အခန်း ၉၂
Vol. 10 Ch. 92
အခန်း (၉၂) - ယင်ဖုန်းစခန်းလော (၂)
ပထမဆုံးပြေးဝင်လာသူမှာ ထိုအဘွားအို ဖြစ်သည်။
သူမသည် ရင်ခွင်ထဲမှအနှီးထုပ်ကို ပွေ့ပိုက်ကာ တုန်တုန်ရီရီဖြင့် ယိုင်တိယိုင်တိုင်လျှောက်လှမ်းရင်း စားပွဲထိုးလေးရှေ့သို့ ရောက်ရှိလာခဲ့သည်။
"မင်း... မင်း ဘာလုပ်မလို့လဲ..."
ချူချင်းသည် ထိုအဘွားအိုကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ရင်ခွင်ထဲမှ အနှီးထုပ်ကိုလည်း ငေးကြည့်လိုက်သည်။
အနှီးထုပ်လေးထဲတွင် အလွန်တရာတိတ်ဆိတ်နေပြီး အဘွားအိုမှာ ဤမျှလှုပ်ရှားနေသော်လည်း မည်သည့်အသံမျှ ထွက်ပေါ်မလာပေ။
အကြောင်းမှာ ထိုအနှီးထုပ်ထဲတွင် ကလေးငယ်မရှိဘဲ သေးငယ်သောအရိုးစုလေးတစ်ခုသာ ရှိနေသောကြောင့် ဖြစ်သည်။
စားပွဲထိုးလေးက ပါးစပ်ဟကာ ပြောလိုက်သည်။
"သူ့ကို လူသွားရှာခိုင်းမလို့ပါ..."
"သူ... သူ တကယ်လုပ်နိုင်ပါ့မလား..."
အဘွားအိုသည် ကြောက်ရွံ့တုန်လှုပ်သောလေသံဖြင့် မေးမြန်းလိုက်သည်။
"ကျွန်တော်လည်း မသိဘူး..."
စားပွဲထိုးလေးက ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
"မအောင်မြင်လည်း ကိစ္စမရှိပါဘူး... ဒီလိုနေ့ရက်တွေကို ကျွန်တော် ငြီးငွေ့လှပြီ... ကျွန်တော်လည်း... အသက်ရှင်ရတာပင်ပန်းလှပြီ..."
သူသည် စကားပြောပြီးနောက် ချူချင်းနှင့်ဝမ်ရိုတို့ကို ဦးဆောင်ကာ နယ်မြို့လေး၏ အတွင်းပိုင်းသို့ လျှောက်လှမ်းသွားခဲ့သည်။
သူတို့နောက်ကွယ်ရှိ လူများသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး အချို့မှာ တိတ်တဆိတ်လိုက်ပါလာကြသော်လည်း အချို့မှာမူ မူလနေရာတွင်ပင် ရပ်မြဲရပ်နေခဲ့ကြသည်။
ဤရေသေကဲ့သို့ ငြိမ်သက်နေသော နယ်မြို့လေးသည် ချူချင်းနှင့်ဝမ်ရိုတို့ ရောက်ရှိလာခြင်းနှင့်အတူ လှိုင်းဂယက်များ ထွက်ပေါ်လာခဲ့ချေပြီ။
ချူချင်းနှင့်ဝမ်ရိုတို့သည် စားပွဲထိုးလေး၏နောက်ကွယ်မှ တိတ်တဆိတ်လိုက်ပါလာခဲ့ကြသည်။
မေးမြန်းလိုသောသံသယများ ရှိနေသော်လည်း ယခုအချိန်တွင်မူ ခေတ္တဆိုင်းငံ့ထားလိုက်ကြသည်။
နေရာသို့ ရောက်ရှိမှသာ...
ပြောဆိုကြရန် ဆုံးဖြတ်လိုက်ကြသည်။
နယ်မြို့လေးမှာ မကြီးမားလှသဖြင့် မကြာမီမှာပင် စတုရန်းပုံစံခြံဝင်းကြီးတစ်ခု၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သတင်းကို ကြိုတင်ရရှိထားပုံရပြီး တံခါးဝတွင် သန်မာထွားကျိုင်းသောလူမိုက်များ တန်းစီ၍စောင့်ကြိုနေကြသည်။
သူတို့၏ပုံစံကို ကြည့်ရသည်မှာ စောစောက ဦးလေးအာ့နျူကို ဖမ်းဆီးခေါ်ဆောင်သွားသောလူစုနှင့် တစ်ဖွဲ့တည်းဖြစ်ပေသည်။
"ဖယ်စမ်း..."
ချူချင်းက သူတို့ကိုတစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"ငါ နောက်တစ်ကြိမ် ထပ်မပြောဘူးနော်..."
ထိုလူမိုက်အုပ်စုသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး စကားလည်းမပြောသကဲ့သို့ လမ်းလည်းဖယ်မပေးကြပေ။
ထိုစဉ် သူတို့၏နောက်ကွယ်မှ အသံတစ်သံထွက်ပေါ်လာခဲ့သည်။
"သခင်လေး... ပြန်လှည့်ပါတော့... ဒီစားပွဲထိုးက ရူးနေတာ လျှောက်ပြောနေတာပါ... ခင်ဗျား သူ့စကားကို အတည်မယူပါနဲ့..."
"ကျုပ်ဆီမှာ ဘာမှမရှိပါဘူး..."
"ဘာမှမရှိရင် ငါ့ကို ဘာလို့ အထဲပေးမဝင်ရဲတာလဲ..."
ချူချင်းက ပြုံးစိစိမျက်နှာပေးဖြင့် မေးလိုက်သည်။
"ဒီနေရာကတားမြစ်နယ်မြေဖြစ်လို့ အပြင်လူတွေ ဝင်ခွင့်မရှိပါဘူး... သခင်လေးက သိုင်းဆရာတစ်ယောက်ဖြစ်ပေမဲ့လည်း ဒီနေရာရဲ့စည်းကမ်းကိုတော့ မချိုးဖောက်သင့်ဘူး ထင်ပါတယ်..."
"ဒါပေမဲ့ သခင်လေးက ဇွတ်ဝင်ချင်တယ်ဆိုရင်တော့ ကျုပ်တို့က သခင်လေးရဲ့ပြိုင်ဘက်မဟုတ်မှန်း သိပါတယ်... ဒါကြောင့် ကျုပ်တို့အားလုံးကိုသတ်ပြီး ကျုပ်တို့ရဲ့အလောင်းတွေကို နင်းဖြတ်ပြီး ဝင်သွားပါတော့..."
ထိုသူသည် ဤနေရာသို့ရောက်သောအခါ ခေတ္တရပ်တန့်လိုက်ပြီးမှ အေးဆေးစွာဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ဒီလိုလုပ်ရင်တော့ သခင်လေးက သိုင်းပညာကို အသုံးချပြီး အပြစ်မဲ့တဲ့အရပ်သားတွေကို သတ်တယ်ဆိုတဲ့သတင်းက ပျံ့သွားမှာဖြစ်လို့ သခင်လေးရဲ့နာမည်ဂုဏ်သတင်းအတွက် မကောင်းဘူးထင်ပါတယ်..."
ဤစကားကိုကြားလိုက်ရသောအခါ ချူချင်းသည် သဘောကျစွာရယ်မောလိုက်သည်။
"ပညာရှိက စာပေနဲ့ ဥပဒေကို ဖျက်ဆီးပြီး သိုင်းဆရာက သိုင်းပညာနဲ့ စည်းကမ်းကို ချိုးဖောက်တယ်..."
"စည်းကမ်းဆိုတာ ချိုးဖောက်ဖို့အတွက်ပဲ... ဒီလို စည်းမျဉ်းစည်းကမ်းတွေအောက်မှာ ပိတ်မိနေမယ်ဆိုရင် ငါဒီသိုင်းပညာတွေကို သင်ယူခဲ့တာ ဘာအသုံးဝင်တော့မှာလဲ..."
စကားဆုံးသည်နှင့် သူသည် ဆက်မပြောတော့ပေ။ လမ်းဖယ်ပေးရန်ဟူသောစကားကို သူသည် တစ်ကြိမ်သာ ပြောလေ့ရှိသည်။
သူသည် ခြေလှမ်းတစ်ချက်လှမ်းလိုက်ပြီး ရှေ့သို့တိုးဝင်သွားခဲ့သည်။
မင်ယွိကျမ်းစာ၏အတွင်းအားများကို တစ်ကိုယ်လုံးတွင် လည်ပတ်စေပြီး ခြေလှမ်းတစ်ချက်လှမ်းလိုက်ရာ ရှေ့ရှိလူမိုက်အချို့သည် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သောစုပ်ယူအားတစ်ခု ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရပြီး သူ့ဆီသို့ မထိန်းနိုင်ဘဲ ဆွဲငင်ခြင်းခံလိုက်ရသည်။
သူ၏ခန္ဓာကိုယ်နှင့် တိုက်မိသွားပြီးနောက် ပြင်းထန်လှသော စွမ်းအားတစ်ခုကြောင့် နောက်သို့လွင့်စင်သွားခဲ့ကြရသည်။
ဘုန်း... ဘုန်း... ဘုန်း...
သူဖြတ်သန်းသွားရာလမ်းတစ်လျှောက်တွင် လူများမှာ လွင့်စင်ပျက်စီးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လူအုပ်ကြီးကို ဖြတ်ကျော်သွားခဲ့ပြီး ဖြစ်သည်။
သူသည် အစောပိုင်းက စကားပြောခဲ့သောလူ၏လည်ပင်းကို လှမ်းညှစ်ကာ အပေါ်သို့မြှောက်တင်လိုက်သည်။
ထိုအချိန်မှသာ ထိုလူမိုက်များသည် လေပေါ်မှကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာကြတော့သည်။
အချို့မှာ သွေးများအန်ထုတ်နေကြပြီး အချို့မှာမူ တိုက်ရိုက်သတိလစ်သွားခဲ့ကြသည်။ ဤသည်မှာ ချူချင်းက ညှာတာခဲ့ခြင်းကြောင့်သာဖြစ်ပြီး မဟုတ်ပါက ဤတိုက်မိမှုတစ်ခုတည်းဖြင့် မည်သူမျှအသက်ရှင်နိုင်မည် မဟုတ်ပေ။
သူ၏လက်ထဲတွင် အညှစ်ခံထားရသူမှာ ဤနေရာသို့စတင်ရောက်ရှိစဉ်က တွေ့ဆုံခဲ့သော ခေါင်းဆောင်ဖြစ်သူ ဖြစ်ပေသည်။
"မင်းက မြို့နယ်မှူးလား..."
ချူချင်းသည် ခြံဝင်းတံခါးကိုကန်ဖွင့်လိုက်ပြီး သူ၏လည်ပင်းကိုဆွဲကာ အထဲသို့ဝင်ရောက်သွားခဲ့သည်။
သူသည် စားပွဲထိုးလေးကို လှည့်ကြည့်ရင်း ပြောလိုက်သည်။
"လိုက်ခဲ့... လမ်းပြစမ်း..."
စားပွဲထိုးလေးနှင့်သူတို့နောက်ကွယ်မှ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောလူများသည် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြရသည်။
ချူချင်းကို ကြည့်နေသောသူတို့၏ အကြည့်များမှာ နတ်ဘုရားတစ်ပါးကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။
စားပွဲထိုးလေးသည် ကပျာကယာခေါင်းညိတ်လိုက်ပြီး လမ်းလျှောက်ရင်း မျက်ရည်များစီးကျလာခဲ့သည်။
ချူချင်းသည် သူ အဘယ်ကြောင့်ငိုကြွေးနေသည်ကို မမေးမြန်းဘဲ သူ၏နောက်မှလိုက်ပါကာ ခြံဝင်းကြီး၏အလယ်သို့ ရောက်ရှိလာခဲ့သည်။
ဤနေရာတွင်လည်း အတားအဆီးများ ရှိနေသော်လည်း ထိုသူတို့မှာ ခန္ဓာကိုယ်သန်မာထွားကျိုင်းရုံမှတစ်ပါး အခြားထူးခြားမှုမရှိသဖြင့် ချူချင်း၏ခြေလှမ်းများကို ခေတ္တမျှပင် တားဆီးနိုင်ခြင်းမရှိပေ။
"ဒီနေရာမှာပါ..."
စားပွဲထိုးလေးက လက်ညှိုးညွှန်ပြလိုက်ရာ ခြံဝင်းထဲတွင် တံခါးပေါက်တစ်ခုရှိနေပြီး အထဲသို့ဝင်လိုက်ပါက မြေအောက်သို့ဆင်းသွားသော လမ်းကြောင်းတစ်ခု ရှိနေသည်။
သို့သော် ဤကဲ့သို့သောနယ်မြို့လေး၏ မြေအောက်အချုပ်ခန်းမှာ ထျန်းဝူမြို့နှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
သီးခြားအချုပ်ခန်းများမရှိဘဲ လူအုပ်ကြီးသည် ခြေချင်းလက်ချင်းများ ခတ်နှိပ်ခံထားရကာ ကြမ်းပြင်ပေါ်တွင် ပျော့ခွေလဲလျောင်းနေကြပြီး ညည်းတွားသံများမှတစ်ပါး လှုပ်ရှားနိုင်စွမ်းပင်မရှိကြပေ။
အကြမ်းဖျင်းကြည့်ရသလောက် အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် စုစုပေါင်းဆယ်ဂဏန်းခန့် ရှိပေသည်။
ချူချင်းသည် ထိုအချိန်မှသာ မြို့နယ်မှူးကိုလှည့်ကြည့်ရင်း မေးလိုက်သည်။
"မင်း ဘာပြောစရာရှိသေးလဲ..."
"သ... သခင်လေး... လွှတ်... လွှတ်ပေးပါ... လွှတ်ပေးပါ..."
သူသည် ချူချင်း၏လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ဖယ်ရှားရန် ကြိုးစားသော်လည်း...
ခွန်အားမရှိပေ။
ချူချင်းက သူ့ကို ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်ရာ သူသည် ပြင်းထန်စွာချောင်းဆိုးပြီးနောက် ဝုန်းခနဲဒူးထောက်ရင်း အော်ဟစ်လိုက်သည်။
"သခင်လေး အသက်ချမ်းသာပေးပါ... သခင်လေး အသက်ချမ်းသာပေးပါဗျာ..."
"ကျွန်... ကျွန်တော်လည်း မတတ်သာလို့ပါ..."
"ဒီလိုမလုပ်ရင် ကျွန်... ကျွန်တော်တို့ ဒီမှာရှိတဲ့ လူတွေအားလုံး... အားလုံး အသက်ဘေးနဲ့ကြုံရမှာပါ..."
"အိုး..."
ချူချင်း၏အကြည့်များ သူ့အပေါ်သို့ ကျရောက်သွားကာ မေးလိုက်သည်။
"မင်းရဲ့ လျှို့ဝှက်ချက်တွေကို နောက်မှနားထောင်မယ်... သူတို့ ဘာဖြစ်နေကြတာလဲ..."
"အဆိပ်မိနေတာပါ..."
မြို့နယ်မှူးသည် ယခုတစ်ကြိမ်တွင် မလိမ်ရဲတော့ပေ။
"ဒီလူတွေအားလုံးက ကျွန်တော်တို့ဆီကနေ ဖြတ်သွားကြတဲ့ခရီးသည်တွေပါ... ကျွန်တော်တို့က သူတို့ကိုအဆိပ်ခတ်ပြီး ဒီမှာပိတ်လှောင်ထားတာပါ..."
"လတိုင်း... အဲဒီ... အဲဒီ..."
သူသည် ဤနေရာသို့ရောက်သောအခါ စိတ်ထဲတွင် အလွန်တုံ့ဆိုင်းသွားပုံရသည်။
နောက်ဆုံးတွင် အံကြိတ်ကာ ပြောလိုက်သည်။
"လတိုင်း ယင်ဖုန်းတောင်ပေါ်က ယင်ဖုန်းစခန်းက လူတွေရောက်လာပြီး သူတို့ကို ခေါ်သွားလေ့ရှိပါတယ်..."
"ကျွန်တော်တို့... ကျွန်တော်တို့ လူနဲ့ငွေမပေးနိုင်ရင် သူတို့က လူသတ်ကြတာပါ..."
"ကျွန်တော်တို့ တကယ်မတတ်သာလို့ပါ... တကယ်မတတ်သာလို့ပါဗျာ..."
‘ယင်ဖုန်းတောင်... ယင်ဖုန်းစခန်း…’
ချူချင်းသည် ခေတ္တမျှတွေးတောလိုက်ပြီးနောက် မေးလိုက်သည်။
"ဖြေဆေးကော..."
"ကျွန်တော်တို့ဆီမှာ ဖြေဆေးမရှိပါဘူး... ဖြေဆေးတွေက ယင်ဖုန်းစခန်းမှာပဲရှိတာပါ..."
စကားဆုံးသည်နှင့် ချူချင်း၏ဓားသည် ဓားအိမ်မှထွက်ပေါ်လာခဲ့ပြီး ဓားချက်တစ်ချက်သည် သူ၏နားရွက်ဘေးမှ ဖြတ်သန်းသွားကာ နားရွက်တစ်ဖက်မှာ ပြတ်တောက်လွင့်စင်သွားခဲ့သည်။
"ငါ့ကို လှည့်စားဖို့မကြိုးစားနဲ့... ငါမေးနေတယ်... ဖြေဆေးဘယ်မှာလဲ..."
"ကျွန်တော်ပြောတာ အမှန်တွေပါဗျာ..."
မြို့နယ်မှူးသည် ကြမ်းပြင်ပေါ်သို့ ဦးခေါင်းဖြင့် အဆက်မပြတ်တိုက်ကာ တောင်းပန်နေသဖြင့် ဦးခေါင်းမှသွေးများစီးကျလာခဲ့သည်။
ချူချင်းသည် ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် အစောပိုင်းက ရွှေဆံထိုးကိုထုတ်ယူကာ ဝမ်ရိုကိုကြည့်လိုက်သည်။
"ဒီဆံထိုးပိုင်ရှင်ကို ရှာနိုင်လား..."
ဝမ်ရိုသည် ၎င်းကိုယူဆောင်ကာ အနံ့ခံကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် ထိုလူအုပ်ကြီး၏ အနားသို့တိုးကပ်ကာ ထပ်မံအနံ့ခံကြည့်လိုက်ပြီးမှ...
အသက်သုံးဆယ်ကျော်ခန့် ရှိပြီး မျောက်မျက်နှာကဲ့သို့ ပိန်လှီသောအမျိုးသားတစ်ဦးကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
"ဒီဆံထိုးပေါ်မှာ သူ့အနံ့ ရှိနေတယ်..."
ချူချင်းသည် အံ့အားသင့်သွားရင်း မေးလိုက်သည်။
"မင်းမှားနေတာ မဟုတ်ဘူးမလား..."
"မမှားနိုင်ပါဘူး..."
ဝမ်ရိုက သေချာပြောလိုက်သည်။
"အရမ်းကြာသွားတဲ့အနံ့တွေကိုတော့ ကျွန်မ အနံ့မခံနိုင်တော့ဘူး... ဒါပေမဲ့ သိပ်မကြာသေးတဲ့အနံ့တွေထဲမှာတော့ အဲဒီဝတုတ်တုတ်ဆိုင်ရှင်အပြင် ဒီလူတစ်ယောက်ပဲ ရှိတယ်..."
"ဒါ့အပြင် တခြားစူးရှရှအနံ့တစ်ခုလည်း ရှိနေသေးတယ်... အဲဒါဘယ်ကလာလဲတော့ ကျွန်မ မသိဘူး..."
ချူချင်း၏မျက်နှာသည် အေးစက်သွားပြီး လူအုပ်ထဲသို့တိုးဝင်ကာ ထိုအမျိုးသားကိုဆွဲထူရင်း မေးလိုက်သည်။
"ပြောစမ်း... ဒီရွှေဆံထိုးကို မင်း ဘယ်ကရခဲ့တာလဲ..."
ထိုအမျိုးသားသည် အဆိပ်မိထားသဖြင့် တစ်ကိုယ်လုံးပျော့ခွေနေပြီး ချူချင်း၏ ရက်စက်သောနည်းလမ်းများကို မြင်တွေ့ခဲ့ရသဖြင့် မလိမ်ရဲတော့ဘဲ အားနည်းစွာပြောလိုက်သည်။
"ကျွန်တော်... ကျွန်တော် ခိုးလာတာပါ..."
"..."
ချူချင်းသည် ဤသည်ကိုကြားသောအခါ သက်ပြင်းချနိုင်သွားခဲ့သည်။
ခိုးယူလာခြင်း ဖြစ်ပေသည်။
ဤသည်မှာ မဆိုးလှသောရလဒ်ဟု ဆိုရပေမည်။
ပထမအချက်အနေဖြင့် သူ၏မရီးဖြစ်သူမှာ အမှန်တကယ် ဘေးအန္တရာယ်နှင့် မကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ဒုတိယအချက်အနေဖြင့် သူ၏အစ်ကိုကြီးမှာလည်း သိက္ခာကျစရာကိစ္စရပ်များနှင့် မကြုံတွေ့ခဲ့ရခြင်း ဖြစ်ပေသည်။
သူသည် ထပ်မံမေးမြန်းရန် ပြင်ဆင်လိုက်စဉ်မှာပင် မြေအောက်အချုပ်ခန်း၏ပြင်ပမှ အော်ဟစ်သံများနှင့်တိုက်ခိုက်သံများ ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။