အခန်း ၂၅၉
Vol. 18 Ch. 259
အပိုင်း(၂၅၉) မျိုးနွယ်စု(၅)ခု၏ မူလအစ၊ ဧကရာဇ်နှင့် ကံကြမ္မာနတ်ဘုရား
"သခင်လေး... သခင်လေး..."
"ကျွန်မ ကိစ္စကြီးကြီးတစ်ခု လုပ်ခဲ့တယ်။ တကယ် ကြီးမားတဲ့ အလုပ်တစ်ခုပဲ။ ကျွန်မကို ဘယ်လို ဆုချမလဲဆိုတာ သေချာစဉ်းစားထားတာ ကောင်းမယ်။"
"အရေးကြီးတဲ့ သတင်းအချက်အလက် သုံးခုစလုံးကို ကျွန်မ မှောင်ခိုဈေးကွက်ကနေ ဈေးကြီးပေးပြီး ဝယ်လာခဲ့တယ်။"
တိမ်များထိ ထိုးထွက်နေသော တောင်ထွတ်တစ်ခု၏ အောက်ခြေတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသော စုချင်ချိုးက သီချင်းလေးညည်းရင်း ခုန်ပေါက်ကာ တောင်အောက်ခြေမှ လှမ်းအော်လိုက်သည်။။
"အထဲဝင်ခဲ့လေ။ ငါတို့ စကားပြောကြတာပေါ့။"
နေရာလွတ် ပုံပျက်သွားပြီး တောင်တစ်လုံးလုံးက တကယ့်အစစ်မဟုတ်တော့ဘဲ မှုန်ဝါးဝါးဖြစ်သွားကာ စုချင်ချိုးရှေ့တွင် အချိန်-နေရာလွတ် ဝဲဂယက်တစ်ခု ပေါ်လာလေသည်။
အထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်းဆိုသလို မျက်စိကျိန်းလောက်သည့် ထူးဆန်းသော အလင်းရောင် အဝိုင်းလေးများကြောင့် ခေါင်းမူးသွားသလို ခံစားရ၏။
စုချင်ချိုးက ပတ်ဝန်းကျင်ကို ကြည့်လိုက်သော် သူက ဂူတစ်ခုထဲကို ရောက်နေမှန်း သိလိုက်သည်။ ထိုဂူက အတော်လေး ကျယ်ဝန်းပြီး ပေ(၁၀၀)ခန့် အကျယ်အဝန်းရှိသည်။
၎င်းမှာ တောင်ထွတ်တစ်ခုလုံး၏ အတွင်းပိုင်းကိုတူးဖော်ပြီး ဖန်တီးထားသော လျှို့ဝှက်ဂူတစ်ခုပင်။
ဤနေရာက ကောင်းကင်ပြည်နယ်၏ အလယ်ပိုင်းဒေသနှင့်နီးသော အနောက်တောင်ဘက် ရှေးဟောင်း သစ်တောကြီးထဲ တည်ရှိလေသည်။ ဤနေရာကို လူများ ရောက်လာသည်မှာ ရှားပေသည်။ တောရိုင်းမြေတွင် ဤနေရာကို တားမြစ်နယ်မြေဟု သတ်မှတ်ကြမည် ဖြစ်သော်လည်း ကောင်းကင်ပြည်နယ်တွင်တော့ အလွန်ဆုံး အန္တရာယ်များသော သစ်တောနက်တစ်ခုလောက်ပင်။
၎င်းက လုံလောက်အောင် သိုသိပ်ပြီး လုံလောက်အောင် ဘေးကင်း၏။
ဂူထဲတွင်။
မုန့်ချင်ကျိုးက ဟင်းလင်းပြင်ထဲမှာ တင်ပလ္လင်ခွေ ထိုင်နေသည်။
သူက စိတ်ကိုစုစည်းပြီး အတွင်းစကြာဝဠာထဲကို နစ်မြုပ်သွားသည်။ အချိန်-နေရာလွတ်မြစ်ကြီး၏ အောက်ခြေတွင် နစ်မြုပ်နေသော ဟောင်တု၏ရှေ့တွင် သူက အတုအယောင်ခန္ဓာကိုယ်တစ်ခုကို စတင်ဖန်တီးပြီး အတွင်းမှအပြင်အထိ လုံးဝကို အသွင်ပြောင်းလိုက်၏။
၎င်းမှာ လေထဲမှအသက်ကို ဖန်တီးခြင်း မဟုတ်ဘဲ "အသက်တစ်ရှိုက် သုံးပါးသန့်စင်ခြင်း" ဆိုသည့် ကိုယ်ပွားအတတ်ကို ပြုပြင်မွမ်းမံထားခြင်းပင်။
သို့သော်လည်း ဤအတတ်ဖြင့် ဖန်တီးထားသော ကိုယ်ပွားများက မုန့်ချင်ကျိုးကိုယ်တိုင်၏ ပုံစံတူများ ဖြစ်ကြပြီး အချိန်-နေရာလွတ် ဓားတာအိုက ထင်ရှားလွန်း၍ ဖော်ထုတ်မရပေ။
ထို့ကြောင့် ပြုပြင်မွမ်းမံရန် လိုအပ်နေသည်။ ကိုယ်ပွား၏ အချိန်-နေရာလွတ် ဓားအသိကို အလွှာလိုက် ခွာချလိုက်ပြီး ကပ်ဘေး၏နတ်ဘုရားမီးပွားကို ထုတ်ယူကာ ကိုယ်ပွား၏ခန္ဓာကိုယ်ထဲ တာအိုသစ်သီးအဖြစ် ထည့်သွင်းလိုက်သည်။
ထို့နောက် ဟောင်တု၏အကူအညီဖြင့် ကိုယ်ပွားကို တတ်နိုင်သမျှ ပြီးပြည့်စုံအောင် ပြုလုပ်ခဲ့သည်။
"နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့်က ကန့်သတ်ချက် ဖြစ်နေပေမယ့် တိုက်ခိုက်ရေး စွမ်းအားကတော့ အတော်လေး ပြင်းထန်တယ်။ ဒါက ကပ်ဘေးအာဏာရဲ့ နတ်ဘုရားစွမ်းအား အစိတ်အပိုင်း တစ်ခုကို ပိုင်ဆိုင်ထားတယ်။ နယ်ပယ်တူတွေကြားမှာ ဝူတျဲနဲ့ တုန်းဖန်လျူလီတို့လို ထူးချွန်တဲ့ ပါရမီရှင်တွေနဲ့ မကြုံရသရွေ့တော့ အခြေခံအားဖြင့် ပြိုင်ဖက်ကင်းပဲ။"
အတွင်းစကြာဝဠာ၊ အချိန်-နေရာလွတ်မြစ်၏ အောက်ခြေတွင်။
ဟောင်တုက မုန့်ချင်ကျိုးကို စိုက်ကြည့်ရင်း မေးလိုက်သည်။ "မင်းက ဒီကိုယ်ပွားကို ပြင်ပကမ္ဘာမှာ မင်းကိုယ်စား ခရီးသွားစေချင်တာလား။"
"မင်းကို သတိမပေးဘူးလို့ အပြစ်မတင်နဲ့။ နတ်ဘုရားမီးပွားက ဒီနေရာကနေ ထွက်သွားတာနဲ့ ကောင်းကင်တာအိုက ချက်ချင်း သိသွားလိမ့်မယ်။ ဟုတ်ပါတယ်။ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က မသေသေးလို့ ကောင်းကင်တာအိုက နတ်ဘုရားမီးပွား ဒါမှမဟုတ် စွမ်းအားတွေကို ပြန်ယူလို့ မရနိုင်ဘူး။"
"ဒါပေမဲ့ ကောင်းကင်စောင့်ကြည့်သူက သေချာပေါက် သတိထားမိလိမ့်မယ်။ သူက နတ်ဘုရားတွေရဲ့ နတ်ဘုရားအဆင့်အတန်းကို နှစ်ပေါင်းသောင်းချီ ထိန်းချုပ်ခဲ့တာဆိုတော့ လှည့်ကွက်တချို့ကို သေချာပေါက် သိထားမှာပဲ။"
ဟောင်တုက သူ၏နတ်ဘုရားအဆင့်အတန်းကို ကောင်းကင်ကြည့်ဆောင်၏ လက်ထဲသို့ ပြန်မရောက် စေချင်ပေ။ ထိုညစ်ပတ်သော လူယုတ်မာများက သူ့ကို အများကြီး ထိခိုက်နစ်နာစေခဲ့ပြီး ယခုတော့ သူက မုန့်ချင်ကျိုး၏ ခန္ဓာကိုယ်ထဲ ပိတ်မိနေကာ သူ့အသက်က ဆံချည်မျှင်တစ်မျှင်လောက် ကျန်တော့သည်။
အကယ်၍ နတ်ဘုရားအဆင့်အတန်းသာ ဆုံးရှုံးသွားလျှင် ကပ်ဘေးက သူ၏နောက်ဆုံးတန်ဖိုးကို ဆုံးရှုံးသွားလိမ့်မည်။ ထို့ပြင် မုန့်ချင်ကျိုး၏စရိုက်အရ ရည်ရွယ်ချက်ပြီးမြောက်သွားသည်နှင့် သူ့ကို သေချာပေါက် စွန့်ပစ်ပေလိမ့်မည်။
အချိန်-နေရာလွတ် နိယာမများဖြင့် ဖုံးလွှမ်းထားသော အတွင်းစကြာဝဠာထဲတွင် သေဆုံးသွားပါက နတ်ဘုရားအနှစ်သာရသည် အလောင်းကောင်၏အကြွင်းအကျန်နှင့် ပုပ်သိုးယိုယွင်းမှုတို့ကို မစုပ်ယူနိုင်တော့ဘဲ ကောင်းကင်တာအိုထံသို့ ပြန်မသွားနိုင်ကာ ပြန်လည်မွေးဖွားပြီး ပြန်မလာနိုင်တော့ပေ။ ထိုအချိန်ကျလျှင် ၎င်းမှာ စစ်မှန်သော သေဆုံးခြင်းနှင့် တူညီသွားပေမည်။
ထို့ကြောင့် သူက မုန့်ချင်ကျိုးကို ရိုးသားစွာ သတိပေးခဲ့ခြင်း ဖြစ်သည်။ မိုက်မဲသော အလုပ်တစ်ခုခုကို မလုပ်ရန် အထူးသဖြင့် သူ၏နတ်ဘုရားအဆင့်အတန်းကို အသုံးပြု၍ အပြင်ထွက်ကာ မိုက်မဲသော အလုပ် တစ်ခုခုကို မလုပ်ရန် သတိပေးခဲ့ခြင်းပင်။
မုန့်ချင်ကျိုးက ပြုံးပြီး ပြောလိုက်သည်။
"ကျုပ်က ကောင်းကင်စောင့်ကြည့်သူရဲ့ အာရုံစိုက်မှုကို ရချင်ရုံလေးပါ။ အဲဒီလိုမှမဟုတ်ရင် ကျုပ်ရဲ့ အတုအယောင်ခန္ဓာကိုယ်ကို ညစ်ညမ်းစေဖို့ ခင်ဗျားရဲ့ အသုံးမကျတဲ့နတ်ဘုရားအဆင့်အတန်းကို လိုအပ်မှာ မဟုတ်ဘူးလေ။"
ထိုစကားကို ကြားသောအခါ ဟောင်တု၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ချက်ချင်းပင် သဘောပေါက်သွားကာ ပြောလိုက်သည်။
"မင်းက ကောင်းကင်စောင့်ကြည့်သူကို မျှားခေါ်ချင်နေတာလား။"
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။ သူတို့ကိုရှာဖို့ အပင်ပန်းခံနေမယ့်အစား သူတို့ရဲ့အာရုံကို ဆွဲဆောင်ပြီး သူတို့ဘာသာ ကျုပ်ဆီလာအောင် လုပ်တာက ပိုကောင်းတယ်။ ခင်ဗျား သေသွားရင်တောင် အလွန်ဆုံး ခင်ဗျားရဲ့ နတ်ဘုရားအဆင့်အတန်းပဲ ဆုံးရှုံးမှာလေ။ ကျုပ်အတွက် ဘာဆုံးရှုံးမှုမှ မရှိဘူး။"
ဟောင်တု၏မျက်လုံးများ တုန်လှုပ်သွားသည်။ အကြင်နာကင်းမဲ့သောနတ်ဘုရားများပင် ဤအချိန်တွင် အနည်းငယ် စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်သွားလေသည်။
ဒါ ဘယ်လိုစကားလဲ။
ချီးပဲ။၊ ဒီကောင်က လူမဆန်ဘူး။
ရေတိမ်ထဲပိတ်မိနေတဲ့ နဂါးတစ်ကောင်ကို ငါးနဲ့ပုစွန်တွေက လှည့်စားနေကြတာပဲ။
တကယ့်ကို ယုတ်မာလိုက်တာ။
မုန့်ချင်ကျိုးက စုချင်ချိုး၏ စကားပြောသံများကို နားထဲတွင် ကြားလိုက်ရပြီး ဟောင်တုကို လက်ပြကာ အကူအညီမဲ့စွာ ပြောလိုက်သည်။ "ကျုပ် သွားတော့မယ်။ နောက်မှ စကားပြောတာပေါ့။"
ဟောင်တု၏မျက်နှာမှာ ညိုမည်းသွားပြီး "ထွက်သွားစမ်း။ ဝေးဝေးသွားပြီးတော့ ငါ့ကို ဘယ်တော့မှ လာမနှောင့်ယှက်နဲ့တော့။ မင်းမလာရင် ငါ မြစ်စောင့်နတ်အနေနဲ့ အေးအေးချမ်းချမ်း နေနိုင်ပြီး တော်တော်လေး သက်တောင့်သက်သာ ရှိတယ်" ဟူ၍ပင် အော်ဟစ်ချင်စိတ် ပေါက်သွားလေသည်။
ကံဆိုးစွာပင် သူ မအော်ရဲပေ။
...
...
"သတင်းအချက်အလက်တွေက အသုံးဝင်တယ်ဆိုရင်၊ ငါ မင်းကို ကောင်းကင်အဆင့် ဝိညာဉ်ဓား တစ်လက်နဲ့ ဆုချမယ်။ဘယ်လိုလဲ။"
မုန့်ချင်ကျိုးက သိုလှောင်လက်စွပ်ထဲမှ ကောင်းကင်အဆင့် ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ ဓားသွားမှာ ရေကဲ့သို့လှိုင်းထနေပြီး ပြီးပြည့်စုံသော ရေတာအို ပါဝင်နေသည်။ ၎င်းမှာ ဓားတစ်လက်နှင့် မတူဘဲ နူးညံ့သော ပိုးကြိုးတစ်ချောင်းနှင့် ပိုတူနေ၏။
ထိုအရာကို မြင်သောအခါ စုချင်ချိုး၏ လှပသောမျက်လုံးများ ပြူးကျယ်သွားပြီး နတ်ဘုရားဓားကို စူးစိုက်ကြည့်နေကာ နှုတ်ခမ်းထောင့်မှ သွားရည်များ ကျဆင်းလာလေသည်။ ခဏအကြာတွင် ရှေ့မှလူ၏ ချောင်းဟန့်သံကို ကြားလိုက်ရမှသာ သူ သတိဝင်လာပြီး ချက်ချင်းပင် အမူအရာကို ပြင်ဆင်ကာ အသေးစိတ် ရှင်းပြလေတော့သည်။
"သခင်လေးက ကျွန်မကို ကောင်းကင်ပြည်နယ်က မျိုးနွယ်စု(၅)ခုအကြောင်း တတ်နိုင်သမျှ သတင်းတွေ စုဆောင်းခိုင်းတယ်လေ။ ကျွန်မ မှောင်ခိုဈေးကွက်မှာ နာမည်ကြီး သတင်းပွဲစားတစ်ယောက်နဲ့ တွေ့ခဲ့ပြီးတော့ သတင်းအချက်အလက် သုံးခုဝယ်ဖို့ ကောင်းကင်အဆင့် နတ်ဘုရားစွမ်းအားတစ်ခုကို သုံးခဲ့ရတယ်။"
"ပထမအချက်က မျိုးနွယ်စု(၅)ခုရဲ့ မူလအစနဲ့ ပတ်သက်တယ်။ ကျိမိသားစုကလွဲပြီးတော့ ကျန်တဲ့ မျိုးနွယ်စု(၄)ခုဖြစ်တဲ့ လီ၊လင်း၊ချူနဲ့လုံတွေက လူသားဧကရာဇ်ခေတ်ကနေ ဆင်းသက်လာကြတာ။ ဒီမျိုးနွယ်စု (၄)ခုရဲ့ ဘိုးဘေးတွေက သမိုင်းမှာနာမည်ကြီးခဲ့တဲ့..."
"ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်လေးခုပဲ။"
"လူသားဧကရာဇ် လောကကြီးကို သိမ်းပိုက်ရပြီးတော့ နောက်ကနေ လိုက်ပါခဲ့တဲ့ ဘိုးဘေး(၄)ဦးက နောက်ပိုင်းမှာ လူသားဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်လေးခု ဖြစ်လာခဲ့တယ်။ လူသားဧကရာဇ်က လောကကြီးကို ပေါင်းစည်းပြီးတော့ ရွှေခေတ်တစ်ခုကို စတင်နိုင်ခဲ့တဲ့အချိန်မှာ လောကကြီးရဲ့ ထောင့်လေးထောင့်ကို စောင့်ရှောက်ပေးခဲ့ကြတယ်။"
"မဏ္ဍိုင်လေးခုက လူသားဧကရာဇ်ရဲ့အောက်က အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားကို ကိုယ်စားပြုပေမယ့် လူသားဧကရာဇ်ပျောက်ဆုံးသွားတာနဲ့အတူ ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်လေးခုလည်း ပျောက်ကွယ်သွားခဲ့တယ်။ သူတို့က လူသားဧကရာဇ်ကို ရှာဖွေနေရင်း အချိန်မြစ်ကြီးထဲမှာ လမ်းပျောက်သွားတယ်လို့ ကောလာဟလတွေ ရှိသလို လူသားဧကရာဇ်က ဘေးဒုက္ခတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရပြီး မဏ္ဍ်ုလေးခုက စစ်ပွဲမှာ သေဆုံးသွားတယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိတယ်။"
မုန့်ချင်ကျိုးက နားထင်ကိုပွတ်သပ်လိုက်ပြီး အတော်လေး အံ့အားသင့်သွားသည်။
"ကျိမိသားစုရဲ့ မူလအစက ဘာလဲ။"
စုချင်ချိုး၏အမူအရာ ရုတ်တရက် ထူးဆန်းသွားပြီး တွန့်ဆုတ်စွာ မေးလိုက်သည်။
"ကျွန်မ လှည့်စားခံရတာလားတော့ မသိဘူး။ ဒါပေမဲ့ အဲဒီသတင်းပွဲစားက ပြောတယ်... ကျိမိသားစုရဲ့ မူလအစက..."
"ဧကရာဇ်ရဲ့ မိဖုရားခေါင်ကြီး…"
"ကျိရှီးယွဲ့တဲ့။"
မုန့်ချင်ကျိုး လန့်ဖျပ်သွားပြီး လုံးဝကို အံ့အားသင့်သွား၏။
ဧကရာဇ်ရဲ့ မိဖုရားခေါင်ကြီး။။
နေပါဦး...
မုန့်ချင်ကျိုးက ဝတ္ထုထဲတွင် ပါဝင်ခဲ့သော စာကြောင်းတစ်ကြောင်းကို ရုတ်တရက် သတိရသွားသည်။ လူသားဧကရာဇ်၏ နန်းသက် နောက်ဆုံးနှစ်၊ သူ မပျောက်ကွယ်ခင် သုံးလအလိုတွင် မိဖုရားခေါင်ကြီး ကျိရှီးယွဲ့က ပုန်ကန်ရန် ကြံစည်ခဲ့သည်။ ရလဒ်အနေနဲ့ သူ၏သရုပ်မှန်ဖြစ်သော နတ်ဘုရားများ၏အကြွင်းအကျန် “စစ်မင်” ဆိုသည်က ပေါ်ပေါက်သွားခဲ့တသည်။
ဤစစ်မင်က တကယ့်ကို အထင်ကြီးလောက်စရာ နောက်ခံတစ်ခု ရှိသည်။ သူက နတ်ဘုရားခေတ်၏ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားများထဲမှတစ်ခုဖြစ်ပြီး ကောင်းကင်ပြည်နယ်မှ မျိုးနွယ်စု(၅)ခုနှင့် ဂိုဏ်း(၁၈)ခုနှင့် ညီမျှသည်။ ဟောင်တုက အလွန်ဆုံးဆိုရလျှင် မျိုးနွယ်စု(၅)ခုနဲ့ ဂိုဏ်း(၁၈)ခုအောက် လက်အောက်ခံ အင်အားစု တစ်ခုလောက်သာ ရှိလေသည်။
ဧကရာဇ်က ဒေါသတကြီးနှင့် ကံကြမ္မာနတ်ဘုရားကို ခေါင်းဖြတ်သတ်ပစ်ခဲ့ပြီးနောက် သုံးလအကြာတွင် ပျောက်ကွယ်သွားခဲ့သည်။
အအချက်ကို တွေးမိလိုက်သောအခါ မုန့်ချင်ကျိုးက အစပိုင်းတွင် ယုတ္တိမတန်ဟု ခံစားလိုက်ရပြီး ထို့နောက်တွင် မျက်မှောင်ကြုတ်ကာ တွေးတောနေစဉ် သူ၏နှလုံးသားထဲ ဆူပွက်နေသော လှိုင်းတံပိုးများနှင့် ပြည့်နှက်သွားလေသည်။
ကျိမိသားစုက... သာမန်မိသားစု မဟုတ်ဘူး။
ကြည့်ရတာ ကျိဝူရွှမ်ကို နောက်ထပ်လူသားဧကရာဇ်အဖြစ် ကောင်းကင်ကြည့်ဆောင် ရွေးချယ်ခဲ့တာက မတော်တဆ မဟုတ်ဘူး။ အဲဒါက... အချိန်အတော်ကြာ ကြိုတင်စီစဉ်ထားတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ဖို့များတယ်။
သတင်းအချက်အလက်တွေက မှန်မှန်မှားမှား ကျိမိသားစုက ကျိရှီးယွဲ့ရဲ့ သားစဉ်မြေးဆက်တွေတော့ လုံးဝဖြစ်နိုင်မှာ မဟုတ်ဘူး။ ကံကြမ္မာနတ်ဘုရားဆိုတာ အသက်နဲ့ကံကြမ္မာရဲ့ စွမ်းအားတွေကို ထိန်းချုပ်နိုင်တဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားတစ်ပါးဖြစ်ပြီးတော့ သူ့မှာ မျိုးဆက်ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။
တစ်ခုခုတော့ လွဲနေပြီ။
ထို့နောက် မုန့်ချင်ကျိုးက နားမလည်စွာဖြင့် မေးလိုက်သည်။ "ဒီလိုအရေးကြီးတဲ့ သတင်းကို မင်းက မှောင်ခိုဈေးကွက်မှာ ဒီတိုင်းလျှောက်ကြည့်ရုံနဲ့ လွယ်လွယ်လေး ရလာခဲ့တာလား။"
စုချင်ချိုးက ရှင်းပြသည်။
"မဟုတ်ပါဘူး။ မျိုးနွယ်စု(၅)ခုရဲ့ မူလအစက ကောင်းကင်ပြည်နယ်မှာ တကယ်တော့ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ဒါပေမဲ့ မျိုးနွယ်စု(၅)ခုက အခုဆို အရမ်းကို အင်အားကြီးလာတော့ ဘယ်သူကမှ အဲဒီအကြောင်း မဆွေးနွေးရဲကြဘူး။ ပြောဖို့တောင် မဝံ့ရဲကြဘူး။ အဲဒါပါပဲ။"
ထိုစကားကိုကြားရာတွင် မုန့်ချင်ကျိုး နားလည်သွားသည်။ "ဆက်ပြော။ ကျန်တဲ့ သတင်းအချက်အလက် နှစ်ခုကကော ဘာလဲ။"
...