အခန်း ၂၆၁
Vol. 18 Ch. 261
အပိုင်း(၂၆၁) နတ်ဘုရားနိယာမ၊ အဓိပ္ပာယ်မရှိသောအဖြစ်အပျက်
ချင်လွမ်ထျန်း။
ကောင်းကင်ယံတွင် ပုံရိပ်နှစ်ခု ရပ်နေသည်။ အောက်ဘက်ရှိ နန်းတော်ထောင်ပေါင်းများစွာနှင့် ချင်လွမ် ဘိုးဘေး၏ ခမ်းနားသောရုပ်တုကြီးနှင့် နှိုင်းယှဉ်ပါက သူတို့သည် အလွန်သေးငယ်ပြီး အဝေးမှ ကြည့်လျှင် အနက်ရောင် အစက်နှစ်စက်မျှသာ ဖြစ်နေသည်။
သို့သော် ထိုပုံရိပ်နှစ်ခုမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် မရေမတွက်နိုင်သော တောင်ထွတ်များ ပြိုကျကာ မြေကြီးမှာ အက်ကွဲပြီး သစ်ပင်ပန်းမန်များ ကွေးညွတ်သွားကာ နန်းတော်ထောင်ပေါင်းများစွာမှာ ပြိုကျပျက်စီးသွားလေသည်။
နေရာလွတ်က ပင့်ကူအိမ်ကဲ့သို့ တစ်လက်မချင်းစီ အက်ကွဲသွားပြီး ကောင်းကင်ယံရှိ တိမ်တိုက်များမှာ ဆုတ်ဖြဲခံလိုက်ရကာ ဆန့်ထုတ်ထားသော အဝတ်စပေါ်သို့ ခဲဘောလုံးနှစ်လုံး ပစ်ချလိုက်ပြီး ဆွဲငင်အားက သူတို့နှစ်ဦးဆီသို့ ပြိုကျလာသကဲ့သို့ မဟာတာအို သုံးထောင်မှာ ဟိန်းဟောက်နေလေသည်။
ကောင်းကင်ထောက်တိုင်နယ်ပယ်ရှိ ကျိမိသားစု၏ ဘိုးဘေးနှစ်ဦးက လီမိသားစု၏ အဓိကခံတပ်ကြီး အထက်သို့ အတူတကွ ရောက်ရှိလာပြီး အောက်ဘက်ရှိ မြင်ကွင်းကို အေးစက်စွာ စောင့်ကြည့်နေကြသည်။
လီမိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်သော လီရှောင်သည် လက်သီးများကို ဆုပ်ကာ အလွန်ပင် စိတ်ပျက်အားငယ်နေလေသည်။
မရေမတွက်နိုင်သော မျိုးနွယ်စုဝင်များမှာ ထိတ်လန့်နေပြီး ကမ္ဘာပျက်တော့မည်ဖြစ်ကာ ကျိမိသားစုက စာရင်းရှင်းရန် ရောက်လာပြီဟု ထင်နေကြသည်။
သို့သော် လီတိုင်ယွမ်က ချောင်ရှန်းထျန်းထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သည့်အတွက် သူ့ကို အပြစ်ပေးရန်နှင့် လီမိသားစုက အကူအညီမပေးနိုင်အောင် တားဆီးရန် ကျိမိသားစုက တံခါးကို ပိတ်ဆို့ထားရန် အထူးရောက်လာခြင်းဖြစ်ကြောင်း မျိုးနွယ်စုဝင်များ သိပ်မကြာခင် သိရှိသွားကြသည်။ ထို့ကြောင့် အခြားသော မျိုးနွယ်စု(၃)ခုကလည်း ကူညီရန် ရည်ရွယ်ချက် လုံးဝမရှိကြပေ။
လီမိသားစု၏ တံခါးပိတ်ကျင့်ကြံနေသာ ဘိုးဘေးနှစ်ဦးပင် တိတ်ဆိတ်နေပြီး ပြဿနာမဖြစ်ချင်သည်မှာ ထင်ရှားသဖြင့် ကိုယ်ထင်ပြခြင်းပင် မရှိကြပေ။
လီရှောင်က လီမိသားစု၏ ဘိုးဘေးထံသို့ လျှို့ဝှက်စွာ အသံလွှင့်ကာ ပြောလိုက်သည်။
"ဒီသစ္စာမရှိတဲ့မြေးဆက်က ဘိုးဘေးတွေကို အကူအညီ တောင်းခံပါတယ်။ တိုင်ယွမ်က လီမိသားစုရဲ့ ခေါင်းဆောင်အလောင်းအလျာပါ၊ အခုတော့ သူ့ကို ကျိမိသားစုက လိုက်ဖမ်းဆီးနေပြီး ပိတ်ဆို့ထားပါတယ်။ သူ့ရဲ့ အသက်က ဆံချည်မျှင်တစ်မျှင်ပေါ်မှာ တွဲလွဲခိုနေပါတယ်။ တကယ်လို့ တိုင်ယွမ်သေသွားရင် အဲဒါက လီမိသားစုရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားမှာ မဟုတ်ဘူးလား။"
သူ၏တောင်းဆိုမှုကို အေးစက်ပြီး အိုမင်းနေသော အသံတစ်ခုက ပြန်ဖြေလာသည်။
"ကျိမိသားစုကကောင်လေးနဲ့ ဂိုဏ်း(၁၈)ခုက အညံ့ခံသွားတဲ့ ကောင်းကင်ထောက်တိုင်တွေ အားလုံးက ဒီဘက်ကို စောင့်ကြည့်နေကြတယ်။ တကယ်လို့ ငါ ကိုယ်ထင်ပြလိုက်ရင် ငါ ဝိုင်းတိုက်ခိုက်ခံရဖို့ များတယ်။"
"ပြီးတော့ လီတိုင်ယွမ်က ဒီပြဿနာကို သူ့ဘာသာ ဖန်တီးခဲ့တာ။ အခုက အရေးကြီးတဲ့အချိန်ပဲ။ သူက အိမ်မှာနေရမယ့်အစား ချောင်ရှန်းထျန်းကို တိတ်တဆိတ် ထွက်ပြေးသွားတယ်။ သူ ဘာလုပ်နေလဲဆိုတာ ငါ မသိဘူးလို့ မင်း တကယ်ထင်နေတာလား။"
"မျိုးနွယ်စု(၅)ခုကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်အောင် တွန်းအားပေးတာ နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ ကျိဝူရွှမ်နဲ့ တိတ်တဆိတ် တွေ့ဆုံတာနဲ့ မျိုးနွယ်စု(၅)ခုရဲ့ အားနည်းချက်တွေကို ကျိမိသားစုဆီ လွှဲပြောင်းပေးဖို့ ကြိုးစားတာက သစ္စာဖောက်မှုပဲ။"
"သေခြင်း ရှင်ခြင်းက ကြိုတင်သတ်မှတ်ထားပြီးသားပါ။ တကယ်လို့ လီတိုင်ယွမ်က အသက်ရှင်ရက် ပြန်လာနိုင်ရင် သူ အပြစ်ပေးခံရရင်တောင်မှ လီမိသားစုရဲ့ခေါင်းဆောင် ဖြစ်လာဦးမှာပဲ။ တကယ်လို့ သူ သေသွားရင်တော့ နောက်ထပ် မျိုးဆက်သစ်တစ်ယောက်ကို ဆက်ခံဖို့ ရွေးချယ်ရလိမ့်မယ်။"
ထိုသို့ပြောပြီးနောက် သူက လီရှောင်ကို လျစ်လျူရှုလိုက်သည်။
လီရှောင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများတွင် မှုန်မှိုင်းသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။ လီတိုင်ယွမ်က သူ၏သမီးပင်။
သို့သော် ယခုတော့ သူကိုယ်တိုင် အပါအဝင် မည်သူမျှ သူ၏သမီးကို မကယ်တင်နိုင်တော့။
ကောင်းကင်ပြည်နယ်၏ ထင်ရှားသော မိသားစုကြီး(၅)ခု၏ ခေါင်းဆောင်များဆိုသူတို့က သူတို့၏ သမီးများ သေဆုံးပြီး ဝိညာဉ်များပျောက်ကွယ်သွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့၏...
သို့သော် သူ၏ဘိုးဘေးက အလွန်သဘောထားကြီးခဲ့ကြောင်း လီရှောင် သိသည်။
လီတိုင်ယွမ်က မျိုးနွယ်စု(၅)ခုကြားရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြှင့်တင်ပေးခဲ့ပြီး အကယ်၍ အောင်မြင်ပါက ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။ သို့သော် ကျိဝူရွှမ်နှင့် တွေ့ဆုံရန် ချောင်ရှန်းထျန်းသို့ သွားခဲ့ခြင်းဖြင့် အမှားကြီးတစ်ခုကို လုပ်မိခဲ့သည်။ သူက ကျိဝူရွှမ်နှင့် မတွေ့ခဲ့ရုံသာမက လိုက်လံဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရပြီး ၎င်းကို ကမ္ဘာတစ်ခုလုံးက သိသွားခဲ့သည်။ ၎င်းမှာ အလွန်ဆိုးရွားသော အမှားတစ်ခုပင်။
ဤလုပ်ရပ်က စစ်မဖြစ်ခင် ရန်သူဘက်သို့ ကူးပြောင်းသွားခြင်းနှင့် တူညီသည်။ အကယ်၍ ချူမိသားစု၏ သံမဏိလက်သီးအစဉ်အလာသာဆိုလျှင် ခေါင်းဆောင်ကိုယ်တိုင်ပင် ကြိုးစင်သို့ဆွဲခေါ်ခံရပြီး အများပြည်သူအား သတိပေးရန် ခေါင်းဖြတ်သတ်ခံရမည် ဖြစ်သည်။
"ကျိမိသားစု ဘိုးဘေးနှစ်ဦး... ကျွန်တော်က လီမိသားစုရဲ့ခေါင်းဆောင် လီရှောင်ပါ၊ လီတိုင်ယွမ်ရဲ့ အဖေလည်း ဟုတ်ပါတယ်။"
"ကျွန်တော့်ရဲ့သမီး အမှားလုပ်မိတာဟာ အဖေဖြစ်သူက သေချသောချာ မသွန်သင်ခဲ့လို့ပါ။ ကျိမိသားစုရဲ့ ဘိုးဘေးတွေက သနားညှာတာပြီး ကျွန်တော့်သမီးရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော် လီရှောင်က တိုင်ယွမ်ရဲ့နေရာမှာ အသေခံဖို့ ဆန္ဒရှိပါတယ်။"
လီရှောင်က မျက်လုံးများတွင် ပြတ်သားမှုများဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ၎င်းမှာ ဖခင်တစ်ဦး၏ တာဝန်ပင်။
ဤစကားများက လီမိသားစုတစ်ခုလုံးကို ဆူညံသွားစေခဲ့သည်။
လီမိသားစု၏ ဘိုးဘေးနှစ်ဦးပင်လျှင် သူ၏နားထဲတွင် "လူမိုက်"ဟု ဆူပူလိုက်ကြသည်။
လီရှောင်က ဆူပူမှုများကို လျစ်လျူရှုကာ လေထဲရှိပုံရိပ်နှစ်ခုကို စူးစိုက်ကြည့်နေပြီး သူ၏စိတ်ကို ဆုံးဖြတ်လိုက်သည်။
ကျိဝူမင်နှင့် ကျိခုံးကျိတို့က အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီး တိတ်ဆိတ်နေကြသည်။
ယခုအခါ ကျိမိသားစု၏ အာဏာသည် ကျိဝူရွှမ်၏လက်ထဲတွင် ရှိနေသည်။ သူတို့က ကျိမိသားစု၏ ဘိုးဘေးများဖြစ်ကြသော်လည်း အမိန့်ကိုသာ နာခံနိုင်ပြီး ၎င်းမှာ သူတို့ဆန္ဒရှိသောအရာလည်း ဖြစ်သည်။
ထိုအချိန်တွင်ပင်။
အေးစက်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ "လီရှောင်။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ငါနဲ့ ဈေးဆစ်ရဲတယ်ပေါ့။"
"ငါ ပြောပြမယ်။ မင်းသမီးရဲ့ နိယာမတွေကို ငါ သဘောကျသွားပြီ။"
"လီတိုင်ယွမ်က တကယ်ပဲ လီမိသားစုရဲ့ နောက်ခေါင်းဆောင် ဖြစ်လာဖို့ ထိုက်တန်တယ်။ သူ့မှာ တာအိုနိယာမ နှစ်ခုရှိတယ်၊။ တစ်ခုက ချင်လွမ်တာအိုနိယာမ ဖြစ်ပြီးတော့ နောက်တစ်ခုက နတ်ဘုရား တာအိုနိယာမပဲ။"
"ဒီသခင်လေးက သူ့ရဲ့ တာအိုနိယာမတွေကို ယူချင်တယ်။ တကယ်လို့ အဲဒါတွေ ယူပြီးတော့ သူ အသက်ရှင်နေသေးရင် မင်းတို့လီမိသားစုဆီ ပြန်ပေးမယ်။"
လီရှောင်၏မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွား၏။
ထိုမောက်မာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေသောအသံကို သူ ကောင်းကောင်း မှတ်မိနေသည်။ ၎င်းမှာ ကျိမိသားစု၏ပါရမီရှင် ကျိဝူရွှမ်၏အသံဖြစ်ပင်။
တစ်ဖက်လူက ဤနေရာကို အမှန်တကယ် အာရုံစိုက်နေလေသည်။
ချက်ချင်းပင် လီရှောင်က မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး သူ၏နှလုံးသားထဲတွင် သံသယတစ်ခု ပေါ်လာသည်။
ကျိဝူရွှမ်က သူ၏သမီးသည် တာအိုနိယာမ နှစ်ခုကို ကျင့်ကြံထားကြောင်း ပြောခဲ့သည်။ ချင်လွမ် တာအိုနိယာမကို လီမိသားစု၏ ဘိုးဘေးဖြစ်သော ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်လေးခုထဲမှ တစ်ခုဖြစ်သည့် ချင်လွမ်ဘိုးဘေးက ဖန်တီးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းမျိုးဆက်များရှိ လီမိသားစု၏ သားစဉ်မြေးဆက်တိုင်း ဤတာအိုနိယာမကို ကျင့်ကြံခဲ့ကြသည်။
နတ်ဘုရားတာအိုနိယာမ...
အဲဒါက ဘာကြီးလဲ။
ကျိဝူရွှမ်က ထပ်မံ၍ ရယ်မောလိုက်သည်။ "လီရှောင်။ မင်းသမီးမှာ လျှို့ဝှက်ချက်တစ်ခု ရှိတယ်။ နတ်ဘုရားလမ်းစဉ်ကို ကျင့်ကြံဖို့အတွက် နတ်ဘုရားတွေရဲ့ နတ်ဘုရားပုံစံတွေကို နားလည်သဘောပေါက်ဖို့ လိုတယ်၊။ အနည်းဆုံး နတ်ဘုရား(၁၀)ပါးပေါ့၊ သူတို့ရဲ့ စွမ်းအားတွေကို အာရုံခံပြီးတော့ နတ်ဘုရားလမ်းစဉ်ထဲကို ပေါင်းစည်းရတယ်။ အဲဒီလိုလုပ်ပြီး နတ်ဘုရားစွမ်းအားရဲ့ အစိတ်အပိုင်းတစ်ခုကို အတုယူပြီး အသုံးချနိုင်တယ်။ မှန်တယ်။ အဲဒါက ရေခဲတောင်ရဲ့ထိပ်ဖျားလေးပဲ ဖြစ်ပေမယ့် နတ်ဘုရားလမ်းစဉ်မှာ အကန့်အသတ်မရှိဘူး။ အနည်းဆုံးက နတ်ဘုရား (၁၀)ပါးဖြစ်ပြီး အများဆုံးက... (၁၀၀)အထိတောင် ရောက်နိုင်တယ်။"
"ဆိုလိုတာက မင်းရဲ့ ချစ်လှစွာသောသမီးလေးက နတ်ဘုရားရုပ်တုတွေကို လေ့လာခဲ့တယ်..."
ဤအချက်သို့ ရောက်သောအခါ ကျိဝူရွှမ် ရုတ်တရက် ရပ်တန့်သွားပြီး တိတ်ဆိတ်သွား၏။
ချောင်ရှန်းထျန်းမှ အလွန်ဝေးကွာသော ကမ္ဘာငယ်လေးတစ်ခုတွင် ကျိဝူရွှမ်သည် အံ့သြမှုများနှင့် သံသယများ ပြည့်နှက်နေသော မျက်လုံးများကို ဖွင့်လိုက်သည်။
နတ်ဘုရားလမ်းစဉ်...
ကောင်းကင်ကြည့်ဆောင်တွင် ဤလမ်းစဉ်ကို ကျင့်ကြံသူ တော်တော်များများ ရှိပုံရသော်လည်း ပြင်ပရှိ အခြားအင်အားစုများတွင်မူ အလွန်ရှားပါးလှ၏။
ကောင်းကင်ကြည့်ဆောင်က အကူအညီပေးဖို့ လူတွေလွှတ်လိုက်တာများလား။
ထိုအချိန်တွင်ပင်။
သူ၏နားထဲတွင် နတ်ဘုရားအသံတစ်ခု ထွက်ပေါ်လာသည်။ "ဒဿမမြောက် နန်းဆောင်သခင်ကို သူ့ရဲ့ အတိတ်ကနေ သန့်စင်ပြီးတော့ လူသားတစ်ယောက်အဖြစ် ပြန်ဝင်စားဖို့ ငါ အမိန့်ပေးထားပြီးပြီ။ သူက မင်းရဲ့ ပေါင်းစည်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ဖို့ ကူညီပေးလိမ့်မယ်။"
"မင်း သူ့ကို မြင်လိုက်တာနဲ့ သူရဲ့ သရုပ်မှန်ကို သိသွားလိမ့်မယ်။ သူ့ရဲ့ သရုပ်မှန်နဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကို မပြောနဲ့။ မင်း အဲဒီလို လုပ်လိုက်တာနဲ့ ဒဿမမြောက် နန်းဆောင်သခင်ရဲ့ ချိပ်ပိတ်က ပျက်စီးသွားနိုင်တယ်။"
ဂိုဏ်းချုပ်ကြီး၏ နတ်ဘုရားအသံ ရှင်းလင်းသွားသည်နှင့်အမျှ ကျိဝူရွှမ်မှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားလေသည်။ သူက ချောင်ရှန်းထျန်းနယ်စပ်ရှိ အလွန်ဝေးကွာသော ချောက်ကမ်းပါးဆီသို့ တစ်ချက်ကြည့်လိုက်သည်။ လှပပြီးကျက်သရေရှိသော နတ်သမီးလေးတစ်ဦးက ဒဏ်ရာများဖြင့် ဖုံးလွှမ်းလျက် လေထဲသို့ပျံတက်လာပြီး သူ၏မျက်လုံးများတွင် ဝမ်းနည်းမှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေသည်။ သူက လေးဘက်လေးလံမှ ဝိုင်းရံထားသော နံနက်ခင်းအလင်းနယ်ပယ် (၁၂)ယောက်အပြင် မရေမတွက်နိုင်သော ဝိုင်းရံနှိမ်နင်းရေးတပ်များကို စူးစိုက်ကြည့်နေလေသည်။
ကျိဝူရွှမ်၏မျက်လုံးများမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ရေရွတ်လိုက်သည်။
"ဒီလောက်တောင် တိုက်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။"
သို့သော်။
ကျိဝူရွှမ်၏အကြည့်ကို အာရုံခံမိသကဲ့သို့ပင် လီတိုင်ယွမ်က ရုတ်တရက် လှည့်လာပြီး သူ၏ မျက်လုံးများတွင် ဒေါသနှင့်သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကာ သူ၏ဦးတည်ရာဆီသို့ ဒေါသတကြီး စိုက်ကြည့်နေပြီး အရည်အချင်းမရှိသော အသင်းဖော်၏သစ္စာဖောက်မှုကြောင့် စိတ်ပျက်ဝမ်းနည်းမှုများလည်း ပါဝင်နေလေသည်။
ထိုအရာကို မြင်သောအခါ ကျိဝူရွှမ်၏နဖူးတွင် အမည်းရောင် မျဉ်းကြောင်း အနည်းငယ် ပေါ်လာ၏။
သွားပြီ။
သူက တကယ်ပဲ ဒဿမမြောက် နန်းဆောင်သခင်ပါလား။
လီတိုင်ယွမ်က မျိုးနွယ်စု(၅)ခုကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်အောင် အများကြီး အားထုတ်ခဲ့တာ ဒါကြောင့်ကိုး။ သူက မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတာမဟုတ်ဘဲ ငါ့ကို တကယ်ကူညီပေးနေခဲ့တာပဲ။
သေစမ်း။ ဒါက နားလည်မှုလွဲတာပဲ။
ကျိဝူရွှမ်က ဘိုးဘေးနှစ်ဦးဖြစ်သော ကျိဝူမင်နှင့် ကျိခုံးကျိတို့ထံသို့ စိတ်ချင်းဆက်သွယ်၍ သတင်းစကား တစ်ခု ချက်ချင်းပေးပို့လိုက်ပြီး လူအားလုံးကို ပြန်ရုပ်သိမ်းရန် ဆင်ခြေတစ်ခုရှာပေးရန် ပြောလိုက်သည်။
"လူတွေကို ဒီကနေခေါ်ထုတ်သွားဖို့ နည်းလမ်းရှာ။ ပြီးတော့ မမေ့နဲ့။ မိသားစု(၄)ခု သံသယမဝင်အောင် အဆင်ပြေပြေလုပ်။"
ကျိဝူမင်နှင့် ကျိခုံးကျိတို့က တစ်ယောက်ကိုတစ်ယောက် အကူအညီမဲ့စွာ ကြည့်လိုက်ကြသည်။
အခု ဒါက ဘာတွေဖြစ်နေတာလဲ။ ငါတို့ မဏ္ဍိုင်နှစ်ခုက ဒီမှာ ရပ်နေတာ အတော်ကြာပြီ။ နောက်ဆုံးတော့ တစ်ဝက်တစ်ပျက် ဆုတ်ခွာရမယ့် အခြေအနေကို ရောက်သွားတယ်။ ပြီးတော့ အဲဒါကိုတောင် အဆင်ပြေပြေ လုပ်ရဦးမယ်လား...
လီရှောင်၏ ဝမ်းနည်းပူဆွေးပြီး ဒေါသထွက်နေသည့် အသွင်အပြင်ကိုကြည့်ရင်း သူတို့က ဆုတ်ခွာရန် အဆင်ပြေသော ဆင်ခြေတစ်ခုကို မည်သို့ ရှာရမည်နည်း။
အိုး…ဘုရားရေ။
…