အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) - ကြေးပြားတစ်ပြား (၂)
ဤကဲ့သို့သော နေ့ရက်များကို မခံမရပ်နိုင်ဖြစ်လာသူများမှာ တဖြည်းဖြည်းနှင့် ယင်ဖုန်းစခန်းဘက်သို့ ကူးပြောင်းသွားကြပြီး သာမန်လူမိုက်ဘဝမှ မြို့နယ်မှူးအဖြစ်လည်းကောင်း၊ စားသောက်ဆိုင်ပိုင်ရှင်ကြီးအဖြစ်လည်းကောင်း အသွင်ပြောင်းလဲသွားခဲ့ကြသည်။
အခြားသူများကို ဒုက္ခမပေးလိုသူများမှာမူ ဤနေရာသို့ ချဉ်းကပ်လာသူအားလုံးကို တားဆီးရန်ကြိုးပမ်းခဲ့ကြသော်လည်း ရလဒ်အနေဖြင့် အားလုံးမှာ ရက်စက်စွာအရိုက်ခံရပြီး သေဆုံးခဲ့ကြရသည်။
မြို့လေးအတွင်းရှိ လူဦးရေမှာလည်း တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး...
ကျန်ရှိနေသူများမှာလည်း တဖြည်းဖြည်းနှင့် ထုံထိုင်းအေးစက်သွားကြတော့သည်။
သူတို့ကြိုးစားခဲ့ကြဖူးသည်၊ ထွက်ပြေးခဲ့ကြဖူးသည်၊ အကူအညီတောင်းခံကြဖူးသည်။
သို့သော်လည်း ရလဒ်အနေဖြင့် သူတို့မှာ ဤနေရာတွင်သာ ရှိနေဆဲဖြစ်ပြီး အရာအားလုံးကို မျက်စိမှိတ်ကြည့်နေရကာ တားဆီးနိုင်စွမ်းမရှိခဲ့ကြချေ။
"တကယ်ပဲ... စက်ဆုပ်ရွံရှာစရာကောင်းလွန်းတယ်..."
ချင်ယွိချီမှာ ရင်ဘတ်တစ်လှုပ်လှုပ်ဖြင့် ဒေါသထွက်နေမိပြီး ဤလောကကြီးတွင် ဤမျှအထိ ရက်စက်ကြမ်းကြုတ်သောကိစ္စရပ်များ ရှိလိမ့်မည်ဟု တစ်ခါမျှမတွေးတောခဲ့ဖူးချေ။
သူမက အံကြိတ်ရင်း ပြောလိုက်သည်။
"အားလုံးပဲ စိတ်ချပါ... ဒီယင်ဖုန်းစခန်းက လူယုတ်မာတွေဟာ တကယ်ပဲ ရက်စက်လွန်းလှတဲ့အတွက် သိုင်းလောကရဲ့ တရားမျှတမှုက သူတို့ကိုလုံးဝခွင့်လွှတ်မှာ မဟုတ်ပါဘူး... ကျွန်မ သေချာပေါက် ဒီယင်ဖုန်းစခန်းကို အမြစ်ပြတ်နှိမ်နင်းပြီး အားလုံးအတွက် တရားမျှတမှုကို ရှာဖွေပေးပါ့မယ်..."
သူမက စိတ်အားထက်သန်စွာဖြင့် ဒေါသတကြီးပြောဆိုလိုက်သော်လည်း ဤလူများမှာ သူမကိုမကြည့်ဘဲ ချူချင်းကိုသာ စိုက်ကြည့်နေကြချေသည်။
သူတို့ အစောပိုင်းက မြင်တွေ့ခဲ့ရသည်မှာ ဤမိန်းကလေးတွင် သိုင်းပညာရှိသော်လည်း အသက်ဘေးနှင့် သီသီလေးလွဲချော်ခဲ့ရသည်။ ဤသူမှာ တတိယခေါင်းဆောင်သာ ရှိသေးပြီး...
အကယ်၍ ဒုတိယခေါင်းဆောင်နှင့် ပထမခေါင်းဆောင်တို့ တိုက်ခိုက်လာပါက သူမ မည်သို့ခုခံနိုင်ပါမည်နည်း။
နောက်ဆုံးတွင် သူမ၏ရလဒ်မှာလည်း အလွန်ပင်သနားစဖွယ်ဖြစ်သွားပေလိမ့်မည်။
သူတို့ တကယ်တမ်းအားကိုးနိုင်သည်မှာ မည်သည့်စကားမျှမပြောဘဲ ဤဓားပြအားလုံးကို အမြစ်ပြတ်သတ်ဖြတ်နိုင်စွမ်းရှိသော လူငယ်ဓားသမားသာ ဖြစ်ပေသည်။
သူသဘောတူမှသာ ဤမြို့လေးမှလူများမှာ လွတ်မြောက်ခွင့်ရရှိနိုင်ပေလိမ့်မည်။
ချူချင်းက နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး တစ်ခဏမျှကြာပြီးနောက်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ကျုပ် ယင်ဖုန်းစခန်းကို နှိမ်နင်းပေးတာတော့ရပါတယ်... ဒါပေမဲ့... ကျုပ်ကို လူသတ်ခိုင်းဖို့အတွက် မင်းတို့ငွေပေးရမယ်..."
ဤစကားထွက်ပေါ်လာသောအခါ လူတိုင်း၏ရင်ထဲတွင် ခုနကတင် ပေါ်ပေါက်လာသော မျှော်လင့်ချက်များမှာ ချက်ချင်းပင်ချောက်နက်ထဲသို့ ကျရောက်သွားရတော့သည်။
သူတို့တွင် ငွေကြေးမရှိကြဘဲ လုယက်ထားသော ပစ္စည်းများသာ ရှိကြချေသည်။
ဤပစ္စည်းများကို အသုံးပြု၍မရနိုင်ပေ။
သူတို့၏ကိုယ်ပိုင်ငွေကြေးများမှာမူ ယင်ဖုန်းစခန်း၏လုယက်ခြင်းကို ခံခဲ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
ချင်ယွိချီက ချူချင်းကို ဒေါသတကြီးကြည့်လိုက်မိပြီး သူမည်သည့်အတွက်ကြောင့် ဤသို့ပြုလုပ်နေသည်ကို နားမလည်နိုင်ဖြစ်နေချေသည်။
"ဘယ်... ဘယ်လောက်ပေးရမလဲ..."
သားသတ်သမားက နှုတ်ခမ်းများတုန်ရီလျက် ချူချင်းကိုကြည့်ကာ မေးလိုက်သည်။
ချူချင်းက သူ့ကိုတစ်ချက်ကြည့်လိုက်ရင်း မေးလိုက်သည်။
"မင်းဆီမှာ ဘယ်လောက်ရှိလဲ..."
သားသတ်သမားက ရင်ဘတ်ထဲတွင် တစ်ခဏမျှရှာဖွေလိုက်ပြီးနောက် နောက်ဆုံးတွင် ကြေးပြားတစ်ပြားကိုထုတ်ယူလိုက်ရင်း ပြောလိုက်သည်။
"ကျွန်တော့်... ကျွန်တော့်ဆီမှာ ဒါပဲရှိပါတော့တယ်..."
ဤစကားကိုပြောလိုက်သောအခါ သူ၏အသံမှာ တုန်ရီခြောက်ကပ်နေပြီး မျှော်လင့်ချက်ကင်းမဲ့နေချေသည်။
အခြားသူများ၏မျက်နှာများပေါ်တွင်လည်း မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များသာ ဖုံးလွှမ်းသွားရတော့သည်။
ကြေးပြားတစ်ပြားတည်းနှင့် လူတစ်ယောက်ကို ယင်ဖုန်းစခန်းအား သွားရောက်နှိမ်နင်းခိုင်းရမည်လော။
ဤအရာမှာ တကယ်ပင် ရယ်စရာကောင်းလွန်းလှပေသည်။
သူတို့အနေဖြင့် ချူချင်းငြင်းပယ်လိမ့်မည်ကို တွေးတောမိကြပြီး ချူချင်း၏ဒေါသကိုပင် ဆွပေးမိလိမ့်မည်ဟု စိုးရိမ်နေကြချေသည်။
"လုံလောက်ပြီ..."
ရှင်းလင်းပြတ်သားလှသော စကားလုံးနှစ်လုံးမှာ လူတိုင်း၏ မယုံကြည်နိုင်သောမျက်ဝန်းများရှေ့တွင် သူတို့၏နားထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
သူတို့လည်း ဤစကားလုံးနှစ်လုံးမှာ ချူချင်း၏နှုတ်မှ ထွက်ပေါ်လာသည်ကို မယုံကြည်နိုင်ဖြစ်နေကြချေသည်။
သားသတ်သမားကလည်း ချူချင်းကို ချက်ချင်းမော့ကြည့်လိုက်ရင်း မေးလိုက်သည်။
"သခင်လေး... သခင်လေး ဘာပြောလိုက်တာလဲ... ဒါ... ဒါနဲ့တင် လုံလောက်ပြီလား... ဒါပေမဲ့ ကျွန်တော့်ဆီမှာ ကြေးပြားတစ်ပြားတည်းပဲရှိတာပါ..."
ချူချင်းက သူ၏မျက်စိရှေ့တွင် ပေါ်လာသောစနစ်၏အချက်ပြချက်ကို ကြည့်ရှုကာ ဆုလာဘ်ကိုလက်ခံယူရင်း အေးဆေးပြောလိုက်သည်။
"မင်းတို့အားလုံးဟာ ဒီမြို့လေးရဲ့ ကိုယ်ပိုင်ငွေကြေးအားလုံးကို ကျုပ်ဆီ ပေးလိုက်ပြီပဲလေ... ဒါက လုံလောက်တယ်... မင်း ဒီကြေးပြားကို သေချာသိမ်းထားပါ... ကိစ္စပြီးမြောက်သွားတဲ့အခါ ကျုပ်လာပြီး လုပ်ခကို တောင်းယူပါ့မယ်..."
ပြောပြီးနောက် သူက ဘေးနားတွင် လက်နှစ်ဖက်ကိုကပ်လျက် ရပ်နေရပြီး ဘောင်းဘီကြားတွင် အေးစိမ့်နေသောအမျိုးသားကိုကြည့်ရင်း ပြောလိုက်သည်။
"လမ်းပြစမ်း... ယင်ဖုန်းစခန်းကို သွားမယ်..."
ထိုသူမှာ တုန်လှုပ်သွားပြီး ငြင်းပယ်လိုသော်လည်း မရဲတော့ချေ။
အစောပိုင်းက မြို့သူမြို့သားများ၏ တစ်ယောက်တစ်ပေါက်ပြောပြချက်များကို ကြားသိရသောအခါ သူသည် ထိုစဉ်က ဤလူများကို အမြစ်ပြတ်မသတ်ခဲ့မိပါသနည်းဟု ပိုမိုနောင်တရနေမိပြီး ယနေ့တွင် ဤကဲ့သို့သောဘေးဒုက္ခကို ကြုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
"ကျွန်မလည်း လိုက်မယ်..."
ချူချင်းက ထိုသူကိုခေါ်ဆောင်ကာ ထွက်ခွာတော့မည်ကို မြင်သောအခါ ချင်ယွိချီက အလျင်အမြန်ပြောလိုက်သည်။
"ဒီယင်ဖုန်းစခန်းအကြောင်းကို ကျွန်မ မကြားဖူးပေမဲ့ သူတို့တွေ ဒီလောက်အထိ ရိုင်းစိုင်းကြမ်းကြုတ်နေတာကို ကြည့်ရင် လူအင်အားအများကြီးရှိရမယ်... ကျွန်မလည်း ရှင်နဲ့အတူ လိုက်ခဲ့ပါ့မယ်... ဒါမှ တစ်ယောက်နဲ့တစ်ယောက် ကူညီနိုင်မှာပါ..."
ဝမ်ရိုကလည်း ချူချင်း၏နောက်ကွယ်တွင် တိတ်တဆိတ်လိုက်ပါလာခဲ့ပြီ ဖြစ်သည်။
"ကောင်းပြီ..."
ချူချင်းက ငြင်းပယ်ခြင်းမပြုခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ချင်ယွိချီ၏စရိုက်အရ သူငြင်းပယ်လိုက်လျှင်ပင် သူမက နောက်မှလိုက်လာမည်သာ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် အစကတည်းက အတူတူလှုပ်ရှားခြင်းက ပိုမိုကောင်းမွန်ပေသည်။
ထို့အပြင် ယင်ဖုန်းစခန်းမှလူများကို သူ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်ခွင့်ပေးရန် မလိုလားချေ။
ဤလူများ၏ပြုမူပုံမှာ ရက်စက်လွန်းလှသဖြင့် တစ်ယောက်မျှကျန်ရှိခဲ့ပါက လူ့လောကထဲသို့ မိစ္ဆာဆိုးများကို လွှတ်ပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
တစ်ယောက်တည်းထက်စာလျှင် ကူညီပေးမည့်သူနှစ်ဦးရှိနေခြင်းက ပိုမိုကောင်းမွန်ပြီး အနည်းဆုံးတော့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။
နယ်မြို့လေး၏အခြေအနေနှင့် ပတ်သက်၍မူ ထိုမြို့နယ်မှူးမှာ အကွက်မြင်သူတစ်ဦးဖြစ်သော်လည်း ယခုအခါ သူ၏လက်အောက်ငယ်သားများ မရှိတော့သဖြင့် အခြားအရပ်သားများကို ယှဉ်နိုင်မည်မဟုတ်သကဲ့သို့ သူ၏ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေဦးမည်ဆိုလျှင်ပင် သူပြန်မလာမချင်း မည်သည့်လှုပ်ရှားမှုမျှ လုပ်ရဲမည်မဟုတ်ပေ။
ထို့ကြောင့် ချူချင်းအနေဖြင့် သူ့အတွက် အထူးတလည်စိုးရိမ်ပူပန်ခြင်း မရှိချေ။
သူတို့သည် ဘောင်းဘီကြားတွင်ဆီးထွက်နေသော အမျိုးသား၏လမ်းပြမှုအောက်တွင် ယင်ဖုန်းစခန်းရှိရာသို့ဦးတည်ကာ ထွက်ခွာခဲ့ကြတော့သည်။
လမ်းခရီးတွင် ချင်ယွိချီက မကျေမနပ်ဖြစ်နေဆဲပင်။
"တကယ်ကို အဓိပ္ပာယ်မရှိလိုက်တာ... ရှင်တောက်အန်းဂိုဏ်းရဲ့ နယ်မြေထဲမှာ ဒီလိုမျိုး ရက်စက်တဲ့လူယုတ်မာတွေ ရှိနေတာတောင်မှ ဘယ်လိုမျက်နှာနဲ့ ထျန်းရှာရီဖင်ညီလာခံကို ကျင်းပရဲတာလဲ... ကိုယ့်အိမ်က ပြဿနာတွေကိုတောင် မရှင်းနိုင်ဘဲနဲ့ သိုင်းလောကက သူရဲကောင်းတွေ လှောင်ပြောင်မှာကို မကြောက်ကြဘူးလား..."
ဝမ်ရိုက ဤစကားကိုကြားသောအခါ ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"စခန်းသေးလေးတစ်ခုကတောင် ဒီလောက်အထိရက်စက်ကြမ်းကြုတ်ပြီး တစ်မြို့လုံးကလူတွေကို ဒီလိုအခြေအနေအထိ နှိပ်စက်ထားတာပဲ... သူတို့ရဲ့ပြစ်မှုတွေကတော့ တကယ်ပဲ ရေတွက်လို့တောင် မကုန်နိုင်ပါဘူး..."
ချင်ယွိချီက ဝမ်ရို၏ ခံစားချက်မဲ့နေသော မျက်နှာထားဖြင့် ဒေါသတကြီးပြောဆိုနေသည်ကို ကြည့်ရှုကာ အနည်းငယ်ထူးဆန်းနေမိ၏။
သူမမှာ တမင်တကာ သူမ၏စကားကို ထောက်ခံပေးနေသကဲ့သို့ရှိပြီး စိတ်ထဲတွင်မူ ထိုသို့ထင်မြင်နေပုံမရပေ။
သူမက ခေါင်းခါရင်း ပြောလိုက်သည်။
"ရှင်တောက်အန်းဂိုဏ်းရဲ့ ကျန်းသျှင်ဓားက ကောင်းကင်အလိုတော်အတိုင်း ရောက်ရှိတော့မယ်လို့ ကြေညာခဲ့ကတည်းက ဂိုဏ်းနယ်မြေက ပိုပြီးတော့ ပရမ်းပတာ ဖြစ်လာခဲ့ရတယ်…”
“အရပ်သားတွေဟာ ဒုက္ခပင်လယ်ဝေနေကြပြီး သိုင်းလောကလည်း ရှုပ်ထွေးနေတာပဲ... ဒီအတိုင်းသာ ဆက်သွားရင် ဂိုဏ်းချုပ်နေရာကို လုယူနေကြတဲ့ ခေါင်းဆောင်တွေ တိုက်ခိုက်စရာမလိုဘဲ ဂိုဏ်းက သူ့အလိုလို ပျက်စီးသွားလိမ့်မယ်..."
ဝမ်ရိုက တိတ်ဆိတ်သွားပြီး တစ်စုံတစ်ခုကို တွေးတောနေဟန် ရှိချေသည်။
လေထုမှာ တဖြည်းဖြည်းနှင့် တိတ်ဆိတ်ခြောက်ကပ်သွားပြီး ချူချင်းက အရှေ့ဆုံးမှ စကားတစ်ခွန်းမျှမပြောဘဲ လျှောက်လှမ်းနေ၏။
သူတို့မှာ မြင်းမစီးကြဘဲ တစ်ခါတစ်ရံကိုယ်ဖော့သိုင်းကို အသုံးပြုကာ၊ တစ်ခါတစ်ရံခြေကျင်လျှောက်လှမ်းရင်း တစ်မောင်းကျော်ခန့်ကြာမြင့်ပြီးနောက်တွင် ယင်ဖုန်းတောင်သို့ ရောက်ရှိလာခဲ့ကြတော့သည်။
ဤနေရာမှာ မြေမျက်နှာသွင်ပြင် အလွန်ကြမ်းတမ်းပြီး တောင်ပေါ်သို့တက်ရန် လမ်းတစ်လမ်းသာ ရှိပေသည်။
လမ်းဘေးဝဲယာတွင် ဓားပြများ၏ကင်းပုန်းအများအပြားကို ချထားချေသည်။
ဘောင်းဘီကြားတွင်ဆီးထွက်နေသော အမျိုးသား၏ကူညီမှုကြောင့် ချူချင်းတို့မှာ ပတ်ဝန်းကျင်ရှိကင်းပုန်းများကို တစ်ခုပြီးတစ်ခု ရှင်းလင်းနိုင်ခဲ့ကြသည်။
တစ်ခဏအကြာတွင် ယင်ဖုန်းစခန်း၏တံခါးမကြီးကို မြင်တွေ့လိုက်ရတော့သည်။
ဤအချိန်တွင် မိုးချုပ်လုနီးပါးဖြစ်ပြီး မိုးတိမ်မည်းကြီးများမှာလည်း အလွန်နိမ့်ကျစွာ ဖုံးလွှမ်းနေချေသည်။
သစ်ကိုင်းပေါ်ရှိ ကျီးကန်းများမှာ အော်ဟစ်နေကြပြီး သူတို့၏ နီရဲသောမျက်ဝန်းများမှာ သွေးများစွန်းထင်နေသကဲ့သို့ ရှိနေ၏။
ရုတ်တရက် ကျီးကန်းတစ်ကောင်က အောက်သို့ထိုးဆင်းလာပြီး စခန်းတံခါးဝတွင် ချိတ်ဆွဲထားသောအလောင်းများထဲမှ မျက်လုံးတစ်လုံးကို ထိုးဆိတ်ယူကာ ကောင်းကင်ထက်သို့ ပျံသန်းသွားခဲ့လေသည်။
ချူချင်းက ထိုကျီးကန်းကို တိတ်ဆိတ်စွာကြည့်လိုက်ပြီးနောက် တံခါးဝတွင် ချိတ်ဆွဲထားသော အလောင်းများပေါ်သို့ အကြည့်ကိုရွှေ့လိုက်မိ၏။
ဤအလောင်းများမှာ အလွန်ပင် သနားစဖွယ်ကောင်းလှပြီး အချို့မှာ အရေပြားများခွာယူခံထားရကာ အချို့မှာမူ နှိပ်စက်ခံရသဖြင့် အရိုးဖြူများပင် ပေါ်လွင်နေချေသည်။
အချို့မှာ သေဆုံးခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သဖြင့် ခြောက်ကပ်နေပြီဖြစ်သော်လည်း အချို့မှာမူ သွေးများစီးကျနေဆဲဖြစ်ပြီး မြေပြင်ပေါ်သို့ တစ်စက်ချင်းစွန်းထင်နေဆဲ ဖြစ်ပေသည်။
သေးငယ်လှသော စခန်းတံခါးဝမှာ လူ့လောက၏ငရဲဘုံသဖွယ် ဖြစ်နေချေတော့သည်။
ချင်ယွိချီမှာ ဒေါသကြောင့် မျက်ဝန်းများနီရဲနေပြီး ဝမ်ရိုကမူ ချူချင်းကို ရုတ်တရက်ပြောလိုက်သည်။
"အဲဒီဓားနံ့က... ဒီနေရာကို ရောက်ဖူးတယ်... ကျွန်မအနံ့ရနေတယ်... ဒီထဲမှာပဲရှိနေတာ..."
ချူချင်းက ဤစကားကိုကြားသောအခါ မျက်ဝန်းများတောက်ပသွားပြီး ခေါင်းညိတ်လိုက်ကာ ဓားကို ချက်ချင်းဝှေ့ယမ်းလိုက်ရာ ရွှပ်ခနဲဟူသောအသံနှင့်အတူ ဘေးနားတွင် ကြောက်ရွံ့နေသော ဓားပြ၏ဦးခေါင်းမှာ မြေပြင်ပေါ်သို့ ပြတ်ကျသွားတော့သည်။
ချူချင်းက ထိုဦးခေါင်းကိုကောက်ယူလိုက်ပြီး လက်တစ်ဖက်တွင် ဦးခေါင်းကိုကိုင်ဆောင်ကာ အခြားလက်တစ်ဖက်တွင် ဓားကိုကိုင်လျက် စခန်းအတွင်းသို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းသွားခဲ့လေသည်။
တံခါးဝတွင်စောင့်ကြပ်နေသော ဓားပြနှစ်စုမှာ ချူချင်းတို့သုံးဦးကို မြင်တွေ့လိုက်ရသောအခါ တစ်ပြိုင်နက်တည်း ကြောင်အမ်းသွားကြပြီး မေးလိုက်ကြသည်။
"ဘယ်သူလဲ..."
"တောင်အောက်က ဘာလို့သတင်းမပို့တာလဲ..."
သူတို့ စကားအနည်းငယ်ပြောဆိုပြီးသည်နှင့် သွေးများပန်းထွက်သွားပြီး ချူချင်းမှာ လူအုပ်ကြားထဲသို့ ဝင်ရောက်တိုက်ခိုက်နေပြီ ဖြစ်သည်။
ဓားအလင်းတန်း အနည်းငယ်ဖြတ်သန်းသွားပြီးနောက် ဤဓားပြခြောက်ဦးလုံးမှာ အလောင်းများဖြစ်သွားကြရတော့သည်။
ထို့နောက် သူက ဓားကိုဝှေ့ယမ်းလိုက်ရာ ဝှီးခနဲဓားအရှိန်အဝါတစ်ခု ဖြတ်သန်းသွားခဲ့လေသည်။
ဂျိခနဲ အသံတစ်သံထွက်ပေါ်လာပြီးနောက်...
သစ်လုံးများဖြင့် ပြုလုပ်ထားသော စခန်းတံခါးကြီးမှာ သူ၏ဓားချက်ကြောင့် တစ်စစီပျက်စီးသွားခဲ့ရချေသည်။
သစ်လုံးများလိမ့်ဆင်းလာပြီး ရှောင်တိမ်းရန် အချိန်မရလိုက်သောဓားပြအချို့ကို ဖိမိသွားတော့သည်။
ချူချင်းက ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းများရှေ့တွင် စခန်းအတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုကာ အေးစက်စွာပြောလိုက်သည်။
"တစ်ယောက်ယောက်က မင်းတို့အသက်ကို ဝယ်ယူထားတယ်... ဒါကြောင့် အားလုံးလာပြီး အသေခံကြစမ်း…”