← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

အခန်း (၉၇) - သူတစ်ပါးငွေယူပြီး ဘေးဖယ်ရှားပေးခြင်း (၁)

ဓားလှံလက်နက်များ ကိုင်ဆောင်ထားသော ဓားပြအုပ်စုသည် စုရုံးလျက် တစ်လှမ်းချင်းလျှောက်လှမ်းလာသော ချူချင်းကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြလေသည်။

ချင်ယွိချီနှင့် ဝမ်ရိုတို့နှစ်ဦးသည် အတွင်းသို့ဝင်ရောက်လာပြီးနောက် တံခါးမကြီး၏ဝဲယာတစ်ဖက်တစ်ချက်တွင် ရပ်တန့်လိုက်ကြ၏။

၎င်းတို့သည် မဝင်ရောက်မီကပင် ကြိုတင်တိုင်ပင်ထားပြီးဖြစ်ချေသည်။

အတွင်းသို့ရောက်ရှိပါက ချူချင်းကလူသတ်ရန် တာဝန်ယူပြီး သူတို့နှစ်ဦးက တံခါးကိုပိတ်ဆို့ထားရန် ဖြစ်ပေသည်။

ယင်ဖုန်းတောင်သည် သုံးဖက်သုံးတန် ကျောက်ဆောင်ချောက်ကမ်းပါးများဖြင့်ကာရံထားပြီး ဤတံခါးမကြီးတစ်ခုတည်းသာ ထွက်ပေါက်ဖြစ်လေသည်။

ဤနေရာကို ပိတ်ဆို့ထားနိုင်ပါက မည်သည့်ရန်သူမျှ လွတ်မြောက်သွားနိုင်မည် မဟုတ်ချေ။

ဓားပြများသည် ကျူးကျော်လာသူသုံးဦးတည်းသာရှိသည်ကို မြင်သောအခါ သတ္တိများအနည်းငယ်ဝင်လာပြီး အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြကာ ရုတ်တရက် တစ်ဦးကအော်ဟစ်ကြွေးကြော်လျက် ချူချင်းထံသို့ လက်နက်များကိုဝှေ့ယမ်းကာ ပြေးဝင်လာကြတော့သည်။

သို့သော်...

ဓားအလင်းတန်းတစ်ခု ဖြတ်ခနဲလက်သွားသည်နှင့်အတူ အလောင်းနှစ်လောင်းသည် မြေပြင်ပေါ်သို့လဲကျသွားခဲ့ပြီ ဖြစ်ချေသည်။

ဓားချက်က မျဉ်းတစ်ကြောင်းတည်း ဖြတ်သန်းသွားပြီး လူ၏အလယ်ဗဟိုတည့်တည့်ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။

သွေးကြောင်းတစ်ခုက မျက်နှာတစ်ခုလုံးကို ဖြတ်သန်းသွားပြီး နှစ်ခြမ်းကွဲသွားစေလေသည်။

လူတိုင်းသည် ထိုသူနှစ်ဦး၏သေဆုံးပုံကို ရှင်းလင်းစွာမြင်တွေ့လိုက်ရသော်လည်း ဤလူက သူတို့ကို မည်သို့သတ်ဖြတ်လိုက်သည်ကိုမူ လုံးဝနားမလည်နိုင်ကြချေ။

ချူချင်းသည် သူတို့၏စိတ်ထဲတွင် မည်သို့တွေးတောနေသည်ကို ဂရုမစိုက်ဘဲ ရင်ထဲ၌ သတ်ဖြတ်လိုစိတ်များသာ ဆူပွက်နေတော့သည်။

သူတို့က ရှေ့သို့မတိုးရဲပါက ချူချင်းကသာ ကိုယ်တိုင်ဦးစွာတိုက်ခိုက်လိုက်လေသည်။

သူက ခြေဖျားဖြင့် မြေပြင်ကိုအသာအယာနင်းလိုက်ရာ ဓားပြတစ်ဦးမှာ ဘာဖြစ်သွားသည်ကိုပင် သတိမထားမိလိုက်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ခြမ်းကွဲသွားရချေ၏။

အလောင်းက မြေပြင်ပေါ်သို့မလဲကျမီမှာပင် ချူချင်းလက်ထဲမှဓားသည် ရုတ်တရက်လည်ပတ်သွားလေသည်။

ရွှပ်... ရွှပ်... ရွှပ်...

ဦးခေါင်းလေးငါးလုံးသည် ကောင်းကင်ယံသို့လွင့်ပျံသွားပြီး မျက်တောင်တစ်ခတ်အတွင်း သွေးမိုးများဖြာကျလာတော့သည်။

ထို့နောက် ချူချင်း၏ခန္ဓာကိုယ်ပတ်လည်မှ အတွင်းအားလှိုင်းများ ရုတ်တရက်ထွက်ပေါ်လာပြီး ရှောင်တိမ်းရန် ကြိုးစားနေသောလူအချို့မှာ ချူချင်းထံသို့ မထိန်းနိုင်မသိမ်းနိုင်လွင့်စင်လာကြလေသည်။

သို့သော် သူတို့ အနားမကပ်နိုင်မီမှာပင် ပြင်းထန်သော စွမ်းအားတစ်ခုက သူတို့ကို အဝေးသို့လွင့်စင်သွားစေပြန်သည်။

လူတိုင်း သွေးများအန်ထုတ်ကာ အသက်ပျောက်သွားကြရချေ၏။

စခန်းတံခါးဝတွင်ရှိနေသော ချင်ယွိချီမှာ မှင်တက်မိသွားရလေသည်။ ဤဓားသမား၏သိုင်းပညာက သူမထက်သာလွန်သည်ကို သိထားသော်လည်း ဤမျှအထိမြင့်မားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သိုးအုပ်ထဲသို့ ကျားတစ်ကောင်ဝင်ရောက်လာခြင်းဟူသည် မည်သို့ဖြစ်မည်နည်း။

တစ်ချက်မျှပင် မခုခံနိုင်ခြင်းဟူသည် မည်သို့နည်း။

ယခုမြင်တွေ့နေရသည်က အထင်ရှားဆုံးသက်သေပင် ဖြစ်ချေသည်။

သူမသည် ဝမ်ရိုကိုမကြည့်ဘဲမနေနိုင်ဖြစ်ကာ ဤလူ၏နောက်ကြောင်းကို မေးမြန်းချင်မိသွားသည်။ ဤလူက သူမအတွက် အဘယ်ကြောင့်ရင်းနှီးနေသလို ခံစားနေရသနည်း။

သို့သော် ဝမ်ရို၏ အေးစက်စက်မျက်နှာထားကိုကြည့်ပြီး တွေဝေနေကာ စကားမဟရဲဘဲ ရှိနေတော့သည်။

သွေးစက်များ၊ ဓားသွားများနှင့် ပြင်းထန်သောအတွင်းအားလှိုင်းများသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် စီးဆင်းနေလေသည်။

ချူချင်းကို ဗဟိုပြု၍ တစ်လံပတ်လည်အတွင်းရှိနယ်မြေသည် သေမင်းတမန်နယ်မြေဖြစ်သွားခဲ့ပြီ ဖြစ်ချေသည်။

မည်သူမဆို ဤနေရာသို့ခြေချမိပါက သေဆုံးရမည်သာ ဖြစ်ချေသည်။

ဓားပြများသည် မွေးရာပါကြမ်းကြုတ်သူများအဖြစ် အသက်မွေးခဲ့ကြသဖြင့် သွေးထွက်သံယိုမှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အကြိမ်ကြိမ်မြင်တွေ့ခဲ့ဖူးကြလေသည်။

ထို့ကြောင့် သူတို့သည် အသက်နှင့်လဲ၍ တိုက်ခိုက်ရန်မကြောက်ရွံ့ကြပေ။

စွန့်စားမှရတနာရမည်ဟူသည်မှာ လောကသဘာဝပင် ဖြစ်ချေသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ မတူညီတော့ချေ။

သူတို့သည် အော်ဟစ်ကြွေးကြော်သံပင်မပြုလုပ်နိုင်ဘဲ ဤသွေးမိုးများအောက်တွင် ကြောက်ရွံ့တုန်လှုပ်သွားကြရပြီ ဖြစ်ပေသည်။

ဤလူနှင့် ဤဓားသည် သူတို့ကို သတ်ဖြတ်ရာတွင် ကြက်တစ်ကောင်ကိုသတ်ဖြတ်နေသကဲ့သို့ လွယ်ကူလွန်းလှပေသည်။

ဖြူဖွေးသောမျက်နှာနှင့် အေးစက်သောမျက်ဝန်းများ။

လူ့အသက်များပျောက်ကွယ်သွားခြင်းက သူ၏မျက်ဝန်းများကို အနည်းငယ်မျှပင်လှုပ်ခတ်သွားစေခြင်း မရှိချေ။

သူ၏ဓားအောက်တွင် သေဆုံးနေကြသည်မှာ လူသားများမဟုတ်ဘဲ ဂျုံပင်များကဲ့သို့...

သူ့စိတ်ကြိုက် ရိတ်သိမ်းနေသကဲ့သို့ ဖြစ်နေတော့သည်။

ဤသည်က မည်သည့်အရပ်မှ ရောက်ရှိလာသောသေမင်းပါလော...

သေရလိမ့်မည်။

မုချသေရလိမ့်မည်။

ဤအသိတရားက သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေသဖြင့် နောက်ကွယ်မှဓားပြများမှာ ရှေ့သို့မတိုးရဲကြတော့ချေ။

အချို့သူများသည် အခြေအနေမဟန်သည်ကို ရိပ်မိသွားကြသည်။ ယနေ့ရောက်ရှိလာသူမှာ ယခင်လူများနှင့်မတူဘဲ စစ်မှန်သောသိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်သဖြင့် ရန်မူပါက သေချာပေါက်သေဆုံးရမည်ကို သိရှိသွားကြလေသည်။

ထို့ကြောင့် မည်သူမျှသတိမထားမိမီမှာပင် စခန်းအပြင်ဘက်သို့ထွက်ပြေးရန် ကြိုးစားကြတော့သည်။

သို့သော် တံခါးဝသို့ရောက်ရှိသည်နှင့် ဓားနှစ်လက်က ဆီးကြိုနေလေသည်။

ထိုဓားများမှာ ကန်ခွန်းဓားများဖြစ်ကြချေသည်။

ချင်ယွိချီသည် ချူချင်း၏သတ်ဖြတ်မှုကိုကြည့်ရင်း လက်ယားနေသည်မှာကြာပြီ ဖြစ်ချေသည်။

သူမသည် မတိုက်ခိုက်မီ ဝမ်ရိုကို ဦးစွာလှမ်းပြောလိုက်လေသည်။

"အလုပ်ရပြီ... ငါအရင်သွားမယ်..."

ဝမ်ရိုက တစ်ခဏမျှစဉ်းစားလိုက်ပြီး ခေါင်းမညိတ်ရသေးမီမှာပင် ချင်ယွိချီက ဓားပြတစ်ဦးကို ဓားဖြင့်ထိုးသတ်လိုက်ပြီး ဖြစ်ချေသည်။

သူမက ထိုအခါမှပြောလိုက်လေသည်။

"ကောင်းပြီ..."

ချင်ယွိချီက ဓားပေါ်မှသွေးများကို ခါထုတ်လိုက်ရင်း သူမကိုလှည့်ကြည့်ကာ မေးလိုက်လေသည်။

"ဟင်..."

အခြားဓားပြများမှာမူ အင်အားကြီးသောရန်သူရောက်ရှိလာသဖြင့် သူတို့မယှဉ်နိုင်သည်ကိုသိရှိကာ တောင်ပေါ်သို့အကူအညီတောင်းရန် ပြေးတက်သွားကြတော့သည်။

သူတို့သည် လမ်းတစ်လျှောက် လဲကျလုနီးပါးပြေးလွှားရင်း ညီလာခံခန်းမအတွင်းသို့ ပြေးဝင်သွားကြလေသည်။

"ခေါင်းဆောင်ကြီး... ဒုတိယခေါင်းဆောင်ကြီး... မကောင်းတော့ဘူး..."

"အပြင်မှာ လူတစ်ယောက်အတင်းဝင်တိုက်နေတယ်... ညီအစ်ကိုတွေမတားနိုင်တော့ဘူး..."

သူတို့ပြောပြီးနောက်ကြည့်လိုက်ရာ ခေါင်းဆောင်ကြီးကိုမတွေ့ရဘဲ ကျားရေခြုံကုလားထိုင်နောက်ကွယ်မှ ခါးကုန်းကုန်းနှင့် အမျိုးသားတစ်ဦးထွက်လာသည်ကိုသာ မြင်တွေ့လိုက်ရချေသည်။

သူသည် ကုန်းနေသူတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးပုစွန်တစ်ကောင်ကဲ့သို့ ကွေးညွတ်နေလေသည်။

သူ၏ကျောရိုးကွေးညွတ်မှုကြောင့် ခေါင်းမော့ရန်ပင် အလွန်အားစိုက်ရချေသည်။

သို့သော်ငြားလည်း သူ၏မျက်ဝန်းများထဲမှ အေးစက်စက်အလင်းရောင်များက လူကိုတုန်လှုပ်ခြောက်ခြားစေနိုင်ဆဲ ဖြစ်ပေသည်။

"ဒု... ဒုတိယခေါင်းဆောင်ကြီး..."

ထိုဓားပြက တုန်တုန်ရီရီဖြင့် ပြောလိုက်လေသည်။

"အပြင်မှာ... အပြင်မှာ..."

"ဆူညံနေတာကို ငါစောစောကတည်းက ကြားပြီးသား.."

ဒုတိယခေါင်းဆောင်က နှာခေါင်းရှုံ့လျက် ပြောလိုက်လေသည်။

"ဒီလောက် ပျာယာခတ်နေတာ ဘာမို့လို့လဲ..."

"လူဘယ်နှစ်ယောက် လာတာလဲ..."

"သုံး... သုံးယောက်ပါ..."

"ဒါဆိုရင်တော့ သိုင်းပညာရှင်တွေပဲ ဖြစ်ရမယ်..."

ဒုတိယခေါင်းဆောင်က မဲ့ပြုံးပြုံးလျက် ပြောလိုက်လေသည်။

"သွားကြစို့... ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စမျိုး မကြုံရတာကြာပြီ... ငါ့ယင်ဖုန်းစခန်းကို ဘယ်လိုသိုင်းပညာရှင်က ရဲရဲတင်းတင်း လာရောက်ကျူးကျော်ရဲလဲဆိုတာ သွားကြည့်ရတာပေါ့..."

ဒုတိယခေါင်းဆောင်၏ယုံကြည်မှုရှိသော စကားများကိုကြားရသောအခါ ထိုဓားပြလည်း သက်ပြင်းချနိုင်သွားတော့သည်။

မှန်ပေသည်။ ရောက်ရှိလာသူမှာ သိုင်းပညာရှင်ဖြစ်သော်လည်း သူတို့ဘက်တွင် ခေါင်းဆောင်ကြီးနှင့် ဒုတိယခေါင်းဆောင်တို့ ရှိနေသေးသည်မဟုတ်ပါလော။

မည်သို့ယှဉ်နိုင်ပါမည်နည်း။

ထို့ကြောင့် သူက ခေါင်းကို အကြိမ်ကြိမ်ညိတ်လိုက်ရင်း ပြောလိုက်လေသည်။

"ဒုတိယခေါင်းဆောင်... ကျွန်တော်လမ်းပြပါ့မယ်..."

သူကရှေ့မှနေ၍ အပြေးအလွှားလမ်းပြသွားသော်လည်း တံခါးဝသို့ရောက်ရှိသည်နှင့် ခန္ဓာကိုယ်က ရုတ်တရက်ရပ်တန့်သွားခဲ့လေသည်။

သူ၏ခန္ဓာကိုယ်မှာ မည်သည့်အချက်ပြမှုမျှမရှိဘဲ နှစ်ခြမ်းကွဲသွားပြီး အလောင်းနှစ်ခြမ်းသည် ဘေးတစ်ဖက်တစ်ချက်စီသို့ လဲကျသွားကာ သူ၏နောက်ကွယ်မှ ချူချင်းပေါ်လာတော့သည်။

ဒုတိယခေါင်းဆောင် မျက်နှာပျက်သွားရချေသည်။

အဘယ်ကြောင့် ဤမျှမြန်ဆန်စွာ ရောက်ရှိလာရသနည်း။

သို့သော် သူမသိလိုက်သည်မှာ ချူချင်းသည် မင်ယွိကျမ်းစာ၏အတွင်းအားဖြင့် သွေးဓားမသိုင်းကိုအသုံးပြုနေခြင်းဖြစ်ရာ သူတို့အတွက် လုံးဝယှဉ်နိုင်စရာမရှိခြင်းပင် ဖြစ်ချေသည်။

သွေးဓားမသိုင်း၏ သိုင်းကွက်တိုင်းသည် ရက်စက်ကြမ်းကြုတ်လှပြီး မထင်မှတ်ထားသောရှုထောင့်များမှ ထွက်ပေါ်လာတတ်သဖြင့် သိုင်းပညာရှင်ကြီးများပင်ခုခံရန် ခက်ခဲလှပေသည်။

သာမန်ဓားပြများအဖို့မူ ပြောနေစရာပင်လိုမည်မဟုတ်ချေ။

ဓားချက်တစ်ချက်လျှင် တစ်ဦး သို့မဟုတ် တစ်ချက်တည်းဖြင့် အများအပြားကို သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။

ထို့ပြင် မင်ယွိကျမ်းစာနှင့် ပေါင်းစပ်လိုက်သောအခါ အတွင်းအားမှာ ကုန်ဆုံးသွားခြင်းမရှိဘဲ အဆုံးမရှိထွက်ပေါ်နေတော့သည်။

မည်သို့ တားဆီးနိုင်ပါမည်နည်း။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သွေးများချောင်းစီးသွားခဲ့ပြီး ဓားပြများမှာ ချူချင်း၏ရှေ့တွင် မရပ်ရဲကြတော့ဘဲ ထွက်ပြေးရန်သာ ကြိုးစားကြတော့သည်။

ချူချင်းသည် လမ်းတစ်လျှောက် လိုက်လံသတ်ဖြတ်ရင်း ဤညီလာခံခန်းမသို့ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

တစ်စုံတစ်ဦးထွက်လာသည်ကို မြင်သောအခါ သူကလက်လှုပ်ရှားရုံမျှဖြင့် သတ်ဖြတ်လိုက်ပြီးနောက် ကြည့်လိုက်ရာ ခပ်ကုန်းကုန်းအမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရလေသည်။

ဒုတိယခေါင်းဆောင်က မျက်ဝန်းများအေးစက်သွားကာ အော်ဟစ်လိုက်လေသည်။

"သတ္တိကောင်းလှချည်လား..."

သူက လက်တစ်ဖက်ကိုလှန်လိုက်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

သူ၏လက်ဝါးမှာ အစိမ်းရောင်သန်းနေပြီး သူ၏အကောင်းဆုံးပညာရပ်မှာ ဤအဆိပ်လက်ဝါးသိုင်းပင် ဖြစ်ချေသည်။

ဤလက်ဝါးချက်ကို ထိမှန်သူသည် ခန္ဓာကိုယ်အတွင်းသို့ အဆိပ်များပျံ့နှံ့သွားပြီး အများဆုံးဆယ့်နှစ်နာရီအတွင်း တစ်ကိုယ်လုံးပုပ်ပွကာသေဆုံးရမည် ဖြစ်သည်။

သို့သော် လက်ဝါးချက်က လမ်းတစ်ဝက်သို့ရောက်ရှိချိန်တွင် သူ၏ညာလက်မှာ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ချေပြီ။

ဒုတိယခေါင်းဆောင်မှာ တစ်ခဏမျှမှင်တက်သွားပြီးမှ သူ၏လက်ဝါးမှာ ဖြတ်တောက်ခံလိုက်ရပြီး သွေးများပန်းထွက်နေသည်ကို သတိပြုမိသွားတော့သည်။

All Chapters