အခန်း ၁၅၉
Vol. 16 Ch. 159
အခန်း (၁၅၉) - ဗိုလ်ချုပ်ကုတောက်
နောက်တစ်နေ့တွင်…
လိုင်ညီအစ်ကိုနှစ်ယောက်မှလွဲ၍ လင်းဖန်နှင့် ကျန်ရှိနေသောသူများသည် တည်းခိုခန်းအပြင်ဘက်၌ လီကို စောင့်ဆိုင်းနေကြလေသည်။
လီသည် အဆင်သင့်ဖြစ်သောအခါ တည်းခိုခန်းထဲမှထွက်လာပြီး သူ၏ကုန်သည်အဖွဲ့နှင့်အတူ ၎င်းတို့ကို ဦးဆောင်ခေါ်သွားတော့သည်။
လမ်းခရီးတစ်လျှောက်တွင် လီသည် လင်းဖန်နှင့် စကားစမြည်ပြောဆိုလာသည်။
လင်းဖန်က စိတ်ဝင်တစားရှိနေသဖြင့် သူက မြောက်ဘက်ဒေသအကြောင်းကို ပြောပြလေသည်။
သူတို့အနေဖြင့် မြောက်ဘက်ဒေသသို့ ပိုမိုနက်ရှိုင်းစွာ သွားရောက်ရမည်ဖြစ်ပြီး ထန်ရှောင်ယောင်နှင့် ရင်ဆိုင်ရမည်မှာ ရှောင်လွှဲ၍မရနိုင်ကြောင်း လင်းဖန် သိရှိထားသည်။
လီက အကြံပြုစကား ပြောကြားလိုက်သည်။
“အဲဒီကိုမသွားဖို့ ကျုပ်အကြံပေးချင်တယ်...”
“မြောက်ဘက်ဒေသက အရမ်းကိုမတည်မငြိမ်ဖြစ်နေတာ... မြက်ခင်းပြင်က လူရိုင်းတွေက အဲဒီနယ်မြေကိုသိမ်းပိုက်ဖို့ နှစ်ပေါင်းများစွာကတည်းက ကြိုးစားနေကြတာလေ...”
“တချို့အချိန်တွေမှာ စစ်သားတွေက ထွက်ပြေးသွားတတ်ကြပြီး လယ်သမားတွေကို သူတို့ဘာသာသူတို့ပဲ အသက်ရှင်အောင်ရုန်းကန်ဖို့ ပစ်ထားခဲ့ကြတယ်...”
“ဗိုလ်ချုပ်ထန်ကတော့ ချွမ်မင်းဆက်အတွက် ကောင်းချီးတစ်ခုပဲ...”
“သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ စစ်စည်းကမ်းတွေကို သေချာချမှတ်နိုင်ခဲ့ပြီး ကာကွယ်ရေးစည်းကိုလည်း ခိုင်ခိုင်မာမာ ထိန်းထားနိုင်ခဲ့တယ်...”
သူတို့ ကင်းစခန်းသို့ ရောက်ရှိသွားချိန်တွင် လီက လင်းဖန်အား အခြေအနေများကို အကျဉ်းချုပ်ရှင်းပြလိုက်ခြင်း ဖြစ်ချေသည်။
ထန်ရှောင်ယောင်နှင့်ပတ်သက်၍ လီပြောပြသော စကားများကို ကြားရသောအခါ လင်းဖန်သည် ခေတ္တမျှ မျက်မှောင်ကြုတ်သွားသည်။
‘ထန်ရှောင်ယောင်က မြောက်ဘက်ဒေသမှာ ဩဇာအာဏာ ရှိပုံရတယ်...’
လင်းဖန် တွေးတောလိုက်မိသည်။
သူတို့အနေဖြင့် ထိုသူကို ပေါ်ပေါ်ထင်ထင်ဆန့်ကျင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ကင်းစခန်းဝင်ပေါက်ကို စောင့်ကြပ်နေသော စစ်သားတစ်ဦးသည် လီနှင့် သူ၏ကုန်သည်အဖွဲ့ ချဉ်းကပ်လာသည်ကို မြင်သောအခါ အော်ဟစ်တားဆီးလိုက်သည်။
“အဲဒီမှာတင် ရပ်လိုက်စမ်း...”
လီသည် ရှေ့သို့တက်လှမ်းကာ အစောင့်ထံသို့ စာတစ်စောင် ကမ်းပေးလိုက်သည်။
ထိုစာမှာ ကုန်ပစ္စည်းများကို အတွင်းသို့သယ်ဆောင်ခွင့်ပြုပြီး လှေများပေါ်သို့တင်ဆောင်ရန် ခွင့်ပြုချက်စာဖြစ်လေသည်။
စစ်သားသည် စာကိုဖတ်ရှုပြီးနောက် လီကို ဝင်ခွင့်ပြုရန် လက်ရိပ်ပြလိုက်သည်။
လင်းဖန်နှင့် ကျန်ရှိနေသောသူများသည်လည်း နောက်မှ လိုက်ပါသွားကြသည်။
ကင်းစခန်းအား ငါးမီတာမြင့်သော ကာကွယ်ရေးတံတိုင်းကြီးတစ်ခုက ဝန်းရံထားချေသည်။
တံတိုင်းအတွင်း၌ ဂိုဒေါင်များဖြစ်သော အဆောက်အအုံတန်းများနှင့် လှေများဆိုက်ကပ်မည့် ဆိပ်ခံတံတားများ ရှိနေသည်။
လင်းဖန်သည် အဆောက်အအုံများ တည်ရှိရာနေရာများကို သေချာမှတ်သားထားလိုက်သည်။
သူသည် ဟိုမင်၊ ဟူထော်နှင့် ကျောက်ကျားရွေ့တို့ကိုကြည့်ကာ အဆောက်အအုံများဆီသို့ မသိမသာ လက်ညှိုးထိုးပြလိုက်သည်။
လိုင်ညီအစ်ကိုနှစ်ယောက် အလုပ်ပြီးသည်နှင့် သူတို့သည်လည်း မိမိတို့၏တာဝန်ကို ချက်ချင်း စတင်လုပ်ဆောင်နိုင်မည် ဖြစ်သည်။
လင်းဖန်အတွက်မူ သူ၏အာရုံစိုက်မှုသည် ဆိပ်ခံတံတားများပေါ်၌သာ ရှိပေသည်။
လီသည် ၎င်းတို့ကို ဆိပ်ခံတံတားများဆီသို့ ခေါ်ဆောင်သွားစဉ် စစ်သားများ၏ အော်ဟစ်သံများကို ကြားလိုက်ရသည်။
ခဏအကြာတွင် စစ်သားအချို့သည် မြင်းများပေါ်သို့တက်စီးကာ ကင်းစခန်းမှ ထွက်ခွာသွားကြလေသည်။
ကုန်သည်တစ်ဦးက အဝေးသို့ လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“ဟိုမှာ မီးခိုးတွေကို ကြည့်လိုက်စမ်း...”
အခြားကုန်သည်တစ်ဦးကလည်း ပြောလိုက်သည်။
“ခုနကတင် ထွက်သွားတဲ့လှေတွေ မီးလောင်နေတာ ဖြစ်ရမယ်...”
ဤသည်မှာ လိုင်ညီအစ်ကိုနှစ်ယောက်သည် သူတို့၏တာဝန်ကို အောင်မြင်စွာ ပြီးမြောက်သွားပြီဖြစ်ကြောင်း ပြသနေသည်။
စစ်သားများသည် အဖြစ်အပျက်များကို နားလည်ရန်ကြိုးစားနေကြသဖြင့် ကင်းစခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူတို့သည် အမွှေးတိုင်တစ်တိုင်စာမျှ စောင့်ဆိုင်းပြီးနောက် လင်းဖန်သည် ကျန်ရှိနေသောသူများကို တစ်ချက်ကြည့်လိုက်သည်။
သူတို့က ခေါင်းညိတ်ပြကြပြီး နောက်တစ်ခဏတွင် သတ်မှတ်ထားသော ပစ်မှတ်များဆီသို့ အသီးသီး ခုန်ပျံဝင်ရောက်သွားကြတော့သည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ...”
“အဲဒီမှာတင် ရပ်လိုက်စမ်း...”
“ရန်သူတိုက်ခိုက်နေပြီ...”
စစ်သားများသည် အခြေအနေကို လျင်မြန်စွာရိပ်မိသွားကြပြီး ကာကွယ်ရေးတံတိုင်းပေါ်ရှိ စည်တော်ကြီးသည်လည်း တဒုန်းဒုန်း မြည်ဟည်းလာလေသည်။
အခြားစစ်သားများပြန်မလာခင် လင်းဖန်နှင့်အဖွဲ့သည် အဆောက်အအုံများကို အမြန်ဆုံးဖျက်ဆီးပစ်ရမည် ဖြစ်သည်။
မကြာမီတွင် စစ်သားတစ်ဖွဲ့ရောက်ရှိလာပြီး လင်းဖန်အား လှံရှည်များ၊ ဒိုင်းလွှားများနှင့် ဓားများဖြင့် ဝိုင်းရံထားလိုက်ကြသည်။
လင်းဖန်၏ စိတ်အာရုံထဲတွင် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့်ဝိညာဉ် ၁၀ ခု ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၅၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် စစ်သား ၁၀ ယောက်ကို သုတ်သင်ပါ]
စစ်သားများသည် လင်းဖန်ထံသို့ လှံများဖြင့် ထိုးစိုက်လိုက်ကြသည်။
၎င်းတို့၏ချီစွမ်းအင်များကို ထည့်သွင်းလိုက်သဖြင့် လှံဖျားများသည် တောက်ပစွာ လင်းလက်လာသည်။
သို့သော် လင်းဖန်သည် သံတူများကိုထုတ်ယူကာ စက်ဝိုင်းပုံသဏ္ဌာန် ဝှေ့ယမ်းလိုက်သည်။
သူသည် လှံများကိုရိုက်ချိုးကာ တစ်စစီ ကြေမွသွားစေသည်။
ဝိညာဉ်အဆင့်ရှိသော သံတူများသည် စစ်သားများ၏ လူသားအဆင့်လက်နက်များအတွက် ယှဉ်နိုင်စရာမရှိပေ။
လှံများပျက်စီးသွားသောအခါ စစ်သားများသည် ဒိုင်းကာများဖြင့် အနီးကပ် တိုးကပ်လာကြသည်။
အက်ကွဲသံများ ထွက်ပေါ်လာလေသည်။
ဒိုင်းကာများသည် ၎င်းတို့ကို မည်သို့မျှ ကာကွယ်မပေးနိုင်ချေ။
လင်းဖန်၏သံတူများဖြင့် ရိုက်နှက်လိုက်သည့်အချိန်တိုင်းတွင် ဒိုင်းကာများသည် အက်ကွဲပျက်စီးသွားကြရလေသည်။
ဒိုင်းကာများမရှိတော့သောအခါ စစ်သားများ၏ ချပ်ဝတ်တန်ဆာများမှ အကာအကွယ် အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
သို့သော် အင်အားအပြည့်သုံးထားသော လင်းဖန်ကိုမူ ၎င်းတို့ မခုခံနိုင်ကြပေ။
သူ၏သံတူများသည် အကာအကွယ် အဖြူရောင်အလင်းတန်းများကို အလွယ်တကူ ဖြတ်သန်းသွားပြီး စစ်သားများကို သတ်ဖြတ်ပစ်လိုက်လေသည်။
သူ အားလုံးကို သုတ်သင်ပြီးသွားသောအခါ စိတ်ထဲတွင် ရင်းနှီးသောအသံတစ်သံ ထွက်ပေါ်လာသည်။
[ဒင် ယုတ်မာသော ရည်ရွယ်ချက်ရှိသူများကို သုတ်သင်ခြင်း အောင်မြင်သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် ပေါင်း ၅၀၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၈၆၀]
ချက်ချင်းဆိုသလိုပင် အခြားစစ်သားနှစ်ဖွဲ့သည် လင်းဖန်ထံသို့ ဦးတည်ပြေးဝင်လာကြပြန်သည်။
ဤသည်မှာ သူ၏တာဝန် မဟုတ်သောကြောင့် လင်းဖန်သည် ၎င်းတို့နှင့် တိုက်ခိုက်မနေလိုပေ။
သူသည် အဆောင်ဆွဲပြားထဲသို့ ချီစွမ်းအင်များကို လျင်မြန်စွာထည့်သွင်းလိုက်ပြီး မီးတောက်သမင်အဖြစ် ပြောင်းလဲလိုက်သည်။
သူသည် ဦးချိုများဖြင့် စစ်သားများကိုတိုက်ခိုက်ရန် ပြေးဝင်သွားသည်။
စစ်သားများသည် လှံများကို သူ့ထံသို့ချိန်ရွယ်ထားကြသော်လည်း နောက်ဆုံးတွင် လင်းဖန်သည် သူတို့၏ခေါင်းပေါ်မှ ကျော်ဖြတ်ကာ ခုန်ပျံသွားလေသည်။
ထို့နောက် ဆိပ်ခံတံတားပေါ်သို့ သက်ဆင်းလိုက်သည်။
သင်္ဘောသားများနှင့် အလုပ်သမားများသည် လင်းဖန်ထံမှ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။
‘ဒီလူက ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်ရမယ်...’
၎င်းတို့ တွေးတောလိုက်ကြသည်။
လင်းဖန်သည် လူသားပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်ပြီး သံတူများကိုအသုံးပြုကာ ရှစ်ကွက်အင်း သားရဲအသွင်ပြောင်းတိုက်ကွက်ဖြင့် မီးတောက်ဝံပုလွေကို ဆင့်ခေါ်လိုက်လေသည်။
တောက်ပနေသော မီးတောက်ဝံပုလွေသည် ဖြတ်သန်းသွားရာ ဆိပ်ခံတံတားတစ်လျှောက်ကို မီးတောက်များဖြင့် လောင်ကျွမ်းစေသည်။
ထို့နောက် လင်းဖန်သည် သံတူများဖြင့် ဆက်တိုက်ထိုးနှက်ကာ သစ်သားဖြင့်ပြုလုပ်ထားသော ဆိပ်ခံတံတားများကို တစ်စစီ ရိုက်ခွဲပစ်လိုက်သည်။
“ပစ်စမ်း...”
ရုတ်တရက် တစ်စုံတစ်ယောက်၏ အော်ဟစ်သံထွက်ပေါ်လာပြီး မြားမိုးများသည် လင်းဖန်ထံသို့ ရွာသွန်းလာတော့သည်။
လင်းဖန် လှည့်ကြည့်လိုက်သောအခါ မြားသမားများနှင့်အတူ လူတစ်ယောက် သူ့ထံသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။
နှစ်မီတာခန့်မြင့်မားပြီး သန်မာထွားကျိုင်းသော ထိုလူသည် ဗိုလ်ချုပ်တစ်ဦး၏ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားချေသည်။
သူသည် ဤကင်းစခန်းကို တာဝန်ယူထားရသော ဗိုလ်ချုပ်ကုတောက် ဖြစ်ရပေမည်။
ဗုန်း…
မြားများမှာ မြေပြင်ပေါ်သို့ ကျရောက်သောအခါ ပြင်းထန်သောပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
ဤမြားများသည် သာမန်မြားများ မဟုတ်ကြပေ။
လင်းဖန်တစ်ယောက် ယခင်က မြင်ဖူးခဲ့သည်ထက် ပိုမိုအစွမ်းထက်လှသည်။
ပစ်မှတ်သို့ ဦးတည်လာသည့် မြားများနီးကပ်လာသောအခါ လင်းဖန်သည် သံတူများဖြင့် ရိုက်ထုတ်လိုက်သည်။
ဗုန်း…
ပေါက်ကွဲမှုကြောင့် လင်းဖန်သည် သံတူများကိုပင် လွှတ်ချလုနီးပါးဖြစ်သွားပြီး ပြင်းထန်သောတုန်ခါမှုလှိုင်းကို ခန္ဓာကိုယ်အတွင်းမှ ခံစားလိုက်ရသည်။
သူ၏ ရုပ်ခန္ဓာကျင့်ကြံမှုသာမရှိပါက လင်းဖန်သည် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားပေလိမ့်မည်။
ကုတောက်သည် အချိန်ဆွဲမနေဘဲ တစ်မီတာခန့် ရှည်လျားသော ဧရာမဓားကြီးကိုကိုင်စွဲကာ လင်းဖန်ထံသို့ ခုန်ဝင်လာသည်။
“သေစမ်း...”
ဓားသွားသည် လင်းဖန်၏ခါးဆီသို့ ပိုင်းဖြတ်လာသည်။
လင်းဖန်၏ စိတ်အာရုံထဲတွင် ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ၁ ခု ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၃၅၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]
လင်းဖန်သည် မြူခိုးတစ်ခုအဖြစ် ပြောင်းလဲသွားသဖြင့် ဓားသွားသည် သူ၏ခန္ဓာကိုယ်ကို ဟင်းလင်းပြင်အတိုင်း ဖြတ်သန်းသွားပြီး ကုတောက်၏ ပခုံးများအား လင်းဖန်ထံသို့ လှစ်ဟပြသသကဲ့သို့ ဖြစ်သွားစေသည်။
ဒုန်း…
လင်းဖန်သည် ကုတောက်၏ ပခုံးဆီသို့ သံတူကို ဝှေ့ယမ်းရိုက်ချလိုက်သော်လည်း ချပ်ဝတ်တန်ဆာမှထွက်ပေါ်လာသော အဖြူရောင်အလင်းတန်းက လင်းဖန်၏သံတူကို တားဆီးလိုက်သည်။
သူ၏သံတူသည် အဖြူရောင်အလင်းတန်းကြောင့် အဟန့်အတားဖြစ်သွားသဖြင့် လင်းဖန်သည် ၎င်းတို့ကို ပြန်သိမ်းလိုက်ပြီး မူလချီလက်သည်းများကိုအသုံးပြုကာ အဖြူရောင်အလင်းတန်းကို ထိုးဖောက်လိုက်သည်။
လက်သည်းများသည် အဖြူရောင်အလင်းတန်းကို အားစိုက်စရာမလိုဘဲ ဖြတ်သန်းသွားသည်။
သို့သော် ကုတောက်၏ပခုံးအား ကာကွယ်ထားသော ချပ်ဝတ်တန်ဆာပြားများက ၎င်းတို့ကို တားဆီးထားလိုက်ပြန်သည်။
ကုတောက်သည် လင်းဖန်ကို သူ့အနီးမှ ဖယ်ခွာသွားစေရန် လျင်မြန်စွာဖြင့် အရှေ့တည့်တည့်သို့ ကန်ထုတ်လိုက်လေသည်။