အခန်း ၁၅၈
Vol. 16 Ch. 158
အခန်း (၁၅၈) - ဟော့ပေါ့စားပွဲ
လင်းဖန်သည် စာရင်းရှိ နာမည်များကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဟိုမင်၊ လိုင်ညီအစ်ကို၊ ဟူထော်၊ ကျောက်ကျားရွေ့နှင့် လင်းဖန်။
သူ့အတွက်မူ ဤအဖွဲ့သည် အစွမ်းထက်ဆုံးကျင့်ကြံသူများဖြင့် စုစည်းထားသည့် အဖွဲ့တစ်ဖွဲ့ကဲ့သို့ပင် ဖြစ်နေချေသည်။
သို့သော် တာဝန်ကို ကြည့်လိုက်သည့်အခါတွင်မူ အဘယ်ကြောင့် ဤမျှ အစွမ်းထက်သူများကို ရွေးချယ်ထားရသနည်းဟူသည်ကို သူ နားလည်သွားလေသည်။
သူတို့၏တာဝန်မှာ ထန်ရှောင်ယောင်၏စစ်တပ်မှ ဗဟိုသယ်ယူပို့ဆောင်ရေး စခန်းကို နှောင့်ယှက်ဖျက်ဆီးရန်ပင်။
ပေးပို့လာသောစာထဲရှိ အချက်အလက်များအရ ထိုစခန်းသည် အစောင့်အကြပ်တင်းကျပ်ထားသော နေရာတစ်ခုဖြစ်ချေသည်။
တပ်မှူးလုတင့်နှင့်အတူ မိစ္ဆာသားရဲအုပ်ကြီးအား ခုခံတိုက်ခိုက်ခဲ့ဖူးသည့် အတွေ့အကြုံများအရ စစ်တပ်ဆိုသည်မှာ အလွယ်တကူအနိုင်ယူ၍ရသော အရာမဟုတ်ကြောင်း လင်းဖန် ကောင်းစွာသိရှိထားပေသည်။
အခြားတပည့်များသည် ၎င်းတို့၏ စာများကို ဖွင့်ကြည့်လိုက်စဉ် လင်းဖန်၏နာမည်ကို မတွေ့ရသဖြင့် သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်ကြလေသည်။
သူတို့ထဲမှ အများစုမှာ လင်းဖန်နှင့် အဖွဲ့တစ်ဖွဲ့တည်း ကျချင်နေကြခြင်းပင်။
ထို့နောက် ကံကောင်းသူများက မည်သူများဖြစ်မည်နည်းဟု သိလိုသဖြင့် လင်းဖန်ရှိရာသို့ လျင်မြန်စွာ လှမ်းကြည့်လိုက်ကြသည်။
လိုင်ညီအစ်ကိုက လင်းဖန်ရှိရာသို့ လျှောက်လှမ်းသွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ စိတ်များ ညှိုးငယ်သွားကြလေသည်။
ထို့နောက်တွင်မူ ဟူထော် ဖြစ်လေသည်။
နောက်ဆုံးတွင် ကျောက်ကျားရွေ့ပါ လင်းဖန်ရှိရာသို့ လျှောက်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့မှာ မည်သူ့ကိုပို၍ မနာလိုဖြစ်ရမည်မှန်းပင် မသိတော့ချေ။
သူ၏အဖွဲ့ဝင်သစ်များသည် တစ်ယောက်ကိုတစ်ယောက် အနေရခက်စွာ ကြည့်နေကြသဖြင့် လင်းဖန်က စတင်၍ စကားပြောလိုက်သည်။
“နောက်နှစ်ရက်နေရင် တာဝန်အတွက် ထွက်ခွာရမှာဆိုတော့... အရင်ဆုံး အတူတူ စားသောက်ရင်းနဲ့ တာဝန်အကြောင်း တိုင်ပင်ကြမလား...”
ကျန်ရှိသော အဖွဲ့ဝင်သစ်များကလည်း ခေါင်းညိတ်ထောက်ခံကြလေသည်။
ထို့ကြောင့် လင်းဖန်သည် သူတို့နှင့်အတူ သစ်သားအိမ်လေးဆီသို့ ထွက်လာခဲ့သည်။
လင်းဖန်က ဤမျှရိုးရှင်းပြီး ပရိဘောဂပင်မရှိသလောက်ဖြစ်သော သစ်သားအိမ်လေးတွင် နေထိုင်သည်ကိုမြင်ကာ သူတို့ အံ့ဩသွားကြလေသည်။
လင်းဖန်သည် အလွန်ခြိုးခြံချွေတာတတ်သူတစ်ဦး ဖြစ်လိမ့်မည်ဟုလည်း သူတို့ စိတ်ထဲတွင် တွေးလိုက်မိကြသည်။
သို့သော် လင်းဖန်က မိစ္ဆာသားရဲအသားများနှင့် ဝိညာဉ်ဆန်များကို ထုတ်ယူလာသောအခါတွင်မူ သူတို့ လုံးဝ နားမလည်နိုင်တော့ချေ။
ဤမျှများပြားလှသော အသားပမာဏမှာ ဂိုဏ်းထဲတွင်ဆိုပါက သူတို့အတွက် တစ်လစာပင် လောက်ငှနိုင်လေသည်။
လင်းဖန်အတွက်မူ ဤအရာများမှာ ဘာမှမဟုတ်သကဲ့သို့ပင်။
သူက ဟော့ပေါ့အိုးကို စတင်ပြင်ဆင်လိုက်သောအခါ လူတိုင်းမှာ သူ့ကိုသာ စောင့်ကြည့်နေကြလေသည်။
အသားများက အစိမ်းလိုက်ကြီးရှိနေသေးရာ ၎င်းတို့ကို မည်သို့စားရမည်နည်း။
လင်းဖန်က စားပြလိုက်သဖြင့် သူတို့လည်းလိုက်လုပ်ကာ အသားများကို ဟော့ပေါ့အိုးထဲတွင်ပြုတ်၍ စားသောက်ကြသည်။
တကယ်ကို အရသာရှိလှပေသည်။
လတ်ဆတ်လှသော အရသာကြောင့် သူတို့မှာ အံ့အားသင့်သွားကြသည်။
လိုင်ချင်းက အသားတစ်ဖတ်ကို တူဖြင့်ထပ်မံညှပ်ယူရင်း မေးလိုက်သည်။
“လင်းဖန်... မင်း ဒီလောက် သန်မာနေတာက ဒါကြောင့်မို့လို့လား...”
လင်းဖန်က ပြန်ဖြေလိုက်သည်။
“မင်း အဲဒီလို ထင်ရင်လည်း... ပိုစားထားလိုက်ပေါ့...”
ထိုစကားကြောင့် ဝိုင်းတစ်ခုလုံးစည်ကားသွားပြီး တစ်ဦးနှင့်တစ်ဦး စကားစမြည် ပြောဆိုလာကြလေသည်။
အဓိကအားဖြင့် လင်းဖန်က သူတို့အားလုံးကို မည်သို့ အနိုင်ယူခဲ့သည်ဟူသောအကြောင်းကို စနောက်ပြောဆိုနေကြခြင်း ဖြစ်သည်။
လင်းဖန်ကမူ တာဝန်အကြောင်းကိုတွေးတောရင်း ပခုံးသာ တွန့်ပြလိုက်လေသည်။
ဟော့ပေါ့စားပွဲဖြင့် ရင်းနှီးမှုရယူရန်ကြံစည်ခဲ့သော သူ၏ အစီအစဉ်က အောင်မြင်ခဲ့ချေပြီ။
ဆိုရိုးစကားတစ်ခု ရှိသည်မဟုတ်ပါလား... ဟော့ပေါ့တစ်နပ်နှင့် အဆင်မပြေလျှင် နောက်ထပ်တစ်နပ် ထပ်စားလိုက်ရုံသာ။
စားသောက်ပြီးနောက် ထိုင်ကာ တာဝန်အကြောင်းကို စတင်ဆွေးနွေးကြလေသည်။
သူတို့သည် သယ်ယူပို့ဆောင်ရေးစခန်း၏ မြေပုံကိုကြည့်ရင်း အစီအစဉ်တစ်ခုကို စဉ်းစားကြသည်။
ထိုနေရာတွင် စစ်သည်အင်အား သုံးရာခန့် တပ်စွဲထားသဖြင့် တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။
ထို့အပြင် ထိုနေရာရှိ စစ်သူကြီးကုတောက်သည် မူလဝိညာဉ်အဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။
သူသည် သူတို့ အထူးသတိထားရမည့်သူတစ်ဦး ဖြစ်ချေသည်။
လင်းဖန်က မြေပုံကို သေချာစွာ ကြည့်လိုက်သည်။
သယ်ယူပို့ဆောင်ရေးစခန်းသည် မြစ်ဘေးတွင်တည်ရှိပြီး ရိက္ခာများကို ဂိုဒေါင်မှတစ်ဆင့် လှေများပေါ်သို့တင်ဆောင်ကာ သယ်ယူပို့ဆောင်နေခြင်းဖြစ်ကြောင်း သူ သတိပြုမိသွားလေသည်။
ထိုအရာက သူ့ကို အကြံတစ်ခု ရရှိစေခဲ့သည်။
“စခန်းကနေ အခုလေးတင်ထွက်ခွာသွားတဲ့ လှေတချို့ကို ငါတို့ မီးရှို့လိုက်ရင်... စစ်သားတွေ အဲဒါကို ရှင်းဖို့ ထွက်လာကြလိမ့်မယ်...”
“စစ်သားတွေ လှေတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်ကျမှ... ငါတို့ စခန်းထဲကိုဝင်ပြီး ဖျက်ဆီးကြတာပေါ့...”
လင်းဖန်က သူ၏ အစီအစဉ်ကို တင်ပြလိုက်သည်။
ကျန်ရှိသူများက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ထောက်ခံလိုက်ကြလေသည်။
သူတို့သည် သူတို့၏အချိန်နှင့် စွမ်းအင်အများစုကို ကျင့်ကြံခြင်းတွင်သာ အသုံးပြုခဲ့ကြသဖြင့် အစီအစဉ်ဆွဲခြင်း၌ ကျွမ်းကျင်မှု မရှိကြချေ။
ထို့ကြောင့် လိုင်ညီအစ်ကိုက လှေများကို မီးရှို့ရန် တာဝန်ယူပြီး ကျန်ရှိသူများက စခန်းကိုတိုက်ခိုက်ရန် သဘောတူလိုက်ကြသည်။
အစီအစဉ်များသတ်မှတ်ပြီးနောက် သူတို့မှာ အနားယူလိုက်ကြလေသည်။
…
နောက်တစ်နေ့တွင်မူ…
လူတိုင်းက လိုအပ်သည်များကိုပြင်ဆင်ပြီး သယ်ယူပို့ဆောင်ရေးစခန်းဆီသို့ ထွက်ခွာခဲ့ကြသည်။
ထိုစခန်းသည် ချွမ်မင်းဆက်၏ မြောက်ဘက်နယ်စပ်အနီးတွင်တည်ရှိသဖြင့် ခရီးလမ်းမှာ အလွန်ဝေးကွာလှပေသည်။
မြင်းစီး၍သွားလျှင်ပင် အနည်းဆုံး တစ်ပတ်ခန့် ကြာမြင့်မည့် ခရီးဖြစ်သည်။
မြောက်ဘက်သို့ ခရီးဆက်လာသည်နှင့်အမျှ စိမ်းစိုနေသော သစ်တောများမှာ တဖြည်းဖြည်းကျဲပါးသွားပြီး ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးများနှင့် ဖုန်ထူသော လမ်းများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ခြောက်ရက်တိုင်တိုင် ခရီးနှင်ပြီးနောက် သူတို့သည် စခန်းနှင့် အနီးဆုံးမြို့သို့ ရောက်ရှိလာကြသည်။
သူတို့သည် ထိုနေ့အတွက် အနားယူကာ ပြင်ဆင်မှုများပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြလေသည်။
လင်းဖန်နှင့်အခြားသူများသည် မြင်းများ၏ကျောပေါ်တွင် ကုန်ပစ္စည်းများတင်ဆောင်ကာ ကုန်သည်များကဲ့သို့ ဝတ်ဆင်ထားကြလေသည်။
ထိုစခန်းသို့ ကုန်ပစ္စည်းများ သယ်ဆောင်လာကြသော အခြားကုန်သည်များလည်း ရှိနေကြပေသည်။
ဤအရာက စခန်းသို့ချဉ်းကပ်ရန်အတွက် အကောင်းဆုံး ဟန်ဆောင်မှုတစ်ခုပင်။
“ငါတို့ ကုန်သည်အဖွဲ့အတွက် တစ်ညတည်းဖို့... အခန်းလေးခန်း ပြင်ပေးပါ...”
တည်းခိုခန်းအတွင်းသို့ဝင်လိုက်စဉ် လင်းဖန်က ဆိုင်ရှင်ကို ပြောလိုက်သည်။
တည်းခိုခန်းပိုင်ရှင်က မော့ကြည့်လိုက်ပြီး ကုန်သည်အဖွဲ့၏ခေါင်းဆောင်မှာ ငယ်ရွယ်သူတစ်ဦးဖြစ်နေသဖြင့် အံ့ဩသွားလေသည်။
လင်းဖန်သည် ပထမဆုံးအကြိမ် စီးပွားရေးလုပ်ရန် ကြိုးစားနေသည့် သူဌေးသားလေးတစ်ဦး ဖြစ်လိမ့်မည်ဟု ချက်ချင်းပင် တွေးလိုက်မိသည်။
တည်းခိုခန်းပိုင်ရှင်က ခရီးဦးကြိုပြုလိုက်သည်။
“ကြိုဆိုပါတယ် သခင်လေး... အခန်းလေးခန်းကို အခုပဲ ပြင်ဆင်ပေးပါ့မယ်... အရင်ဆုံး တစ်ခုခု စားသောက်ဦးမလား...”
တည်းခိုခန်းပိုင်ရှင်၏ ကမ်းလှမ်းမှုကို လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ဆိုင်အကူတစ်ဦးရောက်လာပြီး သူတို့အား စားသောက်ရာနေရာသို့ ခေါ်ဆောင်သွားလေသည်။
သူတို့ ထိုင်လိုက်ကြပြီးနောက် လင်းဖန်သည် ဘေးပတ်ဝန်းကျင်မှ ပြောဆိုသံများကို သေသေချာချာ နားစွင့်ထားလိုက်သည်။
“မကြာခင် တစ်ခုခုဖြစ်တော့မယ်ထင်တယ်...”
“ဟုတ်တယ်... မနေ့က စခန်းထဲကို စစ်သားတွေအများကြီး ဝင်သွားတာ ငါ မြင်လိုက်တယ်...”
“ဧကရာဇ်မင်းမြတ်ကများ...”
“ရှူး... ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေစမ်း...”
ကုန်သည်များသည် ချွမ်မင်းဆက်အတွင်း ဖြစ်ပျက်နေသောအခြေအနေများကို အလွန်သတိထားကြပေသည်။
မနေ့က စစ်သားများ ထပ်မံရောက်ရှိလာသည်ဟူသော စကားကိုကြားလိုက်ရသောအခါ လင်းဖန် မျက်မှောင်ကြုတ်သွားသည်။
သူသည် စကားပြောနေကြသော ကုန်သည်များရှိရာသို့လျှောက်သွားကာ မေးမြန်းလိုက်လေသည်။
“ကျွန်တော်က တောင်ပိုင်းကကုန်ပစ္စည်းတွေကို လာရောင်းတဲ့ ကုန်သည်အဖွဲ့ ခေါင်းဆောင်ပါ... စခန်းထဲကို စစ်သား ဘယ်လောက်လောက် ရောက်လာလဲဆိုတာ သိလို့ရမလား... ကျွန်တော့် ကုန်ပစ္စည်းတွေအတွက် ဈေးကွက်ကောင်းတစ်ခု ဖြစ်နိုင်မလားလို့ပါ...”
လင်းဖန်က ဟန်ဆောင်၍ မေးလိုက်သည်။
ကုန်သည်တစ်ဦးက လင်းဖန်ကို ကြည့်ကာ သဘောကျသွားလေသည်။
ငယ်ရွယ်စဉ်မှာပင် ဤကဲ့သို့ ရှုပ်ထွေးလှသော အခြေအနေများကြား၌ အမြတ်အစွန်းရရန် ကြိုးစားနေခြင်းကို သူက ချီးကျူးမိခြင်းပင်။
ထိုကုန်သည်က ပြောလိုက်သညိ။
“မင်းက လူမှန်ကိုမေးလိုက်တာပဲ... ငါက အဲဒီစခန်းထဲက လူတစ်ယောက်နဲ့သိတယ်... မနက်ဖြန် ငါ့နောက်ကလိုက်ခဲ့လေ... ဒါနဲ့ ငါ့နာမည်က လီ လို့ခေါ်တယ်...”
လင်းဖန်က မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်စီနီယာလီ... ကျွန်တော့်နာမည်က လောင်ပါ... ကူညီပေးတဲ့အတွက် ကျွန်တော့်ရဲ့ အမြတ်ထဲကနေ ဝေစုခွဲပေးပါ့မယ်...”
ကုန်သည်လီက ဆေးတံကို မီးညှိရင်း ပြောလိုက်လေသည်။
“မင်းရဲ့ အမြတ်ကို မင်းဘာသာပဲသိမ်းထားလိုက်ပါ... ငါ မင်းအရွယ်တုန်းကလည်း အရာရာကို ကိုယ့်ဘာသာပဲရုန်းကန်ခဲ့ရတာ... မင်းကိုလည်း အဲဒီလိုဒုက္ခမျိုး မရောက်စေချင်ဘူး...”
လင်းဖန်သည် စားပွဲသို့ ပြန်လာခဲ့သည်။ အရာအားလုံးက အဆင်ပြေချောမွေ့နေချေပြီ။
ယခုမူ သူတို့ အစီအစဉ်ကို စတင်အကောင်အထည်ဖော်ရန်သာ ကျန်တော့သည်။