင်တာနက်မှာ သူ့နာမည်ကို ရှာကြည့်ရင် ဆက်စပ်ရှာဖွေမှုတွေအနေနဲ့ ဆဲဆိုမှုမျိုးစုံ တက်လာတာဗျ။ ဂွန် ကြားရင် လန့်သွားမှာစိုးလို့ ကျွန်တော် တောင် မပြောရဲဘူး”

“……”

ကျွန်တော်လည်း ဆဲတာတွေကို ကြားရင် လန့်သွားမှာပါပဲ။

အွန်ဆောင်း ထရပ်ကားတွေကို ဝယ်ယူပြီးနောက် CarOS က လူမဲ့ ထရပ်ကား မောင်းနှင်မှု စမ်းသပ်ချက်တွေကို ဆက်လုပ်ခဲ့တယ်။

သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေပေါ်မှာ ပုံမှန်အရှိန်နဲ့ မောင်းနှင်တဲ့ ထောက်ပံ့ပို့ဆောင်ရေး ထရပ်ကားတွေက အလိုအလျောက်စနစ်ကို ပထမဆုံး အသုံးပြုမယ့် နယ်ပယ် ဖြစ်ပါတယ်။ စမ်းသပ်မှု တော်တော်များများကို အောင်မြင်ပြီးသားဖြစ်တဲ့ CarOS က အများပြည်သူ ရှေ့မှောက် သရုပ်ပြပွဲကို ဆက်လုပ်ခဲ့တယ်။ ထရပ်ကား ငါးစီး စီတန်းပြီး မောင်းနှင်တဲ့ Platooning နည်းပညာကတော့ တကယ့်ကို အံ့ဩစရာကောင်းပါတယ်။

တကယ်လို့ ရှေ့ဆုံးက ထရပ်ကားက ဘရိတ်နင်းတာ ဒါမှမဟုတ် အရှိန်မြှင့်တာ လုပ်တဲ့အခါ နောက်ကလိုက်နေတဲ့ ထရပ်ကားတွေက တုံ့ပြန်ရင် အကွာအဝေးက ကျဉ်းသွားတာ ဒါမှမဟုတ် ကျယ်သွားတာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရှေ့ဆုံးကားက လှုပ်ရှားလိုက်တာနဲ့ သတင်းအချက်အလက်ကို နောက်ကကားတွေဆီ ပို့လွှတ်လိုက်မယ် ဆိုရင် နောက်ကားတွေက အရှိန်ကို တစ်ပြိုင်ထဲ လျှော့ချတာ ဒါမှမဟုတ် မြှင့်တင်တာ လုပ်နိုင်ပါတယ်။

စီတန်းမောင်းနှင်မှုအတွက် ဘေးကင်းတဲ့ အကွာအဝေးကတော့ ပုံမှန်အားဖြင့် ၁၅ မီတာခန့် ရှိပေမဲ့ ရုတ်တရက် လှုပ်ရှားမှုတွေ ရှိရင်တောင် ၁၀ မီတာထက် ပိုမကျယ်သွားသလို ကွာဟချက် ကျယ်သွားရင်တောင် ချက်ချင်း ပြန်ကျဉ်းသွားတတ်ပါတယ်။

စီတန်းမောင်းနှင်မှုကြောင့် လေထုရဲ့ ခုခံမှုကို လျှော့ချနိုင်ခဲ့ပြီး ကျွမ်းကျင်တဲ့ ထရပ်ကားဒရိုင်ဘာ မောင်းတာနဲ့ နှိုင်းယှဉ်ရင် လောင်စာဆီ ထိရောက်မှု ၁၀ ရာခိုင်နှုန်းကျော် ပိုမိုကောင်းမွန်တဲ့ သက်ရောက်မှု ရှိခဲ့ပါတယ်။

Great Lakesတစ်ဝိုက်ကို ဖြတ်သန်းမောင်းနှင်တဲ့ အလိုအလျောက် မောင်းနှင်မှု စမ်းသပ်ချက်ကို ဗီဒီယိုဆိုက်တွေကတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်ခဲ့တယ်။ အရေးပေါ် အခြေအနေတွေအတွက် ထရပ်ကားတစ်စီးချင်းစီမှာ လူတွေ ထိုင်နေခဲ့ကြပေမဲ့ ထိုင်နေတဲ့လူတွေက ဘာမှ ဝင်ရောက် ထိန်းချုပ်တာမျိုး မလုပ်ခဲ့ကြပါဘူး။

တခြားကားတွေ ကြားဖြတ်ဝင်လာတာ ဒါမှမဟုတ် မတော်တဆမှု အခြေအနေမျိုးစုံကို အတုယူပြီး စမ်းသပ်မှုတွေကိုလည်း ဘာပြဿနာမှမရှိဘဲ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

လမ်းခရီးမှာ လောင်စာဆီ ကုန်သွားတဲ့အခါ ထရပ်ကားတွေက နားနေဆောင်ထဲကို ယှဉ်တွဲပြီး ဝင်ရောက်ခဲ့ကြတယ်။ ဆီဖြည့်ပြီးတာနဲ့ သူတို့ ချက်ချင်း ပြန်ထွက်ခွာသွားခဲ့ကြပါတယ်။

ကုန်စည်တွေ တင်ဆောင်ထားတဲ့ ထရပ်ကားတွေဟာ မိုင် ၅၀၀ မောင်းနှင်ပြီးနောက် ဒီထရိုက်မြို့ ဆင်ခြေဖုံးက ဂိုဒေါင်တစ်ခုကို ရောက်ရှိလာခဲ့တယ်။ စောင့်ဆိုင်းနေတဲ့ လူတိုင်းက လက်ခုပ်တီးပြီး သူတို့ကို ကြိုဆိုခဲ့ကြပါတယ်။

အဲဒီမှာ ဒါရီလ်က ပြောလိုက်တယ်။

“လူမဲ့ ထရပ်ကားတွေကို စီးပွားဖြစ် အသုံးပြုလာနိုင်တာနဲ့အမျှ အနာဂတ်မှာ ထောက်ပံ့ပို့ဆောင်ရေး စနစ်က သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်”

မောင်းသူမဲ့ထရပ်ကားက အမေရိကန်ပြည်ထောင်စုအတွင်းမှာ ထောက်ခံမှုနဲ့ ကန့်ကွက်မှု အပြင်းအထန် ငြင်းခုံမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

[CarOS၊ ဒရိုင်ဘာမဲ့ ကားများခေတ်ကို ဦးဆောင်ခြင်း]

CarOS က ထောက်ပံ့ပို့ဆောင်ရေး ထရပ်ကား မောင်းနှင်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

CarOS ဟာ စီတန်းမောင်းနှင်မှုနဲ့ ဒရိုင်ဘာမဲ့ကားတွေနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့် ရာပေါင်းများစွာကို လျှောက်ထားခဲ့ပြီး သူ့ရဲ့ ရုံးချုပ် တည်ရှိရာ မစ်ရှီဂန်အပြင် ရတ်စ်ဘဲထဲမှာ ပါဝင်တဲ့ အီလီနွိုက်၊ အင်ဒီယားနား၊ အိုဟိုင်းယိုးနဲ့ ပင်ဆယ်လ်ဗေးနီးယားတို့မှာ ယာယီ လူမဲ့ ထရပ်ကား မောင်းနှင်ခွင့် ပါမစ်တွေကို ရရှိထားပါတယ်။ ကယ်လီဖိုးနီးယား၊ နီဗာဒါနဲ့ နယူးယောက်တို့ကတော့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတုန်းပါပဲ။

လမ်းပေါ်မှာ ဒရိုင်ဘာမပါဘဲ မောင်းနှင်နေတဲ့ ထရပ်ကားတွေက အခုတော့ လက်တွေ့ ဖြစ်လာပါပြီ။ တချို့လူတွေကတော့ ယာဉ်မတော်တဆမှုတွေအတွက် စိုးရိမ်နေကြပါတယ်။ အခုထိ အလိုအလျောက် မောင်းနှင်မှု နည်းပညာရဲ့ အမှားအယွင်းတွေကြောင့် ဒရိုင်ဘာတွေ ဒဏ်ရာရတာ ဒါမှမဟုတ် လမ်းလျှောက်သူတွေကို တိုက်မိတာမျိုး မတော်တဆမှု အနည်းငယ် ရှိခဲ့ဖူးတာမလို့ ဒီလို စိုးရိမ်ပူပန်တာက သဘာဝကျပါတယ်။

ဒါပေမဲ့ နည်းပညာအသစ်တွေရဲ့ အန္တရာယ်က လက်တွေ့ထက် ပိုပြီး ချဲ့ကားပြောဆိုခံရလေ့ ရှိပါတယ်။

မော်တော်ကားတွေ စတင် ပေါ်ပေါက်လာတုန်းက ကားက လူကို တိုက်မိတာက သတင်းဖြစ်လောက်တဲ့အရာ ဖြစ်ခဲ့တာပါ။ တကယ်တော့ မြင်းလှည်းတွေကမှ မတော်တဆမှု ပိုဖြစ်စေခဲ့တာလေ။

အခုလည်း တူတူပါပဲ။ နေ့တိုင်း ရေတွက်လို့မရတဲ့ ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားနေပါတယ်။ လူမောင်းတဲ့ ကားတွေကြောင့် ဖြစ်ရတဲ့ မတော်တဆမှုတွေကို ထူးခြားတဲ့အရာအဖြစ် မသတ်မှတ်ကြပေမဲ့ အလိုအလျောက် မောင်းနှင်မှုကြောင့် ဖြစ်တဲ့ မတော်တဆမှုတွေကျတော့ ကိစ္စအကြီးကြီး ဖြစ်သွားတတ်ပါတယ်။

ဒါပေမဲ့ စာရင်းဇယားတွေအရ အလိုအလျောက် မောင်းနှင်မှုကြောင့် မတော်တဆမှု ဖြစ်နိုင်ခြေက လူတွေနဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်းထက် နည်းပါတယ်။ အဲဒါက အလိုအလျောက် မောင်းနှင်မှုဟာ လူတွေလို အရက်သောက်ပြီး မောင်းတာ ဒါမှမဟုတ် ငိုက်မြည်းပြီး မောင်းတာမျိုး မရှိသလို မောင်းနေရင်း တခြားအရာတွေကို လုပ်တာမျိုးလည်း မရှိလို့ပါပဲ။

လူမဲ့ ထရပ်ကားတွေကို ထိန်းချုပ်တဲ့ AI ကလည်း အတူတူပါပဲ။ တခြား ထရပ်ကား ဒရိုင်ဘာတွေနဲ့ မတူဘဲ သူက မအိပ်ဘူး၊ မနားဘူး၊ အစားလည်း မစားဘူး။ နေ့တွက်လည်း မယူသလို သပိတ်လည်း မမှောက်ပါဘူး။

တကယ်လို့ ထောက်ပံ့ပို့ဆောင်ရေး ထရပ်ကားအားလုံး လူမဲ့ ဖြစ်သွားရင် မတော်တဆမှုတွေ လျော့နည်းသွားပြီး ကုန်ကျစရိတ်တွေ သက်သာသွားပါလိမ့်မယ်။ ကုမ္ပဏီတွေအနေနဲ့ ဒါကို မကြိုဆိုရမယ့် အကြောင်းပြချက် မရှိပါဘူး။ ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ် သက်သာသွားရင် ကုန်ပစ္စည်းဈေးနှုန်းတွေလည်း ပိုချိုသာလာမှာမလို့ စားသုံးသူတွေကလည်း ကြိုဆိုကြမှာပါ။ ဒါပေမဲ့ လူတိုင်း ပျော်နေကြတာတော့ မဟုတ်ပါဘူး။

ပြဿနာတစ်ခုကတော့ အမေရိကန်ပြည်ထောင်စုတစ်ခုထဲမှာတင် အယောက် ၂ သန်း ရှိနေတဲ့ ထရပ်ကားဒရိုင်ဘာတွေရဲ့ အလုပ်အကိုင် ဖြစ်ပါတယ်။ Teamsters အလုပ်သမားသမဂ္ဂက အလုပ်အကိုင် လုံခြုံမှုနဲ့ လူမဲ့ ထရပ်ကား မောင်းနှင်ခွင့် ပါမစ်တွေကို ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆိုရင်း သပိတ်မှောက်တာနဲ့ ဆန္ဒပြတာတွေကို လုပ်သွားမယ်လို့ ကြေညာထားပြီးပါပြီ။

ဒါက အစပဲ ရှိသေးတာပါ။

ဒရိုင်ဘာမဲ့ကားတွေက သူတို့ရဲ့ နယ်ပယ်ကို အသေအချာပဲ တိုးချဲ့လာပါလိမ့်မယ်။ ရုံးတက်ရုံးဆင်းဖို့အတွက် မတတ်သာလို့ ကားမောင်းနေရတဲ့ လူတွေအတွက်တော့ ဒီအချက်က ကြိုဆိုစရာ ဖြစ်နိုင်ပေမဲ့ အသက်မွေးဝမ်းကျောင်းအဖြစ် ကားမောင်းနေရတဲ့ လူတွေအတွက်တော့ မဟုတ်ပါဘူး။

ထရပ်ကားဒရိုင်ဘာတွေ အားလုံး အလုပ်ပြုတ်ပြီးသွားရင် နောက်ထပ် ဘယ်သူတွေ ထပ်ပြီးအလုပ်ပြုတ်မလဲ။ တကယ်လို့ ခင်ဗျားက တက္ကစီဒရိုင်ဘာ၊ ဘတ်စ်ကားဒရိုင်ဘာ ဒါမှမဟုတ် Uberဒရိုင်ဘာ တစ်ယောက်ဆိုရင် နောက်ထပ် ၁၀ နှစ်အတွင်းမှာ ဒီအလုပ်ကို တကယ်ပဲ ဆက်လုပ်နိုင်ပါဦးမလား။

All Chapters