← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း (၁၀၀) - ဆေးနှင့် လူသား (၂)

"ရှေ့က သော့ပေါက်က အတုပါ…”

“သော့ကို အဲဒီထဲထည့်လိုက်တာနဲ့ ယန္တရားထောင်ချောက်က ပွင့်သွားလိမ့်မယ်..."

"တကယ့်သော့ပေါက်က ခြေထောက်အောက်မှာ... သံပြားတစ်ချောင်းကို ဖယ်ရမယ်..."

ချူချင်းက သော့ကို ထိုသူ့ထံသို့ ပြန်ပေးရင်း ပြောလိုက်သည်။

"မင်းပဲ ဖွင့်လိုက်..."

သူက သော့ယူလိုက်ပြီး ချူချင်းနှင့်ဝမ်ရိုတို့ကို ကြည့်လိုက်သောအခါ ထိုနှစ်ဦးမှာ တစ်ဖက်သို့ တစ်ကိုက်ခန့်အကွာအဝေးအထိ ရှောင်တိမ်းသွားကြသည်ကို တွေ့လိုက်ရလေသည်။

"..."

ပထမခေါင်းဆောင်က အံတင်းတင်းကြိတ်လိုက်မိသည်။ သိုင်းလောကတွင် ဤမျှငယ်ရွယ်သော သိုင်းဆရာများကို သူအများအပြားတွေ့ဖူးခဲ့ချေသည်။

သူတို့ထဲမှအများစုမှာ သိုင်းပညာမြင့်မားကြသော်လည်း မာနကြီးကာ မည်သူ့ကိုမျှဂရုမစိုက်ဘဲ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲတတ်ကြချေသည်။

ထိုကဲ့သို့သောလူများကို ရင်ဆိုင်ရန် မခက်ခဲလှပေ။

သို့သော် ချူချင်းကဲ့သို့ သိုင်းပညာအလွန်မြင့်မားပါလျက်နှင့် ဤမျှပါးနပ်လွန်းသောသူမျိုးကိုမူ သူတွေ့ရခဲလှပေသည်။

သူက လမ်းတစ်လျှောက်လုံး စကားနားထောင်ပြခြင်းဖြင့် ချူချင်းကို သူလုံးဝလက်လျှော့သွားပြီဟု ထင်မှတ်စေရန်ကြံစည်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် နောက်ဆုံးလွတ်မြောက်နိုင်မည့် အခွင့်အရေးကို ဝှက်ထားပြီး အခြေအနေကို ပြောင်းလဲရန်ကြိုးပမ်းခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ရလဒ်မှာမူ မိမိ၏အသက်ကိုပင် ရန်ရှာလုနီးပါး ဖြစ်သွားခဲ့ရချေသည်။

ယခုအချိန်တွင် သူ၌ အခြားနည်းလမ်းမရှိတော့သဖြင့် သံတံခါး၏ အောက်ခြေရှိသံပြားငယ်လေးကို ရိုးရိုးသားသားပင် ဖယ်ရှားလိုက်ရတော့သည်။

ဤသံပြားလေးမှာ အလွန်သေသပ်လှသဖြင့် ကြိုသိရှိထားပါက အကြိမ်ကြိမ်စစ်ဆေးလျှင်ပင် ရှာဖွေတွေ့ရှိရန် ခက်ခဲလှပေသည်။

သံပြားကိုဖယ်လိုက်သောအခါ အတွင်း၌ သော့ပေါက်တစ်ခုရှိနေသည်ကို အမှန်ပင် တွေ့လိုက်ရလေသည်။

ပထမခေါင်းဆောင်မှာ ယခုတစ်ကြိမ်တွင် မဝံ့မရဲမဖြစ်တော့ဘဲ သော့ကိုထည့်သွင်းကာ ညင်သာစွာလှည့်လိုက်ပြီးနောက် တစ်ဖက်သို့ပြန်လှည့်လိုက်လေသည်။

ထိုအခါမှ ဂျောက်ခနဲဟူသောအသံတစ်ချက်နှင့်အတူ သံတံခါးကြီးမှာ ဖြည်းညင်းစွာ ပွင့်ဟလာတော့သည်။

သူက မတ်တတ်ရပ်လိုက်ပြီး ချူချင်းဘက်သို့ လှည့်ကြည့်လိုက်လေသည်။

သူသည် နောက်ဆုံးအချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။

ယခုအချိန်တွင် သူ၌ အသုံးချရန်ပင်တန်ဖိုးမရှိတော့သည်ကို သူကောင်းစွာသိရှိထားချေသည်။

သူ့အသက်မှာ ချူချင်း၏စိတ်ကူးတစ်ချက်ပေါ်တွင်သာ မူတည်နေတော့သည်။

သို့သော် ချူချင်းက သူ့ကိုသတ်ရန် အလျင်မလိုသေးဘဲ ရှေ့သို့ဆက်လက်လမ်းပြရန် အမိန့်ပေးလိုက်လေသည်။

ပထမခေါင်းဆောင်မှာ သံတံခါးအတွင်းသို့ မတတ်သာဘဲ လှမ်းဝင်လိုက်ရတော့သည်။

သူတို့ဝင်လာသည်နှင့် ရုတ်တရက် အိုမင်းလှသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ပြန်လာတာလား... အင်း... တစ်ယောက်တည်း မဟုတ်ဘူးပဲ..."

"မင်း နောက်ထပ်လူတစ်ယောက် ထပ်မိလာပြန်ပြီလား..."

ခေါင်းဆောင်က စိတ်ပျက်စွာပြုံးရင်း ပြောလိုက်သည်။

"ဆရာကြီးကလည်း နောက်နေပြန်ပြီ…”

“သူတို့က ကျွန်တော်မိလာတာ မဟုတ်ပါဘူး... ကျွန်တော်ကသာ သူတို့လက်ထဲ ရောက်သွားတာပါ..."

ချူချင်းက မျက်ခုံးပင့်လိုက်မိသည်။ ပထမခေါင်းဆောင်သည် ဤလူအပေါ် စကားပြောရာတွင် အလွန်ပင် ယဉ်ကျေးနေချေသည်။

သူက ရှေ့သို့တစ်လှမ်းတိုးကာ သံတံခါးအတွင်းသို့ ဝင်လိုက်လေသည်။

ဤနေရာမှာ ဂူတစ်ခုဖြစ်ပေသည်။

ဂူမှာ သိပ်မကျယ်ဝန်းသော်လည်း နံရံများပေါ်တွင် သံမှိုများစွာရိုက်နှက်ထားပြီး ထိုသံမှိုများမှ သံကြိုးများတွဲလောင်းကျနေကာ အဆုံးတွင် လူတစ်ဦး၏ခန္ဓာကိုယ်ပေါ်သို့ ချိတ်ဆက်ထားချေသည်။

အရွယ်အစားမျိုးစုံရှိသော သံကြိုးများမှာ ထိုသူ၏ခန္ဓာကိုယ်ရှိ အရေးကြီးသော သွေးကြောဆုံမှတ်များတွင် ရိုက်နှက်ထားပြီး အခြားသံကြိုးနှစ်ချောင်းမှာမူ ပခုံးရိုးကို ဖောက်ထွက်ထားချေသည်။

ဤမျှ များပြားလှသော ချုပ်နှောင်မှုများကြောင့် သူသည်ထိုင်ရန်ပင် မဖြစ်နိုင်တော့ပေ။

သံကြိုးများဖြင့် လေထဲတွင်ဆွဲခံထားရချေသည်။

သူ၏ဦးခေါင်းတွင်လည်း သံမျက်နှာဖုံးတစ်ခုစွပ်ထားပြီး စားသောက်ရန်အတွက် ပါးစပ်နေရာတွင် အပေါက်ငယ်တစ်ခုသာ ချန်ထားကာ မျက်လုံးနေရာတွင်ပင် မည်သည့်အပေါက်မျှ မရှိချေ။

သံမျက်နှာဖုံးအောက်မှ ထွက်ပေါ်နေသော ဖြူဆွတ်နေသည့်ဆံပင်များနှင့် မုတ်ဆိတ်မွှေးများကသာ ထိုသူ၏အသက်အရွယ်ကြီးရင့်မှုကို ဖော်ပြနေပေသည်။

ချူချင်းက မျက်ခုံးကိုအနည်းငယ်တွန့်ရင်း မေးလိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ... ဘာလို့ ဒီနေရာမှာ ပိတ်လှောင်ခံထားရတာလဲ..."

"အိုး..."

ထိုအိုမင်းသောအသံပိုင်ရှင်က ခေါင်းကိုအနည်းငယ်လှည့်ကာ ပြောလိုက်သည်။

"မင်းအသံကို ကြားရတာ အသက်သိပ်မကြီးသေးဘူးပဲ..."

"ရွှီရွေ့ရဲ့ကျားလက်သီးက သိပ်မစွမ်းလှပေမဲ့ သူက လှည့်ကွက်တွေများတယ်... သူ့လက်အောက်မှာလည်း ယင်အာ့နဲ့ ပိုင်ဆန်းတို့လိုလူတွေ ရှိနေတာ... မင်း ဒီနေရာအထိ ရောက်လာနိုင်တာကိုကြည့်ရင် မင်းရဲ့သိုင်းပညာက လူငယ်တွေထဲမှာ ထိပ်တန်းအဆင့်မှာ ရှိနေတာပဲ..."

"မျိုးဆက်သစ်တွေထဲမှာ ထူးချွန်တဲ့သူတွေ ပေါ်ထွက်လာတာကို မြင်ရတာ ငါ့စိတ်ထဲမှာ တကယ်ဝမ်းသာမိပါတယ်..."

"ဒါပေမဲ့ ငါ့ရဲ့သရုပ်မှန်ကိုတော့ မင်းမသိတာ ပိုကောင်းလိမ့်မယ်... မဟုတ်ရင် မင်းအတွက် ဘေးဒုက္ခတွေ ရောက်လာနိုင်တယ်..."

ချူချင်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင်လည်း ခင်ဗျားရဲ့သရုပ်မှန်ကိုတော့ ကျုပ်မမေးဘူး..."

"ကျုပ် တစ်ခုပဲမေးမယ်... မနေ့ညက ခင်ဗျားဆီလာတွေ့သွားတဲ့သူကဘယ်သူလဲ..."

"အင်း..."

ထိုသူ၏အသံထဲတွင် သံသယများ ပါဝင်နေချေသည်။

"မင်းက သူ့အတွက်နဲ့ ဒီကိုရောက်လာတာလား..."

ချူချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ခင်ဗျား သူ့ကို တကယ်သိနေတာပဲ... သူက ဘယ်သူလဲဆိုတာ ကျုပ်ကိုပြောပြစမ်းပါ..."

"ပြီးရင် ကျုပ် ချက်ချင်းထွက်သွားမယ်... ခင်ဗျားအသက်ကိုလည်း ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး..."

"..."

ထိုအဘိုးအိုက ခေတ္တမျှတိတ်ဆိတ်သွားပြီးမှ မေးလိုက်သည်။

"မင်းက ငါ့ရဲ့သရုပ်မှန်ကို တကယ်ပဲ ထပ်မမေးတော့ဘူးလား..."

"ရှင်က ဒီလိုပဲ စကားလမ်းကြောင်းလွှဲနေဦးမယ်ဆိုရင် ကျုပ်သွားရုံပဲရှိတော့မယ်..."

ချူချင်းက သူ့ကိုအလိုလိုက်အကြိုက်ဆောင်ရန် စိတ်ကူးမရှိပေ။

ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး မည်သူ့ကို ဟန်ဆောင်ပြနေသနည်း။

"အခုခေတ် လူငယ်တွေက ဘာလို့ ဒီလောက်တောင် စိတ်မရှည်ကြတာလဲ..."

ထိုအဘိုးအိုက သက်ပြင်းချရင်း ပြောလိုက်သည်။

"စိတ်မရှည်ရုံတင်မကဘူး... စပ်စုချင်စိတ်လည်း မရှိကြဘူး..."

"သိုင်းလောကထဲ ကျင်လည်ပြီး စပ်စုချင်စိတ်တောင် မရှိဘူးဆိုရင် မင်း ဘာလို့ သိုင်းလောကထဲ ရောက်နေသေးလဲ..."

"တကယ်ဆိုရင် ငါက ဖုံးကွယ်လေ မင်းက ပိုပြီး စူးစမ်းမေးမြန်းရမှာ..."

"ဒီလိုမျိုး လွယ်လွယ်နဲ့ လက်လျှော့သွားလို့ ဘယ်ဖြစ်မလဲ..."

ချူချင်းက ပထမခေါင်းဆောင်၏လည်ပင်းကို ဆွဲမလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်လေသည်။

ခြေသံကို ကြားလိုက်ရသောအခါ ထိုအဘိုးအိုက ပျာပျာသလဲတားဆီးလိုက်သည်။

"နေဦး... နေဦး..."

"ငါ မင်းကို ပြောပြပါ့မယ်... ရွှီရွေ့တောင် မင်းလက်ထဲရောက်သွားပြီဆိုတော့ ငါလည်း လွတ်မြောက်ဖို့ အချိန်တန်ပြီပေါ့... ဒါကြောင့် မင်း ငါ့ကိုအောက်ချပေးမယ်ဆိုရင် အဲဒီလူအကြောင်း ပြောပြမယ်... ဘယ်လိုလဲ..."

ချူချင်း၏စိတ်ရှည်မှုမှာ ကုန်ဆုံးသွားပုံရပြီး ပြောလိုက်သည်။

"ခင်ဗျား ပြောချင်ရင်ပြော... မပြောချင်လည်း နေတော့... နှုတ်ဆက်ပါတယ်..."

"နေဦး..."

ထိုအဘိုးအိုက အလျင်အမြန်ပြောလိုက်သည်။

"ငါသာ သူ့အထောက်အထားကိုပြောပြရင် မင်း ငါ့ကိုအောက်ချပေးမှာလား..."

ချူချင်းက စကားတစ်ခွန်းမျှမပြောဘဲ နေလိုက်သည်။

အဘိုးအိုက ပို၍စိုးရိမ်သွားပြီး ပြောလိုက်သည်။

"မင်းက တုံ့ဆိုင်းနေတာလား..."

"ဘယ်ကနေ ဒီလောက် နှလုံးသားမရှိတဲ့ မျိုးဆက်သစ် ရောက်လာတာလဲ... စီနီယာတစ်ယောက် ဒုက္ခရောက်နေတာကို မြင်တာတောင် မကယ်တင်ဘဲ ဈေးဆစ်နေသေးတယ်..."

ဝမ်ရိုက ဤစကားကိုကြားသောအခါ မနေနိုင်ဘဲ ပြောလိုက်သည်။

"ကျွန်မတို့က ရှင်ဘယ်သူလဲဆိုတာတောင် မသိဘဲနဲ့ ဘာလို့ကယ်ရမှာလဲ..."

"ရှင်က လူသတ်မှုတွေ အများကြီးကျူးလွန်ခဲ့လို့ ဒီနေရာမှာ ပိတ်လှောင်ခံထားရတဲ့ မိစ္ဆာအိုကြီးတစ်ယောက် ဖြစ်နေရင်ကော..."

"ကျွန်မတို့ ရှင်ကိုလွှတ်ပေးလိုက်ရင် ကျားကိုတောပြန်လွှတ်လိုက်သလို ဖြစ်သွားမှာပေါ့..."

"အင်း... မိန်းကလေးတစ်ယောက်လည်း ပါတာပဲ..."

"ငါ့ကို မိစ္ဆာကြီးလို့ပြောရဲတယ်... တကယ်ပဲ အဓိပ္ပာယ်မရှိလိုက်တာ..."

အဘိုးအိုက အနည်းငယ်ဒေါသထွက်သွားပြီး ပြောလိုက်သည်။

"ထားလိုက်ပါတော့... မင်းတို့လို မျိုးဆက်သစ်တွေကို လန့်သွားမှာစိုးလို့ ငါ့နာမည်ကို မပြောချင်ခဲ့တာ..."

"မင်းတို့က ဒီလောက်တောင် သိချင်နေမှတော့ ငါပြောပြရတာပေါ့..."

ချူချင်းက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"ကျုပ်လည်း မဖြစ်မနေသိချင်နေတာ မဟုတ်..."

"ငါက ကျန်းရှန်တောက်ပဲ..."

ချူချင်းက စကားဖြတ်ပြောမည်ကို စိုးရိမ်သကဲ့သို့ ထိုအဘိုးအိုက အလျင်အမြန်အော်ဟစ်လိုက်သည်။

"အသက် နှစ်ဆယ့်ငါးနှစ်မှာ ရှင်တောက်အန်းဂိုဏ်းကို တည်ထောင်ခဲ့ပြီး သိုင်းလောကမှာ နှစ်ပေါင်းလေးဆယ်တိုင်တိုင် မရှုံးနိမ့်ခဲ့တဲ့ ရှင်တောက်အန်းရဲ့ ဂိုဏ်းချုပ်ကျန်းရှန်တောက်က ငါပဲ..."

သူ၏အသံမှာ ကျယ်လောင်လှသော်လည်း အတွင်းအားမရှိသောကြောင့် အဝေးသို့မပျံ့လွင့်နိုင်ပေ။

စကားပြောပြီးနောက် အနည်းငယ် အသက်ရှူမဝသကဲ့သို့ဖြစ်သွားကာ ဆက်တိုက်ချောင်းဆိုးလေတော့သည်။

သို့သော် ဤစကားကြောင့် ချူချင်းနှင့်ဝမ်ရိုတို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်း မှင်တက်သွားကြချေသည်။

ဤအဘိုးအိုက သူ့ကိုသူကျန်းရှန်တောက်ဟု ပြောနေခြင်းလော။

ကောလာဟလများထဲတွင် အသက်ရှင်ရန် နှစ်အနည်းငယ်သာ ကျန်ရှိတော့သော ကျန်းရှန်တောက်လော။

သူက အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိနေရသနည်း။

နာမည်မရှိလှသော ယင်ဖုန်းစခန်းအတွင်း၌ အဘယ်ကြောင့် ပိတ်လှောင်ခံထားရသနည်း။

ချူချင်းက ဝမ်ရိုကိုမနေနိုင်ဘဲ ကြည့်လိုက်ရာ ယခုတစ်ကြိမ်တွင် ဝမ်ရို၏မျက်နှာပေါ်၌ အံ့ဩတုန်လှုပ်သော အရိပ်အယောင်များကို တွေ့လိုက်ရချေသည်။

ဤအချက်က ထိုမိန်းကလေးမှာ လုံးဝခံစားချက်မရှိသောသူ မဟုတ်ကြောင်း သက်သေပြနေပေသည်။

ပထမခေါင်းဆောင်မှာလည်း မျက်နှာတစ်ခုလုံး အံ့ဩတုန်လှုပ်နေချေသည်။

သူလည်း မသိရှိခဲ့ခြင်းလော။

"အင်း... ဘာလို့ ဘယ်သူမှစကားမပြောကြတာလဲ... ငါ့နာမည်ကြောင့် တကယ်လန့်သွားကြတာလား..."

ကျန်းရှန်တောက်၏လေသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပါဝင်နေချေသည်။

ချူချင်းကမူ သူသည် ဤကဲ့သို့သောအခြေအနေသို့ ရောက်ရှိနေသည်ကိုပင် အရှက်မရှိဘဲ အဘယ်ကြောင့် ဤမျှဂုဏ်ယူနေရသည်ကို နားမလည်နိုင်တော့ပေ။

ပထမခေါင်းဆောင်က မယုံကြည်နိုင်စွာ မေးလိုက်လေသည်။

"ခင်ဗျား... ခင်ဗျားက တကယ်ပဲ ဂိုဏ်းချုပ်ကြီးလား..."

ကျန်းရှန်တောက်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ဟွန်း…”

“မင်းက အဲဒီလူနဲ့ သဘောတူညီချက် ရယူထားပြီး ဒီနှစ်တွေအတွင်း ငါ့ဆီလာပြီး စကားခဏခဏပြောနေတာတောင် ငါ့သရုပ်မှန်ကို တကယ်မသိဘူးလား..."

ပထမခေါင်းဆောင်က တိုးတိုးရေရွတ်လိုက်သည်။

"ကျွန်တော်... ကျွန်တော်ကတော့ ခန့်မှန်းမိရုံတင်ပါ…”

“ဒါကြောင့်လည်း ခင်ဗျားအပေါ် အမြဲတမ်း ရိုရိုသေသေ ဆက်ဆံခဲ့တာ..."

"ဒါပေမဲ့ တစ်ယောက်ယောက်က ဒီလောက်အထိ သတ္တိကောင်းပြီး ခင်ဗျားကို ပိတ်လှောင်ထားရဲလိမ့်မယ်လို့ ကျွန်တော် မယုံရဲခဲ့တာ..."

ချူချင်းက အချိန်ကိုက်မေးလိုက်သည်။

"ဒါဆိုရင် အဲဒီလူက ဘယ်သူလဲ..."

ကျန်းရှန်‌တောက်က စကားလုံးနှစ်လုံးကို ဖြည်းညင်းစွာပြောလိုက်သည်။

"ချီကွမ်း…”

All Chapters