← Chapters

အခန်း ၂၆၀

Vol. 18 Ch. 260

အခန်း ၂၆၀

Vol. 18 Ch. 260

အပိုင်း(၂၆၀) လီမိသားစု၏ သမီးကြီး၊ အတိတ်ကဖြစ်ရပ်များ

"ဒုတိယသတင်းကတော့ တစ်ချိန်က ကျိဝူရွှမ်နဲ့ တန်းတူလို့ သတ်မှတ်ခံရတဲ့ လီမိသားစုရဲ့ သမီးကြီး လီတိုင်ယွမ်ဟာ အခုဆိုရင် နံနက်ခင်းအလင်းနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီးတော့ လီမိသားစု ခေါင်းဆောင်ရဲ့ ဆက်ခံသူအဖြစ် ရွေးချယ်ခံထားရတယ်။ သူ့ကို ကျိမိသားစုက နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ ဒါဇင်ကျော်လောက်က ဝိုင်းရံတိုက်ခိုက်ခဲ့လို့ ထွက်ပြေးလာရတယ်။ သူက ဒီကနေ သိပ်မဝေးဘူး။ မိုင်တစ်ထောင်လောက်ပဲ ရှိမယ်။"

"တတိယသတင်းတော့ မိသားစုလေးခုက ကျိမိသားစုနဲ့ ညှိနှိုင်းချင်နေတယ်။ အစည်းအဝေးကို ဒီလကုန် ကျင်းပဖို့ စီစဉ်ထားတယ်။ သူတို့က ငြိမ်းချမ်းရေးကို ရယူချင်နေတယ်လို့ ခန့်မှန်းရတယ်။ မိသားစုလေးခုက သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။"

စုချင်ချိုးက စကားကို တစ်ဟုန်ထိုးပြောလိုက်ပြီး နတ်ဘုရားဓားကို လိုချင်တပ်မက်စွာ စိုက်ကြည့်နေ၏။

ဓားနဲ့နတ်သမီးဒဏ္ဍာရီက အရမ်းလှတာပဲ။ ငါ တကယ်ကို လိုချင်တယ်...

"ဒါက အစကတည်းက မင်းအတွက် ရည်ရွယ်ထားတာပါ။"

မုန့်ချင်ကျိုးက နတ်ဘုရားဓားကို စုချင်ချိုးထံသို့ ပစ်ပေးလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ တွေးတောရင်း ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

မိသားစု(၄)ခုက တကယ့်ကို သနားစရာကောင်းလောက်အောင် အားနည်းနေတာပဲ။

ခဏလောက် ထပ်ပြီးတော့ တောင့်ခံနိုင်ဦးမယ်လို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ သူတို့ ဒီလောက်မြန်မြန် အညံ့ခံလိမ့်မယ်လို့ မထင်ခဲ့ဘူး။

တကယ်လို့ လကုန်မှာ ညှိနှိုင်းမှုတွေ ပြီးဆုံးသွားပြီးတော့ နှစ်ဖက်စလုံး ကျေနပ်သွားမယ်ဆိုရင် အဲဒါက ပေါင်းစည်းရေးဆီကို ချက်ချင်း ဦးတည်သွားမှာ မဟုတ်ဘူးလား။

မဖြစ်ဘူး။

ပြဿနာတစ်ခုခု ဖန်တီးပြီးတော့ ဒီအစည်းအဝေးကို ဖျက်ဆီးပစ်ရမယ်။

ချီးပဲ... မင်းတို့ကို အညံ့ခံဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ။ ဆက်တိုက်ကြလေ။

လီမိသားစုရဲ့သမီးကြီး လီတိုင်ယွမ်...

"ချင်ချိုး... ငါ့မှာ နံနက်ခင်းအလင်းနယ်ပယ်ကနေ ကောင်းကင်ထောက်တိုင်အထိ ထိုးထွင်းသိမြင်မှုတွေ အားလုံးပါဝင်တဲ့ ဓားအတတ် ထိုးထွင်းသိမြင်မှု စာအုပ်တစ်အုပ်လည်း ရှိတယ်။ မင်း လိုချင်လား။"

မုန့်ချင်ကျိုး၏စိတ်ထဲတွင် အကြံတစ်ခု ရသွားသည်။ သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ စုချင်ချိုး၏ရှေ့တွင် ယုတ်မာသော အပြုံးတစ်ခုဖြင့် ဝှေ့ယမ်းပြလိုက်သည်။

စုချင်ချိုးက နတ်ဘုရားဓားကို အသွေးအသားရင်းကဲ့သို့ အလွန်ချစ်ခင်မြတ်နိုးစွာ ကိုင်တွယ်နေ၏။ ထိုစကားကို ကြားသောအခါ နတ်ဘုရားမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး သူက မုန့်ချင်ကျိုး၏ လက်ထဲမှ ကျောက်စိမ်းပြားကို လုယူရန် ခုန်တက်သွား၏။

ဘုန်း။

မုန့်ချင်ကျိုး ရှောင်တိမ်းလိုက်ရာ စုချင်ချိုးက မြေကြီးပေါ်သို့ တည့်တည့်ပြုတ်ကျသွားပြီး သူ၏ ခြေကျင်းဝတ်ကို သနားစရာကောင်းစွာ ဖက်ထားလျက် ဆိုလိုက်သည်။ "သခင်လေး... ကျွန်မ လိုချင်တယ်။ ချင်ချိုး လိုချင်ပါတယ်။"

"မင်း လိုချင်ရင် ပေးမယ်။ ဒါပေမဲ့ တစ်ခုခုရဖို့ တစ်ခုခုတော့ ပြန်ပေးရမယ် မဟုတ်လား။"

"ငါ့ကို ကူညီပါဦး။ တကယ်လို့ မင်းသာ အလုပ်ကို သေသေချာချာလုပ်နိုင်ရင် ဓားအတတ် ထိုးထွင်းသိမြင်မှုတွေတင် မကဘူး။ နတ်ဘုရားအဆင့် ဝိညာဉ်ရတနာ တစ်စုံလုံးကိုပါ ရလိမ့်မယ်။ ဘယ်လိုလဲ။"

နောက်ဆုံးတွင် အမှန်တရား ပေါ်လာသောအခါ ရည်ရွယ်ချက်အမှန်များ ပေါ်လာစမြဲပင်။

စုချင်ချိုးက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။ "သခင်လေး... သခင်လေး ပြောစရာရှိတာကို ပြောပါ။ ချင်ချိုးက တာဝန်ပြီးမြောက်အောင် လုပ်ပေးပါ့မယ်လို့ အာမခံပါတယ်။"

"အနားကို တိုးလာခဲ့။ သေချာနားထောင်။"

သူတို့က တစ်ယောက်ကိုတစ်ယောက် တိုးတိုးလေး ပြောလိုက်ကြသည်။

စုချင်ချိုး အံ့အားသင့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ အော်လိုက်သည်။

"သခင်လေး... ရူးသွားပြီလား။"

"ကျွန်မကို လီတိုင်ယွမ်အနား ချဉ်းကပ်ခိုင်းတာကို နားလည်နိုင်ပေမယ့် သခင်လေးက ကောင်းကင် စောင့်ကြည့်သူအဖြစ် ဟန်ဆောင်ချင်နေတာလား။ အဲဒါက ယင်သာထဲမှာ မီးအိမ်ထွန်းသလိုမျိုး မဟုတ်ဘူးလား။ သခင်လေး သေချင်နေတာလား။"

မုန့်ချင်ကျိုးက ကပ်ဘေးအရှိန်အဝါများ ထွက်ပေါ်နေသော အတုအယောင် ခန္ဓာကိုယ်ကို ထုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ရုပ်ဖျက်ထားတဲ့နတ်ဘုရားတစ်ပါး။ တကယ့်ကို အစစ်အမှန်လိုပဲ။"

"လောကကြီးမှာ ကောင်းကင်စောင့်ကြည့်သူကလွဲရင် ဘယ်သူက ဒီလို ကျွမ်းကျင်မှုမျိုး ရှိနိုင်မှာလဲ။ ပြီးတော့လည်း လီတိုင်ယွမ် ငါ့ကို ယုံကြည်ဖို့ မလိုအပ်ဘူး။ သူက ငါ့အပေါ် မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိပြီးတော့ ငါ့ကို သူ့အနားမှာ တမင်ထားထားရင်တောင်မှ ငါ့ရဲ့ရည်ရွယ်ချက် အောင်မြင်နိုင်တယ်။"

စုချင်ချိုး တွန့်ဆုတ်သွား၏။

သူက သေရမည်ကို မကြောက်ပေမယ့် ဧကရာဇ် တစ်ခုခု ဖြစ်သွားမည်ကို ကြောက်သည်။ မထွက်ခွာခင် ဧကရီက ဧကရာဇ်ကို သေချာစောင့်ကြည့်ရန်နှင့် မိုက်မဲသော အလုပ်တစ်ခုခု မလုပ်မိအောင် တားဆီးရန် အကြိမ်ကြိမ် သတိပေးခဲ့သည်။။

မှန်ပေသည်။ ဧကရီက တိတိကျကျ မပြောခဲ့ဘဲ မှုန်ဝါးဝါးလောက်သာ ပြောခဲ့၏။

မည်သို့ဆိုစေ လူပျင်းတစ်ယောက် မိုက်မဲသော အလုပ်တစ်ခုခု မလုပ်မိအောင် ငတုံးတစ်ယောက်က စောင့်ကြည့်ရခြင်းမှာ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေသလို ခံစားရပေသည်။

"မင်း နံနက်ခင်းအလင်းနယ်ပယ်ကို ရောက်သွားတာနဲ့ နောက်ထပ် ဧကရာဇ်အဆင့် ဝိညာဉ်လက်နက် တစ်ခု ထပ်ပေးမယ်။ သဘောတူလား။"

"ချင်ချိုးက တာဝန်ကို ပြီးမြောက်အောင် လုပ်ပါ့မယ်လို့ အာမခံပါတယ်။"

"အဟက်... ဒီလိုမှပေါ့။"

စုချင်ချိုးက စိတ်ထဲတွင် လက်ချောင်းများဖြင့် ရေတွက်လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် နံနက်ခင်းအလင်းနယ်ပယ်သို့ မကြာခင် ရောက်ရှိတော့မည့် လရောင်ထွန်းလင်းနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ဖောက်ထွင်းဝင်ရောက်ခဲ့သည်။ အလွန်ဆုံး တစ်လအတွင်းတွင် သူက နောက်ထပ် ဧကရာဇ်အဆင့် ဝိညာဉ်လက်နက်တစ်ခုကို ရရှိနိုင်မည် ဖြစ်သည်။

ထို့ပြင် သခင်လေးက ဤမျှလောက်အရည်အချင်းပြီး အတုအယောင်ခန္ဓာကိုပင် စေလွှတ််သည်ဖြစ်ရာ မမျှော်လင့်ထားသော အရာတစ်ခုခု ဖြစ်လာမည် မဟုတ်ပေ။ ဧကရီက အစိုးရိမ်လွန်နေခြင်း ဖြစ်ရပေမည်။

မုန့်ချင်ကျိုးက အာရုံအားလုံးကို ကပ်ဘေး၏ အတုအယောင်ခန္ဓာကိုယ်အပေါ်သို့ စုစည်းလိုက်သည်။

ခဏအကြာတွင်။

အတုအယောင် ခန္ဓာကိုယ်က တဖြည်းဖြည်း မျက်လုံးများကို ဖွင့်လိုက်ရာ ၎င်း၏ မက်လုံးများမှာ အသက်ကင်းမဲ့နေပြီး ဗလာဖြစ်နေက တစ်ကိုယ်လုံးမှ ကပ်ဘေးနှင့်ဘေးဒုက္ခ၏ အရှိန်အဝါများ ထွက်ပေါ်နေ၏။

သူက ပြုံးပြီး ပြောလိုက်သည်။ "သွားရအောင်။ လီမိသားစုကို ကယ်တင်ပြီး ခေါင်းဆောင်နေရာကို သိမ်းပိုက်ကြတာပေါ့။"

...

...

ယခင် ကောင်းကင်ပြည်နယ်ကို ဒေသ(၂၃)ခုအဖြစ် ခွဲခြားထားပြီး မျိုးနွယ်စု(၅)ခုနှင့် ဂိုဏ်း(၁၈)ခုက သိမ်းပိုက်ထားခဲ့သည်။

ပေါင်းစည်းရေးစစ်ပွဲ စကတည်းက ကျိမိသားစုသည် ဂိုဏ်း(၁၈)ခုကို ဖြတ်ကျော်ကာ ကောင်းကင်ပြည်နယ် တစ်ဝက်နီးပါးကို သိမ်းပိုက်ခဲ့သည်။ ကျန်နယ်မြေတစ်ဝက်ကို မိသားစု(၄)ခုက ခွဲဝေယူခဲ့ကြသည်။

မျိုးနွယ်စု(၅)ခုစီက သူတို့၏ ကိုယ်ပိုင်နယ်မြေကို အမည်ပေးခဲ့ကြသည်။

ကျိမိသားစု သိမ်းပိုက်ထားသော ကောင်းကင်ပြည်နယ် တစ်ဝက်ကို "ချောင်ရှန်းထျန်း" ဟု ခေါ်သည်။

လီမိသားစု၏ နယ်မြေအမည်မှာ "ချင်လွမ်ထျန်း" ဖြစ်သည်။

ချူမိသားစု၏ နယ်မြေအမည်မှာ "တုန်းမင်ထျန်း" ဖြစ်သည်။

လင်းမိသားစု၏ နယ်မြေအမည်မှာ "စန်းလန်ထျန်း" ဖြစ်သည်။

လုံမိသားစု၏ နယ်မြေအမည်မှာ "စစ်ဟိုင်ထျန်း" ဖြစ်သည်။

ကောင်းကင်ပြည်နယ်၏ အလယ်ဗဟိုနှင့် ချောင်ရှန်းထျန်းနှင့် ချင်လွမ်ထျန်းတို့၏ နယ်စပ်တွင် ကျိမိသားစု၏ လက်အောက်ခံအင်အားစု မရေမတွက်နိုင်အောင် များပြားလှသော လူမျာက ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဆောင်းဦးရာသီမှ ကျိုင်းကောင်များကဲ့သို့ ပျံ့နှံ့နေကြပြီး တစ်လက်မချင်းစီကို ရှာဖွေကာ တောင်များကိုရွှေ့ပြီး ရေများကို ခန်းခြောက်စေခဲ့ကြသည်။

နံနက်ခင်းအလင်းနယ်ပယ်မှ အထွတ်အထိပ် ကျင့်ကြံသူ (၁၂)ဦးသည် ကောင်းကင်တွင် တောက်လောင်နေသော နေမင်း(၁၂)စင်းကဲ့သို့ မတ်မတ်ရပ်နေကြပြီး နေရာလွတ်ထောင့်ပေါင်းစုံကို ရှာဖွေကြည့်ရှုနေကြသည်။

ဤကြီးမားသော လူရှာဖွေမှုကြီးမှာ သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လီမိသားစုက အကူအညီပေးချင်သော်လည်း ပိတ်ဆို့ခံထားရသည်။ ကျိမိသားစု၏ ဘိုးဘေးနှစ်ဦးက တံခါးကိုပိတ်ဆို့ထားပြီး အကူအညီပေးရန် လွှတ်လိုက်သူတိုင်းကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။

သို့သော်လည်း လကုန်တွင် ကျင်းပမည့် အစည်းအဝေးနှင့် ညှိနှိုင်းမှုများ နီးကပ်လာသည်နှင့်အမျှ ကျိမိသားစုက လွန်လွန်ကျူးကျူး လုပ်၍မရတော့ပေ။ လီတိုင်ယွမ်သာ ကိုယ့်ဘာသာ ထွက်ပြေးနိုင်ပါက ကျိမိသားစုသည် သူ့ကို အဆက်မပြတ် ဒုက္ခပေးတော့မည် မဟုတ်ပေ။

၎င်းက လီတိုင်ယွမ်ကို ချောင်ရှန်းထျန်း၏ နယ်စပ်တွင် ပိတ်မိသွားစေပြီး အချိန်အတော်ကြာသည်အထိ ထွက်မလာနိုင်အောင် ဖြစ်သွားစေသည်။ ဝိုင်းရံပိတ်ဆို့မှု ကျဉ်းမြောင်းသွားသည်နှင့် တပြိုင်နက် သူ့တွင် ပုန်းအောင်းစရာ နေရာမရှိတော့ဘဲ မလွဲမသွေဖမ်းဆီးခံရကာ ကျိဝူရွှမ်ထံသို့ ဆက်သခံရပြီး တာအိုနိယာမများ လုယူခံရမည် ဖြစ်သည်။

အဆုံးအစမဲ့တောင်တန်းများကြားရှိ နက်ရှိုင်းသောချောက်ကမ်းပါးကြီးတစ်ခု၏ အောက်ခြေတွင်။

အလွန်လှပပြီး ကျက်သရေရှိသော အမျိုးသမီးတစ်ဦးက ဖုံးကွယ်ထားသော အခင်းအကျင်း၏ အလယ်ဗဟိုတွင် တင်ပလ္လင်ခွေထိုင်နေပြီး ဒဏ်ရာများ သက်သာလာရန် စောင့်ဆိုင်းနေသည်။

လီတိုင်ယွမ်က စာလိပ်တစ်ခုကိုထုတ်ယူကာ ဖြန့်လိုက်ပြီး စတင်ဖတ်ရှုလိုက်သည်။

"ငါ့ရဲ့ အတိတ်ကမှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့ပေမယ့် စာလိပ်ကိုတော့ ငါကိုယ်တိုင် ရေးသားခဲ့တာ အမှန်ပဲ။ အဲဒီထဲမှာ ငါက ကျိဝူရွှမ် ကောင်းကင်ပြည်နယ်ကို ပေါင်းစည်းဖို့ ကူညီပေးရမယ်လို့ ရေးထားတယ်၊ ပြီးတော့ ကျန်တဲ့မိသားစု(၄)ခုကို အညံ့ခံဖို့ ငါ အတတ်နိုင်ဆုံး ဖျောင်းဖျပေးရမယ်။ ဒါမှ မိသားစုလေးခုရဲ့ အရင်းအမြစ်တွေကို သွေးထွက်သံယိုမရှိဘဲ ကျိမိသားစုဆီ လွှဲပြောင်းပေးနိုင်မှာ။"

"ပြီးတော့ ငါက..."

"ငါက တကယ့်လီတိုင်ယွမ် မဟုတ်ဘူး။ ငါက ကျင့်ကြံမှုကို ပိတ်ဆို့ထားတဲ့ ကောင်းကင်ထောက်တိုင် အလယ်အလတ်အဆင့် တစ်ယောက်ပဲ။ တကယ့်လီတိုင်ယွမ်ကိုသတ်ပစ်ပြီး သူ့နေရာ ဟန်ဆောင်ထားတာ။"

လီတိုင်ယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူ၏ လှပသောမျက်လုံးများတွင် အေးစက်မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။

စာလိပ်အကြောင်းအရာများကို မြင်တွေ့ရသူတိုင်း ၎င်းမှာ အဓိပ္ပာယ်မရှိဟု ထင်ကြမည်ဖြစ်သော်လည်း ဘာကြောင့်မှန်းမသိပေ။ သူ၏နှလုံးသားထဲရှိ နတ်ဆိုးအသံတစ်ခုက သူ့ကို လှုပ်ရှားရန် တိုက်တွန်းနေသကဲ့သို့ ဖြစ်နေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် မိသားစု(၄)ခုကို အညံ့ခံရန်နှင့် ကျိမိသားစုအား ညှိနှိုင်းရန် ပြင်ဆင်လာအောင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

လီတိုင်ယွမ်က ကျိဝူရွှမ်ကို တိတ်တဆိတ် ရှာဖွေချင်ခဲ့ပြီး ညှိနှိုင်းမှုများအတွင်း မိသားစုလေးခု၏ အားနည်းချက်များကို မည်သို့အသုံးချရမည်ကို ပြောပြချင်ခဲ့သည်။ သို့မှသာ ကောင်းကင်ပြည်နယ်ကို သဘာဝကျကျ ပေါင်းစည်းနိုင်မည် ဖြစ်သည်။

မည်သူသိလိမ့်မည်နည်း။

ကျိဝူရွှမ်ကို မတွေ့ရသေးခင်မှာင် သူ့ကို အဝေးမှတွေ့သွားပြီး သူ ပုန်းအောင်းနေသည့်နေရာကို ဖော်ထုတ်ခံလိုက်ရ၏။

ကျိဝူရွှမ်က သားကောင်ကို မြင်လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားနေခဲ့သည်။ သူက လီတိုင်ယွမ်ကို ဖမ်းဆီးပြီး နေရာမှာတင်သတ်ပစ်ကာ ခန္ဓာကိုယ်ထဲရှိ တာအိုနိယာမများကို ထိန်းသိမ်းထားရန် သူ့လူများကို ချက်ချင်းပင် အမိန့်ပေးခဲ့သည်။

ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ လီတိုင်ယွမ်မှာ ထွက်ပြေးစရာ နေရာမရှိဘဲ လိုက်လံ ဖမ်းဆီးခံနေရတော့သည်။

လီတိုင်ယွမ်၏စိတ်ဓာတ်မှာ ထိုနေရာမှာပင် ပြိုလဲသွားပြီး ကျိဆိုသည့် မျိုးရိုးနာမည်နှင့် ထိုအရူးကောင်ကို သတ်ပစ်ရန်အတွက် ချိပ်ပိတ်ကို အကြိမ်ကြိမ် ချိုးဖျက်ချင်စိတ်ပေါက်သွားခဲ့သည်။

ငါ မင်းကို ကူညီဖို့ အများကြီး ကြိုးစားခဲ့ရတယ်။ ပြီးတော့လည်း တန်ပြန်တိုက်ခိုက်မှုတွေအကြောင်း ဆွေးနွေးဖို့အတွက် မင်းဆီကို လာခဲ့တာ။ ငါ မင်းနဲ့ လူချင်းတောင် မတွေ့ရသေးဘူး။ မင်းက ငါ့ကို သတ်ဖို့ လူလွှတ်လိုက်တယ်။ ခွေးထက် ဝက်ထက်တောင်ဆိုးတဲ့ အရူးကောင်။

ထိုအချက်ကို တွေးမိလိုက်သောအခါ။

လီတိုင်ယွမ်က လေးနက်သော သံသယများထဲ ကျရောက်သွားခဲ့သည်။ "ဒီလိုအရူးတစ်ယောက်ကို ကူညီပေးရတာ ငါ့အတွက် တကယ်တန်ရဲ့လား။"

သို့သော်လည်း သူ၏နှလုံးသားထဲရှိ နတ်ဆိုးအသံက မကြာခင်မှာပင် သူ၏ ခုခံ၍မရသော စွဲလမ်းမှုကို ပြန်လည်နိုးထလာစေခဲ့သည်။

သူ၏အကြည့်မှာ နောက်တစ်ကြိမ် တင်းမာလာ၏။

ထိုအချိန်တွင်ပင်။

ကြယ်(၁၂)ပွင့် အတူတကွ ရောက်ရှိလာပြီး နက်ရှိုင်းသော ချောက်ကမ်းပါးကို အပေါ်စီးမှကြည့်ကာ လေထဲတွင် မတ်မတ်ရပ်လျက် အေးစက်စွာ ကြေညာလိုက်သည်။

"လီတိုင်ယွမ်... ထွက်လာခဲ့တော့။"

"မင်း ပြေးစရာမြေ မရှိတော့ဘူး။”

…

All Chapters