အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း (၁၅၃) - လင်းဖန်၏ အဖြေ
လင်းဖန်တစ်ယောက် ကွေ့အန်းရွာသို့ ပြန်လည်ရောက်ရှိလာသောအခါ ရွာသားများမှာ ဝမ်းသာအားရဖြင့် ခုန်ပေါက်မိကြလေသည်။
“သူ ပြန်လာပြီ...”
“သူ ဘာဒဏ်ရာမှမရဘဲ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာဟ ကံကောင်းတာပဲ...”
“လာကြ... ငါတို့ရဲ့ ကယ်တင်ရှင်တွေအတွက် စားသောက်ပွဲကြီးကို စလိုက်ကြရအောင်...”
ရွာသားများမှာ လင်းဖန်ကိုဝိုင်းအုံကာ ရွာသူကြီးအိမ်ရှေ့တွင် တောက်ပစွာလောင်ကျွမ်းနေသော မီးပုံကြီးဆီသို့ ဆွဲခေါ်သွားကြတော့သည်။
မီးပုံပေါ်တွင် ရွှေဝါရောင်သန်းကာ ကြွပ်ရွနေအောင်ကင်ထားသော သိုးတစ်ကောင် ရှိနေချေသည်။
သိုးဆီများ မီးပုံထဲသို့ တစက်စက်ကျသွားသည့်အချိန်တိုင်းတွင် မီးတောက်များမှာ ပိုမိုတောက်ပစွာ တောက်လောင်လာကြသည်။
လင်းဖန် ဝင်ရောက်မပူးပေါင်းမီကပင် ဟိုမင်နှင့် ကျန်းရှီတို့မှာ သိုးကင်ကို အရသာရှိရှိ စားသုံးနေကြပြီ ဖြစ်ချေသည်။
လင်းဖန်သည် အဘိုးဟန် ချဉ်းကပ်လာသည်ကို မြင်သောအခါ ပြောလိုက်သည်။
“ယီမျိုးနွယ်စုရဲ့ ရွာသူကြီးကို ရှင်းပစ်လိုက်ပြီ... သူတို့တွေ ခင်ဗျားတို့ဆီကို အချိန်အတော်ကြာအောင် လာပြီး ပြဿနာရှာရဲတော့မှာ မဟုတ်ဘူး...”
အဘိုးဟန်သည် ဤမျှမြန်မြန်ဆန်ဆန် ပြီးစီးသွားလိမ့်မည်ဟု မထင်ထားသဖြင့် အံ့အားသင့်သွားရလေသည်။
သူသည် ဦးညွှတ်ကာ ပြောလိုက်သည်။
“ဒါက တကယ် သတင်းကောင်းပဲ... ကျေးဇူးအရမ်းတင်ပါတယ်... အားမနာနဲ့ စားကြ...စားကြ…”
လင်းဖန်သည် ခေါင်းညိတ်ပြလိုက်ပြီး သူ့ရှေ့တွင် ချပေးထားသော သိုးသားများကို စတင်စားသုံးလေတော့သည်။
ရွာသားများမှာလည်း တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာကာ ၎င်းတို့အား အရက်များ လာရောက်တိုက်ကြချေသည်။
ဟိုမင်သည်လည်း ဖခင်ဖြစ်သူ ဟိုဖူထံမှ ရရှိထားသောအတွေ့အကြုံများဖြင့် မတ်တတ်ရပ်ကာ ၎င်းတို့နှင့်အတူ လိုက်လံသောက်စားပေးလေသည်။
စားသောက်ပွဲကြီးမှာ နာရီအနည်းငယ်မျှ ကြာမြင့်ခဲ့လေသည်။
ပွဲပြီးသွားသောအခါ အခြားသူများ အိပ်စက်နိုင်ရန်အတွက် ၎င်းတို့မှာ တစ်လှည့်စီ ကင်းစောင့်ပေးကြလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ဘေးကင်းစေရန် သေချာအောင် ပြုလုပ်ခြင်းပင်။
ဤတာဝန်သည် ချွမ်မင်းဆက်အတွင်း၌ ကောင်းမွန်သောလူသားများ ကျန်ရှိနေသေးကြောင်း လင်းဖန်အား သိရှိသွားစေခဲ့ပေသည်။
လူတိုင်းမှာ အောက်ခြေအထိ ပုပ်ပွပျက်စီးနေကြသည်တော့ မဟုတ်ချေ။
သူ့အပေါ်တွင် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသော ဦးလေးလျိုနှင့် ဟိုဖူတို့ကဲ့သို့သောလူများမှာ စိတ်ထဲတွင် ပေါ်လာရလေသည်။
သို့သော် လက်ရှိအချိန်တွင် ထိုသူများအတွက် အခြေအနေမှာ သိပ်ပြီး ကောင်းမွန်လှသည်တော့ မဟုတ်ပေ။
နောက်တစ်နေ့နံနက်အစောပိုင်းတွင်ပင် သူတို့သည် ကွေ့အန်းရွာမှ ထွက်ခွာကာ ချင်ဖုန်းဂိုဏ်းဆီသို့ ပြန်လည်ဦးတည်လိုက်ကြသည်။
ရွာသားများမှာမူ အလွန်ပင် စိတ်မကောင်းဖြစ်ကာ ကျန်ရစ်ခဲ့ချေသည်။
၎င်းတို့သည် ကျေးဇူးဆပ်ခွင့်ရရန်အတွက် လင်းဖန်တို့အား ဆက်လက်နေထိုင်စေချင်ကြသော်လည်း မတတ်နိုင်တော့ပေ။
…
ချင်ဖုန်းဂိုဏ်း…
တာဝန်ပေးခန်းမ…
လင်းဖန်က ကောင်တာဆီသို့ လျှောက်လှမ်းသွားစဉ် ပြောလိုက်သည်။
“ဟိုမင်... မင်းအဖေကို ရွာရဲ့လုံခြုံရေးကို ပိုပြီးတင်းကျပ်ထားဖို့ ပြောလိုက်ဦး... အခြေအနေတွေက ပိုဆိုးလာတော့မယ်...”
သူသည် ဖြစ်ပျက်လာမည့်အရာများအတွက် ဟိုဖူအား ပြင်ဆင်ထားစေချင်ခြင်း ဖြစ်ပေသည်။
မျက်လုံးမှေးနှင့်လူထံမှ ရရှိခဲ့သောစာမှာ ထန်ရှောင်ယောင်ထံမှဖြစ်ပြီး ချွမ်မင်းဆက်အတွင်း သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ကာ ပရမ်းပတာဖြစ်အောင်ဖန်တီးရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
ထန်ရှောင်ယောင်အတွက် အလုပ်လုပ်ပေးနေသော အခြားသူများလည်း ဤကဲ့သို့သောစာမျိုးကို ရရှိထားကြမည်မှာ သေချာချေသည်။
“ငါ မနက်ဖြန်ပဲ အကြောင်းကြားလိုက်မယ်...”
ဟိုမင်က ပြန်ဖြေလိုက်သည်။ သူသည်လည်း သူ၏ဖခင် ဘေးကင်းရေးအတွက် စိုးရိမ်ပူပန်နေမိချေသည်။
ကောင်တာရှိတပည့်ထံမှ တာဝန်ဆုလာဘ်ကို ရယူပြီးနောက် လင်းဖန်သည် သူရရှိခဲ့သောစာကို ဂိုဏ်းချုပ်ထံသို့ သွားရောက်ပေးအပ်ရန် ပြင်ဆင်လိုက်သည်။
ဓားတစ်သန်းခန်းမကို စောင့်ကြပ်နေသောတပည့်များမှာ သူ့ကိုတားဆီးရန် ပြင်ဆင်ခဲ့သော်လည်း လင်းဖန်သည် ကျန်းရီနျန်၏ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်နေပြီဖြစ်သဖြင့် ၎င်းတို့မှာ မတားဆီးရဲတော့ချေ။
သူ၏ အဆင့်အတန်းပြောင်းလဲသွားမှုသည် ယခင်ကထက် ပိုမိုများပြားသောအခွင့်အရေးများကို ရရှိစေခဲ့ပေသည်။
ချင်းယန်ဇီသည် လင်းဖန် ပေးအပ်လာသောစာကို ဖတ်ရှုပြီးနောက် ပြောလိုက်သည်။
“ကောင်းတယ်...”
ချင်းယန်ဇီသည် ထန်ရှောင်ယောင်ပြဿနာရှာလိမ့်မည်ဟု တွေးထင်ထားသော်လည်း ဤမျှအထိ ပေါ်ပေါ်ထင်ထင်လုပ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထန်ရှောင်ယောင်သည် ၎င်းတို့ထက် တစ်လှမ်းသာနေပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်ကို အသုံးပြုနေခြင်း ဖြစ်သည်။
ပထမအချက်အနေဖြင့် ထန်ရှောင်ယောင်၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ချွမ်မင်းဆက်မှာ ဖရိုဖရဲဖြစ်လာမည်ဖြစ်ပြီး ၎င်းအတွက် အာဏာသိမ်းယူရန် လမ်းစပွင့်သွားပေလိမ့်မည်။
ထို့အပြင် ဧကရာဇ်မင်းမြတ်သည် ထန်ရှောင်ယောင်အားနှိမ်နင်းရန် ဂိုဏ်းများအပေါ်သို့ တာဝန်ပေးအပ်ထားသဖြင့် အခြေအနေများ ပိုမိုခက်ခဲလာသောအခါ ဂိုဏ်းများမှာ မိမိတို့သည် ဧကရာဇ်၏အသုံးချခြင်းကို ခံနေရသည်ဟု ခံစားရပေလိမ့်မည်။
ဂိုဏ်းများမှာ ဧကရာဇ်မင်းမြတ်အပေါ် စိတ်ကုန်သွားသောအခါ ထန်ရှောင်ယောင်နှင့်ပင် ပူးပေါင်းသွားကြနိုင်ချေရှိသည်။
ချင်းယန်ဇီသည် တွေးလိုက်မိသည်။
‘ထန်ရှောင်ယောင်က တကယ်ကို ကော်ကျစ်တဲ့ မြေခွေးအိုကြီးပဲ...’
ထို့နောက် သူသည် လင်းဖန်ကိုမော့ကြည့်ကာ မေးလိုက်သည်။
“လင်းဖန်... မင်းရဲ့အမြင်အရဆိုရင် ချင်ဖုန်းဂိုဏ်းအတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မလဲ...”
လင်းဖန်သည် ခေါင်းကိုကုတ်လိုက်ရင်း ပြောလိုက်သည်။
“ကျွန်တော်လည်း မသိဘူး ဂိုဏ်းချုပ်... ကျွန်တော်က ဂိုဏ်းထဲကိုရောက်တာ မကြာသေးဘူးလေ...”
ချင်းယန်ဇီသည် မုတ်ဆိတ်မွေးကိုသပ်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အင်း... မင်းပြောတာ မှန်ပါတယ်... ငါက မင်းကို အရမ်းတွေမျှော်လင့်မိသွားတာပဲ... သွားနိုင်ပြီ...”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်...”
လင်းဖန်သည် ဦးညွှတ်ကာ ဓားတစ်သန်း ခန်းမထဲမှ ထွက်ခွာလာခဲ့တော့သည်။
လင်းဖန်တွင် အဖြေတစ်ခုရှိသော်လည်း ၎င်းကို ထုတ်ဖော်ပြောဆိုရန် မသင့်တော်ချေ။
သူ့အတွက် အကောင်းဆုံးအရာမှာ ပိုမိုသန်မာလာရန်နှင့် တစ်နေ့တွင် ဂိုဏ်းချုပ်ဖြစ်လာရန်သာ ဖြစ်ချေသည်။
‘အဲဒီအချိန်ကျမှပဲ ငါ့ရဲ့ ကံကြမ္မာကို ငါ့လက်ထဲမှာ ထိန်းချုပ်နိုင်လိမ့်မယ်...’
…
သစ်သားအိမ်လေးသို့ ပြန်ရောက်သောအခါ လင်းဖန်သည် နင်နာ့ထံမှ ရရှိခဲ့သောလက်ကောက်များကို ထုတ်ယူလိုက်သည်။
သူသည် ချီကိုဝါးမျို၍ အဆိပ်အသွင်ပြောင်းခြင်းနည်းစနစ်ကို ဆက်လက်ကျင့်ကြံလိုခြင်း ဖြစ်ပေသည်။
ယခုအခါ သူသည် ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် အဆိပ်ရှိသတ္တဝါများကို တစ်ကြိမ်တည်းနှင့် ပိုမိုများပြားစွာ စုပ်ယူနိုင်စွမ်းရှိလေသည်။
သူသည် အဆိပ်ရှိသတ္တဝါများကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းကာ ၎င်းတို့ထံမှအဆိပ်များကို ချီစွမ်းအင်ဖြင့် ထုတ်ယူလိုက်လေသည်။
ထို့နောက် ချီစွမ်းအင်ကို အသုံးပြု၍ ထိုအဆိပ်များကို သူ၏အဆိပ်ဂလင်းများဆီသို့ လမ်းညွှန်ပို့ဆောင်ပေးလိုက်သည်။
သူ၏အဆိပ်ဂလင်းများမှာ အဆိပ်များဖြင့် တဖြည်းဖြည်း ပြည့်လျှံလာတော့သည်။
သူ၏ချီစွမ်းအင်များ ပိုမိုများပြားလာသည်နှင့်အမျှ အဆိပ်ဂလင်းများမှာလည်း ပိုမိုကြီးမားလာချေသည်။
၎င်းက သူ့အား အဆိပ်များကို ပိုမိုသိုလှောင်နိုင်စေရန် ကူညီပေးပေသည်။
လင်းဖန်သည် နောင်တစ်ချိန်တွင် ထန်ရှောင်ယောင်၏စစ်တပ်နှင့် ရင်ဆိုင်ရသောအခါ ဤနည်းစနစ်မှာ သေချာပေါက် အသုံးဝင်လိမ့်မည်ဟု ယုံကြည်နေမိသည်။
‘သူတို့ရဲ့ ကျမ်းစာတွေထွင်းထုထားတဲ့ ချပ်ဝတ်တန်ဆာတွေက ဂိုဏ်းသားတွေအတွက် အတားအဆီးတစ်ခု ဖြစ်လာနိုင်တယ်...’
မကြာမီပင် လင်းဖန်သည် လက်ကောက်များအတွင်းရှိ အဆိပ်ရှိသတ္တဝါအားလုံးကို အသုံးပြုပြီးသွားလေသည်။
သူသည် ဆက်လက်ကျင့်ကြံလိုပါက အဆိပ်ရှိသတ္တဝါများကို ထပ်မံဖမ်းဆီးရပေဦးမည်။
လင်းဖန်သည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ရင်း အပြင်ဘက်ရှိတောအုပ်ထဲတွင် အဆိပ်ရှိသတ္တဝါများ ရှိ၊မရှိကို တွေးတောနေမိသည်။
‘ငါ့ရဲ့ သားရဲစွမ်းရည်တွေကို အဆင့်မြှင့်ဖို့အတွက် ကလဲ့စားချေအမှတ်တွေကိုလည်း ပိုပြီးရှာဖွေရမယ်...’
သို့သော် ပထမဆုံးနေဖြင့် ပိုမိုအရေးကြီးသော အရာတစ်ခု လုပ်ဆောင်ရန် ရှိနေသေးချေသည်။
သူသည် စိတ်ထဲတွင် စနစ်၏ အချက်အလက်ပြဇယားကို ခေါ်ယူလိုက်သည်။
[လက်ရှိ သားရဲစွမ်းရည် - ၃/၃]
[တောယုန်စွမ်းရည်အဆင့် - ၂/၃]
[ဝံပုလွေစွမ်းရည်အဆင့် - ၂/၃]
[မီးပုတ်သင်စွမ်းရည်အဆင့် - ၂/၃]
[လက်ရှိ ရုပ်ခန္ဓာအဆင့် - ၅ (အဆင့်မြှင့်တင်ရန် လိုအပ်သော ကလဲ့စားချေအမှတ် - ၁၆၀၀)]
[လက်ရှိ ကလဲ့စားချေအမှတ် - ၁၇၆၀]
[ရုပ်ခန္ဓာကို အဆင့်မြှင့်တင်မည်လား - လုပ်မည်/မလုပ်ပါ]
သူရရှိထားသော ကလဲ့စားချေအမှတ်များကိုကြည့်ရင်း ရုပ်ခန္ဓာအဆင့်အား မြှင့်တင်ရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း သိလိုက်ရလေသည်။
လင်းဖန်သည် စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။
‘ရုပ်ခန္ဓာအဆင့်ကို မြှင့်တင်မယ်...’