← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း (၁၅၇) - အဖွဲ့သစ်နှင့် တာဝန်သစ်

လင်းဖန်သည် ချင်ဖုန်းဂိုဏ်းသို့ ပြန်လာစဉ်လမ်းတစ်လျှောက်လုံး၌ ဂိုဏ်းဆီသို့ ဦးတည်သွားနေကြသောလူအုပ်ကြီးများကို တွေ့မြင်ရလေသည်။

ထိုသူအားလုံးသည် ကျင့်ကြံသူများဖြစ်လာရန် ဆန္ဒပြင်းထန်လျက်ရှိကြပြီး ၎င်းတို့၏ အနာဂတ်မျှော်လင့်ချက်များအကြောင်းကို စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။

ဤမြင်ကွင်းက သူနှင့် ဟိုမင်တို့၏ အဖြစ်အပျက်များကို ပြန်လည်သတိရစေချေသည်။

နောက်ဆုံးတွင် သူသည် ဂိုဏ်းဝင်ပေါက်သို့ ရောက်ရှိလာခဲ့ရာ ထိုနေရာတွင် လူငယ်မောင်မယ်အုပ်စုတစ်စုသည် ရောက်ရှိနှင့်နေပြီး ဖြစ်သည်။

၎င်းတို့သည် နောက်ထပ်ညွှန်ကြားချက်များကို စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေသည်။

လင်းဖန်၏မြင်းသည် ၎င်းတို့ဘေးမှဖြတ်၍ ဒုန်းစိုင်းပြေးသွားသောအခါ လူတိုင်းက သူ့ကို လှည့်ကြည့်ကြလေသည်။

လင်းဖန်၏ နုပျိုသောရုပ်ရည်ကြောင့် ထိုသူတို့မှာ သူ့အား ချင်ဖုန်းဂိုဏ်းသို့ဝင်ခွင့်ရရန် ကြိုးစားနေသော လူသစ်တစ်ယောက်ဟု ထင်မှတ်သွားကြသည်။

သူသည် မြင်းပေါ်မှဆင်းလိုက်ပြီး မြင်းဇက်ကြိုးကိုဆွဲကာ ကင်းစောင့်များရှိရာသို့ ဦးတည်လျှောက်လှမ်းသွားလေသည်။

ဤသည်က အလားအလာရှိသော ဂိုဏ်းသားသစ်အချို့ကို မကျေမနပ် ဖြစ်သွားစေချေသည်။

အစေခံများ ခြံရံထားသော သခင်လေးအချို့သည် လင်းဖန်အား ‘တန်းစီ’ ရာမှ ဖြတ်ကျော်ခြင်းကို တားဆီးရန် ပြင်လိုက်ကြသော်လည်း ကင်းစောင့်များက ရိုသေစွာနှုတ်ဆက်နေကြသည်ကို မြင်သောအခါ ချက်ချင်းပင် တုံ့ဆိုင်းသွားကြသည်။

ကင်းစောင့်များသည် အလွန်ယဉ်ကျေးသိမ်မွေ့စွာဖြင့် သူ့ကို ဦးညွှတ်အရိုအသေပြုကြပြီး လင်းဖန်ထံမှမြင်းကို လွှဲပြောင်းယူလိုက်ကြသည်။

လင်းဖန်က ကင်းစောင့်များကို ကျေးဇူးတင်စကားပြောကြားပြီးနောက် လှေကားထစ်များအတိုင်း တက်လှမ်းသွားလေသည်။

“ကျေးဇူးပဲ...”

သခင်လေးတစ်ယောက်က လင်းဖန်ကိုလက်ညှိုးထိုးပြကာ အခြေအနေကို နားလည်ရန်ကြိုးစားရင်း ပြောလိုက်သည်။

“ဟိုကောင်လေးက...”

ကင်းစောင့်တစ်ယောက်က ထိုသခင်လေးကို အံ့ဩလေးစားစွာဖြင့် ပြန်လည်ပြင်ဆင်ပေးလိုက်သည်။

“ကောင်လေးဟုတ်လား... အဲဒါ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ရဲ့ တောင်ထွတ်သခင် ကျန်းရီနျန်ရဲ့ တိုက်ရိုက်တပည့်ပဲ...”

ထိုသခင်လေးအတွက်မူ လင်းဖန်သည် အလွန်နုပျိုလွန်းသဖြင့် သာမန်လူတစ်ယောက်သာဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်ပေသည်။

သခင်လေးသည် ရင်ဘတ်ကို သပ်လိုက်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

‘တော်သေးတာပေါ့... ငါ ပြဿနာမရှာမိလို့...’

သူသည် ဗဟိုရင်ပြင်သို့ ရောက်ရှိသွားသောအခါ တပည့်များသည် ဂိုဏ်းသားသစ်များကို စမ်းသပ်ရန် ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရသည်။

ဂိုဏ်းတူအစ်ကိုကြီးစွန်းဟိုင်သည်လည်း ယခင်ကကဲ့သို့ပင် ပြင်ဆင်မှုများပြုလုပ်နေချေသည်။

ကျန်းရှီသည် လင်းဖန်ကို လှမ်းမြင်လိုက်သောအခါ အော်ခေါ်လိုက်လေသည်။

“လင်းဖန်... ဒီကိုလာဦး... တပည့်သစ်တွေကိုဆွဲဆောင်ဖို့ စံပြပုံရိပ်အဖြစ် လာလုပ်ပေးပါဦး...”

ဤသည်က လင်းဖန်အတွက်မူ နားဝင်မချိုလှပေ။

သူမသည် ပြီးခဲ့သည့်အကြိမ်က တပည့်သစ်များအား မည်သို့စည်းရုံးရန် ကြိုးစားခဲ့သည်ကို သူ ကောင်းကောင်းမှတ်မိနေသည်။

ထိုစဉ်ကရလဒ်များမှာ အလွန်ပင် ဆိုးရွားလှပေသည်။

ထို့ကြောင့် သူသည် သူမကို အကြံဉာဏ်အချို့ ပေးလိုက်ပြီး ဗဟိုရင်ပြင်မှ အမြန်ဆုံး ထွက်ခွာသွားလေတော့သည်။

လင်းဖန်က သူမအား မည်သို့လုပ်ဆောင်ရမည်ကို ပြောပြလိုက်သောအခါ ကျန်းရှီ၏ မျက်လုံးများမှာ ပြူးကျယ်သွားရသည်။

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်၏ အနေအထားအား မည်သို့စျေးကွက်မြှင့်တင်ရမည်ကို သူက ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ‘ဖောက်သည်’ များ၏ ကြောက်ရွံ့မှုကဲ့သို့သော အခြေခံဗီဇစိတ်များကို မည်သို့ဆွဲဆောင်ရမည်ကိုလည်း သင်ကြားပေးခဲ့သည်။

သူမသည် ချက်ချင်းပင် အလုပ်စတင်လိုက်ပြီး ထိုအကြံဉာဏ်များကို အကောင်အထည်ဖော်ရန် စဉ်းစားလိုက်လေတော့သည်။

နောက်ဆုံးတွင်မူ အခြားတောင်ထွတ်များသို့ ဝင်ရောက်ပါက အောင်မြင်ရန် မလွယ်ကူနိုင်ကြောင်းကို အဓိကထား၍ စည်းရုံးရန် ဆုံးဖြတ်လိုက်သည်။

အခြားတောင်ထွတ်များရှိ ပြင်းထန်လှသောပြိုင်ဆိုင်မှုများက ၎င်းတို့အား မည်သို့ဝါးမြိုသွားမည်ကို ပုံဖော်ပြခဲ့သည်။

ပြိုင်ဆိုင်မှုအရမ်းများလွန်းသဖြင့် တစ်နှစ်ကြာပြီးနောက် ချင်ဖုန်းဂိုဏ်းမှ ထွက်ခွာသွားရပါလျှင် မိသားစုဝင်များ စိတ်ထိခိုက်ရမည့်အကြောင်းကို စဉ်းစားစေခဲ့သည်။

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သို့ ဝင်ရောက်မည်ဆိုပါက ထိုအရာအားလုံးကို ရှောင်လွှဲနိုင်မည် ဖြစ်ပေသည်။

ဤနေရာတွင် ကျင့်ကြံခြင်းအရင်းအမြစ်များ အလုံအလောက်ရှိပြီး ဆရာများကလည်း တပည့်များအတွက် အချိန်ပေးနိုင်မည် ဖြစ်သည်။

ဤသည်က ဆန်းကြယ်သောမှော်ပညာတစ်ခု မဟုတ်သော်လည်း တပည့်သစ်အချို့၏စိတ်ကို ဆွဲဆောင်နိုင်ခဲ့ချေသည်။

နောက်ဆုံးတွင် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သို့ တပည့်သစ်ငါးဦး ဝင်ရောက်လာခဲ့လေသည်။

ဤသည်က ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်အတွက် စံချိန်သစ်တစ်ခုဖြစ်သဖြင့် မဆိုးလှပေ။

…

နောက်တစ်နေ့တွင်…

လင်းဖန်သည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်၏ ပင်မခန်းမဆောင်သို့သွားသောအခါ ခန်းမအတွင်း၌ စောင့်ဆိုင်းနေကြသောမျက်နှာသစ်များကို တွေ့လိုက်ရသည်။

၎င်းတို့မှာ တပည့်သစ်ငါးဦးပင်။

အားလုံးမှာ ဆယ်ကျော်သက်အရွယ် လူငယ်လေးများဖြစ်ကြသည်။

၎င်းတို့သည် လင်းဖန်ကိုမြင်သောအခါ ချက်ချင်းပင်မတ်တတ်ရပ်၍ ဦးညွှတ်နှုတ်ဆက်ကြလေသည်။

“ဂိုဏ်းတူအစ်ကိုကြီး...”

လင်းဖန်က ပြန်လည်နှုတ်ဆက်ပြီးနောက် လမ်းကို ဆက်လျှောက်သွားလေသည်။

“ငါကလင်းဖန်ပါ... တောင်ထွတ်သခင်ရဲ့ တိုက်ရိုက်တပည့်ပေါ့... နောက်မှတွေ့ကြတာပေါ့...”

သူသည် ထွက်ခွာသွားစဉ် သူတို့ကို သေချာစွာကြည့်ရှုခဲ့ရာ သူတို့အနက်အများစုမှာ သူ့ကဲ့သို့ပင် ဆင်းရဲနွမ်းပါးသောနောက်ခံမှ လာသူများဖြစ်ကြောင်း ရိပ်မိလိုက်သည်။

သူတို့သည် အပြင်စည်းတပည့်များ၏ဝတ်ရုံဖြူများကို ဝတ်ဆင်ထားကြသော်လည်း လက်ချောင်းများမှာ ကြမ်းတမ်းနေသည်ကို သူ သတိပြုမိလိုက်သည်။

ဤသည်က လယ်ယာလုပ်ငန်းခွင်တွင် အလုပ်ကြမ်းလုပ်ခဲ့ကြခြင်းကြောင့် ဖြစ်နိုင်ပေသည်။

၎င်းတို့သည် ထွက်ခွာသွားသော လင်းဖန်ကို အားကျလေးစားစွာဖြင့် ငေးကြည့်ကျန်ရစ်ခဲ့လေသည်။

လင်းဖန်သည် တိုက်ရိုက်တပည့်တစ်ဦးဖြစ်လာရန် မည်မျှကံကောင်းခဲ့ကြောင်းကို စိတ်ထဲမှ တွေးတောနေကြသည်။

“ကြိုဆိုပါတယ်...”

စွန်းဟိုင်၏အသံကြောင့် သူတို့၏အတွေးစများ ပြတ်တောက်သွားရသည်။

သူသည် ပင်မခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာပြီး သူတို့၏ တာဝန်များကို စတင်ရှင်းပြလေတော့သည်။

ဤသည်မှာ ယခင်က လင်းဖန်အတွက် သူ လုပ်ဆောင်ပေးခဲ့သည့်အတိုင်းပင်။

ဘဝဆိုသည်မှာ အမှန်တကယ်ပင် အဆုံးမရှိသောသံသရာတစ်ခု ဖြစ်ချေသည်။

လင်းဖန်သည် ကျန်းရီနျန်၏ စာကြည့်ခန်းအတွင်းသို့ ဝင်ရောက်လာသောအခါ သူ့ကို နှုတ်ဆက်လိုက်သည်။

“ဆရာ... ကျွန်တော့်ကို ရှာနေတယ်ဆိုလို့...”

ကျန်းရီနျန်သည် လက်ဖက်ရည်ကြမ်းကိုအရသာခံ၍ တစ်ငုံချင်း သောက်သုံးနေသည်။

“ဟုတ်တယ်... ဂိုဏ်းချုပ်က အခြားဂိုဏ်းတွေနဲ့ အစီအစဉ်တချို့ လုပ်ထားတယ်...”

“ဒီနေ့ ဧည့်သည်တွေ ရောက်လာလိမ့်မယ်... မင်းက သူတို့နဲ့အတူ တာဝန်တွေကို သွားထမ်းဆောင်ရမယ်...”

“ဒါက ထန်ရှောင်ယောင်ကို နောက်ဆုံးတိုက်ခိုက်ဖို့အတွက် မင်းတို့အားလုံး အတူတူ ပူးပေါင်းလုပ်ဆောင်နိုင်အောင် ပြင်ဆင်ပေးတာပဲ...”

သူသည် လင်းဖန်အား ကြုံတွေ့ရမည့်အခြေအနေများကို ရှင်းပြခဲ့သည်။

လင်းဖန်သည် တာဝန်များကို မည်သူများနှင့်အတူ သွားရောက်ထမ်းဆောင်ရမည်နည်း၊ မည်ကဲ့သို့သောတာဝန်မျိုး ဖြစ်မည်နည်း စသည်ဖြင့် တွေးတောနေမိသည်။

သူတို့တွင် အချိန်သိပ်မရှိတော့ကြောင်းကို ရိပ်မိနေလေသည်။

သူ ယခင်က ကြုံတွေ့ခဲ့ရသည့် အခြေအနေများအရ ထန်ရှောင်ယောင်သည် လှုပ်ရှားမှုများကို စတင်နေပြီ ဖြစ်သည်။

မကြာမီအချိန်အတွင်းမှာပင် ချင်းယန်ဇီသည် သူ့အား ဓားတစ်သန်းခန်းမသို့ ဆင့်ခေါ်လိုက်သဖြင့် ဆက်လက်ခန့်မှန်းနေရန် မလိုတော့ပေ။

ဓားတစ်သန်း ခန်းမအတွင်း၌…

လင်းဖန် ရောက်ရှိသွားသောအခါ ဟိုမင်သည် ဟွမ်ယွန်းခွန်းနှင့်အတူ ရောက်ရှိနှင့်နေပြီ ဖြစ်သည်။

ခန်းမဆောင်အတွင်း၌ အခြားရင်းနှီးသော မျက်နှာအချို့ကိုလည်း တွေ့ရသည်။

၎င်းတို့မှာ မိုးကြိုးမုန်တိုင်းဂိုဏ်းမှ လိုင်ချင်းနှင့် လိုင်မင်တို့ ဖြစ်ကြသည်။

ထို့အပြင် ဟူထော်သည်လည်း တစ်ဦးတည်း တိတ်ဆိတ်စွာ ရပ်နေချေသည်။

နောက်ဆုံးတစ်ဦးမှာ ကျောက်ကျားရွေ့ပင် ဖြစ်သည်။

ဤရင်းနှီးသော မျက်နှာအချို့အပြင် အခြားဂိုဏ်းများမှ တပည့်များလည်း ရှိနေကြသည်။

ချင်းယန်ဇီသည် ခန်းမအတွင်းသို့ ဝင်ရောက်လာပြီး သူ၏နေရာတွင်ထိုင်လိုက်ရင်း တပည့်အားလုံးကို နှုတ်ဆက်လိုက်သည်။

“အားလုံးကို ကြိုဆိုပါတယ်...”

တပည့်များကလည်း ပြန်လည်ဦးညွှတ်နှုတ်ဆက်ကြသည်။

“ဂိုဏ်းချုပ် ချင်းယန်ဇီ...”

ချင်းယန်ဇီက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။

“လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...”

“မင်းတို့ရဲ့ဂိုဏ်းချုပ်တွေက ဒီကိုလာရတဲ့ရည်ရွယ်ချက်ကို ရှင်းပြထားပြီးလောက်ပြီဆိုတော့ စလိုက်ကြရအောင်...”

“မင်းတို့ကို အဖွဲ့တွေခွဲပြီး တာဝန်တွေပေးအပ်သွားမယ်...”

“အသေးစိတ်အချက်အလက်တွေကို ငါ ရှင်းပြပြီးရင် မင်းတို့ဆီ လွှဲပေးလိမ့်မယ်...”

“အားလုံးပဲ ကံကောင်းကြပါစေ...”

ထို့နောက် အောက်ခြေသိမ်းတပည့်များ ရောက်ရှိလာပြီး တပည့်တိုင်းကို စာတစ်စောင်စီ ကမ်းပေးကြလေသည်။

ထိုစာထဲတွင် မိမိတို့၏ အဖွဲ့ဝင်များနှင့် ပြီးမြောက်အောင် ဆောင်ရွက်ရမည့်တာဝန်များ ပါရှိသည်။

လင်းဖန်သည် စာကိုဖွင့်ဖတ်လိုက်ရင်း သူ၏အဖွဲ့ဝင်များဖြစ်သော ဟိုမင်၊ ဟွမ်ယွမ်ခွန်းတို့နှင့် တစ်ဖွဲ့တည်းကျစေရန် မျှော်လင့်နေမိတော့သည်။

All Chapters