← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈) - သူတစ်ပါးငွေယူပြီး ဘေးဖယ်ရှားပေးခြင်း (၂)

သူအော်ဟစ်ရန်ပင်အချိန်မရလိုက်မီမှာပင် သူ၏မျက်ဝန်းထဲ၌ ဓားအလင်းတန်းတစ်ခု တဖြည်းဖြည်းကြီးမားလာသည်ကို မြင်တွေ့လိုက်ရချေသည်။

ရွှပ်...

ဓားချက်တစ်ချက်က ထိုကုန်းနေသူ၏ဦးခေါင်းတစ်ခြမ်းကို ဖြတ်တောက်သွားပြီး ချူချင်းက အလောင်းကို ဘေးသို့ကန်ထုတ်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိလေသည်။

"ပိုင်လောင်စန်းက တတိယမြောက်ဆိုရင် ဒီတောင်ပေါ်မှာ ပထမနဲ့ ဒုတိယခေါင်းဆောင် ရှိရဦးမယ်..."

"ဒီလူနှစ်ယောက်က ဘာလို့ အခုထိထွက်မလာကြသေးတာလဲ..."

သူက မိမိလက်ထဲတွင် ကိုင်ဆောင်ထားသောဦးခေါင်းကို ကြည့်လိုက်သည်။ ဤသည်က ယင်ဖုန်းစခန်း၏ခေါင်းဆောင်များအတွက် သူ ပြင်ဆင်ထားသောလက်ဆောင် ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် သူတို့အား မိမိ အဘယ်ကြောင့်ရောက်ရှိလာသည်ကို သိရှိစေရန်လည်း ဖြစ်ပေသည်။

သို့သော် ဤနေရာအထိတိုက်ခိုက်လာခဲ့သော်လည်း အဓိကလူများကိုမူ တစ်ဦးမျှမတွေ့ရသေးပေ။

"ဒီယင်ဖုန်းစခန်းက ဘာတွေ ဒီလောက်လျှို့ဝှက်နေကြတာလဲ..."

စိတ်ထဲတွင် သံသယဖြစ်မိသော်လည်း ခြေလှမ်းများကိုမူ မရပ်တန့်ခဲ့ပေ။

ညီလာခံခန်းမကို ဖြတ်သန်းသွားသောအခါ နောက်ကွယ်မှဓားပြများမှာ အင်အားကြီးသောရန်သူ ဝင်ရောက်လာသည်ကို သိရှိသွားကြတော့သည်။

သူတို့သည် နောက်တစ်ကြိမ်စုရုံးလျက် ပြေးဝင်လာကြပြန်သည်။

ချူချင်း ညီလာခံခန်းမသို့ ပြန်လည်ရောက်ရှိလာချိန်တွင် သူ၏လက်ထဲမှဓားမှာ အသုံးမပြုနိုင်တော့လုနီးပါးဖြစ်နေပြီ ဖြစ်ပေသည်။

သူ၏အတွင်းအားက မည်မျှပင်နက်ရှိုင်းစေကာမူ လူအများအပြားကို သတ်ဖြတ်ခဲ့ရသဖြင့် ဓားကခံနိုင်ရည်မရှိတော့ချေ။

ဓားသွားမှာ လုံးဝတုံးသွားခဲ့ပြီ ဖြစ်ချေသည်။

သို့သော်ငြားလည်း သူသည် ပထမခေါင်းဆောင်နှင့်ဒုတိယခေါင်းဆောင်တို့ကို ရှာမတွေ့သေးချေ။

သူက စနစ်၏မျက်နှာပြင်ကို ဖွင့်လိုက်လေသည်။

[တာဝန်။ ။ ယင်ဖုန်းစခန်းကို အမြစ်ပြတ် နှိမ်နင်းရန်]

ယခုတစ်ကြိမ် ရရှိသောတာဝန်မှာ အလွန်ရိုးရှင်းပြီး သတ်ဖြတ်ခြင်းအမိန့်တော်ကဲ့သို့ ရှုပ်ထွေးမှုများမရှိဘဲ ကြီးမားလှသော ယင်ဖုန်းစခန်းတစ်ခုလုံးကို တာဝန်တစ်ခုတည်းအဖြစ် သတ်မှတ်ပေးထားခြင်း ဖြစ်ပေသည်။

သို့သော် ချူချင်းသည်လည်း ဤအချက်အပေါ် ညည်းညူခြင်းမပြုခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤယင်ဖုန်းစခန်းမှလူများသည် အမှန်တကယ်သေထိုက်သူများဖြစ်ပြီး စနစ်ကတာဝန်မပေးအပ်လျှင်ပင် သူကိုယ်တိုင် သူတို့ကို အမြစ်ပြတ်သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် ဖြစ်ပေသည်။

ဤတိရစ္ဆာန်များမှာ ဤလောကတွင် အသက်ရှင်နေထိုင်ရန်ပင် မထိုက်တန်ကြချေ။

တံခါးပြင်ပမှခြေသံများ ထွက်ပေါ်လာသဖြင့် ချူချင်းမော့ကြည့်လိုက်ရာ ချင်ယွိချီနှင့်ဝမ်ရိုတို့ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

"အပြင်ကလူတွေကို အကုန်ရှင်းပြီးပြီ..."

ချင်ယွိချီက ပေါ့ပါးသောလေသံဖြင့် ပြောလိုက်ရာ သူမ၏စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေသည်ကို သိသာစေလေသည်။

ဝမ်ရိုက ချူချင်းကိုကြည့်ကာ မေးလိုက်လေသည်။

"အစ်ကိုသုံး... ဘာဖြစ်လို့လဲ..."

"ပထမခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်ကို ရှာမတွေ့သေးဘူး..."

ချူချင်းက ခေါင်းကိုအသာအယာခါယမ်းရင်း ပြောလိုက်လေသည်။

"ဒီလူနှစ်ယောက်ကို မသတ်နိုင်ရင် နောင်မှာပြဿနာရှိလာလိမ့်မယ်..."

ချင်ယွိချီက ဤစကားကိုကြားသောအခါ လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်ရင်း ပြောလိုက်လေသည်။

"မှန်တယ်... သိုင်းဆရာတစ်ယောက်အတွက် အရေးကြီးဆုံးက မကောင်းတာကို အမြစ်ပြတ်နှိမ်နင်းဖို့ပဲ... မဟုတ်ရင် လူသတ်သမားကို ကူညီရာရောက်လိမ့်မယ်..."

ချူချင်းကလည်း ဤအချက်ကို အလွန်သဘောတူညီလှပေသည်။

"မင်းတို့က တံခါးကိုပိတ်ထားတာဆိုတော့ သူတို့ ဒီယင်ဖုန်းစခန်းကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး... စခန်းထဲမှာပဲရှိနေဦးမှာပဲ... မြေလှန်ရှာရရင်တောင် သူတို့ကိုရှာမှဖြစ်မယ်..."

ချင်ယွိချီက ပြန်လည်ဖြေကြားရန်ပြင်လိုက်စဉ် ဝမ်ရိုက ရုတ်တရက်ပြောလိုက်လေသည်။

"အစ်ကိုသုံး... အဲဒီကျားရေခြုံကုလားထိုင်အောက်ကနေ သွေးညှီနံ့တွေ ထွက်နေတယ်..."

"ဟင်..."

ချူချင်းက ချက်ချင်းပင် ထရပ်လိုက်လေသည်။ ဝမ်ရို၏အနံ့ခံအာရုံကို သူကအလွန်ယုံကြည်ထားပေသည်။

သူမက ဤအောက်ခြေမှ အနံ့ထွက်ပေါ်နေသည်ဟု ဆိုပါက ဤကုလားထိုင်သည် လျှို့ဝှက်ယန္တရားတစ်ခု ဖြစ်နိုင်ချေများလှပေသည်။

သူက ရှာဖွေရန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက်အောက်ခြေမှ ယန္တရားလည်ပတ်သံများ ထွက်ပေါ်လာတော့သည်။

ချူချင်းတို့သုံးဦးလုံးမှာ တစ်ခဏမျှ မှင်တက်သွားကြပြီးနောက် ဘေးသို့ရှောင်တိမ်းလိုက်ကာ အခြေအနေကိုစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

သူတို့သုံးဦး ဘေးသို့ရှောင်လိုက်သည်နှင့် ထိုကျားရေခြုံကုလားထိုင်သည် ကြမ်းပြင်ပေါ်မှရွေ့လျားသွားခဲ့ပြီ ဖြစ်ပေသည်။

သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦးသည် လျှို့ဝှက်လမ်းကြောင်းအတွင်းမှ ထွက်ပေါ်လာလေသည်။

ထိုသူသည် ကြမ်းတမ်းခက်ထန်သော ရုပ်ရည်ရှိပြီး ကျားကဲ့သို့သန်မာကာ မျက်နှာတွင်အမာရွတ်များနှင့် ပြည့်နှက်နေပြီး မျက်မှောင်ကြုတ်ထားသဖြင့် တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေပုံရချေသည်။

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းမော့ကြည့်လိုက်ရာ ရုတ်တရက်မှင်တက်သွားတော့သည်။

သူသည် ညီလာခံခန်းမတံခါးဝရှိ အလောင်းများကို မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။

သူက အပြေးအလွှားသွားရောက်ကာ ဒုတိယခေါင်းဆောင်၏အလောင်းကို ပွေ့ပိုက်ရင်း အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်လေသည်။

"ညီလေး..."

"မင်း... မင်း ဘာဖြစ်တာလဲ... မင်းကို ဘယ်သူ သတ်လိုက်တာလဲ..."

ဤစကားကိုကြားသောအခါ ချင်ယွိချီနှင့်ဝမ်ရိုတို့သည် ချူချင်းကို ပြိုင်တူကြည့်လိုက်ကြလေသည်။

ချူချင်း၏မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှုများ ဖြတ်သန်းသွားခဲ့လေသည်။ ဤမျှကြာအောင် ရှာဖွေနေခဲ့သောဒုတိယခေါင်းဆောင်မှာ ဤကုန်းနေသူဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

မရိပ်မိခဲ့ချေ။

ဤကဲ့သို့စခန်းမှဒုတိယခေါင်းဆောင်က ဓားချက်တစ်ချက်တည်းဖြင့် သေဆုံးရပါသနည်း။

သို့သော် စဉ်းစားကြည့်လျှင် ဤကုန်းနေသူက အဘယ်ကြောင့် ဤမျှသတ္တိရှိစွာ မိမိကိုတိုက်ခိုက်ရဲသည်ကို နားလည်သွားတော့သည်။ သူသည် ယင်ဖုန်းစခန်း၏ဒုတိယခေါင်းဆောင် ဖြစ်နေသောကြောင့်ပင် ဖြစ်ချေသည်။

ဤခေါင်းဆောင်ကြီးသည် ဒုတိယခေါင်းဆောင်ကိုပွေ့ဖက်ကာ ခေတ္တမျှ ငိုကြွေးပြီးနောက် ခေါင်းမော့ကြည့်လိုက်ရာ အပြင်ဘက်တွင် အလောင်းများပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရတော့သည်။

လှေကားထစ်များတစ်လျှောက် အလောင်းများစီတန်းနေပြီး သွေးများမှာ ချောင်းငယ်တစ်ခုကဲ့သို့ စီးဆင်းနေလေသည်။

သူသည် ဦးနှောက်တစ်ခုလုံး ပေါက်ကွဲမတတ်ခံစားလိုက်ရလေသည်။

"ဒါ... ဒါ ငါ အောက်ကို ခဏဆင်းသွားတဲ့အချိန်အတွင်းမှာ..."

"ယင်ဖုန်းစခန်းတစ်ခုလုံး အမြစ်ပြတ်သွားတာလား..."

"အကုန်လုံးတော့ မသေသေးဘူး..."

ချူချင်းက သူ၏နောက်ကွယ်မှ ဝင်ရောက်ပြောဆိုလိုက်လေသည်။

ခေါင်းဆောင်ကြီးသည် ဤစကားကိုကြားသောအခါ အနည်းငယ်သက်ပြင်းချနိုင်သွားသော်လည်း ရုတ်တရက် အခြေအနေမဟန်သည်ကို သတိပြုမိသွားကာ လှည့်ကြည့်လိုက်ရာ လက်ဝါးတစ်ချက်က သူ၏မျက်နှာရှေ့သို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။

သူက အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ဒေါသတကြီးအော်ဟစ်လိုက်ရာ လေထုထဲတွင် ကျားဟိန်းသံကဲ့သို့အသံများ ထွက်ပေါ်လာတော့သည်။

သူ၏ ကြီးမားလှသောလက်သီးချက်က ပြင်းထန်စွာထွက်ပေါ်လာပြီး ချူချင်း၏လက်ဝါးနှင့် ထိတွေ့မိသွားလေသည်။

ဘုန်း...

ပြင်းထန်သော အတွင်းအားလှိုင်းများက ရုတ်တရက်ပျံ့နှံ့သွားပြီး ညီလာခံခန်းမတံခါးနှင့် ပြတင်းပေါက်များမှာ ချက်ချင်းပင် ကြေမွပျက်စီးသွားရတော့သည်။

ထို့နောက် ချက်ချင်းပင် အရိုးကျိုးသံတစ်ခုထွက်ပေါ်လာပြီး ခေါင်းဆောင်၏လက်မောင်းမှာ ချူချင်း၏အတွင်းအားကြောင့် ကျိုးသွားခဲ့ပြီ ဖြစ်ချေသည်။

ချူချင်းက လက်တစ်ဖက်ကိုလှည့်လိုက်ပြီး လက်ဝါးကို ဓားကဲ့သို့အသုံးပြုကာ ရိုက်ချလိုက်ရာ ပထမခေါင်းဆောင်၏ ကျိုးသွားသောလက်မောင်းမှာ ပခုံးဆစ်မှနေ၍ လုံးဝပြတ်တောက်သွားတော့သည်။

ပြတ်တောက်သွားသောနေရာမှ သွေးများထွက်မလာဘဲ အေးစိမ့်သောရေခဲပွင့်များသာ ဖုံးလွှမ်းနေလေသည်။

ချူချင်းက လက်ကိုထပ်မံဆန့်ထုတ်လိုက်ရာ ပထမခေါင်းဆောင်မှာ အော်ဟစ်ရင်း ချူချင်း၏လက်ဖဝါးအတွင်းသို့ ရောက်ရှိသွားတော့သည်။

သူ၏ဦးခေါင်းတစ်ခုလုံးကို ချူချင်းက လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားခဲ့ပြီ ဖြစ်ချေသည်။

သူက နာကျင်စွာဖြင့် အော်ဟစ်မေးမြန်းလိုက်လေသည်။

"မင်းက ဘယ်သူလဲ... ငါတို့ယင်ဖုန်းစခန်းကို ဘာလို့ ဒီလိုသတ်ဖြတ်ရတာလဲ..."

ချူချင်း၏ အေးစက်သောအသံက သူ၏နားထဲသို့ ပျံ့လွင့်သွားလေသည်။

"တစ်စုံတစ်ယောက်က မင်းတို့ရဲ့အသက်ကို ဝယ်ယူထားလို့ပဲ... သူများငွေကို ယူထားတဲ့အတွက် ဖယ်ရှားပေးရုံသက်သက်ပါ..."

"ပိုက်ဆံ... သူ ဘယ်လောက်ပေးထားလို့လဲ..."

ပထမခေါင်းဆောင်က မျှော်လင့်ချက်အချို့ ရှိနေသေးသကဲ့သို့ မျက်လုံးများကိုအမြန်ဖွင့်ကာ မေးမြန်းလိုက်လေသည်။

ချူချင်းက ပြုံးရင်း ပြောလိုက်လေသည်။

"ကြေးပြားတစ်ပြားတည်းပါ..."

ပြောပြီးသည်နှင့် ချူချင်းက လက်ကိုဝှေ့ယမ်းကာ သူ့ကို ညီလာခံခန်းမအတွင်းသို့ ပစ်ပေါက်လိုက်ပြီး လက်အင်္ကျီကိုခါထုတ်လိုက်ရာ ပြင်းထန်သော လက်ဝါးချက်က ရင်ဘတ်တည့်တည့်သို့ ထိမှန်သွားပြီး ပထမခေါင်းဆောင်မှာ လွင့်စင်သွားတော့သည်။

သူသည် မြေပြင်ပေါ်သို့လဲကျသွားပြီးနောက် လိမ့်သွားကာ ထိုကျားရေခြုံကုလားထိုင်ရှေ့သို့ ရောက်ရှိမှသာ ရပ်တန့်သွားခဲ့လေသည်။

သူက ခန္ဓာကိုယ်ကိုအတင်းလှည့်လိုက်ရာ မျက်နှာတစ်ခုလုံးညိုမည်းသွားပြီး သွေးတစ်လုပ်အန်ထုတ်လိုက်ရချေသည်။

သူသည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများအားလုံးမှာ ရေခဲကဲ့သို့အေးခဲသွားသဖြင့် မည်သည့်အစွမ်းမျှ မထုတ်ဖော်နိုင်တော့သည်ကို ခံစားလိုက်ရလေသည်။

ဤအခြေအနေကိုသိရှိသွားသောအခါ သူသည် လုံးဝစိတ်ပျက်အားလျော့သွားတော့သည်။

"တကယ်... တကယ် ရက်စက်တာပဲ..."

"ခေါင်းဆောင်က သာမန်ပြည်သူတွေအပေါ် နှိပ်စက်ခဲ့တဲ့နည်းလမ်းတွေနဲ့ ယှဉ်ရင် ကျုပ်နည်းလမ်းက အများကြီး သက်သာပါသေးတယ်..."

ချူချင်းက သူ၏အနီးသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာပြီး အထက်စီးမှငုံကြည့်ကာ မေးလိုက်လေသည်။

"မင်း သာမန်ပြည်သူတွေကို ကြည့်တဲ့အကြည့်တွေက အခု မင်းကိုကြည့်နေတဲ့ ငါ့အကြည့်တွေနဲ့ အတူတူပဲ မဟုတ်ဘူးလား..."

ပထမခေါင်းဆောင်က ချူချင်းကို မော့ကြည့်လိုက်ရာ သူ၏အကြည့်မှာ အလွန်မြင့်မားလှပြီး မိမိကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သဘောထားနေသည်ကို ခံစားလိုက်ရချေသည်။

"မင်း... မင်းက သူတို့... သူတို့အတွက်နဲ့..."

ပထမခေါင်းဆောင်သည် မယုံကြည်နိုင်ဖြစ်နေသော်လည်း လက်ခံရန်မှတစ်ပါး အခြားမရှိချေ။

ချူချင်းက ထိုအချိန်တွင် သူ့ကို ရုတ်တရက် မေးခွန်းတစ်ခုမေးလိုက်လေသည်။

"မနေ့ညက ငါတို့အပြင် တခြားဘယ်သူတွေ မင်းတို့ယင်ဖုန်းစခန်းကို ရောက်လာသေးလဲ..."

ပထမခေါင်းဆောင်၏မျက်နှာ ရုတ်တရက်ပျက်သွားရချေသည်။

"မင်း ဘာလို့ အဲဒီလိုမေးတာလဲ... မင်း ဘယ်သူ့ကို ရှာနေတာလဲ..."

"မင်း သူ့ကြောင်းကို တကယ်သိထားတာပဲ..."

ချူချင်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"သူ့အထောက်အထားကို ငါ့ကို ပြောပြစမ်း..."

"ငါမသိဘူး..."

ပထမခေါင်းဆောင်က ချက်ချင်းပင် ငြင်းဆိုလိုက်လေသည်။ ထို့နောက် ချူချင်းက မယုံကြည်မည်ကိုစိုးရိမ်သဖြင့် ထပ်လောင်းပြောကြားလိုက်လေသည်။

"သူ့ကိုတွေ့တိုင်း သူက မျက်နှာဖုံးစွပ်ထားတတ်တယ်..."

"သူက ငါ့ကို အလုပ်နှစ်ခု ကူညီခိုင်းထားတယ်..."

"တစ်ခုက လူတစ်ယောက်ကိုဖမ်းဆီးထားဖို့... နောက်တစ်ခုကတော့..."

ပထမခေါင်းဆောင်က ဤနေရာသို့ရောက်သောအခါ စကားများမှာ ထစ်ငေါ့သွားပြီး ရှင်းလင်းစွာ မပြောနိုင်တော့ချေ။

ဝမ်ရိုက ချူချင်းကိုကြည့်ကာ ပြောလိုက်လေသည်။

"အဲဒီလူက ရှင်တောက်အန်းနဲ့ ပတ်သက်နေတယ်..."

ချူချင်းသည် သူ၏ ထစ်ငေါ့နေသောစကားများကို ဆက်နားမ‌ထောင်တော့ဘဲ နောက်မေးခွန်းကိုသာ ဆက်မေးလိုက်သည်။

"ဖမ်းခံထားရတဲ့လူက ယင်ဖုန်းစခန်းထဲမှာ ရှိနေတုန်းပဲလား..."

ပထမခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး ဖုံးကွယ်ရန် မရည်ရွယ်တော့ချေ။

"ဒီလျှို့ဝှက်လမ်းကြောင်းအဆုံးမှာ ရှိတယ်..."

"ဒါဆိုရင်တော့ ခေါင်းဆောင်ပဲ လမ်းပြပေးပါဦး…”

All Chapters