အခန်း ၉၁
Vol. 10 Ch. 91
အခန်း (၉၁) - ယင်ဖုန်းစခန်းလော (၁)
ချူချင်း၏မိခင်ဖြစ်သူသည် သူမွေးဖွားပြီး မကြာမီမှာပင် ကွယ်လွန်သွားခဲ့လေသည်။
ချူယွန်ဖေးက သူ့ကိုပြောပြခဲ့ဖူးသည်မှာ မိခင်ဖြစ်သူသည် ကုသမရနိုင်သော ပြင်းထန်သည့်ရောဂါဆိုးကြီး စွဲကပ်ခဲ့သဖြင့် နောက်ဆုံးတွင် လောကကြီးကိုနှုတ်ဆက်သွားခဲ့ရခြင်း ဖြစ်သည်။
မိခင်မရှိတော့သောကလေးတစ်ဦးမှာ မည်သို့ပင်ဖြစ်စေ လူအများ၏ သနားဂရုဏာသက်ခြင်းကိုခံခဲ့ရသည်။
ထို့ကြောင့်လည်း ချူချင်းသည် ငယ်စဉ်ကတည်းက ဆိုးသွမ်းဂျစ်ကန်ခဲ့ပြီး လွန်လွန်ကြူးကြူးကိစ္စရပ်များ မဟုတ်ပါက ချူယွန်ဖေးသည် အမြဲတစေဟန်ပြင်ရုံသာ ကြိမ်းမောင်းပြီး အသာတကြည်ပင် ခွင့်လွှတ်ပေးခဲ့လေသည်။
ခြွင်းချက်အနေဖြင့် သူသည် ချူယွန်ဖေး၏အခန်းထဲသို့ ခိုးဝင်ကာ ဆော့ကစားစရာအသုံးအဆောင်များကို ရှာဖွေရန် သေတ္တာများကို မွှေနှောက်ရှာဖွေခဲ့ဖူးသည်။
သို့သော် မတော်တဆ သေတ္တာငယ်လေးတစ်လုံးကို ခွဲမိသွားခဲ့ရာ ချူယွန်ဖေးကို အလွန်ဒေါသထွက်သွားစေခဲ့ပြီး ယခင်ကကဲ့သို့ သဘောထားမကြီးနိုင်တော့ဘဲ ဝါးခြမ်းစိတ်ဖြင့် သူ့ကို အပြင်းအထန်ရိုက်နှက်ဆုံးမခဲ့လေသည်။
ထိုသေတ္တာငယ်လေးမှာ မိခင်ဖြစ်သူ ချန်ထားရစ်ခဲ့သော အမွေအနှစ်ပစ္စည်း ဖြစ်ကြောင်းကို ချူချင်းနောက်ပိုင်းမှသာ သိရှိခဲ့ရသည်။
မိခင်ဖြစ်သူ ကိုယ်တိုင်ယူဆောင်လာခဲ့သော ပစ္စည်းများအပြင် ချူယွန်ဖေးက ထိုစဉ်က မိခင်ဖြစ်သူအား ပေးအပ်ခဲ့သော အမှတ်တရချစ်သက်လက်ဆောင်များလည်း ရှိနေခဲ့သည်။
ထိုအထဲတွင် ချူချင်းကို အမှတ်ရဆုံးဖြစ်စေခဲ့သည်မှာ ရွှေဆံထိုးတစ်ချောင်း ဖြစ်ပေသည်။
၎င်းမှာ ဖီးနစ်ငှက်အတောင်ပံသဏ္ဌာန်ရှိပြီး အလွန်တရာ လက်ရာမြောက်ကာ ခန့်ညားလှပလှသည်။
ဆံထိုးပေါ်တွင် စာလုံးတစ်လုံး ထွင်းထုထားသည်။
ထိုစဉ်က ချူချင်းသည် စာရေးစာဖတ်တတ်မြောက်နေပြီဖြစ်ရာ ထိုစာလုံးမှာ 'ချူ'ဟူသော စာလုံးဖြစ်ကြောင်း သိရှိခဲ့သည်။
ယခု သူ၏လက်ထဲတွင် ကိုင်ဆောင်ထားသော ရွှေဆံထိုးနှင့် တစ်ထေရာတည်း တူညီနေပေသည်။
မိခင်ဖြစ်သူ၏ အမွေအနှစ်ပစ္စည်းမှာ လွယ်လွယ်ကူကူနှင့် အခြားသူလက်သို့ ရောက်ရှိသွားရန် မဖြစ်နိုင်ပေ။ သို့သော် ချူထျန်း အိမ်ထောင်ကျသွားခဲ့ပြီဖြစ်ရာ ချူယွန်ဖေးက မိခင်ဖြစ်သူ၏အမွေအနှစ်ပစ္စည်းကို ချွေးမဖြစ်သူအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့လေသလော။
သို့မဟုတ်ပါက ချူထျန်းထံသို့အပ်နှံပြီး ချစ်သက်လက်ဆောင်အဖြစ် ပေးအပ်ခိုင်းခဲ့လေသလော။
ဤသည်မှာ အနီးစပ်ဆုံးဖြစ်နိုင်ခြေရှိသော အချက်ဖြစ်ပြီး ချူချင်းကို ပိုမို၍ဒေါသအမျက်ချောင်းချောင်းထွက်စေခဲ့သည်။
ဤနယ်မြို့လေးတွင် တစ်ခုခုမှားယွင်းနေပေသည်။
စောစောက ဦးလေးအာ့နျူကို ဖမ်းဆီးခေါ်ဆောင်သွားစဉ်ကတည်းက ချူချင်းရိပ်မိခဲ့ပြီး ဖြစ်သည်။
သို့သော် သူသည် ဤမျှလောက်သော ကိစ္စရပ်များဖြင့် လူတို့၏အသက်ဘေးကို လွယ်လွယ်ကူကူ ဆုံးဖြတ်၍မရနိုင်ပေ။
ကျောက်မိသားစုစားသောက်ဆိုင်ကို ထိုလူက ညွှန်ပြခဲ့ခြင်းဖြစ်ရာ ဤနေရာတွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေမည်မှာ သေချာသည်။ ထို့ကြောင့်သာ သူရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ကို တွေ့ရှိသည်နှင့် ချက်ချင်းတိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။
သို့သော် လျှို့ဝှက်ချက်ကို မရှာဖွေရသေးမီမှာပင် ဤရွှေဖီးနစ်ဆံထိုးကို တွေ့ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဤသို့ဆိုလျှင်...
သူ မည်သို့ သည်းခံနေတော့မည်နည်း။
ဆိုင်ရှင်ဖြစ်သူမှာမူ ဤအကြောင်းအရင်းများကို မသိရှိဘဲ ခေါင်းမာစွာဖြင့် ငြင်းဆန်နေဆဲဖြစ်သည်။
"ဧည့်... ဧည့်သည်တော်... ကျွန်တော် ဘာမှ နားမလည်ပါဘူး... ခင်ဗျား... ခင်ဗျား ကျွန်တော့်ကို အောက်ချပေးပါ... ဒီ... ဒီဆံထိုးက... ကျွန်တော့်ပစ္စည်းပါ..."
ချူချင်းက ဤသည်ကိုမြင်သောအခါ ခေါင်းညိတ်လိုက်ပြီးနောက် လက်ကိုဝှေ့ယမ်းကာ ဆိုင်ရှင်၏ဦးခေါင်းကို စားပွဲပေါ်သို့ ဖိချလိုက်လေသည်။
လက်တစ်ဖက်ဖြင့် သူ၏မျက်နှာကြီးကို ဖိညှပ်ထားရင်း ကျန်လက်တစ်ဖက်ဖြင့် ဆော့ကစားသလိုမျိုး ဝါးတူဘူးထဲမှ ဝါးတူတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး အတွင်းအားကို အနည်းငယ်သုံးလိုက်ရာ ဝါးတူမှာ ချက်ချင်းကျိုးပဲ့သွားခဲ့သည်။
ကျိုးပဲ့သွားသောအစွန်းမှာ အလွန်တရာထက်မြက်ပြီး ကြောက်မက်ဖွယ်ကောင်းလှရာ သူသည် ထိုဝါးတူချွန်ကို ဆိုင်ရှင်၏မျက်လုံးဆီသို့ ချိန်ရွယ်လိုက်သည်။
ထို့နောက် ဖြည်းညင်းစွာ ရှေ့သို့တိုးကပ်သွားရင်း ပြောလိုက်သည်။
"မင်းမှာ အခွင့်အရေးအများကြီး မရှိဘူးနော်..."
ဆိုင်ရှင်၏နဖူးမှ ချွေးစေးများစီးကျလာပြီး တစ်ကိုယ်လုံးတုန်ရီနေခဲ့သည်။
သူသည် ချူချင်း၏လက်အောက်မှ အတင်းရုန်းကန်ရန် ကြိုးစားသော်လည်း ချူချင်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မင်ယွိကျမ်းစာ၏အတွင်းအားများ စီးဆင်းနေသဖြင့် သူ မည်သို့ခုခံနိုင်ပါမည်နည်း။
သို့သော် သူ၏နှုတ်ခမ်းမှာ အလွန်တရာတင်းမာလှပြီး ဝါးတူဦးချွန်မှာ မျက်လုံးရှေ့သို့ရောက်ရှိနေပြီ ဖြစ်သော်လည်း ဇွတ်မှိတ်၍ မပြောဘဲနေလေသည်။
ချူချင်းသည် စိတ်ရှည်မှုကုန်ဆုံးသွားသဖြင့် ဇွပ်ခနဲအသံနှင့်အတူ ဝါးတူကို တိုက်ရိုက်ထိုးစိုက်လိုက်ချေသည်။
"အား..."
ဆိုင်ရှင်၏ပါးစပ်မှ စူးရှသောအော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။
ချူချင်းက ဝါးတူကို ပြန်လည်ဆွဲထုတ်ရင်း ပြောလိုက်သည်။
"မင်းမှာ နောက်ထပ်မျက်လုံးတစ်ဖက် ကျန်သေးတယ်..."
"ကျွန်တော်... ကျွန်တော်မသိဘူး... တကယ် မသိတာပါ... တောင်းပန်ပါတယ် ကျွန်တော့်ကို လွှတ်ပေးပါ... ကျွန်တော် တကယ်... တကယ် ဘာမှ မသိပါဘူးဗျာ..."
ဆိုင်ရှင်သည် အော်ဟစ်ငိုယိုရင်း အသနားခံနေလေသည်။
သူ၏ပုံစံမှာ အလွန်တရာရိုးသားလှသဖြင့် ချူချင်းပင်လျှင် မိမိခန့်မှန်းချက် မှားယွင်းသွားလေသလောဟု သံသယဝင်သွားမိသည်။
သို့သော် ထိုစဉ်မှာပင် ဘေးနားရှိစားပွဲထိုးလေးက ရုတ်တရက်ဝင်ပြောလိုက်သည်။
"ကျွန်တော် သိပါတယ်..."
"ပါးစပ်ပိတ်စမ်း..."
အစောပိုင်းက ကြောက်ရွံ့တုန်လှုပ်နေသော ဆိုင်ရှင်သည် ရုတ်တရက်မျက်နှာပျက်ယွင်းကာ ဒေါသတကြီးအော်ဟစ်လိုက်လေသည်။
ချူချင်းက ဤသည်ကိုကြားသောအခါ အေးစက်စွာရယ်မောလိုက်ပြီး သူ၏လည်ပင်းကို ညှစ်ထားလိုက်သဖြင့် စကားမပြောနိုင်တော့ဘဲ စားပွဲထိုးလေးဘက်သို့ လှည့်၍မေးလိုက်သည်။
"ပြောစမ်း..."
"မြို့နယ်မှူးရဲ့... မြို့နယ်မှူးရဲ့ ခြံဝင်းထဲမှာပါ..."
"မြို့နယ်မှူးရဲ့ ခြံဝင်းထဲမှာ မြေအောက်အချုပ်ခန်းတစ်ခု ရှိပါတယ်..."
"သူတို့... သူတို့အားလုံးကို အဲဒီမှာ ပိတ်လှောင်ထားတာပါ..."
စားပွဲထိုးလေးသည် ဤစကားများကိုပြောပြီးနောက် တစ်ကိုယ်လုံးရှိခွန်အားများ ကုန်ခမ်းသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
သူသည် ကြမ်းပြင်ပေါ်သို့ပုံလျက်သား လဲကျသွားချေသည်။
ချူချင်းက ဆိုင်ရှင်၏လည်ပင်းကို လွှတ်ပေးလိုက်ရာ ဆိုင်ရှင်သည် ပြင်းထန်စွာချောင်းဆိုးတော့သည်။
သူသည် အသက်ကိုပြင်းပြင်းရှူသွင်းကာ သက်သာရာရသွားပြီးနောက် စားပွဲပေါ်ရှိဝါးတူကို ဆွဲယူကာ စားပွဲထိုးလေးဆီသို့ အတင်းထိုးစိုက်ရန် ပြေးဝင်သွားခဲ့သည်။
သို့သော် သူအနားသို့မရောက်မီမှာပင် ချူချင်း၏အင်္ကျီလက်ဝှေ့ယမ်းမှုတစ်ခုကြောင့် ကြမ်းပြင်ပေါ်သို့ လွင့်စင်လဲကျသွားခဲ့ရသည်။
ဝုန်းခနဲအသံနှင့်အတူ စားပွဲများမှာ တစ်စစီပျက်စီးသွားခဲ့ပြီး ဆိုင်ရှင်သည် ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေလေသည်။
"ငါ့ရှေ့မှာတောင် လူသတ်ချင်နေတာလား..."
ချူချင်း၏မျက်ဝန်းများ အေးစက်သွားသည်။
"မင်း... မင်းက ဘာကောင်မို့လို့လဲ..."
ဆိုင်ရှင်သည် သူ၏မျက်လုံးတစ်ဖက်ကို အုပ်ထားရင်း မပြုံးမချိုမျက်နှာပေးဖြင့် စားပွဲထိုးလေးကိုကြည့်ကာ အော်ဟစ်လိုက်သည်။
"ပြီးပြီ... အားလုံးပြီးသွားပြီ... မင်းလိုခွေးကောင်က ငါတို့အားလုံးကို သေတွင်းထဲ တွန်းပို့လိုက်တာပဲ..."
စားပွဲထိုးလေးကလည်း ဤသည်ကိုကြားသောအခါ ပြန်လည်အော်ဟစ်လိုက်သည်။
"ပြီးသွားတော့ ဘာဖြစ်လဲ... ကျွန်တော် ဒီလိုဘဝမျိုးကို မခံစားနိုင်တော့တာကြာပြီ..."
"ကျွန်တော့်မိဘတွေကို သူတို့သတ်ခဲ့တာ... ပြီးတော့ ကျွန်တော့်ဇနီးနဲ့ သားသမီးတွေကိုလည်း..."
"အဲဒီတုန်းက သူတို့ဘာပြောခဲ့လဲ... ကျွန်တော့်ဇနီးကို တောင်ပေါ်မှာ ဟင်းချက်ခိုင်းပြီး ကလေးတွေကို တောင်ပေါ်မှာ ထားမယ်... ကျွန်တော် သူတို့ခိုင်းတာ လုပ်ပေးသရွေ့ သူတို့ အဆင်ပြေမယ်လို့ ပြောခဲ့တယ်..."
"ဒါပေမဲ့ နောက်ပိုင်းကျတော့ကော... ကျွန်တော့်ဇနီးကို သူတို့ ဖျက်ဆီးခဲ့ကြတယ်... ကလေးကတော့... ကလေးကတော့..."
ဤနေရာသို့ရောက်သောအခါ သူသည် ဆက်မပြောနိုင်တော့ပေ။
သူ၏ဆံပင်များကို အတင်းဆွဲဖွရင်း စိတ်ပျက်အားလျော့စွာဖြင့် အော်ဟစ်လိုက်သည်။
"သေကြစမ်း... ဒီမှာရှိတဲ့လူတွေအားလုံး သေသင့်တာကြာပြီ..."
"ငါတို့တွေ လူအများကြီးကိုသတ်ခဲ့ကြတာ... ငါတို့က ဘာလို့ အသက်ရှင်နေရဦးမှာလဲ..."
စကားဆုံးသည်နှင့် သူသည် ရုတ်တရက်ထရပ်ကာ စားသောက်ဆိုင်၏နံရံဆီသို့ အတင်းပြေးဝင်ပြီး ခေါင်းနှင့်တိုက်ကာ သေကြောင်းကြံစည်ရန် ကြိုးစားလေသည်။
သို့သော် သူ၏ဦးခေါင်း နံရံနှင့်မထိမီလေးတင် ချူချင်းက သူ၏ပခုံးကို လှမ်း၍ဆွဲထိန်းလိုက်သည်။
"သေချင်ရင် မလောပါနဲ့ဦး... မင်းတို့ မြို့နယ်မှူးရဲ့အိမ်ကို အရင်လိုက်ပို့ပေးစမ်း..."
စားပွဲထိုးလေးသည် အနည်းငယ်ရုန်းကန်သော်လည်း မရုန်းနိုင်သဖြင့် သူ၏စကားကိုမနာခံပါက သေချင်လျှင်ပင် သေခွင့်ရမည်မဟုတ်ကြောင်း သိရှိသွားပြီးမှ ပြောလိုက်သည်။
"ကောင်းပါပြီ... ကျွန်တော်လိုက်ပို့ပေးမယ်..."
ဆိုင်ရှင်ကမူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"သွားကြစမ်း... သွားကြစမ်း..."
"မင်းတို့နှစ်ယောက်လည်း သေရမှာပဲ... သခင်လေးသုံးက ဒီအကြောင်းကိုသိသွားရင် မင်းတို့လည်း လွတ်မှာမဟုတ်ဘူး..."
"မင်းတို့ သိုင်းပညာနည်းနည်းတတ်ပြီး ဓားတွေလှံတွေ ကိုင်ထားရုံနဲ့ အစွမ်းထက်တယ်လို့ မထင်နဲ့..."
"အမှန်အတိုင်းပြောရရင်... မင်းတို့လိုကောင်တွေက သခင်လေးသုံးရဲ့ရှေ့မှာ ဖုန်မှုန့်လောက်တောင် တန်ဖိုးမရှိဘူး..."
ချူချင်းက သူ့ကိုလှည့်ကြည့်ရင်း ပြောလိုက်သည်။
"မကောင်းဆိုးဝါးကို ကူညီပြီး ဒုစရိုက်လုပ်တဲ့ကောင်... သေတာတောင် မနှမြောဘူး..."
သူသည် လက်ကိုဆန့်ကာ ဝါးတူတစ်ချောင်းကိုယူလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ ဝှီးခနဲလေခွင်းသံနှင့်အတူ ထိုဝါးတူမှာ ဆိုင်ရှင်၏လည်ပင်းကို တိုက်ရိုက်ထိုးဖောက်သွားခဲ့လေသည်။
စားပွဲထိုးလေးသည် မူလက ကြောင်တောင်တောင်ဖြစ်နေသော်လည်း ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ မျက်နှာပျက်သွားခဲ့ရသည်။
ဝါးတူတစ်ချောင်းဖြင့် လူသတ်နိုင်ခြင်းမှာ ထိုဆိုးသွမ်းလှသော လူဆိုးကြီးများပင်လျှင် ပြုလုပ်နိုင်မည်မဟုတ်ပေ။
ချူချင်း၏အကြည့်များ သူ့အပေါ်သို့ ကျရောက်လာသောအခါ အကြောင်းရင်းမရှိဘဲ သူ၏ရင်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာခဲ့သည်။
"သွားစို့..."
ချူချင်း၏လေသံမှာ တည်ငြိမ်အေးစက်လှသဖြင့် စားပွဲထိုးလေးသည် ကပျာကယာခေါင်းညိတ်ကာ ရှေ့မှဦးဆောင်လမ်းပြခဲ့သည်။
စားသောက်ဆိုင်ပြင်ပသို့ ထွက်လိုက်သည်နှင့် ဆိုင်ပြင်ပရှိ သားသတ်သမား၊ ခေါက်ဆွဲဆိုင်ပိုင်ရှင်နှင့် ရင်ခွင်ထဲတွင် အနှီးထုပ်လေးကို ပွေ့ပိုက်ထားသော အဘွားအိုတို့သည် ကျောက်မိသားစုစားသောက်ဆိုင်ဘက်သို့ ငေးကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
သူတို့ထွက်လာသည်ကို မြင်သောအခါ ထိုသူတို့၏ ထုံထိုင်းအေးစက်နေသော မျက်နှာများပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့တော့သည်။