← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃) - ပိုင်လောင်စန်း (၁)

"သွားပြီ..."

အပြင်ဘက်မှအသံများ ထွက်ပေါ်လာပြီးနောက် ပထမဆုံးမျက်နှာပျက်သွားသူမှာ မြို့နယ်မှူး ဖြစ်လေသည်။

သူသည် မိဘနှစ်ပါးလုံးကွယ်လွန်သွားသကဲ့သို့ ပူဆွေးသောကရောက်ကာ တစ်ကိုယ်လုံးအားအင်ချည့်နဲ့စွာ မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။

"သခင်လေးသုံးတို့ ရောက်လာကြပြီ... ဒါပေမဲ့ ဘာလို့ ဒီလောက်စောနေရတာလဲ..."

"ပုံမှန်ဆိုရင် သူတို့က သန်းခေါင်ယံကျမှ လာတတ်ကြတာ... ဒီနေ့ကျမှ နေ့လယ်ကြီး ရောက်လာကြပါလား..."

"အို..."

ချူချင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်ဖန်ပြန်ဆွဲထူကာ အပြင်ဘက်သို့ စတင်လျှောက်လှမ်းသွားချေသည်။

ဝမ်ရိုနှင့် ထိုစားပွဲထိုးလေးမှာလည်း ချူချင်း၏နောက်ကွယ်မှ ကပ်လျက်လိုက်ပါလာကြ၏။

မြေအောက်အချုပ်ခန်းထဲမှ လူများထွက်လာခဲ့ကြရာ ဆူညံသံများမှာ ပိုမိုကျယ်လောင်လာပြီး ထိုအသံများမှာ အိမ်တော်တံခါးဝဆီမှ ပျံ့လွင့်လာခြင်း ဖြစ်ပေသည်။

သို့သော် ဤသို့ဖြစ်ပျက်နေခြင်းက လူကို မလွဲမသွေအံ့အားသင့်စေတော့သည်။

မည်သူများ တိုက်ခိုက်နေကြသနည်း။

အကယ်၍ ထိုမြို့နယ်မှူး ပြောစကားအရဆိုလျှင် ရောက်လာသူမှာ ယင်ဖုန်းစခန်းမှ သခင်လေးသုံးဖြစ်သဖြင့် ဤမြို့နယ်အတွင်းရှိ သာမန်လူများမှာ ရမ်းကားရဲကြမည် မဟုတ်ပေ။

စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက် ချူချင်းသည် အိမ်တော်များကိုဖြတ်ကျော်ကာ တံခါးမကြီးရှေ့သို့ရောက်ရှိသွားပြီ ဖြစ်သည်။

သို့သော် တံခါးအပြင်သို့မထွက်ရသေးမီမှာပင် သူ၏နောက်မှလိုက်ပါလာကြသော မြို့သူမြို့သားများမှာ တံခါးနောက်ကွယ်တွင် ပုန်းအောင်းကာ အပြင်ဘက်သို့ ချောင်းမြောင်းကြည့်ရှုနေကြသည်ကို မြင်တွေ့လိုက်ရလေသည်။

တံခါးမကြီး၏အပြင်ဘက်တွင် မြင်းကောင်းသုံးစီးရှိနေပြီး မြင်းပေါ်တွင် အမျိုးသား၊ အမျိုးသမီးများရှိနေကြကာ ဦးဆောင်လာသူမှာ အသားအရေဖြူဖျော့ပြီး ဖျားနာနေဟန်ရှိသော အမျိုးသားတစ်ဦး ဖြစ်ချေသည်။

သူ၏မျက်ဝန်းများမှာ မြွေတစ်ကောင်ကဲ့သို့ အေးစက်ညှို့မှိုင်းနေပြီး ရှေ့မှောက်ရှိ ပြင်းထန်သောတိုက်ပွဲကို အေးစက်စွာ စိုက်ကြည့်နေ၏။

ဓား၊ လှံ၊ လက်နက်များကို ကိုင်ဆောင်ထားကာ တောင်‌ပေါ်ဓားပြများကဲ့သို့ ဝတ်ဆင်ထားသော လူတစ်စုသည် အမျိုးသမီးတစ်ဦးနှင့် အပြင်းအထန်တိုက်ခိုက်နေကြချေသည်။

ချူချင်း၏အကြည့်များ ထိုအမျိုးသမီးပေါ်သို့ ကျရောက်သွားချိန်တွင် အနည်းငယ်အံ့အားသင့်သွားရလေသည်။

သူမသည် အသက်နှစ်ဆယ်ကျော်အရွယ်ရှိပြီး ဆံပင်ကိုထုံးနှောင်ကာ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးကဲ့သို့ ပြင်ဆင်ထားပြီး လက်ထဲတွင် လိပ်ပြာဓားတစ်စုံကို ကိုင်ဆောင်ထားချေသည်။

ရန်သူအလွန်များပြားသော်လည်း သူမ၏ကိုယ်ဟန်မှာ လူအုပ်ထဲတွင် ပန်းပွင့်များကြားမှ လိပ်ပြာတစ်ကောင်ကဲ့သို့ ပျံသန်းလှုပ်ရှားနေ၏။

ဓားတစ်စုံမှာ ဘယ်ပြန်ညာပြန်ဝှေ့ယမ်းသွားပြီး ဓားချက်တိုင်းက သွေးစွန်းသောဒဏ်ရာများကို ထင်ကျန်စေကာ လှုပ်ရှားမှုများမှာလည်း အလွန်ပေါ့ပါးသွက်လက်လှပေသည်။

ချူချင်းသည် သူမ၏ရုပ်ရည်ကိုကြည့်ကာ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရ၏။

ထို့ပြင် သူမအသုံးပြုနေသော ဓားသိုင်းမှာလည်း တစ်နေရာရာတွင် မြင်ဖူးခဲ့သကဲ့သို့ ခံစားရသော်လည်း...

စဉ်းစား၍ မရနိုင်သေးပေ။

ထိုအချိန်တိတိကျကျတွင်ပင် အသံတစ်သံထွက်ပေါ်လာတော့သည်။

"ရပ်လိုက်ကြစမ်း..."

ထိုစကားလုံးနှစ်လုံးမှာ တစ်ကိုယ်လုံးရှိအားအင်အားလုံးကို အသုံးပြု၍ အော်ဟစ်လိုက်သကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်၏။

သို့သော် ထိုစကားမှာ အမှန်တကယ်ပင် ထိရောက်လှသဖြင့် တိုက်ခိုက်နေကြသောလူများမှာ ချက်ချင်းပင် လက်နက်များကို သိမ်းဆည်းကာ ရပ်တန့်သွားကြတော့သည်။

သူတို့သည် ဓားတစ်စုံကို ကိုင်ဆောင်ထားသော အမျိုးသမီးကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြ၏။

အမျိုးသမီးသည် ဓားတစ်စုံကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး အလျှော့မပေးဘဲ ဖျားနာနေဟန်ရှိသော ထိုအမျိုးသားကို မော့ကြည့်လိုက်သည်။

"မတိုက်တော့ဘူးလား..."

"ဒါက နားလည်မှုလွဲတာပဲလေ... ဘာလို့ ဒီလောက်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်နေရမှာလဲ..."

ထိုသူ၏စကားပြောသံမှာ အားအင်ချည့်နဲ့နေပြီး ခက်ခဲစွာဖြင့် ဆက်လက်ပြောဆိုလိုက်သည်။

"တကယ်လို့ ကျုပ်အကြည့်မမှားဘူးဆိုရင် မင်းသုံးနေတာက ကန်ခွန်းရှစ်ချက်ဓားသိုင်းပဲ ဖြစ်ရမယ်..."

"မေးပါရစေ... မင်းမျိုးရိုးက ချင်မျိုးရိုးလား..."

"အကဲခတ်တော်သားပဲ..."

အမျိုးသမီးက ခေါင်းကို အနည်းငယ်မော့လိုက်သည်။

"ကန်ခွန်းဓား ချင်မိသားစုကချင်ယွိချီပဲ..."

ချင်ယွိချီ...

ထိုအမည်နာမက ချူချင်း၏စိတ်ထဲရှိ အတိတ်မှတ်ဉာဏ်တံခါးကို ဝုန်းခနဲပွင့်သွားစေသဖြင့် သူ၏မျက်ဝန်းများမှာ အနည်းငယ်လှုပ်ရှားသွားရတော့သည်။ အမှန်တကယ်ပင် သူမ ဖြစ်နေပေသည်။

ဤလောကရှိ အရာအားလုံးမှာ ခြေရာလက်ရာမရှိဘဲ ဖြစ်မလာနိုင်ပေ။

ချူထျန်းသည် အိမ်ထောင်ပြုရန်အတွက် ချူမိသားစု၏ အနာဂတ်သခင်မကြီးအဖြစ် သာမန်အမျိုးသမီးတစ်ဦးကို မည်သို့မျှရွေးချယ်မည် မဟုတ်ပေ။

လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ချူချင်းသည် ဤအမျိုးသမီးနှင့် တွေ့ဆုံဖူးခဲ့ပေသည်။

သို့သော် ထိုစဉ်က သူသည် အလွန်ငယ်ရွယ်သေးသဖြင့် မှတ်ဉာဏ်ထဲတွင် ဝေဝါးနေခဲ့ပြီး အနည်းငယ်ကြမ်းတမ်းသော အစ်မတစ်ဦးအဖြစ်သာ မှတ်မိနေခဲ့ခြင်းဖြစ်၏။

သူမသည် နေ့စဉ်နေ့တိုင်း သစ်သားဓားနှစ်လက်ကိုကိုင်ဆောင်ကာ သူ့ကိုသိုင်းပညာသင်ယူရန် အတင်းအကျပ် စေခိုင်းခဲ့လေသည်။

ချူထျန်းကလည်း ဘေးမှနေ၍ သူမအား ကူညီပေးခဲ့သည်။

ယခုပြန်စဉ်းစားကြည့်လျှင် ထိုစဉ်က သူတို့ မည်မျှငယ်ရွယ်သေးသနည်း။ မိမိကိုယ်တိုင်ပင် သူတို့၏ကစားစရာ ဖြစ်ခဲ့ရချေသည်။

ထိုစဉ်က ချူချင်းသည် ချူထျန်းက သူမ၏အမည်ကို ခေါ်ဆိုသည်ကို ကြားဖူးခဲ့သည်။

ထိုအမည်မှာ ချင်ယွိချီပင် ဖြစ်ချေသည်။

သို့သော် နောက်ပိုင်းနှစ်ပေါင်းများစွာကြာအောင် သူတို့မတွေ့ဆုံဖြစ်ကြတော့သဖြင့် ဤကိစ္စရပ်များမှာ မှတ်ဉာဏ်၏အနက်ရှိုင်းဆုံးနေရာတွင် ဖုံးကွယ်သွားခဲ့ရပေသည်။

အကယ်၍ ယနေ့တွင် မတော်တဆမတွေ့ဆုံခဲ့ပါက ချူချင်းအနေဖြင့် တစ်သက်လုံးပြန်လည်စဉ်းစားမိတော့မည် မဟုတ်ပေ။

မှတ်ဉာဏ်ထဲရှိ ဝေဝါးနေသောမျက်နှာနှင့် ယခုရှေ့မှောက်ရှိ အမျိုးသမီး၏ရုပ်ရည်မှာ ပေါင်းစပ်သွားပြီး ချူချင်းအား တစ်မျိုးတစ်ဖုံ ရင်းနှီးကျွမ်းဝင်မှုကို ခံစားရစေတော့သည်။

"ကောင်းပြီ... ကန်ခွန်းဓား ချင်မိသားစု ဖြစ်နေမှတော့ ကျုပ်အနေနဲ့ မျက်နှာသာမပေးလို့ မရတော့ဘူး..."

ထိုမျက်နှာဖြူဖျော့နေသောအမျိုးသားက ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

"ဒီနေ့ကိစ္စကို ဒီတင်ပဲ ရပ်လိုက်ကြရအောင်... ဒီနယ်မြို့ကိုလည်း နောက်နောင် ကျုပ်လုံးဝခြေမချတော့ဘူး..."

"မင်းအနေနဲ့လည်း လက်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်... ကျုပ်တို့ ဒီတင်ပဲ လမ်းခွဲကြတာပေါ့..."

ကျန်းဟူလောကတွင် ကျင်လည်ရာ၌ တစ်ခါတစ်ရံတွင် အမြစ်ပြတ်သတ်ဖြတ်ရန် မလိုအပ်ပေ။

ချင်ယွိချီသည် ဤနယ်မြို့လေးနှင့် ယင်ဖုန်းစခန်းတို့၏ပဋိပက္ခကို မသိရှိသဖြင့် ထိုသူ၏စကားပြောပုံမှာ ပြတ်သားသည်ကို မြင်သောအခါ ချက်ချင်းပင် ပြုံးလိုက်လေသည်။

“ပြီးတာပဲ... ဒါပေမဲ့ နောင်တစ်ချိန် ကျန်းဟူလောကမှာ ပြန်ဆုံရင် စကားပြောရလွယ်အောင် ရှင်ဘယ်သူလဲဆိုတာတော့ ပြောခဲ့ဦး..."

"ယင်ဖုန်းတောင်... ယင်ဖုန်းစခန်းက ပိုင်လောင်စန်းပဲ..."

မြင်းပေါ်ရှိအမျိုးသားက လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။

"နှုတ်ဆက်ပါတယ်..."

ပြောပြီးသည်နှင့် သူသည် မြင်းခေါင်းကိုလှည့်လိုက်ပြီး ဝတ်ရုံကိုဝှေ့ယမ်းလိုက်ရာ ဝူးခနဲလေထဲတွင် ခါယမ်းသွားတော့သည်။

ထို့နောက် ရှူး... ရှူး... ရှူး... ဟူသော အသံသုံးသံ ထွက်ပေါ်လာချေသည်။

သူသည် ဝတ်ရုံကိုဝှေ့ယမ်းလိုက်သည့် အခွင့်အရေးကို အသုံးချကာ လျှို့ဝှက်ကျည်ဆန်သုံးလုံးကို ချင်ယွိချီဆီသို့ တိုက်ရိုက်ပစ်ခတ်လိုက်ခြင်းဖြစ်၏။

ချင်ယွိချီသည် ပိုင်လောင်စန်း၏ဆုတ်ခွာမှုကို မြင်သော်လည်း လုံးဝလျှော့မတွက်ထားဘဲ သူ၏အလစ်တိုက်ခိုက်မှုကို မြင်သောအခါ ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။

"သတ္တိကောင်းလှချည်လား..."

သူမသည် လက်နှစ်ဖက်ရှိဓားတစ်စုံကို ဘယ်ပြန်ညာပြန်ဝှေ့ယမ်းလှည့်ပတ်လိုက်ရာ တိန်... တိန်... တိန်... ဟူသော အသံများနှင့်အတူ ကျည်ဆန်သုံးလုံးမှာ လွင့်စင်သွားသော်လည်း ဖြူဖွေးသော မြူခိုးများကို ချန်ရစ်ခဲ့ချေသည်။

ချင်ယွိချီသည် အခြေအနေမကောင်းသည်ကို သိရှိလိုက်ပြီး ဤမြူခိုးများထဲတွင် တစ်ခုခုထူးဆန်းနေရမည်ဟု တွေးတောလိုက်မိ၏။

သူမသည် ချက်ချင်းပင် အသက်ရှူအောင့်ထားလိုက်ပြီး ထိုမြူခိုးများကို မရှူသွင်းမိစေရန် ကာကွယ်လိုက်၏။

သို့သော် ဤသို့ပြုလုပ်သော်လည်း သူမ၏ဦးနှောက်မှာ ဝေဝါးကာ မူးဝေလာဆဲ ဖြစ်ပေသည်။

သူမ၏စိတ်ထဲတွင် အလွန်တရာထိတ်လန့်သွားရတော့သည်။ ဤအရာက မည်သည့်အဆိပ်ဖြစ်သနည်း။ မည်မျှအထိ ပြင်းထန်မည်နည်း။

လေခွင်းသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသဖြင့် ပိုင်လောင်စန်းမှာ သူမ၏ရှေ့မှောက်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိလိုက်ပြီး စိတ်ကိုတင်းထားရန် ကြိုးပမ်းသော်လည်း ကမ္ဘာမြေကြီးတစ်ခုလုံး လည်ပတ်နေသကဲ့သို့ ခံစားနေရကာ မည်သို့မျှကိုယ်ဟန်ကို မထိန်းသိမ်းနိုင်တော့ပေ။

ထို့ထက်မက သူမ၏လက်နှစ်ဖက်မှာ အားအင်ချည့်နဲ့လာပြီး လိပ်ပြာဓားတစ်စုံမှာ မြေပြင်ပေါ်သို့ ကျလုနီးပါးဖြစ်နေချေသည်။

သူမသည် မျက်လုံးများကို ပြူးကျယ်စွာဖွင့်ကြည့်လိုက်ရာ ပိုင်လောင်စန်းမှာ ရှေ့သို့ရောက်ရှိလာပြီး လက်ကိုဆန့်တန်းကာ ဖမ်းဆီးရန် ကြိုးပမ်းနေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုစဉ် အနောက်ဘက်မှ ပြင်းထန်သောအားတစ်ခု ချက်ချင်းပင် တိုးဝင်လာတော့သည်။

ချင်ယွိချီသည် ထိုအားလှိုင်း၏ဆွဲငင်မှုကြောင့် မသိမသာလှည့်ပတ်သွားပြီးနောက် အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနုနယ်လှသော အပြာရောင်ဝတ်ဓားသမားတစ်ဦးမှာ မည်သည့်အချိန်ကတည်းက သူမ၏အနောက်သို့ ရောက်ရှိနေသည်ကို မသိရှိလိုက်ပေ။

သူမ၏ခန္ဓာကိုယ်မှာ သူ၏ရင်ခွင်ထဲသို့ လဲကျလုနီးပါး ဖြစ်သွားရသည်။

သို့သော် ရင်ခွင်ထဲသို့ရောက်ရှိတော့မည့် အခိုက်အတန့်တွင် အားလှိုင်းတစ်ခုက တစ်ဖန်ပြန်လည်လှည့်ပတ်သွားပြီး သူမကို ထိုဓားသမား၏အနောက်သို့ ပို့ဆောင်ပေးလိုက်ချေသည်။

သနားစရာကောင်းလှသော ချင်ယွိချီမှာမူ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသဖြင့် မည်သို့မျှ မတ်တတ်မရပ်နိုင်တော့ပေ။

သူမ မြေပြင်ပေါ်သို့လဲကျတော့မည့်အချိန်တွင် မျက်နှာသေနှင့်မိန်းကလေးတစ်ဦးက လာရောက်တွဲဖက်ပေးလိုက်ချေသည်။

ချင်ယွိချီသည် အနည်းငယ်အံ့အားသင့်သွားရပြီး ထိုဓားသမား၏ယဉ်ကျေးသိမ်မွေ့မှုကို အံ့ဩမိသကဲ့သို့ သူ၏သိုင်းပညာစွမ်းအားကိုလည်း အလွန်တရာ ထိတ်လန့်သွားရတော့သည်။

သူမ ခေါင်းကို ပြန်လည်မော့ကြည့်လိုက်ရာ ထိုဓားသမားမှာ ရှေ့သို့ခြေတစ်လှမ်းတိုးသွားပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။

'ဒီလက်ဝါးသိုင်းက...'

ချင်ယွိချီသည် မှင်တက်သွားပြီး အလွန်ရင်းနှီးနေသကဲ့သို့ ခံစားရသော်လည်း တူညီခြင်းမရှိသည်ကို သတိပြုမိလိုက်သည်။

ချင်းရွှီလက်ဝါးသိုင်းနှင့် တူညီနေသော်လည်း ချင်းရွှီလက်ဝါးသိုင်းကဲ့သို့ ပြင်းထန်ကျယ်ပြောလှသော အရှိန်အဝါမျိုး မရှိပေ။

မျက်နှာချင်းဆိုင်ရှိပိုင်လောင်စန်းမှာ ပိုမိုဒေါသထွက်သွားပြီး ဤလူငယ်လေးသည် မည်သည့်နေရာမှရောက်ရှိလာသည်ကို မသိသော်လည်း ဤမျှအထိ သေတွင်းထဲသို့ဆင်းဝံ့သည်ကို အံ့ဩမိလေသည်။

သူ၏အကြံအစည်ကို ဖျက်ဆီးရုံသာမက သူ့ကိုပါ တိုက်ခိုက်ရဲသည် မဟုတ်ပါလော။

All Chapters