အခန်း ၂၅၆
Vol. 18 Ch. 256
အပိုင်း(၂၅၆) ဂိုဏ်းချုပ်ကြီး၏ စိတ်ရှုပ်ထွေးမှုနှင့် ကောင်းကင်ပြည်နယ်သို့ ထွက်ခွာခြင်း
ကောင်းကင်ကြည့်ဆောင်၏ ဂိုဏ်းချုပ်ကြီး၏ ပွင့်လင်းမြင်သာသောမျက်နှာက ဟင်းလင်းပြင်ထဲတွင် ပေါ်ထွက်လာပြီး သူ၏အကြည့်မှာ တောရိုင်းမြေဘက်သို့ စူးစိုက်နေလေသည်။ အချိန်အတော်ကြာပြီးနောက် သူ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဟောင်တုက မပျောက်ကွယ်သွားခင် မုန့်ချင်ကျိုးရဲ့ အတွင်းစကြာဝဠာကို ကျူးကျော်ဝင်ရောက်ပြီး အချိန်-နေရာလွတ်နိယာမတွေကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်။ နောက်တော့ သူ လုံးဝ ပေါ်မလာတော့ဘူး။"
"ထူးဆန်းတယ်။ ဒါပေမဲ့ ကပ်ဘေးစွမ်းအားတွေ ပြန်မလာသေးဘူးဆိုတော့ ကပ်ဘေးနတ်ဘုရားက မသေသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ့ သူက ဘယ်ရောက်နေတာလဲ။"
အနက်ရောင်ဝတ်ရုံနှင့် ဝါးဦးထုတ်ဆောင်းထားသူက တံတွေးမျိုချလိုက်သည်။
အဝေးကြီးကနေ အရာအားလုံးကို မျက်စိတစ်ချက်နဲ့ ဖောက်ထွင်းမြင်နိုင်တာ။ ဒါ ဘယ်လို သဘာဝလွန် စွမ်းအားမျိုးလဲ။ ဒါမှမဟုတ် ဂိုဏ်းချုပ်ကြီးက ဒဏ္ဍာရီလာနယ်ပယ်ကို ရောက်နေပြီလား။
သို့သော်။
ဂိုဏ်းချုပ်ကြီး၏စကားကို ကြားရာတွင် အနက်ရောင်ဝတ်ရုံနှင့် ဝါးဦးထုတ်ဆောင်းထားသူ အံ့သြသွား၏။
"စွမ်းအားတွေ ပြန်မလာသေးဘူး။ ပြီးတော့ ကပ်ဘေးက ပျောက်ကွယ်သွားတယ် ဟုတ်လား။"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ကောင်းကင်ကြည့်ဆောင်၏ ဂိုဏ်းချုပ်ကြီးမှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"မသေချာသေးဘူး။ အကယ်၍ ဟောင်တု သေသွားရင် သူ့ရဲ့ စွမ်းအားတွေက ကောင်းကင်တာအိုဆီ ပြန်ရောက်သွားမှာပဲ။ သူ မထွက်သွားခင်မှာ ယဇ်ပလ္လင်တချို့ကို မီးရှို့ခဲ့တယ်။ သူ သေသွားတာနဲ့ အဲဒီယဇ်ပလ္လင်တွေက အာဟာရတွေကို အလိုအလျောက် စုပ်ယူသွားမှာပဲ။ လက္ခဏာရပ်တွေ အားလုံးက ဟောင်တု မသေသေးဘူးဆိုတာကို ပြနေတယ်။ ဒါပေမဲ့ သူ တကယ်ပဲ ပျောက်ကွယ်သွားတယ်။"
နတ်ဘုရားတွေ ပျောက်ကွယ်သွားပြီ...
အနက်ရောင်ဝတ်ရုံနှင့် ဝါးဦးထုတ်ဆောင်းထားသူက ရုတ်တရက် သူ၏စိတ်များ ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။
ဒါတွေက ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ စကားလုံးတွေပဲ။ လိမ်လည်မှု အသစ်တစ်မျိုးလား။
လေးလံသောလေထုက ပျံ့နှံ့နေ၏။ အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက် အနက်ရောင်ဝတ်ရုံနှင့် လူက ပြောလိုက်သည်-
"နောက်တစ်ခေါက်ထပ်ပြီး ဒုတိယမြောက် နတ်ဘုရားတစ်ပါးကို နိုးထစေရင်ကော။ ဒီတစ်ကြိမ်တော့ ကျွန်တော်ကိုယ်တိုင်သွားပြီး တိုက်ပွဲကို အနီးကပ် စောင့်ကြည့်ပါ့မယ်။"
"ဘယ်လိုလဲ။"
ကောင်းကင်ကြည့်ဆောင်၏ ဂိုဏ်းချုပ်ကြီး၏ အရိပ်ယောင်မျက်နှာက ပါးစပ်ဟလိုက် ပိတ်လိုက် ဖြစ်နေသည်။
"မလိုတော့ဘူး။ မုန့်ချင်ကျိုးက ဟောင်တုကို ဘယ်လိုနည်းနဲ့ပဲ ပျောက်ကွယ်အောင် လုပ်ခဲ့လုပ်ခဲ့ သူက ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နေပြီဆိုတာကို ပြနေတယ်။ တကယ်လို့ နတ်ဘုရားက ပိုမြင့်တဲ့အဆင့်အထိ ပြန်မရနိုင်ရင် သူ့ကို သေတွင်းထဲ ပို့လိုက်သလိုပဲ ဖြစ်နေလိမ့်မယ်။"
"ကောင်းကင်ပြည်နယ်ကို ပြန်သွားတော့။ အဲဒီကိုရောက်ရင် မင်းရဲ့ ကောင်းကင်ကြည့်ဆောင်က သရုပ်ကို စွန့်လွှတ်လိုက်ပြီး မင်းရဲ့ မှတ်ဉာဏ်တွေအပါအဝင် အဲဒါနဲ့ ပတ်သက်တာအားလုံးကို ဖျက်ဆီးပစ်လိုက်။ ဒါမှ မင်းက ကောင်းကင်ကြည့်ဆောင်နဲ့ မပတ်သက်တော့ဘဲ ကောင်းကင်တာအိုက မင်းကို တရားစီရင်လို့ မရတော့မှာ။"
"ပြီးရင် မင်းကိုယ်မင်း အမိန့်တစ်ခုပေးလိုက်။ ကျိဝူရွှမ်ကို ကောင်းကင်ပြည်နယ် ပေါင်းစည်းနိုင်အောင် ကူညီပေးပြီး အာဏာရှင်တစ်ယောက် မွေးဖွားလာမယ့် လုပ်ငန်းစဉ်ကို အရှိန်မြှင့်လိုက်။။"
"အခု အောင်မြင်မှုရဲ့ သော့ချက်က ကျိဝူရွှမ်အပေါ်မှာပဲ မူတည်နေတယ်။ ကောင်းကင်ပြည်နယ်ရဲ့ အရှင်သခင် မွေးဖွားလာသရွေ့တော့ တောရိုင်းမြေက... ဘာပြဿနာမှ ဖန်တီးနိုင်မှာ မဟုတ်ဘူး။"
အနက်ရောင်ဝတ်ရုံနှင့် ဝါးဦးထုတ်ဆောင်းထားသူက အနည်းငယ် အရိုအသေပေးကာ ရိုသေစွာ ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ။"
ကောင်းကင်ကြည့်ဆောင်၏ ဂိုဏ်းချုပ်ကြီး၏ ပွင့်လင်းမြင်သာလုနီးပါးဖြစ်နေသော မျက်ဆံများက တောရိုင်းမြေဘက်သို့ စူးစိုက်နေလေသည်။ သူ၏အမြင်အာရုံသည် မဟာကျင်းတိုင်းပြည်၏ မြို့တော်တွင် မျက်လုံးများကိုအုပ်ထားသော အနက်ရောင်ဝတ်ရုံနှင့်လူငယ်ကို မြင်ရသည်အထိ တဖြည်းဖြည်း ကျယ်ပြန့်၍ သွားလေသည်။ သူ၏မျက်လုံးများတွင် နားလည်ရခက်သော အမူအရာတစ်ခု ပြည့်နှက်နေပြီး နှုတ်ခမ်းပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာလေ၏။
အချိန်-နေရာလွတ်... ဓားသူတော်စင်။
စိတ်ဝင်စားစရာကောင်းသားပဲ။
...
ခွေးနှင့်လမ်းလျှောက်ထွက်လာသော မုန့်ချင်ကျိုးက ရုတ်တရက် ရပ်တန့်သွားပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
ယခုလေးတင်။
သူ၏နှလုံးသား အပြင်းအထန် ခုန်ပေါက်သွားပြီး တစ်ကိုယ်လုံး ကြက်သီးထသွား၏၊ အဆင့်မြင့်သော ဒိုင်မန်းရှင်းတစ်ခုမှ သက်ရှိတစ်မျိုးမျိုး၏ စောင့်ကြည့်ခြင်းကို ခံလိုက်ရသလိုပင်။
ဘာတွေ ဖြစ်နေတာလဲ။
နေမင်းအရှင်သခင်၏ဗိုက်မှာ လုံးဝန်းပြည့်ဖြိုးနေပြီး အလွန် စိတ်ရွှင်လန်းနေလေသည်။ လမ်းဘေးတွင် ဆီးသွားရသည်ကို အသားကျသွားသဖြင့် သူ၏ဂုဏ်သိက္ခာမှာ လုံးဝ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။
အထူးသဖြင့် ဒီခွေးစာရဲ အရည်အသွေးက သိသိသာသာ တိုးတက်လာတယ်။ အကောင်းဆုံးထဲက အကောင်းဆုံးပဲ။
ဒီမျက်မမြင်ခွေးပိုင်ရှင်ရဲ့ အသိအမြင်က ပိုပိုပြီး မြင့်မားလာတယ်။ သူက ခွေးအစာရဲ့ အရည်အသွေးကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာကို သိတယ်။ သူ့ရဲ့အိမ်မွေးတိရစ္ဆာန်က တိုင်းပြည်ရဲ့ အဖိုးတန်ရတနာတစ်ခုဆိုတဲ့ အရေးပါမှုကို နားလည်တယ်။ ပြီးတော့ ဘယ်လို အကောင်းဆုံး နှစ်သိမ့်ရမလဲဆိုတာကိုလည်း သိတယ်။
သိပ်ကောင်းတယ်။
သူတို့ လမ်းလျှောက်နေစဉ်တွင် ခွေးကြိုးမှာ ရုတ်တရက် တင်းကျပ်သွားပြီး နေမင်းအရှင်သခင်မှာ လည်ပင်းညှစ်ခံရလုမတတ်ဖြစ်သွားကာ မျက်လုံးများ လှန်တက်သွားလေသည်။ သူက အနောက်ကို လှည့်ကြည့်လိုက်သောအခါ မျက်မမြင်က တွေဝေစွာ ရပ်နေသည်ကို တွေ့လိုက်ရ၏။
"ဝုတ် ဝုတ် ဝုတ်။"
နေမင်းအရှင်သခင်က အလွန် ဒေါသထွက်သွားသဖြင့် ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုလေသည်။
"အော်နေတာ တော်တော့။ မင်းဘာသာမင်း လမ်းလျှောက်ပြီးရင် အိမ်ပြန်သွားလိုက်တော့။"
မုန့်ချင်ကျိုက ခွေးကြိုးကိုပစ်ချကာ လက်ခုပ်တီးပြီး အိမ်သို့ အလျင်စလိုပြန်သွားလေသည်။
ဧကရီကို အရိုအသေပေးရန် မြို့တော်သို့ အပြေးအလွှား ရောက်ရှိလာကြသော တိုင်းပြည်အသီးသီးမှ သံတမန်များကြောင့် လမ်းများပေါ်တွင် လူစည်ကားလျက် ရှိသည်။ မူလက ဗုဒ္ဓတိုင်းပြည်ဘက်တွင် ရပ်တည်ခဲ့ကြသော တိုင်းပြည်များက မဟာကျင်းတိုင်းပြည်ဘက်သို့ ဘက်ပြောင်းလာကြသည်။
အချိုးအစားမှာ အံ့အားသင့်ဖွယ် ၈ -၂ အထိ ရောက်ရှိသွားသည်။
မှန်ပေသည်။ ၈က မဟာကျင်းတိုင်းပြည်ဖြစ်ပြီး ၂က ဗုဒ္ဓတိုင်းပြည်ဖြစ်သည်။
တောရိုင်းမြေ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သော နတ်ဘုရားစစ်ပွဲ ဖြစ်ပွားပြီးကတည်းက၊ ကောင်းကင်ထောက်တိုင်နယ်ပယ်မှ ရှေးဟောင်းနတ်ဘုရားများ ပြန်လည်ရှင်သန်လာကာ ကမ်းရိုးတန်းသို့ ဆင်းသက်ပြီး တိုင်းပြည်ကြီးငယ် ဒါဇင်ကျော်ကို ဖျက်ဆီးခဲ့သော်လည်း နောက်ဆုံးတွင် အချိန်-နေရာလွတ် ဓားသူတော်စင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
ထိုသတင်းက တောရိုင်းမြေကို မည်မျှတုန်လှုပ်သွားစေခဲ့သည်ကို စိတ်ကူးကြည့်ရန် လွယ်ကူပေသည်။ ပြင်းအား(၂၀) ရှိသော ငလျင်တစ်ခုထက် မနည်းပေ။
တောရိုင်းမြေတွင် နှစ်ပေါင်းထောင်ချီ ရပ်တည်ခဲ့ပြီး နာမည်ကျော်ကြားကာ ဦးညွှတ်ခြင်းမရှိသော အတ္တကင်းမဲ့ဗုဒ္ဓပင်လျှင် တူညီသောနယ်ပယ်ရှိ ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည့် ထင်ရှားသောမှတ်တမ်း မရှိပေ။
ယနေ့ခေတ်တွင်တော့။
မုန့်ချင်ကျိုးက တောရိုင်းမြေတွင် အင်အားအကြီးဆုံး တိုက်ခိုက်သူ ဖြစ်လာပြီး အတ္တကင်းမဲ့ဗုဒ္ဓက တကယ်တမ်း လှုပ်ရှားဖူးခြင်း မရှိသောကြောင့် ဒုတိယနေရာတွင် ရှိနေ၏။
ထိုမျှမကသေးပေ။ ဗုဒ္ဓတိုင်းပြည်က လာမာဘုန်းကြီများပင် အခုတွင် ပြဿနာရှာခြင်း၊ ဆူပူခြင်းများ သိပ်မလုပ်ကြတော့ပေ။
လူတိုင်းက အချိန်-နေရာလွတ်ဓားသူတော်စင်သည် မည်သို့သော မတရားမှုကိုမှ သည်းခံနိုင်သောသူ မဟုတ်ကြောင်း သိကြသည်။
ထို့အပြင် အတ္တကင်းမဲ့ဗုဒ္ဓသည် တည်ငြိမ်မှုကို အာရုံစိုက်ပြီး သူ၏လက်အောက်ငယ်သားများက မုန့်ချင်ကျိုးကို စော်ကားပြီး ပြဿနာရှာမိမည်ကို ကြောက်ရွံ့သည်။ ထို့ကြောင့် သူက လူတိုင်းကို ဗုဒ္ဓတိုင်းပြည်တွင်သာနေပြီး အိမ်မှာသာ ကြိုးကြိုးစားစား ကျင့်ကြံရန် အမိန့်ပေးခဲ့သည်။
အခြေအနေကို အနည်းငယ် တွေ့ကြုံပြီးနောက် မုန့်ချင်ကျိုးမှာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
"မဟာကျင်းတိုင်းပြည်ရဲ့ ကံကြမ္မာက ပိုပိုပြီးတော့ အားကောင်းလာတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက တောရိုင်းမြေရဲ့ လေးပုံ သုံးပုံကို သိမ်းပိုက်ထားနိုင်ခဲ့တယ်။ အခုဆိုရင် ဆယ်ပုံ ရှစ်ပုံ ဒါမှမဟုတ် ကိုးပုံလောက် ရှိနေလောက်ပြီ။"
ကံကြမ္မာဆိုသော အယူအဆမှာ ဝေဝါးပြီး ဖမ်းဆုပ်ရခက်သော်လည်း ၎င်း၏ အဓိကစံနှုန်းတစ်ခုကို ယေဘုယျအားဖြင့် လက်ခံထားကြသည်။
၎င်းမှာ လူသားများ၏ နှလုံးသားနှင့် သတ္တဝါအားလုံး၏ ဆန္ဒပင် ဖြစ်သည်။
အချိန်-နေရာလွတ် ဓားသူတော်စင်သည် မဟာကျင်းတိုင်းပြည်၏ တိုင်းပြည်စစ်နတ်ဘုရား ဖြစ်သည်။ သူက မိစ္ဆာများကို သတ်ဖြတ်ပြီး လူပေါင်းများစွာကို ကယ်တင်ခဲ့သည်။ ထို့ကြောင့် မဟာကျင်းတိုင်းပြည်လည်း သူ၏ဂုဏ်ကျက်သရေမှ အကျိုးအမြတ် ရရှိလေသည်။
အိမ်ပြန်ရောက်လေပြီ။
တုန်းဖန်လျူလီက အနီးအနားတွင် ရှိနေဆဲ ဖြစ်သည်။ ဤကာလအတွင်း အရိုအသေပေးရန် လာရောက်သော သံတမန်များ အလွန်ပင် များပြားလှသည်။ အစပိုင်းတွင် သူက သူတို့ကို ဧည့်ခံရန် စိတ်ရှည်ခဲ့သော်လည်း နောက်ပိုင်းတွင် လူများလွန်းပြီး အလုပ်ရှုပ်လွန်းသည်ဟု ခံစားရသဖြင့် ကျန်းစန်းဟိုင်ကို တာဝန်ယူကိုင်တွယ်ရန် လွှဲပြောင်းပေးလိုက်သည်။ နန်းရင်းဝန်က ဤပြဿနာများပြီး ပင်ပန်းသောအလုပ်များကို လုပ်သင့်သည်။
"အချစ်လေး။ ကိုယ် မင်းနဲ့ စကားနည်းနည်း ပြောစရာရှိတယ်။"
မုန့်ချင်ကျိုးက တုန်းဖန်လျူလီကို ရှာတွေ့သွားသည်။ သူ၏ အလျင်စလိုအမူအရာကို မြင်သောအခါ တုန်းဖန်းလျူလီက အစပိုင်းတွင် တွေဝေသွားပြီးနောက် လှပသော မျက်နှာလေးမှာ အနည်းငယ် နီရဲသွားသည်။ သူက မုန့်ချင်ကျိုးကို ညင်သာစွာကန်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ။ အခုက နေ့ခင်းကြောင်တောင်ကြီးလေ။"
"ဘာပြောတယ်…"
မုန့်ချင်ကျိုးက ခေါင်းကိုကုတ်လိုက်ပြီး လှည့်ပတ်ပြောနေရန်ပျင်းသဖြင့် တိုက်ရိုက်ပင် ပြောလိုက်သည်။ "ကိုယ်ပြောချင်တာက ကောင်းကင်ပြည်နယ်ရဲ့အခြေအနေက မတည်ငြိမ်သေးဘူး။ အာဏာရှင်တစ်ယောက် မမွေးဖွားလာသေးတဲ့အချိန်မှာ ကိုယ် အဲဒီကို ကိုယ်တိုင်သွားချင်တယ်။"
"ကောင်းကင်ကြည့်ဆောင်ရဲ့ ဌာနချုပ်က ကောင်းကင်ပြည်နယ်မှာ ရှိနေတယ်လို့ ကိုယ် သံသယရှိတယ်။ ရေမြောင်းထဲကဒီကြွက်တွေက အမှောင်ထဲမှာ ပုန်းအောင်းနေပြီး သူတို့အကြောင်း ကိုယ်တို့ ဘာမှ မသိရဘူး။ ကိုယ် သူတို့ကို ရှာထုတ်ချင်တယ်။"
သူက ဟောင်တုဆီမှ ကောင်းကင်ကြည့်ဆောင်အကြောင်း သိလိုက်ရကတည်းက ဤအတွေးရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ အလောတကြီး မရှိခဲ့ပေ။ ထို့ကြောင့် အိမ်တွင် ဇနီးနဲ့ အချိန်ပိုဖြုန်းချင်ခဲ့သည်။
သို့သော် ယခုလေးတင် ထူးဆန်းသေ ခံစားချက်တစ်ခုက သူ့ကို ရုတ်တရက် လန့်နိုးသွားစေခဲ့သည်။
ကောင်းကင်ပြည်နယ်ပေါင်းစည်းရေးက နှစ်လထက် ပိုကြာမည် မဟုတ်ပေ။
အချိန်ကအရေးကြီးပြီး အပေါ်စီးမှရနိုင်မည့် နည်းလမ်းကို ရှာရမည်။ ဥပမာ- ကောင်းကင်ပြည်နယ်တွင် ပုန်းအောင်းနေသော ကောင်းကင်ကြည့်ဆောင်၏ လျှို့ဝှက်ချက်ကို အရင်ဆုံး ဖော်ထုတ်ရမည်။ ထိုအခါမှသာ အနည်းဆုံး ရန်သူ၏တည်နေရာကို သိနိုင်ပေမည်။
ထိုသို့မဟုတ်ဘဲ တကယ့်တိုက်ပွဲ ဖြစ်လာလျှင် သူတို့က အမှောင်ထဲ လုံးဝရောက်နေပြီး အရိုက်ခံရန်သာ ရှိပေတော့မည်။
"ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်။" တုန်းဖန်လျူလီက ချက်ချင်း လေးနက်သွားပြီး မည်သည့်မေးခွန်းမျှမမေးဘဲ သူ၏အတွေးများကို တိုက်ရိုက်ပြောလိုက်သည်။
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြုံးလိုက်သည်။ "မလိုပါဘူး။"
"မင်းက တောရိုင်းမြေရဲ့ကံကြမ္မာ အသိအမှတ်ပြုထားတဲ့သူလေ။ တောရိုင်းမြေမှာမှ မင်း မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်မှာ။ ကျင့်ကြံခြင်းမှာ ကြိုးကြိုးစားစားလုပ်။ ကိုယ်ပြန်လာရင် မင်း ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းပြီးတော့ အနာဂတ်ရဲ့ ကြီးမားတဲ့မုန်တိုင်းတွေကို ကိုယ်နဲ့အတူ ရင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။"
တုန်းဖန်လျူလီ၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲသွားပြီး သူက မုန့်ချင်ကျိုး၏ အင်္ကျီကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။
မုန့်ချင်ကျိုးက ညင်သာစွာ ပြုံးပြီး သူ၏ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။
တုန်းဖန်လျူလီက သူ့ကို ခွဲခွာရန် ဝန်လေးနေကြောင်း သူ သိသည်။ ထို့အပြင် သူ၏ အရူးဇနီးလေးက အမြဲပင် အစွန်းရောက်တတ်သည်။ အကယ်၍ သူသာ မုန့်ချင်ကျိုးနှင့်မတွေ့ခဲ့ဘဲ နှလုံးသားထဲရှိ နတ်ဆိုးကို သော့ခတ်မထားနိုင်ခဲ့ပါက အချိန်အတော်ကြာကတည်းက လူဆိုးတစ်ယောက်အဖြစ် ပြောင်းလဲသွားလောက်ပြီ ဖြစ်သည်။
"အလွန်ဆုံးရှိ တစ်လပဲ။ အောင်မြင်မြင် မမြင်မြင် ကိုယ် ပြန်လာခဲ့ပါ့မယ်။ ဟုတ်ပြီလား။"
တုန်းဖန်လျူလီက မျက်လုံးများကိုအောက်သို့ချကာ အနည်းငယ် ဝမ်းနည်းနေပုံပေါ်နေသည်။
အချိန်အတော်ကြာပြီးနောက်။
"ကျွန်မ ရှင်ပြန်လာမယ့်အချိန်ကို စောင့်နေမယ်။"
…